ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ထရ အခန်း ၆ စာ. ၅၇-၆၈
  • ယေရှုခရစ်​—ဘုရားသခင် စေလွှတ်ခြင်းခံရသူလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရှုခရစ်​—ဘုရားသခင် စေလွှတ်ခြင်းခံရသူလော
  • သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သူအလျင်ကတည်းက အသက်ရှင်ခဲ့သည်
  • ကိုယ်တော်၏ မြေကြီးအသက်တာ
  • ကမ္ဘာပေါ်သို့ ကြွလာရခြင်းအကြောင်း
  • ရွေးနုတ်ဖိုးအဖြစ် အသက်တော်ကို စွန့်တော်မူ
  • အံ့ဖွယ်အမှုများကို ယေရှုပြုလုပ်ခဲ့ရခြင်းအကြောင်း
  • ဘုရားသခင့်နိုင်ငံတော်အုပ်စိုးရှင်
  • ရွေးဖိုး —ဘုရားပေးတဲ့ အဖိုးထိုက်ဆုံးလက်ဆောင်
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • ယေရှုခရစ်ကား မည်သူနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ရွေးနုတ်ဖိုး—ဘုရားသခင်ပေးတဲ့ အကြီးမြတ်ဆုံးဆုကျေးဇူး
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ယေရှု၏သေခြင်းသည် သင့်အဖို့ အဘယ်အဓိပ္ပာယ် ရှိသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
နောက်ထပ် ကြည့်ပါ
သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
ထရ အခန်း ၆ စာ. ၅၇-၆၈

အခန်း ၆

ယေရှုခရစ်​—ဘုရားသခင် စေလွှတ်ခြင်းခံရသူလော

၁၊ ၂။ (က) ယေရှုခရစ်သည် တကယ်ရှိခဲ့သည့်ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း အဘယ်သာဓကရှိသနည်း။ (ခ) ယေရှုနှင့်ပတ်သက်၍ အဘယ်မေးခွန်းများ ပေါ်ထွက်လာသနည်း။

ယနေ့လူတိုင်းလိုလို ယေရှုခရစ်အကြောင်း ကြားသိပြီးဖြစ်၏။ သမိုင်းပေါ်သက်ရောက်သည့် သူ့သြဇာသည် အခြားအဘယ်လူသား၏သြဇာထက်မဆို သာလွန်၏။ တကယ်ပြောရလျှင် ကမ္ဘာ့အစိတ်အပိုင်းအများတွင် အသုံးပြုနေသော ပြက္ခဒိန်ကိုယ်နှိုက်က ကိုယ်တော်ဖွားမြင်ရာနှစ်ဟု ယူဆကြသော သက္ကရာဇ်ပေါ် အမှီပြုလျက်ရှိသည်။ ကမ္ဘာ့စာအုပ်စွယ်စုံကျမ်း က ဤသို့ဆို၏– “ထိုနှစ်မတိုင်မီက ခုနှစ်များကို ဘီ.စီ. သို့မဟုတ် ခရစ်မတိုင်မီ အဖြစ်တင်ပြ၏။ ထိုနှစ်နောက်ပိုင်း သက္ကရာဇ်များကို အေ.ဒီ. သို့မဟုတ် အန်နိုဒိုမီနီ (ငါတို့သခင်၏နှစ်အတွင်း) အဖြစ် တင်ပြ၏။”

၂ ထို့ကြောင့် ယေရှုသည် စိတ်ကူးထဲက လူတစ်ယောက်မဟုတ်။ တကယ်ပင် ကမ္ဘာပေါ်အသက်ရှင်ခဲ့သူတစ်ဦး ဖြစ်သည်။ “ရှေးအချိန်တွင် ခရစ်ယာန်ဘာသာကို အတိုက်အခံပြုသူများပင် ယေရှု [တကယ်တည်ရှိခြင်းအဖြစ်] ကို တစ်ခါကမျှ သံသယမဖြစ်ခဲ့ကြချေ” ဟူ၍ ဗြိတိန်နီကာစွယ်စုံကျမ်းကရေးသား၏။ သို့ဖြစ်၍ ယေရှုသည် မည်သူနည်း။ သူ့ကို ဘုရားသခင် တကယ်ပင် စေလွှတ်ခဲ့သလော။ သူအဘယ်ကြောင့် ဤမျှတိုင် နာမည်ကျော်ကြားသနည်း။

သူအလျင်ကတည်းက အသက်ရှင်ခဲ့သည်

၃။ (က) ကောင်းကင်တမန်၏စကားအရ မာရိသည် မည်သူ့သားကို မွေးမည်နည်း။ (ခ) အပျိုမာရိအနေဖြင့် ယေရှုကို အဘယ်သို့ မွေးဖွားနိုင်ခဲ့သနည်း။

၃ ယေရှုသည် အခြားလူသားတစ်ဦးနှင့်မျှမတူဘဲ အပျိုတစ်ယောက်မှ မွေးလာသည်။ ထိုအပျို၏အမည်မှာ မာရိဖြစ်သည်။ မာရိ၏ကလေး ယေရှုနှင့်ပတ်သက်၍ ကောင်းကင်တမန်တစ်ပါး ဤသို့ဆို၏– “ထိုသားသည်ကား ကြီးမြတ်သောသူဖြစ်လိမ့်မည်။ အမြင့်ဆုံးသောဘုရား၏ သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့်မည်။” (လုကာ ၁:၂၈-၃၃; မဿဲ ၁:၂၀-၂၅) သို့သော် ယောက်ျားတစ်ဦးနှင့် တစ်ကြိမ်မျှမဆက်ဆံဖူးသော အမျိုးသမီးတစ်ဦးက ကလေးတစ်ယောက် အဘယ်သို့ရနိုင်မည်နည်း။ ဘုရားသခင့် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဖြစ်၏။ ယေဟောဝါသည် တန်ခိုးကြီးသော မိမိ၏နာမ်ဝိညာဉ်သားတော်၏ အသက်ကို ကောင်းကင်မှ အပျိုမာရိ၏ ဝမ်းထဲသို့ ပြောင်းရွှေ့တော်မူ၏။ ထူးဆန်းသောအဖြစ်တစ်ခုပင်! ကလေးများ မွေးဖွားနိုင်သည့် အံ့ဖွယ်အစွမ်းကိုထည့်သွင်း၍ ပထမမိန်းမကို ဖန်ဆင်းခဲ့သော အရှင်အနေဖြင့် လူသားဖခင်မပါဘဲ အမျိုးသမီးတစ်ဦးကို ကလေးရစေနိုင်သည်မှာ သေချာပါသည်။ ကျမ်းစာ ဤသို့ရှင်းပြ၏– “အချိန်ကာလစေ့သောအခါ . . . မိန်းမဝမ်း၌ ပဋိသန္ဓေယူ၍ . . . ဖွားမြင်ရသောသားတော်ကို ဘုရားသခင်သည် စေလွှတ်တော်မူ၏။”​—ဂလာတိ ၄:၄၊ ၅။

၄။ (က) ယေရှုသည် ကလေးအဖြစ်မဖွားမြင်မီ မည်သို့သောဘဝဖြင့် အသက်ရှင်တော်မူခဲ့သနည်း။ (ခ) ယခင်က ကောင်းကင်တွင် မိမိအသက်ရှင်ခဲ့ကြောင်း ယေရှု မည်သို့မိန့်ဆိုခဲ့သနည်း။

