ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • gt အခန်း ၁၉
  • ရှမာရိမိန်းမတစ်ဦးကိုသွန်သင်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရှမာရိမိန်းမတစ်ဦးကိုသွန်သင်ခြင်း
  • အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှမာရိလူအများ ယုံကြည်လာကြ
  • ရှမာရိအမျိုးသမီးကို သွန်သင်ပေး
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ရေတွင်းနားက အမျိုးသမီး
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ရေတွင်းနားမှာ မိန်းမနဲ့တွေ့ခဲ့တဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ထာဝရအသက်ရရှိစေသော ရေ
    နိုးလော့!—၂၀၀၉
နောက်ထပ် ကြည့်ပါ
အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
gt အခန်း ၁၉

အခန်း ၁၉

ရှမာရိမိန်းမတစ်ဦးကိုသွန်သင်ခြင်း

ယုဒနယ်မှဂါလိလဲသို့သွားစဉ် ယေရှုနှင့်တပည့်တော်တို့သည် ရှမာရိနယ်ကိုဖြတ်ခဲ့၏။ ခရီးပန်းသည့်အတွက် မွန်းတည့်ချိန်တွင် ရှုခါမြို့အနီးရှိရေတွင်း၌ ခေတ္တနားကြသည်။ ရာစုနှစ်များစွာက ယာကုပ်တူးခဲ့သည့် နာဘလပ်စ်မြို့အနီးရှိ ယခုတိုင်ရှိနေသောရေတွင်းဖြစ်၏။

တပည့်တော်တို့စားစရာဝယ်ရန်သွားနေစဉ် ယေရှုအနားယူနေသည့်ရေတွင်းသို့ ရှမာရိအမျိုးသမီးတစ်ဦး ရေခပ်ဖို့လာသော် ကိုယ်တော်က “ငါသောက်ဖို့ရေပေးပါ” ဟုတောင်း၏။

ဂျူးနှင့်ရှမာရိတို့ပေါင်းသင်းမှုမရှိကြသဖြင့် အမျိုးသမီးကအံ့သြပြီး “သင်သည်ယုဒလူဖြစ်လျက်ပင် ရှမာရိမိန်းမဖြစ်သူကျွန်ုပ်ကို အဘယ်ကြောင့်သောက်ဖို့ရေတောင်းသနည်း” ဟုမေး၏။

“‘ငါသောက်ဖို့ရေပေးပါ’ ဟုဆိုသောသူကား အဘယ်သူဖြစ်သည်ကို သင်သည်သိလျှင် ထိုသူကိုတောင်းလိမ့်မည်။ သူသည်လည်းအသက်ရေကိုပေးလိမ့်မည်” ဟုယေရှုပြန်၍မိန့်တော်မူ၏။

ထိုမိန်းမက ‘သခင်၌ရေခပ်စရာမရှိ၊ ရေတွင်းလည်းနက်သည်ဖြစ်၍ အသက်ရေကို အဘယ်သို့ရပါမည်နည်း။ ဤရေတွင်းကိုငါတို့အဘ ယာကုပ်ငါတို့အားပေး၏။ သူမှစ၍သားသမီးနှင့်တိရစ္ဆာန်များတို့သည် ဤတွင်းရေကိုသောက်ကြပါပြီ။ သခင်သည် ထိုသူထက်ကြီးမြတ်သလော’ ဟုဆို၏။

“ယေရှုကလည်း ‘ဤရေကိုသောက်သောသူသည် နောက်တစ်ဖန်ရေငတ်ဦးမည်။ ငါပေးသောရေကိုသောက်သောသူမူကား ရေငတ်ခြင်းနှင့်အစဉ်ကင်းလွတ်လိမ့်မည်။ ငါပေးသောရေသည် ထိုသူ၌ထာဝရအသက်ရှင်ခြင်းအလိုငှာ ထွက်သောစမ်းရေဖြစ်လိမ့်မည်’ ဟုမိန့်တော်မူ၏။

