ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၆ ၁/၁၅ စာ. ၁၀
  • ယေရှုအားတရားစီရင်ခဲ့သည့် ယဇ်ပုရောဟိတ်မင်းကြီး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရှုအားတရားစီရင်ခဲ့သည့် ယဇ်ပုရောဟိတ်မင်းကြီး
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မိသားစုနောက်ခံ
  • ယဇ်ပုရောဟိတ်မင်းများနှင့် ယဇ်ပုရောဟိတ်အကြီးများ
  • ယေရှုအားကြောက်ရွံ့ခြင်း၊ ရောမအားကြောက်ရွံ့ခြင်း
  • လူသတ်မှုမြောက်သော ပူးပေါင်းကြံစည်မှု
  • ကယာဖထံမှ သင်ယူရသောသင်ခန်းစာ
  • အာနတ်ဆီ၊ ဒီနောက် ကယာဖဆီခေါ်သွား
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • အန္နထံ၊ ထိုနောက်ကယာဖထံခေါ်ဆောင်သွား
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • လာဇရု ရှင်ပြန်ထမြောက် လာသောအခါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • လာဇရုရှင်ပြန်ထမြောက် လာသောအခါ
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
က၀၆ ၁/၁၅ စာ. ၁၀

ယေရှုအားတရားစီရင်ခဲ့သည့် ယဇ်ပုရောဟိတ်မင်းကြီး

ယေရုရှလင်မြို့ဟောင်း၏ တောင်ဘက် တစ်မိုင်ခန့်ပင်မဝေးသည့် လမ်းပေါ်နှင့်ပန်းခြံတစ်ခုတွင် အလုပ်လုပ်နေသော အမျိုးသားများသည် ၁၉၉၀ ပြည့်နှစ်၊ နိုဝင်ဘာလက စိတ်ဝင်စားဖွယ်ရာတစ်ခုကို တွေ့ရှိခဲ့ကြသည်။ မြေတူးစက်သည် ရှေးခေတ်ဂူသင်္ချိုင်းတစ်ခု၏အမိုးကို အမှတ်မထင်ဝင်တိုးမိသည်။ ထိုဝန်းကျင်ဒေသမှာ ဘီစီ ပထမရာစုမှစပြီး အေဒီ ပထမရာစုတိုင် အသုံးပြုခဲ့သော ရှေးခေတ်သင်္ချိုင်းဖြစ်သည်။ အမှန်တကယ်စိတ်ဝင်စားဖွယ်ရာမှာ ထိုသင်္ချိုင်းအတွင်းမှ ရှေးဟောင်းသုတေသနပညာရှင်များ တွေ့ရှိခဲ့ရာဖြစ်၏။

ဂူထဲတွင် အရိုးအိုး သို့မဟုတ် အရိုးသေတ္တာ ၁၂ ခုရှိသည်၊ ထိုအရိုးအိုးထဲရှိအရိုးများသည် အသားပုပ်ပျက်သွားစေရန် ဂူထဲတွင် တစ်နှစ်ခန့်ထားရှိခဲ့ပြီးဖြစ်သော လူသေများ၏အရိုးများဖြစ်သည်။ တွေ့ ရှိရသမျှတွင် အကောင်းဆုံးဖြစ်ပြီး ခမ်းနားလှပစွာထွင်းထုထားသော အရိုးသေတ္တာတစ်ခု၏ဘေးတစ်ဖက်တွင် ယီဟိုစက်ဖ် ဘာ စီယာဖာ (ကယာဖ၏သားယောသပ်) ဟူသောနာမည်ကို ကမ္ဗည်းရေးထိုးထားသည်။

