ရှေခင်တောင်ကြားမြို့
မိမိလူမျိုးအတွက် ယေဟောဝါရွေးချယ်သည့်နယ်မြေ၏ အတွင်းကျကျဖြစ်သော ဧဗလတောင်နှင့် ဂေရဇိမ်တောင်ကြားတွင် ရှေခင်မြို့တည်ရှိသည်။ လွန်ခဲ့သည့်နှစ်ပေါင်းလေးထောင်နီးပါးက “ဤပြည်ကို သင်၏အမျိုးအနွယ်အားငါပေးမည်” ဟု အာဗြဟံကို ယေဟောဝါကတိပေးခဲ့သည့်နေရာမှာ ဤနေရာပင်ဖြစ်သည်။—ကမ္ဘာဦး ၁၂:၆၊ ၇။
ဤကတိတော်နှင့်အညီ အာဗြဟံ၏မြေး ယာကုပ်သည်ရှေခင်မြို့၌ စခန်းချပြီး “ဘုရားသခင်သည် ဣသရေလ၏ဘုရားသခင်ဖြစ်တော်မူ၏” ဟု သူအမည်ပေးခဲ့သည့် ယဇ်ပလ္လင်တစ်ခုကိုတည်ဆောက်ခဲ့သည်။ ရာစုနှစ်များကြာပြီးသည့်နောက် “ယာကုပ်၏ရေတွင်း” အဖြစ်လူသိများလာမည့် ရေတွင်းကို မိမိ၏မိသားစုနှင့် တိရစ္ဆာန်များအတွက် ဤနယ်မြေတွင် ယာကုပ်တူးခဲ့ခြင်းဖြစ်နိုင်သည်။—ကမ္ဘာဦး ၃၃:၁၈-၂၀၊ ကဘ၊ အောက်ခြေမှတ်ချက်; ယောဟန် ၄:၅၊ ၆၊ ၁၂။
သို့သော်လည်း ယာကုပ်၏မိသားစုဝင်အားလုံးတို့သည် စစ်မှန်သောဝတ်ပြုရေး၌ စိတ်ထက်သန်မှုမပြခဲ့ကြချေ။ ယာကုပ်၏သမီး ဒိနသည် ရှေခင်မြို့၌ရှိသော ခါနာန်အမျိုးသမီးများကို ပေါင်းဖော်ရန်ရွေးချယ်ခဲ့သည်။ ထိုအချိန်က အသက်ငယ်သေးသောဒိနသည် လုံခြုံမှုရှိသောသူမ၏မိသားစုတဲများမှထွက်ခွာ၍ အနီးအနားရှိမြို့ကိုစတင်လည်ပတ်ကာ ထိုနေရာရှိသူများနှင့်မိတ်ဖွဲ့ခဲ့သည်။
ထိုမြို့မှလူငယ်များသည် မိမိတို့မြို့သို့ တစ်ယောက်တည်းမှန်မှန်လာလည်ပတ်သော ဤငယ်ရွယ်သည့်အပျိုစင်ကို မည်ကဲ့သို့ရှုမြင်မည်နည်း။ လူမျိုးစုအကြီးအကဲတစ်ဦး၏သားသည် “ဒိနကိုမြင်လျှင် ယူသွား၍အိပ်ဖော်ပြုလျက် သူ့အသရေကိုရှုတ်ချလေ၏။” ဒိနသည် စာရိတ္တယိုယွင်းသောခါနာန်လူမျိုးများနှင့် ပေါင်းဖော်ခြင်းဖြင့် အဘယ့်ကြောင့်အန္တရာယ်ကို ဖိတ်ခေါ်ခဲ့သနည်း။ သူမနှင့်ရွယ်တူအဖော်မိန်းကလေးများကို လိုအပ်သည်ဟု သူမထင်မှတ်သောကြောင့်လော။ တချို့သောသူမ၏အစ်ကိုများကဲ့သို့ပင် သူမသည်ခေါင်းမာ၍ အုပ်ချုပ်မှုကိုမခံလိုသောသူလော။ ကမ္ဘာဦးမှတ်တမ်းကိုဖတ်၍ ရှေခင်မြို့သို့ မိမိတို့၏သမီးသွားရောက်လည်ပတ်သည့်အတွက် ဝမ်းနည်းကြေကွဲစရာကောင်းသည့် အကျိုးဆက်များကြောင့် ယာကုပ်နှင့် လေအာတို့ခံစားခဲ့ရမည့် စိတ်ဆင်းရဲမှုနှင့် အရှက်ရမှုတို့ကို အမှန်နားလည်ရန်ကြိုးစားပါလေ။—ကမ္ဘာဦး ၃၄:၁-၃၁; ၄၉:၅-၇; ဇွန် ၁၅ ရက်၊ ၁၉၈၅ ခုနှစ်ထုတ် ကင်းမျှော်စင်၊ စာမျက်နှာ ၃၁၊ [လိပ်] ကိုလည်းရှု။
