အခန်း ၁၁၆
ကိုယ်တော်၏ခွဲခွာမှုအတွက် တမန်တော်များအားပြင်ဆင်ပေးခြင်း
အောက်မေ့ဖွယ်ညစာစားပွဲပြီးဆုံးသော်လည်း ယေရှုနှင့်တမန်တော်များအထက်ခန်းမတွင်ရှိနေဆဲဖြစ်သည်။ မကြာမီယေရှုထွက်ခွာသွားရတော့မည်ဖြစ်သော်လည်း ကိုယ်တော်မှာကြားစရာများစွာရှိသေးသည်။ “သင်တို့စိတ်နှလုံးပူပန်ခြင်းမရှိစေနှင့်။ ဘုရားသခင်ကိုယုံကြည်ကြလော့။ ငါ့ကိုလည်းယုံကြည်ကြလော့” ဟုနှစ်သိမ့်ပေးသည်။
“ငါ့အဘ၏အိမ်တော်၌ နေစရာအခန်းအများရှိ၏။” သင်တို့နေစရာအရပ်ကိုပြင်ဆင်ခြင်းငှာငါသွားရ၏။ . . . ငါရှိရာအရပ်၌သင်တို့ရှိစေခြင်းငှာ သင်တို့ကိုငါ့ထံသို့သိမ်းဆည်းမည်။ ငါသည်အဘယ်အရပ်သို့သွားမည်ကိုလည်းကောင်း၊ လမ်းခရီးကိုလည်းကောင်း သင်တို့သိကြ၏” ဟုဆက်ပြောသည်။ ကောင်းကင်သို့သွားမည့်အကြောင်းယေရှုပြောသည်ကို တမန်တော်များနားမလည်ကြသဖြင့် သောမက “သခင်ကိုယ်တော်သည် အဘယ်အရပ်သို့သွားတော်မူသည်ကို အကျွန်ုပ်မသိသည်ဖြစ်၍လမ်းခရီးကိုအဘယ်သို့သိနိုင်ပါမည်နည်း” ဟုမေး၏။
ယေရှုက “ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏” ဟုဖြေကြားသည်။ ယေရှုကိုလက်ခံပြီး ကိုယ်တော့်လမ်းစဉ်ကိုတုပသူများသာလျှင် ခမည်းတော်၏ကောင်းကင်အိမ်တော်သို့ဝင်ရောက်နိုင်ကြမည်။ အကြောင်းမှာ ယေရှုမိန့်ဆိုသကဲ့သို့ပင် “ငါ့ကိုအမှီမပြုလျှင်အဘယ်သူမျှခမည်းတော်ထံသို့မရောက်ရ။”
ဖိလိပ္ပုက “သခင်၊ ခမည်းတော်ကိုကျွန်ုပ်တို့အားပြတော်မူပါ။ ထိုသို့ပြတော်မူလျှင်ကျွန်ုပ်တို့အလိုပြည့်စုံပါမည်” ဟုတောင်းဆို၏။ ဤတွင်ဖိလိပ္ပုသည် ရှေးအချိန်ကမောရှေ၊ ဧလိယနှင့်ဟေရှာယတို့ရခဲ့သောရူပါရုံများကဲ့သို့သောဘုရားသခင်၏မျက်မြင်ရထင်ရှားပြသမှုကို ယေရှုစီစဉ်ပေးရန်လိုလားကြောင်းထင်ရှားသည်။ သို့သော်အမှန်မှာ တမန်တော်များတွင် ထိုရူပါရုံများထက်များစွာသာလွန်သောအရာရှိပါသည်။ ယေရှုပြောဆိုခဲ့သကဲ့သို့ပင် “ဖိလိပ္ပု၊ ဤမျှကာလပတ်လုံး ငါသည်သင်တို့နှင့်အတူရှိပြီးမှ သင်သည်ငါ့ကိုမသိသေးသလော။ ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။”
ယေရှုသည် ခမည်းတော်၏ဥပဓိရုပ်တော်ကိုပြည့်ဝစွာရောင်ပြန်ဟပ်သူဖြစ်ရာ ကိုယ်တော်ကိုအာရုံစိုက်နေလျှင် ခမည်းတော်အားအမှန်မြင်ရသည်နှင့်မခြားပါ။ သို့သော် “ငါဟောပြောသောစကားကိုကိုယ်အလိုအလျောက်ငါဟောပြောသည်မဟုတ်” ဟုယေရှုဝန်ခံသကဲ့သို့ပင် ခမည်းတော်သည်သားတော်ထက်ကြီးမြတ်သည်။ ယေရှုသည် မိမိ၏သင်ကြားမှုမှန်သမျှအတွက် ခမည်းတော်ကိုသာလျော်ကန်စွာဂုဏ်တင်သည်။
ဤတွင်ယေရှုက “ငါ့ကိုယုံကြည်သောသူသည် ငါပြုသောအမှုတို့ကိုပြုလိမ့်မည်။ ထိုအမှုတို့ထက်သာ၍ကြီးသောအမှုတို့ကိုလည်းပြုလိမ့်မည်” ဟုဆိုသောအခါ တမန်တော်များအလွန်အားရှိကြမည်။ တပည့်တော်များသည် ယေရှုပြုခဲ့သောအံ့ဖွယ်ရာများထက်ကြီးကျယ်သောအံ့ဖွယ်ရာများကိုပြုကြလိမ့်မည်ဟု ဆိုလိုနေခြင်းမဟုတ်ပါ။ ဓမ္မအမှုကို သူတို့ပိုကျယ်ပြန့်စွာ ပိုများပြားသောလူတို့အလယ်တွင် သာ၍ကြာမြင့်စွာဆောင်ရွက်ကြမည်ဟုဆိုလိုနေခြင်းဖြစ်သည်။
ယေရှုထွက်ခွာပြီးနောက် တပည့်တော်များကို ကိုယ်တော်စွန့်ပစ်ထားမည်မဟုတ်ပါ။ “သင်တို့သည် ငါ့နာမကိုအမှီပြုလျက်ဆုတောင်းသမျှအတိုင်းငါပြုမည်” ဟုကတိပေးပြီး “ငါသည်ခမည်းတော်ကိုတောင်း၍ ခမည်းတော်သည်သမ္မာတရားကိုပြသောဝိညာဉ်တည်းဟူသော တစ်ပါးသောဆရာကို သင်တို့နှင့်အတူအစဉ်မပြတ်တည်နေစေခြင်းငှာ သင်တို့အားပေးတော်မူမည်” ဟုဆိုသည်။ နောက်ပိုင်းတွင် ကောင်းကင်သို့ယေရှုတက်ကြွပြီးနောက် အထောက်အကူတည်းဟူသော သန့်ရှင်းသောဝိညာဉ်တော်ကို တပည့်များအပေါ်ယေရှုသွန်းလောင်းပေးသည်။
