သခင့်ပိုင်ဆိုင်ရာများကို ကြည့်ရှုစောင့်ရှောက်ခြင်း
၁ ကျမ်းစာခေတ်က ဘဏ္ဍာစိုးတစ်ဦးသည် အလွန်ယုံကြည်စိတ်ချရ၍ မျက်နှာလွှဲခြင်းခံရသူဖြစ်သည်။ အာဗြဟံသည် မိမိ၏ဘဏ္ဍာစိုးအား သားဖြစ်သူဣဇာက်အတွက်မိန်းမရှာပေးရန် တာဝန်ပေးခဲ့သည်။ (က. ၂၄:၁-၄) အမှန်မှာ ဘဏ္ဍာစိုးသည် အာဗြဟံ၏ဆွေစဉ်မျိုးဆက် ဆက်လက်တည်ရှိရေးသေချာစေရန် တာဝန်ယူရခြင်းဖြစ်၏။ ကြီးမားသည့်တာဝန်တစ်ရပ်ပါတကား! “ဘဏ္ဍာစိုးမည်သည်ကား၊ သစ္စာရှိရမည်” ဟုတမန်တော်ပေါလုပြောခဲ့သည်မှာ အံ့ဩစရာမဟုတ်ပါလေ!—၁ ကော. ၄:၂။
ခရစ်ယာန်ဘဏ္ဍာစိုးတာဝန်
၂ သမ္မာကျမ်းစာတွင် ခရစ်ယာန်ဓမ္မအမှု၏ကဏ္ဍအချို့ကို ဘဏ္ဍာစိုးတာဝန်များအဖြစ်ဖော်ပြထားသည်။ ဥပမာ၊ တမန်တော်ပေါလုက ဧဖက်အသင်းတော်အား “သင်တို့အကျိုးကိုထောက်၍ ငါ့အားအပ်ပေးတော်မူသော ဘုရားသခင်၏ကျေးဇူးတော်သာသနာ [“ဘဏ္ဍာစိုးတာဝန်၊” ကဘ]” အကြောင်းပြောခဲ့သည်။ (ဧ. ၃:၂; ကော. ၁:၂၅) သူသည် တစ်ပါးအမျိုးသားများထံ သတင်းကောင်းသယ်ဆောင်ရသော မိမိ၏တာဝန်ကို သစ္စာရှိရှိထမ်းဆောင်ရမည့် ဘဏ္ဍာစိုးတာဝန်အဖြစ်ယူမှတ်ခဲ့၏။ (တ. ၉:၁၅; ၂၂:၂၁) တမန်တော်ပေတရုက မိမိ၏ဘိသိက်ခံညီအစ်ကိုများထံ ဤသို့ရေးသားခဲ့သည်– “မြည်တမ်းခြင်းမရှိဘဲ အချင်းချင်းဧည့်သည်ဝတ်ကိုပြုကြလော့။ သင်တို့သည် ဆုကျေးဇူးတော်ကိုအသီးအသီးခံရကြသည်နှင့်အညီ၊ ဘုရားသခင်၏ အထူးထူးအပြားပြားသောကျေးဇူးတော် [“နည်းမျိုးစုံဖြင့်ပြသသော ဘုရားသခင်၏မခံစားထိုက်သောကရုဏာတော်၊” ကဘ] ဘဏ္ဍာစိုးကောင်းကဲ့သို့၊ အချင်းချင်းဝေငှပေးကမ်းကြလော့။” (၁ ပေ. ၄:၉၊ ၁၀; ဟေဗြဲ ၁၃:၁၆) ရုပ်ပိုင်းအရ ပထမရာစုခရစ်ယာန်များပိုင်ဆိုင်ရာမှန်သမျှသည် ယေဟောဝါ၏မခံစားထိုက်သောကရုဏာတော်၏ရလဒ်ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ထိုအရာများ၏ဘဏ္ဍာစိုးများဖြစ်ကာ ယင်းတို့ကို ခရစ်ယာန်နည်းလမ်းအရ အသုံးပြုရန်လိုအပ်သည်။
၃ ယနေ့ ယေဟောဝါသက်သေများသည်လည်း ကိစ္စရပ်များအပေါ် အလားတူရှုမြင်ကြ၏။ သူတို့သည် မိမိတို့ကိုယ်ကို ယေဟောဝါဘုရားသခင်ထံ ဆက်ကပ်အပ်နှံကာ သူတို့တွင်ရှိသည့်အရာမှန်သမျှ—သူတို့၏အသက်၊ ခွန်အား၊ ရုပ်ပစ္စည်းပိုင်ဆိုင်ရာများ—ကို “နည်းမျိုးစုံဖြင့်ပြသသော ဘုရားသခင်၏မခံစားထိုက်သောကရုဏာတော်” ၏အကျိုးရလဒ်များအဖြစ် ယူမှတ်ကြသည်။ ဘဏ္ဍာစိုးကောင်းများအနေဖြင့် ထိုအရာများကို သူတို့အသုံးပြုသည့်နည်းနှင့်စပ်လျဉ်း၍ ယေဟောဝါဘုရားသခင်ထံစာရင်းရှင်းရန်တာဝန်ရှိသည်ဟု ယူမှတ်ကြသည်။ ထို့အပြင် သူတို့သည် သတင်းကောင်းနှင့်ဆိုင်သော အသိပညာကိုလည်းပေးအပ်ခြင်းခံရ၏။ ယင်းသည်လည်း သူတို့တတ်နိုင်သမျှ အကောင်းဆုံးနည်းဖြင့် အသုံးပြုလိုကြသည့် ယုံကြည်အပ်နှံထားရာဖြစ်သည်– ယေဟောဝါ၏နာမတော်ထင်ရှားရန်နှင့် အခြားသူများအား သမ္မာတရားအသိပညာရရှိအောင် ကူညီပေးရန်ဖြစ်သည်။—မ. ၂၈:၁၉၊ ၂၀; ၁ တိ. ၂:၃၊ ၄; ၂ တိ. ၁:၁၃၊ ၁၄။
