ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၂/၁ စာ. ၄-၇
  • ယနေ့မိစ္ဆာပရောဖက်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယနေ့မိစ္ဆာပရောဖက်များ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • နိုင်ငံတော်အကြောင်းအမှန်တရား
  • အဘယ်ကြောင့်အရေးကြီးကြောင်း
  • ဘုရားသခင့်နိုင်ငံတော်အောက်ရှိလောကီသားများ
  • ဘုရားသခင့်နိုင်ငံတော်အကြောင်း ယေရှု သွန်သင်ခဲ့ရာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ဘုရားသခင့်နိုင်ငံတော်
    နိုးလော့!—၂၀၁၃
  • ဘုရားသခင့်နိုင်ငံတော် အုပ်စိုးပြီ
    ထာဝရအသက်ရစေသော အသိပညာအသိပညာ
  • ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၂/၁ စာ. ၄-၇

ယနေ့မိစ္ဆာပရောဖက်များ

ယေရုရှလင်မြို့တွင် သီလယိုယွင်းခြင်း၊ အဂတိလိုက်စားခြင်းနှင့် အပြစ်မဲ့သူ၏အသက်ကိုသတ်ခြင်းတို့အနှံ့အပြားရှိနေချိန်တွင် ဘုရားသခင်၏ပရောဖက်အဖြစ်ယေရမိအမှုထမ်းခဲ့သည်။ (ယေရမိ ၇:၈-၁၁) ထိုအချိန်တွင် သူသည်အမှုထမ်းခဲ့သောပရောဖက်တစ်ဦးတည်းမဟုတ်ဘဲ အခြားပရောဖက်အများတို့သည် ကိုယ်ကျိုးဆောင်၍အဂတိလိုက်စားနေကြသည်။ အဘယ်နည်းဖြင့်နည်း။ ယေဟောဝါဤသို့ဆိုသည်။ “ပရောဖက်မှစ၍ ယဇ်ပုရောဟိတ်ရှိသမျှတို့သည် မုသားကိုသုံးကြ၏။ ချမ်းသာမရှိသောအခါ ‘ချမ်းသာ၊ ချမ်းသာ’ ဟုပြောဆိုလျက် ငါ၏လူမျိုးသတို့သမီးအနာကို ပေါ့လျော့စွာကုကြ၏။”—ယေရမိ ၆:၁၃၊ ၁၄။

တိုင်းပြည်၌အဂတိလိုက်စားမှုနှံ့ပြားနေလျက်ပင် မိစ္ဆာပရောဖက်တို့က အခြေအနေကောင်းပါသည်၊ ပြည်သူပြည်သားတို့သည် ဘုရားသခင်နှင့်သင့်တင့်နေသည်ဟုဆိုသော်လည်း ထိုသို့ဖြစ်မနေပါ။ ယေရမိရဲရင့်စွာကြေညာခဲ့သကဲ့သို့ပင် ဘုရားသခင်၏တရားစီရင်ချက်ကို သူတို့ခံရကြမည်။ ဘီစီအီး ၆၀၇ ခုနှစ်တွင်ဗာဗုလုန်စစ်သားများသည် ယေရုရှလင်မြို့နှင့်ဗိမာန်တော်ကိုဖျက်ဆီးပစ်၍ တိုင်းသူပြည်သားများ သေကျေပျက်စီးသူပျက်စီး၊ ဝေးလံသောဗာဗုလုန်ပြည်သို့ သုံ့ပန်းများအဖြစ်ခေါ်ဆောင်သွားခံရချိန်၌ မိစ္ဆာပရောဖက်များမဟုတ် စစ်မှန်သောပရောဖက်ယေရမိသာလျှင် တိကျမှန်ကန်စွာဟောပြောခဲ့ကြောင်းထင်ရှားသည်။ ကျန်ကြွင်းသောပြည်သားအနည်းငယ်မူကား အီဂျစ်ပြည်သို့ထွက်ပြေးကြလေသည်။—ယေရမိ ၃၉:၆-၉၊ ၄၃:၄-၇။