“ခဏကြာပြီးမှလောကီသားတို့သည်ငါ့ကိုမမြင်ရကြ” ဟုမိန့်ဆိုသဖြင့် ယေရှုထွက်ခွာရမည့်အချိန်နီးလေပြီ။ ယေရှုသည် မည်သည့်လူသားမျှမမြင်နိုင်သောနာမ်ဝိညာဉ်သတ္တဝါဖြစ်လိမ့်မည်။ သို့သော် “သင်တို့မူကားမြင်ရကြလိမ့်မည်။ ငါသည်အသက်ရှင်သောကြောင့် သင်တို့သည်လည်းအသက်ရှင်ရကြလိမ့်မည်” ဟုသစ္စာရှိတမန်တော်များအား ယေရှုထပ်မံကတိပေးသည်။ ထမြောက်တော်မူပြီးနောက် တပည့်များအားကိုယ်ယောင်ထင်ရှားပြမည့်အပြင် အချိန်တန်သောအခါ ကိုယ်တော်နှင့်အတူကောင်းကင်တွင်အသက်ရှင်ရန် သူတို့အားနာမ်ဝိညာဉ်သတ္တဝါများအဖြစ် ထမြောက်စေမည်ဖြစ်သည်။
ယေရှုက “ငါ့ပညတ်တို့ကိုစောင့်ရှောက်သောသူသည် ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ်သောသူကိုငါ့ခမည်းတော်သည်ချစ်တော်မူမည်။ ငါသည်လည်း ထိုသူကိုချစ်၍သူ့အားကိုယ်တိုင်ထင်ရှားမည်” ဟုမိန့်ဆို၏။
ထိုအခါသဒ္ဒဲဟုလည်းခေါ်သောတမန်တော်ယုဒသည်ကြားဖြတ်၍ “ကိုယ်တော်သည်လောကီသားတို့အားမထင်ရှားဘဲ အကျွန်ုပ်တို့အားအဘယ်သို့ထင်ရှားတော်မူမည်နည်း” ဟုမေး၏။
ယေရှုက “ငါ့ကိုချစ်သောသူသည်ငါ့စကားကိုနားထောင်လိမ့်မည်။ ငါ့ခမည်းတော်သည်ထိုသူကိုချစ်တော်မူသည်။ . . . ငါ့ကိုမချစ်သောသူသည်ငါ့စကားကိုနားမထောင်” ဟုပြန်ပြောသည်။ နာခံမှုရှိသောကိုယ်တော့်တပည့်တော်များနှင့်မတူဘဲ လောကသည်ယေရှု၏သင်ကြားမှုများကိုဥပေက္ခာပြုကြသည်။ ထိုကြောင့်ယေရှုသည် သူတို့ထံထင်ရှားပြတော်မူမည်မဟုတ်ပါ။
မြေကြီးပေါ်ဓမ္မအမှုထမ်းဆောင်စဉ် တပည့်များအား များစွာသင်ကြားပေးသည်။ အထူးသဖြင့် ယခုအချိန်အထိပင် ယေရှု၏သင်ကြားချက်တို့ကိုသဘောမပေါက်သေးလျှင် သွန်သင်ချက်အားလုံးကို သူတို့မည်သို့မှတ်မိနိုင်မည်နည်း။ ဝမ်းသာစရာကား “ခမည်းတော်သည်ငါ့အတွက်ကြောင့်စေလွတ်တော်မူသောဆရာတည်းဟူသော သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့အားခပ်သိမ်းသောအရာတို့ကိုပြသသွန်သင်တော်မူ၍ ငါပြောခဲ့သမျှသောစကားတို့ကိုမှတ်မိသောဉာဏ်ကို သင်တို့အားပေးတော်မူမည်” ဟူသောကတိတော်ပင်ဖြစ်သည်။
တစ်ဖန်သူတို့အားနှစ်သိမ့်၍ ယေရှုက “ငြိမ်သက်ခြင်းကိုသင်တို့၌ငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကိုသင်တို့အားငါပေး၏။ . . . သင်တို့စိတ်နှလုံးပူပန်ခြင်းမရှိစေနှင့်” ဟုဆိုသည်။ ကိုယ်တော်ထွက်ခွာတော့မည်မှန်သော်လည်း “သင်တို့သည်ငါ့ကိုချစ်လျှင် ခမည်းတော်ထံသို့ငါသွားမည်ကိုဝမ်းမြောက်ကြလိမ့်မည်။ အကြောင်းမူကား၊ ငါ့ခမည်းတော်သည် ငါ့ထက်သာ၍ကြီးမြတ်တော်မူ၏”ဟုရှင်းပြသည်။
တပည့်များနှင့်ယေရှုအတူရှိနေမည့်အချိန် အနည်းငယ်သာကျန်ကြွင်း၍ “ငါသည်သင်တို့နှင့်များစွာမပြောရ” ဟုဆိုသည်။ အကြောင်းမှာ “ဤလောကကိုအစိုးရသောမင်းသည်လာဆဲဖြစ်၏။ လာသော်လည်း ငါ၌အဘယ်အခွင့်အရာကိုမျှမတွေ့ရ” ဟုယေရှုဆိုသည်။ ယုဒ၏အထဲသို့ဝင်ပြီး သူ့အားအခွင့်ကောင်းယူခဲ့သောစာတန်မာရ်နတ်သည် ဤလောကကိုအစိုးရသောမင်းဖြစ်သည်။ ယေရှုတွင်မူကား ဘုရားဝတ်ပြုရေးမှကိုယ်တော်အားသွေဖည်စေရန် စာတန်အခွင့်ကောင်းယူနိုင်သည့်အားနည်းချက်မရှိပါ။
အကျွမ်းတဝင်ဆက်ဆံရေးခံစားရခြင်း
အောက်မေ့ရာညစာစားသုံးပြီးနောက် ယေရှုသည်တမန်တော်များကို ရင်ဖွင့်ပြောဆိုအားပေးနေရာ ညဉ့်နက်သန်းခေါင်ဖြစ်နိုင်သည့်အချိန်တွင် ယေရှုက “ဤအရပ်မှထ၍သွားကြကုန်အံ့” ဟုမိန့်ဆိုသည်။ သို့သော်ထိုနေရာမှမထွက်ခွာမီ သူတို့အပေါ်မေတ္တာစေ့ဆော်မှုကြောင့် လှုံ့ဆော်မှုပေးသောဥပမာတစ်ခုကိုဆက်လက်ပြောဆိုသည်။
