အခန်း ၅
မည်သူ၏ကိုးကွယ်မှုကို ဘုရားသခင်နှစ်သက်တော်မူသနည်း
၁။ ရှမာရိအမျိုးသမီးတစ်ဦးက ကိုးကွယ်မှုနှင့်ပတ်သက်သော အဘယ်အကြောင်းကို သိလိုသနည်း။
‘မည်သူ၏ ကိုးကွယ်မှုကို ဘုရားသခင်နှစ်သက်တော်မူသနည်း’ ဟူ၍ သင်စဉ်းစားဖူးသလော။ အမျိုးသမီးတစ်ဦးသည် ရှမာရိနယ်မှ ဂေရဇိမ်တောင်အနီးတွင် ယေရှုခရစ်တော်နှင့် စကားပြောဆိုခဲ့စဉ်က သူမ၏စိတ်ထဲ၌ ထိုကဲ့သို့သောမေးခွန်းမျိုး ဖြစ်ပေါ်ခဲ့ဖွယ်ရှိသည်။ သူမက ရှမာရိလူမျိုး၏ကိုးကွယ်မှုနှင့် ယုဒလူမျိုး၏ကိုးကွယ်မှုတို့၏ ခြားနားချက်ကိုထောက်ပြ၍ “ကျွန်ုပ်တို့ဘိုးဘေးများသည် ဤတောင်ပေါ်၌ ကိုးကွယ်လေ့ရှိကြ၏။ ယေရုရှလင်မြို့၌သာ ကိုးကွယ်ရမည်ဟု သင်တို့သည်ဆိုတတ်ကြ၏” ဟုလျှောက်ဆို၏။ (ယောဟန် ၄:၂၀) ကိုးကွယ်မှုမှန်သမျှကို ဘုရားသခင်နှစ်သက်တော်မူသည်ဟု ထိုရှမာရိအမျိုးသမီးအား ယေရှုမိန့်ဆိုတော်မူသလော။ ဘုရားသခင့်စိတ်တော်နှင့်တွေ့ရန် သီးခြားအရာများလိုအပ်သည်ဟု ကိုယ်တော်မိန့်တော်မူသလော။
၂။ ရှမာရိအမျိုးသမီးအား အဖြေပေးရာ၌ ယေရှုအဘယ်အကြောင်း မိန့်တော်မူသနည်း။
၂ အံ့အားသင့်စရာကောင်းသော ယေရှု၏အဖြေမှာ “ဤတောင်သို့မလာ၊ ယေရုရှလင်မြို့သို့မသွားဘဲ ခမည်းတော်ကို ကိုးကွယ်ရမည့်အချိန်ကာလ ရောက်ဆဲရှိ၏” ဟူ၍ဖြစ်သည်။ (ယောဟန် ၄:၂၁) ရှမာရိလူမျိုးသည် ကြာမြင့်စွာကတည်းက ယေဟောဝါအားခန့်ညား၍ ဂေရဇိမ်တောင်ပေါ်တွင် အခြားသောဘုရားများကို ကိုးကွယ်ခဲ့ကြသည်။ (၄ ဓမ္မရာဇဝင် ၁၇:၃၃) ယခုသော် ယေရှုက ထိုတောင်သည်လည်းကောင်း၊ ယေရုရှလင်မြို့သည်လည်းကောင်း မှန်သောကိုးကွယ်မှုအတွက်အရေးမကြီးကြောင်း မိန့်တော်မူ၏။
နာမ်ဝိညာဉ်နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ကိုးကွယ်ခြင်း
၃။ (က) ရှမာရိလူမျိုးသည် အဘယ်ကြောင့် ဘုရားသခင်ကို တကယ်တမ်းမသိကြသနည်း။ (ခ) သစ္စာရှိသောယုဒလူတို့နှင့် အခြားသူများတို့သည် ဘုရားသခင်ကို မည်သို့သိကျွမ်းနိုင်သနည်း။
၃ ယေရှုက ရှမာရိအမျိုးသမီးကို ဤသို့ဆက်လက်မိန့်ဆို၏– “သင်တို့သည် ကိုယ်မသိရာကို ကိုးကွယ်ကြ၏။ ငါတို့မူကား ယုဒလူမျိုးမှ ကယ်တင်ခြင်းဖြစ်လာသည့်အလျောက် ကိုယ်သိရာကို ကိုးကွယ်ကြ၏။” (ယောဟန် ၄:၂၂၊ သမ) ရှမာရိလူမျိုးသည် မှားယွင်းသော ဘာသာရေးယုံကြည်ချက်များရှိပြီး သမ္မာကျမ်းစာမှ ပထမငါးကျမ်းကိုသာ မှုတ်သွင်းခံကျမ်းများအဖြစ်လက်ခံသည်။ ၎င်းကျမ်းတို့ကို ရှမာရိပဲန်တကျွတ်ဟုလူသိများသော ၎င်းတို့တည်းဖြတ်ထားသည့် ကျမ်းစာ၌သာတွေ့ရှိရသည်။ ထို့ကြောင့် သူတို့သည် ဘုရားသခင်အား အမှန်အတိုင်းမသိကြချေ။ ယုဒလူမျိုးတို့မူကား ကျမ်းစာအသိပညာ လွှဲအပ်ခံရကြ၏။ (ရောမ ၃:၁၊ ၂) သမ္မာကျမ်းစာသည် သစ္စာရှိသောဂျူးတို့နှင့် နားထောင်လိုစိတ်ရှိသော အခြားသူတို့ကို ဘုရားသခင်အားသိကျွမ်းရေးအတွက် လိုအပ်သမျှကိုပေး၏။
၄။ ယေရှု၏အဆိုအရ ယုဒလူမျိုးနှင့် ရှမာရိလူမျိုးနှစ်မျိုးစလုံး သူတို့၏ကိုးကွယ်မှုကို ဘုရားသခင်နှစ်သက်ဖွယ်ဖြစ်အောင် မည်သို့ ပြုကြရမည်နည်း။
