အခန်း ၇၆
ဖာရိရှဲတစ်ဦးနှင့်အတူ စားသောက်ခြင်း
အဘယ်တန်ခိုးဖြင့် ဆွံ့အသူကိုပျောက်အောင် ကုပေးကြောင်း မေးလာသူဝေဖန်ရေးသမားတို့အား ယေရှုဖြေပြီးနောက်၊ ဖာရိရှဲတစ်ဦး ကိုယ်တော်အား ညစာဖိတ်သည်။ ဖာရိရှဲတို့အစာမစားမီနှင့် စားပြီးနောက်သာမက ထိုစပ်ကြား၌ပင် တံတောင်ဆစ်တိုင် လက်ဆေးလေ့ရှိကြသည်။ ထိုအလေ့အထသည် ဘုရားသခင့်ပညတ်ကို မချိုးဖောက်လင့်ကစား၊ ဘုရားသခင့်တောင်းဆိုချက်ထက် လွန်၍နေ၏။
ထိုအစဉ်အလာကို ယေရှုလိုက်ရန် ပျက်ကွက်သော် အိမ်ရှင်အံ့သြသည်။ အိမ်ရှင်နှုတ်ဖြင့်မပြောသော်လည်း၊ ယေရှုကောင်းစွာသိသဖြင့် “အသင်ဖာရိရှဲတို့ ဖလားလင်ပန်းကို အပြင်၌ဆေးကြောကြ၏။ အတွင်း၌ကား လုယူခြင်း၊ ဆိုးညစ်ခြင်းနှင့် ပြည့်လျက်ရှိ၏။ လူမိုက်တို့ အပြင်ကိုဖန်ဆင်းသောသူသည် အတွင်းကိုလည်း ဖန်ဆင်းတော်မူသည်မဟုတ်လော။”
အစဉ်အလာအရ လက်ဆေးကြသော်လည်း၊ နှလုံး၌ရှိသော ဆိုးညစ်ခြင်းကို ဆေးကြောခြင်းမပြုကြသော ဖာရိရှဲတို့၏အရေခြုံမှုကို ယေရှုဖော်ထုတ်ခြင်းဖြစ်၏။ ကိုယ်တော်က ‘ဖလားလင်ပန်းအတွင်းရှိအရာတို့ကို ပေးကမ်းစွန့်ကြဲကြလော့။ သို့ပြုလျှင် ခပ်သိမ်းသောအရာတို့သည် သင်တို့အားသန့်စင်စေမည်။’ သူတစ်ပါးအထင်ကြီးစေရန် ဟူသောသဘောထက် စေတနာမေတ္တာ၏လှုံ့ဆော်မှုဖြင့်ပေးသင့်၏။
“ဖာရိရှဲတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပင်စိမ်းရွက်၊ လျူရွက်မျိုးမှစ၍ မြက်ပင်အမျိုးမျိုးကို ဆယ်ဖို့တစ်ဖို့လှူကြသည်တွင်၊ တရားသဖြင့်စီရင်ခြင်း၊ ဘုရားသခင်ကိုချစ်ခြင်းအမှုကိုကား လှပ်၍ထားကြ၏။ အရင်ဆိုသောအရာတို့ကို မလှပ်မထား၊ နောက်ဆိုသောအရာတို့ကိုကျင့်ရမည်” ဟုမိန့်သည်။ ဘုရားပညတ်က ဣသရေလလူတို့အား လယ်ထွက်ပစ္စည်းမှ ဆယ်ဖို့တစ်ဖို့ပေးရန် တောင်းဆိုသည်။ ဟင်းခပ်အမွှေးအကြိုင်ဖြစ်သော ပင်စိမ်းရွက်၊ လျူရွက်စသည့် အရေးမပါလှသည့်ကိစ္စတွင် ဖာရိရှဲတို့စေ့စပ်သေချာသလောက်၊ အရေးကြီးလှသည့် အကြင်နာမေတ္တာနှင့် နှိမ့်ချမှုကိုကား လျစ်လျူရှုကြခြင်းအတွက် ယေရှုရှုတ်ချခြင်းဖြစ်၏။
ကိုယ်တော်ထပ်၍မိန့်သည်။ “သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ တရားဇရပ်၌ မြင့်မြတ်သောနေရာထိုင်ရာကိုလည်းကောင်း၊ ဈေး၌ရိုသေစွာနှုတ်ဆက်ခြင်းကိုလည်းကောင်း နှစ်သက်ကြ၏။ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ မထင်မရှားသော သင်္ချိုင်းတွင်းနှင့်တူကြ၏။ ထိုတွင်းအပေါ်သွားလာသောသူတို့သည် သင်္ချိုင်းတွင်းရှိမှန်းကိုမျှမသိကြ။” သူတို့၏အညစ်အကြေး မထင်ရှားချေ။ ဖာရိရှဲဘာသာသည် ကျက်သရေရှိဟန်တူသော်လည်း အနှစ်သာရမရှိပေ။ အယောင်အဆောင်ပေါ် အခြေပြုသည်။
