ယေရှုခရစ်
အဓိပ္ပာယ်သတ်မှတ်ချက်– ဘုရားသခင့်တစ်ပါးတည်းသောသားတော်၊ ယေဟောဝါ တစ်ပါးတည်း ဖြစ်ဖွားစေတော်မူသော ဧကပုတ္တသား။ ဖန်ဆင်းသမျှအားလုံးထဲက သားဦး။ ကိုယ်တော့်အားဖြင့် ကောင်းကင် မြေကြီးပေါ်ရှိအခြားအရာအားလုံးကို ဘုရားသခင်ဖန်ဆင်းတော်မူသည်။ စကြဝဠာတွင် ဒုတိယအကြီးမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်၏။ ဤသားတော်ကိုပင် ယေဟောဝါစေလွှတ်၍ လူသားတို့အဖို့ ရွေးနုတ်ဖိုးအဖြစ် သူ့အသက်ကိုစွန့်စေခြင်းဖြင့် အာဒံ့သားမြေးများအနက် ယုံကြည်သူတို့အဖို့ ထာဝရအသက်လမ်းကို ဖွင့်တော်မူခဲ့ခြင်းဖြစ်သည်။ ကောင်းကင်ဘုန်း ပြန်ဝင်စားပြီဖြစ်သော ဤသားတော်ပင်လျှင် ဘုရင်အဖြစ် ယခုစိုးစံလျက်ရှိပြီး လူဆိုးအားလုံးကိုသုတ်သင်၍ မြေကြီးနှင့်ဆိုင်သောခမည်းတော်မူလရည်ရွယ်ချက်ကို အထမြောက်စေနိုင်သည့်အာဏာတော် ပိုင်ဆိုင်ပေသည်။ ယေရှု ဟူသောနာမ၏ဟေဗြဲပုံစံက “ယေဟောဝါသည် ကယ်တင်ခြင်း” ဟူ၍အနက်ရှိသည်။ ခရစ်တော် သည် ဟေဗြဲ Ma·shi’ach (မာရှီအာခ်၊ မေရှိယ) နှင့်ထပ်တူဖြစ်၍ “ဘိသိက်ခံ” ဟူသောအဓိပ္ပာယ်ရှိသည်။
ယေရှုခရစ်သည် တကယ်ရှိခဲ့သောသမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦးလော
သမ္မာကျမ်းစာကိုယ်နှိုက်က ယေရှုခရစ်သည် သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦးမှန်ကြောင်း ထောက်ခံသော အဓိကသာဓကပင်။ ခရစ်ဝင်ကျမ်းများမှမှတ်တမ်းသည် မတိကျသောအချိန်၊ အမည်မဖော်ပြသောနေရာ၌ ဖြစ်ပျက်သောအခြင်းအရာများဆိုင်ရာ မရေမရာသည့်ပုံဝတ္ထုမဟုတ်။ ကာလနှင့်ဒေသကို ခရေစေ့တွင်းကျ ဖော်ပြ၏။ ဥပမာ၊ လုကာ ၃:၁၊ ၂၊ ၂၁-၂၃ ကိုကြည့်ပါ။
ပထမရာစု ဂျူးသမိုင်းသုတေသီ ဂျိုစီဖတ်စ်က “ခရစ်တော်ဟုသမုတ်သောယေရှု၏ညီ ယာကုပ်” ခဲဖြင့်ပေါက်သတ်ခံရကြောင်း ရေးသားခဲ့သည်။ (ဂျူးတို့၏ရှေးဟောင်းနှောင်းဖြစ်၊ ဂျိုစီဖတ်စ်၊ အတွဲ ၂၀၊ အပိုင်း ၂၀၀) အတွဲ ၁၈၊ အပိုင်း ၆၃၊ ၆၄ တွင် ယေရှုနှင့်ပတ်သက်၍ အလွန်ကောင်းသော တိုက်ရိုက်ရည်ညွှန်းချက်တစ်ရပ်ကို တွေ့ရသော်လည်း အချို့လူတို့က ၎င်းမှာ ခရစ်ယာန်များ နောက်ပိုင်း၌ ထပ်မံဖြည့်စွက်သောအချက် သို့မဟုတ် မွမ်းမံချက်ဖြစ်သည်ဟု ဆိုကြသည်။ သို့ရာတွင် ၎င်းသည် အခြေခံအားဖြင့် ဂျိုစီဖတ်စ်၏ အသုံးအနှုန်းနှင့်စာဟန်ဖြစ်သည်ဟု အများကသိမှတ်ကြပေသည်။ ထို့ပြင် ၎င်းအပိုဒ်ကို လက်ရှိစာမူအားလုံး၌ တွေ့ရှိရသည်။
နှောင်းပထမရာစုအတွင်းက ရောမလူမျိုး သမိုင်းသုတေသီ တက်စီတပ်စ်က ဤသို့ရေး၏– “[ခရစ်ယာန်] ဟူသောအမည်ဆင်းသက်လာရာ ခရစ်စတပ်စ် [လက်တင်ဘာသာ “ခရစ်တော်” ၏အခေါ်အဝေါ်] သည် တိုင်ဘီးရီးယပ်စ် [တိဗေရိ] လက်ထက်၌ ငါတို့၏ဘုရင်ခံတစ်ဦးဖြစ်သူ ပေါင်းချပ်စ် ပီလေးတပ်စ် [ပုန္တိပိလတ်] ၏လက်တွင် အပြင်းထန်ဆုံးဒဏ်ကိုခံလိုက်ရသည်။”—တက်စီတပ်စ်၏ရေးသားချက်အပြည့်အစုံ (နယူးယောက်၊ ၁၉၄၂)၊ “မော်ကွန်းများ” အတွဲ ၁၅၊ အပိုဒ် ၄၄။
