အခန်း ၂၂
မှန်သောဘာသာကို ခွဲခြားသိမြင်ခြင်း
၁။ ပထမရာစုတွင် မည်သူများ စစ်မှန်သောဘာသာကို ကျင့်သုံးခဲ့ကြသနည်း။
ပထမရာစု၌ မည်သူများသည် မှန်သောဘာသာလိုက်စားခဲ့သည်ဟူသောအချက်နှင့် စပ်လျဉ်း၍ ဘာသံသယမျှ မရှိနိုင်။ ယေရှုခရစ်၏ နောက်လိုက်များပင်ဖြစ်သည်။ သူတို့အားလုံး ခရစ်ယာန်အဖွဲ့အစည်းတစ်ဖွဲ့တည်းမှ ဖြစ်ကြသည်။ ယနေ့ကော။ မှန်သောဘာသာလိုက်စားသူများကို မည်သို့ခွဲခြားသိမြင်နိုင်သနည်း။
၂။ မှန်သောဘာသာကို ကျင့်သုံးသူများကို မည်သို့ခွဲခြားသိမြင်နိုင်သနည်း။
၂ မည်သို့သိမြင်နိုင်သည်ကို ယေရှု ဤသို့ရှင်းပြ၏– “ထိုသူတို့၏အသီးကိုထောက်၍ သူတို့ကို သိကြလိမ့်မည်။ . . . ကောင်းသောအပင် ရှိသမျှသည် ကောင်းသောအသီးကို သီးတတ်ကြ၏။ . . . သို့ဖြစ်လျှင် [ထိုသူတို့] ၏အသီးကိုထောက်သော် သူတို့ကို သိရကြလိမ့်မည်။” (မဿဲ ၇:၁၆-၂၀၊ သမ္မာ) ဘုရားသခင်ကို စင်စစ်ကိုးကွယ်သူများ အဘယ်ကောင်းသောအသီးများ သီးပွင့်မည်ကို အသင်မျှော်လင့်သနည်း။ သူတို့သည် ယခု အဘယ်အရာများကို ပြောဆိုပြုလုပ်လျက် ရှိသင့်သနည်း။
ဘုရားသခင့်နာမတော်ကို သိဒ္ဓိတင် (အထွတ်အမြတ်ပြု) ခြင်း
၃၊ ၄။ (က) ယေရှု၏ စံပြပတ္ထနာတော်မှ အဦးဆုံးအသနားခံချက်ကား အဘယ်နည်း။ (ခ) ယေရှုသည် ဘုရားသခင့်နာမတော်ကို မည်သို့သိဒ္ဓိတင်တော်မူသနည်း။
၃ ဘုရားသခင်ကို စင်စစ်ကိုးကွယ်သူများသည် နောက်တော်လိုက်များအား ယေရှုသင်ကြားခဲ့သော စံပြပတ္ထနာ (ဆုတောင်းချက်) နှင့်အညီ ပြုမည်ဖြစ်သည်။ ဦးဦးဖျားဖျား ယေရှုဖော်ပြသောအရာမှာ “ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်း [သိဒ္ဓိတင်ခြင်း] ရှိပါစေသော” ဟူ၍ဖြစ်သည်။ အခြားဘာသာပြန်ကျမ်းတစ်စောင်က “ကိုယ်တော်၏နာမတော်သည် အထွတ်အမြတ်အဖြစ် ယူမှတ်ခံရပါစေသော” ဟူ၍ ရေးသားသည်။ (မဿဲ ၆:၉၊ ယေရုရှလင်ကျမ်းစာ) ဘုရားသခင့်နာမတော်ကို သိဒ္ဓိတင်သည်၊ အထွတ်အမြတ်အဖြစ် ယူမှတ်ကြသည်ဆိုရာမှာ အဘယ်နည်း။ ယေရှု မည်သို့ သိဒ္ဓိတင်တော်မူခဲ့သနည်း။
