ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jy အခန်း ၁၂၁ စာ. ၂၇၈-စာ. ၂၇၉ ပိုဒ်. ၁
  • “သတ္တိရှိကြပါ။ ဒီလောကကို ကျွန်တော် အောင်နိုင်ပြီ”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “သတ္တိရှိကြပါ။ ဒီလောကကို ကျွန်တော် အောင်နိုင်ပြီ”
  • ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကိုယ်တော်၏ခွဲခွာမှုအတွက် တမန်တော်များအားပြင်ဆင်ပေးခြင်း
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • လမ်းခရီး၊ အမှန်တရား၊ အသက်
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • အပေါ်ထပ်အခန်းမှာ ယေရှုရဲ့နိဂုံးချုပ်ဆုတောင်းချက်
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ယောဟန် ၁၆:၃၃—“ငါသည် လောကကို အောင်ပြီ”
    ကျမ်းပိုဒ် ရှင်းပြချက်များ
နောက်ထပ် ကြည့်ပါ
ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
jy အခန်း ၁၂၁ စာ. ၂၇၈-စာ. ၂၇၉ ပိုဒ်. ၁
ယေရှုရဲ့သတိပေးချက်ကြောင့် တမန်တော်တွေ ထိတ်လန့်သွား

အခန်း ၁၂၁

“သတ္တိရှိကြပါ။ ဒီလောကကို ကျွန်တော် အောင်နိုင်ပြီ”

ယောဟန် ၁၆:၁-၃၃

  • တမန်တော်တွေ ယေရှုကို မြင်ရတော့မှာ မဟုတ်

  • တမန်တော်တွေရဲ့ ဝမ်းနည်းမှုဟာ ရွှင်လန်းမှုအဖြစ် ပြောင်းလဲသွား

ယေရှုနဲ့ တမန်တော်တွေဟာ ပသခါညစာစားတဲ့ အခန်းကနေ ထွက်သွားတော့မယ်။ သူတို့ကို အားပေးစကားတွေ ပြောပြီးနောက် “ဒါတွေပြောနေတာဟာ ခင်ဗျားတို့ ကျွန်တော့်ကို မစွန့်ခွာသွားအောင်လို့ပါ” ဆိုပြီး သတိပေးတယ်။ ဘာကြောင့် သတိပေးဖို့ လိုတာလဲ။ “လူတွေက ခင်ဗျားတို့ကို တရားဇရပ်ကနေ မောင်းထုတ်လိမ့်မယ်။ ခင်ဗျားတို့ကို သတ်ဖြတ်တာဟာ ဘုရားအတွက် အမှုဆောင်နေတာလို့ ထင်မှတ်တဲ့အချိန် ရောက်လာလိမ့်မယ်” ဆိုပြီး ယေရှုပြောလို့ပဲ။—ယောဟန် ၁၆:၁၊ ၂။

ဒါကိုကြားတော့ တမန်တော်တွေ ထိတ်လန့်သွားမှာပဲ။ ဒီလောကက သူတို့ကို မုန်းလိမ့်မယ်လို့ ခုနကပြောခဲ့ပေမဲ့ အသတ်ခံရမယ့် အကြောင်းကိုတော့ ပွင့်ပွင့်လင်းလင်း မပြောပြသေးဘူး။ ဘာဖြစ်လို့လဲ။ “အစကတည်းက ဒါတွေမပြောပြခဲ့တာ ခင်ဗျားတို့နဲ့အတူ ကျွန်တော် ရှိနေသေးလို့ပဲ” ဆိုပြီး ယေရှုပြောတယ်။ (ယောဟန် ၁၆:၄) အခုတော့ သူမထွက်သွားခင်မှာ သူတို့ကို သတိပေးနေတာ။ အဲဒါက နောက်ပိုင်းမှာ သူ့ကို စွန့်ခွာမသွားအောင် ကူညီပေးပါလိမ့်မယ်။