ယင်းသည် အရေးတကာ့အရေးအကြီးဆုံးသော ရုံးတင်စစ်ဆေးမှုဖြစ်သည့် ယေရှုခရစ်၏အမှုကို ဦးစီးကိုင်တွယ်ခဲ့သူ ယဇ်ပုရောဟိတ်မင်းကြီး၏ ဂူဖြစ်ဖွယ်ရှိကြောင်း အထောက်အထားက တင်ပြသည်။ ဂျူးသမိုင်းပညာရှင် ဂျိုစီဖတ်စ်က ထိုယဇ်ပုရောဟိတ်မင်းကြီးကို “ကယာဖဟုခေါ်သောယောသပ်” ဟုဖော်ပြခဲ့သည်။ သမ္မာကျမ်းစာထဲတွင် သူ့ကို ကယာဖဟုသာခေါ်ဆိုထားသည်။ သူ့အကြောင်း ကျွန်ုပ်တို့ အဘယ်ကြောင့် စိတ်ဝင်စားသင့်သနည်း။ ယေရှုအား တရားစီရင်ရန် အဘယ်အရာက သူ့ကိုတွန်းအားပေးခဲ့သနည်း။

မိသားစုနောက်ခံ

ကယာဖသည် ယဇ်ပုရောဟိတ်မင်းအန္နတ်၏သမီးနှင့် ထိမ်းမြားခဲ့သည်။ (ယောဟန် ၁၈:၁၃) နှစ်ဖက်သောဆွေမျိုးများသည် ရင်းနှီးသောဆက်ဆံရေးရှိလိုသဖြင့် လက်ထပ်ပွဲမတိုင်မီ နှစ်များစွာကြို၍ ယင်းကို စီစဉ်ထားခဲ့ဖွယ်ရှိသည်။ ယင်းက သူတို့၏ယဇ်ပုရောဟိတ်မျိုးရိုး သန့်စင်မှုရှိစေရန် ဆွေစဉ်မျိုးဆက်များကို အသေအချာဆန်းစစ်ခဲ့ကြောင်းပြသည်။ မိသားစုနှစ်ဖက်စလုံးက ချမ်းသာပြီး အထက်တန်းလွှာဖြစ်ပုံရကာ ယေရုရှလင်မြို့တစ်ဝိုက်ရှိ ပိုင်ဆိုင်ရာများကြောင့် ချမ်းသာကြွယ်ဝခဲ့ဖွယ်ရှိသည်။ အန္နတ်အနေဖြင့် သူ၏သမက်လောင်းမှာ မှီခိုအားထားနိုင်လောက်သော နိုင်ငံရေးမဟာမိတ်တစ်ဦးဖြစ်ကြောင်း သေချာလိုမည်မှာ ယုံမှားဖွယ်မရှိချေ။ အန္နတ်နှင့်ကယာဖနှစ်ဦးစလုံးသည် ဩဇာအာဏာကြီးမားသော ဇဒ္ဒုကဲအဖွဲ့ဝင်များဖြစ်ဖွယ်ရှိသည်။—တမန်တော် ၅:၁၇။

ကယာဖသည် ထင်ပေါ်ကျော်ကြားသော ယဇ်ပုရောဟိတ်မိသားစုဝင်တစ်ဦး ဖြစ်သောကြောင့် ဟေဗြဲကျမ်းစောင်များ၊ ယင်းတို့၏ အနက်ဖွင့်ဆိုချက်များနှင့်ပတ်သက်သည့်ပညာ သင်ယူရရှိခဲ့ပေမည်။ အသက် ၂၀ အရွယ်တွင် ဝတ်ပြုရာအိမ်တော်လုပ်ငန်းကို စတင်ထမ်းဆောင်ခဲ့သော်လည်း မည်သည့်အသက်အရွယ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်ခဲ့သည်ကို မသိရပါ။

