ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၉ ဧပြီ စာ. ၈-၁၃
  • ယေရှုကို တုပပြီး စိတ်ငြိမ်သက်မှု ဆက်ရှိနေပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရှုကို တုပပြီး စိတ်ငြိမ်သက်မှု ဆက်ရှိနေပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှု အမြဲ ဆုတောင်း
  • ယေရှု ထက်သန်စွာ ဟောပြော
  • မိတ်ဆွေတွေရဲ့ အကူအညီကို ယေရှု လက်ခံ
  • စိတ်ငြိမ်သက်နေနိုင်ပုံ
  • ယောဟန် ၁၄:၂၇—“ငြိမ်သက်ခြင်းကို ခင်ဗျားတို့ဆီ ထားခဲ့မယ်”
    ကျမ်းပိုဒ် ရှင်းပြချက်များ
  • ဒီမေးခွန်းတွေရဲ့ အဖြေကို ရှာပါ
    ဌာနခွဲ ကိုယ်စားလှယ် ပါဝင်မယ့် ၂၀၂၂-၂၀၂၃ တိုက်နယ် အစည်းအဝေး အစီအစဉ်
  • ဆင်းရဲခက်ခဲသော ဤလောကတွင် စိတ်ငြိမ်သက်မှုကို သင်ရှာတွေ့ နိုင်မည်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ငြိမ်သက်ခြင်း—ဘယ်လိုရနိုင်မလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
က၁၉ ဧပြီ စာ. ၈-၁၃

လေ့လာရန် ဆောင်းပါး ၁၅

ယေရှုကို တုပပြီး စိတ်ငြိမ်သက်မှု ဆက်ရှိနေပါ

‘လူ့ဉာဏ်နဲ့မမီနိုင်တဲ့ ဘုရားသခင့်ငြိမ်သက်ခြင်းက ခင်ဗျားတို့ရဲ့ စိတ်နှလုံးကို စောင့်ရှောက်ပေးပါလိမ့်မယ်။’—ဖိ. ၄:၇။

သီချင်း ၁၁၃ တို့ပိုင်ဆိုင်တဲ့ ငြိမ်သက်ခြင်း

အကြိုသုံးသပ်ချက်a

၁-၂။ ယေရှု ဘာကြောင့် စိတ်ဒုက္ခရောက်နေသလဲ။

မြေကြီးအသက်တာ နောက်ဆုံးနေ့မှာ ယေရှု စိတ်ဒုက္ခရောက်နေတယ်။ တရားမဲ့သူတွေ လက်ချက်နဲ့ ရက်ရက်စက်စက် အသတ်ခံရတော့မယ်။ ဒါပေမဲ့ သေရမှာထက် ပိုစိတ်ပူတာ ရှိသေးတယ်။ ယေရှုဟာ ဖခင်ကို သိပ်ချစ်ပြီး စိတ်ကျေနပ်စေချင်တယ်။ ကြုံရတော့မယ့် စမ်းသပ်မှုကို သစ္စာရှိရှိ ခံရပ်နိုင်မှ ယေဟောဝါရဲ့ နာမည်ကို သံသယကင်းရှင်းစေနိုင်မယ်ဆိုတာ သိတယ်။ လူတွေကိုလည်း ယေရှု ချစ်တယ်။ လူတွေရဲ့ ထာဝရအသက် အလားအလာဟာ မိမိရဲ့ သစ္စာရှိရှိ သေဆုံးခြင်းအပေါ် မူတည်ကြောင်းလည်း သိတယ်။

၂ အလွန် စိတ်ဖိစီးနေချိန်မှာတောင် ယေရှု စိတ်ငြိမ်သက်နေတယ်။ “ငြိမ်သက်ခြင်းကို ခင်ဗျားတို့ဆီ ထားခဲ့မယ်” လို့ တမန်တော်တွေကို ပြောတယ်။ (ယော. ၁၄:၂၇) ယေရှု ခံစားနေရတဲ့ “ဘုရားသခင့် ငြိမ်သက်ခြင်း” ဟာ ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိထားလို့ ရလာတဲ့ ငြိမ်သက်အေးချမ်းမှုပဲ။ အဲဒါက ယေရှုရဲ့ စိတ်နှလုံးကို တည်ငြိမ်စေတယ်။—ဖိ. ၄:၆၊ ၇။

