အခန်း ၇၇
အမွေဥစ္စာပြဿနာ
ယေရှုသည် ဖာရိရှဲအိမ်တွင် အစာစားသုံးနေကြောင်းလူအများသိပုံရှိ၏။ ထောင်ချီသည့်လူအုပ်ကြီး ယေရှုအထွက်ကိုစောင့်နေကြ၏။ ယေရှုစကားကိုအမှားဖမ်း၍ ရန်ပြုလိုသောဖာရိရှဲများနှင့်မတူ၊ လူထုသည် ကိုယ်တော်၏တရားတော်ကိုတန်ဖိုးထားကြသည်။
ဦးစွာ တပည့်တော်များသို့လှည့်၍ ယေရှုက “လျှို့ဝှက်ခြင်းတည်းဟူသော ဖာရိရှဲတို့၏တဆေးကို ရှေ့ဦးစွာကြဉ်ရှောင်ကြလော့” ဟုမိန့်မြွက်သည်။ စားသောက်စဉ် ကိုယ်တော်ဖော်ပြသည့်အတိုင်း ဖာရိရှဲများ၏ဘာသာရေးစနစ်တစ်ခုလုံးသည် အယောင်အဆောင်ချည်းသာဖြစ်သည်။ ဖာရိရှဲများ၏မတရားမှုကို ဘုရားတရားကြည်ညိုဟန်ပြမှုဖြင့်ဖုံးကွယ်ထားဦးတော့ အချိန်တန်သော် ဖော်ထုတ်ခံရမည်။ ယင်းကြောင့် ယေရှုက “ဖုံးထားလျက်ရှိသမျှတို့သည်ပွင့်လိမ့်မည်။ ဆိတ်ကွယ်ရာ၌ရှိသမျှတို့သည်လည်း ထင်ရှားလိမ့်မည်” ဟုမိန့်တော်မူသည်။
ဂါလိလဲနယ်တစ်လျှောက်ဟောပြောခြင်းငှာ တမန်တော် ၁၂ ပါးအားယေရှုပေးတော်မူသည့်အမှာစကားများကို ကိုယ်တော်ထပ်ဆင့်မိန့်မြွက်သည်။ ယင်းကဤသို့။ “ကိုယ်ခန္ဓာကိုသတ်၍ နောက်တစ်ဖန်အလျှင်းမပြုနိုင်သော သူတို့ကိုမကြောက်ကြနှင့်။” စာငှက်တစ်ကောင်ကိုပင်ဘုရားသခင်မမေ့သဖြင့် သူတို့ကိုလည်းမေ့တော်မူမည်မဟုတ်ပါ။ ထိုကြောင့် ‘သင်တို့ကို တရားဇရပ်၊ အကဲအမှူး၊ မင်းများရှေ့သို့ ပို့ဆောင်ကြသောအခါ . . . ထိုခဏချင်းတွင် အဘယ်သို့ပြောရမည်ကို သန့်ရှင်းသောဝိညာဉ်တော်သည်အကြံပေးမည်’ ဟူ၍ဖြစ်သည်။
လူအစုထဲမှ သူတစ်ယောက်က ‘ကိုယ်တော်၊ အကျွန်ုပ်အစ်ကိုသည် အမွေကို ကျွန်ုပ်အားဝေပေးစေရန်အမိန့်ရှိပါ’ ဟုအသနားခံသည်။ မောရှေပညတ်အရ သားဦးသည်အမွေနှစ်ဆရယူဖို့ဖြစ်ရာ ပြဿနာတက်စရာအကြောင်းမရှိပါ။ သို့သော်တရားဝင်ရထိုက်သည်ထက် ထိုသူပိုရလိုဟန်တူသည်။
ယင်းကိစ္စတွင်ယေရှုပတ်သက်ခွင့်မရှိ၍ ကိုယ်တော်က “အချင်းလူ၊ အဘယ်သူသည် သင်တို့အမှုကိုစီရင်ခွဲဝေပိုင်သောအခွင့်ကို ငါ့အားအပ်ပေးသနည်း” ဟုမေးသည်။ ၄င်းနောက် ဤအရေးကြီးသြဝါဒကို လူအုပ်အားမြွက်ဆို၏။ “လောဘလွန်ကျူးခြင်းကိုသတိနှင့်ကြဉ်ရှောင်ကြလော့။ အကြောင်းမူကား၊ စည်းစိမ်ရှိသော်လည်း စည်းစိမ်၌အသက်မတည်။” မှန်သည်။ စည်းစိမ်ဥစ္စာရှိရှိသမျှကို သေလွန်သည့်အခါထားရစ်ခဲ့ရကြသည်။ ဤအချက်အပြင် ဘုရားသခင်ရှေ့နာမည်ကောင်းရရှိရန်မကြိုးစားခြင်း၏မိုက်မဲမှုကိုတင်ပြခြင်းငှာ ဥပမာသုံး၍ယေရှုဤသို့ရှင်းပြသည်။