ယေရှုနှင့်စပ်လျဉ်းသည့် န-ခရစ်ယာန်သမိုင်းညွှန်းဆိုချက်များနှင့်ပတ်သက်၍ ဗြိတိန်စွယ်စုံကျမ်းသစ်က ဤသို့ဆို၏– “သီးခြားရပ်တည်သော ဤမှတ်တမ်းများက ရှေးအချိန်တွင် ခရစ်ယာန်ဘာသာကိုတိုက်ခံသူများပင် ယေရှုဆိုသူတကယ်ရှိခဲ့သည်ကို တစ်ခါကမျှ သံသယမဖြစ်ခဲ့ကြကြောင်း သက်သေပြ၏။ တကယ်ရှိမရှိနှင့်ပတ်သက်ပြီး ပထမအကြိမ်အနေနှင့် ၁၈ ရာစုအဆုံး၊ နောက်၌ ၁၉ ရာစုအတွင်း၊ ထို့နောက် ၂၀ ရာစုနှစ်အစပိုင်း၌ မခိုင်လုံသောအခြေအမြစ်ပေါ်မူတည်၍ အငြင်းအခုံပြုခဲ့သူ စာရေးဆရာသုံးလေးဦးရှိခဲ့သည်။”—(၁၉၇၆)၊ ကျမ်းငယ်၊ အတွဲ ၁၀၊ စ. ၁၄၅။
ယေရှုသည် သူတော်ကောင်းတစ်ဦးမျှသာဖြစ်သလော
စိတ်ဝင်စားစရာကား၊ လူတစ်ယောက်က ယေရှုအား “ကောင်းမြတ်သောဆရာ” ဟု ခေါ်သောအခါ ယေရှုက ထိုသို့မဆိုရန် သူ့ကိုဆုံးမ၏။ မိမိ၏ခမည်းတော်ကိုသာ ကောင်းမြတ်ခြင်းစံနှုန်းအဖြစ် ယူမှတ်တော်မူ၍ဖြစ်၏။ (မာ. ၁၀:၁၇၊ ၁၈) သို့ရာတွင် ယေရှုသည် ဖြောင့်မှန်မှသာ လူအများ ယေဘုယျသတ်မှတ်သော သူတော်ကောင်းစံချိန်ကိုမီနိုင်မည်ဖြစ်သည်။ စင်စစ်ဆိုလျှင် ကိုယ်တော့်ရန်သူများပင် ကိုယ်တော်သည် ဖြောင့်မှန်သူဖြစ်ကြောင်း သိမှတ်ကြ၏။ (မာ. ၁၂:၁၄) ကိုယ်တော်တိုင် မိမိသည် လူမဖြစ်မီကတည်းကရှိခဲ့ကြောင်း၊ ဘုရားသခင့်ထူးကဲသောသားတော်ဖြစ်ကြောင်း၊ ဟေဗြဲကျမ်းစာတစ်လျှောက်လုံး ကြိုဟောထားသည့် ကြွလာလတ္တံ့သောသူ မေရှိယပင်ဖြစ်ကြောင်း မိန့်ဆို၏။ ကိုယ်တော်သည် မိမိဆိုသည့်ပုဂ္ဂိုလ်ဖြစ်ချင်ဖြစ်၊ မဖြစ်လျှင် လူညာကြီးဖြစ်ရချေအံ့။ လူကောင်းသက်သက်မူ မဖြစ်နိုင်။—ယော. ၃:၁၃; ၁၀:၃၆; ၄:၂၅၊ ၂၆; လု. ၂၄:၄၄-၄၈။
ယေရှုသည် မောရှေ၊ ဗုဒ္ဓ၊ မိုဟာမက်စသော ဘာသာရေးခေါင်းဆောင်များလောက်သာ အာဏာရှိသော ပရောဖက်တစ်ပါးဖြစ်သလော
ယေရှုကိုယ်တော်တိုင် မိမိသည် ဘုရားသခင့်ထူးကဲသောသားတော် (ယော. ၁၀:၃၆; မ. ၁၆:၁၅-၁၇)၊ ကြိုဟောထားသည့်မေရှိယ (မာ. ၁၄:၆၁၊ ၆၂) ဖြစ်ကြောင်း၊ လူမဖြစ်မီ ကောင်းကင်၌ ရှိခဲ့ကြောင်း၊ မိမိသည် အသတ်ခံရမည်၊ တတိယနေ့၌ ရှင်ပြန်ထမြောက်မည်၊ ထို့နောက် ကောင်းကင်သို့ပြန်ကြွမည်ဖြစ်ကြောင်း မိန့်ဆို၏။ (မ. ၁၆:၂၁; ယော. ၁၄:၂၊ ၃) ဤအဆို မှန်သဖြင့် ကိုယ်တော်သည် ဘုရားသခင်၏ အခြားသောပရောဖက်စစ်တို့နှင့် အမှန်ပင်ခြားနားသည့်ပြင် အမည်ခံ ဘာသာရေးခေါင်းဆောင်များနှင့် လုံးဝမတူသလော။ သေပြီးသုံးရက်မြောက်သောအခါ အမှန်တရား ပေါ်လာမည်ဖြစ်၏။ ထိုနေ့၌ ဘုရားသခင်သည် ယေရှုအား ထမြောက်စေခြင်းဖြင့် ယေရှုသစ္စာစကားပြောခဲ့ကြောင်း၊ မိမိ၏ထူးမြတ်သောသားတော်အမှန်ဖြစ်ကြောင်း ထောက်ခံခဲ့သလော။ (ရော. ၁:၃၊ ၄) ယေရှုထမြောက်သည့်နောက် မျက်မြင်သက်သေ ၅၀၀ ကျော် ကိုယ်တော်ကို အမှန်တွေ့ခဲ့ကြသည်။ သစ္စာရှိတမန်တော်တို့သည် ကိုယ်တော်ကောင်းကင်သို့တက်ကြွ၍ မိမိတို့မျက်စိရှေ့ မိုးတိမ်ထဲ ပျောက်ကွယ်သွားသည်ကိုလည်း ကိုယ်တွေ့မြင်ခဲ့ကြပေသည်။ (၁ ကော. ၁၅:၃-၈; တ. ၁:၂၊ ၃၊ ၉) ကိုယ်တော်ထမြောက်ခဲ့ပြီကို မည်မျှတိုင်စိတ်ချသနည်းဟူမူ၊ အသက်ကိုပင် ပဓာနမထားဘဲ ဤအကြောင်းကို လူတို့အား ကြားပြောကြပေသည်။—တ. ၄:၁၈-၃၃။
