အခန်းကိုး
ကြီးမြတ်သောဆရာတစ်ပါးက ဖန်ဆင်းရှင်အကြောင်း ပိုမိုရှင်းလင်းစွာဖွင့်ပြ
ပထမရာစု ပါလက်စတိုင်းပြည်သူတို့သည် “စောင့်မျှော်လျက်” နေကြ၏။ အဘယ်အရာကို စောင့်မျှော်နေကြသနည်း။ ရာစုနှစ်ပေါင်းများစွာကြို၍ ဘုရားသခင့် ပရောဖက်များ ဟောထားသော “ခရစ်တော်၊” သို့မဟုတ် “မေရှိယ” ကိုဖြစ်သည်။ ထိုလူမျိုးက သမ္မာကျမ်းစာသည် ဘုရားသခင့် ညွှန်ကြားမှုဖြင့် ရေးသားရာဖြစ်ကြောင်း၊ ၎င်း၌ အနာဂတ်နှင့်ဆိုင်သော ကြိုတင်အသိပေးချက်များပါရှိကြောင်း ယုံကြည်လက်ခံကြသည်။ ၎င်းတို့အနက် ဒံယေလကျမ်းတွင်ပါရှိသည့် ပရောဖက်ပြုချက်တစ်ခုက သူတို့၏ရာစုနှစ် အစောပိုင်းတွင် မေရှိယ ရောက်ရှိမည်ဟု ညွှန်ပြထားသည်။—လုကာ ၃:၁၅; ဒံယေလ ၉:၂၄-၂၆။
သို့သော်၊ သူတို့သတိထားရန်လို၏။ အကြောင်းမှာ ကိုယ်တိုင်ဖန်တီးသော မေရှိယများ ပေါ်လာမည်ဖြစ်သောကြောင့်တည်း။ (မဿဲ ၂၄:၅) ဂျူးသမိုင်းပညာရှင် ဂျိုစီဖတ်စ်က ထိုသို့သောသူအချို့ကို ဖော်ပြခဲ့သည်။ ၎င်းတို့မှာ မိမိ၏နောက်လိုက်များအား ယော်ဒန်မြစ်သို့ ခေါ်ဆောင်သွားပြီး မြစ်ရေနှစ်ခြမ်းကွဲမည်ဟုဆိုသူ သုဒ၊ လူတို့ကို သံလွင်တောင်ပေါ်ခေါ်သွား၍ မိမိအမိန့်ဖြင့် ယေရုရှလင်မြို့ရိုး ပြိုလဲမည်ဟုဆိုသော အီဂျစ်ပြည်သားတစ်ဦး၊ ဘုရင်ခံ ဖေတ္တုမင်းလက်ထက်တွင် ဒုက္ခအပေါင်းမှ ကင်းဝေးစေမည်ဟု ကတိပေးသည့် အယောင်ဆောင်သူတစ်ဦးတို့ ဖြစ်ကြသည်။—တမန်တော် ၅:၃၆; ၂၁:၃၈ နှိုင်းယှဉ်။
လှည့်စားခံရသည့် ထိုသို့သောနောက်လိုက်များနှင့်မတူဘဲ “ခရစ်ယာန်” ဟုအခေါ်ခံရသည့် အုပ်စုတစ်စုသည် နာဇရက်မြို့သား ယေရှုကို အကြီးမြတ်ဆုံးသောဆရာနှင့် စစ်မှန်သောမေရှိယအဖြစ် အသိအမှတ်ပြုကြသည်။ (တမန်တော် ၁၁:၂၆; မာကု ၁၀:၄၇) ယေရှုသည် အယောင်ဆောင် မေရှိယမဟုတ်။ ခရစ်ဝင်ကျမ်းဟုခေါ်သော သမိုင်းဆိုင်ရာကျမ်းလေးကျမ်းတွင် အလျှံပယ် ထောက်ခံထားသည့်အတိုင်း ကိုယ်တော်၌ ခိုင်လုံသော သက်သေအထောက်အထားများရှိသည်။a သာဓကအနေဖြင့် မေရှိယသည် ဗက်လင်မြို့တွင် မွေးဖွားမည်၊ ဒါဝိဒ်၏အမျိုးမှ ဆင်းသက်မည်၊ အံ့ဖွယ်အမှုများ ပြုလိမ့်မည်အကြောင်း ဂျူးများသိကြ၏။ ဆန့်ကျင်ဘက်ပြုသူများပင် သက်သေခံကြသည့်အတိုင်း ယေရှုသည် ထိုအချက်အားလုံးကို ပြည့်စုံစေတော်မူ၏။ မှန်ပါသည်၊ ယေရှုသည် သမ္မာကျမ်းစာဖော်ပြသော မေရှိယနှင့်ဆိုင်သည့် အရည်အချင်းများကို ပြည့်မီတော်မူ၏။—မဿဲ ၂:၃-၆; ၂၂:၄၁-၄၅; ယောဟန် ၇:၃၁၊ ၄၂။
ယေရှုကိုတွေ့ဖူးသည့် လူစုလူဝေးတို့သည် ကိုယ်တော်၏ ထူးချွန်ပြောင်မြောက်သည့် လုပ်ဆောင်မှုများကို တွေ့မြင်၍ ကိုယ်တော်၏ ပြိုင်ဘက်ကင်းသည့် ပညာရှိ တရားစကားများကို ကြားနာပြီး ကိုယ်တော်၏ ဉာဏ်အမြော်အမြင်ကို အသိအမှတ်ပြုခြင်းဖြင့် ကိုယ်တော်သည် မေရှိယဖြစ်ကြောင်း သက်ဝင်ယုံကြည်လာကြသည်။ ကိုယ်တော်၏ ဓမ္မအမှုတော်ဆောင်ရာကာလအတွင်း (စီ.အီး. ၂၉-၃၃ ခုနှစ်) မေရှိယဖြစ်ကြောင်းထောက်ခံသည့် အထောက်အထား တိုးများလာသည်။ အမှန်ဆိုလျှင် ကိုယ်တော်သည် မေရှိယမျှသာမဟုတ်။ အဖြစ်မှန်များကို ကောင်းစွာသိကျွမ်းသည့် တပည့်တော်တစ်ဦးက “ယေရှုသည် ခရစ်တော်တည်းဟူသော ဘုရားသခင်၏သားတော် ဖြစ်တော်မူသည်” ဟုကောက်ချက်ချ၏။b—ယောဟန် ၂၀:၃၁။
ယေရှုသည် ဘုရားသခင်နှင့် ထိုမျှလောက် ရင်းနှီးသည့်ဆက်ဆံရေး ရှိသဖြင့် ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည် မည်သို့သောပုဂ္ဂိုလ်ဖြစ်ကြောင်း ရှင်းလင်းဖွင့်ပြနိုင်၏။ (လုကာ ၁၀:၂၂; ယောဟန် ၁:၁၈) ခမည်းတော်နှင့် မိမိ၏ရင်းနှီးမှုသည် ကောင်းကင်ဘုံ၌ စတင်ခဲ့ကြောင်း ယေရှု သက်သေခံတော်မူ၏။ ကိုယ်တော်သည် သက်ရှိသက်မဲ့ အရာခပ်သိမ်းကို ဖြစ်ပေါ်စေရာတွင် ဘုရားသခင်နှင့်အတူ လုပ်ဆောင်တော်မူ၏။—ယောဟန် ၃:၁၃; ၆:၃၈; ၈:၂၃၊ ၄၂; ၁၃:၃; ကောလောသဲ ၁:၁၅၊ ၁၆။
ထိုသားတော်သည် နာမ်ဝိညာဉ်ဘုံမှ ပြောင်းရွှေ့ခံရပြီး “လူကဲ့သို့သောအဖြစ်၌ ဖွားမြင်ခြင်း” ကိုခံရကြောင်း သမ္မာကျမ်းကဆို၏။ (ဖိလိပ္ပိ ၂:၅-၈) ဤကဲ့သို့သောဖြစ်ရပ်သည် သာမန်ကိစ္စ မဟုတ်ပါ၊ သို့သော် ဖြစ်နိုင်ပါသလော။ ယူရေနီယမ်အစရှိသော သဘာဝဒြပ်စင်တစ်မျိုးသည် အခြားဒြပ်စင်တစ်မျိုးအဖြစ်သို့ အသွင်ပြောင်းလဲနိုင်သည်ဟု သိပ္ပံပညာရှင်များက အတည်ပြုထောက်ခံကြ၏။ ဒြပ်ထုကို စွမ်းအင်အဖြစ်သို့ အသွင်ပြောင်း (E=mc2) သည့်အခါ ရရှိသည့်ရလဒ်များကိုပင် သူတို့ ခန့်မှန်းတွက်ဆနိုင်ကြသည်။ သို့ဖြစ်လျှင် နာမ်ဝိညာဉ်သတ္တဝါတစ်ပါးကို အသွင်ပြောင်း၍ လူသားတစ်ဦးအဖြစ် အသက်ရှင်စေသည်ဟု သမ္မာကျမ်းဆိုသည်ကို ကျွန်ုပ်တို့ အဘယ်ကြောင့် သံသယဖြစ်သင့်သနည်း။
အခြားနည်းတစ်နည်းဖြင့် သာဓကပေး၍ ရှင်းပြရလျှင် သမားတော်အချို့က မိခင်၏ခန္ဓာပြင်ပ ဖန်ပြွန်ထဲ၌ မျိုးစပ်ခြင်းဖြင့် အထမြောက်အောင်မြင်မှုများအကြောင်း စဉ်းစားကြည့်ပါ။ “စမ်းသပ်ဖန်ပြွန်” အတွင်း စတင်သည့်အသက်ကို အမျိုးသမီးတစ်ဦး၏ ကိုယ်ထဲသို့ပြောင်းရွှေ့ပြီး နောက်ပိုင်းတွင် ကလေးတစ်ဦးအဖြစ် မွေးဖွားစေသည်။ ယေရှု၏ဖြစ်ရပ်တွင် “အမြင့်ဆုံးသောဘုရားသခင်၏ တန်ခိုးအာနုဘော်တော်” အားဖြင့် ယေရှု၏အသက်ကို မာရိအမည်ရှိ အပျိုကညာ၏ဝမ်းထဲသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း သမ္မာကျမ်းက အခိုင်အမာဆို၏။ မာရိသည် ဒါဝိဒ်၏အမျိုးအနွယ်ဖြစ်သဖြင့် ယေရှုသည် ဒါဝိဒ်အားကတိပေးထားသည့် မေရှိယနိုင်ငံတော်၏ ထာဝရအမွေခံ ဖြစ်နိုင်လေသည်။—လုကာ ၁:၂၆-၃၈; ၃:၂၃-၃၈; မဿဲ ၁:၂၃။
ဖန်ဆင်းရှင်နှင့် ရင်းနှီးသောဆက်ဆံရေးရှိခြင်းအပြင် ဆင်တူမှုပေါ်အခြေပြု၍ ယေရှုက “ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏” ဟူ၍မိန့်တော်မူ၏။ (ယောဟန် ၁၄:၉) ထို့ပြင် “ခမည်းတော်ကား အဘယ်သူဖြစ်တော်မူသည်ကို၊ သားတော်နှင့် သားတော်သည် လင်းစေလိုသောသူမှတစ်ပါး အဘယ်သူမျှမသိ” ဟူ၍လည်း မိန့်တော်မူ၏။ (လုကာ ၁၀:၂၂) ထို့ကြောင့် ယေရှု မြေကြီးပေါ်ရှိစဉ်က သင်ကြားပို့ချခဲ့ရာများနှင့် လုပ်ဆောင်ခဲ့ရာများကို သိရှိလာသည်နှင့်အမျှ ဖန်ဆင်းရှင်၏ အရည်အသွေးတော်ကို ပို၍ပီပြင်စွာ တွေ့မြင်လာနိုင်သည်။ ယေရှုနှင့်ဆက်ဆံခဲ့ကြသည့် အမျိုးသား၊ အမျိုးသမီးများ၏ အတွေ့အကြုံများကိုအခြေခံ၍ ဤအကြောင်းကို ဆင်ခြင်သုံးသပ်ကြပါစို့။
ရှမာရိအမျိုးသမီးတစ်ဦး
ရှမာရိအမျိုးသမီးတစ်ဦးသည် ယေရှုနှင့် ခေတ္တစကားပြောဆိုပြီးနောက် “ထိုသူသည် ခရစ်တော် မှန်လိမ့်မည်လော” ဟူ၍ စဉ်းစားမိသည်။ (ယောဟန် ၄:၂၉) သူသည် အနီးအနားရှိ ရှုခါမြို့မှ အခြားသူတို့ကိုပင် ယေရှုနှင့်သွားရောက်တွေ့ဆုံရန် တိုက်တွန်းခဲ့သည်။ ယေရှုကို မေရှိယအဖြစ် ယုံကြည်လက်ခံရန် အဘယ်အရာက သူ့ကိုစေ့ဆော်ပေးသနည်း။