“ငါသည်မှန်သောစပျစ်နွယ်ပင်ဖြစ်၏။ ငါ့ခမည်းတော်သည်လည်း ဥယျာဉ်စောင့်ဖြစ်တော်မူ၏” ဟုအစချီတော်မူသည်။ ကြီးမြတ်သောပြုစုပျိုးထောင်ရှင်ယေဟောဝါသည် စီအီး ၂၉ ခုနှစ်ကုန်ခါနီး၊ ယေရှုနှစ်ခြင်းယူချိန်တွင် သန့်ရှင်းသောဝိညာဉ်တော်ဖြင့်ယေရှုအားဘိသိက်ပေးပြီး ပုံဆောင်စပျစ်နွယ်ပင်ကိုစိုက်ပျိုးခဲ့သည်။ သို့သော်စပျစ်နွယ်ပင်သည် မိမိကိုသာပုံဆောင်ခြင်းမဟုတ်ကြောင်းဤသို့ဆိုသည်။ “ငါ၌အသီးမသီးသောအခက်ရှိသမျှတို့ကို ခုတ်ပစ်တော်မူ၏။ အသီးသီးသောအခက်ရှိသမျှတို့ကို သာ၍သီးစေခြင်းငှာသုတ်သင်ရှင်းလင်းတော်မူ၏။ . . . စပျစ်ခက်သည်အပင်၌မတည်လျှင် ကိုယ်အလိုအလျောက်အသီးမသီးနိုင်သကဲ့သို့ သင်တို့သည်ငါ၌မတည်လျှင်အသီးမသီးနိုင်ကြ။ ငါသည်စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည်အခက်များဖြစ်ကြ၏။”
၅၁ ရက်အကြာ ပင်တေကုတ္တေပွဲနေ့တွင် တမန်တော်များနှင့်အခြားသူများသည် သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းခံရသောအခါ စပျစ်နွယ်ပင်၏အခက်များဖြစ်လာသည်။ အဆုံးတွင် ၁၄၄ ၀၀၀ သောပုဂ္ဂိုလ်များသည် ပုံဆောင်စပျစ်နွယ်ပင်အခက်များဖြစ်လာကြသည်။ ဤသူတို့သည် စပျစ်နွယ်၏ပင်စည်၊ ယေရှုခရစ်နှင့်အတူ ပုံဆောင်စပျစ်နွယ်ပင်အဖြစ်ပေါင်းစည်းတည်ရှိပြီး ဘုရားသခင်၏နိုင်ငံတော်အသီးများသီးပွင့်သည်။
အသီးသီးနိုင်ရန်အဓိကလိုအပ်ချက်ကို ယေရှုတင်ပြသည်။ “အကြင်သူသည် ငါ၌တည်၍ငါသည်လည်းသူ၌တည်၏။ ထိုသူသည် များစွာသောအသီးကိုသီးတတ်၏။ ငါနှင့်ကွာလျှင် သင်တို့သည်အဘယ်အမှုကိုမျှမတတ်နိုင်ကြ။” သို့သော်အသီးမသီးလျှင် “သူသည်သွေ့ခြောက်သောအခက်ကဲ့သို့ပြင်သို့ပစ်လိုက်ခြင်းခံရ၏။ ထိုသို့သောအခက်များကို လူတို့စုသိမ်း၍မီးထဲသို့ချလိုက်ကြသဖြင့် မီးလောင်ခြင်းသို့ရောက်ကြ၏” ဟုယေရှုဆိုသည်။ သို့ရာတွင် “သင်တို့သည်ငါ၌တည်၍ ငါ့စကားသည်သင်တို့၌တည်လျှင် သင်တို့သည်တောင်းချင်သမျှကိုတောင်း၍ရကြလိမ့်မည်” ဟုယေရှုကတိပေးသည်။
ထို့ပြင် “သင်တို့သည်များစွာသောအသီးကိုသီးသောအားဖြင့် ငါ့ခမည်းတော်သည်ဘုန်းထင်ရှားတော်မူ၍ သင်တို့သည်လည်းငါ၏တပည့်မှန်ကြလိမ့်မည်” ဟုယေရှုမိန့်ဆို၏။ စပျစ်နွယ်ပင်အခက်များထံမှ ယေဟောဝါအလိုရှိသောအသီးမှာ ခရစ်တော်ကဲ့သို့သောအရည်အသွေးများ၊ အထူးသဖြင့်မေတ္တာတင်ပြခြင်းဖြစ်သည်။ ယေရှုသည် နိုင်ငံတော်သတင်းကြွေးကြော်သူဖြစ်သောကြောင့် ထိုအသီးတွင်ကိုယ်တော်နည်းတူ တပည့်ဖြစ်စေခြင်းလုပ်ငန်း၌ပါဝင်ခြင်းလည်းအကြုံးဝင်သည်။
“ငါ၏ချစ်ခြင်းမေတ္တာ၌တည်နေကြလော့” ဟုယေရှုအားပေးခဲ့ရာ တမန်တော်များမည်သို့တည်နိုင်ကြမည်နည်း။ “ငါ့ပညတ်တို့ကိုစောင့်ရှောက်လျှင် ငါ့မေတ္တာ၌တည်နေကြလိမ့်မည်” ဟုမိန့်ဆိုသည်။ ဆက်လက်၍ “ငါ့ပညတ်ဟူမူကား ငါသည်သင်တို့ကိုချစ်သည်နည်းတူသင်တို့သည် အချင်းချင်းချစ်ကြလော့။ ကိုယ်အဆွေတို့အဖို့အလိုငှာ ကိုယ်အသက်ကိုစွန့်ခြင်းမေတ္တာထက်သာ၍မြတ်သောမေတ္တာသည်အဘယ်သူ၌မျှမရှိ” ဟုရှင်းပြတော်မူသည်။
အချိန်အနည်းငယ်အကြာတွင် တမန်တော်များနှင့်အခြားယုံကြည်သူများအတွက်အသက်ပေးခြင်းဖြင့် ဤထူးကဲသောမေတ္တာကိုယေရှုပြတော်မူမည်။ ယေရှု၏ပုံသက်သေက တပည့်များအား တစ်ဦးပေါ်တစ်ဦးကိုယ်ကျိုးစွန့်မေတ္တာပြရန်လှုံ့ဆော်ပေးသည်။ “သင်တို့သည်အချင်းချင်းချစ်ကြလျှင် လူအပေါင်းတို့သည်ထိုမေတ္တာကိုထောက်၍ သင်တို့သည်ငါ၏တပည့်ဖြစ်သည်ကိုသိရကြလိမ့်မည်” ဟုယေရှုပြောသကဲ့သို့ မေတ္တာသည်သူတို့မည်သူဖြစ်ကြောင်းတင်ပြမည်။
သူ့မိတ်ဆွေများမည်သူမည်ဝါဖြစ်ကြောင်း ယေရှုဤသို့မိန့်ဆိုသည်။ “သင်တို့သည်ငါပညတ်သမျှတို့ကိုကျင့်ဆောင်လျှင် ငါ့အဆွေဖြစ်ကြ၏။ ယခုမှစ၍ငါသည်သင်တို့ကိုကျွန်ဟုမခေါ်။ ကျွန်မူကား ကိုယ်သခင်ပြုသောအမှုကိုမသိ။ သင်တို့ကိုအဆွေဟူ၍ငါခေါ်၏။ အကြောင်းမူကား၊ ငါသည်ခမည်းတော်ထံ၌ကြားသမျှသောအရာကိုသင်တို့အားငါပြသ၏။”