၄ ယေရှု မည်သို့သိဒ္ဓိတင်သည်ကို ခမည်းတော်ထံဆုတောင်းစဉ်၌ ပြသခဲ့သည်– “ဤလောကထဲမှယူ၍ အကျွန်ုပ်၌ အပ်ပေးတော်မူသောသူတို့အား အကျွန်ုပ်သည် ကိုယ်တော်၏နာမကိုပြပါပြီ။” (ယောဟန် ၁၇:၆) မှန်သည်၊ ယေရှုသည် ဘုရားသခင့်နာမတော်ယေဟောဝါကို အခြားသူများအား သိကြားစေသည်။ နာမတော်ကိုသုံးရန် မပျက်ကွက်ခဲ့။ ခမည်းတော်သည် မိမိနာမတော်ကို မြေတစ်ပြင်လုံးဘုန်းကြီးစေရန် ရည်ရွယ်ချက်ရှိကြောင်း ယေရှုသိတော်မူ၏။ ထို့ကြောင့် ထိုနာမတော်ကိုကြေညာ၍ အထွတ်အမြတ်ပြုခြင်း၌ ယေရှုစံနမူနာထားတော်မူခဲ့သည်။—ယောဟန် ၁၂:၂၈; ဟေရှာယ ၁၂:၄၊ ၅။
၅။ (က) ခရစ်ယာန်အသင်းတော်သည် ဘုရားသခင့်နာမတော်နှင့် မည်သို့ဆက်နွယ်နေသနည်း။ (ခ) ကယ်တင်ခြင်းရနိုင်ရန် ကျွန်ုပ်တို့ ဘာပြုလုပ်ရမည်နည်း။
၅ မှန်သောခရစ်ယာန်အသင်းတော် တည်ရှိခြင်းကိုယ်၌က ဘုရားသခင့်နာမတော်နှင့် ဆက်စပ်လျက်ရှိသည်ကို ကျမ်းစာကပြ၏။ တမန်တော်ပေတရုက ဘုရားသခင်သည် “လူမျိုးခြားတို့အထဲက နာမတော်အဖို့ လူတစ်မျိုးကိုနုတ်ယူခြင်းငှာ . . . လူမျိုးခြားတို့ကို အကြည့်အရှုကြွလာတော်မူသည်” ဟုရှင်းပြခဲ့၏။ (တမန်တော် ၁၅:၁၄၊ သမ္မာ) ထို့ကြောင့် ဘုရားသခင့်လူမျိုးတော်စစ်သည် နာမတော်ကို အထွတ်အမြတ်ထား၍ မြေတစ်ပြင်လုံး ထင်ရှားစေရမည်။ တကယ်ဆိုရလျှင် နာမတော်ကို သိရှိခြင်းသည် ကျမ်းစာဆိုသည့်အတိုင်း ကယ်တင်ခြင်းအတွက် လိုအပ်၏– “[ယေဟောဝါ၊ ကဘ] နာမတော်ကို ပတ္ထနာပြု [ဆုတောင်း] သူတိုင်း ကယ်တင်ခွင့်ရလတ္တံ့။”—ရောမ ၁၀:၁၃၊ ၁၄၊ သမ။
၆။ (က) ချာ့ချ်အသင်းများသည် ဘုရားသခင့်နာမတော်ကို အထွတ်အမြတ်ထားကြသလော။ (ခ) ဘုရားသခင့်နာမတော်အတွက် သက်သေခံသောသူများ ရှိသလော။
၆ သို့ဖြစ်၍ ယနေ့ မည်သူများ ဘုရားသခင့်နာမတော်ကို အထွတ်အမြတ်ထားပြီး ကမ္ဘာတစ်ခွင်လုံး ကြားပြောလျက်ရှိသနည်း။ ချာ့ချ် (ခရစ်ယာန်အသင်း) အများသည် နာမတော် ယေဟောဝါကို မသုံးဘဲ ရှောင်လေ့ရှိသည်။ အချို့ဆိုလျှင် မိမိတို့၏ ကျမ်းစာဘာသာပြန်ထဲမှပင် နာမတော်ကိုဖယ်ထုတ်ထားကြသည်။ သို့ရာတွင် သင်သည် သင့်အိမ်နီးနားချင်းနှင့် စကားပြောစဉ် ယေဟောဝါဟူ၍ မကြာခဏညွှန်းဆိုကာ နာမတော်ကိုသုံးလျှင် သင် အဘယ်အဖွဲ့အစည်းနှင့် ပေါင်းသင်းနေသည်ဟု သူတို့ သင့်ကိုသတ်မှတ်ကြမည်ထင်သနည်း။ ဤကိစ္စတွင် ယေရှု ပုံသက်သေကို တကယ်လိုက်လျှောက်သော လူမျိုးတစ်မျိုးတည်းရှိ၏။ သူတို့၏ အဓိက ဘဝရည်ရွယ်ချက်မှာ ယေရှုပြုသကဲ့သို့ ဘုရားသခင်ကို ဝတ်ပြုပြီး နာမတော်ကို သက်သေခံရန်ဖြစ်၏။ ထို့ကြောင့် “ယေဟောဝါသက်သေများ” ဟူသော ကျမ်းပေးအမည်ကို သူတို့ခံယူခဲ့ကြလေပြီ။—ဟေရှာယ ၄၃:၁၀-၁၂။