ဂျူးအများစုက ယေရှုကို မေရှိယအဖြစ် အဘယ်ကြောင့် လက်မခံကြသနည်း
ဂျူးစွယ်စုံကျမ်းက ဤသို့ဆို၏– “ရောမခေတ်မှဂျူးတို့က ဘုရားသခင်သည် [မေရှိယ] ကိုပေါ်ထွန်းစေပြီး တစ်ပါးအမျိုးသားများတင်သောဝန်ကိုပယ်၍ ဣသရေလနိုင်ငံကို ပြန်လည်ထူထောင်ကာ စိုးစံစေတော်မူမည်ဟု ယုံကြည်ကြ၏။” (ယေရုရှလင်၊ ၁၉၇၁၊ အတွဲ ၁၁၊ ကော်လံ ၁၄၀၇) ဂျူးတို့သည် ရောမတို့တင်သောဝန်ကိုပယ်ချ၍ လွတ်လပ်မှုရလိုကြသည်။ ဂျူးအချို့တို့က ဒံယေလ ၉:၂၄-၂၇ ပါ မေရှိယဆိုင်ရာပရောဖက်ပြုချက်ကိုအခြေပြုလျက် ပထမရာစုအတွင်း မေရှိယပေါ်လာမည်ကို မျှော်လင့်ကြကြောင်း ဂျူးသမိုင်းက သက်သေထူ၏။ (လု. ၃:၁၅) သို့ရာတွင် ၎င်းပရောဖက်ပြုချက်က ကိုယ်တော့်ကြွလာခြင်းကို ‘အပြစ်ကိုအဆုံးသတ်ခြင်းကိစ္စ’ နှင့်လည်း ဆက်စပ်ထား၏။ ထိုကိစ္စကိုဖြစ်မြောက်ရန် မေရှိယကိုယ်တော်တိုင် အသေခံရလိမ့်မည်ဟု ဟေရှာယ အခန်းကြီး ၅၃ ကလည်း ဆိုပြန်သည်။ သို့သော် ဂျူးအများက မိမိတို့အပြစ်အတွက် မည်သူမျှအသေခံရန်မလိုဟု ယူမှတ်နေကြသည်။ မိမိတို့သည် အာဗြဟံမှဆင်းသက်လာသည့်အတွက် ဘုရားသခင့်ရှေ့ ဖြောင့်မတ်သောရပ်တည်မှု ရှိသည်ဟု ယုံကြည်ကြသည်။ ရဗ္ဗိစာပေညွန့်ပေါင်းကျမ်း က ဤသို့ဆို၏– “အာဗြဟံ၏ [ကုသိုလ်] မည်မျှများပြားသနည်းဟူမူ ဤကမ္ဘာတွင် ဣသရေလလူတို့ ကျူးလွန်သမျှအချည်းနှီးအမှုအလုံးစုံအတွက် အာဗြဟံက ပေးဆပ်နိုင်၏။” (လန်ဒန်၊ ၁၉၃၈၊ C. Montefiore နှင့် H. Loewe) ဂျူးတို့သည် ယေရှုကို မေရှိယအဖြစ်မှပယ်ခြင်းအားဖြင့် ကိုယ်တော်နှင့်ပတ်သက်သော အောက်ပါပရောဖက်ပြုချက်ကို ပြည့်စုံစေကြသည်။ “[သူသည်] မထီမဲ့မြင်ပြုခြင်းကိုခံလျက်ရှိ၍ ငါတို့သည် မရိုသေကြ။”—ဟေရှာယ ၅၃:၃။
ဣသရေလလူတို့သည် စစ်မှန်သောဝတ်ပြုမှုမှသွေဖည်သဖြင့် ဘေးတွေ့ကြမည်ဟု မောရှေမသေလွန်မီ ကြိုပြောခဲ့သည်။ (တရားဟောရာ ၃၁:၂၇-၂၉ ကိုကြည့်ပါ။) တရားသူကြီးမှတ်စာက ထိုသို့အဖန်ဖန်ဖြစ်ခဲ့ကြောင်းသက်သေထူ၏။ ပရောဖက်ယေရမိလက်ထက်၌ တစ်နိုင်ငံလုံး၏သစ္စာမဲ့မှုကြောင့် သုံ့ပန်းအဖြစ် ဗာဗုလုန်သို့ ဆောင်ကြဉ်းခံကြရလေသည်။ စီ.အီး. ၇၀ ခု၌လည်း ယေရုရှလင်မြို့နှင့်ဗိမာန်တော်ကို ဖျက်ဆီးစေရန် ရောမလူတို့အား ဘုရားသခင် အဘယ်ကြောင့် ခွင့်ပြုတော်မူသနည်း။ သူတို့သည် အဘယ်သို့သစ္စာဖောက်ခဲ့သဖြင့် ကိုယ်တော်ကိုယုံကြည်အားထားကြစဉ်ကလို ကာကွယ်တော်မူခြင်းမခံရကြသနည်း။ မကြာသေးမီက ယေရှုကို မေရှိယအဖြစ်မှ ပယ်ချခဲ့ကြ၍တည်း။
ယေရှုသည် ဘုရားသခင်ပင်လော