မိစ္ဆာပရောဖက်များ မည်သို့ပြုကြသနည်း။ “‘ငါ့စကားတော်ကို အိမ်နီးချင်းတစ်ယောက်မှတစ်ယောက်ခိုးသောပရောဖက်တို့ကို ငါသည်ဆန့်ကျင်ဘက်ပြုမည်’ ဟုထာဝရဘုရား [ယေဟောဝါ၊ ကဘ] မိန့်တော်မူ၏။” (ယေရမိ ၂၃:၃၀) ဘုရားသခင့်ထံတော်မှလာသောသတိပေးချက်မှန်ကိုနားထောင်မည့်အစား မုသားကိုနားထောင်ရန် လူတို့ကိုအားပေးခြင်းအားဖြင့် ဘုရားသခင့်နှုတ်ထွက်စကားများ၏လေးနက်အရေးကြီးချက်ကို မိစ္ဆာပရောဖက်များခိုးယူကြသည်။ သူတို့သည် “ဘုရားသခင်၏အံ့ဖွယ်သောအမှုတို့ကို” ပြောဆိုကြမည့်အစား သူတို့ကိုယ်ပိုင်အကြံအစည်၊ လူအများကြားလိုသည့်စကားများကိုသာ ပြောဆိုတတ်ကြသည်။ ယေရမိပြောဆိုသည့်စကားများမှာမူ ဘုရားသခင်ထံတော်မှအမှန်ဖြစ်ပြီး ဣသရေလလူမျိုးသာ သူမှာသည့်အတိုင်းပြုမူမည်ဆိုလျှင် အသက်ချမ်းသာရမည်မှာမလွဲပေ။ မိစ္ဆာပရောဖက်များသည် ‘ဘုရားသခင်၏စကားများကိုခိုးယူ’ ပြီး လူတို့အားဒုက္ခရောက်စေကြသည်။ မိမိခေတ်ရှိဘာသာရေးခေါင်းဆောင်များ၏သစ္စာပျက်မှုအကြောင်း ယေရှုပြောသည့်အတိုင်းပင်ဖြစ်သည်။ “သူတို့သည်လူကန်းတို့အားလမ်းပြသောလူကန်းဖြစ်ကြ၏။ လူကန်းချင်းတစ်ဦးကိုတစ်ဦးလမ်းပြလျှင် နှစ်ဦးတို့သည် တွင်းထဲသို့ကျကြလိမ့်မည်။”—တမန်တော် ၂:၁၁။ မဿဲ ၁၅:၁၄။

ယေရမိခေတ်ကကဲ့သို့ပင် သမ္မာကျမ်းစာပါဘုရားသခင်ကိုကိုယ်စားပြုသည်ဟုဆိုကြသော မိစ္ဆာပရောဖက်များယနေ့ရှိနေကြသည်။ သမ္မာကျမ်းစာမှတစ်ဆင့် ဘုရားသခင်အမှန်မိန့်တော်မူသည့်စကားမှ လူတို့အားလမ်းလွဲစေသည့်အကြောင်းများကိုဟောပြောကြခြင်းအားဖြင့် သူတို့ဘုရားသခင်၏စကားကိုခိုးယူနေကြပါသည်။ အဘယ်နည်းဖြင့်နည်း။ ဤမေးခွန်းကိုဖြေဆိုပေးရန် သမ္မာကျမ်းစာ၏အခြေခံသွန်သင်ချက်ဖြစ်သည့် နိုင်ငံတော်အကြောင်းကို မှတ်ကျောက်အနေနှင့်အသုံးပြုကြစို့။

