သင့်အား ပျော်ရွှင်မှု ပေးနိုင်သည့် အလုပ်
“ပုံနှိပ်တဲ့အလုပ်ကို ကျွန်တော်တကယ်ဝါသနာပါတယ်” ဟုအီတလီ၊ ဂျီနိုအာမြို့တွင် အန်တိုနီယိုပြောသည်။ “လခလည်းကောင်းတယ်။ အဲ့ဒါကြောင့်လည်း အချိန်ပိုများများလုပ်ချင်တယ်။ ဒါနဲ့ မကြာခင်မှာဘဲ ကျွန်တော်အသက်ငယ်သေးပေမဲ့ အလုပ်ရှင်ရဲ့ ညာလက်ရုံးဖြစ်လာတယ်။” လူအမြောက်အမြား ကြိုးစားပမ်းစားလုပ်ကိုင်ရကြတဲ့ပန်းတိုင်များဖြစ်တဲ့ စည်းစိမ်ဥစ္စာ၊ ဂုဏ်ဒြပ် နှင့် ဝါသနာပါသောလုပ်ငန်း တို့ကို အန်တိုနီယို ရထားပုံရှိနေသည်။
အန်တိုနီယိုသည် ‘ကြိုးစားအားထုတ်မှု၌ ပျော်မွေ့’ ပါသလော။ (ဒေသနာ ၃:၁၃) ဤကဲ့သို့သောအလုပ်မျိုးက သူ့အားပျော်ရွှင်မှု တကယ်ပေးနေပါသလော။ “ကျွန်တော်တို့ရဲ့ အမြန်အဆန်အပြင်းအထန်လုပ်ရိုးလုပ်စဉ်ဘဝပုံစံကြောင့် တင်းမာမှုများပေါ်လာတဲ့အတွက် အိမ်ထောင်မှာ ပြဿနာတွေဖြစ်လာတယ်။ အဲ့ဒါကြောင့်လည်း စိတ်ဆင်းရဲရတယ်” ဟုသူဝန်ခံသည်။ စိတ်ကျေနပ်ဖွယ်လုပ်ငန်းများ လုပ်ကိုင်နေလျက်ပင် အန်တိုနီယိုသော်လည်းကောင်း၊ သူ၏ဇနီးသော်လည်းကောင်း စိတ်မချမ်းသာနိုင်ကြပါ။ အသင်ကော။ သင့် ‘ကြိုးစားအားထုတ်မှု၌ ပျော်မွေ့’ နေပါသလော။ သင့်လုပ်ငန်းသည် သင့်အား ပျော်ရွှင်မှု တကယ်ပေးပါသလော။
အခြေခိုင်လုံသော ရည်ရွယ်ချက်များလော
ကြိုးစားအလုပ်လုပ်ကြသည့် အဓိကအကြောင်းတစ်ခုမှာ စားဝတ်နေရေးအတွက်ဖြစ်သည်။ အချို့နိုင်ငံများတွင် လောက်ငရုံအတွက် နာရီပိုလုပ်ကိုင်ရကြသည်။ အချို့ကြလျှင် သားသမီးကောင်းစားရေးအတွက် နေ့ရောညပါ ပင်ပန်းကြီးစွာလုပ်ကိုင်ကြသည်။ အခြားသူတို့ကလည်း စည်းစိမ်ဥစ္စာစုဆောင်းရေးအတွက် မလုပ်မနေ အလုပ်လုပ်ကိုင်ကြသည်။
ဖိလစ်ပိုင်နိုင်ငံရှိ လီအိုနိုင်ဒါမှာ အလုပ်နှစ်ခုရှိသည်။ တစ်နေ့လုံး ဘဏ်မှာအလုပ်လုပ်ပြီး ညနေပိုင်းတွင် ကောလိပ်ကျောင်း၌ သုံးလေးနာရီစာသင်ပေးသည်။ ငွေပိုရ၍ သူ့အတွက်အကျိုးရှိသလော။ “နာရီကိုဘဲ ကျွန်မဂရုစိုက်တယ်။ တကယ်ငြီးငွေ့တာ။ ဘာကျေနပ်မှုမှမရဘဲ လုပ်ကိုင်နေရတယ်။”