ဖုန်ထူထပ်သည့် ရှမာရိတောင်ပေါ်လမ်းများတွင် တစ်မနက်လုံး လမ်းလျှောက်ပြီးနောက် ယေရှုအနားယူနေစဉ် ထိုအမျိုးသမီးနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ယေရှုသည် မောပန်းနေသော်လည်း ထိုအမျိုးသမီးနှင့် စကားပြောတော်မူ၏။ ထိုအမျိုးသမီး၏ ဝိညာဉ်ရေးစိတ်ဓာတ် ထက်သန်ပုံကိုမြင်၍ “ခမည်းတော်ကို နာမ်ဝိညာဉ်နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ကိုးကွယ်” ရန်လိုအပ်ပုံကို အဓိကထား၍ လေးနက်သည့် အမှန်တရားများကို ဝေမျှတော်မူ၏။ အတန်ကြာသော် ကိုယ်တော်က မိမိသည် ခရစ်တော်စင်စစ်ဖြစ်ကြောင်း ဖွင့်ဟတော်မူ၏။ ဤအချက်သည် လူသိရှင်ကြား ဖွင့်ဟဝန်ခံခြင်း မရှိသေးသည့် အမှန်တရားဖြစ်သည်။—ယောဟန် ၄:၃-၂၆၊ သမ္မာ။
ယေရှုနှင့်ဆုံမိခြင်းသည် အလွန်အဓိပ္ပာယ်ထူးခြားကြောင်း ဤရှမာရိအမျိုးသမီး တွေ့ရှိသည်။ သူ၏ အစောပိုင်း ဘာသာရေးလုပ်ဆောင်မှုများမှာ ဂေရဇိမ်တောင်ပေါ်တွင် ကိုးကွယ်ခြင်းဖြစ်ပြီး သမ္မာကျမ်း၏ ပထမကျမ်းငါးကျမ်းပေါ်တွင်သာ အခြေခံထားသည်။ ရှမာရိလူမျိုး အများစုမှာ ဣသရေလဆယ်နွယ်နှင့် အခြားလူမျိုးများ သွေးနှောရာမှ ဆင်းသက်လာသူများဖြစ်၍ ဂျူးလူမျိုးတို့သည် သူတို့ကို ကြဉ်ဖယ်ကြသည်။ ယေရှုမူကား မည်မျှကွာခြားလိုက်လေခြင်း! ကိုယ်တော်သည် “ဣသရေလအမျိုးအဝင် ပျောက်လွင့်သောသိုးများ” ထံ စေလွှတ်ခြင်းခံရသော်ငြားလည်း ဤရှမာရိအမျိုးသမီးကို စိတ်ပါလက်ပါ သွန်သင်တော်မူ၏။ (မဿဲ ၁၅:၂၄) ဤတွင် ယေရှုသည် လူမျိုးခပ်သိမ်းမှ စိတ်ရင်းမှန်ရှိသူများကိုလက်ခံရန် အသင့်ရှိသော ယေဟောဝါ၏စိတ်ထားကို ထင်ဟပ်ပြသည်။ (၃ ဓမ္မရာဇဝင် ၈:၄၁-၄၃) မှန်ပါ၏၊ ယေရှုနှင့် ယေဟောဝါ နှစ်ပါးစလုံးသည် ယနေ့ တစ်ကမ္ဘာလုံး ပျံ့နှံ့လျက်ရှိသည့် သဘောထားကျဉ်းမြောင်းသော ဘာသာရေး အယူသီးမှုထက် သာလွန်မြင့်မြတ်တော်မူ၏။ ဤအကြောင်းကို သိရခြင်းက ကျွန်ုပ်တို့အား ဖန်ဆင်းရှင်နှင့် ကိုယ်တော့်သားတော်ထံသို့ ချဉ်းကပ်စေသင့်ပေသည်။
ထိုအမျိုးသမီးကို ယေရှု စိတ်ပါလက်ပါ သွန်သင်ခြင်းမှ အခြားသင်ခန်းစာတစ်ရပ် ရရှိနိုင်သည်။ ၎င်းအမျိုးသမီးသည် ထိုစဉ်က သူ၏ခင်ပွန်းမဟုတ်သူနှင့် ပေါင်းသင်းလျက်ရှိ၏။ (ယောဟန် ၄:၁၆-၁၉) သို့သော်လည်း ယေရှုသည် ယင်းကြောင့် သူနှင့် စကားမပြောဘဲ မနေခဲ့ချေ။ ထိုအမျိုးသမီးသည် သိက္ခာရှိရှိ ဆက်ဆံခံရသည့်အတွက် အလွန်လေးမြတ်မိမည်ဖြစ်ကြောင်း သင်နားလည်နိုင်ပေသည်။ ဤအမျိုးသမီးတစ်ဦးတည်း ထိုသို့တွေ့ကြုံခဲ့သည်မဟုတ်ပါ။ နောင်တရသော အပြစ်သားများနှင့် စားသောက်ခြင်းအတွက် ဂျူးခေါင်းဆောင် (ဖာရိရှဲ) အချို့က ယေရှုအား ပြစ်တင်ဝေဖန်ကြသည့်အခါ ကိုယ်တော်က “ကျန်းမာသောသူတို့သည် ဆေးသမားကို အလိုမရှိကြ။ နာသောသူတို့သာလျှင် အလိုရှိကြ၏။ ‘ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်းကရုဏာအကျင့်ကို ငါနှစ်သက်၏’ ဟူသော ကျမ်းစကားကို နားလည်ခြင်းငှာ သင်တို့သွား၍သင်ကြလော့။ ဖြောင့်မတ်သောသူတို့ကို နောင်တသို့ခေါ်ခြင်းငှာ၊ ငါလာသည်မဟုတ်။ ဆိုးသောသူတို့ကိုခေါ်ခြင်းငှာ ငါလာသတည်း” ဟုမိန့်တော်မူ၏။ (မဿဲ ၉:၁၀-၁၃) ယေရှုသည် မိမိတို့၏ ဒုစရိုက် မကောင်းမှုဝန်ထုပ်—ဘုရားသခင့်ပညတ်တရားနှင့် စံနှုန်းများကို ဖောက်ဖျက်ခြင်း—ကြောင့် ညည်းတွားငိုကြွေးနေသူများကို ကူညီမစတော်မူ၏။ အတိတ်က အပြုအမူကြောင့် ပြဿနာကြုံတွေ့နေရသူတို့ကို ဘုရားသခင်နှင့် ကိုယ်တော့်သားတော်တို့က ကူညီမစတော်မူမည်ဖြစ်ကြောင်း သိရှိရခြင်းသည် စိတ်ချမ်းသာစရာပါတကား!—မဿဲ ၁၁:၂၈-၃၀။c
ရှမာရိနယ်တွင် ယေရှုရောက်ရှိနေခိုက် အမျိုးသမီးတစ်ဦးကို ကူညီမစလိုသည့်သဘောဖြင့် ကြင်နာစွာပြောဆိုခဲ့သည်ကို သတိမမူဘဲ မနေကြစို့။ ဤအချက်သည် အဘယ်ကြောင့် ထူးခြားသနည်း။ ထိုခေတ်၌ ဂျူးအမျိုးသားများသည် အခြားအမျိုးသမီးများကိုသာမက မိမိတို့၏ဇနီးကိုပင် လူရှေ့သူရှေ့တွင် စကားပြောခြင်းကို ရှောင်သင့်သည်ဟု သွန်သင်ခံရကြ၏။ ဂျူးရဗ္ဗိများက အမျိုးသမီးများသည် နက်နဲသော ဝိညာဉ်ရေးသွန်သင်ချက်များကို ခံယူနိုင်စွမ်းမရှိ၊ “ပေါ့ပေါ့တန်တန် စိတ်သဘောထားရှိသူများ” ဖြစ်သည်ဟု ယူမှတ်ကြသည်။ အချို့က “ပညတ္တိစကားများကို အမျိုးသမီးများအား ပြောကြားသည်ထက် ၎င်းတို့ကို မီးရှို့ပစ်ခြင်းသည် သာ၍ကောင်း၏” ဟုဆိုကြသည်။ ယေရှု၏တပည့်တော်များသည် ထိုသို့သောပတ်ဝန်းကျင်မျိုးတွင် ကြီးပြင်းလာကြသဖြင့် သူတို့ပြန်ရောက်သည့်အခါ “မိန်းမနှင့် စကားပြောတော်မူသည်ကို အံ့သြခြင်းရှိကြ၏။” (ယောဟန် ၄:၂၇) မှတ်တမ်းမှတ်ရာ အများအပြားအနက်မှ ဤတစ်ခုက ယေရှုသည် ယောက်ျားနှင့်မိန်းမ နှစ်ဦးစလုံးကို ဖန်ဆင်း၍ ဂုဏ်တင်တော်မူသောအရှင်၊ ခမည်းတော်၏ ပုံသဏ္ဌာန်တော်အတိုင်းပင်ဖြစ်ကြောင်း ရှင်းလင်းနားလည်စေသည်။—ကမ္ဘာဦး ၂:၁၈။
၎င်းနောက် ထိုရှမာရိအမျိုးသမီးသည် တစ်မြို့တည်းနေသူများအား ယေရှု၏တရားတော်ကိုကြားနာရန် သိမ်းသွင်းနိုင်ခဲ့သည်။ လူအများက အဖြစ်အပျက်များကို ဆန်းစစ်ပြီးနောက် ယုံကြည်သူများဖြစ်လာကြပြီး “ဤသူသည် လောကသားတို့ကို ကယ်တင်တော်မူသောအရှင် အမှန်စင်စစ် ဖြစ်တော်မူကြောင်း သိသည်ဟုဆိုကြ၏။” (ယောဟန် ၄:၃၉-၄၂၊ သမ္မာ) ကျွန်ုပ်တို့လည်း “လောကသား” အဝင်ဖြစ်သောကြောင့် ယေရှုသည် ကျွန်ုပ်တို့၏ အနာဂတ်အတွက်လည်း အလွန်အရေးပါ၏။
တံငါသည်တစ်ဦး၏ အမြင်သဘောထား
ယခု ယေရှုနှင့်လက်ပွန်းတတီး ပေါင်းသင်းခဲ့သူနှစ်ဦးဖြစ်သည့် ပေတရုနှင့်ယောဟန်တို့၏အမြင်ဖြင့် ယေရှုကိုကြည့်ကြပါစို့။ ဤသာမန်တံငါသည်တို့သည် ကိုယ်တော်၏ ကနဦးတပည့်တော်များအဝင် ဖြစ်ကြ၏။ (မဿဲ ၄:၁၃-၂၂; ယောဟန် ၁:၃၅-၄၂) ဖာရိရှဲတို့က သူတို့ကို “လူတတ်မဟုတ်၊ လူသာမည” အဖြစ်လည်းကောင်း၊ ရဗ္ဗိများကဲ့သို့ ကျောင်းမတက်ခဲ့သောကြောင့် အထင်သေး အမြင်သေးခံရသည့် မြေမှုန့်သားများ (အမ်-ဟာ·အရက်စ်) အဝင်အဖြစ်လည်းကောင်း သဘောထားကြ၏။ (တမန်တော် ၄:၁၃; ယောဟန် ၇:၄၉) ဘာသာရေးထုံးတမ်းစဉ်လာ လိုက်နာသူတို့၏ ထမ်းပိုးအောက်တွင် “ဝန်လေး၍ ပင်ပန်းသော” ဤသို့သောသူအများသည် ဝိညာဉ်ရေးအသိဉာဏ် ပွင့်လင်းခြင်းကို တောင့်တကြ၏။ ဆောဘုန်းတက္ကသိုလ်မှ ပါမောက္ခ ချားလ်စ် ဂင်ညာဘာက “သူတို့၏နှလုံးသားကို ဂျာဝေး [ယေဟောဝါ] လုံးလုံးလျားလျား ပိုင်ဆိုင်” ကြောင်း မှတ်ချက်ချ၏။ ယေရှုသည် ချမ်းသာသူ၊ ဩဇာအာဏာရှိသူတို့ကို မျက်နှာလိုက်၍ နိမ့်ကျသော ထိုသူတို့ကိုကား ကျောခိုင်းတော်မမူချေ။ သို့အစား၊ မိမိ၏ သွန်သင်ပုံနှင့် ဆက်ဆံပုံအားဖြင့် သူတို့အား ခမည်းတော်အကြောင်း ဖွင့်ပြတော်မူ၏။—မဿဲ ၁၁:၂၅-၂၈။
ပေတရုသည် ယေရှု၏ စာနာထောက်ထားတတ်သောသဘောကို ကိုယ်တွေ့ကြုံခဲ့ရ၏။ ဓမ္မအမှုတွင် ယေရှုနှင့်အတူ ပူးပေါင်းဆောင်ရွက်၍ မကြာမီမှာပင် ပေတရု၏ ယောက္ခမမိန်းမသူ ဖျားနာလေ၏။ ယေရှုသည် ပေတရု၏အိမ်သို့ ကြွဝင်တော်မူ၍ ထိုမိန်းမ၏လက်ကိုကိုင်လျက် ထူတော်မူသဖြင့် အဖျားပျောက်လေ၏! အချို့ရောဂါ မည်သို့ပျောက်ကင်းကြောင်း ယနေ့ သမားတော်များ အပြည့်အစုံ ရှင်းမပြနိုင်သကဲ့သို့ ၎င်းကုသမှု၏ဖြစ်စဉ် အတိအကျကို ကျွန်ုပ်တို့ သိနိုင်မည်မဟုတ်သော်လည်း ထိုအမျိုးသမီး၏အဖျား ပျောက်ကင်းခဲ့သည်။ ယေရှု၏ကုသမှုနည်းနာကို သိရှိရေးထက် ပို၍အရေးကြီးသည်မှာ ဖျားနာသူများနှင့် ဝေဒနာခံစားရသူများကို ကုသပေးခြင်းအားဖြင့် သူတို့ကို ယေရှုသနားကြောင်း နားလည်ရန်ပင်ဖြစ်သည်။ ကိုယ်တော်သည် လူတို့ကို အမှန် ကူညီမစချင်စိတ် ရှိသကဲ့သို့ ခမည်းတော်လည်း အလားတူပင်ဖြစ်တော်မူ၏။ (မာကု ၁:၂၉-၃၁၊ ၄၀-၄၃; ၆:၃၄) ဖန်ဆင်းရှင်သည် လူတစ်ဦးချင်းကို ဂရုစိုက်စောင့်ရှောက်ထိုက်သူအဖြစ် တန်ဖိုးထားတော်မူကြောင်း ယေရှုနှင့်ပေါင်းသင်းရာမှ ပေတရု တွေ့မြင်ခဲ့ပေသည်။—၁ ပေတရု ၅:၇။