၃။ ဒီဆောင်းပါးမှာ ဘာအကြောင်း သုံးသပ်ကြမလဲ။

၃ ကျွန်တော်တို့ဟာ ယေရှု ကြုံရတဲ့ ဖိစီးမှုမျိုး ကြုံရမှာ မဟုတ်ပေမဲ့ အခက်အခဲတွေတော့ ကြုံရမယ်။ (မ. ၁၆:၂၄၊ ၂၅။ ယော. ၁၅:၂၀) တစ်ခါတလေ ယေရှုလိုပဲ စိတ်ဒုက္ခရောက်နိုင်တယ်။ အလွန်အကျွံ မစိုးရိမ်ဖို့၊ စိတ်ငြိမ်သက်မှု မပျောက်သွားဖို့ ဘာက ကူညီပေးနိုင်သလဲ။ မြေကြီးပေါ် အမှုဆောင်ချိန်အတွင်း ယေရှု လုပ်ဆောင်ခဲ့တဲ့ အချက်သုံးချက်အကြောင်း၊ အခက်အခဲတွေ ကြုံရချိန်မှာ ယေရှုကို ကျွန်တော်တို့ ဘယ်လို တုပနိုင်ကြောင်း သုံးသပ်ကြည့်ကြစို့။

ယေရှု အမြဲ ဆုတောင်း

ယေရှု ဆုတောင်းနေ။ သက်ကြီး ညီအစ်မတစ်ယောက် ဆုတောင်းနေ

ဆုတောင်းခြင်းက စိတ်ငြိမ်သက်မှု ဆက်ရှိစေနိုင် (အပိုဒ် ၄-၇ ကိုကြည့်ပါ)

၄။ မြေကြီးအသက်တာ နောက်ဆုံးနေ့မှာ ယေရှု မကြာခဏ ဆုတောင်းခဲ့ကြောင်း ဘယ်အချက်တွေက ဖော်ပြသလဲ။ နောက်ပိုင်း ၁ သက်သာလောနိတ် ၅:၁၇ မှာ ခရစ်ယာန်တွေကို ဘယ်လို မိန့်မှာထားသလဲ။

၄ ၁ သက်သာလောနိတ် ၅:၁၇ ကိုဖတ်ပါ။ မြေကြီးအသက်တာ နောက်ဆုံးနေ့မှာ ယေရှု အကြိမ်ကြိမ် ဆုတောင်းခဲ့တယ်။ မိမိရဲ့ သေခြင်း အောက်မေ့ရာပွဲ အစပြုချိန်မှာ မုန့်နဲ့ ဝိုင်အတွက် ဆုတောင်းတယ်။ (၁ ကော. ၁၁:၂၃-၂၅) ပွဲပြီးနောက် ထွက်မသွားခင် တပည့်တွေနဲ့အတူ ဆုတောင်းတယ်။ (ယော. ၁၇:၁-၂၆) အဲဒီညမှာပဲ တပည့်တွေနဲ့အတူ သံလွင်တောင်ကို ရောက်တဲ့အခါ အကြိမ်ကြိမ် ဆုတောင်းတယ်။ (မ. ၂၆:၃၆-၃၉၊ ၄၂၊ ၄၄) မသေဆုံးခင် ယေရှု နောက်ဆုံးပြောသွားတာ ဆုတောင်းစကားတွေပါ။ (လု. ၂၃:၄၆) မြေကြီးအသက်တာရဲ့ အရေးကြီးဆုံးနေ့မှာ ဖြစ်သမျှကို ယေဟောဝါဆီ ဆုတောင်းပြောပြတယ်။