နောက်နှစ်ပေါင်း ၃၀၀ နီးပါးလွန်ပြီးသည့်အခါ သီအိုကရက်တစ်လမ်းညွှန်မှုများကို လျစ်လျူရှုသည့်အကျိုးဆက်များ တစ်ဖန်ဖြစ်ပေါ်ခဲ့ပြန်သည်။ ယောရှုသည် ရှေခင်မြို့တွင် ဣသရေလလူမျိုးတို့၏သမိုင်းတွင် အမှတ်တရအဖြစ်ဆုံးအစည်းအဝေးတစ်ခုကို စီစဉ်ခဲ့လေသည်။ တောင်ကြားချိုင့်ဝှမ်းရှိမြင်ကွင်းကို မြင်ယောင်ကြည့်ပါ။ ဣသရေလအနွယ် ခြောက်နွယ်မှ—ယောက်ျား၊ မိန်းမနှင့် ကလေးသူငယ်များ—တစ်သန်းကျော်တို့သည် ဂေရဇိမ်တောင်ရှေ့တွင် ရပ်နေကြသည်။ တောင်ကြား၏အခြားတစ်ဖက်တွင် ထပ်တူအရေအတွက်ခန့်ရှိသည့် အခြားအနွယ်ခြောက်နွယ်သည် ဧဗလတောင်ရှေ့တွင်ရပ်နေကြသည်။a ပဋိညာဉ်သေတ္တာနှစ်ဖက်နှင့် ဣသရေလလူအစုအဝေးနှစ်ခုအကြား တောင်ခြေတွင်ယဇ်ပုရောဟိတ်များနှင့် ယောရှုရပ်နေကြသည်။ ကြီးကျယ်လှသည့်မြင်ကွင်းပါတကား!—ယောရှု ၈:၃၀-၃၃။
ဤအလွန်ကြီးမားသော လူအစုအဝေး၏အထက်တွင် တောင်နှစ်လုံးသည် လှပတင့်တယ်ခြင်းနှင့် လွင်တီးခေါင်ဖြစ်ခြင်းဖြင့် လုံးဝကွဲပြားခြားနားစွာတည်ရှိနေသည်။ ဂေရဇိမ်တောင်စောင်း၏အထက်ပိုင်းမှာ စိမ်းလန်းစိုပြေ၍ မြေသြဇာကောင်းသော်လည်း ဧဗလတောင်မူ အများအားဖြင့်မွဲခြောက်ညိုမှိုင်း၍ တောင်ခေါင်းတုံးဖြစ်နေသည်။ ယောရှုပြောဆိုမည့်အချိန်အခါကို ဣသရေလလူများစောင့်မျှော်နေကြစဉ် စိတ်လှုပ်ရှားမှုကြောင့် အုတ်အုတ်ကျက်ကျက်ဖြစ်နေကြသည်ကို သင်ခံစားကြည့်နိုင်ပါသလော။ သဘာဝဇာတ်ရုံဖြစ်နေသော ဤနေရာတွင်အသံအားလုံး ပဲ့တင်ထပ်နေသည်။
လေးနာရီမှ ခြောက်နာရီကြာသည့် ‘မောရှေ၏ပညတ္တိကျမ်း’ ကို ယောရှုဖတ်ရွတ်ချိန်အတွင်း လူထုလည်းအတူပါဝင်ကြသည်။ (ယောရှု ၈:၃၄၊ ၃၅) ကောင်းချီးမင်္ဂလာတစ်ခုစီကို ဖတ်ကြားပြီးတိုင်း ဂေရဇိမ်တောင်ရှေ့မှ ဣသရေလလူမျိုးများက အာမင်! ဟု ဆိုကြပြီးအခြားတစ်ဖက်တွင်မူ ဧဗလတောင်ရှေ့တွင်ရှိသောသူများက ကျိန်ခြင်းတစ်ခုပြီးတိုင်း အာမင်! ဟု ပြောခဲ့ကြဖွယ်ရှိ၏။ ဧဗလတောင်၏ မြေသြဇာညံ့ဖျင်းသည့်အသွင်အပြင်က မနာခံမှု၏ဘေးဖြစ်စေသောအကျိုးရလဒ်ကို လူတို့အားသတိပေးသယောင်ရှိသည်။