ယဇ်ပုရောဟိတ်မင်းများနှင့် ယဇ်ပုရောဟိတ်အကြီးများ

မူလက ယဇ်ပုရောဟိတ်မင်းရာထူးကို မျိုးရိုးအရဆက်ခံခြင်းဖြစ်ပြီး ယင်းသည် တစ်သက်တာပတ်လုံးထမ်းဆောင်ရမည့် လုပ်ငန်းဖြစ်သည်။ သို့သော် ဘီစီ ဒုတိယရာစုတွင် ဟာစမိုနီယန် မိသားစုဝင်များသည် ယဇ်ပုရောဟိတ်မင်းရာထူးကို အတင်းအဓမ္မသိမ်းယူခဲ့ကြသည်။a ဟေရုဒ်မင်းကြီးသည် ယဇ်ပုရောဟိတ်မင်းများကို ခန့်အပ်ခြင်းနှင့်ဖြုတ်ချခြင်းတို့ ပြုလုပ်ခဲ့ပြီး ထိုသို့ပြုလုပ်ခြင်းဖြင့် ယင်းအတွက် သူ့တွင် အမှန်တကယ်အာဏာရှိကြောင်း ထင်ရှားပြခဲ့သည်။ ရောမဘုရင်ခံများလည်း ထိုအတိုင်းပြုလုပ်ခဲ့ကြသည်။

ဤအဖြစ်အပျက်များကြောင့် ကျမ်းစာတွင် “ယဇ်ပုရောဟိတ်အကြီး” များဟုခေါ်ဆိုထားသည့် အုပ်စုတစ်စု ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ (မဿဲ ၂၆:၃၊ ၄) ဤအုပ်စုတွင် ကယာဖအပြင် ယဇ်ပုရောဟိတ်မင်းအဖြစ်မှ ဖြုတ်ချခံခဲ့ရသော်လည်း ထိုအမည်ကိုဆက်ခံထားဆဲဖြစ်သည့် အန္နတ်နှင့် ယခင်ယဇ်ပုရောဟိတ်မင်းများပါဝင်သည်။ လက်ရှိနှင့်ယခင်ယဇ်ပုရောဟိတ်မင်းများ၏ ဆွေမျိုးနီးစပ်များလည်း ပါဝင်သည်။

ရောမများသည် ယဇ်ပုရောဟိတ်အကြီးများအပါအဝင် ယုဒအထက်တန်းလွှာအား ယုဒနယ်တစ်လျှောက် စီမံခန့်ခွဲရေးကိစ္စများကို ဦးစီးခွင့်ပြုခဲ့သည်။ ယင်းက စစ်သားများစွာပို့စရာမလိုဘဲ ယုဒနယ်ကို ရောမတို့၏ထိန်းချုပ်မှုအောက်တွင်ရှိနေစေပြီး အခွန်ဘဏ္ဍာများကိုလည်း လုံခြုံစိတ်ချရစေသည်။ ရောမများက ဂျူးအာဏာပိုင်တို့သည် ငြိမ်ဝပ်မှုကိုထိန်းသိမ်းပြီး သူတို့၏ အကျိုးစီးပွားများကို ကာကွယ်ပေးမည်ဟု မျှော်လင့်ကြသည်။ ရောမဘုရင်ခံများသည် ရောမအုပ်ချုပ်မှုကိုမုန်းတီးသည့် ဂျူးခေါင်းဆောင်များကို မနှစ်သက်ကြပါ။ သို့သော် အာဏာတည်မြဲရန် ပူးပေါင်းဆောင်ရွက်ခြင်းက နှစ်ဦးနှစ်ဖက်အကျိုးရှိစေသည်။

ကယာဖအချိန်တွင် ယဇ်ပုရောဟိတ်မင်းသည် ဂျူးနိုင်ငံရေးခေါင်းဆောင်လည်းဖြစ်သည်။ ဆီးရီးယားမှရောမဘုရင်ခံ ကုရေနိသည် အေဒီ ၆ ခုနှစ် သို့မဟုတ် ၇ ခုနှစ်တွင် အန္နတ်ကို ထိုရာထူးခန့်အပ်ခဲ့သည်။ လောဘကြီးမှု၊ ဘက်လိုက်မှု၊ ဖိနှိပ်မှုနှင့် ကြမ်းတမ်းမှုတို့ကို ယုဒအထက်တန်းလွှာမိသားစုများ၏ ဝိသေသလက္ခဏာအဖြစ် ရဗ္ဗိထုံးတမ်းစဉ်လာက ဖော်ပြသည်။ ယဇ်ပုရောဟိတ်မင်းတစ်ဦးအနေနှင့် အန္နတ်က သူ၏သမက် ကယာဖသည် “ဝတ်ပြုရာအိမ်တော်အာဏာပိုင်တစ်ဦး မြန်မြန်ဆန်ဆန် ဖြစ်လာပြီး နောက်ဆုံး ရာထူးမြင့်လာလေ မိမိအတွက် ပိုအသုံးဝင်လေဖြစ်မည်” ကို ယုံကြည်စိတ်ချခဲ့မည်ဟု စာရေးဆရာမတစ်ဦး ထင်မြင်ယူဆသည်။

