-
ယေဟောဝါ၏ဝိညာဉ်တော်သည်လူမျိုးတော်အား ဦးဆောင်ကင်းမျှော်စင်—၁၉၉၂ | စက်တင်ဘာ ၁၅
-
-
ဝိညာဉ်တော်မည်သို့ကူညီ
၉။ (က) သန့်ရှင်းသောဝိညာဉ်တော်သည် “ထောက်မသူ” အဖြစ်မည်သို့ဆောင်ရွက်သနည်း။ (ခ) သန့်ရှင်းသောဝိညာဉ်တော်သည် ပုဂ္ဂိုလ်တစ်ဦးမဟုတ်ကြောင်း မည်သို့သိရှိနိုင်သနည်း။ (အောက်ခြေမှတ်ချက်ရှု။)
၉ သန့်ရှင်းသောဝိညာဉ်တော်ကို ယေရှုခရစ်က “ထောက်မသူ” ဟုခေါ်ခဲ့ပါသည်။ ဥပမာအနေနှင့် တပည့်နောက်လိုက်တို့အား ကိုယ်တော်ဤသို့မိန့်ဆိုသည်။ “ငါလည်း ခမည်းတော်ထံတောင်းလျှောက်၍ သင်တို့နှင့်အစဉ်တည်နေစေရန် သမ္မာတရားဆိုင်ရာဝိညာဉ်တော်တည်းဟူသောအမှုဆောင် [ထောက်မသူ၊ ကဘ] တစ်ပါးကို သနားတော်မူလိမ့်မည်။ ထိုဝိညာဉ်တော်ကို ဤလောကသားတို့သည် မမြင်မသိသောကြောင့် မခံမယူနိုင်ကြ။ သင်တို့မူကား သင်တို့နှင့်ကိန်းဝပ်၍အတွင်း၌တည်နေတော်မူမည်ဖြစ်သောကြောင့် သိရကြသတည်း။” ခရစ်တော်ဤသို့ကတိပြုထားသည်အတွက် အခြားအမှုများအနက် ထို “ထောက်မသူ” သည်သွန်သင်ပို့ချလိမ့်မည်။ “ငါ့နာမ၌ခည်းတော်စေလွှတ်တော်မူမည့် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသောအမှုဆောင် [ထောက်မသူ၊ ကဘ] လည်း သင်တို့အား စုံလင်စွာသွန်သင်လျက် ငါဟောခဲ့သမျှကို သတိရစေတော်မူလိမ့်မည်။” ဝိညာဉ်တော်သည် ခရစ်တော်အကြောင်းလည်းသက်သေခံလိမ့်မည်။ တပည့်တော်များအား ဤသို့အာမခံခဲ့သည်။ “အမှန်အတိုင်းငါဆိုသည်မှာ ငါမသွားလျှင် အမှုဆောင်အရှင် [ထောက်မသူ၊ ကဘ] သည် သင်တို့ထံကြွရောက်တော်မူမည်မဟုတ်။ သွားလျှင်မူကား ငါစေလွှတ်မည်ဖြစ်သောကြောင့် သင်တို့အဖို့ငါသွားခြင်းကောင်း၏။”—ယောဟန် ၁၄:၁၆၊ ၁၇၊ ၂၆၊ ၁၅:၂၆၊ ၁၆:၇၊ သမ။a
၁၀။ စီအီး ပထမရာစုနှင့် ယနေ့ပင် သန့်ရှင်းသောဝိညာဉ်တော်သည် အဘယ်နည်းများဖြင့် ထောက်မသူဖြစ်ကြောင်းထင်ရှားခဲ့ပြီနည်း။
၁၀ စီအီး ၃၃ ပင်တေကုတ္တေပွဲနေ့တွင် ယေရှု၏နောက်လိုက်များအပေါ် သန့်ရှင်းသောဝိညာဉ်တော်ကို ကောင်းကင်မှယေရှုသွန်းလောင်းပေးတော်မူခဲ့သည်။ (တမန်တော် ၁:၄၊ ၅၊ ၂:၁-၁၁) ထောက်မသူအနေနှင့် ဝိညာဉ်တော်သည် ဘုရားသခင့်အလိုတော်နှင့်ရည်ရွယ်တော်မူချက်ကို သူတို့အား တိုးသိနားလည်စေ၍ ကိုယ်တော်၏ပရောဖက်ပြုချက်ဆိုင်ရာနှုတ်ကပါဌ်တော်ကို ဖွင့်ပြခဲ့သည်။ (၁ ကောရိန္သု ၂:၁၀-၁၆။ ကောလောသဲ ၁:၉၊ ၁၀။ ဟေဗြဲ ၉:၈-၁၀) မြေကြီးတစ်ခွင်သက်သေများဖြစ်ကြရန် ယေရှု၏တပည့်များအား ထိုထောက်မသူကကူညီစွမ်းဆောင်ပေးခဲ့သည်။ (လုကာ ၂၄:၄၉။ တမန်တော် ၁:၈။ ဧဖက် ၃:၅၊ ၆) “သစ္စာသမာဓိရှိကျေးကျွန်” မှတစ်ဆင့်ဘုရားသခင်ပြင်ဆင်ပေးတော်မူသည့် ဝိညာဏပြင်ဆင်ချက်များကိုသာ လက်ခံယူမည်ဆိုလျှင် သန့်ရှင်းသောဝိညာဉ်တော်သည် ဆက်ကပ်အပ်နှံထားသောခရစ်ယာန်တစ်ဦးအား အသိပညာတိုးပွားစေရန် ကူညီပေးနိုင်ပါသည်။ (မဿဲ ၂၄:၄၅-၄၇) ယေဟောဝါ၏ကျေးကျွန်တစ်ဦးအဖြစ် သက်သေခံရန် လိုအပ်သောသတ္တိနှင့်ခွန်အားပေးခြင်းအားဖြင့် ဘုရားသခင့်ဝိညာဉ်တော်ကူညီပေးနိုင်ပါသည်။ (မဿဲ ၁၀:၁၉၊ ၂၀။ တမန်တော် ၄:၂၉-၃၁) သို့ရာတွင် အခြားနည်းများဖြင့်လည်း ဘုရားသခင့်လူများကို သန့်ရှင်းသောဝိညာဉ်တော်ကူညီပေးပါသေးသည်။
-
-
ယေဟောဝါ၏ဝိညာဉ်တော်သည်လူမျိုးတော်အား ဦးဆောင်ကင်းမျှော်စင်—၁၉၉၂ | စက်တင်ဘာ ၁၅
-
-
a “ထောက်မသူ” အဖြစ်ဖော်ပြထားသော်လည်း သန့်ရှင်းသောဝိညာဉ်တော်သည် ပုဂ္ဂိုလ်တစ်ဦးမဟုတ်ပါ။ အကြောင်းမူကားနပုလ္လိင်ဖြစ်သောဂရိနာမ်စား (“it”) ကိုဝိညာဉ်တော်အတွက်အသုံးပြုထားပါသည်။ ထပ်တူပင် ဉာဏ်ပညာကိုတင်စား၍ ဟေဗြဲနပုလ္လိင်နာမ်စားများကိုအသုံးပြုထား၏။ (သု၊ ၁:၂၀-၃၃။ ၈:၁-၃၆) ထို့ပြင် ပုဂ္ဂိုလ်တစ်ဦးအားမပြုနိုင်သည့်အမှုဖြစ်သည့် သန့်ရှင်းသောဝိညာဉ်တော်ကို “သွန်းလောင်း” ပေးခဲ့သည်။—တမန်တော် ၂:၃၃။
-