၄ ယေဟောဝါသက်သေများသည် ဘဏ္ဍာစိုးများအနေနှင့် မိမိတို့၏တာဝန်များကို မည်သို့ထမ်းဆောင်နေကြသနည်း။ လွန်ခဲ့သည့်နှစ်တစ်နှစ်တည်းတွင်ပင် သူတို့သည် ကမ္ဘာတစ်ဝန်းလုံး၌ “နိုင်ငံတော်နှင့်ဆိုင်သောသတင်းကောင်း” ကိုဟောပြောဖို့ နာရီသန်းတစ်ထောင်ကျော်သုံးပြီး စိတ်ဝင်စားသူများနှင့် အိမ်တွင်းကျမ်းစာသင်အံမှု ၄,၅၀၀,၀၀၀ ကျော်ကျင်းပခဲ့ကြောင်း နှစ်စဉ်မှတ်တမ်းက ဖော်ပြသည်။ (မ. ၂၄:၁၄၊ ကဘ) ကမ္ဘာချီလုပ်ငန်းအတွက်နှင့် ဒေသခံနိုင်ငံတော်ခန်းမများကိုထောက်ပံ့ရာတွင် ရက်ရောစွာလှူဒါန်းခြင်း၊ နယ်လှည့်ကြီးကြပ်မှူးများနှင့်အခြားသူများကို ဧည့်ဝတ်ပြုခြင်းနှင့် လက်နက်ကိုင်တိုက်ခိုက်မှုများ၏သားကောင်များကဲ့သို့သော လွန်စွာလိုအပ်နေသူများကို အထူးတလည်ကရုဏာပြခြင်းဖြင့်လည်း ယေဟောဝါ၏ဘဏ္ဍာစိုးများအဖြစ် သူတို့၏သစ္စာရှိမှုကိုပြသကြသည်။ အုပ်စုလိုက်အနေနှင့် ခရစ်ယာန်စစ်များသည် သခင့်ပိုင်ဆိုင်ရာများကို ကောင်းစွာကြည့်ရှုစောင့်ရှောက်ကြသည်။
“သစ္စာနှင့်လည်းကောင်း၊ သတိပညာနှင့်လည်းကောင်း ပြည့်စုံသောဘဏ္ဍာစိုး”
၅ ဘဏ္ဍာစိုးတာဝန်သည် တစ်ဦးတစ်ယောက်တွင်သာမက အဖွဲ့အစည်းဆိုင်ရာအဆင့်တွင်လည်းရှိ၏။ ယေရှုက မြေကြီးပေါ်ရှိဘိသိက်ခံခရစ်ယာန်အသင်းတော်ကို “သစ္စာနှင့်လည်းကောင်း၊ သတိပညာနှင့်လည်းကောင်း ပြည့်စုံသောဘဏ္ဍာစိုး” ဟူ၍ခေါ်သည်။ (လု. ၁၂:၄၂၊ ကဘ) ဤ ‘သစ္စာရှိသောဘဏ္ဍာစိုး’ ၏တာဝန်မှာ “အစားအသောက်” စီမံပေးရန်နှင့် အပြည်ပြည်ဆိုင်ရာသတင်းကောင်းဟောပြောခြင်းကို ဦးဆောင်ရန်ဖြစ်သည်။ (ဗျာ. ၁၂:၁၇) ၎င်းနှင့်စပ်လျဉ်း၍ အုပ်ချုပ်ရေးအဖွဲ့ကိုကိုယ်စားပြုသော သစ္စာရှိဘဏ္ဍာစိုးအတန်းအစားသည် ၎င်း၏ရုပ်ပစ္စည်းနှင့်ဝိညာဏပိုင်းဆိုင်ရာ ‘ငွေခွက်များ’ ကိုမှန်ကန်စွာစီမံခန့်ခွဲပေးရန် ဘုရားပေးတာဝန်ရရှိထား၏။ (မ. ၂၅:၁၅) ‘သစ္စာရှိသောဘဏ္ဍာစိုး’ ၏ပုံဥပမာနှင့်အညီ ဌာနခွဲကော်ပိုရေးရှင်းများသည် ငွေကြေးအလှူငွေအားလုံးကို နိုင်ငံတော်အကျိုးစီးပွားတိုးပွားရန် တာဝန်ခံအနေအထားဖြင့် သုံးစွဲဖို့ကြိုးစားကြသည်။ ထိုအလှူငွေအားလုံးကို ယုံကြည်မှုဖြင့်အပ်နှံထားရာ “သစ္စာနှင့်လည်းကောင်း၊ သတိပညာနှင့်လည်းကောင်း ပြည့်စုံသောဘဏ္ဍာစိုး” သည် ယင်းတို့ကို ရည်ရွယ်ထားရာများအတွက်သုံးရန်၊ ပညာရှိရှိ၊ ချွေချွေတာတာ၊ အကျိုးရှိရှိသုံးစွဲရန်သေချာစေဖို့ တာဝန်ရှိသည်။