၄ သို့ဖြစ်၍ ယေရှုသည် ကမ္ဘာပေါ် လူအနေနှင့် မွေးမလာမီ တန်ခိုးကြီးမားသောနာမ်ဝိညာဉ်ပုဂ္ဂိုလ်တစ်ဦးအဖြစ် ကောင်းကင်တွင် တည်ရှိတော်မူခဲ့သည်။ ကိုယ်တော်၌ ဘုရားသခင်ကဲ့သို့ လူ့မျက်စိဖြင့်မမြင်နိုင်သော နာမ်ဝိညာဉ်ခန္ဓာရှိတော်မူခဲ့သည်။ (ယောဟန် ၄:၂၄) ကောင်းကင်၌ မိမိရရှိခဲ့သော မြင့်မားသည့်ရာထူးနှင့်ပတ်သက်၍ ယေရှုကိုယ်တော်တိုင် မကြာခဏမိန့်မြွက်ဖူးသည်။ တစ်ခါက ဤသို့ဆုတောင်းတော်မူ၏– “အိုအဘ၊ ဤကမ္ဘာ မတည်မရှိမီ အထံတော်၌ အကျွန်ုပ်ခံစားသော ဘုန်းအသရေနှင့် ယခုတွင်လည်း အကျွန်ုပ်ကို အထံတော်၌ ချီးမြှောက်တော်မူပါ။” (ယောဟန် ၁၇:၅) မိမိတရားကို ကြားနာသောသူတို့အားလည်း ဤသို့မိန့်ဆိုခဲ့ဖူးသည်– “သင်တို့သည် အောက်ဘုံမှဖြစ်ကြ၏။ ငါမှာ အထက်ဘုံမှဖြစ်၏။” “လူသားသည် အရင်နေရာအရပ်သို့ တစ်ဖန်ကြွတက်သည်ကိုမြင်ရလျှင် အဘယ်သို့ထင်မှတ်ကြမည်နည်း။” “အာဗြဟံမဖြစ်မီ ငါဖြစ်၏။”​—ယောဟန် ၈:၂၃၊ သမ; ၆:၆၂; ၈:၅၈; ၃:၁၃; ၆:၅၁။

၅။ (က)ယေရှုကို “နှုတ်ကပါဌ်တော်၊” “သားဦး” နှင့် “တစ်ပါးတည်းသောသားတော်” ဟု အဘယ်ကြောင့်ခေါ်သနည်း။ (ခ) ယေရှုသည် ဘုရားသခင်နှင့်အတူ အဘယ်အမှုကို ပြုတော်မူခဲ့သနည်း။

၅ ယေရှု ကမ္ဘာပေါ်မကြွလာမီ ဘုရားသခင်၏နှုတ်ကပါဌ်တော်ဟူ၍ ခေါ်ဝေါ်ခံရသည်။ ဤဘွဲ့တော်က ကိုယ်တော်သည် ကောင်းကင်တွင် ဘုရားသခင်အတွက် စကားပြောသော ပုဂ္ဂိုလ်အဖြစ် အမှုထမ်းခဲ့ကြောင်းကို ပြ၏။ ဘုရားသခင့် “သားဦး” ဟူ၍လည်းကောင်း၊ “တစ်ပါးတည်းသောသားတော်” ဟူ၍လည်းကောင်း ခေါ်ထားသေး၏။ (ယောဟန် ၁:၁၄; ၃:၁၆; ဟေဗြဲ ၁:၆) ဤအချက်က ကိုယ်တော်သည် ဘုရားသခင်၏ အခြားသော နာမ်ဝိညာဉ်သားများအားလုံးထက်စော၍ ဘုရားသခင်၏ တိုက်ရိုက်ဖန်ဆင်းခြင်းခံရသည့် တစ်ပါးတည်းသောသူဖြစ်ကြောင်း ဆိုလို၏။ ကျမ်းစာက ဤ “သားဦး” သည် ယေဟောဝါနှင့်တွဲဖက်၍ အခြားအရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည်ဟု ရှင်းလင်း တင်ပြထားသည်။ (ကောလောသဲ ၁:၁၅၊ ၁၆) သို့ဖြစ်၍ ဘုရားသခင်က “ငါတို့ပုံသဏ္ဌာန်နှင့် တညီတသဏ္ဌာန်တည်း လူကို ဖန်ဆင်းကြစို့” ဟုမိန့်ဆိုစဉ်က အဆိုပါသားတော်နှင့် စကားမိန့်မြွက်နေခြင်းဖြစ်သည်။ မှန်ပေသည်၊ နောက်ပိုင်းတွင် အမျိုးသမီးတစ်ဦးမှ ဖွားမြင်ပြီး ကမ္ဘာသို့ ကြွရောက်ခဲ့သော ထိုအရှင်သည် အရာခပ်သိမ်းဖန်ဆင်းမှုတွင် ပါဝင်ဆောင်ရွက်ခဲ့ပေသည်! ကိုယ်တော်သည် မသိနိုင်သည့်ကာလ၊ နှစ်ပေါင်းများစွာ ခမည်းတော်နှင့်အတူ ကောင်းကင်တွင် ရှိနှင့်တော်မူခဲ့ပြီ!​—ကမ္ဘာဦး ၁:၂၆; သု. ၈:၂၂၊ ၃၀; ယောဟန် ၁:၃။

ကိုယ်တော်၏ မြေကြီးအသက်တာ

၆။ (က) ယေရှုမဖွားမြင်မီနှင့် ဖွားမြင်ပြီးနောက် အဘယ်အခြင်းအရာများ ဖြစ်ခဲ့သနည်း။ (ခ) ယေရှု အဘယ်အရပ်တွင် ဖွားမြင်၍ အဘယ်အရပ်တွင် ကြီးပြင်းလာခဲ့သနည်း။

၆ မာရိသည် ယောသပ်နှင့်ထိမ်းမြားရန် စေ့စပ်ပြီးဖြစ်သည်။ သို့သော် မာရိ ကိုယ်ဝန်ရှိသည်ဟုသိရသောအခါ ယောသပ်က မာရိသည် အခြား ယောက်ျားတစ်ယောက်နှင့် ဆက်ဆံခဲ့ပြီဟု ထင်မှတ်သဖြင့် သူ့ကို လက်မထပ်ဘဲနေလေသည်။ သို့ရာတွင် မာရိသည် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ကိုယ်ဝန်ရလာခြင်းဖြစ်ကြောင်း သူ့အား ယေဟောဝါသိကြားစေသောအခါ သူသည် မာရိကို မယားအဖြစ် ယူလိုက်သည်။ (မဿဲ ၁:၁၈-၂၀၊ ၂၄၊ ၂၅) ၎င်းနောက် ဗက်လင်မြို့၌ ရောက်နေကြစဉ် ယေရှုမွေးလာသည်။ (လုကာ ၂:၁-၇; မိက္ခာ ၅:၂) ယေရှုနို့စို့ကလေးသာရှိစဉ် ဘုရင်ဟေရုဒ်က သူ့ကို သတ်ပစ်ရန် ကြံခဲ့သည်။ သို့သော် ယေဟောဝါက ယောသပ်ကို သတိပေးသဖြင့် ယောသပ်သည် မိမိသားမယားကိုခေါ်ဆောင်ကာ အီဂျစ်ပြည်သို့ ရှောင်တိမ်းလေသည်။ ဟေရုဒ်ဘုရင်သေသည့်နောက် ယောသပ်နှင့် မာရိတို့သည် ယေရှုနှင့်အတူ ဂါလိလဲနယ် နာဇရက်မြို့သို့ ပြန်လာကြသည်။ ထိုမြို့တွင် ယေရှုကြီးပြင်းလာသည်။​—မဿဲ ၂:၁၃-၁၅၊ ၁၉-၂၃။

၇။ (က) ယေရှု သက်တော် ၁၂ နှစ်အရွယ်တွင် အဘယ်သို့ဖြစ်ခဲ့သနည်း။ (ခ) ကြီးပြင်းလာသည်နှင့်အမျှ ယေရှု အဘယ်လုပ်ငန်းကို တတ်ကျွမ်းလာခဲ့သနည်း။