ဘုရားသခင့်နိုင်ငံတော်အကြောင်း ကြွေးကြော်ခြင်း
၇။ ဘုရားသခင့်နိုင်ငံတော်၏ အရေးကြီးပုံကို ယေရှု မည်သို့ ပြသတော်မူသနည်း။
၇ ယေရှုသင်ပေးသော စံပြပတ္ထနာတော်၌ ဘုရားသခင့်နိုင်ငံတော် အရေးကြီးပုံကိုလည်း ပြသထားသည်။ “နိုင်ငံတော် တည်ထောင်ပါစေသော” ဟူ၍ ဆုတောင်းရန် သင်ကြားတော်မူ၏။ (မဿဲ ၆:၁၀) နိုင်ငံတော်သာလျှင် လူသားတို့ခံစားနေရသော ဒုက္ခများကို ပယ်ရှင်းပေးမည့်အရာဖြစ်ကြောင်း ယေရှု အဖန်တလဲလဲ လေးနက်စွာ တင်ပြခဲ့သည်။ ယေရှုနှင့် တမန်တော်တို့သည် ‘တစ်ရွာမှ တစ်ရွာ’၊ ‘တစ်အိမ်မှ တစ်အိမ်’ သွား၍ နိုင်ငံတော်သတင်းကို လူတို့အား ဟောပြောခြင်းဖြင့် ထိုသို့တင်ပြခဲ့ကြသည်။ (လုကာ ၈:၁; တမန်တော် ၅:၄၂; ၂၀:၂၀) ဘုရားသခင့်နိုင်ငံတော်အကြောင်းသည် သူတို့၏ဟောပြောခြင်းနှင့် သွန်သင်ခြင်းလုပ်ငန်းတော်၏ အဓိကခေါင်းစဉ်ဖြစ်ခဲ့သည်။
၈။ ဤ “နောက်ဆုံးသောနေ့ရက်များ” အတွင်း မိမိ၏နောက်လိုက်စစ်တို့ အဘယ်သတင်းကို အဓိကကြေညာမည်နှင့်ပတ်သက်၍ ယေရှုမည်သို့ တင်ပြတော်မူသနည်း။
၈ ယနေ့ကော။ ဘုရားသခင့်ခရစ်ယာန် အဖွဲ့အစည်းအစစ်၏ အချက်အခြာသွန်သင်ချက်ကား အဘယ်နည်း။ “နောက်ဆုံးသောနေ့ရက်များ” နှင့်စပ်လျဉ်း၍ ယေရှုပရောဖက်ပြုရာ၌ ဤသို့ မိန့်ဆိုခဲ့သည်– “လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရား [သတင်းကောင်း၊ ကဘ] ကို လောကီနိုင်ငံ အရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့။” (မဿဲ ၂၄:၁၄) ထို့ကြောင့် ယနေ့ ဘုရားသခင့်လူမျိုးတော် အဓိကထား၍ ကြေညာသည့်သတင်းမှာ နိုင်ငံတော်အကြောင်းဖြစ်ရမည်။
၉။ ယနေ့ မည်သူများသည် နိုင်ငံတော်သတင်းကို ဟောပြောလျက် ရှိကြသနည်း။
၉ သင့်ကိုသင် မေးပါ– လူတစ်ယောက် သင့်အိမ်သို့လာပြီး ဘုရားသခင့်နိုင်ငံတော်သာလျှင် လူသားတို့အတွက် မျှော်လင့်ရာအစစ်ဖြစ်သည်ဟုပြောလျှင် ထိုသူသည် အဘယ်အဖွဲ့အစည်းက လာသည်ဟု အသင်ယူမှတ်မည်နည်း။ ယေဟောဝါသက်သေများမှလွဲ၍ အခြားဘာသာတစ်ခုခုမှ ပုဂ္ဂိုလ်များသည် သင့်အား ဘုရားသခင့်နိုင်ငံတော်အကြောင်း ပြောဖူးသလော။ နိုင်ငံတော်အကြောင်း သိသူများပင် နည်းလှ၏! ဘုရားသခင့်အစိုးရနှင်ပတ်သက်၍ သူတို့ နှုတ်ဆိတ်လျက်နေကြ၏။ သို့တစေ ၎င်းအစိုးရအကြောင်းသည် ကမ္ဘာကို လှုပ်ခါသော သတင်းတစ်ရပ်ဖြစ်သည်။ ဤနိုင်ငံတော်သည် ‘အခြားအစိုးရအားလုံးကို ချေမှုန်းဖျက်ဆီးပြီးကမ္ဘာကို တစ်ဦးတည်း အုပ်ချုပ်သွားမည်’ ဟု ပရောဖက်ဒံယေလက တင်ကူးဟောပြောထားသည်။—ဒံယေလ ၂:၄၄၊ ၄၅။
