ယေရှုနာမကို အမှီပြု၍ အဘယ်ကြောင့် ဆုတောင်းကြသနည်း
ယေရှုသည် ဆုတောင်းခြင်းနှင့်ပတ်သက်၍ သွန်သင်ပေးလေ့ ရှိသည်။ ကိုယ်တော့်ခေတ်က ဂျူးဘာသာရေး ခေါင်းဆောင်များသည် “လမ်းဆုံ လမ်းဝတို့၌ ရပ်လျက် ဆုတောင်း” ခဲ့ကြသည်။ အဘယ်ကြောင့်နည်း။ “လူများတို့ရှေ့မှာ ထင်ရှားစေခြင်းငှာ” ဖြစ်သည်။ ဂျူးဘာသာတရားအပေါ် သူတို့၏ ကြည်ညိုကိုင်းရှိုင်းမှုအတွက် ချီးမွမ်းခံလိုကြကြောင်း ထင်ရှားသည်။ များစွာသောသူတို့သည် ဆုတောင်းချက် နားညောင်းခံရရန် “များစွာသော စကားဖြင့်” မြွက်ဆိုရန် လိုအပ်သည်ဟု ယူမှတ်ကာ အချိန်ကြာမြင့်စွာ ဆုတောင်းချက်များကို အထပ်ထပ် ရွတ်ဆိုကြသည်။ (မဿဲ ၆:၅-၈) ထိုသို့သော ဓလေ့ထုံးစံသည် အချည်းနှီးဖြစ်ကြောင်း ယေရှု ဖော်ထုတ်ခဲ့ခြင်းဖြင့် စိတ်နှလုံးရိုးဖြောင့်သူများ ဆုတောင်းသည့်အခါ အဘယ်အရာ ရှောင်ရမည်ကို သိစေရန် ကူညီခဲ့သည်။ သို့သော် ကိုယ်တော်သည် မည်သို့ ဆုမတောင်းသင့်ပုံကိုသာ သွန်သင်ပေးခဲ့ခြင်း မဟုတ်ပါ။
ဘုရားသခင့်နာမတော် ရိုသေလေးမြတ်ခြင်း ရှိစေရန်၊ ကိုယ်တော့်နိုင်ငံတော် တည်ထောင်လာစေရန်၊ ကိုယ်တော်၏အလိုတော် ပြည့်စုံလာစေရန် ကျွန်ုပ်တို့ တွေ့မြင်လိုသည်ကို ဆုတောင်းချက်များတွင် ဖော်ပြသင့်ကြောင်း ယေရှု သွန်သင်ပေးခဲ့သည်။ ကိုယ်ရေးကိုယ်တာကိစ္စများတွင် ဘုရားသခင် အကူအညီပေးရန် တောင်းလျှောက်ခြင်းသည် သင့်လျော်ကြောင်းလည်း ယေရှု သွန်သင်ပေးခဲ့သည်။ (မဿဲ ၆:၉-၁၃။ လုကာ ၁၁:၂-၄) ကျွန်ုပ်တို့၏ ဆုတောင်းချက်များ နားညောင်းခံရရန် ကျွန်ုပ်တို့တွင် မဆုတ်မနစ်ဇွဲ၊ ယုံကြည်ခြင်းနှင့် နှိမ့်ချခြင်း ရှိဖို့လိုကြောင်း ပုံဥပမာများကို အသုံးပြုကာ ယေရှု တင်ပြခဲ့သည်။ (လုကာ ၁၁:၅-၁၃။ ၁၈:၁-၁၄) မိမိ၏ပုံသက်သေအားဖြင့် မိမိ၏သွန်သင်ချက်ကို ထပ်အားဖြည့်ခဲ့သည်။—မဿဲ ၁၄:၂၃။ မာကု ၁:၃၅။
ယင်းညွှန်ကြားချက်က ယေရှုတပည့်များ၏ ဆုတောင်းချက်များ တိုးတက်စေရန် အထောက်အကူ ဖြစ်ခဲ့သည်မှာ သေချာသည်။ သို့တိုင် ယေရှုသည် မိမိ၏ မြေကြီးအသက်တာ နောက်ဆုံးည ရောက်မှသာ ဆုတောင်းခြင်းနှင့်ပတ်သက်သော အရေးအကြီးဆုံး သင်ခန်းစာကို ပေးခဲ့သည်။
“ဆုတောင်းခြင်းဆိုင်ရာ သမိုင်းအလှည့်အပြောင်း”