၇ ယေရှု သက်တော် ၁၂ နှစ်ရှိသောအခါ မိသားစုနှင့်အတူ ယေရုရှလင်မြို့သို့သွား၍ ပသခါဟုခေါ်သော အထူးပွဲတစ်ပွဲကို တက်ရောက်ကြသည်။ ထိုနေရာ၌ရှိစဉ် သုံးရက်တိုင် ဗိမာန်တော်၌ ဆရာများကို နားထောင်လျက် မေးခွန်းများ မေးလျက်နေခဲ့၏။ သူ့စကားကို နားထောင်ကြသောလူအားလုံးသည် သူ့အသိပညာကြောင့် အံ့သြကြ၏။ (လုကာ ၂:၄၁-၅၂) ယေရှုသည် နာဇရက်မြို့တွင် ကြီးပြင်းလာသည်နှင့်အမျှ လက်သမားပညာ တတ်ကျွမ်းခဲ့လေသည်။ လက်သမားဖြစ်သော မွေးစားဖခင်ယောသပ်က သင်ပေးလိုက်ခြင်းဖြစ်သည်မှာ ထင်ရှားသည်။​—မာကု ၆:၃; မဿဲ ၁၃:၅၅။

၈။ ယေရှု သက်တော် ၃၀ တွင် ဘာဖြစ်ခဲ့သနည်း။

၈ ယေရှု သက်တော် ၃၀ တွင်ကြီးမားသော ဘဝပြောင်းလဲမှုဖြစ်ခဲ့သည်။ ကိုယ်တော်သည် နှစ်ခြင်းဆရာယောဟန်ထံသို့သွားရောက်၍ မိမိအား နှစ်ခြင်းပေးပါရန် မိမိအား ယော်ဒန်မြစ်၌ တစ်ကိုယ်လုံးနှစ်မြုပ်ပါရန် တောင်းဆိုလေသည်။ ကျမ်းစာ ဤသို့တင်ပြ၏– “ယေရှုသည် ဗတ္တိဇံ [နှစ်ခြင်း] ကိုခံတော်မူပြီးလျှင် ရေမှပေါ်ထစဉ်တွင် ကောင်းကင်ဖွင့်လှစ်သဖြင့် ဘုရားသခင်၏ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ဆင်းသက်၍ ကိုယ်တော်အပေါ်၌ နားတော်မူသည်ကိုမြင်ရ၍ ‘ဤသူကား ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း’ ဟုကောင်းကင်က အသံတော်ဖြစ်လေ၏။” (မဿဲ ၃:၁၆၊ ၁၇) ယေရှုကို ဘုရားသခင်စေလွှတ်ခဲ့သည်ဟူသောအချက်ကို ယောဟန် စိတ်ထဲတွင် သံသယရှိနိုင်မည်မဟုတ်။

၉။ (က) ယေရှုသည် စင်စစ်အားဖြင့် အဘယ်အချိန်တွင် ခရစ်တော်ဖြစ်လာသနည်း။ အဘယ်ကြောင့် ထိုအချိန်တွင် ဖြစ်ခဲ့သနည်း။ (ခ) နှစ်ခြင်းခံခြင်းအားဖြင့် ယေရှုသည် အဘယ်အမှုပြုရန် မိမိကိုယ်ကို ဆက်ကပ်ခဲ့သနည်း။

၉ ယေဟောဝါသည် သန့်ရှင်းသောဝိညာဉ်တော်ကို ယေရှုပေါ် သွန်းလောင်းခြင်းဖြင့် မိမိ၏လာမည့်နိုင်ငံတော်ဘုရင်အဖြစ် ယေရှုကို ဘိသိက်ပေး၊ ခန့်အပ်နေခြင်းပင်ဖြစ်သည်။ ယေရှုသည် ထိုသို့ ဝိညာဉ်တော်ဖြင့် ဘိသိက်ခံရသောကြောင့် “မေရှိယ” သို့မဟုတ် “ခရစ်တော်” ဖြစ်လာသည်။ ဟေဗြဲနှင့်ဂရိဘာသာ၌ ၎င်းစကားလုံး၏ အဓိပ္ပာယ်မှာ “ဘိသိက်ခံ” ဟူ၍ဖြစ်သည်။ ယင်းကြောင့် ကိုယ်တော်သည် ယေရှုခရစ် သို့မဟုတ် ဘိသိက်ခံယေရှု ဖြစ်လာသည်။ သို့ ဖြစ်၍ ကိုယ်တော့်တမန်တော်ပေတရုက “ဘုရားသခင်သည် သန့်ရှင်းသော ဝိညာဉ်တော်နှင့်လည်းကောင်း၊ တန်ခိုးတော်နှင့်လည်းကောင်း နာဇရက်မြို့သား ယေရှုကို ဘိသိက်ပေးတော်မူ” ကြောင်းပြောခဲ့သည်။ (တမန်တော် ၁၀:၃၈) ထို့ပြင် ရေနှစ်ခြင်းခံခြင်းဖြင့် ယေရှုသည် ကမ္ဘာပေါ်ပြုလုပ်ရန် မိမိအား ဘုရားသခင်ခိုင်းစေလိုက်သည့်လုပ်ငန်းကို ဆောင်ရွက်ဖို့ မိမိကိုယ်ကို ဘုရားသခင်အား ဆက်ကပ်လိုက်ခြင်းဖြစ်သည်။ ထိုအရေးကြီးသည့်လုပ်ငန်းကား အဘယ်နည်း။

ကမ္ဘာပေါ်သို့ ကြွလာရခြင်းအကြောင်း

၁၀။ ယေရှုသည် အဘယ်အမှန်တရားကို ပြောဆိုရန် ကမ္ဘာသို့ကြွခဲ့သနည်း။

၁၀ မိမိ ကမ္ဘာပေါ်သို့ကြွလာရခြင်းအကြောင်းကို ယေရှုက ရောမမြို့ဝန် ပုန္တိပိလတ်အား ဤသို့ရှင်းလင်း မိန့်ကြားခဲ့သည်– “သမ္မာတရား [အမှန်တရား] ဘက်၌ သက်သေခံခြင်းငှာ ငါသည် မွေးဖွားခြင်းကိုခံ၍ ဤလောကသို့ ကြွလာပြီ။” (ယောဟန် ၁၈:၃၇) သို့ရာတွင် အဘယ်အမှန်တရားများကို ဖော်ပြရန် ယေရှု ကမ္ဘာပေါ်သို့ စေလွှတ်တော်မူခြင်းခံရသနည်း။ အဦးဆုံးအနေနှင့် မိမိကောင်းကင်ခမည်းတော်နှင့်ပတ်သက်သော အမှန်တရားဖြစ်သည်။ ခမည်းတော်၏ နာမတော် “ရိုသေလေးမြတ်ခြင်းရှိပါစေ” ဟု ဆုတောင်းရန် နောက်တော်လိုက်များအား ယေရှုသင်ကြားခဲ့သည်။ (မဿဲ ၆:၉) “အကျွန်ုပ်၌ အပ်ပေးတော်မူသောသူတို့အား အကျွန်ုပ်သည် ကိုယ်တော်၏နာမကိုပြပါပြီ” ဟုလည်း ယေရှုဆုတောင်းတော်မူခဲ့၏။ (ယောဟန် ၁၇:၆) ထို့ပြင် “ဘုရားသခင်၏ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရား [သတင်းကောင်း] ကို . . . ငါဟောပြောရမည်။ ထိုသို့အလိုငှာ ငါ့ကိုစေလွှတ်လျက်ရှိသည်” ဟုလည်း မိန့်ဆိုခဲ့သည်။​—လုကာ ၄:၄၃၊ ၄၄။

၁၁။ (က) ယေရှုသည် မိမိလုပ်ငန်းကို အဘယ်ကြောင့် အရေးတကြီး သဘောထားခဲ့သနည်း။ (ခ) ယေရှုသည် အဘယ်အရာကို ဘယ်တော့မျှ မပြုဘဲမနေခဲ့သနည်း။ ထို့ကြောင့် ကျွန်ုပ်တို့ ဘာပြုသင့်သနည်း။

