အခန်း ၈၂
ယေရှု ယေရုရှလင်မြို့သို့ တစ်ဖန်ဦးတည်ပြန်
မကြာမီ ယေရှုခရီးပြန်ထွက်သည်။ တစ်မြို့ဝင်တစ်ရွာထွက် ဩဝါဒပေးလျက်နေသည်။ ယုဒပြည်မှယော်ဒန်မြစ်တစ်ဖက် ပေရိယခရိုင်တွင်ရှိနေသည်မှာထင်ရှားသည်။ သို့သော်ယေရုရှလင်သို့ ကိုယ်တော်ဦးတည်နေသည်။
လူနည်းစုသာကယ်တင်ခြင်းရထိုက်သည်ဟူသော ယုဒအတွေးအခေါ်ကြောင့် လူတစ်ဦးဤသို့မေးဟန်တူသည်။ “သခင်၊ ကယ်တင်ခြင်းသို့ရောက်သောသူတို့သည် . . . နည်းသလော။” ကယ်တင်ခြင်းအတွက် အဘယ်အရာလိုကြောင်း ဤသို့ဖြေဆိုခြင်းဖြင့် လူတို့အားယေရှုစဉ်းစားစေသည်။ “ကျဉ်းမြောင်းသောတံခါးဝကိုဝင်ခြင်းငှာ ကြိုးစားအားထုတ်လော့။ [ဆိုလိုသည်မှာ ပြင်းထန်စွာရုန်းကန်ရမည်တည်း။]”
ထိုသို့ပြင်းထန်စွာ ဝီရိယစိုက်ထုတ်ရန်လိုသည်။ “အကြောင်းမူကား၊ အများသောသူတို့သည် ဝင်ခြင်းငှာအလိုရှိသော်လည်းမစွမ်းနိုင်ကြ” ဟုမိန့်ဆိုသည်။ အဘယ်ကြောင့်နည်း။ ‘အိမ်ရှင်သည်တစ်ခါထ၍တံခါးကိုပိတ်ပြီးမှ လူတို့သည်အပြင်၌ရပ်၍တံခါးကိုခေါက်လျက် ‘သခင်၊ အကျွန်ုပ်တို့အားဖွင့်ပါ’ ဟုတောင်းဆိုသော်သူက “သင်တို့သည် အဘယ်ကလာသည်ကို ငါမသိ။ မတရားသောအမှုကိုပြုသောသူတို့ ငါ့ထံမှဖယ်ကြဟုဆို၏”’ ဟုယေရှုရှင်းပြသည်။
တံခါးအပြင်၌ကျန်ရစ်သူတို့သည် သူတို့အဆင်ပြေသောအချိန်၌သာလာပုံရှိသည်။ သို့သော် ထိုအချိန်၌ အခွင့်အရေးတံခါးသည်အလုံပိတ်ပြီးဖြစ်သည်။ အထဲဝင်ရန်သူတို့အဖို့အဆင်မပြေသောအချိန်ဖြစ်သည့်တိုင် သူတို့စောစောလာသင့်သည်။ မိမိတို့ဘဝတွင် ယေဟောဝါ၏ဝတ်ပြုရေးကိုအဓိကမထားသူများအတွက် ဝမ်းနည်းခြင်းရလဒ်သည်စောင့်ဆိုင်းလျက်ရှိပေသည်။
ယုဒလူတို့အတွက်ယေရှုစေလွှတ်ခံရသော်လည်း အများစုသည် ကယ်တင်ခြင်းအခွင့်အရေးကိုလက်လွှတ်ကြသည်။ ထိုကြောင့်သူတို့သည် အံသွားခဲကြိတ်ရာအပြင်အရပ်၌ စွန့်ပစ်ခြင်းခံရမည်ဟုယေရှုဆိုသည်။ တစ်ဖက်တွင်မူ အရပ်လေးမျက်နှာရှိလူမျိုးအသီးသီးမှလူတို့သည် “ဘုရားသခင်၏နိုင်ငံတော်ထဲတွင်လျောင်းရကြလတံ့။”
ဆက်၍ဤသို့မိန့်ဆိုသည်။ “နောက်ကျသောသူအချို့ [အကဲ့အရဲ့ခံ ယုဒလူမျိုးမဟုတ်သူများနှင့်အနှိမ်ခံယုဒလူများ] သည်အရင်ကျကြလိမ့်မည်။ အရင်ကျသောသူအချို့တို့ [ရုပ်ပစ္စည်းကြွယ်ဝပြီး ဘာသာရေးအရမျက်နှာသာရသောယုဒလူများ] သည်နောက်ကျကြလိမ့်မည်။” နောက်ကျသည်ဟုဆိုရာတွင် ပျင်းရိ၍ကျေးဇူးကန်းသူများ ဘုရားနိုင်ငံတော်တွင်လုံးဝရှိမည်မဟုတ်ဟုဆိုလိုသည်။
