အခန်း ၂၀
ရှင်ပြန်ထမြောက်ခြင်း— မည်သူများအတွက်နည်း၊ မည်သည့်နေရာတွင်နည်း
၁၊ ၂။ ရှေးဘုရားသခင့် ကျေးကျွန်များ ရှင်ပြန်ထမြောက်ခြင်းကို ယုံကြည်ကြောင်း ကျွန်ုပ်တို့ မည်သို့ သိနိုင်သနည်း။
ဘုရားသခင့်ကျေးကျွန်များသည် ရှင်ပြန်ထမြောက်ခြင်းကို အစဉ် ယုံကြည်လာခဲ့ကြသည်။ ယေရှု လူသားအဖြစ် မမွေးဖွားမီ အနှစ် ၂,၀၀၀ က အသက်ရှင်ခဲ့သော အာဗြဟံနှင့်ပတ်သက်၍ ကျမ်းစာ ဤသို့ဆို၏– “[မိမိသား ဣဇာက်ကို] သေခြင်းမှပင် ထမြောက်စေခြင်းငှာ ဘုရားသခင် တတ်နိုင်တော်မူသည်ကို သူသည် မှတ်ယူ၏။” (ဟေဗြဲ ၁၁:၁၇-၁၉၊ သမ္မာ) နောက်သော်၊ ဘုရားသခင့်ကျေးကျွန် ယောဘက “လူသည် သေလျှင် အသက်ရှင်ပြန်ပါလိမ့်မည်လော” ဟု မေးပြီးနောက် မိမိအမေးကို မိမိပြန်ဖြေလျက် ဘုရားသခင်အား ဤသို့လျှောက်ဆိုခဲ့သည်– “အကျွန်ုပ်ကို ခေါ်တော်မူ [မည်]။ အကျွန်ုပ် ပြန်လျှောက်ပါမည်။” ထိုနည်းအားဖြင့် ယောဘသည် ရှင်ပြန်ထမြောက်ခြင်းကို ယုံကြည်ကြောင်း ပြသခဲ့သည်။—ယောဘ ၁၄:၁၄၊ ၁၅။
၂ ယေရှုခရစ် ကမ္ဘာပေါ်ရှိစဉ် ဤသို့ရှင်းလင်းခဲ့သည်– “မောရှေသည် ထာဝရဘုရားကို ‘အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား’ ဟု ချုံခန်း၌ ခေါ်ဝေါ်သောအခါ သေလွန်သောသူတို့သည် ထမြောက်ကြောင်းကို ဖော်ပြခဲ့ပြီ။ ဘုရားသခင်သည် သေနေသောသူတို့၏ဘုရားမဟုတ်။ အသက်ရှင်သောသူတို့၏ဘုရား ဖြစ်တော်မူ၏။ ထိုသူအပေါင်းတို့သည် ဘုရားသခင်၌ အသက်ရှင်ကြသည်။” (လုကာ ၂၀:၃၇၊ ၃၈) ခရစ်ယာန်ဂရိကျမ်းစာများ၌ “ထမြောက်ခြင်း” ဟူသောစကားလုံးကို အကြိမ် ၄၀ မက အသုံးပြုထားသည်။ လူသေတို့ ထမြောက်ခြင်းအကြောင်းသည် အမှန်ပင် ကျမ်းစာ၏ အဓိကကျသော သွန်သင်ချက်တစ်ရပ် ဖြစ်ပေသည်။—ဟေဗြဲ ၆:၁၊ ၂။
၃။ ထမြောက်ခြင်းနှင့်ပတ်သက်၍ မည်သို့သော ယုံကြည်ခြင်းကို မာသ တင်ပြခဲ့သနည်း။
၃ ယေရှု၏မိတ်ဆွေ မာသသည် မောင်ဖြစ်သူ လာဇရု သေသွားသောအခါ ထမြောက်ခြင်းကို ယုံကြည်ကြောင်း ပြသခဲ့သည်။ ယေရှုကြွလာသည်ကို သူကြားရသောအခါ ကိုယ်တော့်ကို ပြေးတွေ့လေ၏။ “သခင် ကိုယ်တော်ရှိတော်မူလျှင် ကျွန်မ၏မောင် မသေပါ” ဟု လျှောက်ဆို၏။ သူမ ကြေကွဲဝမ်းနည်းနေသည်ကို မြင်သောအခါ ယေရှုက “သင်၏မောင်သည် ထမြောက်လိမ့်မည်” ဟုနှစ်သိမ့်တော်မူ၏။ မာသက “နောက်ဆုံးသောနေ့တည်းဟူသော ထမြောက်ရာကာလ၌ သူသည် ထမြောက်လိမ့်မည်ကို ကျွန်မသိပါသည်” ဟု ပြန်လျှောက်လေ၏။—ယောဟန် ၁၁:၁၇-၂၄။
၄-၆။ မာသသည် အဘယ်အကြောင်းများကြောင့် ထမြောက်ခြင်းကို ယုံကြည်ခဲ့သနည်း။
၄ ထမြောက်ခြင်းကို ယုံကြည်ရန် မာသ၌ ခိုင်လုံသောအကြောင်းရင်းများရှိသည်။ ဥပမာ၊ နှစ်ပေါင်းများစွာအထက်က ဘုရားသခင့်ပရောဖက်၊ ဧလိယနှင့် ဧလိရှဲတို့သည် ဘုရားသခင့် တန်ခိုးတော်ဖြင့် ကလေးတစ်ဦးစီကို ရှင်ပြန်ထမြောက်စေခဲ့ကြကြောင်းကို သူမ သိ၏။ (၃ ဓမ္မရာဇဝင် ၁၇:၁၇-၂၄; ၄ ဓမ္မရာဇဝင် ၄:၃၂-၃၇) လူသေတစ်ဦး ကျင်းတစ်ခုအတွင်း ပစ်ချခံရသောအခါ ဧလိရှဲ၏အရိုးကို ထိမိသဖြင့် ပြန်အသက်ရှင်လာသည့်အဖြစ်ကိုလည်း သူမ သိ၏။ (၄ ဓမ္မရာဇဝင် ၁၃:၂၀၊ ၂၁) သို့သော် ယေရှုကိုယ်တော်တိုင် သွန်သင်ခဲ့သည့်အရာနှင့် ပြုလုပ်ခဲ့သည့်အရာများကြောင့် ရှင်ပြန်ထမြောက်ခြင်းနှင့်ပတ်သက်သော သူမ၏ ယုံကြည်ခြင်း ပို၍ ခိုင်ခံ့လာခြင်းဖြစ်သည်။
