ယေရှု၏ ဘဝနှင့် ဓမ္မအမှု
ဂါလိလဲပင်လယ်၌
မှာကြားတော်မူခဲ့သည်အတိုင်း တမန်တော်များသည် ယခုဂါလိလဲသို့ ပြန်လာကြသည်။ သို့သော် ထိုတွင်အဘယ်အမှုကိုပြုရကြမည်အကြောင်း မသေချာကြပေ။ ခဏကြာသော် သောမ၊ နာသနေလ၊ ယာကုပ်၊ ညီဖြစ်သူယောဟန်နှင့်အခြားတမန်တော်နှစ်ပါးအား ပေတရုက “ကျွန်ုပ်သည် ငါးဖမ်းသွားမည်” ဟုဆိုသည်။
“အကျွန်ုပ်တို့လည်းလိုက်မည်” ဟုသူတို့ခြောက်ဦးလုံးဖြေသည်။
တစ်ညလုံး တစ်ကောင်မျှမရကြ။ သို့သော် လင်းစပြုလာစဉ် ကမ်းနားမှာယေရှုရပ်နေ၏။ တမန်တော်များက ယေရှုဖြစ်သည်ဟုမသိကြ။ ကိုယ်တော်က “ချစ်သားတို့၊ စားစရာတစ်စုံတစ်ခုရှိသလော” ဟုလှမ်းအော်မေး၏။
“မရှိပါ” ဟုကျယ်လောင်သောအသံဖြင့် ပြန်ပြောလိုက်သည်။
“လှေလက်ယာဘက်၌ ပိုက်ကွန်ကိုပစ်ချလော့။ ထိုသို့ပြုလျှင် ရလိမ့်မည်” ဟုမိန့်တော်မူ၏။ သူတို့သည်ပစ်ချ၍ များစွာသောငါးတို့ကိုအုပ်မိသောကြောင့် ပိုက်ကွန်ကိုဆွဲ၍မရနိုင်။ ထိုအခါ “ငါတို့သခင်ပေတည်း” ဟုယောဟန်ဟစ်အော်သည်။ ပေတရုသည် အပေါ်အင်္ကျီကိုဝတ်စည်း၍ အိုင်ထဲသို့ခုန်ဆင်းပြီး ကမ်းသို့ကိုက်တစ်ရာရေကူးသွားသည်။ အခြားသောတပည့်တော်တို့သည် ငါးများအပြည့်ရှိပိုက်ကွန်ကိုဆွဲငင်လျက် လှေစီးပြီးလိုက်လာသည်။
ကုန်းပေါ်သို့ရောက်သောအခါ မီးခဲပုံကိုလည်းကောင်း၊ ကင်ထားသောငါးကိုလည်းကောင်း၊ မုန့်ကိုလည်းကောင်း တွေ့မြင်ကြ၏။ “ယခုရသောငါးအချို့ကို ယူခဲ့ကြ” ဟုယေရှုမိန့်တော်မူ၏။ ပေတရုသည် လှေပေါ်သို့တက်၍ ပိုက်ကွန်ကိုကုန်းပေါ်သို့ဆွဲငင်တင်လေ၏။ ယင်း၌ ငါးကြီး ၁၅၃ ကောင်ရှိသည်။
“လာ၍နံနက်စာကိုစားကြလော့” ဟုယေရှုဖိတ်ခေါ်သည်။
ယေရှုဖြစ်တော်မူကြောင်း သိကြသဖြင့် ကိုယ်တော်သည် “အဘယ်သူနည်း” ဟူ၍တစ်စုံတစ်ယောက်မျှမမေးဝံ့ကြပါ။ ဤအကြိမ်ကား ကိုယ်တော်ထမြောက်ပြီးနောက် ခုနစ်ကြိမ်မြောက်ပြတော်မူခြင်းဖြစ်၍ တမန်တော်များအား ကိုယ်ကိုသုံးကြိမ်မြောက်ပြတော်မူခြင်းဖြစ်သည်။ သူတို့တစ်ဦးစီအား မုန့်နှင့်ငါးကျွေးမွေး၍ နံနက်စာစားစေတော်မူသည်။
စားသောက်ပြီးသော် ဖမ်းရထားသောငါးများသို့ ခေါင်းငြိမ့်ကောင်းငြိမ့်ပြပြီး ပေတရုအား ကိုယ်တော်က “ယောန၏သားရှိမုန်၊ ငါ့ကိုချစ်သည်ထက် သင်သည်ယင်းကိုသာ၍ချစ်သလော” ဟုမေးတော်မူ၏။ ကိုယ်တော်က သင့်အားသင်ပြပေးထားသည့်လုပ်ငန်းထက် တံငါလုပ်ငန်းကို သာ၍မြတ်နိုးသလောဟု ဆိုလိုနေတော်မူမည်။
“ကိုယ်တော်ကိုအကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏” ဟုပေတရုဖြေသည်။
“ငါ၏သိုးသငယ်တို့ကို ကျွေးမွေးလော့” ဟုယေရှုမိန့်တော်မူသည်။
တစ်ဖန်ကိုယ်တော်က ဒုတိယအကြိမ် “ယောန၏သားရှိမုန်၊ ငါ့ကိုချစ်သလော” ဟုမေးတော်မူ၏။
“ဟုတ်ပါ၏သခင်။ ကိုယ်တော်ကိုအကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏” ဟုပေတရုဖြေသည်။
“ငါ၏သိုးတို့ကိုထိန်းလော့” ဟုယေရှုမိန့်မှာသည်။