၅။ တမန်တော်တွေ ဘာကြောင့် သတ္တိလျော့နည်းခဲ့သလဲ။

၅ အခက်အခဲကို ယေရှု ခံရပ်နိုင်တဲ့ အကြောင်းရင်း တစ်ခုက ဆုတောင်းခြင်းအားဖြင့် ဖခင်ကို အားကိုးခဲ့လို့ပဲ။ တမန်တော်တွေကတော့ အဲဒီညမှာ စွဲစွဲမြဲမြဲ ဆုမတောင်းတဲ့အတွက် သတ္တိလျော့နည်းခဲ့တယ်။ (မ. ၂၆:၄၀၊ ၄၁၊ ၄၃၊ ၄၅၊ ၅၆) အခက်အခဲတွေ ကြုံရတဲ့အခါ ယေရှုရဲ့ ပုံသက်သေအတိုင်း “အမြဲ ဆုတောင်းနေ” မှ ကျွန်တော်တို့ သစ္စာရှိနိုင်မယ်။ ဒါပေမဲ့ ဘာအတွက် ဆုတောင်းရမလဲ။

၆။ ယုံကြည်ခြင်းက စိတ်ငြိမ်သက်အောင် ဘယ်လို ကူညီပေးမလဲ။

၆ “ယုံကြည်ခြင်း တိုးများအောင် လုပ်ပေးပါ” ဆိုပြီး ယေဟောဝါဆီ ကျွန်တော်တို့ ဆုတောင်းနိုင်တယ်။ (လု. ၁၇:၅။ ယော. ၁၄:၁) ကျွန်တော်တို့အားလုံးကို စာတန် စမ်းသပ်မှာဖြစ်လို့ ယုံကြည်ခြင်း ရှိဖို့ လိုတယ်။ (လု. ၂၂:၃၁) အခက်အခဲ တစ်ခုပြီးတစ်ခု ကြုံရချိန်မှာ ယုံကြည်ခြင်းက ဘယ်လို စိတ်ငြိမ်သက်စေနိုင်သလဲ။ အခက်အခဲကို ဖြေရှင်းဖို့ အတတ်နိုင်ဆုံး ကြိုးစားပြီးနောက် ယေဟောဝါလက်ထဲ အပ်ထားဖို့ ယုံကြည်ခြင်းက ကူညီပေးပါလိမ့်မယ်။ ယေဟောဝါသာ အကောင်းဆုံး ဖြေရှင်းပေးနိုင်မှန်း ကျွန်တော်တို့ ယုံကြည်တဲ့အတွက် စိတ်ငြိမ်သက်နေပါလိမ့်မယ်။—၁ ပေ. ၅:၆၊ ၇။

၇။ ရောဘတ်ရဲ့စကားကနေ ဘာသိရသလဲ။

၇ ဘယ်အခက်အခဲပဲ ရင်ဆိုင်ရပါစေ ဆုတောင်းခြင်းက စိတ်ငြိမ်သက်အောင် ကူညီပေးနိုင်တယ်။ အသက် ၈၀ ကျော် သစ္စာရှိ အကြီးအကဲ ရောဘတ်အကြောင်း စဉ်းစားကြည့်ပါ။ “ဖိလိပ္ပိ ၄:၆၊ ၇ မှာပါတဲ့ အကြံဉာဏ်က ဘဝအခက်အခဲများစွာကို ရင်ဆိုင်နိုင်ဖို့ ကူညီပေးတယ်။ ကျွန်တော် ငွေကြေးပြဿနာ ကြုံရတယ်။ ဒီ့အပြင် အကြီးအကဲတာဝန် ခဏနားလိုက်ရတယ်” လို့ သူပြောတယ်။ စိတ်ငြိမ်သက်ဖို့ သူ့ကို ဘာက ကူညီပေးသလဲ။ “စိုးရိမ်စိတ် ဝင်လာတာနဲ့ ဆုတောင်းလိုက်တယ်။ ဆုတောင်းလေ ငြိမ်သက်မှု ခံစားရလေပဲ” လို့ သူပြောတယ်။

