အခန်း ၁၂၂
ပိလတ်မှဟေရုဒ်ထံ၊ တစ်ဖန်ပြန်ပို့ခြင်း
မိမိဘုရင်ဖြစ်သည်ကို ယေရှုမဖုံးကွယ်သော်လည်း မိမိနိုင်ငံသည် ရောမနိုင်ငံအဖို့အန္တရာယ်မရှိ၊ “ငါ၏နိုင်ငံသည် ဤလောကနှင့်မစပ်ဆိုင်၊ ငါ၏နိုင်ငံသည် ဤလောကနှင့်စပ်ဆိုင်လျှင် ငါသည်ယုဒလူတို့လက်သို့မရောက်စေခြင်းငှာ ငါ၏လူတို့သည်တိုက်လှန်ကြလိမ့်မည်။ ယခုမူကား ငါ၏နိုင်ငံသည် ဤဒေသအရပ်နှင့်မစပ်ဆိုင်” ဟုယေရှုရှင်းပြသည်။ သို့ဖြင့်မိမိ၌နိုင်ငံရှိကြောင်း သုံးကြိမ်တိုင်ယေရှုဝန်ခံသည်။ သို့သော်ယင်းသည် မြေကြီးဇာစ်မြစ်မှမဟုတ်ချေ။
ပိလတ်သည်ကိုယ်တော်အား “သင်သည်ရှင်ဘုရင်မှန်သလော” ဟုဆက်မေး၏။ သင်၏နိုင်ငံသည် ဤလောကနှင့်မဆိုင်သော်လည်း သင်သည်ဘုရင်လောဟုဆိုလိုခြင်းဖြစ်သည်။
ပိလတ်ပြောသည်မှာမှန်ကန်ကြောင်းယေရှုက “မင်းကြီးမေးသည့်အတိုင်း ငါသည်ရှင်ဘုရင်မှန်၏။ သမ္မာတရားဘက်၌သက်သေခံခြင်းငှာ ငါသည်မွေးဖွားခြင်းကိုခံ၍ ဤလောကသို့ကြွလာပြီ။ သမ္မာတရားနှင့်စပ်ဆိုင်သမျှသောသူတို့သည် ငါ့စကားကိုနားထောင်ကြသည်” ဟုဖြေဆိုသည်။
မှန်ပါသည်။ ယေရှုကမ္ဘာပေါ်အသက်ရှင်ခြင်းသည် “သမ္မာတရား” ကိုသက်သေခံရန်ဖြစ်သည်။ အထူးသဖြင့် နိုင်ငံတော်နှင့်ပတ်သက်သောသမ္မာတရားဖြစ်သည်။ အသက်စွန့်ရပါစေ ယင်းသမ္မာတရားအတွက် ယေရှုသစ္စာရှိရန်အသင့်ဖြစ်သည်။ ပိလတ်က “သမ္မာတရားကားအဘယ်နည်း” ဟုမေးသော်လည်း ထပ်မံရှင်းပြခြင်းကိုသူမစောင့်ဆိုင်းတော့ချေ။ တရားစီရင်ရန်အတွက် အလုံအလောက်ကြားပေပြီ။
တံတိုင်းတော်အပြင်ဘက်၌စောင့်နေကြသည့် လူစုထံသို့ပိလတ်ပြန်လာ၏။ သူ့ဘေး၌ယေရှုရှိသည်။ ယဇ်ပုရောဟိတ်အကြီးများ၊ သူတို့နှင့်အတူရှိသူတို့အားသူက “ဤသူ၌အဘယ်အပြစ်မျှငါမတွေ့” ဟုဆို၏။
ဆုံးဖြတ်ချက်ကြောင့်လူအုပ်သည် ဒေါသထွက်လျက် “ဤသူသည်ဂါလိလဲပြည်မှစ၍ ဤအရပ်တိုင်အောင် ယုဒပြည်၌အနှံ့အပြားဆုံးမသြဝါဒပေး၍ လူများကိုနှိုးဆော်သောသူဖြစ်ပါသည်” ဟုပြောဆိုကြ၏။
ဂျူးများ၏ကျိုးကြောင်းမညီညွတ်သောပြင်းထန်မှုက ပိလတ်ကိုအံ့အားသင့်စေမည်။ ထိုကြောင့် ယဇ်ပုရောဟိတ်မင်းကြီးတို့နှင့်လူအကြီးအကဲတို့သည် ဆက်လက်အော်ဟစ်နေစဉ် ပိလတ်သည် ယေရှုဘက်သို့လှည့်၍ “သင့်တစ်ဖက်၌ အဘယ်မျှလောက်သက်သေခံကြသည်ကို သင်မကြားသလော” ဟုမေး၏။ ရိုင်းပျသောစွဲချက်များကြားလျက်ပင် ဖြေဆိုရန်မကြိုးစားဘဲ ယေရှု၏တည်ငြိမ်မှုကို ပိလတ်အလွန်အံ့သြနေသည်။
ယေရှုသည် ဂါလိလဲနယ်သားဖြစ်ကြောင်းသိသောအခါ ပိလတ်သည်သူ့တာဝန်ကင်းရန် ထွက်ပေါက်တွေ့လေသည်။ ဂါလိလဲနယ်၏အုပ်စိုးရှင်ဟေရုဒ်အန္တပ [မဟာဟေရုဒ်၏သား] သည်ပသခါပွဲအတွက် ယေရုရှလင်မြို့တွင်ရောက်နေသဖြင့် ပိလတ်သည် ယေရှုကိုသူ့ထံသို့ပို့လိုက်သည်။ ဟေရုဒ်အန္တပသည် နှစ်ခြင်းဆရာယောဟန်၏ခေါင်းကိုဖြတ်စေခဲ့၍ ယေရှု၏အံ့ဖွယ်အမှုများအကြောင်းကြားသိသောအခါ ယေရှုသည်သေခြင်းမှထမြောက်လာသောယောဟန်ဖြစ်သည်ဟုထင်ပြီး ထိတ်လန့်ခဲ့သည်။