၄ အမှန်အားဖြင့် ယေရှုက ယုဒလူမျိုးနှင့်ရှမာရိလူမျိုး နှစ်မျိုးစလုံးသည် ဘုရားသခင်နှစ်သက်မှုရရှိရေးအတွက် သူတို့၏ကိုးကွယ်ပုံကို ပြုပြင်ပြောင်းလဲရမည်ဖြစ်ကြောင်း ပြသတော်မူ၏။ “မှန်သောကိုးကွယ်သူတို့သည် ခမည်းတော်ကို နာမ်ဝိညာဉ်နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ကိုးကွယ်ရမည့်အချိန်ကာလသည်လာ၍ ယခုပင်ရောက်လျက်ရှိ၏။ အကြောင်းမူကား၊ ခမည်းတော်သည် မိမိကိုကိုးကွယ်စေရန် ထိုသို့သောသူတို့ကို အလိုရှိတော်မူ၏။ ဘုရားသခင်သည် နာမ်ဝိညာဉ်ဖြစ်တော်မူ၏။ ကိုယ်တော်ကိုကိုးကွယ်သောသူတို့သည် နာမ်ဝိညာဉ်နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ကိုးကွယ်ရမည်” ဟုမိန့်တော်မူ၏။ (ယောဟန် ၄:၂၃၊ ၂၄၊ သမ္မာ) ကျွန်ုပ်တို့သည် ယုံကြည်ခြင်းနှင့်ချစ်ခြင်းပြည့်ဝသော နှလုံးသား၏စေ့ဆော်မှုဖြင့် ဘုရားသခင်အား “နာမ်ဝိညာဉ်နှင့်” ကိုးကွယ်ရန်လိုသည်။ ဘုရားသခင့်နှုတ်ကပါဌ်တော် သမ္မာကျမ်းစာကို လေ့လာခြင်းအားဖြင့် ဖွင့်ပြထားသည့် သမ္မာတရားနှင့်အညီ ကိုးကွယ်ခြင်းအားဖြင့် ကိုယ်တော်အား ‘သမ္မာတရားနှင့်’ ကိုးကွယ်နိုင်ပေသည်။ သင်ထိုသို့ ပြုလိုစိတ် ပြင်းပြသလော။
၅။ (က) “ကိုးကွယ်မှု” ၏အဓိပ္ပာယ်ကား အဘယ်နည်း။ (ခ) ကျွန်ုပ်တို့၏ကိုးကွယ်မှုကို ဘုရားသခင်နှစ်သက်လက်ခံစေလိုပါက ဘာလုပ်ရမည်နည်း။
၅ မှန်သောကိုးကွယ်မှုကို ဘုရားသခင်လိုလားကြောင်း ယေရှုက အလေးထားမိန့်ကြားတော်မူ၏။ ဤအချက်က ယေဟောဝါလက်သင့်မခံသော ကိုးကွယ်မှုထုံးတမ်းများရှိကြောင်း ဖော်ပြသည်။ ဘုရားသခင်အားကိုးကွယ်သည်ဟုဆိုရာ၌ ကိုယ်တော်အား ကြည်ညိုလေးစားစွာဂုဏ်တင်ခြင်း၊ ဘုရားဝတ်ပြုခြင်းကိုဆိုလိုသည်။ သင့်အနေဖြင့် တန်ခိုးကြီးသောမင်းတစ်ပါးအား ဂုဏ်တင်လိုလျှင် ထိုမင်း၏အမှုတော်ကို စိတ်အားထက်သန်စွာထမ်းဆောင်ပြီး အလိုကျဖြစ်အောင် ကြိုးစားလုပ်ဆောင်ပေမည်။ ထို့ကြောင့် ‘ကျွန်တော့်ဘာသာကို ကျွန်တော်သဘောကျတယ်’ ဟူ၍ပြောရုံပြောမည့်အစား ကျွန်ုပ်တို့၏ကိုးကွယ်မှုကို ဘုရားသခင့်တောင်းဆိုချက်များနှင့်ညီညွတ်အောင် သေချာစေရန်လိုသည်။
ခမည်းတော်၏အလိုတော်ကိုဆောင်ခြင်း
၆၊ ၇။ ယေရှုက မိမိ၏တပည့်ဖြစ်သည်ဟုဆိုသူအချို့ကို အဘယ်ကြောင့်အသိအမှတ် ပြုတော်မမူသနည်း။
၆ မဿဲ ၇:၂၁-၂၃ ကိုဖတ်ပြီး ကိုးကွယ်မှုမှန်သမျှကို ဘုရားသခင်နှစ်သက်ခြင်းရှိမရှိ အဆုံးအဖြတ်ပေးသော အရေးကြီးသည့်အချက်ကို သင်ထောက်ပြနိုင်မနိုင် ကြည့်ကြပါစို့။ ယေရှုဤသို့မိန့်တော်မူ၏– “‘သခင်၊ သခင်’ ဟုငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။ ထိုနေ့၌ကား၊ ‘သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမသြဝါဒပေးပါပြီမဟုတ်လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကိုနှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသောတန်ခိုးတို့ကို ပြပါပြီမဟုတ်လော’ ဟု အများသောသူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကိုငါအလျှင်းမသိ။ အဓမ္မအမှုကိုပြုသောသူတို့၊ ငါ့ထံမှဖယ်ကြဟု ထိုသူတို့အား အတည့်အလင်းငါပြောမည်။”