ယေရှုသည် မိမိ၏ မြေကြီးအသက်တာ နောက်ဆုံးည အချိန်အများစုကို တည်ကြည်သူ တမန်တော်များကို အားပေးရာတွင် သုံးခဲ့သည်။ ယင်းညသည် အသစ်သောအချက်အလက်ကို ဖော်ပြရန် သင့်လျော်သောအချိန် ဖြစ်ခဲ့သည်။ ‘ငါသည် လမ်းခရီး ဖြစ်၏။ အမှန်တရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ’ ဟု ယေရှု မိန့်တော်မူခဲ့၏။ ယင်းနောက် အားတက်ဖွယ် ဤကတိကို ပေးခဲ့သည်– “သင်တို့သည် ငါ၏နာမကို အမှီပြုလျက် ဆုတောင်းသမျှအတိုင်း ငါပြုမည်။ အကြောင်းမူကား၊ ခမည်းတော်သည် သားတော်အားဖြင့် ဘုန်းထင်ရှားတော်မူခြင်းရှိမည် အကြောင်းတည်း။ သင်တို့သည် ငါ၏နာမကို အမှီပြု၍ တစ်စုံတစ်ခုသောဆုကို တောင်းလျှင် တောင်းသည်အတိုင်း ငါပြုမည်။” ကိုယ်တော့်မိန့်မြွက်ချက် နိဂုံးပိုင်းတွင် ဤသို့ဆိုခဲ့၏– “ယခုတိုင်အောင် ငါ၏နာမကို အမှီပြု၍ သင်တို့သည် အဘယ်ဆုကိုမျှ မတောင်းကြသေး။ သင်တို့သည် ဝမ်းမြောက်စရာအကြောင်း စုံလင်စေခြင်းငှာ တောင်းကြလော့။ ထိုသို့တောင်းလျှင် ရကြလိမ့်မည်။”—ယောဟန် ၁၄:၆၊ ၁၃၊ ၁၄။ ၁၆:၂၄။
ယင်းမိန့်တော်မူချက်သည် အလွန်အရေးပါသည်။ စာအုပ်တစ်အုပ်က ယင်းကို “ဆုတောင်းခြင်းဆိုင်ရာ သမိုင်းအလှည့်အပြောင်း” အဖြစ် ဖော်ပြသည်။ ဘုရားသခင်ထံ မဟုတ်ဘဲ မိမိထံ ဆုတောင်းသင့်သည်ဟု ယေရှုဆိုလိုနေခြင်း မဟုတ်ပါ။ ယင်းအစား ယေဟောဝါဘုရားသခင်ထံ ချဉ်းကပ်သည့် နည်းလမ်းအသစ်ကို ဖော်ပြခဲ့ခြင်း ဖြစ်သည်။
ဘုရားသခင်သည် တည်ကြည်သော ကျေးကျွန်များ၏ ဆုတောင်းချက်များကို အစဉ်နားညောင်းတော်မူသည်။ (၁ ဓမ္မရာဇဝင် ၁:၉-၁၉။ ဆာလံ ၆၅:၂) သို့သော် ဣသရေလလူမျိုးသည် ဘုရားသခင်နှင့် ပဋိညာဉ်ဖွဲ့ထားသောလူမျိုး ဖြစ်လာသည့်အချိန်မှစ၍ မိမိတို့၏ ဆုတောင်းချက်ကို နားညောင်းခံလိုပါက ဣသရေလလူမျိုးသည် ဘုရားသခင်ရွေးချယ်ထားသောလူမျိုး ဖြစ်ကြောင်း အသိအမှတ်ပြုခဲ့ကြရသည်။ နောက်ပိုင်း ရှောလမုန်လက်ထက်မှစ၍ ဝတ်ပြုရာအိမ်တော်သည် ဘုရားသခင် ရွေးချယ်ထားသော ယဇ်ပူဇော်ရန်နေရာအဖြစ် အသိအမှတ်ပြုခဲ့ကြရသည်။ (တရားဟောရာ ၉:၂၉။ ၂ ရာဇဝင်ချုပ် ၆:၃၂၊ ၃၃) သို့သော် ယင်းသို့ဝတ်ပြုသည့် အစီအစဉ်သည် ယာယီအတွက်သာ ဖြစ်သည်။ တမန်တော်ပေါလု ရေးသားခဲ့သည့်အတိုင်း