“သူဌေးတစ်ဦး၏မြေကောင်း၍ အသီးအနှံများလှ၏။ ထိုသူဌေးက ‘ငါသည်အဘယ်သို့ပြုရမည်နည်း။ အသီးအနှံများကို သိုထားစရာအရပ်မရှိ။’ ပြုမည်အကြံမူကား ‘ငါ့တိုက်များကိုဖျက်၍ ကျယ်သောတိုက်တို့ကိုတည်ပြီးမှ၊ ငါ၏အသီးအနှံဥစ္စာရှိသမျှတို့ကိုသိုထားမည်။ ငါ့ဝိညာဉ်အားလည်း “အချင်းဝိညာဉ်၊ သင်သည်နှစ်ပေါင်းများစွာသုံးဆောင်ရန် ဥစ္စာများကိုသိုထားလျက်ရှိပြီ။ ငြိမ်ဝပ်စွာနေလော့။ စားသောက်ခြင်း၊ ပျော်မွေ့ခြင်းကိုပြုလော့၊” ငါပြောမည်’ ဟုသူဌေးအကြံရှိ၏။ ထိုသို့အကြံရှိစဉ်တွင် ဘုရားသခင်က ‘အချင်းလူမိုက်၊ ယနေ့ညဉ့်ပင် သင်၏ဝိညာဉ်ကိုရုပ်သိမ်းရာအချိန်ရောက်လိမ့်မည်။ သို့ဖြစ်၍ သင်သည်ပြင်ဆင်သိုထားသောဥစ္စာကိုအဘယ်သူပိုင်မည်နည်း’ ဟုသူဌေးအားမိန့်တော်မူ၏။”
“ထိုအတူ ကိုယ်အဖို့ဘဏ္ဍာများကိုဆည်းပူး၍၊ ဘုရားသခင်ရှေ့တော်၌ ဆင်းရဲသောသူမည်သည်ကား၊ ထိုသူဌေးနှင့်တူသည်” ဟုယေရှုနိဂုံးချုပ်ပြောဆိုသည်။ တပည့်တော်များ စည်းစိမ်စုဆောင်းခြင်းအန္တရာယ်၌ ကျော့မိစရာအကြောင်းမရှိဦးတော့ နေ့စဉ်ဝေယျာဝစ္စများဖြင် ယေဟောဝါအမှုတော်ကို စိုးလ်အပြည့်မဆောင်ရွက်ဘဲ လွယ်လင့်တကူဖြစ်သွားနိုင်သည်။ ထိုကြောင့် တောင်ပေါ်ဒေသနာတွင် လွန်ခဲ့သောတစ်နှစ်ခွဲအချိန်ကသြဝါဒမွန်ကို ဤအချိန်တွင် ယေရှုအခွင့်အရေးယူ ပြန်မိန့်တော်မူသည်။ တပည့်တော်များသို့လှည့်ကာ ကိုယ်တော်က၊
“ထိုကြောင့် သင်တို့သည် အဘယ်သို့စားရမည်ဟူ၍ အသက်အဖို့မစိုးရိမ်နှင့်။ အဘယ်သို့ဝတ်ရမည်ဟူ၍ ကိုယ်အဖို့မစိုးရိမ်ကြနှင့်။ . . . ကျီးကန်းများကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုငှက်တို့သည် မျိုးစေ့ကိုမစိုက်မကြဲ၊ စပါးကိုမရိတ်၊ စပါးကျီမရှိ၊ ဘဏ္ဍာတိုက်မရှိ။ သို့သော်လည်း ဘုရားသခင်သည်သူတို့ကိုကျွေးမွေးတော်မူ၏။ . . . နှင်းပင်တို့သည် အဘယ်သို့သောအားဖြင့် ကြီးပွားသည်ကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုအပင်တို့သည် အလုပ်လည်းမလုပ်၊ ချည်ဖြစ်စေခြင်းငှာ မငင်မဝင့်။ သို့သော်လည်း ဘုန်းကြီးသောရှောလမုန်မင်းကြီးအဝတ်သည် ထိုအပင်တစ်ပင်မျှ၏အဝတ်ကိုမမှီ . . . ။
“ထိုကြောင့် အဘယ်သို့စားရအံ့နည်း၊ အဘယ်သို့သောက်ရအံ့နည်းဟူ၍ မရှာဖွေကြနှင့်။ ထိုအရာများကို လောကီသားအမျိုးမျိုးတို့သည် ရှာဖွေတတ်ကြ၏။ ထိုအရာများကို သင်တို့သည်အသုံးလိုကြောင်းကို သင်တို့အဘသိတော်မူ၏။ သင်တို့မူကား ဘုရားသခင်၏နိုင်ငံတော်ကို ရှာကြလော့။ နောက်မှထိုအရာများကို ထပ်၍ပေးတော်မူလတံ့။”
အထူးသဖြင့် စီးပွားရေးကြပ်တည်းချိန်တွင် ယေရှု၏အမှာစကားကို ပိုမိုဂရုပြုသင့်သည်။ စားဝတ်နေရေးအတွက် စိုးရိမ်လွန်း၍ ဝိညာဉ်ရေးဘက်လျှော့ပေါ့လိုက်ခြင်းဖြင့် ကိုယ်တော့်ကျေးကျွန်များအတွက် ဘုရားသခင်တတ်နိုင်တော်မူကြောင်းကို မယုံကြည်ရာရောက်ပေသည်။ လုကာ ၁၂:၁-၃၁။ တရားဟောရာ ၂၁:၁၇။
▪ အမွေခွဲခြင်းကိစ္စကို ထိုသူ အဘယ်ကြောင့်ဖော်ထုတ်ခြင်းဖြစ်မည်နည်း။ ယေရှုအဘယ်သြဝါဒပေးတော်မူသနည်း။
▪ အဘယ်ဥပမာကို ယေရှုအသုံးပြုတော်မူသနည်း။ ၄င်း၏လိုရင်းအချက်ကားအဘယ်နည်း။
▪ အဘယ်သြဝါဒကို ယေရှုထပ်မံမိန့်တော်မူသနည်း။ ဤအချိန်နှင့် အဘယ်ကြောင့်သင့်တော်သနည်း။