၁၁ ခမည်းတော်၏နာမတော်နှင့် နိုင်ငံတော်အကြောင်း ကြေညာခြင်းဆိုသော ဤလုပ်ငန်းကို ယေရှုမည်မျှတိုင် အရေးတကြီးထားတော်မူသနည်း။ တပည့်တော်တို့အား ဤသို့မိန့်တော်မူ၏– “ငါ့ကိုစေလွှတ်တော်မူသောသူ၏ အလိုတော်ကိုဆောင်ခြင်း၊ သူ၏အမှုတော်ကို ပြီးစီးခြင်းအမှုသည် ငါ့စားစရာဖြစ်၏။” (ယောဟန် ၄:၃၄) ဘုရားသခင့်လုပ်ငန်းကို အစာတမျှ အရေးပါသည်ဟု ယေရှု အဘယ်ကြောင့် သဘောထားတော်မူသနည်း။ နိုင်ငံတော်သည် လူသားအဖို့ဖြစ်သော ဘုရားသခင့်အံ့ဖွယ်ရည်ရွယ်ချက်များ ပြီးမြောက်စေရာ၌ ဘုရားသခင် အသုံးပြုတော်မူမည့်အရာပင် ဖြစ်သောကြောင့်တည်း။ ယေဟောဝါ၏နာမတော် ကဲ့ရဲ့စရာဖြစ်စေသောအရာများကို ရှင်းလင်း၍ ဆိုးယုတ်မှုအားလုံးကို ဖျက်ဆီးမည့်အရာကား ဤနိုင်ငံတော်ပင်တည်း။ (ဒံယေလ ၂:၄၄၊ ၄၅; ဗျာဒိတ် ၂၁:၃၊ ၄) ယင်းကြောင့် ယေရှုသည် ဘုရားသခင့်နာမတော်နှင့် နိုင်ငံတော်အကြောင်း မဟောဘဲ တွန့်ဆုတ်၍ ဘယ်တော့မျှ နေတော်မမူခဲ့ခြင်းဖြစ်သည်။ (မဿဲ ၄:၁၇; လုကာ ၈:၁; ယောဟန် ၁၇:၂၆; ဟေဗြဲ ၂:၁၂) လူကြိုက်များသည်ဖြစ်စေ၊ မများသည်ဖြစ်စေ၊ အမှန်တရားကို ကိုယ်တော် အမြဲမိန့်မြွက်၏။ ဤနည်းအားဖြင့် ဘုရားသခင့်စိတ်တော်နှင့် ကျွန်ုပ်တို့တွေ့နိုင်ရန် ကျွန်ုပ်တို့လိုက်လျှောက်အပ်သော ပုံသက်သေတစ်ရပ်ကို ထားတော်မူခဲ့သည်။​—၁ ပေတရု ၂:၂၁။

၁၂။ အခြားအဘယ်အရေးကြီးသောအကြောင်းကြောင့် ယေရှု ကမ္ဘာသို့ ကြွခဲ့သနည်း။

၁၂ သို့တစေ ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက် ကျွန်ုပ်တို့ ထာဝရအသက်ရရှိစေရန် ယေရှုသည် သေခြင်း၌ မိမိအသက်သွေးကို သွန်းလောင်းတော်မူခဲ့ရ၏။ ယေရှု၏ တမန်တော်နှစ်ပါးဆိုခဲ့သည့်အတိုင်း ကျွန်ုပ်တို့သည် “အသွေးတော်အားဖြင့် ဖြောင့်မတ်ရာသို့ရောက်” ကြပြီ။ “ဘုရားသခင်၏သားတော် ယေရှုခရစ်၏ အသွေးတော်သည် ငါတို့အပြစ်ရှိသမျှကို ဆေးကြောတော်မူ၏။” (ရောမ ၅:၉; ၁ ယောဟန် ၁:၇) ထို့ကြောင့် ယေရှု ကမ္ဘာပေါ်သို့ကြွလာခဲ့ရခြင်း၏ အရေးကြီးသောအကြောင်းတစ်ရပ်မှာ ကျွန်ုပ်တို့အတွက် အသေခံရန်တည်း။ “လူသားသည် စေစားရန်မဟုတ်၊ အစေခံ၍ လူများအတွက် ရွေးနုတ်ရာ [ရွေးနုတ်ဖိုး၊ ကဘ] အဖြစ် အသက်ကိုစွန့်ရန် ရောက်လာ” သည်။ (မဿဲ ၂၀:၂၈၊ သမ) ခရစ်တော်သည် မိမိအသက်ကို “ရွေးနုတ်ဖိုး” အဖြစ် စွန့်တော်မူသည်ဆိုရာမှာ ဘာကိုဆိုလိုသနည်း။ ကျွန်ုပ်တို့ ကယ်တင်ခြင်းအတွက် ကိုယ်တော်၏အသက်သွေး သွန်းလောင်းရန် အဘယ်ကြောင့်လိုအပ်သနည်း။

ရွေးနုတ်ဖိုးအဖြစ် အသက်တော်ကို စွန့်တော်မူ

၁၃။ (က) ရွေးနုတ်ဖိုးကား အဘယ်နည်း။ (ခ) ကျွန်ုပ်တို့ကို အပြစ်နှင့်သေခြင်းအောက်မှ လွတ်မြောက်စေရန် ယေရှုပေးတော်မူသော ရွေးနုတ်ဖိုးကား အဘယ်နည်း။

၁၃ “ရွေးနုတ်ဖိုး” သို့မဟုတ် “ပြန်ပေးရွေးရန်ငွေ” ဟူသော စကားလုံးကို ပြန်ပေးဆွဲမှုနှင့်စပ်လျဉ်း၍ သုံးလေ့ရှိသည်။ ပြန်ပေးသမားတစ်ဦးက လူတစ်ယောက်ကို ဖမ်းသွားသောနောက် ပြန်ပေးရွေးရန်ငွေ မည်ရွေ့မည်မျှကိုပေးလျှင် ထိုသူကို မိမိလွှတ်ပေးမည်ဟုပြောမည်။ သို့ဖြစ်၍ ရွေးနုတ်ဖိုးဆိုရာမှာ ဖမ်းဆီးခံရသူတစ်ဦးကို လွတ်မြောက်လာစေသောအရာပင် ဖြစ်သည်။ ထိုသူအသက်မဆုံးရအောင် ပေးလိုက်ရသည့်အရာဖြစ်သည်။ လူသားများအား အပြစ်နှင့်သေခြင်း၊ အချုပ်အနှောင်ထဲမှ လွတ်လာစေရန် ယေရှု၏ စုံလင်သော လူ့အသက်ပေးဆက်ခဲ့ရသည်။ (၁ ပေတရု ၁:၁၈၊ ၁၉; ဧဖက် ၁:၇) သို့သော် ထိုသို့လွတ်မြောက်လာရန် အဘယ်ကြောင့် လိုအပ်ခဲ့သနည်း။