ငွေအတွက်သာ အလုပ်လုပ်ကိုင်ခြင်းမှ စစ်မှန်သောကျေနပ်မှုနှင့် ပျော်ရွှင်မှု မရနိုင်ပါ။ “ငွေရတတ်ခြင်းငှာ မကြိုးစားနှင့်” ဟု ပညာရှိရှောလမုန်မင်းကြီးသြဝါဒပေးခဲ့သည်။ “အကယ်စင်စစ် ရွှေလင်းတသည် မိုးကောင်းကင်သို့ ပျံတတ်သကဲ့သို့၊ ထိုအရာသည် အတောင်တို့ကို လုပ်၍ပျံသွားတတ်၏။” (သု၊ ၂၃:၄၊ ၅) လင်းတအချို့ တစ်နာရီလျှင် မိုင် ၈၀ နှုန်းဖြင့်ပျံကြောင်းပြောကြသည်။ ယင်းက ကျွန်ုပ်တို့၏ချွေးနဲစာသည် အလျင်အမြန် ပျောက်လွင့်နိုင်ကြောင်းကို ကောင်းစွာတင်ပြသည်။ စည်းစိမ်ချမ်းသာစုဆောင်းနိုင်ဦးတော့၊ သူသေဆုံးသည့်အခါ အဘယ်အရာကိုမျှ ယူမသွားနိုင်ပါ။—ဒေသနာ ၅:၁၅။ လုကာ ၁၂:၁၃-၂၁။
ဝမ်းစာရှာရေး၌ နစ်မြုပ်နေခြင်းသည် တစ်ခါတစ်ရံ အန္တရာယ်ရှိစေသည်။ ငွေမက်မောစိတ် ဝင်သွားစေနိုင်သည်။ ပထမရာစုနှစ်က ငွေတပ်မက်သူများဟု နာမည်ကြီးခဲ့သော ဖါရိရှဲများခေါ် ဘာသာရေးသမားအချို့ရှိသည်။ (လုကာ ၁၆:၁၄) ဖါရိရှဲဖြစ်ခဲ့ဖူးသူတစ်ဦးအနေနှင့် ခရစ်ယာန်တမန်တော်ပေါလုသည် သူတို့၏ဘဝပုံစံကို ကောင်းစွာသိထားသည်။ (ဖိလိပ္ပိ ၃:၅) “ငွေရတတ်ခြင်းငှာအလိုရှိသောသူတို့သည် အပြစ်သွေးဆောင်ခြင်း၊ ဖမ်းမိခြင်း၊ မိုက်မဲဖျက်ဆီးတတ်သော တပ်မက်ခြင်းများထဲသို့ ကျရောက်တတ်ကြ၏။ ထိုသို့သောအားဖြင့် လူတို့သည် အကျိုးနည်းခြင်း၊ ပျက်စီးခြင်း၌ နစ်မွန်းတတ်ကြ၏။ အကြောင်းမူကား၊ ငွေကိုတပ်မက်ခြင်းသည် မကောင်းသောအမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း။ လူအချို့တို့သည် ငွေကိုတပ်မက်သောကြောင့် . . . ပူပန်ခြင်းဝေဒနာများနှင့် ကိုယ်ကိုယ်ကို ထုတ်ချင်းခပ်အောင်ထိုးကြပြီ။” (၁ တိမောသေ ၆:၉၊ ၁၀) မှန်သည်၊ “ငွေကိုတပ်မက်ခြင်း၊” ယင်းအတွက် အဘယ်အရာကိုမဆို၊ အရာခပ်သိမ်းကိုမဆို လုပ်မည်ဆိုလျှင် ဘဝပျက်စီးစေနိုင်သည်။ ဤကဲ့သို့သောလမ်းစဉ်သည် ပျော်ရွှင်မှုမပေးနိုင်။