၆ ၂၀ ရာစုအတွင်း ယေဟောဝါသက်သေများ၏ ပုံနှိပ်လုပ်ငန်းတိုးတက်ကြီးထွားလာခြင်းတွင် လှူဒါန်းသောရန်ပုံငွေများကို ပညာရှိစွာသုံးစွဲကြောင်း ဥပမာတစ်ရပ်ကိုတွေ့ မြင်ရ၏။ သမ္မာကျမ်းစာအပြင် ကျမ်းစာစာပေများ—မဂ္ဂဇင်း၊ စာအုပ်ကြီး၊ ဘရိုရှာ၊ စာအုပ်ငယ်၊ ဝေစာနှင့် နိုင်ငံတော်သတင်း—ကိုဖြန့်ဝေခြင်းသည် ဤ “နောက်ဆုံးသောနေ့ရက်များ” အတွင်း “သတင်းကောင်း” ကိုပျံ့နှံ့စေရာတွင် အဓိကကဏ္ဍမှပါဝင်သည်။ (မာ. ၁၃:၁၀၊ ကဘ; ၂ တိ. ၃:၁၊ ကဘ) ထို့အပြင် ကင်းမျှော်စင်မဂ္ဂဇင်းသည် “ဘုရားသခင်၏အိမ်တော်သား” နှင့် ၎င်း၏အပေါင်းပါများဖြစ်သော “အခြားသိုး” မှ “လူအုပ်ကြီး” ကို “အချိန်တန်အစားအသောက်” ဖြန့်ဝေပေးရာတွင် အဓိကကျသောကိရိယာတစ်ခုဖြစ်သည်။—မ. ၂၄:၄၅; ဧ. ၂:၁၉; ဗျာ. ၇:၉၊ ကဘ; ယော. ၁၀:၁၆၊ ကဘ။
၇ အစပိုင်းတွင် ယေဟောဝါသက်သေများ၏စာပေအားလုံးကို စီးပွားရေးပုံနှိပ်တိုက်များ၌ ရိုက်နှိပ်ထုတ်ဝေသည်။ သို့သော် ၁၉၂၀ ပြည့်လွန်နှစ်များအတွင်း ယေဟောဝါ၏ကျေးကျွန်များသည် မိမိတို့ကိုယ်တိုင်ပုံနှိပ်မည်ဆိုပါက ပို၍အရည်အသွေးကောင်းပြီး ဝိညာဉ်ရေးအရအကျိုးဖြစ်ထွန်းမည်ဟု ဆုံးဖြတ်ခဲ့ကြသည်။ ၁၉၂၀ တွင်အသေးစားနည်းဖြင့်စတင်ခဲ့ရာ တဖြည်းဖြည်းနှင့် ပုံနှိပ်လုပ်ငန်းသည် ဘရွတ်ကလင်၊ နယူးယောက်တွင် အလွန်ကြီးမားလာသည်အထိ တိုးတက်လာခဲ့သည်။ ၁၉၆၇ ရောက်သော် ပုံနှိပ်လုပ်ငန်းအဆောက်အဦများသည် မြို့ကွက်လေးကွက်စာနေရာယူခဲ့သည်။ အခြားတိုင်းပြည်များတွင်လည်း ပုံနှိပ်လုပ်ငန်းကိုလုပ်ဆောင်ခဲ့သည်၊ သို့သော် ယင်းတို့အနက်အများစုမှာ ဒုတိယကမ္ဘာစစ်ကြောင့် ရပ်ဆိုင်းခဲ့ရ၏။
၈ အမေရိကန်ပြည်ထောင်စုရှိ ပုံနှိပ်လုပ်ငန်းသည် မည်မျှပင်ကြီးထွားလာစေကာမူ တစ်ကမ္ဘာလုံးကိုထောက်ပံ့ရန် မလုံလောက်ခဲ့ပေ။ ထို့ကြောင့် စစ်ပြီးနောက်ပိုင်းနှစ်များတွင် ကနေဒါ၊ ဒိန်းမတ်၊ အင်္ဂလန်၊ ဂရိ၊ တောင်အာဖရိက၊ ဆွစ်ဇလန်နှင့် အနောက်ဂျာမနီအပါအဝင် အခြားနိုင်ငံများစွာတွင် ပုံနှိပ်လုပ်ငန်းများကို ထူထောင်ခဲ့သည် သို့မဟုတ် ထူထောင်ပြီးဖြစ်ခဲ့သည်။ ၁၉၇၀ ပြည့်လွန်နှစ်အစောပိုင်းနှစ်များရောက်သော် ဩစတြေးလျ၊ ဘရာဇီး၊ ဖင်လန်၊ ဂါနာ၊ ဂျပန်၊ နိုင်ဂျီးရီးယားနှင့် ဖိလစ်ပိုင်နိုင်ငံများတိုးလာသည်။ ဤနိုင်ငံများအနက်အချို့သည် စာအုပ်ကြီးများကိုလည်း ထုတ်လုပ်သည်။ ထို့အပြင် ၁၉၇၀ ပြည့်လွန်နှစ်အစောပိုင်းနှစ်များတွင် ဂိလဒ်သာသနာပြုများကို ပုံနှိပ်လုပ်ငန်းတတ်ကျွမ်းအောင်လေ့ကျင့်ပေးပြီး ထိုတိုင်းပြည်အချို့သို့ ဒေသခံညီအစ်ကိုများအား ပုံနှိပ်လုပ်ငန်းတွင်ကူညီပေးရန် စေလွှတ်ခဲ့သည်။