ဘုရားသခင့်နှုတ်ကပါဌ်တော်ကို လေးမြတ်ခြင်း
၁၀။ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို လေးစားကြောင်း ယေရှု မည်သို့ပြသ သနည်း။
၁၀ မှန်သောဘာသာကိုလိုက်စားသူများကို ခွဲခြားသိမြင်နိုင်သော နောက်တစ်နည်းမှာ ကျမ်းစာနှင့်ပတ်သက်သော သူတို့၏စိတ်သဘောထားအားဖြင့်ဖြစ်သည်။ ယေရှုသည်အခါခပ်သိမ်း ဘုရားသခင့်နှုတ်ကပါဌ်တော်ကို လေးမြတ်ရိုသေခဲ့သည်။ ကိစ္စရပ်များနှင့်ပတ်သက်၍ အပြီးသတ်အာဏာပိုင်အဖြစ် နှုတ်ကပါဌ်တော်ကို ယေရှုကြိမ်ဖန်များစွာကိုးကားခဲ့သည်။ (မဿဲ ၄:၄၊ ၇၊ ၁၀; ၁၉:၄-၆) ကျမ်းစာသွန်သင်ချက်နှင့်အညီ နေထိုင်ခြင်းဖြင့်လည်း ကျမ်းစာကိုလေးစားကြောင်းပြတော်မူ၏။ ကျမ်းစာကို ဘယ်တော့မျှမနှိမ်ခဲ့။ ကျမ်းစာနှင့်အညီ မသွန်သင်သူများ၊ မိမိတို့အယူအဆကိုရှေ့တန်းတင်ခြင်းဖြင့် ကျမ်းစာသွန်သင်ချက်ကို အားနည်းအောင်ပြုသူများကိုပင် ကိုယ်တော်ပြစ်တင်ရှုတ်ချတော်မူ၏။—မာကု ၇:၉-၁၃။
၁၁။ ချာ့ချ်အသင်းတို့သည် ဘုရားသခင့်နှုတ်ကပါဌ်တော်နှင့်ပတ်သက်၍ မည်သို့သော စိတ်သဘောကို ပြလေ့ရှိသနည်း။
၁၁ ဤကိစ္စနှင့်ပတ်သက်၍ ခရစ်ယာန်ဘောင် ချာ့ချ် (အသင်း) များ မည်သည့်အတိုင်းအတာထိ စံမီကြသနည်း။ ကျမ်းစာပေါ် လေးလေးနက်နက် လေးစားသလော။ ယနေ့ ဓမ္မဆရာ တော်တော်များများသည် အာဒံအပြစ်သို့ ကျရောက်ခြင်း၊ နောဧလက်ထက် ရေလွှမ်းမိုးခြင်း၊ ယောနနှင့် ငါးကြီးအကြောင်းမှစ၍ ကျမ်းစာထဲမှ အခြားသောအတ္ထုပ္ပတ္တိ (အဖြစ်အပျက်) များကို မယုံကြည်ကြ။ လူသည် ဘုရားသခင် တိုက်ရိုက်ဖန်ဆင်း၍ဖြစ်လာသည်မဟုတ်ဘဲ ဆင့်ကဲဆင့်ကဲ ဖြစ်လာသည်ဟုလည်း ဆိုကြသည်။ သို့ ပြုခြင်းသည် ဘုရားသခင့်နှုတ်ကပါဌ်တော်အပေါ် လူတို့ လေးစားလာအောင် အားပေးရာရောက်သလော။ ထို့ ပြင် အချို့အသင်းခေါင်းဆောင်တို့က အိမ်ထောင်အပြင်ဘက် မေထုန်ပြုခြင်းသည် မမှား၊ လိင်တူမေထုန်၊ သို့မဟုတ် မယားအများယူစနစ်ပင် တော်လျော်သည်ဟု ဆိုကြသေးသည်။ ကျမ်းစာကို လမ်းညွှန်အဖြစ် အသုံးပြုရန် လူတို့ကို သူတို့ အားပေးနေသည်ဟု အသင်ဆိုမည်လော။ ဘုရားသခင့်သားတော်နှင့် ကိုယ်တော့်တမန်တော်များ၏ ပုံသက်သေကို သူတို့လိုက်မနေကြသည်မှာ အထင်အရှားဖြစ်သည်။—မဿဲ ၁၅:၁၈၊ ၁၉; ရောမ ၁:၂၄-၂၇။