နောက်ပိုင်း အချိန်တစ်ချိန်တွင် ယေရှုသည် ယေရုရှလင်ဗိမာန်တော်ရှိ အမျိုးသမီးတံတိုင်းတော်အတွင်း ရောက်ရှိနေ၏။ အလှူခံသေတ္တာများထဲသို့ လူတို့ အလှူထည့်ကြသည်ကို ကြည့်ရှုနေတော်မူ၏။ ချမ်းသာသူများက ဒ င်္ဂါးအမြောက်အမြား ထည့်ကြ၏။ ဂရုစိုက်ကြည့်ရှုနေစဉ် မုဆိုးမတစ်ဦးသည် အလွန်တန်ဖိုးနည်းသော ဒ င်္ဂါးနှစ်ပြားထည့်သည်ကို မြင်တော်မူ၏။ ယေရှုက ပေတရု၊ ယောဟန်နှင့် အခြားသူတို့အား “ငါအမှန်ဆိုသည်ကား ဘဏ္ဍာတိုက်ထဲသို့ သွင်းချသောသူအပေါင်းတို့ထက် ထိုဆင်းရဲသော မုဆိုးမသည် သာ၍သွင်းချခဲ့ပြီ။ အကြောင်းမူကား ထိုသူအပေါင်းတို့သည် မိမိတို့ ကြွယ်ဝသောစည်းစိမ်ထဲကနုတ်၍ သွင်းချကြ၏။ ထိုမိန်းမမူကား အလွန်ဆင်းရဲလျက်ပင်၊ မိမိအသက်မွေးစရာဥစ္စာ ရှိသမျှကို သွင်းချလေပြီ” ဟုမိန့်တော်မူ၏။—မာကု ၁၂:၄၁-၄၄။
ယေရှုသည် လူတို့၏ ကောင်းသောအရည်အချင်းများကို ဂရုပြုကြည့်ရှုပြီး တစ်ဦးစီ၏ ကြိုးပမ်းအားထုတ်မှုများကို လေးမြတ်ကြောင်း သင်တွေ့မြင်နိုင်ပေသည်။ ၎င်းက ပေတရုနှင့် အခြားတမန်တော်များအပေါ် အဘယ်အကျိုးသက်ရောက်ခဲ့သည်ဟု သင်ထင်သနည်း။ ယေဟောဝါသည် မည်သို့သောပုဂ္ဂိုလ်ဖြစ်ကြောင်း ယေရှု၏စံနမူနာတော်မှ သိမြင်ခဲ့ရသဖြင့် ပေတရုသည် နောက်ပိုင်းတွင် ဆာလံကျမ်းတစ်ချက်ကို ဤသို့ကိုးကားခဲ့၏– ‘ထာဝရဘုရားသခင်သည် ဖြောင့်မတ်သောသူတို့ကို ကြည့်ရှုတော်မူ၏။ သူတို့ဆုတောင်းခြင်းကိုလည်း နားထောင်တော်မူ၏။’ (၁ ပေတရု ၃:၁၂; ဆာလံ ၃၄:၁၅၊ ၁၆) သင်၌ ကောင်းသောအရည်အချင်းများကို တွေ့လိုပြီး သင့်အသနားခံချက်များကို နားညောင်းတော်မူမည့် ဖန်ဆင်းရှင်နှင့် ကိုယ်တော့်သားတော်တို့ကို ခင်တွယ်စိတ် မဖြစ်ပေါ်မိပေလော။
ပေတရုသည် ယေရှုနှင့် နှစ်နှစ်မျှ ပေါင်းဖော်ပြီးနောက် ကိုယ်တော်သည် မေရှိယဖြစ်ကြောင်း အသေအချာသိခဲ့သည်။ အခါတစ်ပါး၌ ယေရှုက “လူများတို့သည် ငါ့ကို အဘယ်သူဖြစ်သည် ဆိုကြသနည်း” ဟုတပည့်တော်တို့ကို မေးမြန်းတော်မူရာ အဖြေအမျိုးမျိုး ရရှိခဲ့သည်။ ထိုအခါ ကိုယ်တော်က “သင်တို့လည်း ငါ့ကို အဘယ်သူဖြစ်သည် ဆိုကြသနည်း” ဟုမေးပြန်တော်မူလျှင် ပေတရုက ယုံကြည်စိတ်ချမှုအပြည့်ဖြင့် “ကိုယ်တော်သည် ခရစ်တော်ဖြစ်သည်” ဟုလျှောက်လေ၏။ ယေရှု ဆက်၍မိန့်တော်မူသည့်စကားကြောင့် သင်စိတ်ရှုပ်ထွေးသွားပေမည်။ ကိုယ်တော်က ဤအကြောင်းကို “အဘယ်သူအားမျှ မပြောစိမ့်သောငှာ တပည့်တော်တို့ကို ပညတ်တော်မူ၏။” (မာကု ၈:၂၇-၃၀; ၉:၃၀; မဿဲ ၁၂:၁၆) ကိုယ်တော် အဘယ်ကြောင့် ထိုသို့မိန့်တော်မူရသနည်း။ လူထုအလယ်တွင် ယေရှုကိုယ်တိုင် ရောက်ရှိနေသည်ဖြစ်ရာ လူတို့က တစ်ဆင့်စကားပေါ်အခြေခံပြီး ကောက်ချက်ချသည်ကို ကိုယ်တော်လိုလားတော်မမူ၍ဖြစ်သည်။ ကျိုးကြောင်းဆီလျော်သည် မဟုတ်ပေလော။ (ယောဟန် ၁၀:၂၄-၂၆) လိုရင်းချက်မှာ ဖန်ဆင်းရှင်သည်လည်း ကျွန်ုပ်တို့အား ခိုင်လုံသော သက်သေအထောက်အထားများကို ကိုယ်တိုင်ကိုယ်ကျ စုံစမ်းစစ်ဆေးခြင်းအားဖြင့် ကိုယ်တော့်အကြောင်းကို သိရှိစေလိုတော်မူ၏။ ကျွန်ုပ်တို့၏ခံယူချက်များကို ဖြစ်ရပ်မှန်များအပေါ် အခြေပြုစေလို၏။—တမန်တော် ၁၇:၂၇။
သင်မှန်းဆကြည့်နိုင်သည့်အတိုင်း ယေရှုသည် ဖန်ဆင်းရှင်၏ထောက်ခံမှု ရရှိထားကြောင်း အထောက်အထားအလျှံပယ် ရှိပါလျက်ကယ် ကိုယ်တော်၏ တစ်ပြည်တည်းသားချင်းအချို့က ကိုယ်တော်ကို လက်မခံကြချေ။ မိမိတို့၏ရာထူးဌာနန္တရ၊ နိုင်ငံရေးရည်မှန်းချက်ပန်းတိုင်ကိုသာ အာရုံစူးစိုက်ကြသည့် လူအများသည် ရိုးသားဖြောင့်မတ်သော်လည်း နှိမ့်ချသော ဤမေရှိယကို စိတ်ကြိုက်မတွေ့ကြချေ။ ဓမ္မအမှုတော် ပြီးစီးလုချိန်တွင် ယေရှုက “ယေရုရှလင်မြို့၊ သင်သည် ပရောဖက်တို့ကို သတ်မြဲရှိ၏။ သင်ရှိရာသို့ စေလွှတ်သောသူတို့ကိုလည်း ကျောက်ခဲနှင့်ပစ်မြဲရှိ၏။ . . . သင်၏သားတို့ကို စုရုံးစေခြင်းငှာ ကြိမ်ဖန်များစွာ ငါအလိုရှိပြီ။ သင်မူကား အလိုမရှိ။ သင်တို့နေသောအိမ်သည် သင်တို့၌ လူဆိတ်ညံလျက် ကျန်ရစ်ရ၏” ဟုမိန့်တော်မူ၏။ (မဿဲ ၂၃:၃၇၊ ၃၈) ဣသရေလလူမျိုးအတွက် ပြောင်းလဲသွားသည့် ဤအခြေအနေသည် လူမျိုးအပေါင်းတို့ကို ကောင်းချီးပေးမည့် ဘုရားသခင့်ရည်ရွယ်ချက်ကို ဖော်ဆောင်ရာတွင် အရေးပါသော ခြေလှမ်းတစ်လှမ်း ဖြစ်ပေသည်။
၎င်းနောက်များမကြာမီ ပေတရုနှင့် အခြားတမန်တော်သုံးပါးတို့သည် “အစီအစဉ်စနစ် ကုန်ဆုံးခြင်း” အကြောင်း ယေရှုအသေးစိတ်ဖော်ပြသည့် ပရောဖက်ပြုချက်ကို ကြားနာခဲ့ရသည်။d ယေရှုကြိုဟောခဲ့သည့် အဖြစ်အပျက်တို့သည် စီ.အီး. ၆၆-၇၀ ပြည့်နှစ်အတွင်း ယေရုရှလင်မြို့ကို ရောမလူမျိုး တိုက်ခိုက်ဖျက်ဆီးစဉ် ပဏာမအဖြစ် ပြည့်စုံခဲ့သည်။ ယေရှု ဟောခဲ့သည့် အဖြစ်အပျက်များ အမှန်ပင် ဖြစ်ပျက်ခဲ့ကြောင်း သမိုင်းကသက်သေထူသည်။ ပေတရုသည် ယေရှု ကြိုဟောခဲ့သည့်အဖြစ်အပျက် အများအပြားကို တွေ့မြင်ခဲ့ရသဖြင့် သူရေးသားသည့် ကျမ်းနှစ်ကျမ်းဖြစ်သည့် ၁ နှင့် ၂ ပေတရုသြဝါဒစာ တွင်ပြန်ပြောင်းသုံးသပ်ထား၏။—၁ ပေတရု ၁:၁၃; ၄:၇; ၅:၇၊ ၈; ၂ ပေတရု ၃:၁-၃၊ ၁၁၊ ၁၂။
ယေရှုသည် ဓမ္မအမှုတော် ဆောင်ရွက်စဉ်အတွင်း ပတ်ဝန်းကျင်ရှိဂျူးတို့ကို သည်းခံခြင်းတရားအပြည့်နှင့် ကြင်နာမှုပြသတော်မူ၏။ သို့ရာတွင် ဆိုးယုတ်မှုကို ပြစ်တင်ရှုတ်ချရန်လည်း နောက်မတွန့်ခဲ့ချေ။ ဤအချက်က ကျွန်ုပ်တို့၏ဖန်ဆင်းရှင်ကို ပို၍နားလည်ရန် ပေတရုအား အထောက်အကူပြုခဲ့သည့်နည်းတူ ကျွန်ုပ်တို့အတွက်လည်း အထောက်အကူဖြစ်သင့်သည်။ ယေရှု၏ ပရောဖက်ပြုချက်ကို ပြည့်စုံစေသည့် အခြားအရာများကို ပေတရုတွေ့မြင်သည်နှင့်အမျှ ခရစ်ယာန်တို့သည် “ဘုရားသခင်၏နေ့ရက် ရောက်လိမ့်မည်ဟု . . . မျှော်လင့်တောင့်တလျက်” နေသင့်ကြောင်း သူရေးသားခဲ့သည်။ ‘လူအချို့တို့သည် နှေးခြင်းကိုမှတ်သည်အတိုင်း ထာဝရဘုရားသခင်သည် ကတိတော်အရာမှာ နှေးတော်မမူ။ ငါတို့တွင် အဘယ်သူမျှ မပျက်စီးဘဲ ရှိသမျှတို့သည် နောင်တရစေခြင်းငှာ အလိုတော်ရှိ၍ ငါတို့ကို သည်းခံတော်မူ၏’ ဟူ၍လည်း ပေတရုဆိုသည်။ ထို့နောက် ပေတရုက ‘ဖြောင့်မတ်ခြင်းတရားတည်နေရာ မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်’ နှင့်ပတ်သက်သည့် အားပေးစကားများ ရေးသားခဲ့သည်။ (၂ ပေတရု ၃:၃-၁၃) ကျွန်ုပ်တို့ကော ပေတရုနည်းတူ ယေရှု၌ထင်ဟပ်သည့် ဘုရားသခင့် ဂုဏ်ရည်တော်များကို လေးမြတ်တန်ဖိုးထားသလော။ အနာဂတ်နှင့်ပတ်သက်၍ ကိုယ်တော့်ကတိတော်များကို ယုံကြည်စိတ်ချကြောင်း တင်ပြသလော။
ယေရှု အဘယ်ကြောင့် သေရသနည်း