“မိဘကို မထီမဲ့မြင်ပြုသောသူသည် အမင်္ဂလာရှိစေသတည်း” ဟု ယောရှုသတိပေးသည်။ လူတစ်သန်းကျော်တို့၏အသံက “အာမင်!” ဟုသံပြိုင်တုံ့ ပြန်ကြသည်။ ယောရှုသည် ဤမိုးချုန်းသံနှင့်တူသော တုံ့ ပြန်သံကွယ်ပျောက်သည့်အထိ စောင့်ဆိုင်းပြီး “အိမ်နီးချင်း၏မြေမှတ်တိုင်ကို ရွှေ့သောသူသည် အမင်္ဂလာရှိစေသတည်း” ဟု ဆက်၍ဖတ်ကြားလေသည်။ တစ်ဖန် တစ်ကျွန်းတစ်နိုင်ငံသားများစွာပူးပေါင်းပါဝင်သော အနွယ်ခြောက်နွယ်က “အာမင်!” ဟုအော်ကြသည်။ (တရားဟောရာ ၂၇:၁၆၊ ၁၇) ထိုနေရာတွင်သင်ရှိနေလျှင် တောင်များကြား၌ ပြုလုပ်ခဲ့သောထိုစည်းဝေးမှုကို သင်မေ့ပျောက်ပါဦးမည်လော။ နာခံမှုလိုအပ်ခြင်း ဟူသည့်အချက်သည် သင့်စိတ်တွင်ဖျက်မရအောင် စွဲမနေပေလော။
နောက်နှစ်ပေါင်း ၂၀ အကြာ သူမသေဆုံးမီ၌ယောရှုသည် ဣသရေလလူတို့၏သန္နိဋ္ဌာန်ကိုသာ၍ခိုင်မာစေဖို့ သူတို့ကိုရှေခင်မြို့တွင် တစ်ဖန်ဆင့်ခေါ်ပြန်သည်။ လူတိုင်းမဖြစ်မနေချမှတ်ရမည့် ဆုံးဖြတ်ချက်ကို သူဖော်ပြပေးသည်။ သူဤသို့ဆိုသည်– “အဘယ်မည်သောဘုရားတို့အား ဝတ်ပြုမည်အရာကို ယနေ့ရွေးကြလော့။ ငါနှင့်ငါ့အိမ်သားဖြစ်လျှင် ထာဝရဘုရားကိုသာဝတ်ပြုမည်။” (ယောရှု ၂၄:၁၊ ၁၅) ရှေခင်မြို့တွင်ပြုလုပ်ခဲ့သော ယုံကြည်ခြင်းကိုလှုံ့ဆော်ပေးသည့် ဤအစည်းအဝေးကြီးများသည် သူတို့စိတ်ထဲစွဲထင်ကျန်ရစ်စေသည်။ ယောရှုသေဆုံးပြီးနောက် နှစ်ပေါင်းများစွာကြာသည်အထိ ဣသရေလလူမျိုးတို့သည် သူ၏သစ္စာရှိပုံနမူနာကိုတုပကြသည်။—ယောရှု ၂၄:၃၁။
နှစ်ပေါင်း ၁၅၀၀ လွန်ပြီးသည့်နောက် ယေရှုသည် ဂေရဇိမ်တောင်ရိပ်တွင် အနားယူနေစဉ် ကြည်နူးဖွယ်စကားလက်ဆုံကျမှုတစ်ခုဖြစ်ခဲ့သည်။ ယေရှုသည် ခရီးရှည်သွား၍ပင်ပန်းသောကြောင့် ယာကုပ်၏ရေတွင်းနားမှာထိုင်နေစဉ် ရှမာရိမိန်းမတစ်ဦးသည် ရေအိုးတစ်လုံးနှင့်ချဉ်းကပ်လာသည်။ ဂျူးများသည် ရှမာရိလူတို့၏အိုးများမှရေကို သောက်ဖို့မဆိုထားနှင့် သူတို့နှင့်စကားပင်မပြောသောကြောင့် ယေရှုသည် သူမထံမှရေသောက်ဖို့တောင်းသောအခါ သူမအလွန်အံ့အားသင့်သွားသည်။ (ယောဟန် ၄:၅-၉) ယေရှု၏နောက်ထပ်စကားများက သူမကိုပို၍အံ့အားသင့်စေခဲ့သည်။