၅ လွန်ခဲ့သော နှစ်နှစ်နီးပါးခန့်က မာသသည် ယေရုရှလင်မြို့၌ရှိခဲ့ပေမည်။ ထိုအချိန်၌ ယေရှုက သေလွန်သူများအား ထမြောက်စေသည့်အမှုတွင် မိမိဆောင်ရွက်မည့်အပိုင်းနှင့်ပတ်သက်၍ ဤသို့မိန့်ဆိုခဲ့သည်– “ခမည်းတော်သည် သေလွန်သောသူတို့ကို ထမြောက်ရှင်ပြန်စေတော်မူသကဲ့သို့ ထိုနည်းတူ သားတော်သည်လည်း အလိုရှိသမျှသောသူတို့ကို ရှင်စေ၏။ ဤအမှုအရာကို အံ့သြခြင်း မရှိကြနှင့်။ [အောက်မေ့ရာ၊ ကဘ] သင်္ချိုင်းများမှာရှိသောသူ အပေါင်းတို့သည် သားတော်၏စကားသံကိုကြား၍ ထွက်ရမည့်အချိန်ကာလ ရောက်လတ္တံ့။”—ယောဟန် ၅:၂၁၊ ၂၈၊ ၂၉။
၆ ထိုစကားကို ယေရှုမိန့်တော်မူသည့်အချိန်အထိ တစ်ယောက်ယောက်ကို ကိုယ်တော်ထမြောက်စေတော်မူခဲ့သည်ဟူသော ကျမ်းစာမှတ်တမ်း မရှိ။ သို့သော် ထို့နောက် များမကြာမီ နာဣနမြို့မှ မုဆိုးမတစ်ယောက်၏သား၊ လူငယ်တစ်ဦးကို ထမြောက်စေတော်မူခဲ့သည်။ ၎င်းသတင်းသည် တောင်ဘက်ပိုင်း ယုဒပြည်နယ်သို့ ရောက်ရှိခဲ့သဖြင့် မာသ ဧကန်ကြားခဲ့ရပေမည်။ (လုကာ ၇:၁၁-၁၇) ၎င်းနောက် ဂါလိလဲအိုင်အနီး၊ ယာဣရု၏ အိမ်၌ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကိုလည်း မာသကြားခဲ့လိမ့်မည်။ သူ၏ ၁၂ နှစ်သမီးသည် အသည်းအသန် ဖျားပြီး သေဆုံးသွားသည်။ သို့သော် ယာဣရုအိမ်သို့ ယေရှုရောက်ရှိသောအခါ သေနေသော ကလေးထံသွား၍ “သူငယ်မ၊ ထလော့” ဟု မိန့်တော်မူရာ သူငယ်မ ထလာလေသည်!—လုကာ ၈:၄၀-၅၆၊ သမ။
၇။ ယေရှုသည် သေသူတို့ကို ထမြောက်စေနိုင်ကြောင်း မာသအား အဘယ်သက်သေ ပေးတော်မူခဲ့သနည်း။
၇ သို့နှင့်ပင် မာသသည် မိမိမောင်ကို ထိုအချိန်၌ ယေရှုထမြောက်စေမည်ဟု မမျှော်လင့်ခဲ့။ ထို့ကြောင့်လည်း “နောက်ဆုံးသောနေ့တည်းဟူသော ထမြောက်ရာကာလ၌ သူသည် ထမြောက်လိမ့်မည်” ဟု သူမပြောခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ယေရှုက လူသေများကို ထမြောက်စေခြင်းနှင့်ဆိုင်သော မိမိဆောင်ရွက်ရသည့်အပိုင်းကို မာသစွဲမှတ်သွားစေရန် ဤသို့မိန့်တော်မူ၏– “ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်း ဖြစ်၏။ ငါ့ကို ယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။ ငါ့ကို ယုံကြည်၍ အသက်ရှင်သောသူ ရှိသမျှတို့သည်လည်း သေခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည်။” ထိုသို့ဆို၍ မကြာမီ လာဇရုကို သင်္ဂြိုဟ်သောဂူဆီသို့ ယေရှုအား ခေါ်ဆောင်သွားကြ၏။ ယေရှုက “လာဇရု၊ ထွက်၍လာလော့” ဟု ဟစ်ခေါ်တော်မူသောအခါ သေ၍ လေးရက်ရှိပြီးဖြစ်သော လာဇရုသည် ထွက်လာလေသည်!—ယောဟန် ၁၁:၂၄-၂၆၊ ၃၈-၄၄။
၈။ ယေရှုထမြောက်ခဲ့ကြောင်း အဘယ်သာဓကရှိသနည်း။