ယခုဟေရုဒ်သည် ယေရှုအားတွေ့ရမည်ကိုဝမ်းမြောက်သည်။ ယေရှု၏အကျိုးကိုလိုလားခြင်း၊ ကိုယ်တော့်အပေါ်စွဲချက်များ မှန်သည်မမှန်သည်ကိုသိလိုခြင်းကြောင့်မဟုတ်ဘဲ စူးစမ်းလို၍သာဖြစ်ပြီး၊ ယေရှုပြုမည့်အံ့ဖွယ်တစ်မျိုးမျိုးကိုတွေ့မြင်လို၍ဖြစ်သည်။
သို့သော်ယေရှုသည် ဟေရုဒ်၏စူးစမ်းလိုမှုကို မဖြည့်ဆည်းပေးချေ။ ဟေရုဒ်မေးမြန်းသော်လည်း တစ်ခွန်းမျှပြန်မဖြေ။ အကြံပျက်သောအခါ ဟေရုဒ်နှင့်သူ၏စစ်သူရဲတို့သည် ယေရှုကိုပြောင်လှောင်ကြရုံမက တောက်ပသောဝတ်ရုံကိုဝတ်စေပြီး မခန့်မညားပြုကြ၏။ ထိုနောက်ကိုယ်တော်အား ပိလတ်ထံပြန်ပို့လိုက်သည်။ သို့နှင့် ယခင်ကရန်ဘက်ဖြစ်ကြသော ဟေရုဒ်နှင့်ပိလတ်တို့သည်မိတ်ဆွေကောင်းများဖြစ်လာကြ၏။
ယေရှုပြန်ရောက်လာသည့်အခါ ယဇ်ပုရောဟိတ်အကြီးများ၊ ဂျူးအရာရှိများနှင့်လူတို့ကိုခေါ်၍ပိလတ်က “ဤသူကိုသင်တို့သည်ငါ့ထံသို့ပို့ဆောင်ကြသည်ဖြစ်၍ သင်တို့ရှေ့မှာငါစစ်ကြောသော်လည်း သင်တို့တင်သောအပြစ်တစ်စုံတစ်ခုမျှ သူ၌ငါမတွေ့။ ဟေရုဒ်မင်းသည်လည်းမတွေ့။ ထိုမင်းထံသို့ငါပို့စေပြီ။ ဤသူသည် အသေသတ်ခြင်းကိုခံထိုက်သောအမှု တစ်စုံတစ်ခုကိုမျှမပြု။ ထိုကြောင့်သူ့ကိုငါဆုံးမ၍လွှတ်မည်” ဟုဆို၏။
သို့ဖြင့်ယေရှု၌အပြစ်မရှိကြောင်း ပိလတ်နှစ်ကြိမ်ကြေညာပြီး ကိုယ်တော်ကိုလွှတ်ရန်စိတ်ပြင်းပြသည်။ အကြောင်းမှာ ယဇ်ပုရောဟိတ်တို့သည်မနာလိုသောစိတ်ကြောင့်သာ ယေရှုကိုမိမိလက်သို့အပ်ကြောင်းသူသိ၏။ ယေရှုကိုလွှတ်ရန် ပိလတ်ကြိုးစားနေစဉ် ထိုသို့ပြုရန်သာ၍ခိုင်မာသောလှုံ့ဆော်မှုတစ်ခုရရှိလေသည်။ တရားပလ္လင်ပေါ်ထိုင်စဉ် သူ၏ဇနီးသည်သတင်းပို့လျက် “ထိုဖြောင့်မတ်သောသူကိုအဘယ်သို့မျှမပြုပါနှင့်။ ယနေ့ပင်ကျွန်မသည် ထိုသူကြောင့်အိပ်မက်၌ [ဘုရားထံမှလာကြောင်းထင်ရှား] ပြင်းစွာခံရပါပြီ” ဟုသူ့အားတိုက်တွန်းသည်။
သို့သော်လွှတ်သင့်သည်ဟု ပိလတ်သိသောဤအပြစ်မဲ့သူကို မည်သို့လွှတ်နိုင်မည်နည်း။ ယောဟန် ၁၈:၃၆-၃၈။ လုကာ ၂၃:၄-၁၆။ မဿဲ ၂၇:၁၂-၁၄၊ ၁၈၊ ၁၉။ ၁၄:၁၊ ၂။ မာကု ၁၅:၂-၅။
▪ မိမိ၏ဘုရင်အဖြစ်နှင့်ပတ်သက်သောမေးခွန်းကို ယေရှုမည်သို့ဖြေဆိုသနည်း။
▪ မြေကြီးအသက်တာတွင် ယေရှုသက်သေခံခဲ့သည့် “သမ္မာတရား” ကားအဘယ်နည်း။
▪ ပိလတ်၏စီရင်ချက်ကားအဘယ်နည်း။ လူတို့မည်သို့တုံ့ပြန်ကြသနည်း။ ယေရှုကိုပိလတ်ဘာလုပ်သနည်း။
▪ ဟေရုဒ်အန္တပကားမည်သူနည်း။ ယေရှုကိုတွေ့ရန် သူအဘယ်ကြောင့်ဝမ်းမြောက်သနည်း။ ကိုယ်တော်ကိုသူဘာလုပ်သနည်း။
▪ ပိလတ်သည် ယေရှုကိုလွှတ်ရန်အဘယ်ကြောင့်စိတ်သန်သနည်း။