ယော. ၁၇:၃– “[ခမည်းတော်ထံ ယေရှုဤသို့ဆုတောင်း၏။] ထာဝရအသက်ဟူမူကား၊ မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်တော်မူသော [“တစ်ပါးတည်းသာ ဘုရားမှန်ဖြစ်တော်မူသော၊” NE] ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း။” (ကောင်းကင်ဘုံရှိ မိမိခမည်းတော်ကို “တစ်ပါးတည်းသောဘုရားမှန်”(ကဘ) အဖြစ် ယေရှုညွှန်းဆိုထားကြောင်း၊ မိမိကိုယ်ကို ထိုသို့မဆိုကြောင်း သတိပြုပါ။)
ယော. ၂၀:၁၇– “ယေရှုကလည်း [မာဂဒလမာရိအား] ငါ့ကိုမဖက်နှင့်ဦး။ ငါသည် ငါ့ခမည်းတော်ထံသို့မတက်ရသေး။ ငါ့ညီတို့ရှိရာသို့သွားလော့။ ငါ၏ခမည်းတော်တည်းဟူသော သင်တို့၏ခမည်းတော်၊ ငါ၏ဘုရားသခင်တည်းဟူသော သင်တို့၏ဘုရားသခင့်ထံတော်သို့ ငါတက်ရမည်အကြောင်းအရာကို ကြားပြောလော့ဟု မိန့်တော်မူသည်။” (ထို့ကြောင့်၊ ခမည်းတော်သည် မာဂဒလမာရိအဖို့ ဘုရားသခင်ဖြစ်သည်နည်းတူ၊ ရှင်ပြန်ထမြောက်သောယေရှုအဖို့လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ကျမ်းစာမည်သည့်နေရာ၌မျှ၊ ခမည်းတော်က သားတော်ကို “ငါ၏ဘုရားသခင်” ဟူ၍ မခေါ်ဝေါ်ထားသည်မှာ စိတ်ဝင်စားဖွယ်ပင်။)
“သုံးပါးပေါင်းတစ်ဆူ” ဟူသောခေါင်းစဉ်အောက် စာမျက်နှာ ၃၅၆၊ ၃၆၁-၃၆၃ ကိုပါရှု။
ယောဟန် ၁:၁ က ယေရှုသည် ဘုရားသခင်ဖြစ်သည်ဟု သက်သေပြသလော
ယော. ၁:၁– “အစအဦး၌ နှုတ်ကပါဌ်တော်ရှိ၏။ နှုတ်ကပါဌ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပါဌ်တော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။” [သမ၊ သမ္မာ၊ KJ, JB, Dy, Kx, NAB တို့ကိုလည်းကြည့်ပါ။] သက က “နှုတ်ကပါဌ်တော်သည်လည်း ဘုရားဖြစ်တော်မူ၏” ဟူ၍ပြန်ဆို၏။ NE က “ဘုရားသခင်ဖြစ်သည်နည်းတူ၊ နှုတ်ကပါဌ်တော်လည်း ဖြစ်တော်မူ၏” ဟူ၍ပြန်ဆို၏။ Mo က “လောဂေါ့စ်သည် ဘုရားပမာဖြစ်သည်” ဟုဆို၏။ AT နှင့် Sd တို့က “နှုတ်ကပါဌ်တော်သည် ဘုရားပမာဖြစ်တော်မူ၏” ဟုဆို၏။ ED ၏စာကြောင်းချင်းပြန်ဆိုချက်က “နှုတ်ကပါဌ်တော်သည် ဘုရားတစ်ပါးဖြစ်တော်မူ၏” ဟုပြန်ဆို၏။ NW (ကဘ) က “နှုတ်ကပါဌ်တော်သည် ဘုရားတစ်ပါးဖြစ်တော်မူ၏” ဟုပြန်ဆိုသည်။ NTIV လည်း အလားတူစကားကို သုံးနှုန်းထား၏။
အထက်ဘာသာပြန်သူများက ဂရိကျမ်းစောင်၌ ဘာကိုတွေ့ရသဖြင့် “နှုတ်ကပါဌ်တော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏” ဟူသောအသုံးအနှုန်းကို ရှောင်ကြခြင်းဖြစ်သနည်း။ တိကျအညွှန်းစကားလုံး (the) သည် ပထမ the·os’ (သီးအော့စ်၊ ဘုရားသခင်) ရှေ့ ၌ ရှိသော်လည်း ဒုတိယ သီးအော့စ် ရှေ့၌မူ မရှိ။ နာမ်တစ်ခု၏ အညွှန်းစကားလုံး ဆောက်တည်ပုံက တစ်ဦးတစ်ယောက်ကိုရည်ညွှန်းသော်လည်း (ဂရိဝါကျဆောက်တည်ပုံမှာကဲ့သို့) ကြိယာရှေ့က အညွှန်းစကားလုံးမဲ့ ဧကဝုစ် ဝါစကနာမ်မှာမူ တစ်ဦးတစ်ယောက်၏အရည်အသွေးကို ရည်ညွှန်းပေသည်။ ထို့ကြောင့် ကျမ်းချက်က နှုတ်ကပါဌ်တော် (ယေရှု) သည် မိမိနှင့်အတူရှိတော်မူသော ဘုရားသခင်ပင်ဖြစ်သည်ဟု ဆိုနေခြင်းမဟုတ်။ နှုတ်ကပါဌ်တော်သည် ဘုရားကဲ့သို့ဖြစ်သည်၊ ဘုရားပမာဖြစ်သည်၊ ဘုရားတစ်ပါးဖြစ်သည်ဟု ဆိုလိုသည်။ (၁၉၈၄ ကဘ ကျမ်းညွှန်းပါအတွဲ၊ စ. ၁၅၇၉ ကိုရှု။)