၉ ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း မဂ္ဂဇင်းများကိုပုံနှိပ်သည့်နိုင်ငံအရေအတွက်သည် အများဆုံး ၅၁ နိုင်ငံသို့ရောက်ရှိခဲ့၏။aသခင့်ပိုင်ဆိုင်ရာများကို ကောင်းစွာအသုံးပြုကြောင်း ဤအရာအားလုံးက သက်သေထူပါသည်တကား! နိုင်ငံတော်လုပ်ငန်းတိုးတက်ကြီးထွားနေကြောင်း ခိုင်မာသည့်သက်သေအထောက်အထားပါတကား! ထို့အပြင် ‘ကိုယ်ဥစ္စာနှင့် ယေဟောဝါအားဂုဏ်တင်’ သောသန်းနှင့်ချီသည့်ယေဟောဝါသက်သေများ၏ ရက်ရောသောထောက်ပံ့မှုကို တန်ခိုးပါပါသက်သေထူပါသည်တကား! (သု. ၃:၉၊ ကဘ) ဤသို့ဖြင့် သူတို့သည် နည်းအမျိုးမျိုးဖြင့် ယေဟောဝါကောင်းချီးပေးတော်မူသော ဘဏ္ဍာစိုးကောင်းများဖြစ်ကြောင်း မိမိတို့ကိုယ်ကိုသက်သေထူကြသည်။
အာရုံစိုက်စရာအပြောင်းအလဲတစ်ရပ်
၁၀ ၁၉၇၀ ပြည့်လွန်နှစ်များနှင့် ၁၉၈၀ ပြည့်လွန်နှစ်အစောပိုင်းနှစ်များအတွင်း ပုံနှိပ်လုပ်ငန်းနည်းပညာတွင် များစွာတိုးတက်လာရာ ယေဟောဝါသက်သေများသည် ပုံနှိပ်နည်းစနစ်အသစ်များကို အသုံးပြုခဲ့ကြသည်။ ယခင်က သူတို့သည် အစဉ်အဆက်သုံးလာသည့် စာပုံနှိပ်နည်းစနစ်ကိုအသုံးပြုခဲ့ကြသည်။ ပို၍ခေတ်မီသောအော့ဖ်ဆက်ပုံနှိပ်နည်းကို စတင်သုံးခဲ့ရာ နည်းစနစ်သည် တဖြည်းဖြည်းပြောင်းသွားသည်။ ရလဒ်မှာ ယခင်စာပုံနှိပ်နည်းဟောင်းဖြင့်ရိုက်နှိပ်နိုင်သော အရောင်နှစ်မျိုးရုပ်ပုံများ (အနက်နှင့်အခြားအရောင်တစ်မျိုးပေါင်းစပ်) အစား ရောင်စုံရုပ်ပုံများဖြင့် လှပသည့်စာအုပ်စာတမ်းများကို ထုတ်လုပ်နိုင်ခဲ့သည်။ ထို့အပြင် ကွန်ပျူတာနည်းပညာက အကြိုပုံနှိပ်စက်လုပ်ငန်းစဉ် (ပုံနှိပ်လုပ်ငန်းအတွက်ပြင်ဆင်မှု) တစ်ခုလုံးကိုပြောင်းလိုက်သည်။ ယေဟောဝါသက်သေများသည် ယခုအခါ ဘာသာစကား ၃၇၀ ကျော်ဖြင့်ပုံနှိပ်နေသည်ကို ထောက်ကူပေးနေသော ကွန်ပျူတာစနစ်ဖြစ်သည့် ဘာသာစုံအီလက်ထရောနစ်ဓာတ်ပုံစာစီစနစ် (MEPS) ကိုတီထွင်အသုံးပြုခဲ့သည်။ မည်သည့်စီးပွားရေးပရိုဂရမ်မျှ ဤမျှဘာသာစကားများစွာဖြင့် MEPS စနစ်၏ထုတ်လုပ်နိုင်စွမ်းကို မယှဉ်နိုင်ပါ။
၁၁ MEPS ကွန်ပျူတာနည်းပညာနှင့် အီလက်ထရောနစ်စာပို့စနစ်ကဲ့သို့သော အခြားနည်းသစ်များကိုသုံးခြင်းကြောင့် အချိန်တန်အစားအစာကိုထုတ်လုပ်ပေးရာတွင် နောက်ထပ်များစွာတိုးတက်ခဲ့သည်။ ယခင်က နည်းပညာအဟောင်းကိုသုံးရာ အင်္ဂလိပ်ဘာသာစကားမဟုတ်သောမဂ္ဂဇင်းများသည် အင်္ဂလိပ်လိုထွက်ပြီးနောက် လအတော်ကြာကြာ သို့မဟုတ် တစ်နှစ်ကြာမှထွက်သည်။ ယခုဆိုလျှင် ကင်းမျှော်စင်ကို ၁၁၅ ဘာသာစကားနှင့် နိုးလော့!ကို ၆၂ ဘာသာစကားဖြင့်တစ်ပြိုင်တည်းပုံနှိပ်ထုတ်ဝေသည်။ ယင်းက ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေတို့၏ ပတ်စဉ်ကင်းမျှော်စင်သင်တန်းကိုတက်ရောက်သူ ၉၅ ရာခိုင်နှုန်းကျော်သည် အကြောင်းအရာတစ်ခုတည်းကို တစ်ချိန်တည်းသုံးသပ်နိုင်စေသည်။ ကောင်းချီးတစ်ရပ်ပါတကား! သခင့်ပိုင်ဆိုင်ရာများကို ထိုနည်းပညာသစ်အားလုံးတွင် ရင်းနှီးမြှပ်နှံရန် ကောင်းစွာသုံးစွဲခဲ့ကြောင်းသေချာပါသည်!