ယေရှုသည် တမန်တော်များနှင့်အတူရှိခဲ့သော နောက်ဆုံးညတွင် သူတို့နှင့်အတူ အထူးညစာ သုံးဆောင်တော်မူခဲ့၏။ ထိုသို့သောစားသောက်ပွဲ၌ ဂျူးအိမ်ရှင်တစ်ဦးသည် ဖုန်ထူသောလမ်းများပေါ် ကြိုးသိုင်းဖိနပ်စီး၍ ခြေလျင်လျှောက်လာခဲ့ဖွယ်ရှိသည့် ဧည့်သည်တို့၏ခြေကို ဆေးပေးခြင်းအားဖြင့် ဧည့်ဝတ်ကျေပွန်ကြောင်း ပြသပေမည်။ သို့သော်၊ မည်သူကမျှ ယေရှု၏ခြေကို မဆေးပေးချေ။ သို့နှင့် ကိုယ်တော်သည် နှိမ့်ချစွာဖြင့်ထ၍ ပဝါနှင့် ဇလုံကိုယူပြီးလျှင် တမန်တော်တို့၏ခြေကို စတင်ဆေးလေ၏။ ပေတရုအလှည့်ရောက်သောအခါ သူက ယေရှုခြေဆေးပေးသည်ကိုလက်ခံရန် ရှက်မိသည်။ ပေတရုက “ကိုယ်တော်သည် အကျွန်ုပ်၏ခြေကို အလျှင်းဆေးတော်မမူရ” ဟုဆို၏။ ယေရှုကလည်း “သင့်ကို ငါမဆေးရလျှင် သင်သည် ငါနှင့်မဆက်ဆံရ” ဟုမိန့်တော်မူ၏။ မိမိသည် များမကြာမီ အသေခံရတော့မည်ဖြစ်ကြောင်း သိတော်မူသဖြင့် ယေရှုက “ငါသည် သခင်ဖြစ်လျက် . . . အရှင်ဘုရားလည်းဖြစ်လျက်နှင့် သင်တို့၏ခြေကိုဆေးလျှင် သင်တို့သည် အချင်းချင်းတို့၏ခြေကို ဆေးရကြမည်။ ငါသည် သင်တို့၌ပြုသကဲ့သို့ သင်တို့သည်ပြုစေခြင်းငှာ ပုံသက်သေကိုပြခဲ့ပြီ” ဟုထပ်၍မိန့်တော်မူ၏။—ယောဟန် ၁၃:၅-၁၇။
ဆယ်စုနှစ်များစွာလွန်ပြီးနောက် ပေတရုက ခရစ်ယာန်များကို ခြေဆေးခြင်း ဘာသာရေးထုံးတမ်းအားဖြင့်မဟုတ်၊ သူတစ်ပါးကို “အာဏာထား၍ အစိုးတရ” မပြုဘဲ နှိမ့်ချစွာအစေခံခြင်းအားဖြင့် ယေရှုကိုအတုယူကြရန် တိုက်တွန်းခဲ့သည်။ ယေရှု၏စံနမူနာက “ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင် ဆီးတားတော်မူ[ကြောင်း]၊ စိတ်နှိမ့်ချသောသူတို့အား ကျေဇူးပြုတော်မူ” ကြောင်း သက်သေထူသည်ကိုလည်း ပေတရု သဘောပေါက်ခဲ့သည်။ ဖန်ဆင်းရှင်နှင့်စပ်လျဉ်း၍ မည်မျှကောင်းမြတ်လှသော သင်ခန်းစာပါတကား! (၁ ပေတရု ၅:၁-၅; ဆာလံ ၁၈:၃၅) သို့သော်၊ ထိုထက်မက ပေတရု သိရှိခဲ့သည်။
ထိုညစာစားပြီးနောက် တမန်တော်တစ်ပါးဖြစ်ခဲ့သော်လည်း သူခိုးဖြစ်သွားသူ ယုဒရှကာယုတ်သည် လက်နက်ကိုင်လူတစ်စုကိုဦးဆောင်၍ ယေရှုကို လာရောက်ဖမ်းဆီး၏။ ထိုသို့ဖမ်းဆီးသည့်အခါ ပေတရု တန်ပြန်မှုပြုခဲ့သည်။ သူသည် ဓားတစ်ချောင်းကိုဆွဲထုတ်ပြီး လူအုပ်ထဲမှလူတစ်ယောက်ကို ဒဏ်ရာရစေခဲ့သည်။ ယေရှုက “သင့်ဓားကို သူ့နေရာ၌ ပြန်ထားလော့။ ဓားကိုကိုင်သောသူ ရှိသမျှတို့သည် ဓားဖြင့်ဆုံးခြင်းသို့ ရောက်ကြလိမ့်မည်” ဟုပေတရုအား ဆုံးမတော်မူ၏။ ထို့နောက် ပေတရု ကြည့်ရှုနေစဉ် ယေရှုက ထိုသူကိုတို့၍ အနာပျောက်စေတော်မူ၏။ (မဿဲ ၂၆:၄၇-၅၂; လုကာ ၂၂:၄၉-၅၁) သို့ဖြင့် ယေရှုသည် “ကောင်းသောသူ မကောင်းသောသူတို့အပေါ်၌ နေကိုထွက်စေတော်မူ [သော]၊ ဖြောင့်မတ်သောသူ မဖြောင့်မတ်သောသူတို့အပေါ်၌ မိုးကိုရွာစေတော်မူ” သော မိမိ၏ခမည်းတော်ကို အတုယူလျက် “သင်တို့၏ရန်သူတို့ကို ချစ်ကြလော့” ဟူသော မိမိ၏သွန်သင်ချက်အတိုင်း ကျင့်ကြံပြုမူတော်မူ၏။—မဿဲ ၅:၄၄၊ ၄၅။
ယေရှုသည် ဖိစီးမှုပြင်းထန်သော ထိုညအတွင်း ဂျူးတရားလွှတ်တော်၏ အလျင်စလို ကြားနာစစ်ဆေးခြင်း ခံရ၏။ ကိုယ်တော်အား ဘုရားသခင်ကိုစော်ကားသူဟု မဟုတ်မမှန်စွပ်စွဲလျက် ရောမဘုရင်ခံထံသို့ ပို့ဆောင်ကြပြီးလျှင် ကွပ်မျက်ရန် မတရားသဖြင့် လွှဲအပ်လိုက်၏။ ဂျူးနှင့်ရောမတို့သည် ကိုယ်တော်အား ပြက်ရယ်ပြုကြ၏။ ကိုယ်တော်သည် ရက်စက်ကြမ်းကြုတ်စွာ မတော်မတရား ပြုမူဆက်ဆံခံရပြီး နောက်ဆုံးတွင် နှက်တိုင်တင်ခံရ၏။ ထိုသို့သော မတော်မတရား ပြုမူဆက်ဆံပုံအများက ရာစုနှစ်ပေါင်းများစွာ ကြို၍ရေးသားခဲ့သည့် ပရောဖက်ပြုချက်များကို ပြည့်စုံစေ၏။ ညှဉ်းပန်းရာနှက်တိုင်ပေါ်ရှိယေရှုကို ကြည့်နေသည့်စစ်သားများကပင် “စင်စစ် ဤသူသည် ဘုရားသခင်၏သားတော် မှန်ပေ၏” ဟုဝန်ခံကြ၏။—မဿဲ ၂၆:၅၇–၂၇:၅၄; ယောဟန် ၁၈:၁၂–၁၉:၃၇။
ထိုဖြစ်စဉ်ဖြစ်ရပ်များက ပေတရုနှင့် အခြားသူများအား ‘ခရစ်တော် အဘယ်ကြောင့် အသေခံရသနည်း’ ဟူ၍ စောကြောစရာ ဖြစ်စေခဲ့ပေမည်။ နောက်ပိုင်းကျမှ သူတို့ နားလည်လာကြသည်။ တစ်ချက်အနေနှင့်၊ ခရစ်တော်သည် ဂျူးများအတွက်သာမက လူသားအပေါင်းတို့အဖို့ လွတ်မြောက်မှုပေးမည်ဟူသော ဟေရှာယအခန်းကြီး ၅၃ မှပရောဖက်ပြုချက်ကို ထိုအဖြစ်အပျက်များက ပြည့်စုံစေသည်။ “ငါတို့သည် အပြစ်နှင့်ဆိုင်သောအရာ၌ အသေဖြစ်၍၊ ဖြောင့်မတ်ခြင်းအရာ၌ အသက်ရှင်စေမည်အကြောင်း၊ ငါတို့အပြစ်များကို ကိုယ်တော်တိုင် သစ်တိုင်မှာခံတော်မူပြီ၊ ‘ဒဏ်ချက်တော်များအားဖြင့် သင်တို့သည် အနာပျောက်လျက်ရှိကြ၏’” ဟူ၍ ပေတရုကရေးသားခဲ့၏။ (၁ ပေတရု ၂:၂၁-၂၅) “လူသားသည် သူတစ်ပါးကို စေစားခြင်းငှာမလာ၊ သူတစ်ပါးအစေကိုခံခြင်းငှာလည်းကောင်း၊ မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှာလည်းကောင်း ကြွလာသည်ဖြစ်” ကြောင်း ယေရှုမိန့်တော်မူသည့် အမှန်တရား၏အဓိပ္ပာယ်ကို ပေတရု သဘောပေါက်နားလည်ခဲ့၏။ (မဿဲ ၂၀:၂၈) မှန်ပါ၏၊ ယေရှုသည် လူသားများကို အာဒံမှ အမွေရခဲ့သည့် အပြစ်ရှိသောအခြေအနေမှ ပြန်လည်ဝယ်ယူနိုင်ရန် စုံလင်သောလူသားတစ်ဦးအဖြစ် မိမိ၏အသက်ရှင်ခွင့်ကို စွန့်လွှတ်တော်မူရသည်။ ဤသည်ကား သမ္မာကျမ်းစာ၏ အခြေခံသွန်သင်ချက်တစ်ခု—ရွေးနုတ်ဖိုး—ဖြစ်ပေသည်။
ရွေးနုတ်ဖိုးတွင် အဘယ်အရာပါဝင်သနည်း။ သင် ဤသို့စဉ်းစားမိပေမည်– သင်၌ ကွန်ပျူတာတစ်လုံး ရှိသည်။ သို့သော် မူလက အပြစ်အနာအဆာကင်းသော ပရိုဂရမ်တစ်ခုတွင် တစ်စုံတစ်ယောက်ထည့်သွင်းလိုက်သည့် အမှား (သို့မဟုတ် ဗိုင်းရပ်စ်) တစ်ခုကြောင့် အီလက်ထရောနစ်ဖိုင်တစ်ခု ပျက်စီးသွားသည်ဟုဆိုကြပါစို့။ ဤဥပမာက ဘုရားသခင်အား အာဒံ တမင်တကာနာမခံသည့်အခါ၊ သို့မဟုတ် ပြစ်မှားသည့်အခါ၌ သူ့လုပ်ရပ်၏ အကျိုးဆက်ကို ရှင်းလင်းနားလည်စေသည်။ ထိုဥပမာကို ဆက်ကြည့်ကြပါစို့။ ပျက်စီးသွားသည့် ထိုအီလက်ထရောနစ်ဖိုင်မှ ကူးယူသည့်မိတ္တူမှန်သမျှ၌ ချို့ယွင်းချက် ပါလာမည်ဖြစ်သည်။ သို့သော် အဖတ်ဆယ်မရနိုင်အောင် အခြေအနေမဆိုးသေးပါ။ အထူးပရိုဂရမ်တစ်ခုဖြင့် ထိုဖျက်ဆီးတတ်သောအမှားကို ရှာဖွေဖော်ထုတ်ပြီး သင်၏ဖိုင်များနှင့် ကွန်ပျူတာမှ ရှင်းပစ်နိုင်ပါသည်။ အလားတူစွာ လူသားများသည် အာဒံနှင့်ဧဝထံမှ “ဗိုင်းရပ်စ်” တစ်မျိုးဖြစ်သောအပြစ်ကို လက်ခံရရှိခဲ့သဖြင့် ယင်းကိုရှင်းပစ်ရန် ပြင်ပအကူအညီ လိုအပ်နေသည်။ (ရောမ ၅:၁၂) သမ္မာကျမ်းအလိုအရ ဘုရားသခင်သည် ယေရှု၏သေခြင်းအားဖြင့် ဤသန့်စင်မှုကို ပြင်ဆင်ပေးတော်မူ၏။ ဤမေတ္တာပြည့်ဝသည့် ပြင်ဆင်မှုမှ ကျွန်ုပ်တို့အကျိုးရယူနိုင်သည်။—၁ ကောရိန္သု ၁၅:၂၂။