တမန်တော်ယောဟန်က ယောဟန် ၁:၁ ကိုရေးစဉ် ဘာကိုဆိုလိုသနည်း။ ယေရှုကိုယ်တိုင် ဘုရားသခင်ဖြစ်သည်၊ သို့မဟုတ်၊ ခမည်းတော်နှင့်အတူ တစ်ပါးတည်းသောဘုရားသခင် ဖြစ်သည်ဟု ဆိုလိုသလော။ အခန်းငယ် ၁၈ ၌ ယောဟန်က ဤသို့ရေး၏– “ဘုရားသခင်ကို အဘယ်သူ [“လူ၊” KJ, Dy] မျှမမြင်စဖူးသော်လည်း၊ ခမည်းတော်ရင်ခွင်၌ရှိသော တစ်ပါးတည်းသောသားတော် [“တစ်ပါးတည်းဖွားမြင်သော ဘုရား၊” ကဘ] သည် ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ။” ယေရှုခရစ်ကို လူသားတစ်ဦးဦးက မြင်ဖူးသလော။ မုချမြင်ဖူး၏။ သို့ဖြစ်လျှင် ယောဟန်က ယေရှုသည် ဘုရားသခင်ပင်ဖြစ်သည်ဟုဆိုနေသလော။ မဆိုသည်မှာအထင်းသား။ မိမိ၏ခရစ်ဝင်ကျမ်းအဆုံး၌ ယောဟန်က ဤသို့အချုပ်ဆို၏– “ယေရှုသည် [ဘုရားသခင်မဟုတ်ဘဲ] ဘုရားသခင့်သားတော်တည်းဟူသော ခရစ်တော်ဖြစ်ကြောင်း သင်တို့ယုံကြည် . . . စေရန် ရေးတင်ခဲ့သတည်း။”—ယော. ၂၀:၃၁၊ သမ။
ယောဟန် ၂၀:၂၈ ပါ သောမ၏အာမေဋိတ်က ယေရှုသည် တကယ်ပင်ဘုရားသခင်ဖြစ်သည်ဟု သက်သေပြသလော
ယော. ၂၀:၂၈– “သောမကလည်း၊ အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၏ဘုရားသခင်ပါတကားဟု ပြန်၍လျှောက်၏။”
သောမစိတ်ထဲ၌ ယေရှုကို “ဘုရားသခင်” အဖြစ် ညွှန်းဆိုခဲ့သည်မှန်လျှင် ကန့်ကွက်စရာမရှိပါ။ ဆာလံကျမ်းမှယေရှုကိုယ်တိုင်ကိုးကားသောအချက်နှင့် ညီညွတ်ပေသည်။ ထိုဆာလံကျမ်းချက်၌ စွမ်းအားကြီးသောလူနှင့် တရားသူကြီးများကို “ဘုရားတို့” ဟု ညွှန်းဆိုထားသည်။ (ယော. ၁၀:၃၄၊ ၃၅; ဆာ. ၈၂:၁-၆) ခရစ်တော်သည် ထိုပုဂ္ဂိုလ်များထက် များစွာသာလွန်မြင့်မြတ်သည်မှာ ဆိုဖွယ်မရှိ။ ယေရှုသည် ယေဟောဝါနှင့်စပ်လျဉ်း၍ ထူးကဲသည့်နေရာရှိသောကြောင့် ယောဟန် ၁:၁၈ (ကဘ) က ယေရှုကို “တစ်ပါးတည်းဖွားမြင်သော ဘုရား” အဖြစ်ညွှန်းဆို၏။ (Ro, By တို့ကိုလည်းကြည့်ပါ။) ဟေရှာယ ၉:၆ (သမ္မာ) ကလည်း ပရောဖက်ပြုစကားဖြင့် ယေရှုကို “တန်ခိုးကြီးသောဘုရား” အဖြစ်ဖော်ပြ၏။ အနန္တတန်ခိုးရှင် ဘုရားသခင်အဖြစ် မတင်ပြပါ။ ဤအချက်အားလုံးက ယောဟန် ၁:၁ (NW, AT) ၌ ယေရှုသည် “ဘုရားတစ်ပါး၊” “ဘုရားပမာဖြစ်တော်မူ၏” ဟုဆိုသောဖော်ပြချက်နှင့် ကိုက်ညီပေသည်။
ရှေ့နောက်စကားများကိုထောက်၍ မှန်ကန်သောကောက်ချက်ကိုချနိုင်သည်။ ယေရှုမသေမီကလေးတွင် ခမည်းတော်အား “တစ်ပါးတည်းသောဘုရားမှန်” ဟုခေါ်၍ဆုတောင်းသည်ကို သောမကြားလိုက်ရသည်။ (ယော. ၁၇:၃၊ RS) ယေရှုထမြောက်တော်မူသည့်နောက်၊ သောမအပါအဝင် တပည့်တော်တို့အား မိမိသည် “ငါ၏ဘုရားသခင်တည်းဟူသော သင်တို့၏ဘုရားသခင့်ထံတော်သို့” တက်ကြွမည်ဟု သတင်းပေး၏။ (ယော. ၂၀:၁၇) ထမြောက်ပြီးသောယေရှုကို သောမ မျက်ဝါးထင်ထင်မြင်၍တို့ထိစဉ် ပြောခဲ့သောစကားကို တမန်တော်ယောဟန်က မှတ်တမ်းတင်ပြီးနောက်၌ ဤသို့ရေးပြန်သည်– “ယေရှုသည် ဘုရားသခင့်သားတော်တည်းဟူသောခရစ်တော်ဖြစ်ကြောင်း