၁၂။ (က) ကျမ်းစာပင် လက်ဝယ်ရှိထားသူ အမြောက်အမြားတို့၏ ဝတ်ပြုရေးသည် ဘုရားသခင့်စိတ်တော်နှင့် အဘယ်ကြောင့် မတွေ့သနည်း။ (ခ) စိတ်လိုကိုယ်လျောက် အပြစ်ပြုသူများကို ချာ့ချ်အတွင်းတွင် မျက်နှာရသူများအဖြစ် ဆက်လက်ထားရှိလျှင် ကျွန်ုပ်တို့ မည်သို့သဘောပိုက်ရမည်နည်း။
၁၂ ကျမ်းစာရှိထားရုံမက ဖတ်လည်းဖတ်ကြသော ချာ့ချ်အသင်းသားများရှိသည်။ သို့ရာတွင် သူတို့၏အသက်ရှင်နေထိုင်ပုံက သူတို့ကျမ်းစာအတိုင်း မလိုက်ကြောင်းပြနေ၏။ ထိုသို့သောလူစားနှင့်ပတ်သက်၍ ကျမ်းစာ ဤသို့ဆို၏– “ဘုရားသခင်ကို သိသည်ဟု သူတို့ဆိုကြသော်လည်း အကျင့်များအားဖြင့် ဘုရားသခင်ကို ငြင်းပယ်ကြ၏။” (တိတု ၁:၁၆၊ သမ္မာ; ၂ တိမောသေ ၃:၅) လောင်းကစားမှု၊ သောက်ကြူးမှု စသော အခြားမှားယွင်းမှုများပြုသော အသင်းသားများကို သူတို့၏အသင်း၌ မျက်နှာရသူများအဖြစ် ဆက်လက်ထားရှိလျှင် ၎င်းသည် အဘယ်အရာကိုပြသနည်း။ သူတို့၏ဘာသာရေးအဖွဲ့ကို ဘုရားသခင် မနှစ်သက်ကြောင်း သာဓကပြ၏။—၁ ကောရိန္သု ၅:၁၁-၁၃။
၁၃။ မိမိအသင်း၏ သွန်သင်ချက်များသည် ကျမ်းစာနှင့် အားလုံး ညီညွတ်ခြင်းမရှိကြောင်း တွေ့ရှိလျှင် အဘယ်အရေးကြီးသော ဆုံးဖြတ်ချက်ကို ချရတော့မည်နည်း။
၁၃ သင်သည် ဤစာအုပ်၏ လွန်ခဲ့သောအခန်းများကို ဖတ်ရှုစဉ်းစားပြီး ထိုတွင်ပါရှိသော ကျမ်းချက်များကို သုံးသပ်ခဲ့ပြီးဖြစ်လျှင် ဘုရားသခင့်နှုတ်ကပါဌ်တော်၏ အခြေခံသွန်သင်ချက်များကို သိရှိပြီး ဖြစ်လိမ့်မည်။ သို့သော် အသင်ပေါင်းသင်းနေသော ဘာသာရေးအဖွဲ့အစည်း၏ သွန်သင်ချက်များသည် ဘုရားသခင့်နှုတ်ကပါဌ်တော် သွန်သင်ချက်နှင့်မညီညွတ်လျှင် မည်သို့နည်း။ ကြီးလေးသောပြဿနာနှင့် သင်ကြုံနေပြီ။ ၎င်းမှာ ကျမ်းစာ မှန်ကန်သည်ဟု လက်ခံမည်လော။ သို့မဟုတ် ကျမ်းစာ မထောက်ခံသည့် သွန်သင်ချက်များကို လိုလားနှစ်သက်သောအားဖြင့် ကျမ်းစာကို ငြင်းပယ်မည်လောဟူသော ဆုံးဖြတ်ချက်ကိုချရန်ပင်တည်း။ သင့်စိတ်နှင့်သင် ဆုံးဖြတ်ရမည်ဖြစ်သည်။ သို့ရာတွင် ဂရုတစိုက် ချင့်ချိန်သင့်ပါသည်။ အကြောင်းမှာ၊ ဘုရားသခင့်ရှေ့မျက်နှာသာရပြီး မြေကြီးပရဒိသုတွင် ထာဝစဉ်နေထိုင်ခွင့်ရမည် မရမည်ဟူသောအချက်သည် သင့် ဆုံးဖြတ်ချက်ပေါ် မူတည်သောကြောင့် ဖြစ်သည်။
လောကနှင့်သီးသန့်နေခြင်း