အချို့ ခွန်အားစိုက်ထုတ်ကြိုးပမ်းကြခြင်းမှာ ရာထူးတက်သည်ထက်တက်ရန်အတွက်ဖြစ်သည်။ သို့ဖြစ်စေကာမူ နောက်ဆုံးအဖြစ်မှန်ကို ရင်ဆိုင်ရကြလေသည်။ “အလယ်တန်း စီမံအုပ်ချုပ်ရေးပိုင်းအဆင့်သို့တက်ရန် အသက် ၂၀၊ ၃၀ အရွယ်တွင် အနစ်နာခံသည့် “စီးပွားရေးစန်းပွင့်လူငယ်များ” သည် မည်မျှအားစိုက်ကြိုးစားစေကာမူ လူတိုင်းအထက်သို့မရောက်နိုင်ကြောင်းကို လက်မခံချင်သော်လည်း မရှောင်လွှဲသာဝန်ခံရကြပြီ။ ချွေးတစ်ပေါက်ပေါက်ကြိုးစားမှုကြောင့် မနိုင်မနင်းဖြစ်သည့်အချိန်ရောက်သော် ဒါတွေဟာဘာအတွက်လည်း ဟုမေးချင်ကြတော့သည်။ အဘယ်ကြောင့် ဤမျှတိုက်ခိုက်နေရကြသနည်း။ မည်သူ ဂရုစိုက်မည်နည်း။”
ဤကဲ့သို့သောသူတစ်ဦး၊ မီဇူမိုရီ၏အသက်တာသည် လောကတွင်ထွန်းပေါက်ရန်အတွက်သာ ဖြစ်ခဲ့သည်။ ဂျပန်ပြည်ရှိ ဘဏ်ကြီးတစ်ခုတွင် စီမံအုပ်ချုပ်ရေးရာထူးသို့တက်လှမ်းရန် ကြိုးစားနေစဉ် မိသားစုအတွက် အချိန်လုံးဝမရှိခဲ့ချေ။ နှစ်ပေါင်း ၃၀ ကျော်ကြိုးစားပမ်းစားလုပ်ကိုင်ခဲ့ရာ ကျန်းမာရေးထိခိုက်သွားပြီး ပျော်ရွှင်မှုလည်းမရခဲ့ပေ။ “ထင်ပေါ်ဖို့ ကြိုးစားသူများနဲ့ ယှဉ်ပြိုင်တာဟာ ‘အနတ္တအမှု၊ လေကိုကျက်စားတဲ့အမှု’ ဘဲလို့ နောက်ဆုံးသိလာတယ်” ဟုသူပြောပါသည်။—ဒေသနာ ၄:၄။
သို့သော် မိမိလုပ်ငန်း၌ပျော်မွေ့သော အန်တိုနီယိုကဲ့သို့သောသူများကော။ သူ့လုပ်ငန်းကိုသူ အထူးစိတ်ဝင်စားသဖြင့် မိမိအလုပ်ကို မိသားစုဘဝထက်မြတ်နိုးခဲ့သည်။ အခြားသူတို့သည် ကျန်းမာရေးကိုသာမက အသက်ကိုပင်စွန့်ကာ အလုပ်ကြိုးစားကြသည်။ ရုတ်တရက်အသက်ထွက်ခဲ့သော နာမည်ကျော်ကြားသည့် အလုပ်ဝန်ပိသူ ဂျပန်အမှုဆောင်အရာရှိများအဖြစ်က သာဓကတစ်ရပ်ပင်။ သူတို့ကိုလွမ်းဆွေးရသူများအတွက် အကြံပေးအမှုဆောင်ဌာနတွင် တစ်ရက်လျှင် ဖုန်းဆက်သူ ၁၃၅ ဦးရှိသည်အတွက် အံ့သြရကြသည်။
အချို့သူများသည် သူတစ်ပါးကိုကူညီမစရေးတွင် အလုပ်များနေကြသည်။ ဤစိတ်ထားကို ယေရှုအားပေးခဲ့သည်။ (မ၊ ၇:၁၂။ ယောဟန် ၁၅:၁၃) သူတစ်ပါးကိုကူညီပေးခြင်း အကျိုးရှိလုပ်ငန်းတွင် အလုပ်များနေခြင်းသည် ပျော်ရွှင်မှုအမှန်ရရှိစေသည်။—သု၊ ၁၁:၂၅။