နိုင်ငံတော်အကြောင်းအမှန်တရား

ဘုရားသခင့်နိုင်ငံတော်အကြောင်းသည် ခရစ်တော်၏သွန်သင်ချက်တွင် အဓိကအချက်ဖြစ်သည်။ ဤအကြောင်းကိုခရစ်ဝင်ကျမ်းများတွင် အကြိမ်ပေါင်းရာကျော်တင်ပြထားသည်။ ဓမ္မအမှုထမ်းဆောင်ချိန်အစပိုင်းတွင် ယေရှုဤသို့ဆိုသည်။ “ဘုရားသခင်၏နိုင်ငံတော်နှင့်ယှဉ်သောသတင်းကောင်းကို အခြားသောမြို့ရွာတို့၌ ငါဟောပြောရမည်။” တပည့်နောက်လိုက်များအား “နိုင်ငံတော်တည်ထောင်ပါစေသော” ဟုကိုယ်တော်သွန်သင်ပေးခဲ့သည်။—လုကာ ၄:၄၃။ ၁၁:၂။

နိုင်ငံတော်ကားအဘယ်နည်း။ The New Thayer’s Greek English Lexicon အရဆိုလျှင် သမ္မာကျမ်းစာတွင် “နိုင်ငံတော်” ဟုပြန်ဆိုသည့်ဂရိစကားလုံး၏ပထမဦးဆုံးအဓိပ္ပာယ်မှာ “တော်ဝင်တန်ခိုး၊ မင်းရိုက်ရာ၊ အာဏာစက်၊ အုပ်ချုပ်မှု” ဖြစ်၍ ဒုတိယအဓိပ္ပာယ်မှာ “ဘုရင်အုပ်ချုပ်သည့်အရပ်ဒေသ” ဖြစ်သည်။ ယင်းမှကျွန်ုပ်တို့သဘောပေါက်နိုင်သည်ကား ဘုရားသခင့်နိုင်ငံတော်သည် ဘုရင်တစ်ပါးအုပ်ချုပ်စီမံသည့် ပကတိအစိုးရပင်ဖြစ်ပေသည်။ ယင်းသို့ဖြစ်ပါသလော။

ဖြစ်ပါသည်။ ဘုရင်မှာ အခြားသူမဟုတ် ယေရှုခရစ်ကိုယ်တိုင်ပင်ဖြစ်သည်။ ယေရှုမမွေးမီ ကောင်းကင်တမန်ဂါဗြေလကမာရိအားဤသို့ဆိုသည်။ “ထိုသားသည်ကား၊ ကြီးမြတ်သောသူဖြစ်လိမ့်မည်။ အမြင့်ဆုံးသောဘုရား၏သားတော်ဟုခေါ်ဝေါ်သမုတ်ခြင်းကိုခံရလိမ့်မည်။ သူ့အဘဒါဝိဒ်၏ရာဇပလ္လင်ကို ထာဝရအရှင် [ယေဟောဝါ၊ ကဘ] ဘုရားသခင်သည် သူ့အားပေးတော်မူမည်။” (လုကာ ၁:၃၂) ရာဇပလ္လင်ကိုယေရှုအပ်နှင်းခံရသည့်အတွက် ကိုယ်တော်သည်ဘုရင်တစ်ပါး၊ အုပ်ချုပ်ရသောမင်းဖြစ်ကြောင်းထင်ရှားသည်။ နိုင်ငံတော်သည်ပကတိအုပ်ချုပ်ရေးအဖွဲ့တစ်ခုဖြစ်ကြောင်း ဟေရှာယ၏ပရောဖက်ပြုချက်ကသက်သေထူသည်။ “ငါတို့အဖို့သူငယ်ကိုဖွားမြင်၏။ ငါတို့အားသားကိုသနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်းအာဏာစက်ရှိလိမ့်မည်။ . . . အာဏာတော်တိုးတက်ခြင်းနှင့်ငြိမ်သက်တော်မူခြင်းသည် နိစ္စအမြဲရှိလိမ့်မည်။”—ဟေရှာယ ၉:၆၊ ၇။