၁၄။ (က) မှန်သောဘာသာကို ပေါ်လွင်ထင်ရှားစေသော အခြားအမှတ်အသားတစ်ခုကား အဘယ်နည်း။ (ခ) ဝတ်ပြုသူအစစ်အမှန်တို့သည် ၎င်းစည်းကမ်းချက်နှင့် အဘယ်ကြောင့် ညီညွတ်ရန် အရေးကြီးသနည်း။
၁၄ သို့တစေ ဘာသာစစ် ဘာသာမှန် လိုက်စားသူတို့၏ ပေါ်လွင်သော အခြားလက္ခဏာတစ်ရပ်မှာ ယေရှုမိန့်ဆိုသည့်အတိုင်း ‘ဤလောကနှင့် မစပ်ဆိုင်’ ခြင်းဖြစ်သည်။ (ယောဟန် ၁၇:၁၄၊ သမ) ကိုးကွယ်သူအစစ်တို့သည် ဖောက်ပြန်သော ဤလောကနှင့် ၎င်း၏အရှုပ်အရှင်းထဲမှ ထွက်ပြီး သီးသန့်နေကြမည်ကို ဆိုလိုသည်။ ယေရှုခရစ်သည် နိုင်ငံရေးအုပ်စိုးရှင်ဖြစ်ရန် မလိုလား၊ ငြင်းပယ်ခဲ့သည်။ (ယောဟန် ၆:၁၅) စာတန်မာရ်နတ်သည် ဤလောက၏ မင်းဖြစ်သည်ဟူ၍ ကျမ်းစာဆိုထားသည်ကို ပြန်သတိရလျှင် လောကနှင့် သီးခြားနေရန် အဘယ်ကြောင့် အရေးကြီးကြောင်း သင်နားလည်နိုင်မည်။ (ယောဟန် ၁၂:၃၁; ၂ ကောရိန္သု ၄:၄) ဤကိစ္စ၏ ကြီးလေးမှုကို အောက်ပါကျမ်းစာ ရေးသားချက်က ထပ်လောင်းပေါ်လွင်စေသည်– “ဤလောကနှင့် မိတ်သဟာယဖွဲ့လိုသောသူသည် ဘုရားသခင်၏ ရန်သူဖြစ်၏။”—ယာကုပ် ၄:၄။
၁၅။ (က) အသင်ပေါင်းသင်းနေသော အသင်းသည် တကယ်ပင် ‘လောကနှင့် သီးသန့်’ ဖြစ်သလော။ (ခ) ၎င်းစည်းကမ်းချက်နှင့်ညီသော ဘာသာတစ်ခုကို အသင်သိသလော။
၁၅ သင့်ဒေသအတွင်းမှ ချာ့ချ်အသင်းများ ဤအချက်ကို နှလုံးသွင်းသည်ဟု အဖြစ်မှန်များက ပြသနေသလော။ ဓမ္မဆရာအဖွဲ့နှင့် အသင်းသားများသည် တကယ်ပင် ‘ဤလောကနှင့် မစပ်ဆိုင်’ ဘဲနေသလော။ သို့မဟုတ် သူတို့သည် ဤလောက၏ အမျိုးသားရေး၊ နိုင်ငံရေးနှင့် လူတန်းစားတိုက်ပွဲများတွင် နစ်မြုပ်နေအောင် ပါဝင်နေသလော။ ချာ့ချ်အသင်းများ၏ လုပ်ဆောင်ချက်များသည် အများသိဖြစ်သောကြောင့် ၎င်းမေးခွန်းများကို ဖြေဆိုရန် မခက်ပါ။ တစ်ဖက်တွင် ယေဟောဝါသက်သေများ၏ လုပ်ဆောင်ချက်များကိုလည်း စစ်ဆေးကြည့်ဖို့ မခက်ပါ။ သို့စစ်ဆေးကြည့်လိုက်သောအခါ သူတို့သည် ဤလောကနှင့် ယင်း၏နိုင်ငံရေးရာများ၊ ယင်း၏ တစ်ကိုယ်ကောင်းဆန်သော၊ အကျင့်ပျက်သော၊ ကြမ်းတမ်းပြင်းထန်သော လမ်းစဉ်များနှင့် ကင်းကင်းရှင်းရှင်းနေခြင်းဖြင့် ခရစ်တော်နှင့် ကိုယ်တော်၏ ကနဦးနောက်တော်လိုက်များ၏ စံနမူနာကို တကယ်ပင် လိုက်နေကြကြောင်း အသင် တွေ့ရှိရပေမည်။—၁ ယောဟန် ၂:၁၅-၁၇။
သူတို့အချင်းချင်းချစ်ခြင်း