“သခင်၊ အကျွန်ုပ်သည် ရေငတ်ခြင်းနှင့်လည်းကောင်း၊ သည်ကိုလာ၍ ရေခပ်ခြင်းနှင့်လည်းကောင်း ကင်းလွတ်မည်အကြောင်း ထိုရေကိုပေးပါ” ဟုအမျိုးသမီးတောင်းဆိုသည်။

ယေရှုကလည်း “သွားလော့။ သင်၏လင်ကိုခေါ်၍ သည်ကိုလာဦးလော့” ဟုမိန့်တော်မူသည်။

သူမက “အကျွန်ုပ်၌လင်မရှိ” ဟုဆို၏။

ယေရှုက “လင်မရှိဟူသောစကားသည်မှန်၏။ အကြောင်းမူကား၊ သင်၌လင်ငါးယောက်ရှိဖူးပြီ။ ယခုသင်၌နေသောသူသည် သင်၏လင်မဟုတ်” ဟုဆိုသည်။

ထိုမိန်းမကလည်း “သခင်၊ ကိုယ်တော်သည်ပရောဖက်ဖြစ်သည်ကို ရိပ်မိပါ၏” ဟုအံ့သြလျက်ဆို၏။ ဝိညာဉ်ရေးရာကိုစိတ်ဝင်စားသောသူမက ရှမာရိလူတို့သည် ဂေရဇိမ်တောင်ပေါ်မှာ ကိုးကွယ်ပြီး ယုဒလူတို့မူ ယေရုရှလင်မြို့တွင် ကိုးကွယ်ကြောင်းပြောဆို၏။

သို့တစေ ကိုးကွယ်ရာနေရာ အရေးမကြီးကြောင်း ယေရှုဤသို့ဆိုသည်။ “ကိုးကွယ်သောသူမှန်သမျှတို့သည် ခမည်းတော်ကိုနာမ်ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း ကိုးကွယ်ရမည့်အချိန်ကာလလာ၍ ယခုပင်ရောက်လျက်ရှိ၏။ အကြောင်းမူကား၊ ထိုသို့ကိုးကွယ်သောသူတို့ကို ခမည်းတော်သည်အလိုရှိတော်မူ၏။ ဘုရားသခင်သည် နာမ်ဝိညာဉ်ဖြစ်တော်မူ၏။ ဘုရားသခင်ကိုကိုးကွယ်သောသူတို့သည် နာမ်ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း ကိုးကွယ်ရမည်။”

ထိုမိန်းမ အလွန်စိတ်လှုပ်ရှားလျက် “မေရှိယကြွလာတော်မူမည်ဟု အကျွန်ုပ်သိပါ၏။ ရောက်တော်မူသောအခါ အကျွန်ုပ်တို့အား အလုံးစုံတို့ကိုဖေါ်ပြတော်မူမည်” ဟုလျှောက်ပြန်၏။

ယေရှုကလည်း “သင်နှင့်စကားပြောသောငါသည် မေရှိယဖြစ်သည်” ဟုဖွင့်ပြော၏။ စဉ်းစားကြည့်ပါ။ သူမ၏အကျင့်ကြောင့် သူမကိုကဲ့ရဲ့သူ၊ တစ်မြို့ထဲနေအမျိုးသမီးများကို ရင်မဆိုင်လို၍နေ့ခင်းချိန် ရေခပ်လာသောဤအမျိုးသမီးသည် ယေရှု၏မျက်နှာသာကို ထူးခြားစွာခံစားရသည်။ မည်သူကိုမျှဖွင့်မပြောတော်မူသည့်စကားကို ယေရှုသူမအားပြောသည်။ အဘယ်အကျိုးဖြစ်ထွန်းသနည်း။