သို့ရာတွင် ဤမျှမြင့်မြတ်သောစိတ်ဖြင့် ဝီရိယစိုက်ခြင်းတွင် ချောက်ကျနိုင်စရာများစွာရှိသည်။ ဥပမာ၊ ယုဒဘုရင် ဩဇိသည် တော၌ရေတွင်းများကိုတူးသည်။ ထိုအချိန်တွင် “ယေဟောဝါကိုဆည်းကပ်” နေ၍ မင်းကြီးများသည် ကိုယ်ကျိုးမရှာသင့်ဟူသော ဘုရားသခင့်ပညတ်ကိုလိုက်နာကာ ပြည်သားတို့အကျိုးကိုရှာခဲ့ပေမည်။ (၂ ရာဇဝင်ချုပ် ၂၆:၅၊ ၁၀။ တရားဟောရာ ၁၇:၁၄-၂၀) ယင်းကြောင့် စစ်မှုတွင်သူအောင်မြင်ခဲ့ပြီး “သတင်းတော်သည် အနှံ့အပြားကျော်စော၏။” သို့သော် တန်ခိုးအာဏာကြီးလာသောအခါ ထောင်လွှားသောစိတ်ဝင်ခဲ့သဖြင့် နောက်ဆုံးသူအသရေပျက်လေသည်။ (၂ ရာဇဝင်ချုပ် ၂၆:၁၅-၂၀။ သု၊ ၁၆:၁၈) သူတစ်ပါးကို များစွာကူညီရိုင်းပင်းသော်လည်း ကိုယ့်ကိုယ်ကိုကျေနပ်သည့်စိတ်၊ မာနစိတ်ကြောင့် တိုက်တွန်းခံနေရလျှင် ကျရှုံးလဲသွားနိုင်သည်။ သို့ဆိုလျှင် အလုပ်ကို အဘယ်ကြောင့်ကြိုးစားလုပ်ကိုင်လိုရမည်နည်း။
အလုပ်လုပ်ကိုင်ရန် လူသားကိုတည်ဆောက်ထား
မြေကြီးပေါ်အသက်ရှင်ခဲ့သူ မည်သူမဆိုထက် အကျိုးများစွာဖြစ်ထွန်းစေခဲ့သောသူတစ်ဦးထံမှ အလုပ်အကိုင်အကြောင်း များစွာသိနားလည်နိုင်သည်။ သူသည် ယေရှုခရစ်ကိုယ်တော်တိုင်ဖြစ်သည်။ (မဿဲ ၂၀:၂၈။ ယောဟန် ၂၁:၂၅) နှက်တိုင်ပေါ်ကိုယ်တော်သေဆုံးခဲ့ချိန်တွင် “အမှုပြီးပြီ” ဟုကိုယ်တော်ကြွေးကြော်တော်မူသည်။ (ယောဟန် ၁၉:၃၀) သူ၏သက်တမ်း ၃၃ နှစ်ခွဲသည် အလွန်အဓိပ္ပာယ်ရှိပါသည်။
ယေရှုဘဝအသက်တာမှ “မည်သည့်လုပ်ငန်းသည် ပျော်ရွှင်မှုပေးမည်နည်း” ဟူသောမေးခွန်းကို ဖြေဆိုပေးပါမည်။ ကိုယ်တော်၏ကောင်းကင်ခမည်းတော်၏ အလိုတော်ကိုဆောင်ရွက်ခြင်းကား အဘယ်အရာနှင့်မျှ မနှိုင်းယှဉ်နိုင်သောပျော်ရွှင်မှုကို ကိုယ်တော်အားပေးခဲ့သည်။ ထိုနည်းတူစွာ ကျွန်ုပ်တို့ဖန်ဆင်းရှင်၏အလိုတော်ကိုဆောင်ရွက်ခြင်းမှ ပြီးမြောက်ပြီစိတ်နှင့် ပျော်ရွှင်မှုရရှိနိုင်သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမူကား၊ ကျွန်ုပ်တို့တည်ဆောက်ပုံ၊ ကျွန်ုပ်တို့၏ လိုအပ်ရာများကို ကိုယ်တိုင်သိသည်ထက် ကိုယ်တော်ပိုသိထားတော်မူသောကြောင့်ဖြစ်သည်။