ဣသရေလလူမျိုးအား ပေးခဲ့သော ပညတ်တရားနှင့် ဝတ်ပြုရာအိမ်တော်တွင် ပူဇော်သော ပူဇော်ရာယဇ်များသည် “နောက်ဖြစ်လတ္တံ့သော မင်္ဂလာအကျိုးတို့၏ သေချာသောပုံသဏ္ဌာန်ကို မပြ၊ အရိပ်ကိုသာ ပြသည်။” (ဟေဗြဲ ၁၀:၁၊ ၂) အရိပ်နေရာတွင် ကိုယ်ဖြင့် အစားထိုးရမည် ဖြစ်သည်။ (ကောလောသဲ ၂:၁၇) အေဒီ ၃၃ မှစ၍ လူတစ်ဦးတစ်ယောက်နှင့် ယေဟောဝါ၏ ဆက်ဆံရေးသည် မောရှေပညတ် နာခံခြင်းအပေါ် မူမတည်တော့ပါ။ ယင်းအစား ပညတ်တရားကညွှန်ပြခဲ့သော အရှင်ဖြစ်သော ခရစ်တော်ယေရှုကို နာခံခြင်းအပေါ် အခြေခံသည်။—ယောဟန် ၁၅:၁၄-၁၆။ ဂလာတိ ၃:၂၄၊ ၂၅။
‘ဘွဲ့နာမတကာတို့အထက်ရှိ’ ဘွဲ့နာမ
ယေဟောဝါထံ ချဉ်းကပ်ရန်အတွက် သာလွန်မြင့်မြတ်သော အခြေခံအကြောင်းရင်းတစ်ခုကို ယေရှု အစပြုပေးခဲ့သည်၊ ကိုယ်တော်က ကျွန်ုပ်တို့၏ ဆုတောင်းချက်များကို ဘုရားသခင် နားထောင်ပြီး ဖြေကြားပေးရန် လမ်းဖွင့်ပေးမည့်သူ၊ တန်ခိုးအာဏာကြီးသော မိတ်ဆွေတစ်ဦးအဖြစ် မိမိကိုယ်ကို ဖော်ပြခဲ့သည်။ ကျွန်ုပ်တို့အတွက် ယေရှု ယင်းသို့လုပ်ဆောင်စေရန် အဘယ်အရာက ဖြစ်စေသနည်း။
ကျွန်ုပ်တို့အားလုံးသည် အပြစ်သားများအဖြစ် မွေးဖွားလာခြင်းကြောင့် ကျွန်ုပ်တို့၏ လုပ်ဆောင်မှုများ သို့မဟုတ် ကျွန်ုပ်တို့ပူဇော်သည့် ပူဇော်ရာယဇ်များဖြင့် အပြစ်ကို မပြေပျောက်သွားစေနိုင်ပါ သို့မဟုတ် သန့်ရှင်းတော်မူသော ဘုရားသခင် ယေဟောဝါနှင့် ရင်းနှီးသောဆက်ဆံရေး ရထိုက်သူ မဖြစ်စေနိုင်ပါ။ (ရောမ ၃:၂၀၊ ၂၄။ ဟေဗြဲ ၁:၃၊ ၄) သို့သော် ယေရှုသည် မိမိ၏စုံလင်သော လူသားအသက်ကို ပူဇော်ခဲ့ပြီး ရွေးနုတ်ခံထိုက်သော လူသားတို့၏အပြစ်အတွက် ပေးချေခဲ့သည်။ (ရောမ ၅:၁၂၊ ၁၈၊ ၁၉) ယခု မိမိတို့၏အပြစ်မှ ဖြေလွှတ်ခံလိုသူ မည်သူမဆိုသည် ယေဟောဝါရှေ့မှောက် သန့်ရှင်းသောအနေအထားနှင့် ဘုရားသခင်အား “လွတ်လပ်စွာ ပြောဆိုခွင့်” ရရှိကြပြီ ဖြစ်သည်—သို့သော် ယေရှု၏ ပူဇော်ရာယဇ်ကို ယုံကြည်ကြောင်း တင်ပြပြီး ကိုယ်တော်၏နာမကို အမှီပြု၍ ဆုတောင်းမှသာလျှင် ရရှိမည် ဖြစ်သည်။—ဧဖက် ၃:၁၁၊ ၁၂၊ ကဘ။
