တစ်ဖန်မွေးဖွားခြင်း—ယင်း၏ရည်ရွယ်ချက်ကား အဘယ်နည်း
လူတစ်ဦးသည် ထာဝရကယ်တင်ခြင်းရရှိရန် တစ်ဖန်မွေးဖွားခြင်းခံဖို့လိုသည်ဟု လူများစွာယုံကြည်ကြသည်။ သို့သော် တစ်ဖန်မွေးဖွားခြင်း၏ရည်ရွယ်ချက်အကြောင်း ယေရှု အဘယ်အရာပြောဆိုခဲ့သည်ကို သတိပြုပါ။ “မည်သူမဆို တစ်ဖန်မွေးဖွားခြင်းကို မခံလျှင် ဘုရားသခင်၏နိုင်ငံတော်ကို မမြင်ရ” ဟုကိုယ်တော်မိန့်ဆို၏။ (ယောဟန် ၃:၃) ထို့ကြောင့် လူတစ်ဦးသည် ကယ်တင်ခြင်းရရန်မဟုတ်ဘဲ ဘုရားသခင်၏နိုင်ငံတော်ထဲဝင်ခွင့်ရရန် တစ်ဖန်မွေးဖွားခြင်းခံဖို့လိုသည်။ ‘ဘုရားသခင်၏နိုင်ငံတော်ထဲဝင်ခြင်းနှင့် ကယ်တင်ခံရခြင်းဟူသော အသုံးအနှုန်းနှစ်ခုသည် ဆုလာဘ်တစ်ခုတည်းကို ရည်ညွှန်းနေသည်မဟုတ်ပေလော’ ဟုအချို့ဆိုပေမည်။ မဟုတ်ပါ။ ကွာခြားချက်ကိုနားလည်နိုင်ရန် “ဘုရားသခင်၏နိုင်ငံတော်” ဟူသောအသုံးအနှုန်းကို ဦးစွာဆန်းစစ်ကြည့်ကြစို့။
ဘုရားသခင်၏နိုင်ငံတော်သည် အုပ်ချုပ်မှုပုံစံတစ်ခုဖြစ်၏။ ထို့ကြောင့် “ဘုရားသခင်၏နိုင်ငံတော်” ဟူသည် “ဘုရားသခင်၏အုပ်ချုပ်မှု” ကိုဆိုလိုသည်။ “လူသား” ဖြစ်သော ယေရှုခရစ်သည် ဘုရားသခင့်နိုင်ငံတော်၏ဘုရင်ဖြစ်ပြီး ခရစ်တော်နှင့်အတူ တွဲဖက်အုပ်ချုပ်သူများရှိသည်ဟု ကျမ်းစာသွန်သင်သည်။ (ဒံယေလ ၇:၁၊ ၁၃၊ ၁၄; မဿဲ ၂၆:၆၃၊ ၆၄) ထို့ပြင် တမန်တော်ယောဟန်မြင်ရသော အဆင်းအာရုံတစ်ခုအရ ခရစ်တော်နှင့်အတူတွဲဖက်အုပ်စိုးသူများသည် “လူမျိုးနွယ်၊ ဘာသာစကား၊ လူစု၊ လူမျိုးအသီးသီးထဲမှ” ရွေးချယ်ခံရပြီး “ဘုရင်များအဖြစ် မြေကြီးကိုအုပ်စိုးရလိမ့်မည်။” (ဗျာ. ၅:၉၊ ၁၀; ၂၀:၆) ဘုရင်များအဖြစ်အုပ်စိုးမည့် ထိုသူတို့သည် “မြေကြီးပေါ်မှ ဝယ်ယူထားသောသူ” ၁၄၄,၀၀၀ ဖြင့်ဖွဲ့စည်းထားသော “သိုးစုငယ်” ဖြစ်သည်ဟုလည်း ကျမ်းစာတွင်ဖော်ပြထား၏။—လုကာ ၁၂:၃၂; ဗျာ. ၁၄:၁၊ ၃။
ဘုရားသခင်၏နိုင်ငံတော်သည် မည်သည့်နေရာတွင် တည်ထောင်သနည်း။ “ဘုရားသခင့်နိုင်ငံတော်” ကို “ကောင်းကင်နိုင်ငံတော်” ဟုလည်း ခေါ်ဆိုထားရာ ယေရှုနှင့်ကိုယ်တော်၏တွဲဖက်ဘုရင်များသည် ကောင်းကင်မှအုပ်စိုးမည်ဖြစ်ကြောင်း ဖော်ပြသည်။ (လုကာ ၈:၁၀; မဿဲ ၁၃:၁၁) ထို့ကြောင့် ဘုရားသခင်၏နိုင်ငံတော်သည် ယေရှုခရစ်နှင့် လူသားများထဲမှရွေးချယ်ထားသော တွဲဖက်အုပ်စိုးရှင်များဖြင့်ဖွဲ့စည်းထားသော ကောင်းကင်အစိုးရဖြစ်သည်။
သို့ဆိုလျှင် လူတစ်ဦးသည် ‘ဘုရားသခင့်နိုင်ငံတော်သို့ ဝင်’ နိုင်ရန် တစ်ဖန်မွေးဖွားခြင်းခံရမည်ဟု ယေရှုပြောသောအခါ ဘာကိုဆိုလိုသနည်း။ ထိုသူသည် ကောင်းကင်တွင် ခရစ်တော်နှင့်အတူအုပ်စိုးနိုင်ရန် တစ်ဖန်မွေးဖွားခြင်းခံရဖို့လိုသည်ဟု ဆိုလိုနေခြင်းဖြစ်သည်။ ရိုးရိုးလေးဆိုရလျှင် တစ်ဖန်မွေးဖွားခံခြင်း၏ရည်ရွယ်ချက်မှာ အရေအတွက်ကန့်သတ်ထားသောလူအုပ်စုတစ်စုကို ကောင်းကင်အုပ်ချုပ်မှုအတွက် ပြင်ဆင်ပေးရန်ဖြစ်သည်။
တစ်ဖန်မွေးဖွားခြင်းသည် အလွန်အရေးကြီးကြောင်း၊ ယင်းကို ဘုရားသခင်ဖြစ်ပေါ်စေကြောင်း၊ ယင်းသည် လူတစ်စုကို ကောင်းကင်အုပ်ချုပ်မှုအတွက် ပြင်ဆင်ပေးကြောင်း ယခု ကျွန်ုပ်တို့သိရှိခဲ့ပြီဖြစ်၏။ သို့သော် တစ်ဖန်မွေးဖွားခြင်းသည် အမှန်အားဖြင့် မည်သည့်နည်းများဖြင့် ဖြစ်ပေါ်သနည်း။
[စာမျက်နှာ ၇ ပါ အကျဉ်းဖော်ပြချက်]
တစ်ဖန်မွေးဖွားခံရခြင်း၏ ရည်ရွယ်ချက်မှာ အရေအတွက်ကန့်သတ်ထားသော လူအုပ်စုတစ်စုကို ကောင်းကင်အုပ်ချုပ်မှုအတွက် ပြင်ဆင်ပေးရန်ဖြစ်သည်
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ဘုရားသခင်၏နိုင်ငံတော်ကို ယေရှုခရစ်နှင့် လူသားများထဲမှရွေးချယ်ထားသော တွဲဖက်အုပ်စိုးရှင် များဖြင့်ဖွဲ့စည်းထား