၇ မှန်သောကိုးကွယ်မှုတွင် ယေရှုခရစ်ကို သခင်အဖြစ်ဝန်ခံရန် အလွန်အရေးကြီးသည်။ သို့သော် ယေရှု၏တပည့်ဖြစ်သည်ဟု ဆိုသူအများ၏ကိုးကွယ်မှုတွင် တစ်စုံတစ်ရာ လိုလျက်နေကောင်းနေမည်။ အချို့က အံ့ဖွယ်ကုသမှုများဟုဆိုနိုင်သော ‘တန်ခိုးပြသည့်လုပ်ရပ်များ’ ကိုတင်ပြကြမည်။ သို့သော်လည်း ပဓာနကျသည်ဟု ယေရှုမိန့်တော်မူသောအရာကို ပြုလုပ်ရန်ပျက်ကွက်နေပေမည်။ ကိုယ်တော့် “ခမည်းတော်၏အလိုကို” မဆောင်ဘဲနေပေမည်။ ကျွန်ုပ်တို့အနေဖြင့် ဘုရားသခင့်စိတ်တော်နှင့်တွေ့လိုပါက ခမည်းတော်၏အလိုတော်သည် အဘယ်အရာဖြစ်ကြောင်း လေ့လာဆည်းပူးပြီးနောက် ထိုအတိုင်းလုပ်ဆောင်ရန် လိုအပ်သည်။
တိကျမှန်ကန်သောအသိပညာ—အကာအကွယ်တစ်ရပ်
၈။ ဘုရားသခင့်အလိုတော်ကို ဆောင်မည်ဆိုပါက အဘယ်အရာလိုအပ်သနည်း။ အဘယ်လွဲမှားသည့် အမြင်သဘောထားများကို ရှောင်ရမည်နည်း။
၈ ဘုရားသခင့်အလိုတော်ဆောင်ရန် ယေဟောဝါနှင့် ယေရှုခရစ်နှစ်ပါးလုံးကို တိကျမှန်ကန်စွာ သိကျွမ်းဖို့လိုအပ်သည်။ ဤသို့သောအသိပညာသည် ထာဝရအသက်ကို ရရှိစေသည်။ ထို့ကြောင့် ကျွန်ုပ်တို့အားလုံး ဘုရားသခင့်နှုတ်ကပါဌ်တော် သမ္မာကျမ်းစာမှ တိကျမှန်ကန်သောအသိပညာရရှိရေးကို မုချ အလေးထားလိုကြမည်။ မိမိတို့၏ကိုးကွယ်မှုတွင် စိတ်ရင်းမှန်၍ စိတ်အားထက်သန်နေသမျှကာလပတ်လုံး ဘာမျှစိုးရိမ်စရာမလိုဟု အချို့ကဆိုကြသည်။ အခြားသူတို့ကမူ ‘အသိပညာနည်းလျှင် တာဝန်လည်းနည်းသည်’ ဟုဆိုကြသည်။ သို့သော် သမ္မာကျမ်းစာက ဘုရားသခင်နှင့် ကိုယ်တော့်ရည်ရွယ်ချက်တို့နှင့်သက်ဆိုင်သော အသိပညာဘက်တွင် တိုးတက်အောင်အားထုတ်ရန် တိုက်တွန်းထားသည်။—ဧဖက် ၄:၁၃; ဖိလိပ္ပိ ၁:၉; ကောလောသဲ ၁:၉။
၉။ တိကျမှန်ကန်သောအသိပညာက ကျွန်ုပ်တို့ကို အဘယ်သို့အကာအကွယ်ပေးသနည်း။ ထိုသို့သောအကာအကွယ်မျိုးကို ကျွန်ုပ်တို့အဘယ်ကြောင့် လိုအပ်သနည်း။
၉ ဤကဲ့သို့သောအသိပညာသည် ကျွန်ုပ်တို့၏ကိုးကွယ်မှုကို မညစ်ညမ်းစေရန်ကာကွယ်ပေးသည်။ တမန်တော်ပေါလုက “အလင်းနှင့်ဆိုင်သော ကောင်းကင်တမန်” ဖြစ်ယောင်ဆောင်သော နာမ်ဝိညာဉ်သတ္တဝါတစ်ပါး၏အကြောင်း ဆိုထားသည်။ (၂ ကောရိန္သု ၁၁:၁၄၊ သမ္မာ) ၎င်းနာမ်ဝိညာဉ်သတ္တဝါ—စာတန်—သည် ယင်းသို့အယောင်ဆောင်ခြင်းအားဖြင့် ကျွန်ုပ်တို့ကို ဘုရားသခင့်အလိုတော်နှင့် ဆန့်ကျင်သည့်အရာများပြုလုပ်ရန် ကြိုးစားလှည့်ဖြားသည်။ စာတန်နှင့်ပူးပေါင်းသည့် အခြားနာမ်ဝိညာဉ်သတ္တဝါများလည်း လူတို့၏ကိုးကွယ်မှုကို ညစ်ညမ်းအောင်လုပ်ခဲ့ကြသည်။ အကြောင်းမှာ “သာသနာပလူတို့သည် ပူဇော်သောယဇ်ကို ဘုရားသခင်အားပူဇော်ကြသည်မဟုတ်၊ နတ်ဆိုးတို့အားပူဇော်ကြ၏” ဟုပေါလုဆိုထားသောကြောင့်ဖြစ်သည်။ (၁ ကောရိန္သု ၁၀:၂၀) ယင်းကြောင့် လူအများက ဘုရားသခင် လိုလားတော်မူသည့်အတိုင်း လုပ်ဆောင်ခြင်းမရှိသော်လည်း မိမိတို့နည်းမှန်လမ်းမှန် ကိုးကွယ်နေကြသည်ဟု ထင်မှတ်နေကြခြင်းဖြစ်ဟန်တူသည်။ သူတို့သည် မစင်ကြယ်သောမှားယွင်းသည့် ကိုးကွယ်မှုဘက်သို့ လှည့်ဖြားသွေးဆောင်ခံနေကြရသည်။ နောက်ပိုင်းတွင် စာတန်နှင့်နတ်ဆိုးများအကြောင်းကို ပိုမိုသိရှိရမည်။ သို့သော် ဘုရားသခင်၏ ဤရန်သူတော်များသည် လူသားတို့၏ကိုးကွယ်မှုကို ဧကန်ဒိဋ္ဌ ညစ်ညမ်းအောင်ပြုလုပ်ခဲ့ကြသည်။
၁၀။ သင်၏သောက်သုံးရေတွင် တစ်ယောက်ယောက်က တမင်တကာအဆိပ်ခတ်ခဲ့သည်ရှိသော် သင်ဘာပြုလုပ်မည်နည်း။ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို တိကျမှန်ကန်စွာသိကျွမ်းခြင်းက ကျွန်ုပ်တို့ဘာပြုလုပ်နိုင်အောင် ထောက်ကူသနည်း။
၁၀ သင်၏သောက်သုံးရေတွင် တစ်ယောက်ယောက်က တမင်သက်သက်အဆိပ်ခတ်လိုက်သည်ကို သင်သိရှိပါက ထိုရေကိုဆက်၍သောက်မည်လော။ အန္တရာယ်ကင်း၍ သန့်စင်သောရေရရှိရန် သင်ချက်ချင်းလုပ်ဆောင်မည်မှာ သေချာသည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို တိကျမှန်ကန်စွာသိကျွမ်းခြင်းပညာက မှန်သောဘာသာကို ခွဲခြားသိမြင်နိုင်ရန်၊ ကိုးကွယ်မှုကို ဘုရားသခင် လက်မခံစရာဖြစ်စေသည့် ညစ်ညမ်းမှုများကို ငြင်းပယ်နိုင်ရန် ကျွန်ုပ်တို့ကိုထောက်ကူပေးသည်။
လူ့ပညတ်များကို အယူဝါဒများသဖွယ်
၁၁။ ယုဒလူမျိုးအများ၏ကိုးကွယ်မှုတွင် ဘာမှားယွင်းချွတ်ချော်ခဲ့သနည်း။
၁၁ ယေရှု ကမ္ဘာပေါ်ရှိစဉ်က ယုဒလူအများတို့သည် ဘုရားသခင်နှင့်ဆိုင်သည့် တိကျမှန်ကန်သောအသိပညာနှင့်အညီ ပြုမူကျင့်ကြံခြင်းမရှိခဲ့ချေ။ သို့နှင့် ယေဟောဝါရှေ့စင်ကြယ်သောအနေအထားရရှိနိုင်သည့် အခွင့်အလမ်းကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ သူတို့နှင့်စပ်လျဉ်း၍ ပေါလုဤသို့ရေးသားခဲ့သည်– “ထိုသူတို့သည် မှန်သောပညာအတိုင်းမဟုတ်သော်လည်း ဘုရားသခင့်ဘက်၌ စိတ်အားကြီးသည်ဟု သူတို့အဖို့ ငါသက်သေခံ၏။” (ရောမ ၁၀:၂၊ သမ္မာ) သူတို့သည် ဘုရားသခင်မိန့်မှာသည့်အတိုင်း နာခံလိုက်လျှောက်မည့်အစား မိမိတို့ကိုယ်ပိုင်ရွေးချယ်သည့်နည်းဖြင့် ဘုရားသခင်အားကိုးကွယ်ကြ၏။
၁၂။ ဣသရေလလူမျိုး၏ကိုးကွယ်မှုကို အဘယ်အရာကညစ်ညမ်းစေခဲ့သနည်း။ အဘယ်အကျိုးရလဒ်ဖြစ်ပေါ်သနည်း။
၁၂ ဣသရေလလူမျိုးသည် မူလက ဘုရားပေး စင်ကြယ်သောဘာသာကို ကိုးကွယ်ခဲ့ကြသော်လည်း လူ့သွန်သင်ချက်များနှင့် သဘောတရားအမြင်များကြောင့် ညစ်ညမ်းသွားခဲ့သည်။ (ယေရမိ ၈:၈၊ ၉; မာလခိ ၂:၈၊ ၉; လုကာ ၁၁:၅၂) ဖာရိရှဲဟူ၍လူသိများသော ယုဒဘာသာရေးခေါင်းဆောင်များက ၎င်းတို့၏ကိုးကွယ်မှုကို ဘုရားသခင်နှစ်သက်သည်ဟု ထင်မှတ်ကြစေကာမူ သူတို့ကိုယေရှု ဤသို့မိန့်တော်မူ၏– “ဟေရှာယသည် လျှို့ဝှက်သောသင်တို့ကိုရည်မှတ်လျက် ‘ဤလူမျိုးသည် နှုတ်ခမ်းနှင့်ငါ့ကိုရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။ လူတို့စီရင်သောပညတ်တို့ကိုသွန်သင်၍ နည်းဥပဒေသပေးလျက်ပင် ငါ့ကိုအချည်းနှီးကိုးကွယ်ကြ၏’ဟုနောက်ဖြစ်လတ္တံ့သောအရာကို လျောက်ပတ်စွာဟောခဲ့ပြီ။”—မာကု ၇:၆၊ ၇။