ပထမလူယောက်ျား၊ အာဒံကိုဘုရားသခင်ဖန်ဆင်းစဉ်က ကိုယ်တော်သည် သူ့အား ကာယနှင့်ဉာဏအလုပ် နှစ်မျိုးစလုံးပေးတော်မူသည်။ (ကမ္ဘာဦး ၂:၁၅၊ ၁၉) အခြားမြေကြီးသတ္တဝါအားလုံးကို သူ ‘အုပ်စိုးရသော’ တာဝန်အပ်နှင်းခံရသောကြောင့် အာဒံမှာ စီမံကွပ်ကဲရေးတာဝန်လည်းရှိသည်။ (ကမ္ဘာဦး ၁:၂၈) ဤအစီအစဉ်အတိုင်းသာ အာဒံလုပ်ကိုင်နေသ၍ သူ၏လုပ်ငန်းသည် အဓိပ္ပာယ်ရှိရုံမက အကျိုးလည်းနပ်ပါလိမ့်မည်။ လုပ်ငန်းတာတစ်ခုစီပြီးမြောက်သွားတိုင်း အမြင့်မြတ်ဆုံးသောအရှင်၏စိတ်တော်နှင့်တွေ့ခွင့်ရရှိလေသည်။
သို့ရာတွင် ဤအတိုင်းသာ အာဒံအတွက်ဆက်လက်မဖြစ်ခဲ့ပေ။ ဘုရားသခင်၏အစီအစဉ်မှ သွေဖည်ရန် သူစိတ်ဆုံးဖြတ်သည်။ ဘုရားသခင်၏အလိုတော်ကိုဆောင်ရွက်ခြင်း၌ မပျော်မွေ့တော့ဘဲ မိမိစိတ်စေလိုရာကိုသာ ပြုလိုခဲ့သည်။ ဖန်ဆင်းရှင်ကို သူပြစ်မှားခဲ့သည်။ သူ၏ဆုံးဖြတ်ချက်ကြောင့် အာဒံ၊ သူ၏ဇနီးသည် နှင့် သူ၏မျိုးစဉ်မျိုးဆက်သည် “အနတ္တအောက်တွင်” ရောက်လေသည်။ (ရောမ ၅:၁၂; ၈:၂၀၊ သမာကျမ်း) ထိုအခါ ပျော်ရွှင်မှုပေးမည့်အစား အလုပ်သည် ငြီးငွေ့စရာဖြစ်လာသည်။ အာဒံအား ဘုရားသခင်တရားစီရင်ချက်တွင် ဤစကားများပါဝင်သည်။ “မြေသည်သင်၏အတွက် ကျိန်ခြင်းကိုခံလျက်ရှိ၏။ မြေ၏အသီးကို တစ်သက်ပတ်လုံး ပင်ပန်းစွာစားရမည်။ ဆူးပင်အမျိုးမျိုးတို့ကိုလည်း သင်အဖို့ မြေ၌ပေါက်စေမည်။ လယ်၌ဖြစ်သော ဟင်းသီးဟင်းရွက်တို့ကို သင်စားရမည်။ သင်ထွက်ရာမြေသို့ မပြန်မှီတိုင်အောင် သင်၏မျက်နှာမှ ချွေးထွက်လျက် အစာကိုစားရမည်။” (ကမ္ဘာဦး ၃:၁၇-၁၉) လူ့ဖန်ဆင်းရှင်အလိုတော်နှင့်တွေ့ခြင်းပန်းတိုင်ထားသဖြင့် ဂုဏ်အသရေရှိရမည့် အလုပ်သည် ယခု အစာစားရရုံအတွက် ပင်ပန်းစွာလုပ်ကိုင်ရခြင်းမျှဖြစ်လေသည်။
ဤအချက်အလက်တို့မှ အဘယ်အရာသိလာရသနည်း။ သိလာသည်ကား၊ ဘုရားသခင့်အလိုတော်ဆောင်ခြင်းနှင့်ပတ်သက်၍ ကြိုးစားလုပ်ကိုင်မှသာလျှင် ယင်းသည် တည်မြဲသောကျေနပ်မှုနှင့် ပျော်ရွှင်မှုပေးသည်။
ဘုရားအလိုတော်ဆောင်ခြင်း၌ ‘ကောင်းသောအရာတွေ့’
ဘုရားသခင့်အလိုတော်ကိုဆောင်ရွက်ခြင်းသည် ယေရှုခရစ်အတွက် မြိန်ရှက်သောအစာနှင့်တူသည်။ ယင်းဖြင့် သူ၏ဝိညာဏအသက်ကို အထောက်အပံ့ပြုသည်။ (ယောဟန် ၄:၃၄) အလုပ်၌ ဤကဲ့သို့သောပျော်ရွှင်မှုမျိုး သင်မည်သို့ရရှိနိုင်မည်နည်း။