ယေရှု ထက်သန်စွာ ဟောပြော

လူတစ်ယောက်နဲ့ သားကို ယေရှု ဟောပြောနေ။ လူထုရှေ့ သက်သေခံခြင်းမှာ လူတစ်ယောက်နဲ့ သားကို သက်ကြီး ညီအစ်ကို ဟောပြောနေ

ဟောပြောခြင်းက စိတ်ငြိမ်သက်မှု ဆက်ရှိစေနိုင် (အပိုဒ် ၈-၁၀ ကိုကြည့်ပါ)

၈။ ယောဟန် ၈:၂၉ အရ ယေရှု စိတ်ငြိမ်သက်ရတဲ့ နောက်အကြောင်းရင်းက ဘာလဲ။

၈ ယောဟန် ၈:၂၉ ကိုဖတ်ပါ။ နှိပ်စက်ညှဉ်းပန်းမှုကို သစ္စာရှိရှိ ခံရပ်ခြင်းက ဖခင်ကို စိတ်ရွှင်လန်းစေမှန်း ယေရှု သိလို့ စိတ်ငြိမ်သက်နေတယ်။ ခက်ခဲချိန်မှာတောင် ဖခင်ကို နာခံတယ်။ ဖခင်ကို ချစ်ပြီး ဘဝမှာ အမှုဆောင်လုပ်ငန်းကို အဓိက ထားတယ်။ မြေကြီးပေါ် မလာခင်တုန်းက “ကျွမ်းကျင်လုပ်သား” အဖြစ် ဘုရားနဲ့အတူ လုပ်ဆောင်ခဲ့တယ်။ (ပညာ. ၈:၃၀) မြေကြီးပေါ်မှာလည်း ဖခင်အကြောင်း ထက်သန်စွာ သွန်သင်ပေးတယ်။ (မ. ၆:၉။ ယော. ၅:၁၇) အဲဒါက ယေရှုကို ကျေနပ်ပျော်ရွှင်စေတယ်။—ယော. ၄:၃၄-၃၆။

၉။ ဟောပြောခြင်းလုပ်ငန်းကို အာရုံစိုက်ခြင်းက ဘယ်လို စိတ်ငြိမ်သက်စေနိုင်သလဲ။

၉ ကျွန်တော်တို့လည်း ယေဟောဝါကို နာခံခြင်း၊ “သခင့်အလုပ်မှာ အမြဲအလုပ်များနေ” ခြင်းအားဖြင့် ယေရှုကို တုပနိုင်တယ်။ (၁ ကော. ၁၅:၅၈) “ဟောပြောတဲ့ အလုပ်ကိုပဲ အာရုံစိုက်” မယ်ဆိုရင် ပြဿနာတွေ ကြုံရတဲ့အခါ အပြုသဘော ပိုရှိနိုင်မယ်။ (တ. ၁၈:၅) ဥပမာ၊ ကိုယ့်ထက် အခြေအနေ ပိုဆိုးသူတွေကို အမှုဆောင်မှာ ကြုံရလေ့ရှိတယ်။ ဒါပေမဲ့ သူတို့ဟာ ယေဟောဝါကို သိပြီး ချစ်လာတဲ့အခါ၊ ဘုရားရဲ့ သွန်သင်ချက်တွေကို လိုက်နာတဲ့အခါ ဘဝ တိုးတက်ပျော်ရွှင်လာတယ်။ အဲဒါကို မြင်ရတိုင်း ကျွန်တော်တို့ကို ယေဟောဝါ စောင့်ရှောက်မယ်ဆိုတာ ပိုယုံကြည်စိတ်ချလာတယ်။ ဒါက စိတ်ငြိမ်သက်ဖို့ ကူညီပေးတယ်။ အဲဒီအချက် မှန်ကန်ကြောင်း ညီအစ်မတစ်ယောက် သိလာတယ်။ သူဟာ အသုံးမကျဘူးလို့ ခံစားနေရပြီး စိတ်ကျဝေဒနာကို တိုက်လှန်နေရပေမဲ့ “အမှုဆောင်လုပ်ငန်းမှာ အလုပ်များနေတဲ့အခါ စိတ်ငြိမ်သက်ပြီး ပိုပျော်လာတယ်။ ယေဟောဝါနဲ့ ပိုရင်းနှီးလာတယ်” လို့ ပြောတယ်။