ယုဒနယ်၏ဘုရင်ခံ ဗာလဲယုစ် ဂရာတုစ်သည် အန္နတ်ကို အေဒီ  ၁၅ ခုနှစ်ခန့်တွင် ရာထူးမှဖြုတ်ချခဲ့သည်။ အန္နတ်၏သားတစ်ဦးအပါအဝင် အခြားသူသုံးဦးသည် ယဇ်ပုရောဟိတ်မင်းရာထူးကို တစ်ဦးပြီးတစ်ဦး ဆက်ခံခဲ့သည်။ ကယာဖသည် အေဒီ ၁၈ ခုနှစ်ခန့်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်လာသည်။ အေဒီ ၂၆ ခုနှစ်တွင် ယုဒဘုရင်ခံအဖြစ်ခန့်အပ်ခံရသော ပုန္တိပိလတ်သည် သူ၏ဆယ်နှစ်တာအုပ်ချုပ်ချိန်တစ်လျှောက် မိမိနှင့်အတူ ကယာဖကိုတွဲလုပ်စေသည်။ ကယာဖ၏ရာထူးသက်တမ်းတွင် ယေရှု၏ဓမ္မအမှုကာလအပိုင်းအခြားနှင့် ကိုယ်တော့်နောက်လိုက်များ၏ အစောပိုင်းဟောပြောချိန်တို့ပါဝင်သည်။ သို့သော် ကယာဖသည် ခရစ်ယာန်သတင်းတရားကို မနှစ်သက်ခဲ့ပေ။

ယေရှုအားကြောက်ရွံ့ခြင်း၊ ရောမအားကြောက်ရွံ့ခြင်း

ကယာဖသည် ယေရှုကို ဆူပူအုံကြွမှုဖြစ်စေမည့် အန္တရာယ်ရှိသူတစ်ဦးအဖြစ် ရှုမြင်သည်။ ယေရှုသည် အာဏာပိုင်များ၏ ဥပုသ်ပညတ်အနက်ဖွင့်ဆိုချက်ကို အချေအတင်ပြောဆိုပြီး ဝတ်ပြုရာအိမ်တော်မှ ကုန်သည်များနှင့် ငွေလဲလှယ်သူများကို နှင်ထုတ်ကာ “ထိုအိမ်ကို ဓားပြတွင်းဖြစ်စေကြပြီ” ဟုဆိုခဲ့သည်။ (လုကာ ၁၉:၄၅၊ ၄၆) ဝတ်ပြုရာအိမ်တော်မှ ထိုဈေးတန်းကို အန္နတ်ပိုင်ဆိုင်ပြီး ယင်းက ယေရှုအား နှုတ်ပိတ်ရန် ကယာဖကြိုးစားသည့် နောက်အကြောင်းရင်း ဖြစ်နိုင်သည်ဟု သမိုင်းပညာရှင်အချို့က ယုံကြည်ကြသည်။ ယဇ်ပုရောဟိတ်အကြီးများသည် ယေရှုအားဖမ်းဆီးရန် မင်းလုလင်တို့ကိုစေလွှတ်သောအခါ ကိုယ်တော်၏စကားများကို သူတို့အံ့သြလွန်း၍ ကိုယ်တော်ကို မဖမ်းဆီးဘဲပြန်သွားကြသည်။—ယောဟန် ၂:၁၃-၁၇; ၅:၁-၁၆; ၇:၁၄-၄၉။