ယေရှုနှင့်အကျွမ်းဝင်သောအဆွေများဖြစ်ရခြင်းသည် တန်ဖိုးရှိလှသည်။ ဤဆက်ဆံမှု၌တည်နေရန် တပည့်များသည် “အသီးသီး” နေရမည်။ ထိုသို့သီးလျှင် “ငါ့နာမကိုအမှီပြု၍ခမည်းတော်မှာ တောင်းသမျှတို့ကိုရမည်” ဟုယေရှုမိန့်ဆိုသည်။ နိုင်ငံတော်အသီးသီးခြင်း၏ ထူးမြတ်သောဆုပါတကား။ “အချင်းချင်းချစ်” ရန်အားပေးပြီးနောက် သူတို့အားဤလောကကမုန်းမည်ဟုဆိုပြီးဤသို့နှစ်သိမ့်သည်။ “လောကီသားတို့သည်သင်တို့ကိုမုန်းလျှင် သင်တို့ကိုမမုန်းမီငါ့ကိုမုန်းကြသည်ကိုသိမှတ်ကြလော့။” ထိုနောက်လောကသည် တပည့်များအားအဘယ်ကြောင့်မုန်းကြောင်းဤသို့ပြောသည်။ “သင်တို့သည်လောကီနှင့်မဆက်ဆံ၊ လောကီထဲကငါရွေးကောက်သောကြောင့် လောကီသားတို့သည် သင်တို့ကိုမုန်းကြ၏။”
လောက၏မုန်းတီးခြင်းခံရသည့်အခြားအကြောင်းကို ယေရှုဆက်ရှင်းပြသည်။ “ထိုသူတို့သည်ငါ့ကိုစေလွှတ်တော်မူသောသူ [ယေဟောဝါဘုရားသခင်] ကိုမသိသည်ဖြစ်၍ ငါ၏နာမကြောင့်သင်တို့အားထိုအမှုရှိသမျှတို့ကိုပြုကြလိမ့်မည်။” ယေရှု၏အံ့ဖွယ်လုပ်ရပ်များက ကိုယ်တော်ကိုမုန်းတီးသူတို့အပြစ်ကိုဖော်ထုတ်ကြောင်း “ငါသည်အခြားသူမပြုဘူးသောအမှုကို ထိုသူတို့ရှေ့မှာမပြုလျှင် သူတို့၌အပြစ်မရှိ။ ယခုမူကား၊ သူတို့ထိုအမှုကိုမြင်၍ ငါနှင့်ငါ့ခမည်းတော်ကိုမုန်းကြ၏” ဟုဆိုသည်။ ထိုကြောင့်ယေရှုပြောသည့်အတိုင်း “အကြောင်းမရှိဘဲငါ့ကိုမုန်းကြ၏” ဟူသောကျမ်းစကားပြည့်စုံလေသည်။
ဘုရားသခင်၏လှုပ်ရှားသောစွမ်းအားတည်းဟူသော သန့်ရှင်းသောဝိညာဉ်တော်အထောက်အကူကိုစေလွှတ်ပေးမည်ဟုပြောဖူးသကဲ့သို့ တစ်ဖန်ကတိပေး၍နှစ်သိမ့်လေသည်။ သူသည်ငါ၏အကြောင်းကိုသက်သေခံလိမ့်မည်။ သင်တို့သည်လည်းသက်သေခံကြလိမ့်မည်။
ခွဲခွာခါနီးထပ်ဆင့်သြဝါဒ
ယေရှုနှင့်တမန်တော်များသည် အထက်ခန်းမမှထွက်ခွာရန်ပြုနေစဉ် “သင်တို့သည်စိတ်မပျက်စေခြင်းငှာ ဤစကားကိုငါပြော၏” ဟုဆက်မိန့်ဆိုသည်။ ထိုနောက် “လောကီသားတို့သည် သင်တို့ကိုတရားဇရပ်မှနှင်ထုတ်ကြလိမ့်မည်။ သင်တို့ကိုသတ်သောသူမည်သည်ကား၊ ဘုရားဝတ်ကိုငါပြုပြီးဟုမိမိထင်မှတ်သောအချိန်ကာလရောက်လိမ့်မည်” ဟု အရေးတကြီးသတိပေးသည်။
ဤသတိပေးချက်ကြောင့်တမန်တော်များအလွန်စိတ်အနှောင့်အယှက်ဖြစ်နေ၏။ လောကီသားတို့သည် သူတို့ကိုမုန်းတီးကြမည်ဟုအစ၌ပြောခဲ့သော်လည်း အသတ်ခံရကြမည်ကိုမပြောခဲ့ချေ။ “အစအဦး၌သင်တို့နှင့်အတူငါရှိသောကြောင့် ဤသို့မပြောဘူးသေး” ဟုယေရှုရှင်းပြသည်။ မထွက်ခွာမီ တပည့်များတွေ့ကြုံရမည့်အခက်အခဲများအတွက် ဤသို့ကြိုတင်ပြင်ဆင်ပေးခြင်းသည် မည်မျှကောင်းလှပါသည်တကား။
“ငါ့ကိုစေလွှတ်တော်မူသောသူထံသို့ ယခုငါသွားရမည်ဖြစ်၍ အဘယ်အရပ်သို့သွားမည်နည်းဟုသင်တို့မမေးကြ။” ညနေချိန်၌ ကိုယ်တော်ဘယ်သွားမည်ကိုမေးမြန်းခဲ့ကြသော်လည်း ယခုကိုယ်တော်မိန့်တော်မူသည့်စကားများကြောင့်တုန်လှုပ်ကာ ထပ်မံမမေးမြန်းမိကြခြင်းဖြစ်သည်။ ယေရှုဆိုသည့်အတိုင်း “ဤအကြောင်းအရာတို့ကိုငါဟောပြောသောကြောင့် သင်တို့သည်အလွန်ဝမ်းနည်းခြင်းသို့ရောက်ကြ၏။” ထိတ်လန့်ဖွယ်ညှဉ်းပန်းခြင်း၊ အသေသတ်ခြင်းခံရမည်ကို တမန်တော်များကြားသိရရုံမက သူတို့သခင်နှင့်ခွဲခွာရတော့မည်ကိုသိရ၍ ဝမ်းနည်းနေကြသည်။
ထိုကြောင့်ယေရှုက “ငါသွားလျှင်သင်တို့အကျိုးရှိလိမ့်မည်။ အကြောင်းမူကား၊ ငါမသွားလျှင်ဆရာသည်သင်တို့ဆီသို့မလာ။ ငါသွားလျှင်ထိုသူကို သင်တို့ဆီသို့ငါစေလွှတ်မည်” ဟုရှင်းပြသည်။ လူသားအနေနှင့် ယေရှုသည် တစ်ချိန်တွင်တစ်နေရာ၌သာရှိနိုင်သည်။ ကောင်းကင်သို့ရောက်လျှင်မူကားယေရှုသည် တပည့်များရှိရာအရပ်သို့ သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသောအထောက်အကူကိုစေလွှတ်ပေးနိုင်သည်။ ထိုကြောင့်ယေရှုထွက်ခွာသွားခြင်းသည် အကျိုးရှိပါသည်။