သင်တို့ယုံကြည်၍ နာမတော်ကြောင့် အသက်ကိုရကြစေရန် ရေးတင်ခဲ့သတည်း။” (ယော. ၂၀:၃၁၊ သမ) ထို့ကြောင့်၊ တစ်ဦးတစ်ယောက်က သောမ၏အာမေဋိတ်စကားအရ ယေရှုကိုယ်တိုင် “တစ်ပါးတည်းသောဘုရားမှန်” ဖြစ်သည်ဟုဖြစ်စေ၊ ယေရှုသည် သုံးပါးပေါင်းတစ်ဆူထဲမှ “သားတော်ဘုရား” ဖြစ်သည်ဟုဖြစ်စေ၊ မှတ်ချက်ချလျှင် ထိုသူသည် ယေရှုကိုယ်တိုင်မိန့်ဆိုသောစကား (အခန်းငယ် ၁၇) ကိုလည်းကောင်း၊ တမန်တော်ယောဟန်ရှင်းလင်းစွာတင်ပြထားသောနိဂုံးစကား (အခန်းငယ် ၃၁) ကိုလည်းကောင်း ပြန်ကြည့်ရန်လိုလိမ့်မည်။
မဿဲ ၁:၂၃ က ယေရှုကမ္ဘာပေါ်ရှိစဉ် ဘုရားသခင်ပင်ဖြစ်သည်ဟု အရိပ်အမြွက်ပြသလော
မ. ၁:၂၃– “သတို့သမီးကညာသည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကိုဖွားမြင်လတ္တံ့။ ထိုသားကို ဧမာနွေလအမည်ဖြင့်မှည့်ရကြလတ္တံ့ဟုလာသတည်း။ ဧမာနွေလအနက်ကား၊ ငါတို့နှင့်အတူရှိတော်မူသော ဘုရားသခင် [“ဘုရားသခင်သည် ငါတို့နှင့်အတူ ရှိတော်မူသည်၊ သမ၊ NE] ဟု ဆိုလိုသတည်း။”
ယေဟောဝါ၏ကောင်းကင်တမန်က ယေရှုဖွားမြင်မည့်အကြောင်းကိုကြေညာစဉ် သူငယ်ပင် ဘုရားသခင်ဖြစ်မည်ဟုဆိုသလော။ မဆိုပါ။ “ထိုသားသည်ကား၊ ကြီးမြတ်သောသူဖြစ်လိမ့်မည်။ အမြင့်ဆုံးသောဘုရား၏သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကိုခံရလိမ့်မည်” ဟု ကြေညာပါသည်။ (လု. ၁:၃၂၊ ၃၅; ဖြည့်စွက်စာလုံးစောင်း) ယေရှုကိုယ်တိုင် မိမိသည် ဘုရားသခင်ဖြစ်သည်ဟု ဘယ်တော့မျှမဆို၊ “ဘုရားသခင်၏သားတော်” ဖြစ်သည်ဟုသာဆို၏။ (ယော. ၁၀:၃၆၊ ဖြည့်စွက်စာလုံးစောင်း) ယေရှုကို လောကသို့ ဘုရားသခင်စေလွှတ်၏။ ထို့ကြောင့် ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်အားဖြင့် လူတို့နှင့်အတူ ရှိတော်မူခြင်းဖြစ်၏။—ယော. ၃:၁၇; ၁၇:၈။
ဟေဗြဲအမည်များ၌ ဘုရားသခင်ဟူသောစာလုံးသာမက၊ ဘုရားသခင့်ကိုယ်ပိုင်နာမတော်၏ အတိုကောက်ကိုပင် ထည့်သွင်းသည်မှာ အဆန်းမဟုတ်။ ဥပမာ၊ ဧလျာသသည် “ဘုရားသခင်ကြွလာပြီ” ဟူသောအဓိပ္ပာယ်ရှိသည်။ ယေဟုမူ “ကိုယ်တော်သည် ယေဟောဝါဖြစ်၏” ဟု ဆိုလိုသည်။ ဧလိယမှာ “ငါ့ဘုရားသခင်သည် ယေဟောဝါဖြစ်၏”ဟု အနက်ရှိသည်။ သို့သော် အဘယ်အမည်ကမျှ အမည်ရှင်ကိုယ်တိုင် ဘုရားသခင်ဖြစ်သည်ဟူသောသဘော မသက်ဝင်စေပါ။
ယောဟန် ၅:၁၈ ၏အဓိပ္ပာယ်မှာ မည်သို့နည်း
ယော. ၅:၁၈– “ဥပုသ်နေ့ကိုဖျက်သည်သာမက၊ ဘုရားသခင်ကို မိမိအဘဟုခေါ်၍ မိမိကို ဘုရားသခင်နှင့်ပြိုင်နှိုင်း [“တန်းတူဖြစ်စေ၊” RS] တော်မူသောကြောင့်၊ ယုဒလူတို့သည် ကိုယ်တော်ကို သတ်ခြင်းငှာ သာ၍ရှာကြံကြ၏။”