ခြားနားသော ဖွဲ့စည်းမှုဆိုင်ရာလိုအပ်ချက်များ
၁၂ ဤနည်းစနစ်သစ်များက ယေဟောဝါသက်သေများ၏ ကမ္ဘာချီပုံနှိပ်လုပ်ငန်းစဉ်ဖွဲ့စည်းမှုဆိုင်ရာ လိုအပ်ချက်များကို ပြောင်းလဲစေသည်။ ပတ်လည်အော့ဖ်ဆက်ပုံနှိပ်စက်များသည် ယခင်စာပုံနှိပ်စက်အဟောင်းများထက်ပို၍မြန်သော်လည်း ယင်းတို့သည် အကုန်အကျလည်းပိုကြီး၏။ နည်းစနစ်ဟောင်းများထက် အလားအလာပို၍ကောင်းသော်လည်း စာရေးခြင်း၊ ဘာသာပြန်ခြင်း၊ ပန်းချီနှင့် ဂရပ်ဖစ်ကဲ့သို့သော ဆက်နွှယ်သည့်လုပ်ငန်းကို ထောက်ကူပေးသော ကွန်ပျူတာစနစ်များသည် အကုန်အကျလည်း ပိုကြီးသည်။ မကြာမီမှာပင် ၅၁ နိုင်ငံရပ်ခြားတွင် မဂ္ဂဇင်းများကိုပုံနှိပ်ရန် အကုန်အကျမသက်သာတော့ကြောင်း သိသာလာသည်။ ထို့ကြောင့် ၁၉၉၀ ပြည့်လွန်နှစ်များတွင် ‘သစ္စာရှိသောဘဏ္ဍာစိုး’ သည် အခြေအနေကိုပြန်လည်ဆန်းစစ်ခဲ့သည်။ မည်သည့်ကောက်ချက်ချခဲ့ကြသနည်း။
၁၃ ပုံနှိပ်လုပ်ငန်းကို တစ်နေရာတည်းတွင် စုပေါင်းထုတ်လုပ်မည်ဆိုလျှင် ယေဟောဝါသက်သေများနှင့် သူတို့၏မိတ်ဆွေများလှူဒါန်းသော ‘ဥစ္စာများ’ ကိုပို၍အကျိုးရှိရှိသုံးစွဲရာရောက်ကြောင်း လေ့လာသုံးသပ်ချက်များက ဖော်ပြသည်။ ထို့ကြောင့် ပုံနှိပ်လုပ်ငန်းခွဲအရေအတွက်ကို တဖြည်းဖြည်းလျှော့ချခဲ့သည်။ ဂျာမနီသည် ယခင်က ပုံနှိပ်လုပ်ငန်းကို ကိုယ်တိုင်လုပ်ဆောင်ခဲ့သောနိုင်ငံများစွာအပါအဝင် အရှေ့နှင့်အနောက်ဥရောပရှိနိုင်ငံအချို့အတွက် မဂ္ဂဇင်းနှင့်စာအုပ်စာတမ်းများကို တာဝန်ယူပုံနှိပ်ခဲ့သည်။ အီတလီသည် ဂရိနှင့်အယ်လ်ဘေးနီးယားအပါအဝင် အာဖရိကနှင့် ဥရောပအရှေ့တောင်ပိုင်းဒေသများကို မဂ္ဂဇင်းနှင့်စာအုပ်စာတမ်းများ ထောက်ပံ့ပေးရ၏။ အာဖရိကတွင် မဂ္ဂဇင်းပုံနှိပ်လုပ်ငန်းကို နိုင်ဂျီးရီးယားနှင့် တောင်အာဖရိကအတွက်သာ ကန့်သတ်ထားသည်။ အလားတူ စုစည်းထုတ်လုပ်မှုမျိုးကို ကမ္ဘာတစ်ဝန်းလုံးတွင်လုပ်ဆောင်ခဲ့သည်။
ချင့်ချိန်နှိုင်းဆရမည့်အခြေခံအကြောင်းများ
၁၄ ၁၉၉၈ ခုနှစ်ဇူလိုင်လရောက်သော် ဩစတြီးယား၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂရိ၊ နယ်သာလန်နှင့် ဆွစ်ဇလန်အပါအဝင် ဥရောပနိုင်ငံအတော်များများတွင် မဂ္ဂဇင်းပုံနှိပ်လုပ်ငန်းကို ရပ်ဆိုင်းမည်ဖြစ်သည်။ ဥရောပရှိပုံနှိပ်လုပ်ငန်းကို ဗြိတိန်၊ ဖင်လန်၊ ဂျာမနီ၊ အီတလီ၊ စပိန်နှင့် ဆွီဒင်တို့က ထမ်းဆောင်သွားမည်။ ဤနည်းဖြင့် မလိုအပ်သည့်ကုန်ကျစရိတ်များကို ရှောင်ကြဉ်မည်ဖြစ်ပြီး အလှူငွေများကို