သန့်ရှင်းသောဝိညာဉ်တော်သည် “ဒုစရိုက်အပြစ်ကိုလည်းကောင်း၊ အပြစ်ကင်းခြင်းကိုလည်းကောင်း၊ အပြစ်စီရင်ခြင်းကိုလည်းကောင်း၊ လောကီသားတို့အားထင်ရှားစွာဖော်ပြမည်” ဟုယေရှုမိန့်ဆိုသည်။ ဘုရားသခင်၏သားတော်ကို ယုံကြည်ရန်ပျက်ကွက်ခြင်းတည်းဟူသော လောက၏အပြစ် ထုတ်ဖော်ခံရမည်။ ထို့ပြင် ခမည်းတော်ထံယေရှုတက်ကြွခြင်းဖြင့် ကိုယ်တော်သည်အပြစ်ကင်းစင်ကြောင်းသက်သေထင်ရှားမည်။ စာတန်နှင့်ဆိုးယုတ်သောလောကသည် ယေရှု၏သမာဓိကိုမချိုးဖျက်နိုင်ခြင်းက ဤလောကကိုအစိုးရသောမင်းသည် ကြီးလေးစွာတရားစီရင်ခံရကြောင်း သက်သေအခိုင်အလုံတင်ပြသည်။
“သင်တို့အားငါပြောစရာစကားအများရှိသော်လည်း သင်တို့သည်ယခုမခံနိုင်ကြ” ဟုယေရှုမိန့်ဆိုသည်။ ထိုကြောင့်သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော လှုပ်ရှားသောစွမ်းအားကိုသွန်းလောင်းပေးသောအခါ သူတို့၏စွမ်းရည်နှင့်အညီ ဤအရာများကိုနားလည်နိုင်ရန် ယင်းသည်လမ်းညွှန်ပေးမည်ဟုယေရှုကတိပြုသည်။
ယေရှုသေဆုံးပြီးရှင်ပြန်ထမြောက်သည့်အခါ သူတို့ထံပြန်ပေါ်လာမည်ကို တပည့်များအထူးသဖြင့်နားမလည်ပါ။ ထိုကြောင့်တစ်ဦးကိုတစ်ဦးဤသို့မေးမြန်းကြသည်။ “ခဏကြာပြီးမှသင်တို့သည်ငါ့ကိုမမြင်ရကြ။ တစ်ဖန်ခဏကြာပြီးမှ ငါ့ကိုမြင်ရကြလိမ့်မည်ဟူ၍လည်းကောင်း၊ အကြောင်းမူကားငါသည်ခမည်းတော်ထံသို့သွားမည်ဟူ၍လည်းကောင်း မိန့်တော်မူသောစကားသည်အဘယ်သို့နည်း။”
တပည့်များမေးခွန်းမေးချင်ကြကြောင်း ယေရှုသိသည်။ ထိုကြောင့် “ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့သည်ငိုကြွေးမြည်တမ်းခြင်းရှိကြလိမ့်မည်။ လောကီသားတို့သည် ဝမ်းမြောက်ခြင်းရှိကြလိမ့်မည်။ သင်တို့မူကားဝမ်းနည်းခြင်းရှိသော်လည်း ထိုဝမ်းနည်းခြင်းသည် တစ်ဖန်ဝမ်းမြောက်ခြင်းဖြစ်လိမ့်မည်” ဟုရှင်းပြသည်။ ယေရှုအသတ်ခံရချိန်၌ ဘာသာရေးခေါင်းဆောင်တို့ဝမ်းမြောက်ကြသော်လည်း တပည့်များမူဝမ်းနည်းကြသည်။ သို့သော် ယေရှုထမြောက်သောအခါသူတို့ဝမ်းနည်းရာမှ ဝမ်းမြောက်ကြရသည်။ ထို့ပြင်ပင်တေကုတ္တေပွဲနေ့၌ သူတို့အပေါ်သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းပေးခြင်းဖြင့် ကိုယ်တော်၏သက်သေဖြစ်ရန် တန်ခိုးပေးသောအချိန်၌ သာ၍ဝမ်းမြောက်ကြသည်။
တမန်တော်များ၏အခြေအနေကို အမျိုးသမီးတစ်ဦး သားဖွားဝေဒနာခံရစဉ်အဖြစ်နှင့်နှိုင်းယှဉ်ကာ ယေရှုက “မိန်းမသည်သားဖွားစဉ်အခါ ဖွားရသောအချိန်စေ့သောကြောင့်ဝမ်းနည်းခြင်းရှိ၏” ဟုမိန့်ဆို၏။ သို့သော်သားဖွားပြီးသောအခါ သားဖွားစဉ်ခံရသောဒုက္ခဝေဒနာကို အမျိုးသမီးသည် လုံးဝသတိမရတော့ကြောင်း ယေရှုမှတ်ချက်ချကာ တမန်တော်များအား ဤသို့အားပေးသည်။ “ထိုနည်းတူ၊ ယခုတွင်သင်တို့သည်ဝမ်းနည်းခြင်းရှိကြသော်လည်း နောက်တစ်ဖန်သင်တို့ကို ငါတွေ့မြင်သဖြင့် (ရှင်ပြန်ထမြောက်သောအခါ) သင်တို့သည် စိတ်နှလုံးဝမ်းမြောက်ခြင်းရှိကြလိမ့်မည်။ ထိုဝမ်းမြောက်ခြင်းကို အဘယ်သူမျှလုယူဖျက်ဆီးခြင်းငှာမတတ်နိုင်။”
ဤအချိန်အထိ တမန်တော်များသည် ယေရှုနာမဖြင့်တစ်ခါမျှဆုမတောင်းကြချေ။ သို့သော်ယခုကိုယ်တော်က “သင်တို့သည်ငါ၏နာမကိုအမှီပြု၍ ခမည်းတော်မှာ ဆုတောင်းသမျှတို့ကို ခမည်းတော်သည်ပေးတော်မူမည်။ . . . သင်တို့သည်ငါ့ကိုချစ်ကြ၍ ငါသည်ဘုရားသခင်အထံတော်မှကြွလာသည်ကိုယုံကြည်သောကြောင့် ခမည်းတော်သည် ကိုယ်တော်တိုင်သင်တို့ကိုချစ်တော်မူ၏။ ငါသည်ခမည်းတော်ထံမှထွက်၍ ဤလောကသို့ကြွလာပြီး၊ တစ်ဖန်ဤလောကမှထွက်၍ ခမည်းတော်ထံသို့သွားဦးမည်” ဟုမိန့်ဆို၏။
ယေရှု၏စကားများသည် တမန်တော်များကိုအမှန်အားရှိစေသည်။ “ဤအကြောင်းကိုထောက်၍ ကိုယ်တော်သည်ဘုရားသခင်အထံတော်မှကြွလာတော်မူသည်ကိုယုံပါသည်” ဟုဆိုကြ၏။ ယေရှုက “ယခုတွင်ယုံကြပြီလော” ဟုမေး၏။ “သင်တို့သည်ကွဲပြား၍ ငါ့ကိုတစ်ကိုယ်တည်းနေစေခြင်းငှာ စွန့်ပစ်လျက်၊ အသီးသီးမိမိတို့နေရာသို့ပြေးသွားမည့်အချိန်ကာလသည် လာ၍ယခုပင်ရောက်ပေ၏။” မယုံကြည်နိုင်စရာဟုထင်ရသော်လည်း ထိုညမကုန်မီ ဤအတိုင်းဖြစ်ပျက်သည်။