ကျွန်ုပ်တို့သည် ယေရှု၏နာမကို အမှီပြု၍ ဆုတောင်းသည့်အခါ ဘုရားသခင့်ရည်ရွယ်ချက် အကောင်အထည် ဖော်ရာတွင် ယေရှု၏အခန်းကဏ္ဍထဲမှ အနည်းဆုံးသုံးခုကို ယုံကြည်ကြောင်း တင်ပြရာရောက်သည်– (၁) ကိုယ်တော်သည် အပြစ်ဖြေလွှတ်ခံရရန် အခြေခံဖြစ်သော ပူဇော်ရာယဇ်ဖြစ်သည့် “ဘုရားသခင်၏ သိုးသငယ်” ဖြစ်သည်။ (၂) ကိုယ်တော့်ကို ယေဟောဝါ ရှင်ပြန်ထမြောက်စေခဲ့ပြီး ရွေးနုတ်ဖိုး၏အကျိုးကျေးဇူးများကို စီမံခန့်ခွဲရာတွင် “ယဇ်ပုရောဟိတ်မင်း” အဖြစ် ယခု အမှုဆောင်နေသည်။ (၃) ကိုယ်တော်တစ်ပါးတည်းသာလျှင် ယေဟောဝါထံ ဆုတောင်းချဉ်းကပ်ရန် “လမ်းခရီး” ဖြစ်သည်။—ယောဟန် ၁:၂၉။ ၁၄:၆။ ဟေဗြဲ ၄:၁၄၊ ၁၅။
ယေရှုနာမကို အမှီပြု၍ ဆုတောင်းခြင်းသည် ယေရှုကို ဂုဏ်တင်ရာရောက်သည်။ ထိုသို့သော ဂုဏ်တင်မှုသည် သင့်လျော်ပါသည်၊ အကြောင်းမှာ ယေဟောဝါ၏ အလိုတော်မှာ ‘ခပ်သိမ်းသော သတ္တဝါတို့သည် ယေရှု၏ဘွဲ့နာမတော်ကို ဒူးထောက်၍ ယေရှုခရစ်သည် သခင်ဖြစ်တော်မူ၏ဟု နှုတ်နှင့်ဝန်ခံသဖြင့် ခမည်းတော်ဘုရားသခင်၏ ဘုန်းအသရေတော်ကို ထင်ရှားစေကြမည် အကြောင်းတည်း။’ (ဖိလိပ္ပိ ၂:၁၀၊ ၁၁) သို့သော် ပို၍အရေးကြီးသည်မှာ ယေရှုနာမကို အမှီပြု၍ ဆုတောင်းခြင်းသည် ကျွန်ုပ်တို့အကျိုးအတွက် မိမိ၏သားတော်ကို စွန့်ခဲ့သော ယေဟောဝါကို ဂုဏ်တင်ရာရောက်သည်။—ယောဟန် ၃:၁၆။
ရွတ်နေကျအသုံးအနှုန်းအနေနှင့် မဟုတ်ဘဲ ကျွန်ုပ်တို့၏ “စိတ်နှလုံးအကြွင်းမဲ့” ဖြင့် ဆုတောင်းသင့်သည်
ယေရှု၏ ကြီးမြတ်သော အနေအထားကို ကျွန်ုပ်တို့ နားလည်သဘောပေါက်ရန် သမ္မာကျမ်းစာက ကိုယ်တော့်ကို ဘွဲ့အမည်နာမအမျိုးမျိုးဖြင့် ဖော်ပြထားသည်။ ယင်းက ကျွန်ုပ်တို့အတွက် ယေရှု ပြုလုပ်ခဲ့သော၊ ပြုလုပ်နေဆဲဖြစ်သော၊ ပြုလုပ်ဦးမည့်အရာများကို အခြေပြု၍ ကျွန်ုပ်တို့ခံစားရသည့် ကောင်းချီးများစွာကို နားလည်သဘောပေါက်ရန် အထောက်အကူ ပြုသည်။ (“ယေရှု၏ အရေးပါသော အခန်းကဏ္ဍ” လေးထောင့်ကွက်ကို ရှု။) အမှန်ပင်၊ ယေရှုသည် “ဘွဲ့နာမတကာတို့ထက် ကြီးမြတ်သော ဘွဲ့နာမ” ပေးအပ်ခံခဲ့ရသည်။a ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း စီရင်ပိုင်သော အခွင့်တန်ခိုးရှိသမျှတို့ကို ပေးအပ်ခံခဲ့ရသည်။—ဖိလိပ္ပိ ၂:၉။ မဿဲ ၂၈:၁၈။
အလေ့အကျင့်တစ်ခုထက်မက ပိုလိုအပ်