၁၀။ ဘရန်ဒါရဲ့ စကားကနေ ဘာသိရသလဲ။

၁၀ ညီအစ်မ ဘရန်ဒါအကြောင်းကိုလည်း စဉ်းစားကြည့်ပါ။ သူနဲ့ သမီးဖြစ်သူဟာ နာတာရှည် အာရုံကြောရောဂါ ခံစားနေရတယ်။ သူဟာ ဘီးတပ်ကုလားထိုင်နဲ့ပဲ နေရပြီး အားသိပ်မရှိဘူး။ တစ်ခါတလေ တစ်အိမ်တက်ဆင်း သွားနိုင်ပေမဲ့ အများအားဖြင့်တော့ စာရေးသက်သေခံတယ်။ “ဒီစနစ်မှာ ကိုယ့်အခြေအနေကို ပြောင်းလဲဖို့ မဖြစ်နိုင်မှန်း လက်ခံလိုက်တာနဲ့ အမှုဆောင်လုပ်ငန်းကို ပိုပြီးအာရုံစိုက်နိုင်ခဲ့တယ်။ ဟောပြောနေရလို့ စိုးရိမ်စရာတွေကို အာရုံမရောက်တော့ဘူး။ လူတွေကို ကူညီပေးဖို့ပဲ အာရုံစိုက်လာတယ်။ အနာဂတ် မျှော်လင့်ချက် ပိုတောက်ပလာတယ်” လို့ သူပြောတယ်။

မိတ်ဆွေတွေရဲ့ အကူအညီကို ယေရှု လက်ခံ

မီးပုံဘေးမှာ တပည့်တွေနဲ့ ယေရှု စကားပြောနေ။ မီးပုံပေါ်မှာ ညီအစ်ကိုတစ်ယောက် ချက်ပြုတ်နေချိန် ညီအစ်မနှစ်ယောက် စကားပြောနေ

မိတ်ဆွေကောင်းတွေနဲ့ ပေါင်းသင်းခြင်းက စိတ်ငြိမ်သက်မှု ဆက်ရှိစေနိုင် (အပိုဒ် ၁၁-၁၅ ကိုကြည့်ပါ)

၁၁-၁၃။ (က) တမန်တော်တွေနဲ့ တခြားသူတွေဟာ ယေရှုအတွက် ဘယ်လိုနည်းနဲ့ မိတ်ဆွေစစ် ဖြစ်သလဲ။ (ခ) မိတ်ဆွေတွေကြောင့် ယေရှု ဘယ်လို ခံစားရသလဲ။

၁၁ အမှုဆောင်လုပ်ငန်းတစ်လျှောက် သစ္စာရှိ တမန်တော်တွေဟာ ယေရှုအတွက် မိတ်ဆွေစစ်တွေ ဖြစ်ခဲ့တယ်။ “ညီအစ်ကိုထက် တွယ်တာတဲ့ မိတ်ဆွေလည်း ရှိတယ်” ဆိုတဲ့ ပညာရှိစကား မှန်ကန်ကြောင်း သူတို့ သက်သေထူခဲ့တယ်။ (ပညာ. ၁၈:၂၄) အဲဒီလိုမိတ်ဆွေတွေကို ယေရှု တန်ဖိုးထားတယ်။ အမှုဆောင်လုပ်ငန်းတစ်လျှောက် ယေရှုကို ညီတစ်ယောက်မှ မယုံကြည်ကြဘူး။ (ယော. ၇:၃-၅) ယေရှု စိတ်ဖောက်ပြန်သွားပြီလို့တောင် ဆွေမျိုးတွေ ထင်ကြတယ်။ (မာ. ၃:၂၁) သစ္စာရှိ တမန်တော်တွေနဲ့ပတ်သက်ရင်တော့ “ခင်ဗျားတို့က ကျွန်တော် စမ်းသပ်မှုကြုံရချိန်တွေမှာ ကျွန်တော့်ကို မစွန့်ခွာကြဘူး” လို့ မသေဆုံးခင်ညမှာ ယေရှု ပြောနိုင်ခဲ့တယ်။—လု. ၂၂:၂၈။