၁၄။ ယေရှုအားဖြင့် စီမံပေးသော ရွေးနုတ်ဖိုးကို အဘယ်ကြောင့် လိုအပ်ရသနည်း။

၁၄ အကြောင်းမှာ ကျွန်ုပ်တို့အားလုံး၏ ဘိုးဘေးအာဒံသည် ဘုရားသခင်ကို ပုန်ကန်ခဲ့၍တည်း။ သူသည် တရားလက်လွတ်ပြုမူသဖြင့် အပြစ်သားတစ်ဦးဖြစ်လာသည်။ ကျမ်းစာ၌ “အပြစ်ကား မတရားမှုတည်း” ဟု ရှင်းလင်းထားသည့်အတွက်ဖြစ်၏။ (၁ ယောဟန် ၃:၄၊ သမ; ၅:၁၇) သို့နှင့် အာဒံသည် ဘုရားသခင်ပေးသော ထာဝရအသက်ဆု ရထိုက်သူမဟုတ်တော့ချေ။ (ရောမ ၆:၂၃) ထို့ကြောင့် အာဒံသည် မိမိအဖို့၊ ပရဒိသုမြေကြီးဆိုင်ရာ စုံလင်သော လူ့အသက်တာ ဆုံးရှုံးခဲ့ရလေသည်။ မိမိမှပေါက်ဖွားလာမည့် သားသမီးအားလုံးအတွက်လည်း ထိုကောင်းမြတ်လှသည့် အနာဂတ်ကို ဆုံးရှုံးစေခဲ့လေသည်။ ‘ဒါပေမဲ့ အာဒံရဲ့သားသမီးတွေအားလုံး ဘာလို့သေရကြတာလဲ။ အပြစ်လုပ်တဲ့လူက အာဒံပဲ’ ဟု အသင်မေးမိပေမည်။

၁၅။ ပြစ်မှားသူမှာ အာဒံဖြစ်ပါလျက်နှင့် သူ့သားသမီးများ အဘယ်ကြောင့် ဒုက္ခရောက်၍ သေကြရသနည်း။

၁၅ အကြောင်းက ဤသို့။ အာဒံသည် အပြစ်သားတစ်ယောက်ဖြစ်လာစဉ် ယနေ့ အသက်ရှင်နေသူလူသားအားလုံးပါဝင်သော မိမိသားသမီးများထံသို့ အပြစ်နှင့်သေခြင်းကို လက်ဆင့်ကမ်းပေးခဲ့၍ဖြစ်သည်။ (ယောဘ ၁၄:၄; ရောမ ၅:၁၂) “လူအပေါင်းတို့သည် ဒုစရိုက် [အပြစ်] ကိုပြု၍ ဘုရားသခင့်ရှေ့တော်၌ အသရေပျက်ကြပြီ” ဟု ကျမ်းစာဆို၏။ (ရောမ ၃:၂၃; ၃ ဓမ္မရာဇဝင် ၈:၄၆) ဘုရားရေးစိတ်ဓာတ်ပြည့်ဝသူ ဒါဝိဒ်ပင် “အကျွန်ုပ်သည် မွေးစကပင် အပြစ်ပါလျက်ရှိပါ၏။ အမိဝမ်းထဲမှာ ပဋိသန္ဓေယူစဉ်ပင် အပြစ်စွဲပါ၏” ဟုဆို၏။ (ဆာလံ ၅၁:၅) ထို့ကြောင့် လူတို့သည် အာဒံမှ အမွေရလာသောအပြစ်အတွက် သေလျက်ရှိခဲ့ကြသည်။ သို့ဖြစ်လျှင် လူအားလုံးကို အပြစ်နှင့်သေခြင်း၊ အချုပ်အနှောင်ထဲမှ လွတ်မြောက်စေရန် ယေရှုအသက်၏ ရွေးနုတ်ဖိုးက မည်သို့ဖြစ်မြောက်စေနိုင်သနည်း။

၁၆။ (က) ရွေးနုတ်ဖိုးစီမံပေးတော်မူရာ၌ ‘အသက်အတွက် အသက်ကိုပေးရမည်’ ဟူသော မိမိပညတ်ကို လေးစားကြောင်း ဘုရားသခင် မည်သို့ပြသတော်မူသနည်း။ (ခ) အဘယ်ကြောင့် ယေရှုတစ်ပါးတည်းသာ ရွေးနုတ်ဖိုးပေးနိုင်သော လူသား ဖြစ်သနည်း။

၁၆ ဣသရေလလူမျိုးများအတွက်ဖြစ်သော ဘုရားသခင့်ပညတ်မှ တရားရေးရာမူတစ်ရပ် အကျုံးဝင်လာသည်။ ‘အသက်အတွက် အသက်ကိုပေးဆပ်ရမည်’ ဟူ၍ ဆိုထားသည်။ (ထွက်မြောက်ရာ ၂၁:၂၃; တရားဟောရာ ၁၉:၂၁) စုံလင်သောလူ အာဒံသည် မနာခံသောကြောင့် မိမိနှင့် မိမိသားသမီးများအားလုံးအဖို့ မြေကြီးပရဒိသုဆိုင်ရာ စုံလင်သောအသက်ကို ဆုံးရှုံးခဲ့သည်။ အာဒံဆုံးရှုံးခဲ့ရာကို ယေရှုက မိမိ၏ စုံလင်သောအသက်ပေးဆပ်၍ ပြန်ဝယ်လိုက်သည်။ မှန်သည်၊ ယေရှုသည် “လူအပေါင်းတို့အဖို့ တန်ဖိုးတူရွေးနုတ်ဖိုးအဖြစ် ကိုယ်ကိုစွန့်တော်မူပြီ။” (၁ တိမောသေ ၂:၅၊ ၆၊ ကဘ) ယေရှုသည် အာဒံစုံလင်ခဲ့သကဲ့သို့ စုံလင်သောလူသားဖြစ်သောကြောင့် “နောက်ဆုံးဖြစ်သောအာဒံ” ဟု အခေါ်ခံရ၏။ (၁ ကောရိန္သု ၁၅:၄၅) ယေရှုမှလွဲလျှင် အဘယ်လူသားမျှ ရွေးနုတ်ဖိုးကို ပေးနိုင်ခဲ့မည်မဟုတ်။ အသက်ရှင်ခဲ့သမျှလူတို့တွင် ယေရှုတစ်ပါးတည်းသာ ဘုရားသခင်၏ စုံလင်သောသားတည်းဟူသော လူသားအာဒံနှင့် ညီမျှသောကြောင့်ဖြစ်သည်။​—ဆာလံ ၄၉:၇; လုကာ ၁:၃၂; ၃:၃၇။

၁၇။ ရွေးနုတ်ဖိုးကို ဘုရားသခင်အား မည်သည့်အခါ ပေးဆက်ခဲ့သနည်း။

၁၇ ယေရှုသည် သက်တော် ၃၃ နှစ်ခွဲတွင် သေလွန်ခဲ့၏။ သို့သော် သေ၍ သုံးရက်မြောက်သောနေ့၌ အသက်ရှင်ခြင်းသို့ ထမြောက်ခံရ၏။ နောက် ရက်လေးဆယ်ကြာသော် ကောင်းကင်သို့ ပြန်လည်ကြွမြန်းတော်မူ၏။ (တမန်တော် ၁:၃၊ ၉-၁၁) ထိုတွင် နာမ်ဝိညာဉ်ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြန်လျက် မိမိ၏ရွေးနုတ်ဖိုး ပူဇော်သက္ကာတန်ဖိုးကိုဆောင်၍ ‘ကျွန်ုပ်တို့အတွက် ဘုရားသခင့်ရှေ့တော်မှောက်’ သို့ ကြွဝင်တော်မူ၏။ (ဟေဗြဲ ၉:၁၂၊ ၂၄) ထိုအချိန်တွင် ကောင်းကင်၌ ရွေးနုတ်ဖိုးကို ဘုရားသခင်ထံ ဆက်သခဲ့လေသည်။ လူသားများအဖို့ လွတ်မြောက်ခွင့် ပွင့်လာလေသည်။ သို့သော် ၎င်း၏အကျိုးကျေးဇူးများကို အဘယ်အချိန်တွင် ရရှိမည်နည်း။

၁၈။ (က) ရွေးနုတ်ဖိုး၏ အကျိုးကျေးဇူးကို ကျွန်ုပ်တို့ ယခုပင် မည်သို့ခံစားနိုင်သနည်း။ (ခ) ရွေးနုတ်ဖိုးက အနာဂတ်အတွက် အဘယ်အရာကို ဖြစ်မြောက်စေသနည်း။