ယေရှုသည် လာဇရုကိုရှင်ပြန်ထမြောက်စေကြောင်း ဂျူးအာဏာပိုင်များကြားသောအခါ အဘယ်အရာဖြစ်ပျက်သည်ကို သုံးသပ်ကြည့်ပါ။ ယောဟန်မှတ်တမ်းက ဤသို့ဆို၏– “ယဇ်ပုရောဟိတ်အကြီးတို့နှင့် ဖာရိရှဲများသည် လွှတ်အရာရှိတို့ကို စည်းဝေးစေပြီးလျှင်၊ ‘ငါတို့သည် အဘယ်သို့ပြုလျက်နေကြသနည်း။ ထိုသူသည် များစွာသောနိမိတ်လက္ခဏာကိုပြ၏။ သူ့ကိုဤသို့အလွတ်ထားလျှင် လူခပ်သိမ်းတို့သည် ယုံကြည်ကြလိမ့်မည်။ ရောမလူတို့သည်လည်းလာ၍ ငါတို့အရပ်ဌာနကိုလည်းကောင်း၊ ငါတို့အမျိုးကိုလည်းကောင်း သုတ်သင်ပယ်ရှင်းကြလိမ့်မည်’ ဟု ပြောဆိုကြ၏။” (ယောဟန် ၁၁:၄၇၊ ၄၈) ဆဲန်ဟီဒရင်က မိမိတို့၏ ဘာသာရေးအဖွဲ့အစည်း အခွင့်အာဏာနှင့် ပိလတ်မင်း ပေးအပ်ထားသောတာဝန်ဖြစ်သည့် ပြည်သူ့ငြိမ်ဝပ်မှုရှိရေးတို့ကို အန္တရာယ်ပေးမည့်သူအဖြစ် ယေရှုကို ရှုမြင်ကြသည်။ မည်သည့်ပြည်သူ့လှုပ်ရှားမှုကိုမဆို ရောမတို့က ပုန်ကန်မှုအဖြစ်အဓိပ္ပာယ်ကောက်နိုင်ပြီး ဂျူးတို့၏ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်လာနိုင်သည်ဖြစ်ရာ မည်သို့ပင်ဖြစ်ပါစေ ဆဲန်ဟီဒရင်က ယင်းသို့လုံးဝအဖြစ်မခံလိုပေ။

အံ့ဖွယ်အမှုများ ယေရှု ပြုလုပ်ခဲ့သည်ကို မငြင်းဆိုနိုင်သော်လည်း ကယာဖသည် ယေရှုကိုမယုံကြည်ဘဲ မိမိရာထူးအာဏာ တည်မြဲရေးကိုသာ ရှာကြံခဲ့သည်။ လာဇရု ရှင်ပြန်ထမြောက်လာခြင်းကို သူမည်သို့ယုံကြည်နိုင်ပါမည်နည်း။ ဇဒ္ဒုကဲတစ်ဦးဖြစ်သောကြောင့်  ရှင်ပြန်ထမြောက်ခြင်းကို ကယာဖ မယုံကြည်ခဲ့ပေ!—တမန်တော် ၂၃:၈။

အုပ်ချုပ်သူချင်းတို့အား ကယာဖ ဤသို့ပြောသောအခါ သူ၏ယုတ်မာမှုထင်ရှားသည်– “ယုဒလူမျိုးအကုန်အစင်ပျက်စီးသည်ထက်၊ လူတစ်ယောက်သည် လူများတို့အတွက်သေသော် သာ၍ကောင်းသည်ကို သင်တို့သည်မဆင်ခြင်ပါတကား။” မှတ်တမ်းက ဤသို့ဆက်ပြော၏– “ထိုစကားကို ကိုယ်အလိုအလျောက်ပြောဆိုသည်မဟုတ်။ ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်လျက် ယေရှုသည် ထိုအမျိုးအတွက်သေရမည်ဟူ၍လည်းကောင်း၊ ထိုအမျိုးအတွက်သာမက အရပ်ရပ်တို့၌ကွဲပြားလျက်ရှိသော ဘုရားသခင်၏သားများကို အတူစုဝေးစေခြင်းငှာ သေရမည်ဟူ၍လည်းကောင်း ပရောဖက်ဉာဏ်နှင့်ဟောပြော၏။ ထိုနေ့မှစ၍ ကိုယ်တော်၏အသက်ကိုသတ်ခြင်းငှာ တိုင်ပင်ကြံစည်ကြ၏။”—ယောဟန် ၁၁:၄၉-၅၃။