၁၂ တမန်တော်တွေ အကြိမ်ကြိမ် အမှားလုပ်ပေမဲ့ အမှားတွေအစား သူတို့ရဲ့ ယုံကြည်ခြင်းကို ယေရှု အာရုံစိုက်တယ်။ (မ. ၂၆:၄၀။ မာ. ၁၀:၁၃၊ ၁၄။ ယော. ၆:၆၆-၆၉) “အဖဘုရားဆီက ကြားနာခဲ့သမျှ ပြန်ပြောပြတဲ့အတွက် ခင်ဗျားတို့ကို မိတ်ဆွေလို့ ခေါ်မယ်” ဆိုပြီး မသေဆုံးခင် နောက်ဆုံးညမှာ အဲဒီသစ္စာရှိ အမျိုးသားတွေကို ယေရှု ပြောတယ်။ (ယော. ၁၅:၁၅) မိတ်ဆွေတွေကြောင့် ယေရှု အလွန် အားတက်ခဲ့မှာ သေချာတယ်။ အမှုဆောင်လုပ်ငန်းမှာ သူတို့ရဲ့ ကူညီမှုကြောင့် ယေရှု အလွန်ပျော်ရွှင်ခဲ့တယ်။—လု. ၁၀:၁၇၊ ၂၁။

၁၃ ယေရှုမှာ တမန်တော်တွေအပြင် တခြားမိတ်ဆွေတွေလည်း ရှိသေးတယ်။ အဲဒီအမျိုးသား/သမီးတွေဟာ ဟောပြောခြင်းလုပ်ငန်းမှာ ကူညီတဲ့အပြင် တခြားနည်းတွေနဲ့လည်း ကူညီပေးကြတယ်။ တချို့က အိမ်မှာ ဧည့်ခံကျွေးမွေးကြတယ်။ (လု. ၁၀:၃၈-၄၂။ ယော. ၁၂:၁၊ ၂) တချို့က ယေရှုနဲ့အတူ လိုက်ပါပြီး ကိုယ့်ပစ္စည်းဥစ္စာတွေကို ဝေမျှသုံးစွဲကြတယ်။ (လု. ၈:၃) ယေရှုဟာ ကိုယ်တိုင် မိတ်ဆွေကောင်းဖြစ်လို့ မိတ်ဆွေကောင်းတွေ ရတာ ဖြစ်တယ်။ မိတ်ဆွေတွေအတွက် ကောင်းတာတွေ လုပ်ပေးတယ်။ သူတို့တတ်နိုင်တာထက် ပိုမမျှော်လင့်ဘူး။ ယေရှုဟာ စုံလင်သူဖြစ်ပေမဲ့ မစုံလင်တဲ့ မိတ်ဆွေတွေရဲ့ ထောက်မမှုကို ကျေးဇူးတင်လေးမြတ်ခဲ့တယ်။ သူတို့ကြောင့်လည်း ယေရှု စိတ်ငြိမ်သက်နိုင်ခဲ့တာပါ။

၁၄-၁၅။ မိတ်ဆွေကောင်း ဘယ်လို ဖွဲ့နိုင်သလဲ။ ကျွန်တော်တို့ကို သူတို့ ဘယ်လို ကူညီပေးနိုင်သလဲ။