ထိုအခါ ဖာရိရှဲတို့သည် ယေရှုထံလာ၍ “ဤအရပ်မှထွက်သွားပါ။ ဟေရုဒ် [အန္တပ] မင်းသည် ကိုယ်တော်ကိုသတ်မည်အကြံရှိပါသည်” ဟုဆိုကြ၏။ ထိုနယ်မှယေရှုထွက်ခွါသွားစေရန် ဟေရုဒ်မင်းကိုယ်တိုင်သတင်းလွှင့်ခြင်းဖြစ်နိုင်သည်။ နှစ်ခြင်းဆရာယောဟန်ကိုသတ်ရာ၌ မိမိပါသကဲ့သို့ ဘုရားသခင်၏အခြားပရောဖက်တစ်ပါးကို သတ်မိမည်ကိုသူစိုးရိမ်နေမည်။ သို့သော်ဖာရိရှဲတို့အားယေရှုက ‘သင်တို့သွားကြလော့။ ယခုနှင့်နက်ဖြန်နေ့၌ နတ်ဆိုးတို့ကိုနှင်ထုတ်၍ အနာရောဂါကိုငြိမ်းစေမည်။ သုံးရက်မြောက်သောနေ့၌ပြီးစီးမည်အကြောင်းကို ထိုမြေခွေးအားပြောကြလော့” ဟုမိန့်ဆိုသည်။
မိမိအလုပ်ပြီးစီးလျှင် ယေရုရှလင်မြို့သို့ခရီးဆက်ပြန်သည်။ အကြောင်းမှာ “ယေရုရှလင်မြို့မှတစ်ပါး အခြားသောအရပ်၌ အဘယ်ပရောဖက်မျှမဆုံးရာ။” ယေရုရှလင်တွင်ယေရှုအသတ်ခံရမည်ဟု အဘယ်ကြောင့်မျှော်လင့်နိုင်သနည်း။ အကြောင်းမှာ ယေရုရှလင်သည် မြို့တော်ဖြစ်ပြီး လွှတ်တော်အဖွဲ့ဝင် ၇၁ ဦး၏တရားရုံးချုပ်လည်းရှိ၊ တိရစ္ဆာန်ယဇ်ပူဇော်သောနေရာလည်းဖြစ်သောကြောင့်တည်း။ ထိုကြောင့် ယေရုရုလင်မှတစ်ပါး အခြားအဘယ်အရပ်၌မျှ ‘ဘုရားသခင်၏သိုးသငယ်’ သည်အသတ်ခံ၍မဖြစ်ပါ။
“အိုယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊ သင်သည်ပရောဖက်တို့ကိုသတ်မြဲရှိ၏။ သင်ရှိရာသို့စေလွှတ်သောသူတို့ကိုလည်း ကျောက်ခဲနှင့်ပစ်မြဲပစ်ကြ၏။ ကြက်မသည် မိမိသားငယ်တို့ကိုအတောင်အောက်၌စုရုံးသကဲ့သို့ သင်၏သားတို့ကိုစုရုံးစေခြင်းငှာ ကြိမ်ဖန်များစွာငါအလိုရှိ၏။ သင်မူကားအလိုမရှိ။ သင်တို့နေသောအိမ်သည် သင်တို့၌လူဆိတ်ညံလျက်ကျန်ရစ်ရ၏” ဟုယေရှုဝမ်းနည်းစွာဆိုသည်။ ဘုရားသားတော်ကိုငြင်းပယ်ခြင်းအတွက် ဘေးဆိုးကြုံရသည်တကား။
ယေရုရှလင်ဘက်သို့ယေရှုခရီးဆက်စဉ် ကိုယ်တော်အားဖာရိရှဲအရာရှိတစ်ဦး အိမ်သို့ဖိတ်သည်။ ထိုနေ့သည် ဥပုသ်နေ့ဖြစ်ပြီး လူများသည် ကိုယ်တော်ကိုစေ့စေ့အကဲခတ်ကြည့်ရှုလျက်ရှိကြသည်။ အကြောင်းမှာ ရေဖျဉ်းနာစွဲသူတစ်ဦး ကိုယ်တော့်ရှေ့၌ရှိနေသည်။ ဖာရိရှဲနှင့်ကျမ်းတတ်များအား “ဥပုသ်နေ့၌အနာရောဂါငြိမ်းစေအပ်သလော” ဟုမေးသည်။
မည်သူမျှနှုတ်မဟသဖြင့် ယေရှုထိုရောဂါသည်အားကု၍လွှတ်လိုက်သည်။ ထိုနောက် ကိုယ်တော်ဤသို့မေးသည်။ “မိမိမြည်း၊ နွားသည် ဥပုသ်နေ့၌တွင်းထဲသို့ကျလျှင် ချက်ချင်းမဆွဲမတင်ဘဲနေမည့်သူ တစ်စုံတစ်ယောက်သည်သင်တို့တွင်ရှိသလော။” ဤအကြိမ်၌လည်းသူတို့သည်စကားတစ်ခွန်းမျှပြန်မပြောနိုင်ကြ။ လုကာ ၁၃:၂၂–၁၄:၆။ ယောဟန် ၁:၂၉။
▪ ကယ်တင်ခြင်းအတွက် အဘယ်အရာလိုကြောင်းယေရှုပြသနည်း။ အဘယ်ကြောင့်လူများအပြင်တွင်နေရကြသနည်း။
▪ အရင်ကျသော “နောက်ကျသူ” များနှင့် နောက်ကျသော “အရင်ကျသူ” များကားမည်သူတို့နည်း။
▪ ယေရှုအား ဟေရုဒ်မင်းသတ်လိုသည်ဟူ၍ပြောကြခြင်း၏ဖြစ်နိုင်ဖွယ်အကြောင်းကား အဘယ်နည်း။
▪ ယေရုရှလင်အပြင်၌ ပရောဖက်တစ်ဦးအသတ်ခံရန် အဘယ်ကြောင့်မဖြစ်နိုင်သနည်း။