အခန်း ၇၉
လူမျိုးတစ်ရပ် ဆုံးရှုံးသော်လည်း လူအားလုံးမဟုတ်
ဖာရိရှဲတစ်ဦး၏အိမ်အပြင်ဖက်၌ စုရုံးနေကြသောလူများနှင့်ယေရှုဆွေးနွေးပြီး မကြာမီ လူအချို့ကကိုယ်တော်အား “[ရောမမြို့ဝန် ပုန္တပိလတ်မင်းသည် ဂါလိလဲလူအချို့တို့၏အသွေးကို မိမိတို့ပူဇော်သောယဇ်ကောင်တို့နှင့် ရောနှောကြောင်း” လျှောက်တင်ကြ၏။ ဗိမာန်တော်ဘဏ္ဍာမှငွေများကို ယေရုရှလင်မြို့ရေသွယ်မြောင်းလုပ်ငန်းအတွက် ပိလတ်မင်းသုံးနေခြင်းကို ယုဒလူထောင်ပေါင်းများစွာကန့်ကွက်ချိန်တွင် သူတို့အထဲမှ အသတ်ခံရသောဂါလိလဲသားများဖြစ်နိုင်သည်။ ကိုယ်တော်ကို ဤကိစ္စတင်ပြသူတို့က ဂါလိလဲလူများသည် ဤဘေးဆိုးကို သူတို့၏မကောင်းမှုကြောင့် ခံရခြင်းဖြစ်ကြောင်း ယေရှုအားပြောလိုခြင်းဖြစ်နိုင်သည်။
သို့သော် ယေရှုဤသို့မေးရင်း သူတို့ကိုတည့်မတ်ပေးသည်။ “ဂါလိလဲလူတို့သည် ထိုသို့ခံရသောကြောင့် အခြားသောဂါလိလဲလူအပေါင်းတို့ထက်သာ၍အပြစ်ရှိသည်ဟုထင်ကြသလော။ သာ၍အပြစ်ရှိသည်မဟုတ်။” ထိုနောက် ထိုအဖြစ်အပျက်ကိုကိုယ်တော်သုံး၍ ယုဒလူတို့အားဤသို့သတိပေးခဲ့သည်။ “သင်တို့ရှိသမျှသည်လည်း နောင်တမရလျှင် ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည်။”
ရေသွယ်မြောင်းလုပ်ငန်းနှင့်ဆက်နွယ်နိုင်သည့် နောက်ထပ်ဒေသဆိုင်ရာဝမ်းနည်းဖွယ်ဖြစ်ရပ်ကို ယေရှုသတိရခဲ့၏။ “ရှိလောင်ပြအိုးလဲ၍ပိသောသူတစ်ကျိပ်ရှစ်ယောက်တို့သည် ယေရုရှလင်မြို့သားအပေါင်းတို့ထက် သာ၍အပြစ်ရှိသည်ဟုထင်ကြသလော” ဟုမေးရင်း၊ မဟုတ်ဟူ၍ အဖြေပေးခဲ့သည်။ “ကာလအချိန်စေ့ခြင်းနှင့် ‘တင်ကြိုမသိမမြင်ရသောဘေး’ ကြောင့်သာထိုသို့ကြုံရခြင်းဖြစ်သည်။ သို့သော်သတိပေးရန် ထိုအဖြစ်အပျက်ကိုယေရှုထပ်မံသုံးခြင်းဖြစ်သည်။ “သင်တို့ရှိသမျှသည်လည်း နောင်တမရလျှင် ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည်။”
ထိုနောက် ယေရှုဆက်၍ဆီလျော်သောပုံဥပမာကိုပေး၍ ရှင်းပြသည်။ “လူတစ်ယောက်သည် ဥယျာဉ်၌စိုက်သောသင်္ဘောသဖန်းပင်တစ်ပင်ရှိ၏။ ထိုအပင်သို့လာ၍ အသီးကိုရှာသော်လည်းမတွေ့။ ထိုအခါဥယျာဉ်စောင့်အားလည်း ‘သုံးနှစ်ပတ်လုံး ဤသင်္ဘောသဖန်းပင်သို့ ငါလာ၍ရှာသော်လည်း မတွေ့ရ။ ခုတ်ပစ်လော့။ အဘယ်ကြောင့်မြေကိုနှောင့်ယှက်ရသနည်း’ ဟုအမိန့်ရှိသော် ဥယျာဉ်စောင့်က ‘သခင်၊ ယခုနှစ်ရှိပါစေဦး။ အကျွန်ုပ်သည် အပင်နားပတ်လည်ကိုတူးဆွ၍ နောက်ချေးကိုဖို့ပါမည်။ အသီးသီးကောင်းသီးပါလိမ့်မည်။ သို့မဟုတ် နောက်မှခုတ်ပစ်တော်မူပါ’ ဟုလျှောက်လေသည်။”