၈ ရက်သတ္တပတ် အနည်းငယ်လွန်သော် ယေရှုကိုယ်တော်တိုင် အသတ်ခံရပြီး ဂူတွင်း၌ သင်္ဂြိုဟ်ခံရလေသည်။ သို့သော် ကိုယ်တော်သည် ဂူတွင်း၌ သုံးရက်အတွင်းသာ ရှိတော်မူခဲ့၏။ သို့ဖြစ်ရသည့်အကြောင်းကို တမန်တော်ပေတရုက ဤသို့ရှင်းပြထားသည်– “ထိုယေရှုကို ဘုရားသခင် ထမြောက်စေတော်မူသည်ကို ငါတို့ရှိသမျှသည် သက်သေခံဖြစ်ကြ၏။” ဘုရားသခင့်သားတော် ဂူထဲမှထွက်မလာရအောင် ဘာသာရေးခေါင်းဆောင်များ မဆီးတားနိုင်ခဲ့ချေ။ (တမန်တော် ၂:၃၂; မဿဲ ၂၇:၆၂-၆၆; ၂၈:၁-၇) ခရစ်တော်သည် သေရာမှထမြောက်ခဲ့သည်မှာ သံသယမရှိနိုင်၊ အကြောင်းမှာ ကိုယ်တော်သည် တပည့်တော်များစွာတို့အား (တစ်ကြိမ်တွင် တပည့်တော် ၅၀၀ တို့အား) ကိုယ်ကိုထင်ရှားပြတော်မူခဲ့သည်။ (၁ ကောရိန္သု ၁၅:၃-၈) ထမြောက်ခြင်းကို ယေရှု၏ တပည့်တော်များ ခိုင်မာစွာ ယုံကြည်ကြသောကြောင့် ဘုရားသခင်ကို ဝတ်ပြုရာ၌ သေခြင်းကိုပင် ရင်ဆိုင်ရန် အသင့်ရှိခဲ့ကြသည်။
၉။ အဘယ်လူကိုးဦး ထမြောက်ခဲ့သည်ဟု ကျမ်းစာဆိုသနည်း။
၉ လူသေများကို ထမြောက်စေနိုင်သည့် ထပ်ဆင့်သာဓကကို နောက်ပိုင်း၌ တမန်တော်ပေတရုနှင့် ပေါလုတို့မှတစ်ဆင့် ပြသတော်မူ၏။ ဦးဆုံး၊ ပေတရုသည် ယုပ္ပေမြို့မှ ဒေါ်ကာဟုလည်း ခေါ်ကြသော တဗိသကို ထမြောက်စေခဲ့သည်။ (တမန်တော် ၉:၃၆-၄၂) ၎င်းနောက် ပေါလုသည် ဥတုခုဆိုသော လူငယ်လေးကို ထမြောက်စေခဲ့သည်။ ဥတုခုသည် ပေါလုစကားပြောနေစဉ် တတိယအထပ် ပြတင်းပေါက်မှကျ၍ သေခဲ့သူ ဖြစ်သည်။ (တမန်တော် ၂၀:၇-၁၂) ကျမ်းစာ၌ မှတ်တမ်းတင်ထားသော ဤထမြောက်ခြင်းကိုးခုက လူသေများကို ပြန်ရှင်စေနိုင်ကြောင်း ခိုင်လုံထင်ရှားသောသက်သေကို ထူလျက်နေပေသည်!
မည်သူများထမြောက်လာမည်နည်း
၁၀၊ ၁၁။ (က) ထမြောက်ခြင်းကို ဘုရားသခင် အဘယ်ကြောင့် စီစဉ်တော်မူသနည်း။ (ခ) တမန်တော် ၂၄:၁၅ အရ အဘယ်လူတန်းစားနှစ်ရပ် ထမြောက်လာမည်နည်း။
၁၀ အစအဦး၌ မည်သူ့ကိုမျှ ထမြောက်စေရန် ဘုရားသခင် ရည်ရွယ်ချက်မရှိခဲ့။ အကြောင်းမှာ အာဒံနှင့်ဧဝတို့သာ သစ္စာရှိခဲ့ကြမည်ဆိုလျှင် မည်သူမျှ သေခဲ့မည်မဟုတ်။ သို့သော် အာဒံ၏အပြစ်က လူတိုင်းအပေါ်သို့ မစုံလင်မှုနှင့် သေခြင်း ကျရောက်စေခဲ့သည်။ (ရောမ ၅:၁၂) သို့ဖြစ်၍ အာဒံ၏သားသမီးများအား ထာဝရအသက်ရရှိစေရန် ထမြောက်ခြင်းကို ယေဟောဝါ စီစဉ်တော်မူခဲ့လေသည်။ သို့သော် လူတစ်ယောက် ထမြောက်မည် မထမြောက်မည်ဟူသောအချက်ကို ဘာက အဆုံးအဖြတ်ပေးသနည်း။
၁၁ ကျမ်းစာက ဤသို့ရှင်းပြ၏– “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူ ရှိသမျှတို့သည် သေခြင်းမှ ထမြောက်ကြလိမ့်မည်။” (တမန်တော် ၂၄:၁၅) ဤအချက်ကြောင့် အချို့သူများ အံ့အားသင့်ချင် သင့်မည်။ “‘မဖြောင့်မတ်” တဲ့လူကို ဘာဖြစ်လို့ ပြန်ရှင်ခိုင်းတာလဲ’ ဟု တွေးစရာဖြစ်မည်။ ယေရှု နှက်တိုင်ပေါ် အဆွဲခံနေရစဉ် အဖြစ်အပျက်က ဤမေးခွန်းကို ဖြေဆိုရန် အထောက်အကူပြုမည်။
၁၂၊ ၁၃။ (က) ရာဇဝတ်သားတစ်ယောက်အား ယေရှု အဘယ်ကတိ ပေးတော်မူခဲ့သနည်း။ (ခ) ယေရှု မိန့်ဆိုသော “ပရဒိသု” သည် အဘယ်မှာရှိသနည်း။