ယေရှု လုပ်ဆောင်ခဲ့ရာများကို လေးမြတ်သည့်စိတ်ကြောင့် ပေတရုသည် “နောက်တစ်ဖန် လူတို့၏ တပ်မက်ခြင်းတရားကိုမကျင့်၊ ဘုရားသခင်၏ အလိုတော်အတိုင်းကျင့်လျက်၊ ကိုယ်ခန္ဓာအသက်အပိုင်းအခြား ကျန်ရစ်သောကာလကို လွန်စေခြင်းငှာ” စေ့ဆော်ခံခဲ့ရသည်။ ပေတရုနှင့် ကျွန်ုပ်တို့အဖို့ ထိုသို့ပြုခြင်းသည် ဖောက်ပြန်သောအကျင့်များနှင့် ကိုယ်ကျင့်တရားပျက်ပြားသည့် ဘဝဟန်များကို ရှောင်ကြဉ်ခြင်းကိုဆိုလိုသည်။ “ဘုရားသခင်၏အလိုတော်” ဆောင်ရန်အားထုတ်သူအတွက် ပြဿနာများဖြစ်ပေါ်အောင် အခြားသူတို့က ကြိုးပမ်းကြပေမည်။ သို့သော်လည်း မိမိအသက်တာသည် ပိုမိုကြွယ်ဝပြီး ပိုမိုအဓိပ္ပာယ်ရှိလာသည်ကို သူတွေ့ရှိပေလိမ့်မည်။ (၁ ပေတရု ၄:၁-၃၊ ၇-၁၀၊ ၁၅၊ ၁၆) ပေတရုအဖို့ ထိုအတိုင်းပင်ဖြစ်ခဲ့သည်။ ကျွန်ုပ်တို့လည်း “ကောင်းသောအကျင့်ကို ကျင့်သည်တွင်၊ သစ္စာရှိသော၊ ဖန်ဆင်းတော်မူသည့်အရှင်ထံ၌ မိမိတို့အသက်ဝိညာဉ်ကို အပ်နှံ” ကြမည်ဆိုလျှင် ထိုအတိုင်းပင်ဖြစ်ပေမည်။—၁ ပေတရု ၄:၁၉၊ သမ္မာ။
မေတ္တာတော်ကို သိမြင်ခဲ့ရသော တပည့်တော်တစ်ဦး
ယေရှုနှင့် လက်ပွန်းတတီး ပေါင်းသင်းခဲ့သဖြင့် ကျွန်ုပ်တို့အား ဖန်ဆင်းရှင်အကြောင်း ပို၍ပြည့်ပြည့်စုံစုံ နားလည်ရန်ကူညီပေးနိုင်သော အခြားတပည့်တော်တစ်ဦးမှာ တမန်တော်ယောဟန်ဖြစ်သည်။ ယောဟန်သည် ခရစ်ဝင်ကျမ်းတစ်ကျမ်းနှင့် ဩဝါဒစာသုံးစောင် (၁၊ ၂၊ နှင့် ၃ ယောဟန်) ကိုရေးသားခဲ့သည်။ ဩဝါဒစာတစ်စောင်တွင် ဤထိုးထွင်းသိမြင်မှုကို ဖော်ပြထားသည်– “ဘုရားသခင်၏သားတော်သည် ကြွလာ၍၊ မှန်ကန်တော်မူသောအရှင် [ဖန်ဆင်းရှင်] အား သိကျွမ်းသောဉာဏ်ကို ငါတို့အားပေးတော်မူကြောင်း ငါတို့သိကြ၏။ မှန်ကန်တော်မူသောအရှင်နှင့် ကိုယ်တော်၏သားတော် ယေရှုခရစ်၌ ငါတို့သည် တည်လျက်ရှိကြ၏။ ထိုအရှင်သည် မှန်သောဘုရားသခင်ဖြစ်တော်မူ၏။ ထာဝရအသက်လည်းဖြစ်တော်မူ၏။”—၁ ယောဟန် ၅:၂၀၊ သမ္မာ။
“မှန်ကန်တော်မူသောအရှင်” ကိုယောဟန်သိကျွမ်းရသည်မှာ “ဉာဏ်” ကိုအသုံးပြုခဲ့၍ဖြစ်သည်။ ဖန်ဆင်းရှင်၏ ဂုဏ်ရည်တော်များအကြောင်း ယောဟန် အဘယ်အရာသိရှိခဲ့သနည်း။ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။ ချစ်ခြင်းမေတ္တာ၌တည်သောသူသည် ဘုရားသခင်၌တည်၏” ဟုယောဟန်ရေးသားခဲ့သည်။ ယောဟန်က အဘယ်ကြောင့် ထိုသို့တပ်အပ်ပြောနိုင်သနည်း။ “ငါတို့သည် ဘုရားသခင်ကို ချစ်ကြသည်ဟုမဆို။ ဘုရားသခင်သည် ငါတို့ကိုချစ်၍” ငါတို့အဖို့ ရွေးနုတ်ဖိုးပူဇော်သကာကို ပူဇော်စေခြင်းငှာ “သားတော်ကို စေလွှတ်တော်မူသောအရာ၌ ချစ်ခြင်းမေတ္တာရှိ၏။” (၁ ယောဟန် ၄:၁၀၊ ၁၆) ကျွန်ုပ်တို့အတွက် အသေခံရန် သားတော်ကိုစေလွှတ်ရာ၌ ဘုရားသခင်ပြသသည့် မေတ္တာတော်ကြောင့် ပေတရုနည်းတူ ယောဟန်လည်း ရင်ထဲ၌ ကြည်နူးမှုဖြစ်ခဲ့ရသည်။
ယောဟန်သည် ယေရှုနှင့် အလွန်ရင်းနှီးသူဖြစ်သဖြင့် ယေရှု၏ စိတ်လှုပ်ရှားမှုများကို နားလည်နိုင်၏။ ယေရုရှလင်မြို့အနီး၊ ဗေသနိရွာတွင်ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်တစ်ခုသည် ယောဟန်၏စိတ်ထဲတွင် နက်ရှိုင်းစွာစွဲထင်ခဲ့သည်။ ယေရှုသည် မိတ်ဆွေလာဇရု အသည်းအသန် ဖျားနာနေကြောင်း သတင်းရသဖြင့် ဗေသနိရွာသို့ ခရီးနှင်တော်မူ၏။ ကိုယ်တော်နှင့်တမန်တော်များ ရောက်ရှိချိန်တွင် လာဇရုသည် သေဆုံး၍ လေးရက်မျှရှိပြီ။ လူသားတို့၏အသက်သခင် ဖန်ဆင်းရှင်သည် ယေရှုကို ထောက်ခံလျက်ရှိကြောင်း ယောဟန်သိ၏။ သို့ဖြစ်လျှင် ယေရှုသည် လာဇရုကို ရှင်ပြန်ထမြောက်စေနိုင်သလော။ (လုကာ ၇:၁၁-၁၇; ၈:၄၁၊ ၄၂၊ ၄၉-၅၆) ယေရှုက လာဇရု၏အစ်မ မာသအား “သင်၏မောင်သည် ထမြောက်လိမ့်မည်” ဟုမိန့်တော်မူ၏။—ယောဟန် ၁၁:၁-၂၃။
ထိုနောက် ယောဟန်သည် ယေရှုအား ဆီးကြိုရန်လာသော လာဇရု၏အစ်မ နောက်တစ်ယောက်ဖြစ်သည့် မာရိကိုတွေ့၏။ ယေရှု မည်သို့ တုံ့ပြန်တော်မူသနည်း။ ကိုယ်တော်သည် “အလွန်ညှိုးငယ်ခြင်း၊ စိတ်ပူပန်ခြင်းရှိ” တော်မူ၏။ ယေရှု၏တုံ့ပြန်မှုကို ဖော်ပြရာ၌ ယောဟန်က နှလုံးသားထဲမှ အလိုအလျောက်ဖြစ်ပေါ်သည့် လေးနက်သောခံစားမှု ဟူ၍အဓိပ္ပာယ်ရှိသည့် (မြန်မာဘာသာတွင် “ညှိုးငယ်ခြင်း” ဟူ၍ပြန်ဆိုထားသည်) ဂရိစကားလုံးကို အသုံးပြုထား၏။ ယေရှုသည် “စိတ်ပူပန်” လျက်ရှိကြောင်း၊ စိတ်မချမ်းမသာဖြစ်နေကြောင်း၊ ကြီးစွာဝမ်းနည်းပူဆွေးနေကြောင်း ယောဟန် မြင်တွေ့နိုင်၏။ ယေရှုသည် လျစ်လျူရှုတတ်သူ၊ ဘာသိဘာသာ နေတတ်သူမဟုတ်ပါ။ ကိုယ်တော်သည် “မျက်ရည်ကျတော်မူ၏။” (ယောဟန် ၁၁:၃၀-၃၇) ယေရှု၌ နက်ရှိုင်းသော၊ နူးညံ့သိမ်မွေ့သောစိတ်ထား ရှိတော်မူသည်မှာ ရှင်းနေပါသည်။ ဤအချက်က ဖန်ဆင်းရှင်၏စိတ်ထားကိုနားလည်ရန် ယောဟန်အား အထောက်အကူပြုခဲ့သကဲ့သို့ ကျွန်ုပ်တို့အားလည်း အထောက်အကူပြုသင့်ပေသည်။
“လာဇရု ထွက်၍လာလော့” ဟု ကြီးသောအသံနှင့် ယေရှု ဟစ်ခေါ်တော်မူသည်ကို ကြားခဲ့ရသောကြောင့် ယေရှု၏ စိတ်လှုပ်ရှားမှုများသည် အပြုသဘောဆောင်သောလုပ်ရပ်များနှင့် ဆက်နွှယ်လျက်ရှိကြောင်း ယောဟန်သိ၏။ မိန့်တော်မူသည်အတိုင်း ဖြစ်လေ၏။ လာဇရုသည် အသက်ရှင်ပြန်၍ သင်္ချိုင်းမှထွက်လာလေ၏။ အစ်မဖြစ်သူတို့နှင့် ကြည့်ရှုနေသူတို့ မည်မျှဝမ်းသာလိုက်ကြမည်ဖြစ်ခြင်း! ထိုအခါ လူအများသည် ယေရှုကို ယုံကြည်ကြ၏။ ရန်သူများသည် ကိုယ်တော်ပြုတော်မူသည့် ဤရှင်ပြန်ထမြောက်ခြင်းကို မငြင်းပယ်နိုင်ကြချေ။ သို့သော် ဤသတင်း ပျံ့နှံ့သွားသည့်အခါ သူတို့သည် ယေရှုနှင့်တကွ “လာဇရုကိုလည်း သတ်ခြင်းငှာ တိုင်ပင်စီရင်ကြ၏။”—ယောဟန် ၁၁:၄၃; ၁၂:၉-၁၁။
ယေရှုသည် ‘ဖန်ဆင်းရှင်၏ ဇာတိအဖြစ်တော်၏ ပုံသဏ္ဌာန်ဖြစ်’ သည်ဟု သမ္မာကျမ်းကဆို၏။ (ဟေဗြဲ ၁:၃) ထို့ကြောင့် ယေရှု၏ဓမ္မအမှုတော်က ဖျားနာခြင်းနှင့်သေခြင်း၏ အဖျက်စွမ်းအားကိုချေဖျက်ရန် ယေရှုကိုယ်တော်တိုင်နှင့် ခမည်းတော်တို့၏ ပြင်းပြသောဆန္ဒကို သက်သေထူသည့်အထောက်အထား အလျှံပယ်ပေးသည်။ သမ္မာကျမ်းတွင် မှတ်တမ်းတင်ထားသည့် အနည်းငယ်မျှသော ရှင်ပြန်ထမြောက်ခြင်းအတွက်လောက်သာ မဟုတ်ပါ။ အမှန်ဆိုလျှင် “[အောက်မေ့ရာ] သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့သည် သားတော်၏စကားသံကိုကြား၍၊ ထွက်ရမည့်အချိန်ကာလ ရောက်လတ္တံ့” ဟူ၍ ယေရှုမိန့်တော်မူသည်ကို ယောဟန်ကိုယ်တိုင် ကြားခဲ့ရသည်။ (ယောဟန် ၅:၂၈၊ ၂၉) သင်္ချိုင်းဟူသော သာမန်စကားလုံးအစား “အောက်မေ့ဖွယ် သင်္ချိုင်းများ” ဟူ၍ပြန်ဆိုသည့် စကားလုံးကို ယောဟန် အသုံးပြုထားသည်ကို သတိပြုပါ။ အဘယ်ကြောင့်နည်း။
ဘုရားသခင်၏ အောက်မေ့သတိရခြင်း ပတ်သက်လာ၍ဖြစ်သည်။ ဧရာမစကြဝဠာ၏ ဖန်ဆင်းရှင်အနေဖြင့် သေလွန်သော ကျွန်ုပ်တို့ချစ်ရသူတစ်ဦးစီ၏ အမွေခံရသည့် စရိုက်လက္ခဏာများနှင့် ဆည်းပူးရယူခဲ့သည့် စရိုက်လက္ခဏာများအပါအဝင် အသေးစိတ်အကြောင်းအရာတိုင်းကို မှတ်မိနိုင်စွမ်း အမှန်ရှိပေ၏။ (ဟေရှာယ ၄၀:၂၆ နှိုင်းယှဉ်။) ကိုယ်တော်သည် မှတ်မိနိုင်ရုံ မှတ်မိသည်မက ကိုယ်တော်နှင့်သားတော်တို့သည် မှတ်မိရန်လည်း အလို ရှိတော်မူ၏။ ရှင်ပြန်ထမြောက်ခြင်းဆိုင်ရာ အံ့ချီးဖွယ်မျှော်လင့်ချက်နှင့်စပ်လျဉ်း၍ သစ္စာရှိသောယောဘက ဘုရားသခင့်အကြောင်း ဤသို့ဆို၏– “လူသေလျှင် ရှင်ဦးမည်လော။ . . . ကိုယ်တော်ခေါ်တော်မူသောအခါ အကျွန်ုပ်ထူးပါမည်။ လက်တော်ဖြင့်ဖန်ဆင်းရာကို တသတော်မူလိမ့်သတည်း။” (ယောဘ ၁၄:၁၄၊ ၁၅၊ သမ; မာကု ၁:၄၀-၄၂) ကျွန်ုပ်တို့၏ကိုးကွယ်မှုကိုခံထိုက်သည့် တကယ်ကောင်းမြတ်သော ဖန်ဆင်းရှင်ပါတကား!