ယုဒလူတို့အကြား ယေရှုသုံးနှစ်သုံးမိုး ယုံကြည်ခြင်းပြုစုပျိုးထောင်ပေးခဲ့၏။ ကိုယ်တော်၏ကြိုးပမ်းမှုကြောင့် အသီးအပွင့်အဖြစ် ရာဂဏန်းမျှသာ တပည့်ဖြစ်လာကြသည်။ ယခု ကိုယ်တော်၏ စတုတ္ထမြောက်နှစ်အတွင်း ယုဒ “သင်္ဘောသဖန်းပင်” ပတ်လည် ပုံဆောင်တူးဆွခြင်း၊ မြေသြဇာချခြင်းနှင့်တူသော ဟောပြောသွန်သင်ခြင်းကို ယုဒပြည်နှင့်ပေရိယပြည်တို့၌ ကိုယ်တော်ဇွဲဖြင့်တိုးချဲ့လုပ်ကိုင်ခဲ့သည်။ သို့သော်အကျိုးမဖြစ်ထွန်း။ ထိုလူမျိုးသည် နောင်တမယူသည့်အတွက် ဖျက်ဆီးခံရရန်သာရှိသည်။ ထိုလူမျိုးမှအကြွင်းအကျန်သာ တုံ့ပြန်သည်။
နောက်မကြာမီ ဥပုသ်နေ့တွင် တရားဇရပ်၌ ယေရှုသွန်သင်သည်။ ထိုနေရာ၌ ၁၈ နှစ်ပတ်လုံး နတ်ဆိုးစွဲရောဂါဖြင့်ကျောကုန်းနေသည့်အမျိုးသမီးတစ်ဦးအားမြင်၍ သနားကြင်နာစွာဖြင့်သူမအား “အချင်းမိန်းမ၊ သင်သည်အနာရောဂါနှင့်လွတ်၏” ဟုမိန့်လျက် လက်တော်ကိုသူမပေါ်တင်လျှင် ချက်ချင်းအနာရောဂါငြိမ်းသဖြင့် သူမကျောဆန့်ပြီး ဘုရားသခင့်ဘုန်းကိုချီးမွမ်းလေ၏။
သို့သော် တရားဇရပ်မှူးကဒေါသဖြင့် “အလုပ်လုပ်ရသောနေ့ရက်ခြောက်ရက်ရှိ၏။ ထိုနေ့ရက်တွင်လာ၍ရောဂါငြိမ်းစေခြင်းကျေးဇူးကိုခံလော့။ ဥပုသ်နေ့၌ လာမခံကြနှင့်” ဟုပရိသတ်တို့အားဆို၏။ ထိုအကဲအမှူးက ယေရှု၏ကုသနိုင်စွမ်းကိုအသိအမှတ်ပြုသော်လည်း ဥပုသ်နေ့တွင်လူများလာရောက်ကုသမှုခံယူခြင်းအတွက် ပြစ်တင်ရှုတ်ချခြင်းဖြစ်၏။
‘အချင်းကြောင်သူတော်၊ သင်တို့ရှိသမျှသည် ဥပုသ်နေ့၌မြင်းနွားကိုတင်းကုပ်မှလွှတ်၍ ရေတိုက်ခြင်းငှာ ဆောင်သွားတတ်သည်မဟုတ်လော။ တစ်ဆယ့်ရှစ်နှစ်ပတ်လုံး စာတန်ချည်နှောင်သောအာဗြဟံ၏သမီးဖြစ်သောဤမိန်းမကို ဤချည်နှောင်ခြင်းမှ ဥပုသ်နေ့၌မလွှတ်ရသလော’ ဟုယေရှုမြွက်ကြားသည်။
ဆန့်ကျင်သူတို့ကြားလျှင် များစွာအရှက်ရကြ၏။ ပရိသတ်မူ မိမိတို့မြင်တွေ့ရသောအံ့ဖွယ်ရာများအတွက် ဝမ်းမြောက်ကြ၏။ ယင်းသို့ဝမ်းမြောက်သည်ကိုတုံ့ပြန်သောအားဖြင့် ယေရှုသည် ပြီးခဲ့သောတစ်နှစ်က ဂါလိလဲပင်လယ်တွင် လှေပေါ်မှပြောခဲ့ဖူးသည့် ဘုရားသခင်နိုင်ငံတော်နှင့်စပ်ဆိုင်သောပရောဖက်ပြုချက်ပုံဥပမာနှစ်ရပ်ကို ထပ်ကျော့မိန့်ကြားသည်။ လုကာ ၁၃:၁-၂၁။ ဒေသနာ ၉:၁၁။ မဿဲ ၁၃:၃၁-၃၃။
▪ ဤတွင် အဘယ်ဝမ်းနည်းဖွယ် အဖြစ်အပျက်များဖော်ပြထားသနည်း။ ထိုအဖြစ်အပျက်မှ အဘယ်သင်ခန်းစာကို ကိုယ်တော်ထုတ်နှုတ်သနည်း။
▪ အသီးမသီးသော သင်္ဘောသဖန်းပင်နှင့် ထိုအပင်အသီးသီးရန် အားထုတ်ခြင်းကို လက်တွေ့မည်သို့အသုံးချနိုင်သနည်း။
▪ ယေရှု၏ကုသနိုင်စွမ်းကို အကဲအမှူးက မည်သို့အသိအမှတ်ပြုသနည်း။ သို့တိုင် ထိုသူ၏အရေခြုံမှုကို ယေရှုမည်သို့ဖော်ထုတ်သနည်း။