၁၂ ယေရှုဘေးမှ ဤပုဂ္ဂိုလ်များမှာ ရာဇဝတ်သားများ ဖြစ်ကြသည်။ သူတို့ထဲမှ တစ်ဦးက ယေရှုကို “သင်သည် ခရစ်တော်မှန်လျှင် ကိုယ်ကိုလည်းကောင်း၊ ငါတို့ကိုလည်းကောင်း ကယ်တင်လော့” ဟု ခုလေးတင် စော်စော်ကားကား ပြောခဲ့သည်။ သို့ရာတွင် အခြားတစ်ယောက်ကမူ ယေရှုကို ယုံကြည်သည်။ ကိုယ်တော့်ဘက်သို့ လှည့်၍ ဤသို့ဆို၏– “သခင်၊ ကိုယ်တော်သည် နိုင်ငံတော်တည်လျက် ကြွလာတော်မူသောအခါ အကျွန်ုပ်ကို အောက်မေ့တော်မူပါ။” ထိုအခါ ယေရှုက “သင့်အား ယနေ့ ငါအမှန်ဆိုသည်ကား သင်သည် ငါနှင့်အတူ ပရဒိသု၌ ရှိလိမ့်မည်” (ကဘ) ဟု ကတိပြုတော်မူ၏။—လုကာ ၂၃:၃၉-၄၃။
၁၃ သို့သော် “သင်သည် ငါနှင့်အတူ ပရဒိသု၌ ရှိလိမ့်မည်” ဟု ယေရှုဆိုရာ၌ အဘယ်အရာကို ဆိုလိုသနည်း။ ပရဒိသုသည် အဘယ်မှာရှိသနည်း။ ဘုရားသခင် အစကဖန်ဆင်းသည့် ပရဒိသု အဘယ်မှာ ရှိခဲ့သနည်း။ ကမ္ဘာပေါ်၌ မဟုတ်လော။ ပထမလူမောင်နှံတို့ကို ဧဒင်ဥယျာဉ်ခေါ် လှပသော ပရဒိသု၌ ဘုရားသခင် နေရာချပေးခဲ့သည်။ ထို့ကြောင့် တစ်ချိန်က ရာဇဝတ်သား တစ်ယောက်ဖြစ်ခဲ့သော ဤသူသည် ပရဒိသု၌ ရှိလိမ့်မည်ဟု ဖတ်ရသောအခါ နေချင်စဖွယ်လှပသောနေရာအဖြစ်သို့ ပြုပြင်ထားသော ဤကမ္ဘာကို ကျွန်ုပ်တို့စိတ်ထဲတွင် ပုံပေါ်လာစေသင့်သည်။ အကြောင်းမှာ “ပရဒိသု” သည် “ဥယျာဉ်” သို့မဟုတ် “ခြံ” ကိုဆိုလိုသောကြောင့်ပင်။—ကမ္ဘာဦး ၂:၈၊ ၉။
၁၄။ ယေရှုသည် အဘယ်နည်းဖြင့် တစ်ချိန်က ရာဇဝတ်သားဖြစ်ခဲ့သူနှင့်အတူ ပရဒိသု၌ ရှိတော်မူမည်နည်း။
၁၄ ယေရှုခရစ်အနေဖြင့် တစ်ချိန်ကရာဇဝတ်သားဖြစ်ခဲ့သော ထိုသူနှင့်အတူ ဤကမ္ဘာပေါ်တွင်ရှိမည်ကား မဟုတ်။ ကောင်းကင်တွင်ဘုရင်အဖြစ် မြေကြီးပရဒိသုကို အုပ်စိုးလျက်ရှိတော်မူမည်။ ထို့ကြောင့် ထိုသူနှင့်အတူရှိတော်မူမည်ဆိုရာမှာ သူ့ကိုသေခြင်းမှ ထမြောက်စေပြီး သူ၏ကာယနှင့်ဝိညာဏလိုအပ်ချက် နှစ်ရပ်စလုံးကို ဖြည့်တင်းပေးမည်ကို ဆိုလိုခြင်းဖြစ်သည်။ သို့သော် ရာဇဝတ်သားတစ်ယောက်ဖြစ်ခဲ့သည့် လူတစ်ယောက်ကို ပရဒိသုအတွင်း ယေရှုအဘယ်ကြောင့် နေခွင့်ပြုတော်မူမည်နည်း။
၁၅။ “မဖြောင့်မတ်သောသူများ” အဘယ်ကြောင့် ထမြောက်လာကြမည်နည်း။
၁၅ ထိုသူ မကောင်းမှုပြုခဲ့သည် မှန်၏။ သူသည် “မဖြောင့်မတ်” ပါ။ ထို့ပြင် ဘုရားသခင့်အလိုတော်ကိုလည်း မသိခဲ့။ သို့သော် သူသည် ဘုရားသခင့်ရည်ရွယ်ချက်များကိုသာ သိခဲ့လျှင် ရာဇဝတ်သားတစ်ယောက် ဖြစ်ခဲ့မည်လော။ အဖြေကို သိရအောင် မဖြောင့်မတ်သော ထိုသူကို ယေရှု ထမြောက်စေတော်မူမည်။ ထိုသူကဲ့သို့ မသိဘဲ သေလွန်ခဲ့သည့် အခြား သန်းပေါင်းများစွာသော သူများကိုလည်း ထမြောက်စေတော်မူမည်။ ဥပမာ၊ လွန်ခဲ့သည့် ရာစုနှစ်များ၌ လူတော်တော်များများသည် စာမဖတ်တတ်။ ကျမ်းစာကိုပင် တစ်ခါမျှမမြင်ခဲ့ဖူးချေ။ သို့သော် သူတို့သည် ရှီးအိုးလ်၊ သို့မဟုတ် ဟေးဒီးစ်မှ ထမြောက်လာကြမည်။ ၎င်းနောက် ပရဒိသုကမ္ဘာပေါ်၌ ဘုရားသခင့်အလိုတော် သင်ကြားပြသခံရမည်။ ပြီးသော် အလိုတော်ဆောင်ခြင်းဖြင့် ဘုရားသခင်ကို မိမိတို့ တကယ်ချစ်ကြောင်း သက်သေပြနိုင်သောအခွင့်အရေးကို ရရှိကြမည်။