ကယာဖသည် မိမိစကားများ၏ အဓိပ္ပာယ်အပြည့်အဝကို နားမလည်ချေ။ ယဇ်ပုရောဟိတ်မင်းအဖြစ် ထမ်းဆောင်နေသောကြောင့် သူပရောဖက်ပြုခဲ့ခြင်းဖြစ်သည်။b ယေရှု၏သေခြင်းသည် ဂျူးများကိုသာ အကျိုးပြုမည်မဟုတ်ပေ။ ကိုယ်တော်၏ရွေးနုတ်ဖိုးပူဇော်သကာသည် လူသားအားလုံးကို အပြစ်နှင့်သေခြင်း၏ ချုပ်နှောင်မှုအောက်မှ လွတ်မြောက်စေမည်ဖြစ်သည်။

လူသတ်မှုမြောက်သော ပူးပေါင်းကြံစည်မှု

ဂျူးယဇ်ပုရောဟိတ်အကြီးများနှင့် လူအကြီးအကဲတို့သည် ကယာဖအိမ်၌စုဝေးပြီး ယေရှုအား မည်သို့ဖမ်းဆီးပြီးသတ်ရမည်ကို တိုင်ပင်ဆွေးနွေးကြသည်။ ယေရှုအားအပ်နှံရန် ယုဒရှကာရုတ်အား ငွေမည်မျှပေးမည်ကို ယဇ်ပုရောဟိတ်မင်းက ပိုင်းဖြတ်ခဲ့ပုံရသည်။ (မဿဲ ၂၆:၃၊ ၄၊ ၁၄၊ ၁၅) သို့သော် ကယာဖ၏ယုတ်မာမှုများသည် လူတစ်ဦးကိုသတ်ရုံနှင့် မပြီးခဲ့ချေ။ “ယုဒလူများတို့သည် လာဇရုကိုအကြောင်းပြုသဖြင့် . . . ယေရှုကိုယုံကြည်သောကြောင့် ယဇ်ပုရောဟိတ်အကြီးတို့သည် လာဇရုကိုလည်းသတ်ခြင်းငှာ တိုင်ပင်စီရင်ကြ၏။”—ယောဟန် ၁၂:၁၀၊ ၁၁။

ယေရှုအားဖမ်းဆီးရန် စေလွှတ်လိုက်သော လူစုတွင် ကယာဖ၏ကျွန် မာလခုပါဝင်သည်။ ယေရှုကို စစ်ဆေးမေးမြန်းရန် အန္နတ်ထံသို့ ပထမ ခေါ်သွားသည်။ ထို့နောက် ဂျူးပညတ်ကိုဆန့်ကျင်ကာ ညဘက်တွင်တရားမဝင်စစ်ဆေးမှုပြုရန် ဂျူးအကြီးအကဲများကို စုရုံးထားပြီဖြစ်သော ကယာဖထံ ခေါ်ဆောင်သွားသည်။—မဿဲ ၂၆:၅၇; ယောဟန် ၁၈:၁၀၊ ၁၃၊ ၁၉-၂၄။

မမှန်သောသက်သေများ၏ ယေရှုတစ်ဖက် သက်သေထွက်ဆိုချက်များ မညီသောအခါတွင်လည်း ကယာဖ ကြားဝင်ကန့်ကွက်ခြင်းမရှိပါ။ မိမိကိုယ်ကို မေရှိယဟုကြေညာသည့် မည်သူမဆိုအပေါ် ပူးပေါင်းကြံစည်သူချင်းများ မည်သို့သဘောထားကြောင်း ယဇ်ပုရောဟိတ်မင်း သိထားသည်။ ထို့ကြောင့် ယေရှုထိုသို့ကြေညာခဲ့ခြင်း ဟုတ်မဟုတ်ပြောရန် သူတောင်းဆိုလိုက်သည်။ ယေရှုက “လူသားသည် တန်ခိုးတော်၏လက်ယာဘက်၌ထိုင်လျက် မိုးတိမ်ကိုစီး၍ကြွလာသည်ကို” မိမိအားစွပ်စွဲသူများ မြင်ရကြမည်ဟု ပြန်ပြောခဲ့သည်။ ဘာသာတရားကိုင်းရှိုင်းဟန်ဖြင့် ‘ယဇ်ပုရောဟိတ်မင်းသည် မိမိအဝတ်ကိုဆုတ်လျက်၊ “ဤသူသည် ဘုရားသခင်ကိုလွန်ကျူး၍ပြောပြီ။ အဘယ်သက်သေကိုလိုသေးသနည်း”’ ဟုပြောလိုက်သည်။ ဆဲန်ဟီဒရင်က ယေရှုသည် သေထိုက်ကြောင်း ဝန်ခံခဲ့၏။—မဿဲ ၂၆:၆၄-၆၆။