၁၃။ ကျွန်ုပ်တို့ အဘယ်ထောင်ချောက်ထဲသို့ ကျသွားနိုင်သနည်း။
၁၃ ဖာရိရှဲများပြုလုပ်ခဲ့သကဲ့သို့ ကျွန်ုပ်တို့လည်း လုပ်မိနိုင်သည့်အလားအလာ ရှိပါသလော။ ကိုးကွယ်မှုနှင့်စပ်လျဉ်း၍ ဘုရားသခင်မိန့်မှာချက်ကို ဆန်းစစ်ခြင်းမပြုဘဲ အဆက်ဆက်ခံသော ဘာသာရေးမိရိုးဖလာများအတိုင်း လိုက်မည်ဆိုလျှင် ထိုအတိုင်းဖြစ်နိုင်သည်။ အမှန်တကယ်ရှိသော ၎င်းအန္တရာယ်အကြောင်း သတိပေးရာ၌ ပေါလုကဤသို့ရေးသားခဲ့သည်– “နောင်ကာလ၌ လူအချို့တို့သည် မုသားပြောဆိုသည့် ဝိညာဉ်များ၏စကားကိုနားထောင်လျက် နတ်မိစ္ဆာတို့၏ ဩဝါဒကိုလိုက်နာကာ မိမိတို့၏ယုံကြည်ခြင်းကို စွန့်လွှတ်ကြလိမ့်မည်ဟု ဝိညာဉ်တော်က အတိအလင်းဖော်ပြတော်မူ၏။” (၁ တိမောသေ ၄:၁၊ သတင်းကောင်း) ထို့ကြောင့် ကျွန်ုပ်တို့၏ကိုးကွယ်မှုကို ဘုရားသခင်နှစ်သက်သည်ဟု ယူဆရုံမျှနှင့်မလုံလောက်ပါ။ ယေရှုနှင့်တွေ့ခဲ့သည့် ရှမာရိအမျိုးသမီးနည်းတူ ကျွန်ုပ်တို့သည် မိဘများထံမှ ကိုးကွယ်နည်းကိုအမွေရခဲ့ပေမည်။ သို့သော် ဘုရားသခင် နှစ်သက်သောအရာများကို ကျွန်ုပ်တို့လုပ်ဆောင်နေကြောင်း သေချာဖို့လိုသည်။
ဘုရားသခင်၏စိတ်တော် ငြိုငြင်စရာမဖြစ်အောင်ထိန်းပါ
၁၄၊ ၁၅။ ဘုရားသခင့်အလိုတော်နှင့်ဆိုင်သော အသိပညာအချို့ရှိထားစေကာမူ ကျွန်ုပ်တို့အဘယ်ကြောင့် သတိထားရန်လိုသနည်း။
၁၄ သတိမထားလျှင် ကျွန်ုပ်တို့သည် ဘုရားသခင်မနှစ်သက်သောအရာကို ပြုမိနိုင်သည်။ သာဓကအနေဖြင့် တမန်တော်ယောဟန်သည် ကောင်းကင်တမန်တစ်ပါးကို “ကိုးကွယ်” ခြင်းငှာ သူ၏ခြေရင်း၌ပျပ်ဝပ်ခဲ့သည်။ သို့သော် ထိုကောင်းကင်တမန်က ဤသို့သတိပေးလိုက်သည်– “မပြုပါနှင့်၊ ငါကားသင်၏လုပ်ဖော်ဆောင်ဖက်ဖြစ်၏။ ယေရှု၏သက်သေခံတော်မူချက်ကိုဆောင်သော သင်၏ညီအစ်ကိုတို့၏ လုပ်ဖော်ဆောင်ဖက်လည်းဖြစ်၏။ ဘုရားသခင်ကိုကိုးကွယ်လော့။” (ဗျာဒိတ် ၁၉:၁၀) ထို့ကြောင့် သင်၏ကိုးကွယ်မှုကို မည်သည့်ရုပ်တုကိုးကွယ်မှုကြောင့်မျှ မညစ်ညမ်းစေရန် ဂရုစိုက်ဖို့လိုကြောင်း သတိပြုမိပါသလော။—၁ ကောရိန္သု ၁၀:၁၄။
၁၅ ခရစ်ယာန်အချို့က ဘုရားသခင်မနှစ်သက်တော့သော ဘာသာရေးဓလေ့ထုံးစံများကို စ၍လိုက်ကြသည့်အခါ ပေါလုကဤသို့မေးခွန်းထုတ်လိုက်သည်– “အားမရှိ ချမ်းသာမပေးနိုင်သော တရားနုဘက်သို့ အဘယ်သို့တစ်ဖန်လှည့်၍ ကျွန်ခံလိုကြပြန်သနည်း။ နှစ်၊ လ၊ နေ့ရက်၊ အချိန်ကာလများကို စောင့်ကြပြီတကား။ ငါသည် သင်တို့အဖို့ အချည်းနှီးကြိုးစားအားထုတ်သည်ဟု သင်တို့အတွက် စိုးရိမ်လျက်ရှိ၏။” (ဂလာတိ ၄:၉-၁၁၊ သမ္မာ) ထိုပုဂ္ဂိုလ်များသည် ဘုရားသခင်အားသိကျွမ်းပြီးသော်လည်း နောက်ပိုင်းတွင် ယေဟောဝါနှစ်သက်တော်မမူသော ဘာသာရေးဓလေ့ထုံးစံများနှင့် အခါကြီးရက်ကြီးများကို စောင့်ခြင်းအားဖြင့် မှားယွင်းခဲ့ကြသည်။ ကျွန်ုပ်တို့သည် ပေါလုမှာကြားသည့်အတိုင်း “အရှင်ဘုရားနှစ်သက်တော်မူသောအရာသည် အဘယ်အရာဖြစ်သည်ကို သေချာအောင်ဆက်လုပ်” ရန်လိုသည်။—ဧဖက် ၅:၁၀၊ ကဘ။