ယေရှုက ဘုရားသခင်သည် မိမိ၏ခမည်းတော်ဖြစ်သည်ဟုဆိုလျက် မိမိကိုယ်ကို ဘုရားသခင်နှင့်တန်းတူထားသည်ဟု ယူမှတ်ကြသူများမှာ မယုံကြည်သောဂျူးများသာဖြစ်သည်။ ယေရှုသည် ဘုရားသခင်ကို ခမည်းတော်ဟု လျောက်ပတ်စွာခေါ်ဝေါ်သော်လည်း ဘုရားသခင်နှင့်မိမိ တန်းတူဖြစ်သည်ဟု ဘယ်တော့မျှမဆို။ “အမှန်အကန် သင်တို့အား ငါဆိုသည်ကား၊ သားတော်သည် မိမိအလိုအလျောက် အဘယ်အမှုကိုမျှ မပြုနိုင်။ ခမည်းတော်ပြုတော်မူသည့်အမှုအရာများကို တွေ့မြင်ရသည်အတိုင်းသာလျှင် ပြု၏”ဟု ဂျူးတို့အား ပွင့်လင်းစွာဖြေကြားတော်မူသည်။ (ယော. ၅:၁၉၊ သက။ ယောဟန် ၁၄:၂၈; ယောဟန် ၁၀:၃၆ တို့ကိုပါရှု။) ယေရှုဥပုသ်ဖျက်သည်ဟု ထင်မှတ်ကြသူများမှာလည်း ထိုဂျူးများပင်။ ဤကိစ္စမှာလည်း သူတို့မှား၏။ ယေရှုသည် ပညတ္တိကျမ်းကို အကြွင်းမဲ့စောင့်ထိန်းပေသည်။ “ဥပုသ်နေ့၌ ကောင်းသောအမှုကို ပြုလုပ်နိုင်ခွင့်ရှိ၏”ဟု မိန့်တော်မူ၏။—မ. ၁၂:၁၀-၁၂၊ သက။
ယေရှုကိုကိုးကွယ်ကြသည်ဟူသောအချက်က ကိုယ်တော်သည် ဘုရားသခင်ဖြစ်သည်ဟုသက်သေပြသလော
RS, TEV, KJ, JB နှင့် NAB အရ၊ ဟေဗြဲ ၁:၆ ၌ ကောင်းကင်တမန်များအား ယေရှုကို“ကိုးကွယ်”ရန် အမိန့်ပေးတော်မူ၏။ ကဘ က “ကိုင်းရှိုင်းသမှုပြုသည်” ဟုဆို၏။ RS, TEV, KJ အရ၊ မဿဲ ၁၄:၃၃ ၌ တပည့်တော်များသည် ယေရှုကို “ကိုးကွယ်” ကြသည်ဆို၏။ အခြားဘာသာပြန်ကျမ်းများက “ကိုယ်တော်အား ကြည်ညိုသမှုပြုသည်” (NAB)၊ “ကိုယ်တော့်ရှေ့ ပျပ်ဝပ်ကြသည်” (JB)၊ “ကိုယ်တော့်ခြေရင်း၌ ပျပ်ဝပ်ကြသည်” (NE)၊ “ကိုင်းရှိုင်းသမှုပြုကြသည်” (NW) ဟူ၍ဆို၏။
“ကိုးကွယ်”ဟုပြန်ဆိုသောဂရိစကားလုံးမှာ pro·sky·ne’o (ပရိုစကီနီးယို) ဖြစ်၍ ဓမ္မသစ်ကျမ်းနှင့်ရှေးခရစ်ယာန်စာပေဆိုင်ရာ ဂရိ—အင်္ဂလိပ်အဘိဓာန် အရ၊ “လူတစ်ဦးရှေ့ပျပ်ဝပ်၍ သူ့ခြေ၊ သူ့အဝတ်အနားပတ်၊ မြေတို့ကိုနမ်းသည့်ထုံးစံကို ရည်ညွှန်းလို၍လည်း သုံးနှုန်းကြသည်။” (ရှီကာဂို၊ ၁၉၇၉; Bauer, Arndt, Gingrich, Danker; ဒုတိယအင်္ဂလိပ်တွဲ; စ. ၇၁၆) မဿဲ ၁၄:၃၃ ၌ ယေရှုကိုပြုသောတပည့်တော်များ၏အပြုအမူကိုလည်းကောင်း၊ ဟေဗြဲ ၁:၆ ၌ ယေရှုကိုပြုရန်ဖြစ်သော ကောင်းကင်တမန်များ၏အပြုအမူကိုလည်းကောင်း၊ ခုနစ်ကျိပ်ကျမ်းမှ ကမ္ဘာဦး ၂၂:၅ ၌ ယေဟောဝါကိုပြုသော အာဗြဟံ၏အပြုအမူကိုလည်းကောင်း၊ ကမ္ဘာဦး ၂၃:၇ ၌ မိမိနှင့်အရောင်းအဝယ်ပြုသောလူမျိုးအား ခေတ်ထုံးစံအလိုက် အာဗြဟံပြုသောအပြုအမူကိုလည်းကောင်း၊ ခုနစ်ကျိပ်ကျမ်းမှ ၃ ဓမ္မရာဇဝင် ၁:၂၃ ၌ ဘုရင်ဒါဝိဒ်ထံ ပရောဖက်နာသန်အခစားဝင်စဉ် ပြုသောအပြုအမူကိုလည်းကောင်း ဖော်ပြရန် ၎င်းအသုံးအနှုန်းကို သုံးစွဲထားသည်။
မဿဲ ၄:၁၀ ၌ ယေရှုဤသို့မိန့်တော်မူ၏။ “သင်၏ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ် (ပရိုစကီနီးယို) ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည်။” (ယေရှုကိုးကားနေသော တရားဟောရာ ၆:၁၃ ၌ ယေဟောဝါ၏ကိုယ်ပိုင်နာမတော် နာမမြတ်ဗျည်းလေးလုံးကိုတွေ့နိုင်သည်။) ဤအချက်နှင့်အညီ၊ ကျွန်ုပ်တို့သည် အထူးစိတ်နှလုံးထားပါသော ပရိုစကီနီးယို ကို ဘုရားသခင်အားသာ ရည်စူး၍ပြုအပ်ကြောင်း နားလည်ရမည်။
ယေရှုပြုသောအံ့ဖွယ်အမှုများက သူသည် ဘုရားသခင်ဖြစ်ကြောင်းသက်သေပြသလော