ကွပ်မျက်မှုများအတွက် ရောမများ၏ သဘောတူညီမှုကို ရယူရမည်ဖြစ်သည်။ ရောမတို့နှင့်ဂျူးများကြား ကိုယ်စားလှယ်အနေနှင့် ပိလတ်မင်းထံ ဤအမှုကို ကယာဖ လျှောက်တင်ခဲ့ပုံရသည်။ ယေရှုအားလွှတ်ရန် ပိလတ်မင်းကြိုးစားသောအခါ “ထိုသူကို လက်ဝါးကပ်တိုင်မှာရိုက်ထားပါ၊ ရိုက်ထားပါ” ဟုဟစ်ကြော်သော ယဇ်ပုရောဟိတ်အကြီးများတွင် ကယာဖပါဝင်ပုံရသည်။ (ယောဟန် ၁၉:၄-၆) ကယာဖသည် ယေရှုအစား လူသတ်သမားတစ်ဦးကိုလွှတ်ရန် အော်ဟစ်တောင်းဆိုဖို့ လူအုပ်ကိုတိုက်တွန်းခဲ့ပြီး “အကျွန်ုပ်တို့၌ ကဲသာဘုရင်မှတစ်ပါး အဘယ်ရှင်ဘုရင်မျှမရှိပါ” ဟုဟန်ဆောင်အော်ဟစ်နေသော ယဇ်ပုရောဟိတ်အကြီးများအဝင် ဖြစ်ခဲ့ပေမည်။—ယောဟန် ၁၉:၁၅; မာကု ၁၅:၇-၁၁။

ယေရှုရှင်ပြန်ထမြောက်သည့် သက်သေအထောက်အထားများကို ကယာဖငြင်းပယ်ခဲ့သည်။ ပေတရု၊ ယောဟန်နှင့် သတေဖန်တို့ကို ဆန့်ကျင်ခဲ့သည်။ ကယာဖသည် ဒမာသက်မြို့တွင် တွေ့သမျှခရစ်ယာန်များကို ဖမ်းဆီးရန်လည်း ရှောလုကိုအခွင့်အာဏာပေးခဲ့သည်။ (မဿဲ ၂၈:၁၁-၁၃; တမန်တော် ၄:၁-၁၇; ၆:၈–၇:၆၀; ၉:၁၊ ၂) သို့သော် အေဒီ ၃၆ ခုနှစ်တွင် ဆီးရီးယားမှရောမဘုရင်ခံ ဗိုင်တဲလီးယပ်စ်က ကယာဖကို ဖြုတ်ချခဲ့သည်။

ဂျူးစာပေများတွင် ကယာဖ၏မိသားစုကို မနှစ်မြို့ဖွယ်ရာအဖြစ် ဖော်ပြထားသည်။ သာဓကအနေနှင့် ဗာဗုလုန်တာလ်မွဒ်ကျမ်း၌ ဤသို့မြည်တမ်းထား၏– “ဟာနင် [အန္နတ်] ၏အမျိုးအနွယ်ကြောင့် ငါ၌ အမင်္ဂလာရှိ၏။ သူတို့၏ကုန်းချောစကား၊ အသရေဖျက်သည့် စကားများကြောင့် ငါ၌ အမင်္ဂလာရှိ၏။” ထိုမြည်တမ်းစကားမှာ “ဖိနှိပ်ချုပ်ချယ်ဖို့အကြံအစည်ဖြင့် လျှို့ဝှက်အစည်းအဝေးများ” ကို ရည် ညွှန်းဖွယ်ရှိသည်။