၁၆။ (က) သေသူများထဲမှ မည်သူများ ထမြောက်လာမည်မဟုတ်သနည်း။ (ခ) ကျွန်ုပ်တို့သည် စီရင်ပိုင်းဖြတ်ရန် အဘယ်ကြောင့် မကြိုးစားသင့်သနည်း။ (ဂ) ကျွန်ုပ်တို့သည် အဘယ်အရာကို အဓိကထားသင့်သနည်း။
၁၆ သို့ရာတွင် လူတိုင်း ထမြောက်လာမည်ဟူ၍ကား မဆိုလိုပါ။ ကျမ်းစာက ယေရှုကို သစ္စာဖောက်ခဲ့သော ယုဒရှကာရုတ်သည် ထမြောက်မည်မဟုတ်ကြောင်း တင်ပြထားသည်။ ယုဒသည် စိတ်လိုကိုယ်လျောက် ဆိုးယုတ်ခဲ့သောကြောင့် “ပျက်စီးခြင်း၏သား” ဟု အခေါ်ခံရ၏။ (ယောဟန် ၁၇:၁၂) သူသည် ပုံဆောင်သော ဂေဟင်နာသို့ရောက်သွားသည်။ ထိုနေရာမှ ထမြောက်ခြင်းမရှိ။ (မဿဲ ၂၃:၃၃) ဘုရားသခင့်အလိုတော်ကို သိပြီးနောက် တမင်အဆိုးပြုသောသူများသည် သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားရာရောက်နိုင်၏။ သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားသူတို့အား ဘုရားသခင် ထမြောက်စေတော်မူမည်မဟုတ်။ (မဿဲ ၁၂:၃၂; ဟေဗြဲ ၆:၄-၆; ၁၀:၂၆၊ ၂၇) သို့ရာတွင် ဘုရားသခင်သည် တရားသူကြီးဖြစ်ရကား ယခင်ခေတ်၊ သို့မဟုတ် ယခုခေတ်မှ မည်သည့်လူဆိုးများသည် ထမြောက်မည်၊ သို့မဟုတ် မထမြောက်ဟု ကျွန်ုပ်တို့မှန်းဆတွက်ချက်နေစရာအကြောင်း မရှိပါ။ မည်သူသည် ဟေးဒီးစ်၌ရှိသည်၊ မည်သူသည် ဂေဟင်နာ၌ရှိသည်ကို ဘုရားသခင် သိတော်မူ၏။ ကျွန်ုပ်တို့အနေနှင့် စနစ်သစ်အတွင်း ဘုရားသခင်ရှိစေလိုသော လူစားမျိုးဖြစ်အောင် အတတ်နိုင်ဆုံး အားထုတ်သင့်ပေသည်။—လုကာ ၁၃:၂၄၊ ၂၉။
၁၇။ ထာဝရအသက်ခံစားရန် မည်သူများ ထမြောက်စရာမလိုသနည်း။
၁၇ ထာဝရအသက်ရသူတိုင်း ထမြောက်လာရန်မလိုပါ။ ဤစနစ်၏ “နောက်ဆုံးသောနေ့ရက်များ” အတွင်း အသက်ရှင်လျက်ရှိသော ဘုရားသခင့်ကျေးကျွန် အမြောက်အမြားတို့သည် အာမဂေဒုန်ကို ကပ်ကျော်ပြီး အသက်ရှင်ကြမည်။ ထို့နောက် ဖြောင့်မတ်သော “မြေကြီးသစ်” ၏ အစိတ်အပိုင်းအနေနှင့် ဘယ်တော့မျှ မသေရတော့။ မာသအား ယေရှုမိန့်ကြားခဲ့သည့် အောက်ပါစကားသည် ထိုသူတို့အပေါ် ပကတိအတိုင်း ပြည့်စုံလာနိုင်သည်– “ငါ့ကို ယုံကြည်၍ အသက်ရှင်သောသူ ရှိသမျှတို့သည်လည်း သေခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည်။”—ယောဟန် ၁၁:၂၆; ၂ တိမောသေ ၃:၁၊ သမ္မာ။
၁၈။ ထမြောက်လာမည့် “ဖြောင့်မတ်သောသူ” များကား မည်သူများနည်း။
၁၈ ထမြောက်လာမည့် “ဖြောင့်မတ်သောသူ” များကား မည်သူများနည်း။ ထိုသူတို့တွင် ယေရှုခရစ် ကမ္ဘာပေါ်သို့ မကြွလာမီက အသက်ရှင်ခဲ့သော ဘုရားသခင့်သစ္စာရှိ ကျေးကျွန်များ ပါဝင်ကြမည်။ သူတို့အနက် အများသောသူတို့ကို ဟေဗြဲအခန်းကြီး ၁၁ ၌ အမည်နှင့်တကွ ဖော်ပြထားသည်။ သူတို့သည် ကောင်းကင်သို့သွားရန် မမျှော်လင့်ကြပါ။ ကမ္ဘာပေါ် ပြန်အသက်ရှင်ရန်သာ မျှော်လင့်ကြသည်။ မကြာမီနှစ်များက သေလွန်ခဲ့သော ဘုရားသခင့် သစ္စာရှိကျေးကျွန်များလည်း ထမြောက်လာမည့် “ဖြောင့်မတ်သောသူ” များတွင် ပါဝင်ကြမည်။ သူတို့ကို သေရာမှ ထမြောက်စေခြင်းဖြင့် ကမ္ဘာပေါ် ထာဝစဉ်အသက်ရှင်မည်ဟူသော သူတို့၏ မျှော်လင့်ချက်ကို ဘုရားသခင် မုချပြည့်စုံစေတော်မူမည်။