“ဤရေကိုသောက်သောသူသည် နောက်တစ်ဖန်ရေငတ်ဦးမည်။ ငါပေးသောရေကိုသောက်သောသူမူကား၊ ရေငတ်ခြင်းနှင့်အစဉ်မပြတ်ကင်းလွတ်လိမ့်မည်။ ငါပေးသောရေသည်ထိုသူ၌ ထာဝရအသက်ရှင်ခြင်းအလို့ငှာ ထွက်သောစမ်းရေဖြစ်လိမ့်မည်။” (ယောဟန် ၄:၁၃၊ ၁၄) ဤနက်သောရေတွင်းမှ ရေထမ်းရခြင်းသည် သူမအတွက်ခက်ခဲပင်ပန်းသည့် အလုပ်တစ်ခုဖြစ်သောကြောင့် ထိုကတိတော်ကိုသူမမည်မျှစိတ်ဝင်စားမည်ကို စဉ်းစားကြည့်ပါလေ။ ယေရုရှလင်မြို့ သို့မဟုတ် ဂေရဇိမ်တောင်သည် သမိုင်းအရအချက်အချာကျသော နေရာဖြစ်စေကာမူ ဘုရားသခင်ကိုချဉ်းကပ်ရာတွင်လိုအပ်သော ဘာသာရေးဆိုင်ရာနေရာမဟုတ်ကြောင်း ယေရှုထပ်ဆင့်ရှင်းပြခဲ့သည်။ နေရာဒေသမဟုတ်ဘဲ စိတ်သဘောထားနှင့် အမူအကျင့်ကအဓိကဖြစ်သည်။ “စစ်မှန်စွာဝတ်ပြုသူတို့ခမည်းတော်ကိုစိတ်ဖြင့်လည်းကောင်း၊ သမ္မာတရားဖြင့်လည်းကောင်း ဝတ်ပြုကြမည့်အချိန်လာမည်။ ယခုပင်ဖြစ်၏။ အကြောင်းမှာခမည်းတော်သည် မိမိအားဝတ်ပြုစေရန် ထိုသို့သောပုဂ္ဂိုလ်များကိုရှာလျက်ရှိတော်မူ၏” ဟုကိုယ်တော်မိန့်တော်မူ၏။ (ယောဟန် ၄:၂၃၊ ကဘ) မည်မျှနှစ်သိမ့်ဖွယ်ဖြစ်ခဲ့မည့် စကားများပါတကား! တစ်ဖန် ဤတောင်ကြားသည် ယေဟောဝါကိုဝတ်ပြုရန် လူတို့ကိုတိုက်တွန်းသည့်နေရာ ဖြစ်လာပြန်သည်။
ယနေ့ နာဘလပ်စ်မြို့သည် ရှေးခေတ်ရှေခင်မြို့ပျက်အနီးတွင် တည်ရှိသည်။ ဂေရဇိမ်တောင်နှင့် ဧဗလတောင်တို့သည် တောင်ကြားချိုင့်ဝှမ်းကိုမိုးနေဆဲဖြစ်ပြီး အတိတ်ကအဖြစ်အပျက်များအတွက် အသံတိတ်သက်သေခံချက်အဖြစ် တည်ရှိနေကြဆဲဖြစ်သည်။ ဤတောင်များ၏အောက်ခြေတွင်ရှိသော ယာကုပ်၏ရေတွင်းသို့ ယခုထက်တိုင်သွားရောက်လည်ပတ်နိုင်သည်။ ထိုနေရာတွင်ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ကျွန်ုပ်တို့စဉ်းစားကြည့်သည့်အခါ ယောရှုနှင့် ယေရှုတို့သွန်သင်ပေးခဲ့သည့်အတိုင်း စစ်မှန်သောဝတ်ပြုရေးကို ထောက်ခံခြင်း၏အရေးကြီးမှုအကြောင်း သတိပေးခံရသည်။
[အောက်ခြေမှတ်ချက်များ]
a ဂေရဇိမ်တောင်ရှေ့တွင်ရှိသော အနွယ်ခြောက်နွယ်မှာ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ယောသပ်နှင့် ဗင်ယာမိန်အနွယ်တို့ဖြစ်သည်။ ဧဗလတောင်ရှေ့တွင်ရှိသော အနွယ်ခြောက်နွယ်မှာ ရုဗင်၊ ဂဒ်၊ အာရှာ၊ ဇာဗုလုန်၊ ဒန်နှင့် နဿလိအနွယ်တို့ဖြစ်သည်။—တရားဟောရာ ၂၇:၁၂၊ ၁၃။
[Picture Credit Line on page 31]
Pictorial Archive (Near Eastern History) Est.