၁၆။ ခရစ်တော်၏ တပည့်စစ်များကို ခွဲခြားသိမြင်စေနိုင်သော အရေးပါသည့် နည်းတစ်နည်းကား အဘယ်နည်း။
၁၆ ခရစ်တော်၏တပည့်စစ်များကို ခွဲခြားသိမြင်စေသော အရေးအကြီးဆုံးနည်းမှာ သူတို့အချင်းချင်းထားရှိသည့် မေတ္တာအားဖြင့် ဖြစ်သည်။ ယေရှု ဤသို့ဆို၏– “သင်တို့သည် အချင်းချင်းချစ်ကြလျှင် လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကို သိရကြလိမ့်မည်။” (ယောဟန် ၁၃:၃၅) အသင်သိကျွမ်းသော ဘာသာရေးအဖွဲ့အစည်းများ၌ ထိုသို့သောမေတ္တာမျိုး ရှိသလော။ ဥပမာ၊ မိမိတို့နေထိုင်ရာနိုင်ငံက အခြားတစ်နိုင်ငံကို သွား၍ တိုက်ခိုက်သောအခါမျိုး၌ သူတို့ မည်သို့ ပြုကြသနည်း။
၁၇။ ဘာသာအဖွဲ့အစည်းများနှင့် ၎င်းတို့၏ အသင်းသားများသည် အချင်းချင်း ချစ်ရမည်ဟူသော စည်းကမ်းချက်နှင့်ပတ်သက်၍ အခြေအနေ မည်သို့ရှိသနည်း။
၁၇ အများအားဖြင့် မည်သို့ဖြစ်ကြသည်ကို အသင်သိပါသည်။ ဘာသာရေးအဖွဲ့အစည်း အသီးအသီးတို့သည် လောကီသားများ၏ အမိန့်ဖြင့် စစ်တလင်းသို့ ဆင်းကာ အခြားနိုင်ငံမှ မိမိတို့၏ ယုံကြည်သူချင်းကို သတ်ဖြတ်ကြသည်။ သို့နှင့် ကက်သလစ်က ကက်သလစ်၊ ပရိုတက်စတင့်က ပရိုတက်စတင့်၊ မွတ်စလင်က မွတ်စလင်၊ အချင်းချင်း သတ်ဖြတ်ကြသည်။ ထိုသို့သောလမ်းစဉ်သည် ဘုရားသခင့်နှုတ်ကပါဌ်တော်အတိုင်း ဖြစ်ပြီး ဘုရားသခင့်စိတ်ဓာတ်ကို တကယ်ပြသနေသည်ဟု အသင်ထင်သလော။—၁ ယောဟန် ၃:၁၀-၁၂။
၁၈။ အချင်းချင်းချစ်ခြင်းကိစ္စတွင် ယေဟောဝါသက်သေများ မည်သို့စံမီကြသနည်း။
၁၈ အချင်းချင်းချစ်ခြင်းကိစ္စတွင် ယေဟောဝါသက်သေများ မည်သည့်အတိုင်းအတာထိ စံမီကြသနည်။ လောကီဘာသာရေးများ၏ လမ်းစဉ်ကို သူတို့မလိုက်ပါ။ စစ်တလင်း၌ မိမိတို့၏ ယုံကြည်သူချင်းတို့ကို မသတ်ဖြတ်ပါ။ လူမျိုး၊ အနွယ် သို့မဟုတ် အသားအရောင်မတူသော မိမိတို့၏ အခြားညီအစ်ကိုကို မုန်းလျက်နှင့် “ငါသည် ဘုရားသခင်ကိုချစ်၏” ဟုပြောကာ မုသားသုံးသည့်အပြစ်မျိုးကို သူတို့မကျူးလွန်ကြပါ။ (၁ ယောဟန် ၄:၂၀၊ ၂၁) အခြားနည်းများဖြင့်လည်း မေတ္တာပြပါသေးသည်။ မည်သို့အားဖြင့်နည်း။ လူလူချင်းနှင့် ဆက်ဆံပုံအားဖြင့်လည်းကောင်း၊ ဘုရားသခင်အကြောင်း သိရှိလာအောင် အခြားသူများအား မေတ္တာရှေ့ထား ကူညီခြင်းဖြင့်လည်းကောင်း ပြသကြပါသည်။—ဂလာတိ ၆:၁၀။
တစ်ခုတည်းသော ဘာသာစစ်
