အခန်း ၁၃၀
ဂါလိလဲပင်လယ်၌
မှာထားသည့်အတိုင်း တမန်တော်တို့ဂါလိလဲသို့ပြန်လာကြ၏။ ထိုတွင်ဘာပြုရမည်ကို သူတို့မသေချာကြပါ။ ခဏကြာသော် သောမ၊ နာသနေလ၊ ယာကုပ်နှင့်သူ့ညီယောဟန်အပြင်အခြားတမန်တော်နှစ်ပါးအား “ကျွန်ုပ်သည်ငါးဖမ်းသွားမည်” ဟုပေတရုဆိုသည်။ “အကျွန်ုပ်တို့လည်းလိုက်မည်” ဟုသူတို့ဖြေသည်။
တစ်ညလုံးငါးမရကြ။ သို့သော်လင်းစပြုလာစဉ် ကမ်းနားမှာယေရှုပေါ်လာ၍ တမန်တော်တို့ကယေရှုဖြစ်သည်ဟုမသိကြ။ ယေရှုက “ချစ်သားတို့၊ စားစရာတစ်စုံတစ်ခုရှိသလော” ဟုလှမ်းမေး၏။ “မရှိပါ” ဟုသူတို့ပြန်ပြောကြသည်။
“လှေလက်ယာဘက်၌ ပိုက်ကွန်ကိုပစ်ချလော့။ ထိုသို့ပြုလျှင်ရလိမ့်မည်” ဟုမှာသည်အတိုင်း သူတို့ပစ်ချ၍ ငါးများစွာကိုအုပ်မိသောကြောင့် ပိုက်ကွန်ကိုဆွဲ၍မရနိုင်။
“ငါတို့သခင်ပေတည်း” ဟုယောဟန်ဟစ်ကြွေးသည်။
ယင်းကိုကြား၍ပေတရုသည် အပေါ်အင်္ကျီကိုဝတ်ပြီး အိုင်ထဲသို့ခုန်ဆင်းလျက် ကမ်းသို့ကိုက်တစ်ရာရေကူးသွားသည်။ အခြားတပည့်တို့သည် ငါးအပြည့်ရှိပိုက်ကွန်ကိုလှေဖြင့်ဆွဲလျက်လိုက်လာကြသည်။
ကုန်းသို့ရောက်သော် မီးခဲပေါ်မှငါးကင်ကိုလည်းကောင်း၊ မုန့်ကိုလည်းကောင်း တွေ့ကြ၏။ “ယခုရသောငါးအချို့ကိုယူခဲ့ကြ” ဟုယေရှုမိန့်မှာသဖြင့်လှေပေါ်သို့ပေတရုတက်၍ ပိုက်ကွန်ကိုကုန်းပေါ်သို့ဆွဲချရာငါးကြီး ၁၅၃ ကောင်ရရှိသည်။
“လာ၍နံနက်စာကိုစားကြလော့” ဟုယေရှုဖိတ်ခေါ်သည်။
ယေရှုဖြစ်တော်မူကြောင်းသိကြသဖြင့် ကိုယ်တော်အား “အဘယ်သူနည်း” ဟုတစ်ဦးမျှမမေးဝံ့ကြပါ။ ဤအကြိမ်ကား ယေရှုထမြောက်ပြီးနောက် ခုနစ်ကြိမ်မြောက်ထင်ရှားပြခြင်းဖြစ်၍ တမန်တော်တစ်စုလုံးရှေ့ သုံးကြိမ်မြောက်ထင်ရှားပြခြင်းဖြစ်၏။ သူတို့အား မုန့်နှင့်ငါးဖြင့်နံနက်စာကျွေးမွေးလေသည်။
စားသောက်ပြီးသော် ဖမ်းရသည့်ငါးများသို့ကြည့်လိုက်ပုံရပြီး ပေတရုအား “ယောန၏သားရှိမုန်၊ ငါ့ကိုချစ်သည်ထက် သင်သည်ယင်းကိုသာ၍ချစ်သလော” ဟုယေရှုမေး၏။ သင့်အားသင်ပြပေးထားသည့်လုပ်ငန်းထက် တံငါလုပ်ငန်းကို သာ၍မြတ်နိုးသလောဟု ယေရှုဆိုလိုပေမည်။
“ကိုယ်တော်ကိုအကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏” ဟုပေတရုဖြေသည်။
“ငါ၏သိုးသငယ်တို့ကိုကျွေးမွေးလော့” ဟုယေရှုမိန့်ဆိုသည်။
တစ်ဖန်ယေရှုကဒုတိယအကြိမ် “ယောန၏သားရှိမုန်၊ ငါ့ကိုချစ်သလော” ဟုမေး၏။
“ဟုတ်ပါ၏သခင်။ ကိုယ်တော်ကိုအကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏” ဟုပေတရုဖြေသည်။
“ငါ၏သိုးတို့ကိုထိန်းလော့” ဟုယေရှုမိန့်မှာသည်။
တစ်ဖန် “ယောန၏သားရှိမုန်၊ သင်သည်ငါ့ကိုချစ်သလော” ဟုတတိယအကြိမ်မေး၏။