၁၄ မိတ်ဆွေကောင်းတွေက ယေဟောဝါကို သစ္စာစောင့်သိနိုင်ဖို့ ကူညီပေးတယ်။ မိတ်ဆွေကောင်း ဖွဲ့နိုင်တဲ့ အကောင်းဆုံးနည်းကတော့ ကိုယ်တိုင် မိတ်ဆွေကောင်း ဖြစ်ခြင်းပါပဲ။ (မ. ၇:၁၂) ဥပမာ၊ တခြားသူတွေ၊ အထူးသဖြင့် “လိုအပ်သူ” တွေကို အတတ်နိုင်ဆုံး ကူညီပေးဖို့ ကျမ်းစာမှာ အားပေးထားတယ်။ (ဧ. ၄:၂၈) အသင်းတော်မှာ ဘယ်သူတွေကို ကူညီပေးနိုင်မလဲဆိုတာ စဉ်းစားကြည့်ပါ။ အိမ်ပြင် မထွက်နိုင်သူအတွက် ဈေးဝယ်ပေးနိုင်မလား။ ငွေကြေးခက်ခဲနေတဲ့ မိသားစုကို တစ်နပ်စာလောက် ကျွေးနိုင်မလား။ jw.org® နဲ့ JW Library® app ကို သုံးတတ်အောင် တခြားသူတွေကို ကူညီပေးနိုင်မလား။ တခြားသူတွေကို ကူညီပေးခြင်းမှာ အလုပ်များနေမယ်ဆိုရင် ပိုပျော်ရွှင်ပါလိမ့်မယ်။—တ. ၂၀:၃၅။

၁၅ မိတ်ဆွေတွေဟာ ကျွန်တော်တို့ အခက်အခဲ ကြုံတဲ့အခါ စိတ်ငြိမ်သက်အောင် ကူညီထောက်မပါလိမ့်မယ်။ ယောဘရဲ့ ဒုက္ခတွေအကြောင်း ဧလိဟု နားထောင်ပေးသလို မိတ်ဆွေတွေဟာ ကျွန်တော်တို့ရဲ့ အခက်အခဲတွေအကြောင်း စိတ်ရှည်စွာ နားထောင်ပေးကြတယ်။ (ယောဘ ၃၂:၄) ကိုယ့်အတွက် ဆုံးဖြတ်ပေးဖို့ မမျှော်လင့်သင့်ပေမဲ့ သူတို့ရဲ့ ကျမ်းစာအခြေပြု အကြံဉာဏ်ကို နားထောင်တာက ပညာရှိရာရောက်တယ်။ (ပညာ. ၁၅:၂၂) မိတ်ဆွေတွေရဲ့ အကူအညီကို ဘုရင်ဒါဝိဒ် နှိမ့်ချစွာ လက်ခံသလို ကျွန်တော်တို့လည်း လိုအပ်ချိန်မှာ မိတ်ဆွေတွေရဲ့ အကူအညီကို နှိမ့်ချစွာ လက်ခံသင့်တယ်။ (၂ ရှ. ၁၇:၂၇-၂၉) အဲဒီလို မိတ်ဆွေကောင်းတွေဟာ ယေဟောဝါဆီက လက်ဆောင်ပါပဲ။—ယာ. ၁:၁၇။