“သင်တို့သည် ငါ့ကိုအမှီပြု၍ငြိမ်သက်ခြင်းရှိစေခြင်းငှာ ဤစကားကိုငါဟောပြောပြီ။” “သင်တို့သည်လောက၌ ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်။ သို့သော်လည်းမစိုးရိမ်ကြနှင့်။ ငါသည်လောကကိုအောင်ပြီ” ဟုယေရှုနိဂုံးချုပ်သည်။ ယေရှု၏သမာဓိကိုချိုးဖျက်ရန် စာတန်နှင့်ဤလောကအစွမ်းကုန်ကြိုးစားခဲ့သော်လည်း ဘုရားသခင်အလိုတော်ကိုသစ္စာရှိရှိပြီးမြောက်စေခြင်းဖြင့် ယေရှုသည်ဤလောကကိုအောင်သည်။
အထက်ခန်းမ၌ နိဂုံးချုပ်ဆုတောင်းချက်
တမန်တော်များကို အလွန်ချစ်သဖြင့် ခွဲခွာရမည့်အချိန်အတွက် သူတို့ကိုယေရှုပြင်ဆင်ပေးတော်မူသည်။ သူတို့အားအတန်ကြာဆုံးမသြဝါဒပေး၍ နှစ်သိမ့်ပြီးနောက် ကောင်းကင်သို့ကြည့်မျှော်ကာ ခမည်းတော်အားဤသို့ဆုပတ္ထနာပြုလေသည်။ “သားတော်လက်သို့အပ်ပေးတော်မူသမျှသောသူတို့အား ထာဝရအသက်ကိုပေးစေခြင်းငှာ လူမျိုးအပေါင်းတို့ကို အစိုးရသောအခွင့်တန်ခိုးကို သားတော်အားပေးတော်မူသည်နှင့်အညီ သားတော်သည်ကိုယ်တော်၏ဘုန်းကို ထင်ရှားပါမည်အကြောင်း သားတော်၏ဘုန်းကိုထင်ရှားစေတော်မူပါ။”
ထာဝရအသက်တည်းဟူသော စိတ်လှုပ်ရှားတက်ကြွဖွယ်အကြောင်းကို ယေရှုပြောဆိုနေသည်။ “လူမျိုးအပေါင်းတို့ကိုအစိုးရသောအခွင့်တန်ခိုး” ပေးအပ်ခံရသောကြောင့် မိမိ၏ရွေးနှုတ်ဖိုးပူဇော်သက္ကာ၏အကျိုးကို သေမျိုးဖြစ်သောလူသားတို့အားခံစားစေနိုင်သည်။ သို့သော် ခမည်းတော်နှစ်သက်သူများအားသာ “ထာဝရအသက်” ပေးသနားမည်ဖြစ်သည်။ ထာဝရအသက်ဟူသောအဓိကအကြောင်းကိုမူတည်၍ ယေရှုဆက်ဆုတောင်းသည်ကား၊
“ထာဝရအသက်ဟူမူကား၊ မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသောယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း။” မှန်ပေသည်။ ကယ်တင်ခြင်းသည်ခမည်းတော်၊ သားတော်တို့နှင့်ပတ်သက်သော အသိပညာကိုဆည်းပူးခြင်းပေါ်မူတည်သည်။ သို့သော်သိရုံထက်များစွာလိုအပ်ပါသည်။
သူတို့အားရင်းနှီးကျွမ်းဝင်ရမည်။ နားလည်မှုရှိမိတ်ဆွေအဖြစ်မျိုးကိုပြုစုပျိုးထောင်ရမည်။ သူတို့ယူဆသကဲ့သို့၊ မြင်သကဲ့သို့မြင်တတ်၊ ယူဆတတ်ရမည်။ ထိုထက်မက အခြားသူတို့နှင့်ဆက်ဆံရာတွင် သူတို့၏ပြိုင်ဘက်ကင်းသောအရည်အသွေးများကိုကြိုးစားတုပရမည်။
ဆက်၍ “အကျွန်ုပ်သည်မြေကြီးပေါ်မှာ ကိုယ်တော်၏ဘုန်းကိုထင်ရှားစေပါပြီ။ အကျွန်ုပ်ဆောင်ရွက်စရာဖို့ အကျွန်ုပ်၌အပ်ပေးတော်မူသောအမှုကို အကျွန်ုပ်ဆောင်ရွက်၍ပြီးပါပြီ” ဟုယေရှုဆုတောင်းသည်။ ဤအချိန်အထိမိမိတာဝန်ကိုကျေပွန်စွာထမ်းဆောင်ခဲ့ပြီး အနာဂတ်၌လည်းအောင်မြင်ရမည်ကို ယုံကြည်စိတ်ချလျက်ဤသို့အသနားခံသည်။ “အိုအဘ၊ ဤကမ္ဘာမတည်မရှိမီအထံတော်၌ အကျွန်ုပ်ခံစားရသောဘုန်းအသရေနှင့် ယခုတွင်လည်းအကျွန်ုပ်ကိုအထံတော်၌ချီးမြှောက်တော်မူပါ။” ဤတွင် ယခင်ကကိုယ်တော်၏ကောင်းကင်ဆိုင်ရာဘုန်းအသရေကို ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ပြန်လည်ရရှိရန်တောင်းဆိုခြင်းဖြစ်သည်။
မြေကြီးပေါ်မိမိ၏အဓိကအလုပ်ကို ယေရှုအကျဉ်းချုံး၍ဤသို့ဖော်ပြသည်။ “ဤလောကထဲမှယူ၍ အကျွန်ုပ်၌အပ်ပေးတော်မူသောသူတို့အား အကျွန်ုပ်သည် ကိုယ်တော်၏နာမကိုပြပါပြီ။ ထိုသူတို့ကို ကိုယ်တော်သည်ပိုင်တော်မူသဖြင့် အကျွန်ုပ်၌အပ်ပေးတော်မူ၏။ ကိုယ်တော်၏နှုတ်ကပါဌ်တော်ကို သူတို့သည်စောင့်ကြပါ၏။” ယေရှုသည် ယေဟောဝါဟူသောဘုရားသခင့်နာမတော်ကို ဓမ္မအမှုတွင်အသုံးပြုခဲ့ပြီး ၄င်းကိုမှန်ကန်စွာအသံထွက်သည်။ သို့သော်တမန်တော်များရှေ့ ဘုရားသခင့်နာမထင်ရှားရန် ထိုထက်ပြုလုပ်သည်။ ယေဟောဝါ၏ဥပဓိရုပ်တော်နှင့်ရည်ရွယ်တော်မူချက်များကို သူတို့အကျယ်တဝင့်သိမြင်လေးမြတ်လာရန်ယေရှုပြုလုပ်သည်။