ဤတွင်ပေတရုဝမ်းနည်းလေသည်။ မိမိ၏သစ္စာရှိမှုကို ယေရှုသံသယဝင်နေသည်ဟုသူထင်နေပေမည်။ မကြာမီက ယေရှုတရားစီရင်ခံရချိန်တွင် ကိုယ်တော်အားမသိပါဟု ပေတရုသုံးကြိမ်ငြင်းပယ်ခဲ့သည်မဟုတ်လော။ သို့နှင့်ပေတရုက “ကိုယ်တော်သည်ခပ်သိမ်းသောအရာတို့ကိုသိတော်မူ၏။ ကိုယ်တော်ကိုအကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏” ဟုပြောလေသည်။
“ငါ၏သိုးတို့ကိုကျွေးမွေးလော့” ဟုတတိယအကြိမ်ယေရှုမိန့်တော်မူသည်။
တပည့်များအားပြုလုပ်စေတော်မူသောလုပ်ငန်းအကြောင်း ပေတရုမှတစ်ဆင့်ယေရှုအလေးအနက်မှာကြားနေတော်မူခြင်းဖြစ်သည်။ မကြာမီလောကမှခွဲခွာတော့မည်ဖြစ်၍ ဘုရားသိုးတော်စုအတွင်းရောက်ရှိလာမည့်သူများအကျိုးကို သူတို့အားဦးစီးဆောင်ရွက်စေလိုတော်မူသည်။
ဘုရားပေးတာဝန်ကိုဆောင်ရွက်သဖြင့် ယေရှုသည်ဖမ်းဆီးအသတ်ခံရသည်နည်းတူ ပေတရုလည်းထပ်တူပင်ခံရမည်ဟု သူ့အားဤသို့တင်ပြတော်မူသည်။ “သင်သည်ပျိုသောအသက်ရှိစဉ် ကိုယ့်ကိုယ်ကိုပတ်စည်း၍ အလိုရှိရာအရပ်ရပ်သို့သွားလာတတ်၏။ သင်သည်အိုသောအခါ လက်နှစ်ဖက်ကိုဆန့်ပြီးလျှင် သူတစ်ပါးသည်သင့်ကိုပတ်စည်း၍ သင်အလိုမရှိရာအရပ်သို့ယူသွားလိမ့်မည်။” အာဇာနည်အဖြစ်ပေတရုသေရမည်ဖြစ်ဦးတော့ “ငါ့နောက်သို့ဆက်လိုက်လော့” ဟုယေရှုအားပေးသည်။
ပေတရုလှည့်၍ယောဟန်ကိုမြင်လျှင် “သခင်၊ ဤသူ၌အဘယ်သို့ဖြစ်ပါလိမ့်မည်နည်း” ဟုမေးသည်။
“ငါကြွလာသည်ကာလတိုင်အောင် ထိုသူကိုနေစေခြင်းငှာငါအလိုရှိလျှင် သင်သည်အဘယ်သို့ဆိုင်သနည်း။ သင်မူကားငါ့နောက်သို့လိုက်လော့” ဟုယေရှုမှာသည်။ ယင်းကြောင့်တမန်တော်ယောဟန်မသေတော့ဟု တပည့်အများယူဆကြသည်။ သို့သော်နောင်တွင်တမန်တော်ယောဟန်ရှင်းပြသည်အတိုင်း မိမိမသေတော့ဟုယေရှုမဆိုလိုဘဲ “ငါကြွလာသည်ကာလတိုင်အောင် ထိုသူကိုနေစေခြင်းငှာငါအလိုရှိလျှင် သင်သည်အဘယ်သို့ဆိုင်သနည်း” ဟုသာယေရှုမိန့်ဆိုခြင်းဖြစ်သည်။
နောင်တွင်မိမိ၏အရေးပါသောတွေ့ မြင်ချက်ကို ယောဟန်ဤသို့ဖော်ပြသည်။ “ယေရှုပြုတော်မူသောအခြားအမှုအရာအများရှိသေး၏။ ထိုအမှုအရာရှိသမျှကို အသီးအခြားရေးထားလျှင် မြေကြီးမဆံ့နိုင်အောင်ကျမ်းစာများပြားလိမ့်မည်။” ယောဟန် ၂၁:၁-၂၅။ မဿဲ ၂၆:၃၂၊ ၂၈:၇၊ ၁၀။
▪ ဂါလိလဲတွင် ဘာပြုရကြမည်ကို တမန်တော်များမသေချာကြောင်း ဘာကတင်ပြသနည်း။
▪ ဂါလိလဲပင်လယ်တွင် ယေရှုကိုတမန်တော်များ မည်သို့မှတ်မိသွားကြသနည်း။
▪ ရှင်ပြန်ထမြောက်ပြီးယခုထိ ယေရှုအကြိမ်ပေါင်းမည်မျှ ကိုယ်ထင်ပြတော်မူခဲ့ပြီနည်း။
▪ တမန်တော်များအားပြုလုပ်စေလိုသောအလုပ်ကို ယေရှုမည်သို့အလေးအနက်တင်ပြသနည်း။
▪ ပေတရုသေဆုံးမည့်ပုံကို ယေရှုအဘယ်နည်းဖြင့်တင်ပြသနည်း။
▪ ယောဟန်အကြောင်း ယေရှုမိန့်တော်မူသည့်စကားကို လူအများမည်သို့အထင်မှားကြသနည်း။