ယေရှုအဘယ်နေရာမှအုပ်ချုပ်မည်နည်း။ ယေရုရှလင်မြို့၌လော။ မဟုတ်ပါ။ ရူပါရုံတစ်ခုတွင် ယေရှုနိုင်ငံတော်ရသည်ကိုပရောဖက်ဒံယေလတွေ့မြင်ခဲ့သည်။ သူ၏ရူပါရုံတွင် ယေရှုသည်ကောင်းကင်၌ရှိနေတော်မူ၏။ (ဒံယေလ ၇:၁၃၊ ၁၄) နိုင်ငံတော်နှင့်စပ်လျဉ်း၍ယေရှုပြောသောစကားက ယင်းကိုထောက်ခံသည်။ “ကောင်းကင်နိုင်ငံတော်” ဟူ၍ယေရှုမကြာခဏခေါ်ဆိုခဲ့သည်။ (မဿဲ ၁၀:၇။ ၁၁:၁၁၊ ၁၂) ပိလတ်မင်းရှေ့ယေရှုတရားစီရင်ခံနေရချိန်တွင် ကိုယ်တော်ပြောဆိုခဲ့သောစကားကလည်း ယင်းကိုထောက်ခံ၏။ “ငါ၏နိုင်ငံသည် ဤလောကနှင့်မစပ်ဆိုင်။ ငါ၏နိုင်ငံသည် ဤလောကနှင့်စပ်ဆိုင်လျှင် ငါသည်ယုဒလူတို့လက်သို့မရောက်စေခြင်းငှာ ငါ၏လူတို့သည် တိုက်လှန်ကြလိမ့်မည်။ ယခုမူကား ငါ၏နိုင်ငံသည် ဤဒေသအရပ်နှင့်မစပ်ဆိုင်။” (ယောဟန် ၁၈:၃၆) ယေရှု၏နိုင်ငံတော်သည် ကောင်းကင်မှအစိုးရသော တကယ့်အုပ်ချုပ်ရေးတစ်ခုဖြစ်သည်ဟု သင့်ဆရာသွန်သင်ပေးထားပါသလော။ သို့မဟုတ်နိုင်ငံတော်သည် နှလုံးတွင်း၌သာတည်ရှိသည့်အရာတစ်ခုမျှဖြစ်သည်ဟု သွန်သင်ပေးထားပြီလော။ ဤသို့သင်ထားမည်ဆိုလျှင် ဘုရားသခင့်စကားများကို သင့်ထံမှသူခိုးထားပြီ။

ဘုရားသခင့်နိုင်ငံတော်အစိုးရနှင့် အခြားလူ့အုပ်ချုပ်ရေးအပေါင်းတို့သည် မည်သို့ဆက်စပ်သနည်း။ မာစီအာအီလိုင်အေဒ်တည်းဖြတ်သည့် The Encyclopedia of Religion အရဆိုလျှင် ပြုပြင်ရေးသမားမာတင်လူသာသည် နိုင်ငံတော်အကြောင်းဆွေးနွေးရာတွင် ဤသို့အဆိုသွင်းသည်။ “လောကီအစိုးရကိုလည်း . . . ဘုရားသခင့်နိုင်ငံတော်ဟူ၍ခေါ်ဆိုနိုင်သည်။” မိမိတို့၏ကြိုးပမ်းမှုဖြင့် လူ့အစိုးရများကို ဘုရားသခင့်နိုင်ငံတော်နှင့်နီးစပ်လာစေနိုင်သည်ဟု အချို့သွန်သင်ပေးသည်။ ၁၉၈၃ ခုနှစ်တွင် ကမ္ဘာ့ချာ့ချ်ကောင်စီက ဤသို့ထောက်ခံသည်။ “ငြိမ်းချမ်းရေးရလို၍သက်ဆိုင်ရာလုပ်ရပ်များနှင့် ကျွန်ုပ်တို့သက်သေထူစဉ် ဘုရားသခင့်နိုင်ငံတော်နှင့်လောကီနိုင်ငံများပိုနီးစပ်လာစေရန် ကျွန်ုပ်တို့၏ကြိုးစားမှုများကို ဘုရားသခင်၏ဝိညာဉ်တော်ကပြုပေးနိုင်ပါသည်။”