မှန်ပါသည်၊ ကျွန်ုပ်တို့၏ ဆုတောင်းချက်များကို ယေဟောဝါ နားညောင်းစေလိုပါက ယေရှုနာမကို အမှီပြု၍ ဆုတောင်းရမည်။ (ယောဟန် ၁၄:၁၃၊ ၁၄) သို့သော် ကျွန်ုပ်တို့သည် “ယေရှုနာမကို အမှီပြု၍” ဟူသည့် စကားစုကို အလေ့အကျင့်တစ်ခုအနေနှင့်သာ ဘယ်တော့မျှ အထပ်ထပ် မရွတ်လိုကြပါ။ အဘယ်ကြောင့်နည်း။
ဥပမာတစ်ခုကို သုံးသပ်ကြည့်ပါ။ စီးပွားရေးသမားတစ်ဦးထံမှ စာတစ်စောင် သင်လက်ခံရရှိသည့်အခါ စာကို ထုံးစံအရ “လေးစားလျက်” ဟု နိဂုံးချုပ်ထားပေမည်။ ယင်းအသုံးအနှုန်းက ထိုစီးပွားရေးသမား၏ ခံစားချက် အစစ်အမှန်ဖြစ်သည်ဟု သင် ယူမှတ်သလော၊ သို့မဟုတ် စာနိဂုံးချုပ်နေကျပုံစံဟု ယူမှတ်သလော။ ကျွန်ုပ်တို့၏ ဆုတောင်းချက်များတွင် ယေရှုနာမကို သုံးခြင်းသည် စီးပွားရေးကိစ္စ စာတစ်စောင် နိဂုံးချုပ်နေကျစကားထက် ပို၍အဓိပ္ပာယ်ရှိဖို့ လိုသည်မှာ အမှန်ပင်။ ကျွန်ုပ်တို့သည် “မခြားမလပ် ဆုတောင်း” ကြရမည်ဖြစ်သော်လည်း ရွတ်နေကျအသုံးအနှုန်းအနေနှင့် မဟုတ်ဘဲ ကျွန်ုပ်တို့၏ “စိတ်နှလုံးအကြွင်းမဲ့” ဖြင့် ဆုတောင်းကြသည်။—၁ သက်သာလောနိတ် ၅:၁၇။ ဆာလံ ၁၁၉:၁၄၅။
“ယေရှုနာမကို အမှီပြု၍” ဟူသည့် စကားစုကို ရွတ်နေကျ အသုံးအနှုန်းတစ်ခုအဖြစ်သာ အသုံးပြုခြင်း မဖြစ်စေရန် မည်သို့ ရှောင်နိုင်သနည်း။ နှလုံးနွေးထွေးဖွယ်ကောင်းသော ယေရှု၏ အရည်အသွေးများကို တွေးတောဆင်ခြင်ပါလေ။ သင့်အတွက် ကိုယ်တော် အဘယ်အရာ လုပ်ဆောင်ပေးခဲ့ပြီ၊ အဘယ်အရာ လုပ်ဆောင်ဖို့ လိုလိုလားလားရှိသည်တို့ကို စဉ်းစားကြည့်ပါ။ ယေဟောဝါသည် သားတော်ကို အသုံးပြုသည့် အထူးကောင်းမွန်သော နည်းလမ်းအတွက် ဆုတောင်းချက်တွင် ကိုယ်တော့်အား ကျေးဇူးတင်၊ ချီးမွမ်းပါ။ သင် ထိုသို့ပြုလုပ်နေသည်နှင့်အမျှ ယေရှု၏ ဤကတိတော်ကို ပို၍ယုံကြည်စိတ်ချလာမည်– “သင်တို့သည် ငါ၏နာမကို အမှီပြု၍ ခမည်းတော်မှာ ဆုတောင်းသမျှတို့ကို ခမည်းတော်သည် ပေးတော်မူမည်။”—ယောဟန် ၁၆:၂၃။
a ဗိုင်း၏အဘိဓာန် (Expository Dictionary of New Testament Words) အရ “နာမ” ဟူ၍ ပြန်ဆိုသော ဂရိစကားလုံးသည် “နာမည်တစ်ခုနှင့်သက်ဆိုင်သည့် အရာများ၊ အခွင့်အာဏာ၊ ထူးခြားထင်ရှားသည့် ဂုဏ်အင်္ဂါ၊ အဆင့်အတန်း၊ ဂုဏ်ကြီးမြင့်မှု၊ တန်ခိုး [နှင့်] ထူးကဲသာလွန်သည့် အရည်အချင်းအားလုံး” ကို ရည်ညွှန်းနိုင်သည်။