သင့်အတွက် “သခင်ဘုရား၏အလိုတော်” မည်သို့ဖြစ်သည်ကို သိမြင်ရန်လိုသည်။ (ဧဖက် ၅:၁၇) ကိုယ်တော်၏အလိုတော်ကား လူသားအပေါင်း “ဘုရားသခင်သားတို့၏ ထူးမြတ်သောလွှတ်ခြင်းချမ်းသာ” ပြန်ရစေရန်တည်း။ (ရောမ ၈:၂၁။ ၂ ပေတရု ၃:၉) ယင်းအမှုဖြစ်မြောက်အောင်မြင်ရန် ကမ္ဘာချီစုသိမ်းခြင်းလုပ်ငန်းကို ထမ်းဆောင်နေကြသည်။ ဤကျေနပ်စဖွယ်ကောင်းလှသော လုပ်ငန်းတွင် အသင်လည်းပါဝင်နိုင်သည်။ ဤကဲ့သို့သောလုပ်ငန်းသည် သင့်အားအမှန်တကယ် ပျော်ရွှင်မှုပေးမည်။
လက်ဦးကဖေါ်ပြထားသော အန်တိုနီယိုသည် နောင်တွင် ကျေနပ်မှုနှင့်ပျော်ရွှင်မှုခံစားခဲ့သည်။ သူနှင့်သူ၏ဇနီးသည် သူတို့၏ “အချည်းနှီးဖြစ်သော” လောကီလုပ်ငန်းကို ဦးစားထား၍ ယင်း၌နစ်မြုပ်နေစဉ်က သူတို့၏ဝိညာဉ်ရေး ထိခိုက်ခဲ့သည်။ ယင်းကြောင့် အိမ်တွင်းပြဿနာများပေါ်လာခဲ့သည်။ အခြေအနေကိုရိပ်စားမိသည်နှင့် ဇနီးဖြစ်သူသည် အလုပ်ထွက်ပြီး ဘုရားသခင့်နိုင်ငံတော်သတင်း ဟောပြောခြင်းလုပ်ငန်း၌စပါဝင်ပြီး ‘ကြိုးစားအားထုတ်’ လေသည်။—လုကာ ၁၃:၂၄။
“အခြေအနေပြောင်းလဲလာတာကို ကျွန်တော်တို့ ချက်ချင်းသတိပြုမိတယ်။ တကျက်ကျက် ရန်မဖြစ်တော့ဘူး။ အိမ်တွင်းငြိမ်သက်မှု ပြန်ရှိလာတယ်ဗျာ” ဟုအန်တိုနီယိုပြောသည်။ “ထာဝရအသက်” ပေးသောအသိပညာကို သူတစ်ပါးရနိုင်ရန် ကူညီပေးရာမှ သူ၏ဇနီးသည် ပျော်ရွှင်ခြင်းအသီးကို ရိတ်သိမ်းခဲ့သည်။ (ယောဟန် ၁၇:၃) သူမ၏ပျော်ရွှင်မှုကြောင့် အန်တိုနီယိုလည်း တကယ်အကျိုးရှိရာကို စစ်ဆေးသုံးသပ်ကြည့်ရန် တိုက်တွန်းခံရသည်။ သို့နှင့် ဘုရားသခင်ကို စိုးလ်အပြည့်ဝတ်ပြုချင်စိတ် အလေးသာခဲ့သည်။ ရာထူးတက်ခွင့်ရလျက်နှင့် လက်မခံဘဲ လောကီအလုပ်မှ ထွက်လိုက်သည်။ ဤသို့သောအပြောင်းအလဲကြောင့် ယခင်ထက်နိမ့်ကျသောအလုပ်မျိုး ဝင်လုပ်ကိုင်နေရသော်လည်း ဘုရားသခင်၏အလိုတော်ကိုဆောင်ရွက်ပြီး ခရစ်ယာန်ဓမ္မအမှု၌ အချိန်များများကုန်ခံနေကြသဖြင့် အန်တိုနီယိုနှင့်သူ၏ဇနီး ပျော်ရွှင်မှုခံစားနေရကြသည်။