သခင့်ဆုတောင်းချက် (“ကျွန်ုပ်တို့အဘ”) ၌တပည့်တော်များအား ယေရှုက ဘုရားသခင့်နိုင်ငံတော်တည်ထောင်ရန်ဆုတောင်းပြီးနောက်၌သာ “[ဘုရားသခင့်] အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံ” ရန်ဆုတောင်းဖို့သွန်သင်တော်မူ၏။ (မဿဲ ၆:၁၀) တစ်နည်းပြောရလျှင် ဘုရားသခင့်အလိုတော်ဆောင်ခြင်းဖြင့် လူသည် ဘုရားသခင့်နိုင်ငံတော်ကိုတည်ထောင်စေသည်မဟုတ်ပါ။ နိုင်ငံတော်တည်ထောင်ခြင်းအားဖြင့် ဘုရားသခင့်အလိုတော်သည်မြေကြီးပေါ်မှာပြည့်စုံမည်ဖြစ်သည်။ မည်သို့အားဖြင့်နည်း။

ဒံယေလ အခန်းကြီး ၂ အခန်းငယ် ၄၅ ပါပရောဖက်ပြုချက်ကိုနားဆင်ပါ။ “ပျက်စီးခြင်းသို့မရောက်နိုင်သောနိုင်ငံတစ်ခုကို ထိုမင်းကြီးများ [နောက်ဆုံးကာလတွင် အစိုးရသူများ] လက်ထက်၌ ကောင်းကင်ဘုံရှင်ဘုရားသခင်သည် တည်ထောင်စေတော်မူမည်။ . . . အထက်ဆိုခဲ့ပြီးသောနိုင်ငံရှိသမျှတို့ကိုချိုးဖဲ့ဖျက်ဆီး” လိမ့်မည်။ ထိုကြောင့်ယေရှု၏နိုင်ငံတော်သည် ဤလောကနှင့်မဆိုင်ဟုကိုယ်တော်ဆိုခဲ့ခြင်းသည် အံ့ဩစရာမဟုတ်ပါ။ ဘုရားသခင့်နိုင်ငံတော်သည်လောကီနိုင်ငံတို့ကိုဖျက်ဆီးပြီး လူသားတို့ကိုအုပ်ချုပ်မည်ဖြစ်သည်။ ဘုရားပေးလူ့အုပ်ချုပ်ရေးအနေနှင့် မြေကြီးပေါ်တွင်ဘုရားသခင့်အလိုတော်ပြည့်စုံစေမည်။

ဤလောကသည်မည်သူ့လက်ထဲရှိနေသည်ကိုသတိရလျှင် ဘုရားသခင့်နိုင်ငံတော်သည် ဤသို့ပြတ်သားစွာလုပ်ကိုင်ရသည့်အကြောင်း သဘောပေါက်နိုင်ပါသည်။ တမန်တော်ယောဟန်ဤသို့ရေးသားခဲ့သည်။ “လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌ရှိကြသည်။” (၁ ယောဟန် ၅:၁၉) ဤစာတန်မာရ်နတ်ကို ပေါလုက “ဤလောက၏ဘုရား” ဟူ၍ခေါ်ဆိုခဲ့သည်။ (၂ ကောရိန္သု ၄:၄) စာတန်ကိုကိုးကွယ်သောလောကရှိ မည်သည့်အဖွဲ့အစည်းမဆိုသည် ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သည်ဟုမဆိုနိုင်ပါ။