ထမြောက်သည့်အချိန်နှင့် နေရာ
၁၉။ (က) ယေရှုသည် အဦးဆုံးထမြောက်သည်ဆိုရာ၌ အဘယ်အဓိပ္ပာယ်နည်း။ (ခ) ၎င်းနောက် မည်သူများ ထမြောက်လာသနည်း။
၁၉ ယေရှုခရစ်သည် “သေခြင်းမှ အဦးဆုံး ထမြောက်” တော်မူသည်ဟု ဆိုထားသည်။ (တမန်တော် ၂၆:၂၃) နောက်တစ်ဖန် မသေရတော့ဘဲ ထမြောက်လာကြသည့် ပုဂ္ဂိုလ်များတွင် ကိုယ်တော်သည် အဦးဆုံးဖြစ်ကြောင်း ဆိုလိုသည်။ နာမ်ဝိညာဉ်ပုဂ္ဂိုလ်အဖြစ် အဦးဆုံးထမြောက်လာသူလည်း ဖြစ်တော်မူ၏။ (၁ ပေတရု ၃:၁၈) သို့သော် အခြားသူများလည်း ရှိမည်ကို ကျမ်းစာ ဤသို့ဆို၏– “ဆိုင်ရာဆိုင်ရာအဆင့်အလိုက်၊ ကောက်ဦးတည်းဟူသော ခရစ်တော်နောက်၊ ခရစ်တော် [ရောက်ရှိ၊ ကဘ] တော်မူရာ၌ [ခရစ်တော်၊ ကဘ] ပိုင်ဆိုင်တော်မူသူတို့ ရှင်ပြန်ခြင်းဖြစ်၏။” (၁ ကောရိန္သု ၁၅:၂၀-၂၃၊ သမ) ထို့ကြောင့် ထမြောက်ရာ၌ အချို့သည် အခြားသူများထက် စော၍ ထလာကြမည်။
၂၀။ (က) ‘ခရစ်တော် ပိုင်ဆိုင်သူတို့’ ကား မည်သူများနည်း။ (ခ) သူတို့သည် မည်သို့သော ထမြောက်ခြင်းကို ရကြသနည်း။
၂၀ ‘ခရစ်တော်ပိုင်ဆိုင်သူတို့’ ကား ခရစ်တော်နှင့်အတူ နိုင်ငံတော်တွင် အုပ်စိုးရန် ရွေးချယ်ခံရသည့် ၁၄၄,၀၀၀ သော သစ္စာရှိတပည့်တော်များ ဖြစ်၏။ သူတို့၏ ကောင်းကင် ထမြောက်ခြင်းနှင့်ပတ်သက်၍ ကျမ်းစာ ဤသို့ဆို၏– “ပထမထမြောက်ခြင်း ကို ဝင်စားသောသူသည် မင်္ဂလာရှိသောသူ၊ သန့်ရှင်းသောသူ ဖြစ်၏။ ထိုသို့သောသူသည် ဒုတိယသေခြင်း၏လက်နှင့် ကင်းလွတ်လျက် . . . အနှစ်တစ်ထောင်ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံရကြလိမ့်မည်။”—ဗျာဒိတ် ၂၀:၆; ၁၄:၁၊ ၃။
၂၁။ (က) “ပထမထမြောက်ခြင်း” သည် မည်သည့်အချိန်မှာ စသနည်း။ (ခ) မည်သူတို့သည် ကောင်းကင်အသက်တာသို့ မုချထမြောက်စေခြင်းခံရကြပြီနည်း။
၂၁ သို့ဖြစ်၍ ခရစ်တော် ထမြောက်ပြီးနောက် ၁၄၄,၀၀၀ တို့ ထမြောက်ကြမည်။ သူတို့သည် “ပထမ ထမြောက်ခြင်း” သို့မဟုတ် “စောစောထမြောက်ခြင်း” တွင် ပါဝင်ကြ၏။ (ဖိလိပ္ပိ ၃:၁၁၊ ကဘ) အဘယ်အချိန်တွင် ဖြစ်သနည်း။ ‘ခရစ်တော် ရောက်ရှိစဉ်အတွင်း’ ဟု ကျမ်းစာဆို၏။ စောစောပိုင်းအခန်းများ၌ ကျွန်ုပ်တို့တွေ့ခဲ့သည့်အတိုင်း ခရစ်တော်၏ ရောက်ရှိခြင်းသည် ၁၉၁၄ ခုနှစ်မှ အစပြု၏။ ထို့ကြောင့် သစ္စာရှိခရစ်ယာန်များ ကောင်းကင်သို့ “ပထမ ထမြောက်ခြင်း” “နေ့ရက်” သည် ရောက်နှင့်နေပြီ။ တမန်တော်များနှင့် အခြားကနဦး ခရစ်ယာန်များသည် ကောင်းကင်အသက်တာသို့ ထမြောက်နှင့်ပြီးသည်မှာ သံသယမရှိ။—၂ တိမောသေ ၄:၈။
၂၂။ (က) မည်သူများလည်း “ပထမထမြောက်ခြင်း” ကို ဝင်စားကြမည်နည်း။ (ခ) သူတို့သည် မည်သည့်အချိန်တွင် ထမြောက်မည်နည်း။