ဤသို့သောအပြောင်းအလဲမျိုး လူတိုင်းပြုနိုင်မည်ကားမဟုတ်ပါ။ အစကဖေါ်ပြခဲ့သော ဂျပန်ဘဏ်အရာရှိ မီဇူမိုရီသည် ခရစ်ယာန်အသင်းတော်၌ အကြီးအကဲအဖြစ်အမှုထမ်းရခွင့်ကို တန်ဖိုးထားသည်။ တစ်ကြိမ်တည်းလောကီလုပ်ငန်း၌ မန်နေဂျာအဆင့်မှနေ၍ မိသားစုစားဝတ်နေရေးဖူလုံရန် အလုပ်လုပ်ကိုင်ပါသည်။ သို့ရာတွင် သူ့ဘဝသည် လုပ်ငန်းအတွက်သာမဟုတ်တော့ဘဲ ဘုရားအလိုတော်ဆောင်ရွက်ခြင်းအတွက် ဖြစ်နေပါပြီ။ ယင်းရည်မှန်းချက်အောင်မြင်စေရန် သူ၏ဝမ်းစာရှာလုပ်ငန်းကထောက်ပံ့ပေးပါသည်။ သို့ဖြင့် လောကီလုပ်ငန်းသည်လည်း အဓိပ္ပာယ်ရှိလာပေသည်။
သင့်အလုပ်အပေါ် ဤအမြင်မျိုးထားရှိသောအခါ “ယေဟောဝါကိုကြောက်ရွံ့လျက် လူတို့၏စိတ်ကို နူးညွတ်စေသောသူကဲ့သို့ မျက်မှောက်၌သာ” ကြိုးစားလုပ်ကိုင်သူ ဖြစ်မည်မဟုတ်ပါ။ (ကောလောသဲ ၃:၂၂) ဤအပြိုင်အဆိုင်များသော လူ့အဖွဲ့အစည်းတွင် ဤသို့သောစိတ်စေတနာသည် များစွာခရီးရောက်မည်မဟုတ်ပေ။ သို့သော် မီဇူမိုရီဝန်ခံပြောဆိုသကဲ့သို့ပင် ဤမူများကို ကျင့်သုံးခြင်းအားဖြင့် သင့်ကိုယုံကြည်စိတ်ချ၊ လေးစားကြမည်။ ရာထူးတက်ရန် သူဆက်မကြိုးစားတော့သော်လည်း အလိုအလျောက် ရာထူးတိုးခဲ့သည်။—သု၊ ၂၂:၂၉။
မှန်ပါသည်။ ဘုရားသခင့်အလိုတော်ဆောင်ခြင်း၌ သင့်ဘဝကို စိုက်တည်ထားခြင်းကား ပင်ပန်းစွာလုပ်ကိုင်ခြင်းမှ ပျော်ရွှင်မှုရခြင်း၏သော့ချက်ဖြစ်သည်။ ယင်းကြောင့် ပညာရှိရှောလမုန်မင်းကြီး ဤသို့ဝန်ခံခဲ့ရခြင်းဖြစ်သည်။ “ရွှင်လန်းခြင်းအမှုနှင့် အသက်ရှင်စဉ်တွင် ကျေးဇူးပြုခြင်းအမှုမှတစ်ပါး အခြားသောအမှုအရာတို့၌ အကျိုးကျေးဇူးမရှိသည်ကို ငါသိ၏။ လူတိုင်း စားသောက်ခြင်းငှာလည်းကောင်း၊ မိမိကြိုးစားအားထုတ်သမျှသောအမှု၌ ပျော်မွေ့ခြင်းငှာလည်းကောင်း၊ ဘုရားသခင်၏ကျေးဇူးတော်ကြောင့်သာ အခွင့်ရှိ၏။”—ဒေသနာ ၃:၁၂၊ ၁၃။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
သင်၏မိသားစုအသက်တာကို ကျမ်းစာသင်အံခြင်းနှင့် ဘုရားအလိုတော်ထမ်းဆောင်ခြင်းတွင် ဗဟိုထားခြင်းသည် အလုပ်ကြိုးပမ်းခြင်း၏ အသီးကိုခံစားနိုင်ရန် သော့ချက်ဖြစ်သည်။