လက်အောက်ခံလုပ်ဆောင်သူတစ်ဦးအနေနှင့် မိမိထက်ကြီးမြတ်တော်မူသောယေဟောဝါကိုဂုဏ်တင်ကာ ယေရှုဤသို့နှိမ့်ချစွာဝန်ခံသည်။ “အကျွန်ုပ်အားပေးတော်မူသမျှတို့သည် ကိုယ်တော်မှဖြစ်ကြောင်းကိုသူတို့သည်ယခုသိကြပါ၏။ အကြောင်းမူကား၊ အကျွန်ုပ်အားပေးတော်မူသမျှသောအရာတို့ကို သူတို့အားအကျွန်ုပ်ပေး၍ သူတို့သည်ခံယူသဖြင့် အကျွန်ုပ်သည်အထံတော်မှကြွလာသည်ကို အတပ်သိကြသည်နှင့် ကိုယ်တော်သည်အကျွန်ုပ်ကိုစေလွှတ်တော်မူသည်ကိုယုံကြည်ကြပါ၏။”
လောကသားများနှင့်တပည့်များအားခွဲခြားကာ ယေရှုဤသို့ဆုတောင်းသည်။ “သူတို့အဖို့အလိုငှာ အကျွန်ုပ်ဆုတောင်းပါ၏။ လောကီသားတို့အဖို့အလိုငှာ ဆုတောင်းသည်မဟုတ်ပါ။ အကျွန်ုပ်အားပေးတော်မူသော သူတို့သည် ကိုယ်တော်၏လူဖြစ်သောကြောင့် ထိုသူတို့အဖို့အလိုငှာ ဆုတောင်းပါ၏။ . . . အကျွန်ုပ်သည် ဤလောက၌ ဤသူတို့နှင့်တကွရှိစဉ်ကာလ . . . အကျွန်ုပ်အားပေးတော်မူသောသူတို့ကို အကျွန်ုပ်စောင့်မပါပြီ။ ထိုသူတို့တွင်ပျက်စီးခြင်း၏သားတစ်ယောက်မှတစ်ပါး အဘယ်သူမျှပျက်စီးခြင်းသို့မရောက်ပါ။” ပျက်စီးခြင်း၏သားမှာ ယုဒရှကာရုတ်ဖြစ်သည်။ ထိုအချိန်တွင်ပင် ယုဒသည်ယေရှုကိုယုတ်ညံ့စွာအပ်နှံတော့မည်ဖြစ်သည်။ သို့ဖြင့်ယုဒသည် အမှတ်မထင်ဘဲကျမ်းစာကိုပြည့်စုံစေသည်။
ယေရှုဆက်လက်၍ဆုတောင်းသည်မှာ “လောကီသားတို့သည် ဤသူတို့ကိုမုန်းကြပါ၏။ ဤသူတို့ကို ဤလောကမှနှုတ်ယူတော်မူမည်အကြောင်း အကျွန်ုပ်တောင်းသည်မဟုတ်ပါ။ မကောင်းသောအမှုအရာနှင့်ကင်းလွတ်စေခြင်းငှာ စောင့်မတော်မူမည်အကြောင်းကိုသာတောင်းပါ၏။ အကျွန်ုပ်သည်လောကနှင့်မဆက်ဆံသကဲ့သို့ ဤသူတို့သည်မဆက်ဆံကြပါ။” ယေရှုတပည့်များသည် စာတန်လောကတွင်ရှိနေသော်လည်း သူတို့သည်ဤလောကနှင့် ၄င်း၏မကောင်းမှုတို့နှင့်သီးခြားနေရမည်ဖြစ်သည်။
ယေရှုဆက်လက်ဆုတောင်းသည်မှာ “ကိုယ်တော်၏သမ္မာတရားအားဖြင့် သူတို့ကိုသန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏နှုတ်ကပါဌ်တော်သည်သမ္မာတရားဖြစ်ပါ၏။” ဤတွင် ယေရှုတောက်လျှောက်ကိုးကားခဲ့သောဟေဗြဲကျမ်းစောင်များကို “သမ္မာတရား” ဟုခေါ်ဆိုနေခြင်းဖြစ်သည်။ ထို့အတူနောင်တွင်ဝိညာဉ်တော်မှုတ်သွင်းခြင်းဖြင့် တပည့်တော်များရေးသားခဲ့သောကိုယ်တော်၏သွန်သင်ချက်များပါ ခရစ်ယာန်ဂရိကျမ်းစောင်များသည်လည်း “သမ္မာတရား” ဖြစ်ပါသည်။ ဤသမ္မာတရားသည် လူတစ်ဦးကိုသန့်ရှင်းစေပြီး ဘဝလမ်းစဉ်ကိုလုံးဝပြောင်းလဲစေကာ လောကနှင့်သီးခြားဖြစ်စေနိုင်သည်။
“ထိုသူတို့အဖို့ကိုသာ [ယေရှု]ဆုတောင်းသည်မဟုတ်ပါ။ သူတို့ဟောပြောခြင်းအားဖြင့် [ကိုယ်တော်]ကိုယုံကြည်သောသူတို့အဖို့ကိုလည်း” ယေရှုဆုတောင်းပေးသည်။ ထိုကြောင့် ဘိသိက်ခံတပည့်များနှင့် “သိုးအုပ်တစ်အုပ်” အတွင်းသို့စုသိမ်းခြင်းခံရမည့် အနာဂတ်တပည့်များအတွက်ပါဆုတောင်းပေးနေခြင်းဖြစ်သည်။ ဤသူများအတွက် မည်သည့်အရာကိုယေရှုတောင်းဆိုတော်မူသနည်း။
“ထိုသူအပေါင်းတို့သည် တစ်လုံးတစ်ဝတည်းဖြစ်လျက် အဘ၊ ကိုယ်တော်သည်အကျွန်ုပ်၌ရှိတော်မူ၍ အကျွန်ုပ်သည်လည်းကိုယ်တော်၌ရှိသကဲ့သို့ ထိုသူအပေါင်းတို့သည်ငါတို့၌တစ်လုံးတစ်ဝတည်းရှိစေခြင်းငှာဆုတောင်းပါ၏။ ငါတို့သည်တစ်လုံးတစ်ဝတည်းဖြစ်သကဲ့သို့ . . . သူတို့သည်တစ်လုံးတစ်ဝတည်းဖြစ်စေတော်မူပါ” ဟုဆုတောင်းသည်။ ယေရှုနှင့်ခမည်းတော်သည် ပကတိအတိုင်းပုဂ္ဂိုလ်တစ်ပါးတည်းဖြစ်သည်ဟုမဆိုလိုဘဲ၊ သူတို့သည်အရာရာ၌ သဘောတူညီခြင်းကိုဆိုလိုပါသည်။ ထပ်တူတစ်လုံးတစ်ဝတည်းဖြစ်ခြင်းဖြင့် “ကိုယ်တော်သည်အကျွန်ုပ်ကိုစေလွှတ်တော်မူကြောင်းနှင့် အကျွန်ုပ်ကိုချစ်တော်မူသကဲ့သို့ သူတို့ကိုလည်းချစ်တော်မူကြောင်းကို လောကီသားတို့သိ” နိုင်ရန်ယေရှုဆုတောင်းသည်။