ရှင်ပြန်ထမြောက်သည့်ယေရှု —အဓိပ္ပာယ်ပြည့်ဝသောအသက်တာအတွက် သော့ချက်
ချစ်မြတ်နိုးသောတပည့်တော် ယောဟန်သည် ယေရှုသေဆုံးတော်မူသည်အထိ ကိုယ်တော်ကို စေ့စေ့ကြည့်ရှုလေ့လာခဲ့၏။ ထိုမျှမက ယောဟန်သည် ဖြစ်ပျက်ခဲ့သမျှတို့တွင် အကြီးကျယ်ဆုံးသော ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို မှတ်တမ်းတင်ရေးသားခဲ့သည်။ ထိုဖြစ်ရပ်မှာ ကျွန်ုပ်တို့ အဓိပ္ပာယ်ပြည့်ဝသည့်ဘဝဖြင့် အစဉ်အမြဲ အသက်ရှင်ရေးအတွက် ခိုင်ခံ့သောအုတ်မြစ် ချပေးသည့်ဖြစ်ရပ်ပင်ဖြစ်သည်။
ယေရှု၏ရန်သူများက ကိုယ်တော်ကို သာမန်ရာဇဝတ်သားတစ်ဦးအဖြစ် နှက်တိုင်ပေါ်တွင် သံနှင့်ရိုက်၍ကွပ်မျက်ခဲ့သည်။ နာရီနှင့်ချီ၍ ဝေဒနာခံနေရစဉ် ဘာသာရေးခေါင်းဆောင်များအပါအဝင် ကြည့်ရှုသူတို့သည် ကိုယ်တော်ကို ပြောင်လှောင်ခဲ့ကြသည်။ နှက်တိုင်ပေါ်တွင် ပြင်းစွာဝေဒနာခံစားနေရသည့်ကြားမှ ယေရှုသည် မယ်တော်ရင်းကို မြင်တော်မူလျှင် ယောဟန်နှင့်ပတ်သက်၍ မယ်တော်အား “အချင်းမိန်းမ၊ သင်၏သားကိုကြည့်ပါ!” ဟူ၍မိန့်တော်မူ၏။ ထိုအချိန်တွင် မာရိသည် မုဆိုးမဖြစ်နေဖွယ်ရှိပြီး အခြားသားသမီးများလည်း တပည့်တော်များ မဖြစ်ကြသေးပုံရှိသည်။e ထို့ကြောင့် ယေရှုက အသက်ကြီးပြီဖြစ်သောမယ်တော်ကို ကြည့်ရှုစောင့်ရှောက်ရန် ယောဟန်ထံအပ်နှံတော်မူ၏။ ဤအချက်က မုဆိုးမများနှင့် မိဘမဲ့တို့ကို ကြည့်ရှုစောင့်ရှောက်ရန် တိုက်တွန်းအားပေးတော်မူသော ဖန်ဆင်းရှင်၏ အတွေးအမြင်ကို ထပ်မံထင်ဟပ်ပြပေသည်။—ယောဟန် ၇:၅; ၁၉:၁၂-၃၀; မာကု ၁၅:၁၆-၃၉; ယာကုပ် ၁:၂၇။
သို့ရာတွင် ယေရှုသေဆုံးပြီဖြစ်၍ ‘လူမျိုးအပေါင်းတို့ကို ကောင်းချီးမင်္ဂလာရစေမည့်’ “အမျိုးအနွယ်” အဖြစ် မိမိ၏အခန်းကဏ္ဍကို ကိုယ်တော် မည်သို့ထမ်းရွက်နိုင်တော့မည်နည်း။ (ကမ္ဘာဦး ၂၂:၁၈) စီ.အီး. ၃၃ ခုနှစ်၊ ဧပြီလ၏ ထိုမွန်းလွဲပိုင်းတွင် အသေခံတော်မူခြင်းအားဖြင့် ယေရှုသည် ရွေးနုတ်ဖိုးအတွက် အခြေအမြစ်အဖြစ် မိမိ၏အသက်ကို စွန့်တော်မူ၏။ ကိုယ်တော်၏ အထူးနားလည်စိတ်ဝင်စားတတ်သော ခမည်းတော်သည် အပြစ်မဲ့သောသားတော် ပြင်းစွာခံရသည့်ဝေဒနာကြောင့် စိတ်တော်ထိခိုက်ခဲ့ပေမည်။ သို့သော်လည်း ဤနည်းအားဖြင့် လူသားတို့ကို အပြစ်နှင့်သေခြင်း၏ အချုပ်အနှောင်မှ လွတ်မြောက်စေရန် လိုအပ်သည့်ရွေးနုတ်ဖိုးအတွက် အစီအစဉ်ပြုလုပ်ခဲ့သည်။ (ယောဟန် ၃:၁၆; ၁ ယောဟန် ၁:၇) အကြီးကျယ်ဆုံး ဇာတ်သိမ်းခန်းအတွက် အခြေခံအုတ်မြစ်ကို ချလိုက်လေသည်။
ဘုရားသခင်၏ ရည်ရွယ်ချက်များကိုဖော်ဆောင်ရာတွင် ယေရှုခရစ်သည် အဓိကအခန်းကဏ္ဍတွင် ပါဝင်ရသည်ဖြစ်သောကြောင့် အသက်ပြန်ရှင်လာရမည်ဖြစ်၏။ ဤအတိုင်းပင်ဖြစ်ပျက်ခဲ့ရာ ယင်းကို ယောဟန် တွေ့မြင်ခဲ့ရ၏။ ယေရှုသေဆုံး၍ သင်္ဂြိုဟ်ပြီး သုံးရက်မြောက်သောနေ့ အစောပိုင်းတွင် တပည့်တော်အချို့သည် သင်္ချိုင်းတော်သို့သွားကြ၏။ သင်္ချိုင်းတော်သည် ဗလာကျင်းလျက်ရှိ၏။ လူအတော်များများကို ယေရှု ကိုယ်ယောင်ထင်ပြသည့်အချိန်အထိ သူတို့ အံ့သြတွေဝေခဲ့ကြသည်။ မာဂဒလမာရိက “သခင်ကိုတွေ့မြင်သည်!” ဟူ၍သတင်းပို့၏။ မာရိ၏သက်သေခံချက်ကို တပည့်တော်များက လက်မခံကြချေ။ များမကြာမီ တပည့်တော်တို့သည် သော့ခတ်ထားသောအခန်းအတွင်း စုဝေးနေကြစဉ် ယေရှု တစ်ဖန်ကိုယ်ထင်ပြပြီး သူတို့နှင့်စကားပင်ပြောတော်မူ၏။ ရက်ပိုင်းအတွင်း အမျိုးသားအမျိုးသမီး ၅၀၀ ကျော်တို့သည် ယေရှု အမှန်ပင် အသက်ရှင်လျက်ရှိကြောင်း မျက်မြင်သက်သေများ ဖြစ်လာကြ၏။ ထိုခေတ်က မယုံသင်္ကာဖြစ်သူတို့သည် ယုံကြည်လောက်သော ထိုသက်သေများကို တွေ့ဆုံမေးမြန်း၍ သူတို့၏သက်သေခံချက် မှန်မမှန် စစ်ဆေးကြည့်နိုင်၏။ ယေရှုသည် ရှင်ပြန်ထမြောက်ပြီး ခမည်းတော်ကဲ့သို့ နာမ်ဝိညာဉ်သတ္တဝါတစ်ပါးအဖြစ် အသက်ရှင်လျက်ရှိကြောင်း ခရစ်ယာန်များ ယုံကြည်စိတ်ချနိုင်ကြပေသည်။ ဤအကြောင်းနှင့်ပတ်သက်၍ သက်သေအထောက်အထား များပြားလှပြီး ယုံကြည်စိတ်ချရသဖြင့် လူအများက ယေရှု ရှင်ပြန်ထမြောက်ကြောင်းကို ငြင်းပယ်မည့်အစား သေခြင်းကိုပင်ရင်ဆိုင်ဝံ့ခဲ့ကြ၏။—ယောဟန် ၂၀:၁-၂၉; လုကာ ၂၄:၄၆-၄၈; ၁ ကောရိန္သု ၁၅:၃-၈။f
တမန်တော်ယောဟန်လည်း ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းအကြောင်း သက်သေခံခြင်းကြောင့် နှိပ်စက်ညှဉ်းပန်းခံရ၏။ (ဗျာဒိတ် ၁:၉) သို့သော် ပြည်နှင်ဒဏ်ခံနေရစဉ် တစ်မူထူးခြားသောဆုကျေးဇူးကို လက်ခံရရှိခဲ့သည်။ ဖန်ဆင်းရှင်အကြောင်း ပို၍ရှင်းလင်းစွာ သိမြင်စေသည့်၊ အနာဂတ်အဖြစ်အပျက်များကို ဖွင့်ပြသည့် အဆင်းအာရုံတသီတတန်းကို သူ့အား ယေရှုပေးတော်မူ၏။ ပုံဆောင်ချက်အမြောက်အမြား အသုံးပြုထားသည့် ဗျာဒိတ်ကျမ်းတွင် ဤအကြောင်းအရာတို့ကို တွေ့နိုင်ပါသည်။ ဗျာဒိတ်ကျမ်းတွင် ယေရှုခရစ်အား ရန်သူတို့အပေါ် မကြာမမြင့်မီအပြီးအပိုင်အောင်ပွဲဆင်တော့မည့် အောင်ပွဲခံဘုရင်အဖြစ် သရုပ်ဖော်ထားသည်။ ၎င်းရန်သူတို့တွင် သေခြင်း (ကျွန်ုပ်တို့အားလုံး၏ရန်သူ) နှင့် စာတန်အမည်ရှိ ဖောက်ပြန်သည့် နာမ်ဝိညာဉ်သတ္တဝါတို့ ပါဝင်ကြသည်။—ဗျာဒိတ် ၆:၁၊ ၂; ၁၂:၇-၉; ၁၉:၁၉–၂၀:၃၊ ၁၃၊ ၁၄။
ဗျာဒိတ်တော်သတင်းစကား၏ အဆုံးပိုင်းတွင် ယောဟန်သည် ကမ္ဘာမြေကြီး ပရဒိသုဘုံ ဖြစ်လာမည့်အချိန်နှင့်ဆိုင်သော အဆင်းအာရုံတစ်ခုကို မြင်ခဲ့ရသည်။ ထိုအခါ နေရာအနှံ့တွင် တွေ့မြင်ရမည့် အခြေအနေများကို အသံတစ်သံက ဤသို့ဖော်ပြသည်– “ဘုရားသခင်သည် ကိုယ်တော်တိုင် [လူသား] တို့နှင့်အတူရှိနေ၍ သူတို့၏ဘုရားသခင် ဖြစ်တော်မူမည်။ ဘုရားသခင်သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ၊ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ နာကြင်ခြင်းလည်း မရှိရ။ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။” (ဗျာဒိတ် ၂၁:၃၊ ၄၊ သမ္မာ) ဘုရားသခင့်ရည်ရွယ်ချက် အကောင်အထည်ပေါ်လာသည့်အခါ အာဗြဟံအား ဘုရားသခင် ပေးခဲ့သည့်ကတိတော်သည် ပြည့်စုံလတ္တံ့။—ကမ္ဘာဦး ၁၂:၃; ၁၈:၁၈။