ထိုစကားကြားလျှင် ကျမ်းတတ်တစ်ယောက်က “အရှင်ဘုရား၊ ထိုသို့ဆိုလျှင်၊ အကျွန်ုပ်တို့ကိုပင် ကဲ့ရဲ့အပြစ်တင်တော်မူ၏” ဟုလျှောက်၏။
သူတို့ကိုလည်း ကိုယ်တော်ဆက်၍ “ကျမ်းတတ်တို့၊ သင်တို့သည် . . . ထမ်းခဲသောဝန်ကို သူတစ်ပါးပေါ်မှာတင်တတ်ကြ၏။ ကိုယ်လက်ဖျားနှင့်မျှမတို့ကြ။ သင်တို့သည်အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပရောဖက်တို့၏သင်္ချိုင်းများကိုတည်လုပ်၍ သင်တို့၏ဘိုးဘေးများသည် သူတို့ကိုသတ်ကြ၏။”
ယေရှုမြွက်သည့် ထမ်းခဲသောဝန်များကား စကားအစဉ်အလာ၊ ထုံးတမ်းများပင်။ လူများလိုက်ဖို့လွယ်ကူရန် ထိုကျမ်းတတ်တို့သည် သေးငယ်သောအထုံးအဖွဲ့တစ်ခုကိုမျှရုတ်သိမ်းပေးသည်မဟုတ်။ ပရောဖက်တို့အားသတ်ဖြတ်ခြင်း၌ သူတို့သည်လည်း အလိုတူများဖြစ်ကြောင်း ယေရှုလှစ်ဟပြကာ ဤသို့သတိပေးသည်။ “ထိုကြောင့် အာဗေလအသွေးမှစ၍ . . . ဇာခရိ၏အသွေးတိုင်အောင်၊ ‘လောကတည်ချိန်’ မှစ၍ သွန်းပြီးသော ပရောဖက်အပေါင်းတို့၏အသွေးကြောင့် . . . ငါအမှန်ဆိုသည်ကား ယခုဖြစ်သော လူတို့သည် ထိုစစ်ကြောခြင်းကို ခံရကြမည်။”
ရွေးနှုတ်နိုင်သောလူသား ‘လောကတည်ချိန်’ သည် အာဒံဧဝ၏သားသမီးများမှ အစပြုသည်။ ထိုကြောင့် အာဗေလေသည် ‘ဤလောကတည်ချိန်’ ၌အသက်ရှင်နေထိုင်ခဲ့သည်။ ဇာခရိရက်စက်စွာအသတ်ခံရပြီးသည့်နောက်၊ ရှုရိတပ်သည် ယုဒပြည်ကိုတိုက်ခိုက်ဖျက်ဆီးခဲ့သည်။ သို့သော် မိမိလက်ထက်ရှိလူများသည်သာ၍ဆိုးသောကြောင့် ထိုထက်ပိုဆိုးသည့်အခြေအနေကိုကြုံရမည်ဟု ယေရှုတင်ကြိုပြီးပြောသည့်အတိုင်း ၃၈ နှစ်ခန့်ကြာပြီး စီအီး ၇၀ ခုနှစ်တွင် ထိုအဖြစ်ဆိုးကျရောက်သည်။
ယေရှုဆက်၍ “ကျမ်းတတ်တို့၊ . . . ပညာဖွင့်သောသော့ကို သိမ်းထားကြပြီ။ မိမိလည်းမဝင်။ ဝင်လိုသောသူတို့ကိုလည်း ဆီးတားကြသည်” (သမ္မ) ဟုမိန့်ဆိုသည်။ ကျမ်းတတ်များ၏တာဝန်မှာ လူတို့အားဘုရားသခင့်နှုတ်ကပါဌ်တော်ကို အဓိပ္ပာယ်ရှင်းပြရန်ဖြစ်သော်လည်း၊ နားလည်ရန်ပေါ်လာသည့်အခွင့်အရေးကိုပင် လူများလက်လွတ်ဆုံးရှုံးအောင်ပြုကြ၏။
ဖာရိရှဲများနှင့်ကျမ်းတတ်များသည် မိမိတို့၏အပြစ်များကို ယေရှုဖော်ထုတ်ပြခြင်းအတွက် ပြင်းစွာအမျက်ထွက်ကြ၏။ ထိုအိမ်မှ ယေရှုထွက်သွားသည့်အခါ ကိုယ်တော်အား ပြင်းစွာ စတင်အတိုက်အခံပြုကြ၍ မေးမြန်းစုံစမ်းကြ၏။ စကားအမှားရှာ၍ ဖမ်းဆီးနိုင်ရန် အားထုတ်ကြ၏။ လုကာ ၁၁:၃၇-၅၄။ တရားဟောရာ ၁၄:၂၂။ မိက္ခာ ၆:၈။ ၂ ရာဇဝင်ချုပ် ၂၄:၂၀-၂၅။
▪ ဖာရိရှဲနှင့်ကျမ်းတတ်တို့အား ယေရှုအဘယ်ကြောင့်ရှုတ်ချသနည်း။
▪ ကျမ်းတတ်များသည် လူတို့အပေါ်အဘယ်ဝန်များကိုတင်ကြသနည်း။
▪ အဘယ်အခါ၌ ‘လောကတည်’ ခဲ့သနည်း။