ကမ္ဘာချီလုပ်ငန်းအတွက် သာ၍ကောင်းသောနည်းဖြင့် သုံးစွဲမည်ဖြစ်သည်။ မည်သည့်နိုင်ငံတွင် ပုံနှိပ်လုပ်ငန်းဆက်လုပ်မည်၊ မည်သည့်နိုင်ငံတွင် ရပ်ဆိုင်းမည်ကို မည်သို့ဆုံးဖြတ်ခဲ့ကြသနည်း။ သခင့်ပိုင်ဆိုင်ရာများကို ပညာရှိစွာကြည့်ရှုစောင့်ရှောက်ရန်ဟူသော မိန့်မှာချက်နှင့်အညီ ‘သစ္စာရှိသောဘဏ္ဍာစိုး’ သည် နေရာတစ်ခုစီရှိပုံနှိပ်လုပ်ငန်းအား လက်တွေ့ကျလုပ်ကိုင်နိုင်မှုကို အသေအချာအကဲဖြတ်ခဲ့ကြသည်။
၁၅ နိုင်ငံအချို့တွင် ပုံနှိပ်လုပ်ငန်းကိုရပ်ပစ်ပြီး အခြားနိုင်ငံများတွင် စုပေါင်းထုတ်လုပ်ရသည့် လုံလောက်သောအကြောင်းရင်းသည် လက်တွေ့ကျခဲ့ပါသည်။ နိုင်ငံတစ်နိုင်ငံက အခြားနိုင်ငံများစွာအတွက် စာပေများပုံနှိပ်ပေးခြင်းသည် ပို၍အဆင်ပြေပြီး တန်ဖိုးကြီးသည့်ပစ္စည်းကိရိယာများကို သာ၍ကောင်းစွာအသုံးပြုနိုင်စေသည်။ ယခုအခါ ပုံနှိပ်လုပ်ငန်းကို အကုန်အကျသက်သာပြီး ပစ္စည်းများအရန်သင့်ရနိုင်ကာ ထုပ်ပိုးတင်ပို့ရေး လွယ်ကူချောမွေ့သည့်နေရာများတွင် လုပ်ဆောင်လျက်ရှိသည်။ ဤသို့ဖြင့် သခင့်ပိုင်ဆိုင်ရာများကို ကောင်းစွာသုံးစွဲလျက်ရှိသည်။ အမှန်မှာ နိုင်ငံတစ်နိုင်ငံတွင် ပုံနှိပ်ရန်ရပ်ဆိုင်းခြင်းသည် ထိုနေရာတွင် ဟောပြောခြင်းလုပ်ငန်းရပ်ဆိုင်းမည်ဟူ၍ မဆိုလိုပါ။ ထိုနေရာများတွင် ပုံနှိပ်စာပေများအလျှံပယ်အရန်သင့်ရရှိနေတုန်းပင်ဖြစ်ပြီး ထိုနိုင်ငံများရှိ ထောင်ပေါင်းများစွာသောယေဟောဝါသက်သေများသည် “ငြိမ်သက်ခြင်းသတင်းကောင်း” ကို သူတို့၏အိမ်နီးချင်းများအား ဆက်၍ဇွဲရှိရှိပြောနေကြမည်ဖြစ်သည်။ (ဧ. ၂:၁၇၊ ကဘ) ထို့အပြင် ဤပြန်လည်ဖွဲ့စည်းမှုသည် အခြားအကျိုးကျေးဇူးများကိုလည်း ရရှိစေခဲ့ပါသည်။
၁၆ အကျိုးကျေးဇူးတစ်ခုကိုဖော်ပြရလျှင် ဒိန်းမတ်၊ ဂရိ၊ နယ်သာလန်နှင့် ဆွစ်ဇလန်မှ ခေတ်မီသောပုံနှိပ်စက်အများစုကို နိုင်ဂျီးရီးယားနှင့် ဖိလစ်ပိုင်သို့ပို့ခဲ့သည်။ ဥရောပနိုင်ငံများမှကျွမ်းကျင်သောစက်ဆရာများသည် ပုံနှိပ်စက်များနှင့်တစ်ပါတည်းသွားပြီး ယင်းတို့ကိုအသုံးပြုတတ်ရန် ဒေသခံစက်ဆရာများကို လေ့ကျင့်ပေးဖို့ ဖိတ်ခေါ်ချက်ကိုလက်ခံခဲ့ကြသည်။ ထို့ကြောင့် ထိုနိုင်ငံများသည် ယခုအခါ အခြားတိုင်းပြည်များနည်းတူ အရည်အသွေးမြင့်မားသောမဂ္ဂဇင်းများကိုရရှိနေပြီဖြစ်သည်။