၁၈ ယခုပင် ယေရှု၏ ရွေးနုတ်ဖိုး ပူဇော်သက္ကာသည် ကျွန်ုပ်တို့အား အကျိုးပေးနေပြီ။ အဘယ်သို့နည်း။ ၎င်းကို ယုံကြည်ခြင်းဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင့်ရှေ့တော်မှောက်တွင် စင်ကြယ်သောအနေအထားကိုရကာ ကိုယ်တော့်မေတ္တာနှင့် ကြင်နာမှု ပြည့်ဝသော စောင့်ရှောက်ခြင်းကို ခံစားနိုင်၏။ (ဗျာဒိတ် ၇:၉၊ ၁၀၊ ၁၃-၁၅) ဘုရားသခင်အကြောင်း မသိရှိမီ ကျွန်ုပ်တို့သည် ဆိုးဝါးသောအပြစ်များကို ကျူးလွန်ခဲ့သူ ဖြစ်ချင်ဖြစ်မည်။ လောလောဆယ်ပင် အမှားများပြုမိ၏။ တစ်ခါတစ်ရံ ကြီးလေးသောမှားယွင်းမှုများ လွန်ကျူးမိ၏။ သို့ရာတွင် ရွေးနုတ်ဖိုးပေါ်အခြေပြုပြီး ဘုရားသခင်ထံမှ အပြစ်လွတ်ခွင့်ကို လွတ်လပ်စွာအသနားခံနိုင်ပေသည်။ ကိုယ်တော်လည်း ကျွန်ုပ်တို့အသနားခံချက်ကို နားညောင်းမည်ဟု စိတ်ချနိုင်သည်။ (၁ ယောဟန် ၂:၁၊ ၂; ၁ ကောရိန္သု ၆:၉-၁၁) ထို့ပြင် လာမည့်နေ့ရက်များ၌လည်း ရွေးနုတ်ဖိုးသည် ကျွန်ုပ်တို့အတွက် ဖြောင့်မတ်သောစနစ်သစ်အတွင်း ထာဝစဉ်အသက်ရှင်ခွင့်တည်းဟူသောဆုတော်ကိုပါ ရရှိစေမည့်လမ်းကို ဖွင့်ပေးမည်။ (၂ ပေတရု ၃:၁၃) ထိုအခါ ရွေးနုတ်ဖိုးပေါ် ယုံကြည်သူအားလုံး အပြစ်နှင့်သေခြင်း၊ အချုပ်အနှောင်မှ ကွင်းလုံးကျွတ်လွတ်မြောက်၍ ချမ်းသာရလာကြလိမ့်မည်။ စုံလင်ခြင်းအဖြစ်၌ ထာဝစဉ်အသက်ရှင်ရမည့်အခွင့်ကို မျှော်မှန်းနိုင်မည်ဖြစ်သည်။

၁၉။ (က) ရွေးနုတ်ဖိုးအစီအစဉ်သည် သင့်အား မည်သို့ခံစားစေသနည်း။ (ခ) ရွေးနုတ်ဖိုးအတွက် ကျွန်ုပ်တို့ကျေးဇူးတင်အပ်သည်နှင့်ပတ်သက်၍ တမန်တော်ပေါလု မည်သို့ဆိုသနည်း။

၁၉ ရွေးနုတ်ဖိုးအကြောင်း သင်သိရှိရပြီဖြစ်၍ စိတ်ထဲ မည်သို့ခံစားရသနည်း။ ယေဟောဝါ ဘုရားသခင်သည် မိမိ၏မြတ်နိုးရသော သားတော်ကို သင့်အတွက် စွန့်တော်မူသည်တိုင် သင့်ကို ချစ်တော်မူကြောင်း သိရသဖြင့် နှလုံးထဲ၌ ကိုယ်တော်ပေါ် တွယ်တာမြတ်နိုးသောစိတ် မပေါက်ဖွားလာပေလော။ (ယောဟန် ၃:၁၆; ၁ ယောဟန် ၄:၉၊ ၁၀) ခရစ်တော်၏ မေတ္တာတော်ကိုလည်း စဉ်းစားကြည့်ပါ။ ကျွန်ုပ်တို့အတွက် အသေခံရန် ကမ္ဘာသို့ စိတ်ရောကိုပါ ကြွလာခဲ့၏။ ကျွန်ုပ်တို့ ကျေးဇူးမတင်ထိုက်ပေလော။ ကျွန်ုပ်တို့၏ ကျေးဇူးတင်စိတ်ကို မည်သို့ပြသသင့်သည်နှင့်ပတ်သက်၍ တမန်တော်ပေါလု ဤသို့ဆို၏– “အသက်ရှင်သောသူတို့သည် တစ်ဖန် ကိုယ်အလိုသို့လိုက်၍ မရှင်၊ သူတို့အတွက်ကြောင့် အသေခံပြီးမှ ထမြောက်တော်မူသောသူ၏အလိုသို့ လိုက်၍ ရှင်စေမည်အကြောင်း လူအပေါင်းတို့အတွက်ကြောင့် အသေခံတော်မူသည်။” (၂ ကောရိန္သု ၅:၁၄၊ ၁၅) ဘုရားသခင်နှင့် ကိုယ်တော့်ကောင်းကင်သားတော် ယေရှုခရစ်တို့၏အစေကိုခံရန် သင့်အသက်တာကို အသုံးပြုခြင်းဖြင့် သင့်ကျေးဇူးတင်စိတ်ကို ပြသမည်လော။

အံ့ဖွယ်အမှုများကို ယေရှုပြုလုပ်ခဲ့ရခြင်းအကြောင်း

၂၀။ အနူဝေဒနာရှင်ကို ကုသပေးခြင်းအဖြစ်မှ ယေရှုနှင့်ပတ်သက်သော အဘယ်အကြောင်းကို သိရှိရသနည်း။

၂၀ ယေရှုသည် အံ့ဖွယ်အမှုများ ပြုတော်မူသည့်အတွက် ကျော်ကြား၏။ ဒုက္ခရောက်သူများအပေါ် အလွန်သနားသဖြင့် ဘုရားပေးတန်ခိုးကိုသုံး၍ စေတနာထက်သန်စွာ သူတို့ကို မ စတော်မူ၏။ ဥပမာ၊ ကြောက်မက်ဖွယ်သော အနာကြီးရောဂါဝေဒနာရှင်တစ်ဦး အထံတော်သို့လာ၍ “ကိုယ်တော်အလိုရှိလျှင် ကျွန်တော်ကို သန့်ရှင်းစေနိုင်တော်မူသည်” ဟုဆိုသောအခါ ယေရှုသည် “သနားသောစိတ်ရှိသဖြင့် လက်တော်ကိုဆန့်၍ ထိုသူကိုတို့လျက် ‘ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ရောက်စေ’ ဟု မိန့်တော်မူ၏။” သို့နှင့် ထိုဝေဒနာရှင်သည် အနာပျောက်ကင်းခဲ့လေသည်။​—မာကု ၁:၄၀-၄၂။

၂၁။ လူစုလူဝေးတို့အား ယေရှု မည်သို့မစတော်မူခဲ့သနည်း။

၂၁ အခြားကျမ်းစာဇာတ်ကွက်တစ်ခုကို ကြည့်ပါဦး။ ဖော်ပြပါလူတို့အပေါ် ယေရှု မည်မျှတိုင် သနားကြင်နာသည်ကို တွေးကြည့်ပါ။ “များစွာသောလူအပေါင်းတို့သည် ခြေမစွမ်း၊ မျက်စိကန်း၊ စကားအ၊ အင်္ဂါချို့တဲ့သောသူမှစ၍ အခြားသောအနာရောဂါစွဲသောသူများကို ဆောင်ခဲ့လျက် အထံတော်သို့ရောက်လာ၍ ခြေတော်ရင်း၌ ချထားကြ၏။ အနာရောဂါများကို ငြိမ်းစေတော်မူသဖြင့် အသောသူသည် စကားပြောသည်ကိုလည်းကောင်း၊ ချို့တဲ့သောသူသည် ပကတိဖြစ်သည်ကိုလည်းကောင်း၊ ခြေမစွမ်းသောသူသည် လှမ်းသွားသည်ကိုလည်းကောင်း၊ မျက်စိကန်းသောသူသည် မြင်ရသည်ကိုလည်းကောင်း၊ လူအစုအဝေးတို့သည် မြင်လျှင် အံ့သြခြင်းသို့ရောက်၍ ဣသရေလအမျိုး၏ ဘုရားသခင်ဂုဏ်တော်ကို ချီးမွမ်းကြ၏။”​—မဿဲ ၁၅:၃၀၊ ၃၁။