၁၆။ အားလပ်ရက်များနှင့် ထုံးစံဓလေ့များသည် ဘုရားသခင့်စိတ်တော်နှင့်တွေ့မတွေ့ ကျွန်ုပ်တို့ဆုံးဖြတ်နိုင်ရန် ယောဟန် ၁၇:၁၆ နှင့် ၁ ပေတရု ၄:၃ တို့က မည်သို့အထောက်အကူပြုသနည်း။
၁၆ ကျွန်ုပ်တို့သည် ဘာသာရေးအားလပ်ရက်များနှင့် ဘုရားသခင့်အခြေခံမူများကို ချိုးဖောက်သော အခြားဓလေ့ထုံးစံများကို ရှောင်ကြဉ်ခြင်းရှိမရှိ သေချာအောင်စစ်ဆေးရန်လိုသည်။ (၁ သက်သာလောနိတ် ၅:၂၁) သာဓကအားဖြင့် တပည့်တော်များနှင့်စပ်လျဉ်း၍ ယေရှုက “ဤလောကနှင့် အကျွန်ုပ်မစပ်ဆိုင်သည့်နည်းတူ သူတို့လည်းမစပ်ဆိုင်ကြ” ဟုမိန့်တော်မူ၏။ (ယောဟန် ၁၇:၁၆၊ သမ) သင့်ဘာသာသည် လောကီရေးရာတွင် ကြားနေခြင်းမူကို ချိုးဖောက်သည့် အခမ်းအနားများနှင့် အားလပ်ရက်များတွင် ပါဝင်ပတ်သက်ပါသလော။ သို့မဟုတ် သင့်ဘာသာကိုယုံကြည်သက်ဝင်သူတို့သည် တမန်တော်ပေတရုဖော်ပြသည့် အကျင့်နှင့်တူညီသည့်အကျင့်ပါဝင်သော ဓလေ့ထုံးစံများနှင့် ပွဲတော်များတွင် တစ်ခါတစ်ရံပါဝင်ကြပါသလော။ “သာသနာပလူတို့၏ အလိုသို့လိုက်၍ ကိလေသာညစ်ညူးခြင်း၊ ကာမတပ်မက်ခြင်း၊ စပျစ်ရည်နှင့်ယစ်မူးခြင်း၊ ပွဲလုပ်ခြင်း၊ သောက်ကြူးခြင်း၊ အဓမ္မရုပ်တုကို ကိုးကွယ်ခြင်း၌ကျင်လည်၍ ငါတို့လွန်စေပြီးသောအသက်ကာလသည် ငါတို့အားလောက်ပေ၏” ဟူ၍သူရေးသားခဲ့သည်။—၁ ပေတရု ၄:၃။
၁၇။ လောက၏စိတ်ဝိညာဉ်ကိုထင်ဟပ်သော မည်သည့်အရာကိုမဆို ကျွန်ုပ်တို့အဘယ်ကြောင့် ရှောင်ကြဉ်သင့်သနည်း။
၁၇ တမန်တော်ယောဟန်က ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိ ဘုရားတရားမဲ့သည့် လောက၏စိတ်ဝိညာဉ်ကိုထင်ဟပ်သော မည်သည့်အကျင့်ဓလေ့မျိုးကိုမဆို ရှောင်ကြဉ်ရန်လိုကြောင်း အလေးအနက်ဆိုထားသည်။ သူဤသို့ရေးသားထားသည်– “ဤလောကကိုလည်းကောင်း၊ လောက၌ရှိသောအရာများကိုလည်းကောင်း မချစ်ကြနှင့်။ တစ်စုံတစ်ယောက်သောသူသည် ဤလောကကိုချစ်လျှင် ထိုသူ၌ အဘခမည်းတော်ကို ချစ်ခြင်းမေတ္တာမရှိ။ အကြောင်းမူကား၊ လောက၌ရှိသမျှသောအရာတည်းဟူသော ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကီဝါကြွားခြင်းများသည် အဘခမည်းတော်နှင့်မစပ်ဆိုင်၊ လောကနှင့်သာစပ်ဆိုင်ကြ၏။ ဤလောကနှင့်လောကီတပ်မက်ခြင်းသည် ကွယ်ပျောက်ဆဲဖြစ်၏။ ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်သောသူမူကား နိစ္စထာဝရတည်၏။” (၁ ယောဟန် ၂:၁၅-၁၇၊ သမ္မာ) ‘ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်သောသူ’ တို့သည် နိစ္စထာဝရတည်မည်ဖြစ်ကြောင်း သင်သတိပြုမိသလော။ မှန်ပါသည်၊ ကျွန်ုပ်တို့သည် ဘုရားသခင့်အလိုတော်ကိုဆောင်၍ ဤလောက၏စိတ်ဝိညာဉ်ကို ထင်ဟပ်သည့်လုပ်ဆောင်မှုများကို ရှောင်ကြဉ်မည်ဆိုပါက ထာဝရအသက်ရှင်ရန် မျှော်လင့်နိုင်ပေသည်။