၁၇ နောက်အကျိုးကျေးဇူးတစ်ခုကိုသုံးသပ်ကြည့်ပါ– ယခုအခါ ပုံနှိပ်လုပ်ငန်းဆက်လုပ်နေသောနိုင်ငံအနည်းငယ်က မဂ္ဂဇင်းပုံနှိပ်စရိတ်ကိုခံသည်။ ရလဒ်အနေနှင့် ပုံနှိပ်လုပ်ငန်းရပ်ဆိုင်းခဲ့သောနိုင်ငံများတွင် ယခုအခါ နိုင်ငံတော်ခန်းမများဆောက်လုပ်ခြင်းနှင့် ဆင်းရဲနွမ်းပါးသောနိုင်ငံများရှိ ကျွန်ုပ်တို့ညီအကိုများ၏လိုအပ်ရာများကို ဖြည့်စွမ်းကူညီပေးခြင်းကဲ့သို့သော အခြားကိစ္စရပ်များအတွက် ဥစ္စာအင်ခွင်များကို အသုံးပြုနိုင်သည်။ ထို့ကြောင့် သခင့်ပိုင်ဆိုင်ရာများကို စေ့စေ့စပ်စပ်သုံးစွဲခြင်းက ကောရိန္သုအသင်းသားများအားပြောသည့် ပေါလု၏စကားများကို အပြည်ပြည်ဆိုင်ရာအတိုင်းအတာဖြင့် ပို၍ထိရောက်စွာအသုံးချနိုင်ကြောင်းကို ဆိုလိုသည်– “ဤအမှုအရာ၌ အခြားသောသူတို့သည် ချမ်းသာရ၍ သင်တို့သည်ဆင်းရဲစေခြင်းငှာ ငါအကြံရှိသည်မဟုတ်။ များများရသောသူမပို၊ နည်းနည်းရသောသူမလိုဟူသော ကျမ်းစကားနှင့်အညီ၊ မျှတခြင်းတရားကိုထောက်၍၊ ယခု၌ သင်တို့၏စည်းစိမ်သည် သူတို့၏ဆင်းရဲခြင်းကို မစသဖြင့် . . . အညီအမျှဖြစ်စေခြင်းငှာ ငါအကြံရှိ၏။”—၂ ကော. ၈:၁၃-၁၅။
၁၈ ဤသို့စုပေါင်းထုတ်လုပ်ခြင်း၏ရလဒ်အနေနှင့် ကမ္ဘာတစ်ဝန်းရှိယေဟောဝါသက်သေများသည် ယခင်ကထက်ပို၍နီးကပ်စွာချိတ်ဆက်မှုရှိစေသည်။ မိမိတို့ကိုယ်တိုင်ပုံနှိပ်ခဲ့ကြဖူးသော်လည်း ဂျာမနီတွင် မိမိတို့၏မဂ္ဂဇင်းများကိုပုံနှိပ်ခြင်းသည် ဒိန်းမတ်ရှိယေဟောဝါသက်သေများအတွက် ပြဿနာမဟုတ်ပါ။ ဂျာမန်ညီအကိုများ၏လုပ်ဆောင်ပေးမှုအတွက် သူတို့ကျေးဇူးတင်ကြ၏။ ဂျာမနီရှိညီအကိုများသည်လည်း သူတို့၏အလှူငွေများကို ဒိန်းမတ်အတွက်—သို့မဟုတ် ရုရှား၊ ယူကရိန်းနှင့် အခြားတိုင်းပြည်များအတွက် ကျမ်းစာစာပေများထုတ်လုပ်ဖို့ အသုံးပြုသည်ကို မခံမရပ်နိုင်ဖြစ်သလော။ လုံးဝမဖြစ်ပါ! ယခုအခါ ထိုနိုင်ငံများရှိ မိမိတို့ညီအကိုများ၏အလှူငွေများကို အခြားလိုအပ်ရာများအတွက်သုံးစွဲနိုင်သည်ကိုသိရ၍ သူတို့ပျော်ရွှင်ကြသည်။
ပိုင်ဆိုင်ရာများကို ကြည့်ရှုစောင့်ရှောက်ခြင်း
၁၉ ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေတို့၏ နိုင်ငံတော်ခန်းမတိုင်းတွင် “အသင်းမ၏ကမ္ဘာချီလုပ်ငန်းအတွက် အလှူငွေ—မဿဲ ၂၄:၁၄” ဟူ၍ရေးသားထားသည့် အလှူငွေသေတ္တာတစ်လုံးရှိသည်။ ထိုသေတ္တာများတွင် မကောက်ခံဘဲထည့်ကြသည့်အလှူငွေများကို လိုအပ်သည့်နေရာတိုင်း၌သုံးနိုင်၏။ အလှူငွေများအား မည်သို့အသုံးပြုမည်ကို ‘သစ္စာရှိသောဘဏ္ဍာစိုး’ နှင့် ဌာနခွဲကော်ပိုရေးရှင်းများကဆုံးဖြတ်ကြသည်။ ထို့ကြောင့် ဥပဒေကခွင့်ပြုသည့်နေရာတွင် နိုင်ငံတစ်နိုင်ငံရှိ အလှူငွေသေတ္တာတွင်ထည့်သည့်ငွေသည် မိုင်ပေါင်းများစွာဝေးသော