စိတ်ငြိမ်သက်နေနိုင်ပုံ

၁၆။ ဖိလိပ္ပိ ၄:၆၊ ၇ အရ စိတ်ငြိမ်သက်မှု ဘယ်လို ရနိုင်မလဲ။ ရှင်းပြပါ။

၁၆ ဖိလိပ္ပိ ၄:၆၊ ၇ ကိုဖတ်ပါ။ “ခရစ်တော်ယေရှုကတစ်ဆင့်” ငြိမ်သက်မှု ပေးမယ်လို့ ယေဟောဝါ ဘာကြောင့် ပြောတာလဲ။ ယေရှုရဲ့ အခန်းကဏ္ဍကို နားလည်ယုံကြည်မှ စိတ်ငြိမ်သက်နိုင်မှာ ဖြစ်လို့ပဲ။ ဥပမာ၊ ယေရှုရဲ့ ရွေးဖိုးပူဇော်သက္ကာအားဖြင့် အပြစ်တွေ ခွင့်လွှတ်ခံရနိုင်တယ်။ (၁ ယော. ၂:၁၂) စိတ်သက်သာစရာပါပဲ။ ဘုရားနိုင်ငံတော်ဘုရင် ယေရှုဟာ စာတန်နဲ့ စာတန့်လောကကြောင့် ဖြစ်လာတဲ့ ထိခိုက်ပျက်စီးမှု မှန်သမျှကို ပြုပြင်ပေးမယ်။ (ဟေရှာ. ၆၅:၁၇။ ၁ ယော. ၃:၈။ ဗျာ. ၂၁:၃၊ ၄) သိပ်ကောင်းတဲ့ မျှော်လင့်ချက်ပါပဲ။ ယေရှုက ကျွန်တော်တို့ကို ခက်ခဲတဲ့တာဝန် ပေးထားပေမဲ့ ဒီစနစ် ဆုံးခန်းတစ်လျှောက် ကျွန်တော်တို့နဲ့အတူ ရှိနေပြီး ထောက်မပေးပါလိမ့်မယ်။ (မ. ၂၈:၁၉၊ ၂၀) တကယ့်ကို သတ္တိရှိစေတဲ့ အာမခံချက်ပါပဲ။ စိတ်သက်သာမှု၊ မျှော်လင့်ချက်၊ သတ္တိတို့ဟာ စိတ်ငြိမ်သက်စေတဲ့ အကြောင်းရင်းတချို့ပါပဲ။

၁၇။ (က) စိတ်ငြိမ်သက်မှု ဘယ်လို ဆက်ရှိနိုင်မလဲ။ (ခ) ယောဟန် ၁၆:၃၃ မှာ ကတိပေးထားတဲ့အတိုင်း ကျွန်တော်တို့ ဘာလုပ်နိုင်မလဲ။

၁၇ ပြင်းထန်တဲ့ စမ်းသပ်မှုတွေ ကြုံရချိန်မှာ ဘယ်လို စိတ်ငြိမ်သက်နိုင်မလဲ။ ယေရှုလို လုပ်ဆောင်ခြင်းအားဖြင့်ပါပဲ။ ပထမ၊ အမြဲ ဆုတောင်းပါ။ ဒုတိယ၊ ခက်ခဲချိန်မှာတောင် ယေဟောဝါကို နာခံပြီး ထက်သန်စွာ ဟောပြောပါ။ တတိယ၊ မိတ်ဆွေတွေရဲ့ အကူအညီကို အားထားပါ။ ဒါဆိုရင် ဘုရားသခင်ရဲ့ ငြိမ်သက်ခြင်းက သင့်စိတ်နှလုံးကို စောင့်ရှောက်ပေးပါလိမ့်မယ်။ ယေရှုလိုပဲ ဘယ်စမ်းသပ်မှုကိုမဆို အောင်မြင်နိုင်ပါလိမ့်မယ်။—ယောဟန် ၁၆:၃၃ ကိုဖတ်ပါ။

အောက်ပါအချက်တွေက စိတ်ငြိမ်သက်မှု ဆက်ရှိအောင် ဘယ်လို ကူညီပေးမလဲ

  • ဆုတောင်းခြင်း

  • ဟောပြောခြင်း

  • မိတ်ဆွေတွေ

သီချင်း ၄၁ ဆုတောင်းသံကို နားထောင်ပေးပါ

a စိတ်ငြိမ်သက်ဖို့ ခက်စေတဲ့ ပြဿနာတွေကို ကျွန်တော်တို့ အားလုံး ကြုံနေရတယ်။ စိတ်ငြိမ်သက်မှု ရှိဖို့ ယေရှု လုပ်ဆောင် ခဲ့တဲ့ အချက်သုံးချက်အကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးထားတယ်။ ကျွန်တော်တို့လည်း ပြင်းထန်တဲ့ အခက်အခဲတွေ ကြုံရချိန်မှာ စိတ်ငြိမ်သက်မှု ဆက်ရှိအောင် အဲဒီသုံးချက်ကို လုပ်ဆောင်နိုင်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