ဤကား နိုင်ငံရေးတွင်ယေရှုမပါဝင်ခဲ့ရသည့်အကြောင်းတစ်ခုဖြစ်သည်။ ဂျူးလူမျိုးရေးစိတ်ပြင်းထန်သူတို့သည် ယေရှုအားမင်းပြုစေလိုချိန်တွင် သူတို့ကိုကိုယ်တော်ရှောင်ကြဉ်ခဲ့သည်။ (ယောဟန် ၆:၁၅) ကျွန်ုပ်တို့မြင်သည့်အတိုင်းပင် ပိလတ်အားဤသို့ပွင့်လင်းစွာပြောခဲ့သည်။ “ငါ၏နိုင်ငံသည် ဤလောကနှင့်မဆိုင်။” ယင်းနှင့်အညီ တပည့်တော်များအားယေရှုက “အကျွန်ုပ်သည်ဤလောကနှင့်မဆက်ဆံသကဲ့သို့ ဤသူတို့သည်မဆက်ဆံကြပါ။” (ယောဟန် ၁၇:၁၆) ထိုကြောင့် ဤအစီအစဉ်စနစ်အတွင်း ပြုပြင်ပြောင်းလဲမှုဖြင့်ဘုရားသခင့်နိုင်ငံသည် အလျင်အမြန်ရောက်လာမည်ဟုသွန်သင်ပေးသူများနှင့် သိုးအုပ်အားထိုအမှုဖြစ်ပျက်လာရန် တိုက်တွန်းသည့်ဆရာများသည် မိစ္ဆာပရောဖက်များဖြစ်သည်။ သူတို့သည်သမ္မာကျမ်းအမှန်ပြောသည့်အကြောင်း၏ လေးနက်မှုနှင့်ထိရောက်ခြင်းကို ခိုးထားကြသည်။

အဘယ်ကြောင့်အရေးကြီးကြောင်း

အထက်ပါစကားများသည် ပညာရှိတို့၏အတွေးအခေါ်မျှသာဖြစ်သလော။ မဟုတ်ပါ။ ဘုရားသခင့်နိုင်ငံတော်နှင့်ပတ်သက်သည့် သွန်သင်ချက်အမှားအယွင်းများသည် များစွာသောသူတို့ကိုအထင်မှားစေ၍ သမိုင်းရေစီးကြောင်းကိုပင် ပြုပြင်ပေးခဲ့ပြီ။ ဥပမာ၊ သီအို (Théo) ဟူသည့်ရိုမန်ကက်သလစ်စွယ်စုံကျမ်းကဤသို့ဆိုသည်။ “ဘုရားသခင့်လူများသည် ကမ္ဘာပေါ်ခရစ်တော်စတည်ထောင်ခဲ့သည့် ဘုရားသခင့်နိုင်ငံတော်သို့ဦးတည်နေကြသည်။ . . . ချာ့ချ်သည် ဤနိုင်ငံတော်၏မျိုးစေ့ဖြစ်သည်။” ကက်သလစ်ချာ့ချ်ကို ဘုရားသခင့်နိုင်ငံတော်နှင့်ဆက်စပ်လိုက်ခြင်းက အယူသည်းခဲ့သောအလယ်ခေတ်အတွင်း ချာ့ချ်အတွက်အာဏာများစွာရှိစေခဲ့သည်။ ယနေ့ပင်ချာ့ချ်အရာရှိတို့က အချို့နိုင်ငံရေးစနစ်များကို အခြားတို့ထက်ထောက်ခံပေးခြင်းဖြင့် ကမ္ဘာ့ရေးရာကိုသြဇာညောင်းဖို့ကြိုးစားကြသည်။

ခရစ်ယာန်ဘောင်ရှိဘာသာရေးခေါင်းဆောင်များသည် သမ္မာကျမ်းစာသွန်သင်သည့်အတိုင်းပြုလုပ်ကြမည်ဆိုလျှင် ဆင်းရဲခြင်း၊ ရောဂါ၊ လူမျိုးရေးမမျှတမှုနှင့်ဖိစီးမှုအစရှိသည့်ပြဿနာများကို ဘုရားသခင့်နိုင်ငံတော်ဖြေရှင်းပေးနိုင်မည်အကြောင်း သူတို့၏သိုးစုများသိနားလည်ကြပါမည်။ သို့သော်ဘုရားသခင့်အချိန်တန်၍ ဘုရားသခင့်နည်းလမ်းအရ ထိုသို့ဖြစ်ပျက်လာပါလိမ့်မည်။ ဘုရားသခင့်နိုင်ငံတော်လာသည့်အခါပျောက်လွင့်သွားမည့် နိုင်ငံရေးစနစ်များကိုပြုပြင်ပေးခြင်းအားဖြင့် ဖြစ်လိမ့်မည်မဟုတ်ပါ။ ဤဘာသာရေးခေါင်းဆောင်များသည် စစ်မှန်သောပရောဖက်များဖြစ်မည်ဆိုလျှင် ဘုရားသခင့်နိုင်ငံတော်အရေးယူရန်စောင့်ဆိုင်းနေစဉ် ဤလောက၏မမျှတမှုများကြောင့်ပေါ်လာသည့်ပြဿနာများကိုကိုင်တွယ်ရန် ဘုရားပေးလက်တွေ့ကျသောတကယ့်အကူအညီကိုရနိုင်မည်အကြောင်း သိုးအုပ်တို့ကိုသွန်သင်ပေးကြလိမ့်မည်။