အခြားနိုင်ငံရှိ ယေဟောဝါသက်သေများ၏ လုပ်ငန်းများကိုထောက်ပံ့ပေးနိုင်သည်။ ဟာရီကိန်းမုန်တိုင်း၊ လေဆင်နှာမောင်း၊ မြေငလျင်နှင့် ပြည်တွင်းစစ်များကဲ့သို့သောအရာများကြောင့် ဒုက္ခရောက်နေသော ယုံကြည်သူချင်းများအတွက် အရေးပေါ်အကူအညီပေးရန် အလှူငွေများကိုသုံးနိုင်သည်။ ထို့အပြင် နိုင်ငံအချို့တွင် ၎င်းအလှူငွေများကို နိုင်ငံပေါင်း ၂၀၀ ကျော်ရှိ သာသနာပြုများကိုထောက်ပံ့ရန်သုံးသည်။
၂၀ ယေဘုယျစည်းမျဉ်းတစ်ခုအနေနှင့် ယေဟောဝါသက်သေတို့၏အသင်းတော်များတွင် ငွေကြေးကိစ္စရပ်များကို တစ်လလျှင်တစ်ကြိမ်ခန့် မိနစ်အနည်းငယ်ကြာကြေညာပေး၏။ နိုင်ငံတော်ခန်းမများ သို့မဟုတ် အစည်းအဝေးများတွင် အလှူငွေကောက်ခံသည့်ခွက်များကို ကမ်းခြင်းမရှိပါ။ ရန်ပုံငွေတောင်းခံလွှာများကိုလည်း တစ်ဦးချင်းထံမပို့ကြပါ။ ရန်ပုံငွေကောက်ခံသူများကို ငှားရမ်းထားခြင်းလည်းမရှိပါ။ ပုံမှန်အားဖြင့် ထိုသို့ဆန္ဒရှိသူများသည် ကမ္ဘာချီလုပ်ငန်းကိုထောက်ပံ့ရန် ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းသို့ လှူဒါန်းနိုင်ပုံကိုရှင်းပြသည့်ဆောင်းပါးကို ကင်းမျှော်စင်တွင် တစ်နှစ်လျှင်တစ်ကြိမ်သာပါရှိ၏။ နိုးလော့!တွင်မူ အသင်းမငွေကြေးများအကြောင်း ပုံမှန်ဖော်ပြခြင်းမရှိပါ။ သို့ဖြစ်လျှင် အလွန်ကြီးမားသည့် ကမ္ဘာချီသတင်းကောင်းဟောပြောခြင်းလုပ်ငန်း၊ လိုအပ်သည့်နိုင်ငံတော်ခန်းမများဆောက်လုပ်ခြင်း၊ အထူးအချိန်ပြည့်လုပ်ငန်းတော်တွင်ပါဝင်သူများကို ကြည့်ရှုထောက်ပံ့ခြင်းနှင့် ဆင်းရဲနွမ်းပါးသောခရစ်ယာန်များကိုထောက်ပံ့ပေးခြင်းတို့ကို မည်သို့ပြီးမြောက်ခဲ့သနည်း။ ယေဟောဝါသည် မိမိ၏လူမျိုးတော်ကို ရက်ရောသောစိတ်ဓာတ်နှင့်တကွ အထူးကောင်းမွန်သောနည်းဖြင့် ကောင်းချီးပေးတော်မူလျက်ရှိသည်။ (၂ ကော. ၈:၂) ကျွန်ုပ်တို့သည် ‘ကိုယ်ဥစ္စာနှင့်ယေဟောဝါအားဂုဏ်တင်’ ရာတွင် ပါဝင်သူအားလုံးကိုကျေးဇူးတင်ရန် ဤအခွင့်အရေးကို ကျွန်ုပ်တို့ရယူကြသည်။ ‘သစ္စာရှိသောဘဏ္ဍာစိုး’ သည် သခင့်ပိုင်ဆိုင်ရာများကို ဆက်၍ကြည့်ရှုစောင့်ရှောက်မည်ကို စိတ်ချနိုင်ပါသည်။ ထို့အပြင် ကမ္ဘာချီလုပ်ငန်းတိုးချဲ့မှုအတွက် ပြုလုပ်သောအစီအစဉ်အားလုံးကို ယေဟောဝါဆက်၍ကောင်းချီးပေးရန် ကျွန်ုပ်တို့ဆုတောင်းပါသည်။
[အောက်ခြေမှတ်ချက်များ]
a ဤနိုင်ငံများအနက်ခုနစ်နိုင်ငံတွင် ပုံနှိပ်လုပ်ငန်းကို စီးပွားရေးကုမ္ပဏီများအားဖြင့် လုပ်ဆောင်ခဲ့သည်။