ယေရှုက “အခုတော့ စေလွှတ်တဲ့အရှင်ဆီ ကျွန်တော် သွားတော့မယ်။ ဒါပေမဲ့ ‘ဘယ်ကို သွားမှာလဲ’ လို့ ခင်ဗျားတို့ တစ်ယောက်မှ မမေးကြဘူး” ဆိုပြီး ဆက်ပြောတယ်။ အဲဒီည အစောပိုင်းမှာ သူတို့က ယေရှုကို ဘယ်သွားမှာလဲဆိုပြီး မေးခဲ့ကြတယ်။ (ယောဟန် ၁၃:၃၆။ ၁၄:၅။ ၁၆:၅) အခုတော့ နှိပ်စက်ညှဉ်းပန်းမှုအကြောင်း ကြားတဲ့အခါ ကြောက်လန့်ပြီး ဝမ်းနည်းလွန်းလို့ ယေရှုရမယ့် ဘုန်းအသရေအကြောင်း၊ အဲဒါက နောက်လိုက်တွေအတွက် ဘာအဓိပ္ပာယ်ရှိတယ်ဆိုတဲ့အကြောင်း ထပ်မမေးနိုင်ကြတော့ဘူး။ ဒါနဲ့ ယေရှုက “ဒါတွေကို ကျွန်တော်ပြောပြတော့ ခင်ဗျားတို့ သိပ်ဝမ်းနည်းသွားတယ်” မဟုတ်လားလို့ ပြောတယ်။—ယောဟန် ၁၆:၆။

ဒီနောက် “ကျွန်တော်သွားတာ ခင်ဗျားတို့ အကျိုးအတွက်ပါ။ ကျွန်တော် မသွားရင် ကူညီသူက ခင်ဗျားတို့ဆီ ရောက်လာမှာ မဟုတ်ဘူး။ ကျွန်တော်သွားမှ သူ့ကို ခင်ဗျားတို့ဆီ လွှတ်လို့ရမှာ” လို့ ရှင်းပြတယ်။ (ယောဟန် ၁၆:၇) ယေရှုသေဆုံးပြီးနောက် ကောင်းကင်တက်သွားတဲ့အခါကျမှ တပည့်တွေဟာ သန့်ရှင်းသောစွမ်းအားတော်ကို ရရှိနိုင်ကြမယ်။ ကမ္ဘာပေါ်မှာရှိတဲ့ နောက်လိုက်တွေအတွက် ကူညီသူအဖြစ် စွမ်းအားတော်ကို ယေရှုစေလွှတ်ပေးနိုင်မယ်။

သန့်ရှင်းသောစွမ်းအားတော်က “ပြစ်မှားခြင်းအကြောင်း၊ ဖြောင့်မတ်ခြင်းအကြောင်း၊ တရားစီရင်ခြင်းအကြောင်း ဒီလောကကို ရှင်းရှင်းလင်းလင်း ဖော်ပြလိမ့်မယ်။” (ယောဟန် ၁၆:၈) မှန်ပါတယ်၊ ဘုရားသခင့်သားတော်ကို ဒီလောက မယုံကြည်ဘူးဆိုတာ ဖော်ထုတ်ခံရမယ်။ ယေရှု ကောင်းကင်တက်သွားခြင်းက သူ့ရဲ့ ဖြောင့်မတ်ခြင်းအကြောင်း၊ “ဒီလောကရဲ့မင်း” စာတန်ဟာ ဘာကြောင့် ပြစ်ဒဏ်စီရင်ခံထိုက်ကြောင်း အခိုင်အမာ သက်သေထူပါလိမ့်မယ်။—ယောဟန် ၁၆:၁၁။

ယေရှုက “ကျွန်တော့်မှာ ပြောစရာ အများကြီး ရှိတယ်။ ဒါပေမဲ့ ခင်ဗျားတို့ အခု မခံယူနိုင်သေးဘူး” လို့ဆက်ပြောတယ်။ ဒါပေမဲ့ သန့်ရှင်းသောစွမ်းအားတော် သွန်းလောင်းတဲ့အခါမှာတော့ စွမ်းအားတော်က “အမှန်တရားကို အပြည့်အဝ နားလည်အောင်” သူတို့ကို သွန်သင်လမ်းပြပါလိမ့်မယ်။ အဲဒီအမှန်တရားအတိုင်း သူတို့ နေထိုင်နိုင်ကြလိမ့်မယ်။—ယောဟန် ၁၆:၁၂၊ ၁၃။