ထိုအခါ လူ့ဘဝသည် အာဒံဖန်ဆင်းခံရစဉ်က သူ့ရှေ့မှောက်တွင်ရှိခဲ့သည့် အခြေအနေနှင့်ဆင်တူသည့် “မှန်သောအသက်” ဖြစ်လာပေမည်။ (၁ တိမောသေ ၆:၁၉) လူသားများသည် မိမိတို့၏ဖန်ဆင်းရှင်အားရှာရန်၊ ကိုယ်တော်နှင့် မိမိတို့၏ဆက်ဆံရေးကိုနားလည်ရန် စမ်းတဝါးဝါး လုပ်နေစရာလိုတော့မည်မဟုတ်။ သို့သော် ‘၎င်းတို့သည် မည်သည့်အချိန်၌ ဖြစ်လာမည်နည်း။ ဂရုစိုက်စောင့်ရှောက်တော်မူသည့် ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည် မကောင်းမှုဒုစရိုက်နှင့် ဒုက္ခဆင်းရဲကို ယခုအချိန်အထိ အဘယ်ကြောင့် ခွင့်ပြုထားတော်မူသနည်း’ ဟူ၍ သင်မေးပေလိမ့်မည်။ ဤမေးခွန်းများကို ဆက်လက်သုံးသပ်ကြပါစို့။
[အောက်ခြေမှတ်ချက်များ]
a မဿဲ၊ မာကု နှင့် ယောဟန် တို့သည် မျက်မြင်သက်သေများ ဖြစ်ကြ၏။ လုကာ သည် မှတ်တမ်းမှတ်ရာများနှင့် ကိုယ်တွေ့သက်သေခံချက်များကို ပညာရှင်ဆန်ဆန် အသေအချာ လေ့လာမှုပြုခဲ့သည်။ ခရစ်ဝင်ကျမ်းများ၌ ရိုးသားသော၊ တိကျမှန်ကန်သော၊ ယုံကြည်စိတ်ချရသော မှတ်တမ်းများဆိုင်ရာ ထူးခြားသည့် အမှတ်လက္ခဏာများ တွေ့ရှိရ၏။—ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်း မြန်မာမှထုတ်ဝေသည့် လူခပ်သိမ်းအတွက် စာအုပ်တစ်အုပ်၊ စာမျက်နှာ ၁၆-၁၇ ရှု။
b “သူ၏နာမကား ခရစ်တော်ယေရှု၊ မာရိ၏သားဖြစ်လိမ့်မည်၊ ဤဘဝနှင့် တမလွန်ဘဝတွင် ဂုဏ်တင်ခြင်းခံရမည်” ဟူ၍ ကူရ်အန်ကျမ်းမြတ်ကဆို၏။ (ဆူရာ ၃:၄၅) လူသားတစ်ဦးအဖြစ် ယေရှုသည် မာရိ၏သားဖြစ်၏။ သို့သော် မည်သည့်ဖခင်ကြောင့် လူဖြစ်လာသနည်း။ “ဘုရားသခင်ရှေ့တော်တွင် ယေရှု၏အနေအထားမှာ အာဒံနှင့်ဆင်တူသည်” ဟူ၍ ကူရ်အန်ကျမ်းက ဖော်ပြ၏။ (ဆူရာ ၃:၅၉) အာဒံသည် “ဘုရားသခင့်သား” ဖြစ်ကြောင်း သမ္မာကျမ်းကဆို၏။ (လုကာ ၃:၂၃၊ ၃၈၊ သမ) အာဒံ၌လည်းကောင်း၊ ယေရှု၌လည်းကောင်း လူသားဖခင်မရှိ၊ မိန်းမတစ်ဦးနှင့် သံဝါသပြု၍ မွေးဖွားလာသူများလည်းမဟုတ်။ ထို့ကြောင့် အာဒံသည် ဘုရားသခင်၏သားဖြစ်သကဲ့သို့ ယေရှုသည် ဘုရားသခင်၏သား ဖြစ်တော်မူ၏။
c ဆာလံ ၁၀၃ နှင့် ဟေရှာယ ၁:၁၈-၂၀ တွင် ဖော်ကျူးထားသည့်အတိုင်း ယေရှု၏သဘောထားသည် ယေဟောဝါ၏ သဘောထားနှင့် လိုက်ဖက်လှ၏။
e နောက်ပိုင်းတွင် အနည်းဆုံး နှစ်ယောက်သည် တပည့်များဖြစ်လာကြပြီး သမ္မာကျမ်းစာတွင်တွေ့ရှိရသည့် ယာကုပ် နှင့် ယုဒ ဩဝါဒစာများကို ရေးသားခဲ့ကြသည်။
f ထင်ရှားသော ရောမအရာရှိတစ်ဦးသည် ပေတရု၏ မျက်မြင်ကိုယ်တွေ့ သက်သေခံချက်ကို ကြားခဲ့ရသည်– “ယုဒပြည်အရပ်ရပ်တို့၌ နှံ့ပြားသောအကြောင်းအရာကို သင်တို့သည် သိကြ၏။ . . . သုံးရက်မြောက်သောနေ့၌ ဘုရားသခင်သည် [ထိုအရှင်ကို] ထမြောက်စေတော်မူ၍ . . . ထင်ရှားစွာပြတော်မူ၏။ . . . ထိုသခင်သည်လည်း အသက်ရှင်သောသူတို့နှင့် သေသောသူတို့ကို တရားစီရင်သောသခင် ဖြစ်စေခြင်းငှာ၊ ဘုရားသခင် ခန့်ထားတော်မူကြောင်းကို လူအပေါင်းတို့အား ဟောပြောကြလော့၊ သက်သေခံကြလော့ဟု ငါတို့အား ပညတ်ထားတော်မူ၏။”—တမန်တော် ၂:၃၂; ၃:၁၅; ၁၀:၃၄-၄၂။
[စာမျက်နှာ ၁၅၀ ပါ လေးထောင့်ကွက်]
ပေတရု၏ယောက္ခမ မိန်းမသူအား ယေရှု ရောဂါပျောက်ကင်းစေခြင်းအကြောင်း အလားတူမှတ်တမ်းများကို နှိုင်းယှဉ်ဖတ်ရှုရန် သင်နှစ်ခြိုက်ပေမည်။ (မဿဲ ၈:၁၄-၁၇; မာကု ၁:၂၉-၃၁; လုကာ ၄:၃၈၊ ၃၉) သမားတော်လုကာက ထိုမိန်းမသည် “ပြင်းစွာသောဖျားနာစွဲသည်” ဟူ၍ ဆေးဖက်ဆိုင်ရာ အသေးစိတ်အချက်ကို ထည့်သွင်းရေးသားထား၏။ ထိုမိန်းမနှင့် အခြားသူများကို ရောဂါပျောက်ကင်းစေရန် ယေရှုအား အဘယ်အရာက တတ်စွမ်းစေသနည်း။ ‘အနာရောဂါကင်းပျောက်စေရန် ထာဝရဘုရားသခင်၏ တန်ခိုးတော်သည် ယေရှု၌ရှိ၏’ ဟူ၍ လုကာက ဝန်ခံရေးသားထား၏။—လုကာ ၅:၁၇၊ သမ; ၆:၁၉; ၉:၄၃။
[စာမျက်နှာ ၁၅၂ ပါ လေးထောင့်ကွက်]
အခါခပ်သိမ်း အမြတ်ဆုံးသော ဒေသနာတော်
၎င်း၏သွန်သင်ချက်များအတိုင်း လိုက်နာကျင့်သုံးကြမည်ဆိုလျှင် “ကျွန်ုပ်တို့သည် . . . တစ်ကမ္ဘာလုံး၏ ပြဿနာများကိုပင် ဖြေရှင်းပြီးဖြစ်လိမ့်မည်” ဟူ၍ ဟိန္ဒူခေါင်းဆောင် မိုဟန်ဒပ်စ် ဂန္ဒီက ပြောကြားခဲ့ကြောင်း ကိုးကားဖော်ပြကြသည်။ ထင်ရှားသော မနုဿဗေဒပညာရှင် အက်ရှ်လီ မွန်းတဂူကလည်း စိတ်ကြောင်းရင်းခံအရ မေတ္တာ၏အရေးပါမှုဆိုင်ရာ ခေတ်သစ်ရှာဖွေတွေ့ ရှိချက်များသည် ဤဒေသနာတော်၏ “ခြေမြစ်ခိုင်လုံခြင်း” တစ်ရပ်မျှသာဖြစ်ကြောင်း ရေးသားခဲ့၏။
ဤသူတို့သည် ယေရှု၏ တောင်ပေါ်ဒေသနာတော်ကို ရည်ညွှန်းပြောဆိုနေကြခြင်းဖြစ်၏။ “ထိုဒေသနာတော်မှ သွန်သင်ချက်မှာ ကျွန်ုပ်တို့အားလုံးအတွက်ဖြစ်သည်” ဟူ၍လည်း ဂန္ဒီကဆိုခဲ့၏။ ပါမောက္ခ ဟန်းစ် ဒီးတာဗက်ဇ်ကလည်း များမကြာမီက ဤသို့ထုတ်ဖော်ပြောကြားခဲ့၏– “တောင်ပေါ်ဒေသနာတော်၏ ဩဇာအရှိန်သည် ယျေဘုယအားဖြင့် ယုဒဘာသာနှင့် ခရစ်ယာန်ဘာသာတို့၏ နယ်နိမိတ်မျဉ်းကြောင်းများကိုသာမက အနောက်ယဉ်ကျေးမှုကိုပင် ကျော်လွန်ကျယ်ပြန့်၏။” ၎င်းဒေသနာတော်သည် “တစ်ကမ္ဘာလုံး နှစ်သက်မြတ်နိုးဖွယ် သီးခြားလက္ခဏာတစ်ရပ်” ရှိသည်ဟု သူကဖြည့်စွက်၍ဆို၏။
အတန်အသင့် တိုတောင်းသော်လည်း စွဲမက်ဖွယ်ဖြစ်သည့် ဤပို့ချချက်ကို ဖတ်ကြည့်ပါလေ။ မဿဲ အခန်းကြီး ၅ မှ ၇ နှင့် လုကာ ၆:၂၀-၄၉ တို့တွင်တွေ့ နိုင်ပါသည်။ အမြတ်ဆုံးသော ဤဒေသနာတော်မှ ကျွန်ုပ်တို့ရရှိနိုင်သည့် ပေါ်လွင်ချက်အချို့မှာ အောက်ပါအတိုင်းဖြစ်သည်–
ပျော်ရွှင်မှုရနိုင်သည့်နည်း—မဿဲ ၅:၃-၁၂; လုကာ ၆:၂၀-၂၃။
ကိုယ့်သိက္ခာ ကိုယ်လေးစားခြင်းကို ထိန်းသိမ်းနည်း—မဿဲ ၅:၁၄-၁၆၊ ၃၇; ၆:၂-၄၊ ၁၆-၁၈; လုကာ ၆:၄၃-၄၅။
သူတစ်ပါးနှင့်ဆက်ဆံရေး တိုးတက်ကောင်းမွန်စေနိုင်သည့်နည်း—မဿဲ ၅:၂၂-၂၆၊ ၃၈-၄၈; ၇:၁-၅၊ ၁၂; လုကာ ၆:၂၇-၃၈၊ ၄၁၊ ၄၂
အိမ်ထောင်ရေးပြဿနာများ လျော့နည်းစေနိုင်သည့်နည်း—မဿဲ ၅:၂၇-၃၂
စိုးရိမ်ပူပန်မှုကို ကိုင်တွယ်ဖြေရှင်းနည်း—မဿဲ ၆:၂၅-၃၄။