မိမိ၏ဘိသိက်ခံတပည့်ဖြစ်လာကြမည့်သူများအတွက် ခမည်းတော်ထံယခုတောင်းဆိုသည်ကား “အိုအဘ၊ ကိုယ်တော်သည်ကမ္ဘာမတည်မရှိမီ အကျွန်ုပ်ကိုချစ်၍အကျွန်ုပ်အားပေးတော်မူသောဘုန်းတော်ကို အကျွန်ုပ်အားပေးတော်မူသောသူတို့သည် ရှုမြင်ရမည်အကြောင်း အကျွန်ုပ်ရှိရာအရပ်၌ကျွန်ုပ်နှင့်အတူရှိနေစေခြင်းငှာ အကျွန်ုပ်အလိုရှိပါ၏” ဟူ၍ဖြစ်သည်။ ကမ္ဘာမတည်ရှိမီအချိန်သည် အာဒံနှင့်ဧဝ မျိုးနွယ်မရခင်အချိန်ဖြစ်သည်။ ထိုအချိန်မတိုင်မီကတည်းက ဘုရားသခင်သည် ယေရှုခရစ်ဖြစ်လာမည့် ကိုယ်တော်၏တစ်ပါးတည်းသောသားတော်ကိုချစ်တော်မူ၏။
ဆုတောင်းချက်ကိုနိဂုံးချုပ်စဉ် ယေရှုသည်တစ်ဖန်အလေးအနက်ပြု၍ပြောဆိုသည်မှာ “ကိုယ်တော်သည်အကျွန်ုပ်ကိုချစ်တော်မူသောမေတ္တာသည် သူတို့၌ရှိစေခြင်းငှာလည်းကောင်း၊ ကျွန်ုပ်သည်သူတို့၌ရှိစေခြင်းငှာလည်းကောင်း၊ ကိုယ်တော်၏နာမကို အကျွန်ုပ်သည်သူတို့အားပြညွှန်ပါပြီ။” တမန်တော်များအဖို့ ဘုရားသခင်၏နာမတော်ကိုသိခြင်းတွင် ကိုယ်တော်၏ချစ်ခြင်းမေတ္တာကို တစ်ဦးချင်းသိမြင်လာခြင်းအကျုံးဝင်သည်။ ယောဟန် ၁၄:၁–၁၇:၂၆၊ ၁၃:၂၇၊ ၃၅၊ ၃၆၊ ၁၀:၁၆။ လုကာ ၂၂:၃၊ ၄။ ထွက်မြောက်ရာ ၂၄:၁၀။ ၃ ဓမ္မရာဇဝင် ၁၉:၉-၁၃။ ဟေရှာယ ၆:၁-၅။ ဂလာတိ ၆:၁၆။ ဆာလံ ၃၅:၁၉၊ ၆၉:၄။ သု ၈:၂၂၊ ၃၀။
▪ ယေရှုအဘယ်အရပ်သို့သွားမည်နည်း။ လမ်းခရီးနှင့်ပတ်သက်၍အဘယ်အဖြေကို သောမရရှိသနည်း။
▪ သူ၏တောင်းဆိုချက်တွင် ဖိလိပ္ပုသည်ယေရှုထံမှအဘယ်အရာအလိုရှိကြောင်း ထင်ရှားသနည်း။
▪ ယေရှုကိုမြင်ခြင်းသည် ခမည်းတော်ကိုမြင်ခြင်းဟု အဘယ်ကြောင့်ဆိုရသနည်း။
▪ ယေရှု၏တပည့်များသည် ကိုယ်တော်ပြုလုပ်ခဲ့သည်ထက် ပိုမိုကြီးမြတ်သောအလုပ်ကို မည်သို့ပြုလုပ်ကြမည်နည်း။
▪ မည်သည့်အဓိပ္ပာယ်ဖြင့်စာတန်သည် ယေရှုအားအခွင့်ကောင်းမယူနိုင်သနည်း။
▪ ပုံဆောင်စပျစ်နွယ်ကို မည်သည့်အချိန်တွင် ယေဟောဝါစိုက်ပျိုးတော်မူခဲ့သနည်း။ မည်သည့်အချိန်မည်သည်နည်းဖြင့်အခြားသူများ စပျစ်နွယ်ပင်၏အစိတ်အပိုင်းများဖြစ်လာသနည်း။
▪ အဆုံး၌ ပုံဆောင်ရာစပျစ်နွယ်ပင်တွင် အကိုင်းအခက်မည်မျှရှိမည်နည်း။
▪ အကိုင်းအခက်များမှ မည်သို့သောအသီးကို ဘုရားသခင်အလိုရှိသနည်း။
▪ အဘယ်နည်းဖြင့်ကျွန်ုပ်တို့သည် ယေရှု၏အဆွေများဖြစ်နိုင်ကြသနည်း။
▪ လောကသည် ယေရှု၏နောက်လိုက်များကို အဘယ်ကြောင့်မုန်းတီးသနည်း။
▪ ယေရှု၏အဘယ်သတိပေးချက်သည် တပည့်များကို စိတ်အနှောင့်အယှက်ဖြစ်စေသနည်း။
▪ ယေရှုအဘယ်အရပ်သို့သွားမည်ဟူသောမေးခွန်းကို တမန်တော်များအဘယ်ကြောင့်မမေးမိကြသနည်း။
▪ အထူးသဖြင့်အဘယ်အရာကို တမန်တော်များနားလည်ရခက်နေကြသနည်း။
▪ တမန်တော်များ၏အခြေအနေသည် ဝမ်းနည်းခြင်းမှဝမ်းသာခြင်းသို့ပြောင်းလဲသွားမည်ဖြစ်ကြောင်း ယေရှုမည်သို့ခိုင်းနှိုင်းပြောဆိုသနည်း။
▪ တမန်တော်များမကြာမီဘာလုပ်မည်ဟု ယေရှုပြောသနည်း။
▪ ယေရှုသည်လောကကို မည်သို့အောင်သနည်း။
▪ “လူမျိုးအပေါင်းတို့ကိုအစိုးရသောအခွင့်တန်ခိုး” ယေရှုပေးအပ်ခံရမည်ဟူသည် ဘာကိုဆိုလိုသနည်း။
▪ ခမည်းတော်၊ သားတော်တို့နှင့်ပတ်သက်သောအသိပညာဆည်းပူးခြင်းသည် ဘာကိုဆိုလိုသနည်း။
▪ မည်သည်နည်းလမ်းများဖြင့်ယေရှုသည် ဘုရားသခင့်နာမကိုထင်ရှားစေသနည်း။
▪ “သမ္မာတရား” ကားအဘယ်နည်း။ ယင်းသည်ခရစ်ယာန်တစ်ဦးကိုမည်သို့ “သန့်ရှင်း” စေသနည်း။
▪ မည်သည့်နည်းအားဖြင့်ဘုရားသခင်၊ သားတော်နှင့်စစ်မှန်သောဝတ်ပြုကိုးကွယ်သူများသည်တစ်လုံးတစ်ဝတည်းဖြစ်ကြသနည်း။
▪ “ကမ္ဘာတည်ချိန်” ကားအဘယ်အချိန်နည်း။