ထိုနောက်တစ်ဖန် တတိယအကြိမ်ကိုယ်တော်က “ယောန၏သားရှိမုန်၊ သင်သည်ငါ့ကိုချစ်သလော” ဟုမေးတော်မူ၏။
ဤတွင်ပေတရုဝမ်းနည်းလေသည်။ မိမိ၏သစ္စာသမာဓိကို ယေရှုသံသယဝင်သည်ဟု သူအထင်ရှိနေမည်။ မကြာမီက ကိုယ်တော်တရားစီရင်ခံရချိန်တွင် ကိုယ်တော်အားမသိပါဟု ပေတရုသုံးကြိမ်ငြင်းပယ်ခဲ့သည်မဟုတ်လော။ သို့နှင့်ပေတရုက “ကိုယ်တော်သည်ခပ်သိမ်းသောအရာတို့ကိုသိတော်မူ၏။ ကိုယ်တော်ကိုအကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏” ဟုပေတရုပြောလေသည်။
“ငါ၏သိုးတို့ကို ကျွေးမွေးလော့” ဟုတတိယအကြိမ်ယေရှုမိန့်တော်မူသည်။
ယေရှုသည် ပေတရုအား ဤသို့တီးခေါက်ခံစေပြီး တပည့်တော်များအားပြုလုပ်စေတော်မူသောလုပ်ငန်းအကြောင်း ကိုယ်တော်အလေးအနက် မှာကြားနေတော်မူခြင်းဖြစ်သည်။ ကိုယ်တော်သည် မကြာမီလောကကိုခွဲခွာတော့မည်ဖြစ်သည်။ ဘုရားသခင်၏သိုးတော်စုအတွင်း ရောက်ရှိလာမည့်သူများအစေကိုခံခြင်းငှာ သူတို့အားဦးစီးစေလိုတော်မူသည်။
ဘုရားသခင်အပ်နှင်းသောလုပ်ငန်းတော်ကို ဆောင်ရွက်ခြင်းကြောင့် ယေရှုသည်ဖမ်းဆီး၍အသတ်ခံရသည်နည်းတူ ပေတရုလည်းထပ်တူပင်ခံရမည်အကြောင်း သူ့အားတင်ပြတော်မူသည်။ “သင်သည်ပျိုသောအသက်ရှိစဉ် ကိုယ့်ကိုယ်ကိုပတ်စည်း၍ အလိုရှိရာအရပ်ရပ်သို့သွားလာတတ်၏။ သင်သည်အိုသောအခါ လက်နှစ်ဖက်ကိုဆန့်ပြီးလျှင် သူတစ်ပါးသည်သင့်ကိုပတ်စည်း၍ သင်အလိုမရှိရာအရပ်သို့ယူသွားလိမ့်မည်” ဟုသူ့အားယေရှုမိန့်ဆိုသည်။ သူရဲကောင်းတစ်ဦးကဲ့သို့ ပေတရုသေရမည်ဖြစ်ဦးတော့ ယေရှုကသူ့အား ဤသို့အားပေးသည်။ “ငါ့နောက်သို့လိုက်လော့။”
လှည့်၍ ယောဟန်ကိုပေတရုမြင်သော် “သခင်၊ ဤသူ၌အဘယ်သို့ဖြစ်ပါလိမ့်မည်နည်း” ဟုမေးလေသည်။
“ငါကြွလာသည်ကာလတိုင်အောင် ထိုသူကိုနေစေခြင်းငှာ ငါအလိုရှိလျှင် သင်သည်အဘယ်သို့ဆိုင်သနည်း။ သင်မူကား ငါ့နောက်သို့လိုက်လော့” ဟုယေရှုမှာတော်မူသည်။
ယေရှု၏ဤစကားများကြောင့် တမန်တော်ယောဟန်သည် ဘယ်သောအခါမျှသေမည်မဟုတ်ဟု တပည့်တော်အများသဘောပေါက်ကြလေသည်။ သို့ရာတွင် နောင်တွင်တမန်တော်ယောဟန်ရှင်းပြခဲ့သည်အတိုင်း မိမိမသေရဟု ယေရှုမဆိုလိုဘဲ “ငါကြွလာသည်ကာလတိုင်အောင် ထိုသူကိုနေစေခြင်းငှာ ငါအလိုရှိလျှင် သင်သည်အဘယ်သို့ဆိုင်သနည်း” ဟူ၍သာကိုယ်တော်မိန့်တော်မူခြင်းဖြစ်သည်။ ယောဟန် ၂၁:၁–၂၅။ မဿဲ ၂၆:၃၂။ ၂၈:၇၊ ၁၀။
◆ ဂါလိလဲတွင် အဘယ်အမှုကိုပြုရကြမည်ကို တမန်တော်များမသေချာကြောင်း ဘာကတင်ပြသနည်း။
◆ ဂါလိလဲပင်လယ်တွင် ယေရှုကိုတမန်တော်များ မည်သို့မှတ်မိသွားကြသနည်း။
◆ ရှင်ပြန်ထမြောက်ပြီးကတည်းက ယေရှုအကြိမ်ပေါင်းမည်မျှ ကိုယ်ကိုပြတော်မူခဲ့ပြီနည်း။
◆ တမန်တော်များအား အဘယ်အရာကိုပြုလုပ်စေလိုတော်မူကြောင်း ယေရှုမည်သို့အလေးအနက်တင်ပြသနည်း။
◆ ပေတရုမည်သို့သေဆုံးလိမ့်မည်အကြောင်း ယေရှုအဘယ်နည်းဖြင့်တင်ပြသနည်း။
◆ ယောဟန်အကြောင်း ယေရှုမိန့်တော်မူသည့်စကားကို လူအများမည်သို့အထင်မှားခဲ့သနည်း။