ဘာသာရေးကလိမ်ကျမှုကို သိမြင်နိုင်သည့်နည်း—မဿဲ ၆:၅-၈၊ ၁၆-၁၈; ၇:၁၅-၂၃။
ဘဝအဓိပ္ပာယ်ကို တွေ့ ရှိနိုင်သည့်နည်း—မဿဲ ၆:၉-၁၃၊ ၁၉-၂၄၊ ၃၃; ၇:၇-၁၁၊ ၁၃၊ ၁၄၊ ၂၄-၂၇; လုကာ ၆:၄၆-၄၉။
[စာမျက်နှာ ၁၅၉ ပါ လေးထောင့်ကွက်]
တက်ကြွလှုပ်ရှားသူ
ယေရှုခရစ်တော်သည် မလှုပ်မယှက်နေသော တစ်ဦးတည်းနေထိုင်ကျင့်ကြံသူမဟုတ်။ ကိုယ်တော်သည် တိကျပြတ်သားသော တက်ကြွလှုပ်ရှားသူဖြစ်တော်မူ၏။ ကိုယ်တော်သည် “ပတ်လည်၌ရှိသော မြို့ရွာများသို့ ဒေသစာရီ. . . လှည့်လည်၍ ဆုံးမသြဝါဒပေး” လျက် “ထိန်းသူမရှိသောသိုးကဲ့သို့ ပင်ပန်း၍ အားလျော့လျက်ရှိနေကြ” သူတို့ကို ကူညီမစတော်မူ၏။ (မာကု ၆:၆; မဿဲ ၉:၃၆၊ သမ္မာ; လုကာ ၈:၁) ယေရှုသည် ယခုခေတ် ချမ်းသာကြွယ်ဝသည့် ဘာသာရေးခေါင်းဆောင်များနှင့်မတူ၊ စည်းစိမ်ဥစ္စာ ဆည်းပူးစုဆောင်းခြင်းမပြု၊ “ခေါင်းချရာမျှမရှိ” ပေ။—မဿဲ ၈:၂၀။
ယေရှုသည် လူတို့၏ ဝိညာဉ်ရေးအနာရောဂါ ပျောက်ကင်းရေးနှင့် ဝိညာဉ်အစာကျွေးမွေးရေးကို အဓိကထား၍ ကြိုးပမ်းလုပ်ဆောင်သော်လည်း လူတို့၏ ကာယလိုအပ်ချက်များကိုလည်း လျစ်လျူရှုတော်မမူ။ ဖျားနာသူများ၊ မစွမ်းမသန်သူများနှင့် နတ်ဆိုးစွဲသူများကို ကုသပေးတော်မူ၏။ (မာကု ၁:၃၂-၃၄) မိမိ၏တရားတော်ကို စိတ်အားထက်သန်စွာ ကြားနာသော ထောင်ချီရှိသည့် ပရိသတ်တို့ကို သနားတော်မူသဖြင့် နှစ်ကြိမ်တိုင်တိုင် ကျွေးမွေးတော်မူ၏။ (မာကု ၆:၃၅-၄၄; ၈:၁-၈) အံ့ဖွယ်အမှုများကို ပြုတော်မူရခြင်းမှာ လူတို့၏အကျိုးအတွက် ပူပင်ကြောင့်ကြ၍ဖြစ်၏။—မာကု ၁:၄၀-၄၂။
ယေရှုသည် ဗိမာန်တော်မှ လောဘကြီးသောကုန်သည်များကို ဖယ်ရှားရာ၌ ပြတ်ပြတ်သားသား လုပ်ဆောင်တော်မူ၏။ တွေ့ မြင်သူတို့သည် “ကိုယ်တော်၏အိမ်တော်၌ စွဲလမ်းပူပန်ခြင်းစိတ်သည် အကျွန်ုပ်ကို စားပါ၏” ဟူသော ဆာလံဆရာတစ်ဦး၏စကားများကို သတိရကြ၏။ (ယောဟန် ၂:၁၄-၁၇) ကိုယ်တော်သည် အရေခြုံ ဘာသာရေးခေါင်းဆောင်များကို ပြစ်တင်ရှုတ်ချသည့်အခါ၌ ညှာတာထောက်ထားခြင်း ရှိတော်မမူ။ (မဿဲ ၂၃:၁-၃၉) နိုင်ငံရေးဘက်တွင် အရေးပါသောပုဂ္ဂိုလ်များထံမှ အကျပ်ကိုင်ဖိအားပေးမှုကိုလည်း အညံ့ခံတော်မမူပေ။—မဿဲ ၂၆:၅၉-၆၄; ယောဟန် ၁၈:၃၃-၃၇။
ယေရှု၏ အင်တိုက်အားတိုက် ဓမ္မအမှုဆောင်ရွက်ခြင်းအကြောင်းကို ဖတ်ရှုရာ၌ သင်ပီတိဖြာမိပေမည်။ ပထမဦးဆုံးအကြိမ် ဖတ်ရှုသူအများသည် ဤတက်ကြွလှုပ်ရှားသူအကြောင်းကို မာကုရေးသားသည့် တိုတောင်းသော်လည်း အသက်ဝင်သည့်မှတ်တမ်းမှ စ၍ဖတ်ရှုကြသည်။
[စာမျက်နှာ ၁၆၄ ပါ လေးထောင့်ကွက်]
သူတို့ကိုလုပ်ဆောင်ရန် ယေရှု တွန်းအားပေး
တမန်တော်ဝတ္ထုတွင် ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းအကြောင်း ပေတရု၊ ယောဟန်နှင့် အခြားသူတို့ သက်သေခံခြင်းဆိုင်ရာ သမိုင်းဝင်မှတ်တမ်းကို တွေ့ ရှိနိုင်သည်။ ထိုကျမ်း၏ ကဏ္ဍအပိုင်းများစွာသည် ခရစ်ယာန်ဘာသာကို အပြင်းအထန် ဆန့်ကျင်ခဲ့သူ ရှောလု၊ သို့မဟုတ် ပေါလုအမည်ရှိ ဉာဏ်ထက်မြက်သည့် ပညတ်ဥပဒေလေ့လာသူတစ်ဦး၏ အဖြစ်အပျက်များအကြောင်းဖြစ်၏။ ရှင်ပြန်ထမြောက်ခဲ့သောယေရှုက သူ့အား ကိုယ်ယောင်ထင်ပြတော်မူ၏။ (တမန်တော် ၉:၁-၁၆) ကောင်းကင်ဘုံတွင် ယေရှုအသက်ရှင်လျက်ရှိကြောင်း ငြင်းမရသော သက်သေအထောက်အထား ရရှိပြီးနောက် ပေါလုသည် ဤအကြောင်းကို ဒဿနိကဗေဒပညာရှင်များနှင့် အစိုးရမင်းများအပါအဝင် ဂျူးလူမျိုးနှင့် ဂျူးလူမျိုးမဟုတ်သူတို့ကို စိတ်ထက်သန်စွာ သက်သေခံခဲ့၏။ ထိုသြဇာအရှိန်ရှိသည့် ပညာတတ်များအား သူပြောခဲ့သည့်စကားများကို ဖတ်ရသည်မှာ အလွန်စွဲမက်ဖွယ်ကောင်း၏။—တမန်တော် ၁၇:၁-၃၊ ၁၆-၃၄; ၂၆:၁-၂၉။
ဆယ်စုနှစ်များစွာအတွင်း ပေါလုသည် ဓမ္မသစ်ကျမ်း၊ သို့မဟုတ် ခရစ်ယာန်ဂရိကျမ်းစာဟုခေါ်သည့် ကျမ်းပိုင်းမှ ကျမ်းများစွာကို ရေးသားခဲ့သည်။ သမ္မာကျမ်းစာအများ၌ မာတိကာဇယား၊ သို့မဟုတ် ကျမ်းအမည်စာရင်းများ ပါရှိသည်။ ပေါလုသည် ထိုကျမ်းများအနက် ရောမသြဝါဒစာ မှ ဟေဗြဲသြဝါဒစာ အထိ ၁၄ ကျမ်းကိုရေးသားခဲ့သည်။ ဤကျမ်းများသည် ထိုခေတ်ကခရစ်ယာန်များအတွက် နက်နဲသောအမှန်တရားများနှင့် ပညာရှိသောလမ်းညွှန်ချက်တို့ကိုပေးသည်။ ၎င်းတို့သည် တမန်တော်များကိုလည်းကောင်း၊ ယေရှု၏သွန်သင်ချက်များ၊ လုပ်ဆောင်မှုများနှင့် ရှင်ပြန်ထမြောက်ခြင်းတို့ကို တွေ့ မြင်ခဲ့သူတို့ကိုလည်းကောင်း တိုက်ရိုက်တွေ့ဆုံခွင့်မရသော ကျွန်ုပ်တို့အဖို့ ပို၍ပင် တန်ဖိုးရှိပေသည်။ ပေါလုရေးသားသည့်ကျမ်းများသည် သင့်မိသားစုဘဝတွင်လည်းကောင်း၊ လုပ်ဖော်ကိုင်ဖက်များ၊ အိမ်နီးချင်းတို့နှင့် ဆက်ဆံရာတွင်လည်းကောင်း၊ သင့်ဘဝကို စစ်မှန်သောအဓိပ္ပာယ်ရှိအောင်၊ ကျေနပ်ရောင့်ရဲမှုရှိအောင် လမ်းညွှန်ထိန်းကျောင်းရာတွင်လည်းကောင်း အထောက်အကူပြုနိုင်ကြောင်း တွေ့ ရှိပေလိမ့်မည်။
[စာမျက်နှာ ၁၄၆ ပါ ရုပ်ပုံ]
သိပ္ပံပညာရှင်တို့သည် မိခင်၏ခန္ဓာပြင်ပ ဖန်ပြွန်ထဲ၌ မျိုးစပ်ခြင်းပြုလုပ်ကြသည်။ ဖန်ဆင်းရှင်သည် မိမိသားတော်၏အသက်ကို ပြောင်းရွှေ့ခြင်းအားဖြင့် လူသားတစ်ဦး ဖြစ်စေတော်မူ၏
[စာမျက်နှာ ၁၄၈ ပါ ရုပ်ပုံ]
ယေရှု၏တရားတော်ကိုကြားနာပြီး လူသားများနှင့် ကိုယ်တော်ဆက်ဆံပုံကို တွေ့မြင်ခဲ့သူအများသည် ကိုယ်တော့်ခမည်းတော်ကို ပို၍ကောင်းစွာ သိကျွမ်းလာကြသည်
[စာမျက်နှာ ၁၅၄ ပါ ရုပ်ပုံ]
ယေရှုသည် တမန်တော်များ၏ခြေကို ဆေးခြင်းအားဖြင့် ခမည်းတော် တန်ဖိုးထားသည့် စိတ်နှိမ့်ချခြင်း စံနမူနာကို ထားတော်မူ၏
[စာမျက်နှာ ၁၅၇ ပါ ရုပ်ပုံ]
ကွန်ပျူတာအမှား (သို့မဟုတ် ဗိုင်းရပ်စ်) ကို စနစ်ထဲမှ သန့်စင်ပစ်နိုင်သည်; လူသားများသည် အမွေရခဲ့သည့် မစုံလင်မှုကို ပယ်ရှားပစ်ရန်အတွက် ယေရှု၏ ရွေးနုတ်ဖိုးကို လိုအပ်ကြသည်
[စာမျက်နှာ ၁၆၃ ပါ ရုပ်ပုံ]
ယေရှုသည် (ဤကဲ့သို့သော) သင်္ချိုင်းဂူအတွင်း သင်္ဂြိုဟ်ခံရပြီး သုံးရက်မြောက်သောနေ့တွင် အသက်ရှင်ထမြောက်ခဲ့ကြောင်း မျက်မြင်သက်သေများက တွေ့မြင်ခဲ့ကြသည်