ကယာဖထံမှ သင်ယူရသောသင်ခန်းစာ

ပညာရှင်တစ်ဦးက ယဇ်ပုရောဟိတ်မင်းကြီးများကို “ခေါင်းမာသော၊ ဉာဏ်များသော၊ ကျွမ်းကျင်လိမ္မာသော၊ မာနထောင်လွှားသော” ပုဂ္ဂိုလ်များအဖြစ် သရုပ်ဖော်ထားသည်။ ကယာဖသည် မာနကြီးသောကြောင့် မေရှိယကိုလက်မခံခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ယနေ့ ကျမ်းစာသတင်းစကားကို လူတို့ငြင်းပယ်ခြင်းက ကျွန်ုပ်တို့အတွက် အထူးအဆန်းမဖြစ်သင့်ချေ။ အချို့သူတို့သည် မိမိတို့နှစ်သက်တန်ဖိုးထားသော ယုံကြည်ချက်များကို စွန့်လွှတ်လိုသည့်အထိ ကျမ်းစာအမှန်တရားကို စိတ်ဝင်စားမှုမရှိကြပါ။ အခြားသူများမှာ နှိမ့်ချသော  သတင်းကောင်း ဟောပြောသူများဖြစ်ခြင်းက မိမိတို့ဂုဏ်သိက္ခာကျစေသည်ဟု ခံစားရပေမည်။ ထို့ပြင် ခရစ်ယာန်စံနှုန်းများက မရိုးသားသူ သို့မဟုတ် လောဘကြီးသူတို့ကို လက်မခံချေ။

ယဇ်ပုရောဟိတ်မင်းအနေနှင့် ကယာဖသည် ဂျူးများ မေရှိယကိုလက်ခံလာရန် ကူညီပေးနိုင်သော်လည်း အာဏာဇောကြောင့် ယေရှုအား တရားစီရင်ခဲ့သည်။ ကယာဖသည် သေဆုံးသည်အထိ ထိုသို့ဆန့်ကျင်ခဲ့ပုံရသည်။ သူ့အပြုအမူနှင့်ပတ်သက်သောမှတ်တမ်းက လူတစ်ဦးသေဆုံးသွားသောအခါ အရိုးသာကျန်ကြွင်းခြင်းမဟုတ်ဘဲ နာမည်ကောင်း သို့မဟုတ် နာမည်ဆိုးလည်း ကျန်ခဲ့ကြောင်း ဖော်ပြနေသည်။ ကျွန်ုပ်တို့၏ အပြုအမူများဖြင့် ဘုရားသခင်ရှေ့ ထာဝရနာမည်ကောင်း သို့မဟုတ် နာမည်ဆိုး ရအောင်ပြုလုပ်နေကြခြင်းဖြစ်သည်။

[အောက်ခြေမှတ်ချက်များ]

a ဟာစမိုနီယန်တို့၏သမိုင်းအကြောင်း ၂၀၀၁၊ ဇွန် ၁၅ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၂၇-၃၀ တွင်ရှု။

b ရှေးယခင်က ယေဟောဝါသည် ဣသရေလလူမျိုးများနှင့်ပတ်သက်ပြီး တိကျမှန်ကန်သည့် ပရောဖက်ပြုချက်များ ပြောဆိုရန် ဆိုးယုတ်သောဗာလမ်ကို အသုံးပြုတော်မူခဲ့သည်။—တောလည်ရာ ၂၃:၁–၂၄:၂၄။

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ကယာဖ၏သားယောသပ်

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

လွန်ခဲ့သော ၁၅ နှစ်က တွေ့ရှိခဲ့သော အရိုးသေတ္တာ

[Picture Credit Lines on page 10]

Ossuary, inscription, and cave in background: Courtesy of Israel Antiquities Authority

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