ရှမာရိလူအများ ယုံကြည်လာကြ

ရှုခါမြို့မှ စားစရာဝယ်ပြီး ပြန်ရောက်လာကြသောတပည့်တော်တို့သည် ယေရှုကိုယာကုပ်ရေတွင်းဘေး၌ ရှမာရိမိန်းမတစ်ယောက်နှင့်စကားပြောနေသည်ကိုတွေ့ကြ၏။ တပည့်တော်များရောက်လာသောအခါ သူမသည် ရေအိုးကိုထားခဲ့၍ မြို့တွင်းသို့ထွက်သွားလေသည်။

သူမသည် ယေရှုမိန့်တော်မူသောအကြောင်းကို အကြီးအကျယ်စိတ်ဝင်စားပြီး မြို့တွင်းမှယောက်ျားများအား “အကျွန်ုပ်ပြုဖူးသမျှသောအမှုအရာတို့ကို ထုတ်ဖေါ်သောသူကိုလာ၍ကြည့်ကြပါ” ဟုပြောပြ၏။ ထိုနောက်တစ်ဖက်သား၏သိချင်စိတ်ကို ဆွပေးသောနည်းဖြင့် “ထိုသူသည် ခရစ်တော်မှန်လိမ့်မည်လော” ဟူ၍မေး၏။ မေးခွန်း၏ရည်ရွယ်ချက် အထမြောက်သွားသည်။ ထိုသူတို့သည် ယေရှုကို ကိုယ်တိုင်ကိုယ်ကျတွေ့ရန် ထွက်လာကြသည်။

ထိုအခိုက် တပည့်တော်တို့သည် မြို့ထဲမှဝယ်လာသောအစာကိုစားမည့်အကြောင်း ယေရှုကိုတိုက်တွန်းကြ၏။ သို့သော်ယေရှုက “သင်တို့မသိသောစားစရာသည် ငါ၌ရှိသည်” ဟုမိန့်တော်မူ၏။

“တစ်စုံတစ်ယောက်သောသူသည် စားစရာကိုပို့ပြီလော” ဟုတပည့်တော်အချင်းချင်းမေးမြန်းကြ၏။ ယေရှုဤသို့ရှင်းပြ၏။ “ငါ့ကိုစေလွှတ်တော်မူသော သူ၏အလိုတော်ကိုဆောင်ခြင်း၊ သူ၏အမှုတော်ကိုပြီးစီးခြင်းအမှုသည် ငါ့စားစရာဖြစ်၏။ ယခုမှစ၍လေးလလွန်လျှင် စပါးရိတ်ရာကာလဖြစ်မည်ဟု သင်တို့ဆိုသည်မဟုတ်လော။” သို့သော်ဝိညာဏရိတ်သိမ်းခြင်းကို ရည်ညွှန်း၍ယေရှုက “စပါးရိတ်ခြင်းအလိုငှာ လယ်ပြင်တို့သည် ယခုပင်ဝင်းဝင်းရှိသည်ကို မျှော်ကြည့်ကြလော့။ စပါးရိတ်သောသူသည်အခကိုရ၍ ထာဝရအသက်ရှင်ခြင်းအလို့ငှာ အသီးအနှံကိုစုသိမ်း၏။ သို့ဖြစ်လျှင် ပျိုးကြဲသောသူနှင့် စပါးရိတ်သောသူတို့သည် အတူဝမ်းမြောက်ကြလိမ့်မည်” ဟုမိန့်တော်မူသည်။

ရှမာရိမိန်းမနှင့်ဆုံပြီးနောက် ကြီးစွာအကျိုးဖြစ်ထွန်းမည့်အကြောင်း၊ သူမ၏သက်သေခံချက်ကြောင့် လူအများယေရှုကိုယုံကြည်လာကြမည်ကို ယေရှုကြို၍သိထားဟန်တူသည်။ မြို့သားတို့အားသူမက “အကျွန်ုပ်ပြုဖူးသမျှသောအမှုအရာတို့ကို သူသည်ထုတ်ဖေါ်ပြီ” ဟုသက်သေခံ၏။ ထို့ကြောင့်ရှုခါမြို့မှလူများ ရေတွင်းနားကိုလာ၍ ယေရှုကိုတွေ့ဆုံပြီး မိမိတို့အား ထိုထက်မကသင်ကြားပေးမည့်အကြောင်း မိမိတို့နှင့်နေရန်တောင်းပန်ကြသော် ယေရှုလက်ခံလိုက်ပြီး နှစ်ရက် တည်းတော်မူ၏။