၂၂ သို့သော် ခရစ်တော်နှင့်အတူ ကောင်းကင်တွင် အုပ်စိုးမည့် မျှော်လင့်ချက်ထားရှိပြီး ယခု လူ့မျက်စိဖြင့် မမြင်ရသော ခရစ်တော်၏ ရောက်ရှိရာကာလအတွင်း အသက်ရှင်လျက်ရှိသည့် ခရစ်ယာန်များ ရှိကြ၏။ သူတို့သည် ကျန်ကြွင်းသူများ၊ ၁၄၄,၀၀၀ အနက်မှ အကြွင်းအကျန် ဖြစ်သည်။ သူတို့ ဘယ်တော့ထမြောက်မည်နည်း။ သူတို့သည် သေခြင်း၌ အိပ်လျက်နေရန် မလို။ သေသည်နှင့်တစ်ပြိုင်နက် ထမြောက်ကြမည်။ ကျမ်းစာ ဤသို့ရှင်းပြ၏– “ငါတို့ရှိသမျှသည် အိပ်ပျော်ရကြမည်မဟုတ်။ သို့သော်လည်း နောက်ဆုံးသောတံပိုး မှုတ်သောအခါ တစ်ခဏချင်းတွင် မျက်စိတစ်မှိတ်၌ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတံပိုးမှုတ်ချိန် ရောက်သောအခါ သေလွန်သောသူတို့သည် . . . ထမြောက် . . . ရကြမည်။”—၁ ကောရိန္သု ၁၅:၅၁၊ ၅၂; ၁ သက်သောလောနိတ် ၄:၁၅-၁၇။
၂၃။ နာမ်ဝိညာဉ်ဘဝသို့ ကူးပြောင်းခြင်းအကြောင်းကို ကျမ်းစာ မည်သို့ဖော်ပြသနည်း။
၂၃ ကောင်းကင်သို့ “ပထမ ထမြောက်ခြင်း” ကို လူ့မျက်စိဖြင့် မမြင်နိုင်သည်မှာ ဆိုဖွယ်မရှိ။ ၎င်းသည် နာမ်ဝိညာဉ်သတ္တဝါအဖြစ် အသက်ရှင်ထမြောက်ခြင်း ဖြစ်သည်။ နာမ်ဝိညာဉ်အသက်တာသို့ ပြောင်းလဲသည့်အကြောင်းကို ကျမ်းစာ ဤသို့ဆို၏– “စိုက်သောအခါ ပုပ်တတ်သောသဘောရှိ၏။ ထမြောက်သောအခါ မပုပ်နိုင်သောအဖြစ်၌ တည်၏။ စိုက်သောအခါ ဂုဏ်အသရေပျက်၏။ ထမြောက်သောအခါ ဂုဏ်အသရေနှင့် ပြည့်စုံ၏။ . . . စိုက်သောအခါ ဇာတိပကတိ ကိုယ်ဖြစ်၏။ ထမြောက်သောအခါ ဝိညာဏကိုယ် ဖြစ်၏။”—၁ ကောရိန္သု ၁၅:၄၂-၄၄။
၂၄။ (က) “ပထမထမြောက်ခြင်း” နောက်တွင် အဘယ်ထမြောက်ခြင်း လိုက်ပါလာသနည်း။ (ခ) ၎င်းကို “သာ၍မြတ်သော ထမြောက်ခြင်း” ဟု အဘယ်ကြောင့် ခေါ်သနည်း။
၂၄ သို့ရာတွင် “ပထမ ထမြောက်ခြင်း” ဟူသော စကားကိုယ်၌က နောက်ထမြောက်ခြင်းတစ်မျိုး လိုက်ပါလာမည်ကို ပြသည်။ ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူများ ပရဒိသုမြေကြီးပေါ်သို့ အသက်ရှင် ထမြောက်ခြင်းပင် ဖြစ်သည်။ ၎င်းသည် အာမဂေဒုန်ပြီးနောက် ဖြစ်မည်။ ၎င်းသည် ဧလိယနှင့် ဧလိရှဲတို့ ထမြောက်စေခဲ့သော ယောက်ျားကလေးများနှင့် မြေကြီးပေါ်၌ တစ်ချိန်က ထမြောက်ခဲ့ကြသော အခြားသူများ၏ ထမြောက်ခြင်းထက် “သာ၍ မြတ်သောထမြောက်ခြင်း” ဖြစ်သည်။ အဘယ်ကြောင့်နည်း။ အာမဂေဒုန်ပြီးနောက် ထမြောက်လာသူတို့သည် ဘုရားသခင်ကို ဝတ်ပြုရန် ရွေးချယ်လျှင် နောက်တစ်ဖန် ဘယ်တော့မျှ သေစရာမလိုသောကြောင့်ပင်။—ဟေဗြဲ ၁၁:၃၅။
ဘုရားသခင်ပြုသော အံ့ဖွယ်အမှုတစ်ခု
၂၅။ (က) သေလွန်ခဲ့သည့် ခန္ဓာကိုယ် ထမြောက်လာခြင်း အဘယ်ကြောင့် မဟုတ်သနည်း။ (ခ) အဘယ်အရာ ထမြောက်လာသနည်း။ ထမြောက်လာသူများအား အဘယ်အရာကို ပေးတော်မူသနည်း။
၂၅ လူတစ်ယောက်သေပြီးနောက် အဘယ်အရာ ထမြောက်လာသနည်း။ သေခဲ့သော နဂိုကိုယ်ခန္ဓာမဟုတ်။ ကောင်းကင်အသက်တာသို့ ထမြောက်ခြင်းနှင့်စပ်လျဉ်း၍ ဖော်ပြရာ၌ ကျမ်းစာက ဤအချက်ကို တင်ပြ၏။ (၁ ကောရိန္သု ၁၅:၃၅-၄၄) ကမ္ဘာပေါ် အသက်ရှင် ထမြောက်လာသူများပင် ယခင်အသက်ရှင်ခဲ့စဉ်က ရှိခဲ့သော ကိုယ်ခန္ဓာကို ပြန်ရကြမည်မဟုတ်။ ယခင်ကိုယ်သည် ပုပ်ဆွေး၍ မြေကြီးဖြစ်သွားပြီ။ ကြာသော် သေသောကိုယ်အတွင်းမှ ဒြပ်စင်များသည် အခြားသက်ရှိများ၏ အစိတ်အပိုင်း ဖြစ်သွားမည်။ ထို့ကြောင့် ဘုရားသခင်သည် နဂိုကိုယ်ခန္ဓာကို ထမြောက်စေခြင်းမဟုတ်ဘဲ သေခဲ့သော နဂိုပုဂ္ဂိုလ်ကို ထမြောက်စေတော်မူ၏။ ကောင်းကင်သို့ သွားသောသူများအား အသစ်သောဝိညာဏခန္ဓာကို ပေးတော်မူ၏။ ကမ္ဘာပေါ် အသက်ရှင်ရန် ထမြောက်ခံရသူများအား အသစ်သော ရုပ်ခန္ဓာကို ပေးတော်မူ၏။ ၎င်းရုပ်ခန္ဓာသစ်သည် ထိုသူမသေမီ ရှိခဲ့သည့် ခန္ဓာနှင့် ဆင်တူမည်မှာ သံသယမရှိ။ သို့မှသာ သူ့ကို သိခဲ့သောသူများ သူ့ကို မှတ်မိကြမည်။