၁၉။ မှန်သောဘာသာတစ်ခုတည်းရှိသည်ဟု ဆိုခြင်းသည် ဆင်ခြင်တုံတရားနှင့်ကော၊ ကျမ်းစာနှင့်ပါ ညီညွတ်သည်ဟု အဘယ်ကြောင့် ဆိုနိုင်သနည်း။
၁၉ ဆင်ခြင်တုံတရားအရ ဘာသာစစ်တစ်ခုတည်းသာ ရှိရမည်။ စစ်မှန်သောဘုရားသခင်သည် “ရုန်းရင်းခတ်ခြင်းနှင့် ဆိုင်တော်မမူ၊ ငြိမ်သက်ခြင်းနှင့်ဆိုင်သော ဘုရားဖြစ်တော်မူ၏” ဟူသော အချက်နှင့်လည်း ညီညွတ်သည်။ (၁ ကောရိန္သု ၁၄:၃၃၊ သမ္မာ) ကျမ်းစာက တကယ်အားဖြင့် “ယုံကြည်ခြင်းတစ်ပါးတည်း” သာ ရှိသည်ဟုဆို၏။ (ဧဖက် ၄:၅၊ သတင်းကောင်း) သို့ ဖြစ်လျှင် ယနေ့ စစ်မှန်သော ကိုးကွယ်သူများအဖွဲ့အစည်းအဖြစ် ဖွဲ့စည်းထားသူများကား မည်သူများနည်း။
၂၀။ (က) သာဓကရပ်များကို ထောက်ရှုလျက် ဤစာအုပ်က မည်သူများအား ယနေ့ စစ်မှန်စွာ ကိုးကွယ်သူများအဖြစ် ပြညွှန်သနည်း။ (ခ) သင် ထိုသို့ပင် ယုံကြည်လက်ခံသလော။ (ဂ) ယေဟောဝါသက်သေများနှင့် သိကျွမ်းရန် မည်သို့ပြုလျှင် အကောင်းဆုံးဖြစ်သနည်း။
၂၀ သူတို့သည် ယေဟောဝါသက်သေများဖြစ်သည်ဟု ပြောရန် ကျွန်ုပ်တို့ နှုတ်မလေးပါ။ ယင်းအချက်ကို အသင်လက်ခံယုံကြည်နိုင်ရန် သူတို့နှင့် ပို၍ သိကျွမ်းအောင်ပြုပါဟု သင့်အား ကျွန်ုပ်တို့တိုက်တွန်းပါသည်။ အကောင်းဆုံးနည်းမှာ ယေဟောဝါသက်သေများ၏ နိုင်ငံတော်ခန်းမ၌ စည်းဝေးများတက်ရောက်ခြင်းပင်ဖြစ်သည်။ စစ်မှန်သောဘာသာကိုလိုက်စားလျှင် ယခုပင် ကြီးစွာသောစိတ်ချမ်းမြေ့ ရောင့်ရဲမှုကို ရရှိသည့်အပြင် လာမည့်မြေကြီးပရဒိသုတွင် ထာဝရအသက်ရဖို့လမ်းပါ ဖွင့်ပေးသည်ဖြစ်သောကြောင့် သင့်အနေနှင့် ထိုသို့ဆန်းစစ်လျှင် တကယ်ပင် အကျိုးနပ်ပေမည်။ (တရားဟောရာ ၃၀:၁၉၊ ၂၀) ထိုသို့ပြုပါရန် သင့်အား ကျွန်ုပ်တို့ ခင်မင်မှုများစွာဖြင့် ခေါ်ဖိတ်ပါသည်။ ယခုပင် လေ့လာဆန်းစစ်ကြည့်ပါ။
[စာမျက်နှာ ၁၈၅ ပါ ရုပ်ပုံ]
သင်သည်ယေဟောဝါနှင့် ကိုယ်တော့်နိုင်ငံတော်အကြောင်း တစ်ယောက်ယောက်အား ပြောပြလျှင် သင့်ကို မည်သည့်ဘာသာဝင်အဖြစ် လူတို့ယူမှတ်ကြမည်နည်း
[စာမျက်နှာ ၁၈၆ ပါ ရုပ်ပုံ]
ဘုရားသခင့်နှုတ်ကပါဌ်တရားအတိုင်း မနေထိုင်လျှင် ၎င်းကို လေးစားရာ ကျမည်လော
[စာမျက်နှာ ၁၈၈၊ ၁၈၉ ပါ ရုပ်ပုံ]
ယေရှုသည် နိုင်ငံရေးအုပ်စိုးရှင်ဖြစ်ရန် မလိုလားခဲ့ချေ
[စာမျက်နှာ ၁၉၀ ပါ ရုပ်ပုံ]
ယေဟောဝါသက်သေများ၏ စည်းဝေးများကို တက်ရောက်ရန် သင့်အား လှိုက်လှဲစွာ ခေါ်ဖိတ်ပါသည်