-
“အဲဒီအတွက် ကျွန်တော့်ကို စေလွှတ်လိုက်တာ”“ကျွန်တော့်နောက်လိုက် လုပ်ပါ”
-
-
၁၉၊ ၂၀။ အရေးတကြီး သဘောထားနဲ့ သတင်းကောင်း ဟောဖို့ လိုကြောင်း ယေရှု ဘယ်လို ဥပမာ ပေးသလဲ။
၁၉ တတိယ၊ အရေးတကြီး သဘောထားနဲ့ ဟောပြောခြင်းအားဖြင့်။ ရှုခါမြို့ပြင်က ရေတွင်းမှာ ရှမာရိအမျိုးသမီးနဲ့ ယေရှု စကားပြောတာကို သတိရပါ။ အဲဒီလောက် အရေးတကြီး သဘောထားနဲ့ သတင်းကောင်း ဟောဖို့ လိုမှန်း တမန်တော်တွေ အဲဒီတုန်းက သဘောမပေါက်ကြဘူး။ “ရိတ်သိမ်းချိန် ရောက်ဖို့ လေးလ လိုသေးတယ်လို့ ခင်ဗျားတို့ ပြောတတ်ကြတယ် မဟုတ်လား။ ကျွန်တော် ပြောမယ်။ လယ်ကွင်းကို လှမ်းမျှော်ကြည့်လိုက်ပါ။ ရိတ်စရာစပါးတွေ မှည့်ဝင်းနေပြီ” လို့ ယေရှု ပြောတယ်။—ယောဟန် ၄:၃၅။
၂၀ ရာသီအချိန်အခါကို ကြည့်ပြီး အဲဒီဥပမာ ယေရှု ပေးတာ။ အဲဒီအချိန်ဟာ ခိသလုလ (နိုဝင်ဘာ/ဒီဇင်ဘာ) ဖြစ်တယ်။ နောက်လေးလလောက်အကြာ နိသန်လ ၁၄ ရက်၊ ပသခါပွဲဝန်းကျင်ရောက်မှ စပါးရိတ်သိမ်းကြမှာ။ ဒါကြောင့် အဲဒီအချိန်မှာ စပါးရိတ်သိမ်းဖို့ကိစ္စ လယ်သမားတွေ ခေါင်းထဲ မထည့်ကြသေးဘူး။ အချိန်တော်တော် လိုသေးတာကိုး။ ပုံဆောင် ရိတ်သိမ်းခြင်းလုပ်ငန်းကကော။ ကြားနာဖို့၊ သင်ယူဖို့၊ ခရစ်တော်တပည့် ဖြစ်လာဖို့၊ ဘုရားပေး မျှော်လင့်ချက် ရှိလာဖို့ လိုတဲ့ လူတွေမှ အများကြီး။ ပုံဆောင်လယ်ကွင်းကို ယေရှု လှမ်းကြည့်လိုက်တော့ ရိတ်စရာ စပါးတွေ မှည့်ဝင်းနေတာ တွေ့လိုက်ရသလိုပဲ။ အရေးတကြီး ရိတ်သိမ်းဖို့ အချိန်တန်နေပြီ။ ဒါကြောင့် မိမိတို့နဲ့ အတူနေဖို့ မြို့တစ်မြို့က မြို့သားတွေ ယေရှုကို ပြောတဲ့အခါ “ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကို တခြားမြို့ရွာတွေမှာလည်း ဟောရဦးမယ်။ အဲဒီအတွက် ကျွန်တော့်ကို စေလွှတ်လိုက်တာ” လို့ ပြန်ပြောတာ။—လုကာ ၄:၄၃။
-