နောက်ဆုံးအနေနှင့် ဆင်းရဲဒုက္ခများဖြစ်ပွားစေသည့် ဆိုးရွားလျက်နေသောကမ္ဘာ့အခြေအနေများကို သမ္မာကျမ်းစာတွင်ပရောဖက်ပြုထားကြောင်းနှင့် နိုင်ငံတော်လာဖို့ရန်နီးကြောင်း၏နိမိတ်လက္ခဏာဖြစ်ကြောင်း သိုးအုပ်ကိုသွန်သင်ပေးမည်အမှန်။ မှန်ပါသည်။ ဘုရားသခင့်နိုင်ငံတော်သည် မကြာမီကြားဝင်အရေးယူပြီး လက်ရှိနိုင်ငံရေးအစီအစဉ်များအစား တည်ရှိပါလိမ့်မည်။ ယင်းသည် တကယ့်ကြီးမားသောကောင်းချီးဖြစ်မည်ပါတကား။ —မဿဲ ၂၄:၂၁၊ ၂၂၊ ၃၆-၃၉။ ၂ ပေတရု ၃:၇။ ဗျာဒိတ် ၁၉:၁၁-၂၁။

ဘုရားသခင့်နိုင်ငံတော်အောက်ရှိလောကီသားများ

ဘုရားသခင့်နိုင်ငံတော်ရောက်လာသည့်အခါ လောကီသားတို့အဖို့မည်သို့ဖြစ်မည်နည်း။ နံနက်တိုင်းအိပ်ရာနိုးထသည့်အခါ စွမ်းအင်အပြည့်ရှိနေမည့်အချိန်ကို သင်စဉ်းစားကြည့်နိုင်ပါသလော။ သင့်အသိမိတ်ဆွေတစ်ယောက်မျှ ဖျားနာသည်၊ သေရတော့မည်အခြေအနေမျိုး၌မရှိ။ သင်ချစ်မြတ်နိုးသောသေလွန်သူများပင် ရှင်ပြန်ထမြောက်လာခြင်းအားဖြင့် သင်နှင့်ပြန်ဆုံစည်းနေပြီ။ (ဟေရှာယ ၃၅:၅၊ ၆။ ယောဟန် ၅:၂၈၊ ၂၉) အတ္တဆန်သည့်ကုန်သွယ်ရေးစနစ် သို့မဟုတ် မညီမျှသောစီးပွားရေးအစီအစဉ်များအားဖြင့်ဖြစ်ပေါ်သော စီးပွားရေးပြဿနာများလုံးလုံးမရှိတော့ပါ။ သင့်ကိုယ်ပိုင်စံရိပ်ငြိမ်နှင့် မိသားစုကိုကျွေးမွေးပြုစုပေးရန်စားစရာကိုစိုက်ပျိုးဖို့ မြေအလုံအလောက်လည်းရှိမည်။ (ဟေရှာယ ၆၅:၂၁-၂၃) မည်သည့်နေရာ၊ မည်သည့်အချိန်အခါမရွေး လုယက်တိုက်ခိုက်ခံရမည်ကိုစိုးရိမ်ဖွယ်မရှိ သင်သွားလာနိုင်လိမ့်မည်။ စစ်မှုလည်းလုံးလုံးမရှိတော့ရာ သင့်လုံခြုံမှုအတွက် မည်သည့်အန္တရာယ်မျှရှိမည်မဟုတ်ပါ။ လူတိုင်းလည်း သင့်အကျိုးကိုသာလိုလားကြပေမည်။ လူဆိုးများမရှိတော့။ မေတ္တာတရားနှင့်ဖြောင့်မတ်ခြင်းတရားလွှမ်းမိုးနေမည်။ ဤသို့သောအချိန်အခါမျိုးကို သင်ထည့်စဉ်းစားနိုင်ပါသလော။ ဘုရားသခင့်နိုင်ငံတော်သည် ယင်းကဲ့သို့သောအဖြစ်မျိုးကိုယူသွင်းပေးတော်မူမည်။—ဆာလံ ၃၇:၁၀၊ ၁၁၊ ၈၅:၁၀-၁၃။ မိက္ခာ ၄:၃၊ ၄။