၂၆။ (က) ထမြောက်ခြင်းသည် အဘယ်ကြောင့် အံ့သြမိန်းမောဖွယ်အမှု ဖြစ်သနည်း။ (ခ) သေခဲ့သူများကို မှတ်မိနိုင်သော ဘုရားသခင်၏ မဟာအစွမ်းအကြောင်းကို နားလည်နိုင်ရန် အဘယ်လူ့တီထွင်မှုများက အထောက်အကူပြုသနည်း။
၂၆ ထမြောက်ခြင်းသည် တကယ်ပင် အံ့ဩစရာအမှုတစ်ခုဖြစ်သည်။ သေခဲ့သူသည် တစ်သက်တာအတွင်း အတွေ့အကြုံ၊ အသိပညာနှင့် မှတ်သားစရာ အများအပြား စုဆောင်းမိခဲ့ပေမည်။ အသက်ရှင်ခဲ့သမျှသော အဘယ်သူနှင့်မျှမတူအောင် မိမိအား သီးခြားစေသော ပင်ကိုယ်စရိုက်တစ်ခုလည်း ပျိုးထောင်ရရှိခဲ့ပြီဖြစ်သည်။ သို့တစေ ယေဟောဝါဘုရားသခင်သည် အသေးစိတ်မှတ်မိသည်ဖြစ်ရကား ထိုသူကို ထမြောက်စေသောအခါ ထိုပုဂ္ဂိုလ်တစ်ခုလုံးကို ပြန်အသက်ရှင်စေတော်မူမည်။ ထမြောက်လာမည့် လူသေများနှင့်ပတ်သက်၍ ကျမ်းစာဆိုထားသည့်အတိုင်း “ထိုသူအပေါင်းတို့သည် ဘုရားသခင်၌ အသက်ရှင်ကြသည်။” (လုကာ ၂၀:၃၈) လူတို့သည် လူတို့၏ အသံနှင့် ရုပ်ပုံများကို ဖမ်းထားပြီး ထိုသူများ သေ၍ များစွာကြာမြင့်သည့်နောက် ပြန်ဖွင့်၍ နားထောင်ကြည့်ရှုနိုင်၏။ သို့သော် ယေဟောဝါသည် မိမိမှတ်ဉာဏ်အတွင်း၌ အသက်ရှင်လျက်ရှိသူအားလုံးကို ပြန်အသက်ရှင်စေနိုင်၏။ တကယ်လည်း ရှင်စေတော်မူမည်!
၂၇။ ရှင်ပြန်ထမြောက်ခြင်းနှင့်ပတ်သက်သော အဘယ်မေးခွန်းများ၏အဖြေကို နောက်ပိုင်း၌ ကျွန်ုပ်တို့ ရရှိကြမည်နည်း။
၂၇ လူသေများ ထမြောက်လာပြီးနောက် နောက်ပိုင်းပရဒိသုအသက်နှင့်ပတ်သက်၍ ကျမ်းစာက များစွာဖော်ပြထားသည်။ ဥပမာ၊ ယေရှုက အချို့သည် “အသက်ရှင်ရာထမြောက်ခြင်း” သို့လည်းကောင်း၊ အချို့သည် “အပြစ်စီရင်ရာထမြောက်ခြင်း” သို့လည်းကောင်း ထမြောက်လာကြမည်ဟု မိန့်ဆိုခဲ့သည်။ (ယောဟန် ၅:၂၉) ဘာကို ဆိုလိုသနည်း။ ထမြောက်လာမည့် “ဖြောင့်မတ်သောသူ” များ၏အခြေအနေသည် “မဖြောင့်မတ်သောသူ” များ၏အခြေအနေနှင့် တစ်နည်းနည်းဖြင့် ခြားနားမည်လော။ တရားစီရင်ရာနေ့အကြောင်း သုံးသပ်လိုက်လျှင် ၎င်းမေးခွန်းများ၏အဖြေကို ရပါလိမ့်မည်။
[စာမျက်နှာ ၁၆၇ ပါ ရုပ်ပုံ]
“သူသည် ထမြောက်လိမ့်မည်ကို ကျွန်မ သိပါသည်”
ဧလိယသည် မုဆိုးမ၏သားကို ထမြောက်စေခဲ့သည်
ဧလိရှဲသည် သူငယ်တစ်ဦးကို ထမြောက်စေခဲ့သည်
ဧလိရှဲ၏ အရိုးကိုထိသော လူတစ်ယောက် အသက်ပြန်ရှင်လာသည်
[စာမျက်နှာ ၁၆၈ ပါ ရုပ်ပုံ]
ယေရှု ထမြောက်စေတော်မူသောသူများ
နာဣနမြို့မှ မုဆိုးမ၏သား
လာဇရု
ယာဣရု၏သမီး
[စာမျက်နှာ ၁၆၉ ပါ ရုပ်ပုံ]
အခြားထမြောက်လာသူများ
ဒေါ်ကာ
ယေရှု ကိုယ်တော်တိုင်
ဥတုခု
[စာမျက်နှာ ၁၇၀ ပါ ရုပ်ပုံ]
လူဆိုးအား ယေရှုကတိပေးခဲ့သော ပရဒိသုသည် အဘယ်မှာရှိသနည်း