ဘုရားသခင်၏ မြင့်မားသောစံနှုန်းကိုလိုက်ပါ
၁၈။ ကောရိန္သုမြို့သားအချို့က အမူအကျင့်နှင့်ပတ်သက်၍ အဘယ်သို့အလွဲယူမှတ်ကြသနည်း။ ဤအချက်မှ ကျွန်ုပ်တို့ အဘယ်သင်ခန်းစာယူသင့်သနည်း။
၁၈ ဘုရားသခင်သည် မိမိ၏မြင့်မားသော စာရိတ္တစံနှုန်းကိုလိုက်သူတို့ကိုသာ ကိုးကွယ်သူများအဖြစ် လိုလားတော်မူ၏။ ရှေးကောရိန္သုမြို့မှ အချို့သူတို့က ကိုယ်ကျင့်တရားပျက်ပြားသော အမူအကျင့်ကို ဘုရားသခင်သည်းခံတော်မူသည်ဟု လွဲမှားစွာထင်မှတ်ခဲ့ကြသည်။ ၁ ကောရိန္သု ၆:၉၊ ၁၀ ကိုဖတ်ကြည့်ခြင်းအားဖြင့် ထိုသူတို့မည်မျှမှားယွင်းကြောင်း တွေ့ မြင်နိုင်သည်။ ဘုရားသခင် နှစ်သက်တော်မူသည့်နည်းဖြင့် ကိုးကွယ်လိုပါကကျွန်ုပ်တို့၏အပြောအဆိုနှင့် အပြုအမူတို့သည် စိတ်တော်နှင့်တွေ့ရန်လိုသည်။ သင်၏ကိုးကွယ်မှုပုံစံက သင့်ကိုထိုသို့ ပြုရန် ထောက်ကူသလော။—မဿဲ ၁၅:၈; ၂၃:၁-၃။
၁၉။ မှန်သောကိုးကွယ်မှုသည် သူတစ်ပါးနှင့် ကျွန်ုပ်တို့၏ဆက်ဆံမှုကို မည်သို့သက်ရောက်မှုရှိသနည်း။
၁၉ အခြားလူတို့နှင့်ဆက်ဆံရာ၌လည်း ဘုရားသခင့်စံနှုန်းကို ထင်ဟပ်စေသင့်ပေသည်။ မိမိကိုဆက်ဆံစေလိုသည့်အတိုင်း သူတစ်ပါးကိုဆက်ဆံရန် ယေရှုခရစ်တော်က ကျွန်ုပ်တို့ကိုအားပေးတော်မူ၏။ အကြောင်းမှာ ဤသို့ပြုခြင်းသည် မှန်သောကိုးကွယ်မှု၏ တစ်စိတ်တစ်ဒေသဖြစ်သောကြောင့်တည်း။ (မဿဲ ၇:၁၂) ညီအစ်ကိုချစ်ခြင်းနှင့်စပ်လျဉ်း၍ မိန့်တော်မူသည့်ချက်ကိုလည်း သတိပြုပါ– “သင်တို့သည် အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကိုသိရကြလိမ့်မည်။” (ယောဟန် ၁၃:၃၅) ယေရှု၏တပည့်တော်များသည် တစ်ဦးကိုတစ်ဦးချစ်၍ ကိုးကွယ်သူချင်းနှင့် အခြားသူတို့ကို ကျေးဇူးပြုရမည်ဖြစ်သည်။—ဂလာတိ ၆:၁၀။
စိုးလ်အကြွင်းမဲ့ဖြင့် ကိုးကွယ်ခြင်း
၂၀၊ ၂၁။ (က) မည်သို့သောကိုးကွယ်မှုမျိုးကို ဘုရားသခင်လိုလားတော်မူသနည်း။ (ခ) မာလခိလက်ထက်မှ ဣသရေလလူမျိုး၏ကိုးကွယ်မှုကို ယေဟောဝါအဘယ်ကြောင့် ငြင်းပယ်တော်မူသနည်း။
၂၀ သင်၏နှလုံးထဲတွင် ဘုရားသခင်နှစ်သက်တော်မူသည့်နည်းဖြင့် ကိုးကွယ်လိုပေမည်။ သို့မှန်ပါက ကိုးကွယ်မှုနှင့်ဆိုင်သော ယေဟောဝါ၏အမြင်သဘောထားကို ခံယူရပေမည်။ တပည့်တော်ယာကုပ်က ကျွန်ုပ်တို့၏ရှုထောင့်မဟုတ်ဘဲ ဘုရားသခင့်ရှုထောင့်သည်သာ အရေးကြီးကြောင်း အလေးထားဖော်ပြသည်။ ယာကုပ်ကဤသို့ဆို၏– “ခမည်းတော်ဘုရားသခင့် ရှုထောင့်အရ စင်ကြယ်သန့်ရှင်းသော ကိုးကွယ်မှုပုံစံမှာ ဒုက္ခရောက်နေသော မိဘမဲ့ကလေးနှင့်မုဆိုးမတို့ကို ကြည့်ရှုပြုစုခြင်း၊ ဤလောကအစွန်းနှင့်ကင်းစင်အောင် ကိုယ်ကိုစောင့်ထိန်းခြင်းပေတည်း။” (ယာကုပ် ၁:၂၇၊ ကဘ) ဘုရားသခင့်စိတ်တော်နှင့် တွေ့လိုသည့်ဆန္ဒနှင့်အတူ ကျွန်ုပ်တို့တစ်ဦးစီအနေဖြင့် မိမိတို့၏ကိုးကွယ်မှုသည် ဘုရားတရားမဲ့သော အကျင့်ဓလေ့များဖြင့် ညစ်ညမ်းခြင်းမရှိစေရန်လည်းကောင်း၊ ဘုရားသခင့်ရှုထောင့်အရ အရေးပါသောအရာတစ်ခုခု လစ်ဟင်းခြင်းမရှိစေရန်လည်းကောင်း အသေအချာဆန်းစစ်ရန်လိုသည်။—ယာကုပ် ၁:၂၆။