ယင်းသည်စိတ်ကူးယဉ်ခြင်းမျှဖြစ်သလော။ မဟုတ်ပါ။ အထက်အပိုဒ်ပါကျမ်းချက်များကိုဖတ်ရှုကြည့်ပါ။ ထိုတွင်ပါသည့်စကားအားလုံးသည် ဘုရားသခင့်၏ကတိတော်များကိုဖော်ပြထားခြင်းဖြစ်သည်။ ဘုရားသခင့်နိုင်ငံတော်သည် လောကီသားတို့အတွက် ဘာပြုလုပ်ပေးနိုင်၍ ပြုလုပ်တော့မည်အကြောင်းကို ယခုတိုင်သင်မသိရှိရသေးလျှင် ဘုရားသခင့်နှုတ်ထွက်စကားများကို သင့်ထံမှတစ်ဦးတစ်ယောက်ခိုးထားပါသည်။

ဝမ်းသာနိုင်သည်ကား ထိုသို့အမြဲရှိနေစရာမလိုပါ။ ကျွန်ုပ်တို့ခေတ်တွင် “လူမျိုးအပေါင်းတို့အားသက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရား [သတင်းကောင်း၊ ကဘ] ကိုလောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ဟောရလိမ့်မည်။ သို့ပြီးမှအဆုံးသည်ဖြစ်လတံ့” ဟူ၍ယေရှုမိန့်ဆိုသည်။ (မဿဲ ၂၄:၁၄) သင်ဖတ်ရှုနေသည့်မဂ္ဂဇင်းသည် ထိုဟောပြောခြင်းလုပ်ငန်းအဝင်ဖြစ်သည်။ မိစ္ဆာပရောဖက်များကြောင့်လှည့်ဖြားခံနေရခြင်းကိုရှောင်ကြဉ်ရန် သင့်အားတိုက်တွန်းပါသည်။ ဘုရားသခင့်နိုင်ငံတော်နှင့်ဆိုင်သောအမှန်တရားကိုသိရှိရန် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ခရေစေ့တွင်းကျလေ့လာပါ။ ထိုနောက် သိုးထိန်းကြီးယေဟောဝါဘုရားသခင်၏ပြင်ဆင်ချက်ဖြစ်သည့် ဘုရားသခင့်နိုင်ငံတော်ကိုလက်အောက်ခံပါ။ အမှန်မှာ ယင်းသည်လူ့မျှော်လင့်ရာတစ်ခုတည်းသာဖြစ်ပါသည်။ စိတ်ပျက်စရာဖြစ်မည်မဟုတ်ပါ။

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

လူ့အစိုးရကိုဘုရားသခင့်နိုင်ငံတော်အဖြစ်ယူမှတ်ရမည်ဟု လူသာသင်ပေးသည်

[Credit Line]

Courtesy of the Trustees of the British Museum

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

မေတ္တာရှင်သိုးထိန်းအဖြစ် ယေဟောဝါသည် နိုင်ငံတော်အားဖြင့် မည်သည့်လူသားမျှမပေးနိုင်သောအခြေအနေတို့ကို ပြုလုပ်ပေးတော်မူမည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