ယေရှုက “မကြာခင် ခင်ဗျားတို့ ကျွန်တော့်ကို မြင်ရတော့မှာ မဟုတ်ဘူး။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ကျွန်တော့်ကို ပြန်မြင်ရမယ်” လို့ ပြောလိုက်တဲ့အခါ သူတို့ နားလည်ရ ခက်သွားမှာပဲ။ ဒါကြောင့် အဲဒါ ဘာအဓိပ္ပာယ်လဲဆိုပြီး အချင်းချင်း မေးကြတယ်။ သူတို့မေးချင်နေမှန်း ယေရှုသိတော့ “ကျွန်တော် မှန်တာကိုပြောမယ်၊ အမှန်အတိုင်း ပြောမယ်။ ခင်ဗျားတို့ ငိုကြွေးမြည်တမ်းရလိမ့်မယ်။ ဒီလောကကတော့ ဝမ်းမြောက်လိမ့်မယ်။ ခင်ဗျားတို့ နာကျင်ခံစားရပေမဲ့ အဲဒီနာကျင်မှုဟာ ရွှင်လန်းမှုအဖြစ် ပြောင်းလဲသွားလိမ့်မယ်” လို့ပြောတယ်။ (ယောဟန် ၁၆:၁၆၊ ၂၀) နောက်တစ်နေ့ မွန်းလွဲပိုင်းမှာ ယေရှုအသတ်ခံရတဲ့အခါ ဘာသာရေးခေါင်းဆောင်တွေ ၀မ်းမြောက်ကြတယ်။ တပည့်တွေကတော့ ၀မ်းနည်းကြတယ်။ ဒါပေမဲ့ ယေရှု ထမြောက်လာတဲ့အခါ သူတို့ရဲ့ ၀မ်းနည်းမှုက ရွှင်လန်းမှုအဖြစ် ပြောင်းလဲသွားတယ်။ သူတို့အပေါ် သန့်ရှင်းသောစွမ်းအားတော် သွန်းလောင်းတဲ့အခါလည်း ရွှင်လန်းကြတယ်။

တမန်တော်တွေရဲ့ အခြေအနေကို အမျိုးသမီးတစ်ယောက် မီးဖွားချိန်နဲ့ ခိုင်းနှိုင်းပြီး အခုလိုပြောတယ်– “အမျိုးသမီးတစ်ယောက်က မီးဖွားချိန်ရောက်တဲ့အခါ ဝေဒနာခံစားရတယ်။ မီးဖွားပြီးချိန်မှာတော့ ဒီလောကထဲ လူသားတစ်ယောက် ဖွားမြင်လာတဲ့အတွက် သူ ရွှင်လန်းအားရပြီး ခံစားခဲ့ရတဲ့ ဝေဒနာကို မေ့သွားတတ်တယ်။” ယေရှုက တမန်တော်တွေကို အားပေးတဲ့အနေနဲ့ “ခင်ဗျားတို့လည်း အခုချိန်မှာ နာကျင်ခံစားရပေမဲ့ ကျွန်တော်နဲ့ ပြန်တွေ့ရမှာဖြစ်လို့ ရွှင်လန်းရလိမ့်မယ်။ အဲဒီရွှင်လန်းမှု ပျောက်ဆုံးသွားအောင် ဘယ်သူမှ လုပ်နိုင်မှာ မဟုတ်ဘူး” လို့ပြောတယ်။—ယောဟန် ၁၆:၂၁၊ ၂၂။