၂၂။ မိမိ မ စသောလူတို့အပေါ် ကြင်နာမှု တကယ်ရှိကြောင်း ယေရှု မည်သို့ ပြသတော်မူသနည်း။

၂၂ ၎င်းနောက် တပည့်တော်များအား အောက်ပါအတိုင်း ယေရှုမိန့်မြွက်ခဲ့သည်ကို ကြည့်ခြင်းဖြင့် ကိုယ်တော်သည် ထိုသူတို့ကို တကယ်ပင် ကြင်နာကြောင်း၊ သူတို့ကိုမ စလိုသောဆန္ဒ ရှိတော်မူကြောင်း သိမြင်နိုင်သည်။ ယေရှုက “ဤလူများကို ငါသနား၏။ သုံးရက်ပတ်လုံး ငါနှင့်အတူရှိကြပြီ။ စားစရာအလျှင်းမရှိ။ လမ်းခရီး၌ မောမည်ကို စိုးရိမ်သောကြောင့် အစာမစားမီ သူတို့ကိုလွှတ်ခြင်းငှာ ငါအလိုမရှိ” ဟု မိန့်တော်မူ၏။ သို့နှင့် မုန့်ခုနစ်လုံးနှင့် ငါးအနည်းငယ်ဖြင့် “မိန်းမနှင့် သူငယ်ကိုမဆိုဘဲ ယောက်ျားလေးထောင်” တို့အား အံ့ဖွယ်တန်ခိုးသုံးလျက် ကျွေးမွေးတော်မူလေသည်။​—မဿဲ ၁၅:၃၂-၃၈။

၂၃။ အဘယ်အရာက ယေရှုကို စေ့ဆော်သည့်အတွက် ယေရှုသည် မုဆိုးမတစ်ဦး၏သားသေကို ထမြောက်စေတော်မူခဲ့သနည်း။

၂၃ နောက်တစ်ကြိမ်တွင် ယေရှုသည် နာဣနမြို့မှထွက်လာသော အသုဘပို့လူတန်းနှင့် ဆုံတွေ့တော်မူ၏။ ကျမ်းစာက ဤသို့ဖော်ပြ၏– “မုဆိုးမ၌ တစ်ယောက်တည်းသောသား အသေကောင်ကို သင်္ဂြိုဟ်ခြင်းငှာ ထုတ်သွား၍ မြို့သူမြို့သားများတို့သည် လိုက်ကြ၏။ သခင်ဘုရားသည် ထိုမိန်းမကိုမြင်လျှင် သနားခြင်းစိတ်တော်ရှိ” တော်မူ၏။ သူမနှင့် ထပ်တူထပ်မျှ ဝမ်းနည်းတော်မူ၏။ သို့နှင့် လူသေကောင်အား “အချင်းလုလင်၊ ထလော့၊ သင့်အား ငါအမိန့်ရှိသည်” ဟုမိန့်တော်မူ၏။ အံ့သြကုန်နိုင်ဖွယ်တကား! “သေသောသူသည် ထိုင်၍ စကားပြော၏။ ကိုယ်တော်သည်လည်း ထိုသူကို မိခင်အား အပ်ပေးတော်မူ၏။” ထိုမိခင်စိတ်ထဲ မည်သို့ခံစားခဲ့မည်ကိုသာ စဉ်းစားကြည့်တော့။ သင်ကော မည်သို့ခံစားခဲ့မည်နည်း။ ထိုသို့သောအဖြစ်ထူးသတင်းသည် အရပ်ရှစ်မျက်နှာသို့ ပျံ့နှံ့သွားလေသည်။ ထို့ကြောင့်လည်း ဤမျှတိုင် ယေရှုနာမည်ကျော်ကြားရခြင်းမှာ အံ့ဩစရာမဟုတ်ပေ။​—လုကာ ၇:၁၁-၁၇။

၂၄။ ယေရှု၏ အံ့ဖွယ်အမှုများက အနာဂတ်နှင့်ပတ်သက်၍ ဘာကိုပြသနည်း။

၂၄ သို့တစေ ယေရှုပြုတော်မူသော အံ့ဖွယ်အမှုများမှာ တစ်ခဏသာ အကျိုးတည်ခဲ့၏။ ကိုယ်တော်ကုသခဲ့သော လူတို့သည် မကျန်းမမာဖြစ်ပြန်သည်။ ထမြောက်စေခဲ့သူများလည်း သေကြပြန်သည်။ သို့သော် ယေရှု၏ အံ့ဖွယ်အမှုများက မိမိသည် ဘုရားသခင့်စေလွှတ်ခံရသူ၊ ဘုရားသခင့်သားတော်အမှန်ဖြစ်ကြောင်း သက်သေထူသည်။ ဘုရားသခင့်တန်ခိုးတော်ဖြင့် လူသား ပြဿနာအားလုံး ပြေလည်သွားနိုင်သည်ကိုလည်း သက်သေပြ၏။ မှန်သည်၊ ဘုရားသခင့်နိုင်ငံတော်အောက် ကမ္ဘာပေါ်တွင် မည်သို့ဖြစ်ပျက်လာမည်ကို အသေးစားအနေနှင့် ပြသလိုက်သည်။ ထိုအချိန်ရောက်လျှင် ဆာမွတ်သူ ဝပြောလာမည်။ ဖျားနာသူ ကျန်းမာလာမည်။ သေသူပင် ထမြောက်လာမည်။ နောက်တစ်ကြိမ် ဖျားနာခြင်း၊ သေခြင်း၊ သို့မဟုတ် အဘယ်ဒုက္ခကြောင့်မျှ စိတ်မချမ်းသာစရာ ဖြစ်တော့မည်မဟုတ်။ မည်မျှ ထူးမြတ်လှသည့် ကောင်းချီးတစ်ရပ်ပါတကား!​—ဗျာဒိတ် ၂၁:၃၊ ၄; မဿဲ ၁၁:၄၊ ၅။

ဘုရားသခင့်နိုင်ငံတော်အုပ်စိုးရှင်

၂၅။ ယေရှု၏ဘဝကို အဘယ်သို့ သုံးပိုင်းပိုင်းပြနိုင်သနည်း။

၂၅ ဘုရားသခင့်သားတော်၌ အသက်တာသုံးပိုင်းရှိသည်။ ပထမဆိုလျှင် လူအနေနှင့်ကြွမလာမီ ကိုယ်တော်သည် ကောင်းကင်တွင် မိမိခမည်းတော်နှင့်အတူ မသိနိုင်သည့်ကာလ နှစ်ပေါင်းများစွာ စံမြန်းတော်မူခဲ့သည်။ နောက်သော် ကမ္ဘာပေါ် ဖွားမြင်ခြင်းခံပြီး ၃၃ နှစ်ခွဲနေထိုင်ခဲ့သည်။ ယခုသော် နာမ်ဝိညာဉ်ပုဂ္ဂိုလ်တစ်ဦးအနေနှင့် ကောင်းကင်တွင် ပြန်လည်စံမြန်းတော်မူ၏။ ကိုယ်တော်ထမြောက်သည့်နောက် ကောင်းကင်တွင် အဘယ်ရာထူး ရရှိတော်မူသနည်း။