ရှမာရိလူများယေရှု၏တရားတော်ကို ကြားနာပြီးနောက် ယုံကြည်သူပိုများလာသည်။ ထိုနောက်ထိုမိန်းမအား “ယခုဖြစ်လျှင်ငါတို့သည် သင်၏စကားကြောင့်သာယုံကြည်သည်မဟုတ်။ စကားတော်ကိုကိုယ်တိုင်ကြားနာရ၍ ဤသူသည်လောကီသားတို့ကို ကယ်တင်တော်မူသောသခင်တည်းဟူသော ခရစ်တော်အမှန်စင်စစ်ဖြစ်တော်မူကြောင်းကိုသိသည်” ဟုဆိုကြ၏။ ယေရှုအကြောင်းသက်သေခံရာတွင် ရှမာရိမိန်းမသည် တစ်ဖက်သား၏သိချင်စိတ်ကို နှိုးဆွပေးခြင်းအားဖြင့် ကြားနာသူအားတိုး၍စူးစမ်းစေရာတွင် ကျွန်ုပ်တို့အဖို့ပုံသက်သေကောင်းတစ်ခု ထားပေးခဲ့သည်မှာ ယုံမှားဖွယ်မရှိ။

ယခုအချိန်သည် ပါလက်စတိုင်းဒေသတွင် မုယောစပါးရိတ်သိမ်းချိန် နွေရာသီရောက်ရန် လေးလအလိုဖြစ်သည်။ ထိုကြောင့်ယခုအချိန်သည် နိုဝင်ဘာလ သို့မဟုတ် ဒီဇင်ဘာလဖြစ်ဖွယ်ရှိသည်။ ဤအချက်က စီအီး ၃၀ ခုနှစ်ပသခါပွဲပြီးနောက် ယေရှုနှင့်တပည့်တော်တို့သည် ယုဒနယ်တွင်ရှစ်လခန့် ဆုံးမသွန်သင်နှစ်ခြင်းပေးခဲ့ကြောင်း အဓိပ္ပာယ်သက်ရောက်စေသည်။ ယခုသူတို့သည်ဇာတိဒေသ ဂါလိလဲနယ်သို့ ထွက်ခွာလာနေကြသည်။ ထိုတွင် ဘာဖြစ်ပျက်မည်နည်း။ ယောဟန် ၄:၃-၄၃။

▪ မိမိကိုယေရှုစကားပြောသဖြင့် ရှမာရိမိန်းမအဘယ်ကြောင့်အံ့သြသနည်း။

▪ အသက်ရေနှင့်ကိုးကွယ်ရာနေရာအကြောင်း သူမအား ယေရှုဘာသွန်သင်ပေးသနည်း။

▪ မိမိမည်သူဖြစ်ကြောင်း သူမအား ယေရှုမည်သို့ဖေါ်ပြသနည်း။ ဤဖေါ်ပြချက်သည် အဘယ်ကြောင့်ထူးခြားလှသနည်း။

▪ ရှမာရိမိန်းမအဘယ်သို့ သက်သေခံသနည်း။ အဘယ်အကျိုးဖြစ်ထွန်းသနည်း။

▪ ယေရှု၏အစာသည် ရိတ်သိမ်းခြင်းနှင့်မည်သို့ဆက်စပ်သနည်း။

▪ စီအီး ၃၀ ခုနှစ် ပသခါပွဲပြီးနောက် ယုဒနယ်တွင် ယေရှုဓမ္မအမှုဆောင်သည့်ကာလအတိုင်းအတာကို ကျွန်ုပ်တို့မည်သို့တွက်ချက်ယူနိုင်သနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