အခုချိန်ထိ တမန်တော်တွေဟာ ယေရှုရဲ့ နာမည်ကို အမှီပြုပြီး ဆုမတောင်းဖူးသေးဘူး။ ယေရှုက “အဲဒီအချိန်ရောက်ရင် ခင်ဗျားတို့က ကျွန်တော့်နာမည်ကို အမှီပြုပြီး အဖဘုရားဆီ အသနားခံကြလိမ့်မယ်” လို့ပြောတယ်။ အဖဘုရားက သူတို့ရဲ့ ဆုတောင်းချက်တွေကို အဖြေမပေးချင်လို့ ယေရှုရဲ့ နာမည်ကို အမှီပြုပြီး တောင်းရတဲ့သဘောလား။ မဟုတ်ပါဘူး။ “ခင်ဗျားတို့က ကျွန်တော့်ကို ချစ်ခင်တွယ်တာတယ်။ ဘုရားသခင့်ကိုယ်စားလှယ်အဖြစ် ကျွန်တော် ရောက်လာတယ်ဆိုတာကို ယုံကြည်တယ်။ ဒါကြောင့် အဖဘုရားကလည်း ခင်ဗျားတို့ကို ချစ်ခင်တွယ်တာတယ်” လို့ဆက်ပြောတယ်။—ယောဟန် ၁၆:၂၆၊ ၂၇။

ယေရှုရဲ့ အားပေးစကားတွေကြောင့် တမန်တော်တွေ အားရှိလာပြီး “သခင်ဟာ ဘုရားသခင်ဆီက လာတဲ့သူပဲဆိုတာ ကျွန်တော်တို့ ယုံတယ်” လို့ အခိုင်အမာ ပြောကြတယ်။ မကြာခင်မှာပဲ အဲဒီ ယုံကြည်ခြင်း စမ်းသပ်ခံရတော့မယ်။ ရှေ့မှာ ဖြစ်ပျက်လာမယ့်အရာနဲ့ ပတ်သက်ပြီး ယေရှုက “ခင်ဗျားတို့ ကျွန်တော့်ကို တစ်ယောက်တည်း ပစ်ထားပြီး ကိုယ့်အိမ်ကိုယ် တကွဲတပြား ထွက်ပြေးမယ့်အချိန် ရောက်တော့မယ်။ တကယ်တော့ အဲဒီအချိန်ဟာ အခုပဲ ရောက်နေပြီ” လို့ပြောတယ်။ ဒါပေမဲ့ “ကျွန်တော့်ကြောင့် ခင်ဗျားတို့ ငြိမ်သက်ခြင်း ခံစားရအောင် ဒါတွေကို ပြောပြနေတာ။ ဒီလောကမှာ ခင်ဗျားတို့ ဆင်းရဲဒုက္ခခံရလိမ့်မယ်။ ဒါပေမဲ့ သတ္တိရှိကြပါ။ ဒီလောကကို ကျွန်တော် အောင်နိုင်ပြီ” လို့ အားပေးတယ်။ (ယောဟန် ၁၆:၃၀-၃၃) သူတို့ကို ယေရှု ပစ်မထားပါဘူး။ သူတိုရဲ့ သစ္စာသမာဓိကို ချိုးဖျက်ဖို့ စာတန်နဲ့ ဒီလောက ကြိုးစားမှာဖြစ်ပေမဲ့ ဘုရားအလိုတော်ကို သစ္စာရှိရှိ လုပ်ဆောင်ခြင်းအားဖြင့် သူတို့လည်း လောကကိုအောင်နိုင်မယ်ဆိုတာ ယေရှု ယုံကြည်စိတ်ချတယ်။

  • ယေရှုရဲ့ ဘယ်သတိပေးချက်ကြောင့် တမန်တော်တွေ ထိတ်လန့်သွားသလဲ။

  • တမန်တော်တွေ ယေရှုကို ဘာမှ ထပ်မမေးနိုင်ကြတော့တာ ဘာကြောင့်လဲ။

  • တမန်တော်တွေရဲ့ ၀မ်းနည်းမှုက ရွှင်လန်းမှုအဖြစ် ပြောင်းလဲသွားမယ် ဆိုတာကို ယေရှု ဘာနဲ့ ခိုင်းနှိုင်းပြသလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