၂၆။ ယေရှုသည် ကမ္ဘာပေါ်တွင် သစ္စာစောင့်ခဲ့ခြင်းဖြင့် အဘယ်အရာအတွက် ထိုက်တန်ကြောင်း သက်သေထူခဲ့သနည်း။

၂၆ ယေရှုသည် ဘုရင်တစ်ပါးဖြစ်လာရန်မှာ သိသာလှပါ၏။ ကောင်းကင်တမန်ကပင် မာရိအား ဤသို့ကြေညာခဲ့သည်– “ထိုသူသည် . . . အစဉ်မပြတ် အုပ်စိုးလိမ့်မည်။ သူ၏နိုင်ငံသည်လည်း ဆုံးခြင်းမရှိရ။” (လုကာ ၁:၃၃) ကမ္ဘာပေါ် အမှုတော်ထမ်းရွက်စဉ် ဘုရားသခင့်နိုင်ငံတော်အကြောင်း တစ်ချိန်လုံး မိန့်မြွက်တော်မူ၏။ နောက်တော်လိုက်တို့အား “နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော” ဟု ဆုတောင်းရန် သင်ပေးခဲ့သည်။ “နိုင်ငံတော် . . . ကိုရှေ့ဦးစွာ ရှာကြလော့” ဟုလည်း သူတို့ကို တိုက်တွန်းတော်မူ၏။ (မဿဲ ၆:၁၀၊ ၃၃) ယေရှုသည် ကမ္ဘာပေါ်၌ရှိစဉ် သစ္စာစောင့်ခြင်းဖြင့် ဘုရားသခင့်နိုင်ငံတော်ဘုရင် ဖြစ်ထိုက်ကြောင်း သက်သေထူခဲ့သည်။ သို့သော် ကောင်းကင်သို့ ပြန်လည်ကြွမြန်းသည်နှင့်တစ်ပြိုင်နက် ဘုရင်အဖြစ် အုပ်စိုးတော်မူခဲ့သလော။

၂၇။ (က) ယေရှု ကောင်းကင်သို့ ပြန်ကြွပြီးနောက် ဘာပြုခဲ့သနည်း။ (ခ) ဘုရားသခင့်နိုင်ငံတော်ဘုရင်အနေနှင့် ဦးစွာ ယေရှု ဘာပြုသနည်း။

၂၇ မအုပ်စိုးခဲ့ပါ။ တမန်တော်ပေါလုက ဆာလံ ၁၁၀:၁ ကိုညွှန်းလျက် ဤသို့ရှင်းပြ၏– “ထိုသခင် [ယေရှု] မူကား အပြစ်ကိုဖြေခြင်းငှာ ယဇ်တစ်ခုတည်းကို ပူဇော်ပြီးမှစ၍ ဘုရားသခင်၏လက်ယာတော်ဘက်၌ အစဉ်အမြဲထိုင်၍ မိမိရန်သူတို့ကို မိမိခြေတင်ရာ မချမထားမီတိုင်အောင် မျှော်လင့်လျက်နေတော်မူ၏။” (ဟေဗြဲ ၁၀:၁၂၊ ၁၃) ယေရှုသည် “သင့်ရန်သူများအလယ်တွင် သွား၍နိုင်နင်းလော့” ဟူသော ယေဟောဝါ၏အမိန့်တော်ကို စောင့်ဆိုင်းနေတော်မူ၏။ (ဆာလံ ၁၁၀:၂၊ ကဘ) ထိုအချိန်ရောက်လာသောအခါ ယေရှုသည် ကောင်းကင်မှ စာတန်နှင့် သူ၏တမန်များကို ဖယ်ရှားတော်မူ၏။ ကောင်းကင်၌ဖြစ်ပွားသော ထိုစစ်၏ အကျိုးရလဒ်ကို ဤသို့ဖော်ပြထားသည်– “ယခုမှာ ကယ်တင်ခြင်းဖြစ်၏။ တန်ခိုးတော်လည်းဖြစ်၏။ ငါတို့ဘုရားသခင်၏ နိုင်ငံတော်နှင့် သူ၏ ခရစ်တော်၏အာဏာတော်စက်လည်းဖြစ်၏။ အကြောင်းမူကား ငါတို့ညီအစ်ကိုများကို ငါတို့ဘုရားသခင့်ရှေ့တော်၌ နေ့ညဉ့်မပြတ် အပြစ်တင်သောရန်သူကို အောက်သို့ချလေပြီ။” (ဗျာဒိတ် ၁၂:၁၀) ဤစာအုပ်၏ အစောပိုင်းအခန်းတစ်ခုတွင် တွေ့ခဲ့သည့်အတိုင်း အကြောင်းတရားမှန်များက ကောင်းကင်တွင်ဖြစ်ပွားသော ထိုစစ်သည် ပြီးခဲ့၍ ယေရှုခရစ်သည်လည်း ယခုပင် ရန်သူများအလယ်တွင် အုပ်စိုးလျက်ရှိတော်မူကြောင်း သိသာစေ၏။

၂၈။ (က) ခရစ်တော် မကြာမီ ဘာပြုမည်နည်း။ (ခ) ကိုယ်တော့်ကာကွယ်မှုရနိုင်ရန် ကျွန်ုပ်တို့ ဘာပြုရမည်နည်း။

၂၈ များမကြာမီ ခရစ်တော်နှင့် ခရစ်တော်၏ ကောင်းကင်တမန်များသည် ယခုလက်ရှိလောကီအစိုးရများအားလုံးကို မြေပြင်ပေါ်မှ သုတ်သင်တော်မူမည်။ (ဒံယေလ ၂:၄၄၊ ၄၅; ဗျာဒိတ် ၁၇:၁၄) ကျမ်းစာက ကိုယ်တော်၌ “လူမျိုးတို့ကို ဒဏ်ခတ်စရာဖို့ ထက်သော သန်လျက်” ရှိကြောင်း “သူတို့ကို သံလှံတံနှင့် အုပ်စိုးတော်မူမည်” ဖြစ်ကြောင်း ဖော်ပြထားသည်။ (ဗျာဒိတ် ၁၉:၁၁-၁၆) လာမည့် ထိုဖျက်ဆီးဘေးမှ ကာကွယ်မှုရထိုက်ကြောင်း သက်သေပြနိုင်ရန် ယေရှုခရစ်ကို ယုံကြည်ရမည်။ (ယောဟန် ၃:၃၆) ကိုယ်တော့်တပည့်များဖြစ်လာပြီး ကိုယ်တော်ကို ကျွန်ုပ်တို့၏ ကောင်းကင်ဘုရင်အဖြစ် ဝန်ခံရမည်။ အသင် ထိုသို့ပြုမည်လော။

[စာမျက်နှာ ၅၈ ပါ ရုပ်ပုံ]

ယေရှုသည် လက်သမားအလုပ်ကိုစွန့်ကာ နှစ်ခြင်းခံ၍ ယေဟောဝါ၏ ဘိသိက်ခံဖြစ်လာသည်

[စာမျက်နှာ ၆၃ ပါ ရုပ်ပုံ]

ယေရှုသည် စုံလင်သော လူအာဒံနှင့် သာတူညီမျှဖြစ်သည်

[စာမျက်နှာ ၆၄ ပါ ရုပ်ပုံ]

ယေရှုသည် သနားသောစိတ်ကြောင့် ဖျားနာသူနှင့် ငတ်မွတ်သူတို့ကို ကယ်မတော်မူ၏

[စာမျက်နှာ ၆၇ ပါ ရုပ်ပုံ]

လူသေကို ထမြောက်စေခြင်းဖြင့် ယေရှုက ဘုရားသခင့်နိုင်ငံတော် အုပ်စိုးသောအခါ မိမိထို့ထက် ကြီးကျယ်စွာ မည်သို့ ပြုမည်ကို ပြသတော်မူ၏

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