၂၁ စင်ကြယ်၍ စိုးလ်အကြွင်းမဲ့ဖြင့် ကိုးကွယ်ခြင်းကိုသာ ယေဟောဝါနှစ်သက်တော်မူ၏။ (မဿဲ ၂၂:၃၇; ကောလောသဲ ၃:၂၃) ဣသရေလလူမျိုးသည် ဘုရားသခင်အား ထိုထက်လျော့၍ကိုးကွယ်သည့်အခါ ကိုယ်တော်က “သားသည်အဘကိုရိုသေတတ်၏။ ကျွန်သည်သခင်ကိုကြောက်ရွံ့တတ်၏။ ငါသည်အဘမှန်လျှင် ငါကိုရိုသေခြင်း၊ သခင်မှန်လျှင် ကြောက်ရွံ့ ခြင်း အဘယ်မှာရှိသနည်း” ဟုမိန့်တော်မူ၏။ သူတို့သည် တိရစ္ဆာန်အကျိုးအကန်း၊ အနာအဆာများကို ယဇ်ပူဇော်ခြင်းအားဖြင့် ဘုရားသခင်၏စိတ်တော်ကို ငြိုငြင်စေကြ၏။ (မာလခိ ၁:၆-၈၊ သမ္မာ) ယေဟောဝါသည် အစင်ကြယ်ဆုံးသောကိုးကွယ်မှုပုံစံဖြင့် ကိုးကွယ်ခံထိုက်သည့်ပြင် သီးသန့်ဝတ်ပြုကိုးကွယ်ခြင်းထက်လျော့သော မည်သည့်အရာကိုမျှလက်ခံတော်မမူ။—ထွက်မြောက်ရာ ၂၀:၅; သု. ၃:၉; ဗျာဒိတ် ၄:၁၁။
၂၂။ ကျွန်ုပ်တို့၏ကိုးကွယ်မှုကို ဘုရားသခင်နှစ်သက်လက်ခံစေလိုပါက အဘယ်အရာကို ရှောင်ကြမည်နည်း။ အဘယ်အရာလုပ်ဆောင်ကြမည်နည်း။
၂၂ ယေရှုနှင့်စကားပြောခဲ့သည့် ရှမာရိအမျိုးသမီးသည် ဘုရားသခင်နှစ်သက်တော်မူသည့်နည်းဖြင့် ဘုရားသခင်အားကိုးကွယ်ခြင်းကို စိတ်ပါဝင်စားပုံရသည်။ ကျွန်ုပ်တို့လည်း ထိုအတိုင်းဆန္ဒရှိပါက ညစ်ညမ်းသည့်သွန်သင်ချက်များနှင့် အကျင့်ဓလေ့များကို ရှောင်ကြဉ်ကြပေမည်။ (၂ ကောရိန္သု ၆:၁၄-၁၈) ထိုအရာများအစား ဘုရားသခင်နှင့်ဆိုင်သော တိကျမှန်ကန်သည့်အသိပညာ ရရှိရေးနှင့် ကိုယ်တော့်အလိုတော်ဆောင်ရွက်ရေးအတွက် အပတ်တကုတ်အားထုတ်ကြိုးစားကြပေမည်။ နှစ်သက်ဖွယ်ဖြစ်သောကိုးကွယ်မှုအတွက် သတ်မှတ်ထားသည့် လိုအပ်ချက်များအတိုင်း အနီးစပ်ဆုံးလိုက်နာကြမည်။ (၁ တိမောသေ ၂:၃၊ ၄) ယေဟောဝါသက်သေများသည် ထိုအတိုင်းပင် ကြိုးပမ်းအားထုတ်လျက်ရှိပြီး ဘုရားသခင်ကို “နာမ်ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာတရားနှင့်လည်းကောင်း” ကိုးကွယ်ရာတွင်အတူပါဝင်ရန် သင့်အားလှိုက်လှဲနွေးထွေးစွာ တိုက်တွန်းပါသည်။ (ယောဟန် ၄:၂၄) “ထိုသို့သဘောရှိသူတို့ကို ကိုယ်တော်အားကိုးကွယ်သူအဖြစ် ခမည်းတော်ရှာတော်မူ၏” ဟုယေရှုမိန့်တော်မူ၏။ (ယောဟန် ၄:၂၃၊ သမ) သင်လည်း ထိုသို့သောပုဂ္ဂိုလ်ဖြစ်မည်ဟု မျှော်လင့်ပါသည်။ ရှမာရိအမျိုးသမီးနည်းတူ သင်လည်းထာဝရအသက် မုချရလိုပေမည်။ (ယောဟန် ၄:၁၃-၁၅) သို့သော် လူတို့အိုကြသေကြသည်ကို သင်တွေ့နေရသည်။ နောက်အခန်းတွင် အကြောင်းရင်းကို ရှင်းပြပါမည်။
[စာမျက်နှာ ၅၂ ပါ ရုပ်ပုံ]
သင်၏အသိပညာကို စစ်ဆေးခြင်း
ယောဟန် ၄:၂၃၊ ၂၄ ဖော်ပြသည့်အတိုင်း မည်သို့သောကိုးကွယ်မှုကို ဘုရားသခင်နှစ်သက်တော်မူသနည်း။
ဓလေ့ထုံးစံအချို့ သို့မဟုတ် ပွဲတော်အချို့သည် ဘုရားသခင့်စိတ်တော်နှင့်တွေ့မတွေ့ ကျွန်ုပ်တို့မည်သို့ဆုံးဖြတ်နိုင်သနည်း။
နှစ်သက်ဖွယ်သောကိုးကွယ်မှုအတွက် လိုအပ်ချက်အချို့ကားအဘယ်နည်း။
[စာမျက်နှာ ၄၄ ပါ ရုပ်ပုံ]