တ. ၁၀:၃၄၊ ၃၈၊ သက– “ပေတရုက ‘ . . . နာဇရက်မြို့သားယေရှုသည် ထာဝရဘုရားထံတော်မှ သန့်ရှင်းသောဝိညာဉ်တော်နှင့် တန်ခိုးတော် အဘယ်သို့ခံယူရရှိသည်ကို . . . သင်တို့သိကြ၏။ ထာဝရဘုရားသည် ကိုယ်တော်နှင့်အတူရှိတော်မူသဖြင့် ကိုယ်တော်သည် အရပ်ရပ်သို့ လှည့်လည်၍ လူတို့အား အကျိုးပြုလျက် စာတန်၏ညှဉ်းပန်းမှုကိုခံရသူအပေါင်းတို့အား ကျန်းမာစေတော်မူခဲ့၏ဟု [ဆို၏။]” (ထို့ကြောင့်၊ ပေတရုက ယေရှုပြုသောအံ့ဖွယ်အမှုများကိုအကြောင်းပြုပြီး ယေရှုပင် ဘုရားသခင်ဖြစ်သည်ဟု မှတ်ချက်မချဘဲ ဘုရားသခင်သည် ယေရှု နှင့်အတူ ရှိတော်မူသည်ဟုသာဆိုသည်။ မဿဲ ၁၆:၁၆၊ ၁၇ နှင့်နှိုင်းယှဉ်။)
ယော. ၂၀:၃၀၊ ၃၁၊ သမ– “ဤကျမ်း၌ မရေးမတင်သော အခြားနိမိတ်လက္ခဏာအများကို တပည့်တော်တို့မျက်မှောက်တွင် ယေရှုပြတော်မူ၏။ ရေးတင်သောနိမိတ်လက္ခဏာများကိုကား၊ ယေရှုသည် ဘုရားသခင့်သားတော်တည်းဟူသော ခရစ်တော်ဖြစ်ကြောင်း သင်တို့ယုံကြည်၍ နာမတော်ကြောင့် အသက်ကိုရကြစေရန် ရေးတင်ခဲ့သတည်း။” (ထို့ကြောင့်၊ အံ့ဖွယ်အမှုများကိုထောက်၍ ကျွန်ုပ်တို့ချသင့်သည့်မှတ်ချက်မှာ ယေရှုသည် “ခရစ်တော်၊” မေရှိယ၊ “ဘုရားသခင့်သားတော်” ဖြစ်သည် ဟူ၍ပင်တည်း။ “ဘုရားသခင့်သားတော်” ဟူသောစကားသည် “သားတော်ဘုရား” နှင့် အခြားကြီးခြားနားလှ၏။)
ဧလိယနှင့်ဧလိရှဲစသော ခရစ်ယာန်ခေတ်မတိုင်မီကပရောဖက်များလည်း ယေရှုပြုသောအံ့ဖွယ်အမှုများနှင့်အလားတူသော အံ့ဖွယ်အမှုများကို ပြုကြ၏။ သို့သော်၊ ၎င်းကြောင့် သူတို့သည် ဘုရားသခင်ဖြစ်သည်ဟု သက်သေမပြပါ။
ယေရှုသည် “ဓမ္မဟောင်းကျမ်း”ထဲက ယေဟောဝါနှင့်အတူတူလော
“ယေဟောဝါ” ဟူသောခေါင်းစဉ်အောက် စာမျက်နှာ ၂၅၁၊ ၂၅၂ ကိုရှု။
ယေရှုခရစ်ကိုယုံကြည်ရုံနှင့် ကယ်တင်ခြင်းရနိုင်ပြီလော
တ. ၁၆:၃၀-၃၂– “သခင်တို့၊ အကျွန်ုပ်သည် ကယ်တင်ခြင်းသို့ရောက်အံ့သောငှာ အဘယ်သို့ပြုရပါမည်နည်း . . . ။ ထိုသူတို့ကလည်း၊ သခင်ယေရှုခရစ်ကို ယုံကြည်လော့။ ယုံကြည်လျှင် သင်နှင့်သင်၏အိမ်သူအိမ်သားတို့သည် ကယ်တင်ခြင်းသို့ရောက်ကြလိမ့်မည်ဟုပြောဆိုလျက် . . . သခင်ဘုရား [“ဘုရားသခင်၊” NAB။ JB နှင့် NE အောက်ခြေမှတ်ချက်များ။] ၏နှုတ်ကပါဌ်တရားတော် [“ဘုရားသခင့်သတင်းတော်၊” AT] ကို ဟောကြ၏။” (ထိုသူက ‘သခင်ယေရှုကိုယုံကြည်ပါသည်’ ဟု စိတ်ရိုးဖြင့်ဆိုရုံနှင့်ပြီးသလော။ ထိုမျှနှင့်မပြီးကြောင်း ပေါလုကပြ၏။ ထိုထောင်မှူးအား ပေါလုနှင့်သိလတို့ဆက်လက်ဟောကြားသည့်အတိုင်း ဘုရားသခင့်နှုတ်ပါဌ်တော်ကို သိကျွမ်းလက်ခံရန်လိုသေး၏။ လူသည် ယေရှုကိုးကွယ်သောဘုရားသခင်ကို မကိုးကွယ်၊ မိမိတပည့်သည် မည်သို့သောတပည့်ဖြစ်သင့်သည်နှင့်ပတ်သက်၍ ယေရှုသွန်သင်သည့်အချက်ကိုလည်း မလိုက်နာ၊ နောက်တော်လိုက်များအား ယေရှုစေခိုင်းသောအလုပ်ကိုလည်းမလုပ်ဆောင်ဘဲနေလျှင် ယေရှုပေါ်ထားရှိသောသူ့ယုံကြည်ခြင်းသည် စစ်မှန်မည်လော။ ကျွန်ုပ်တို့သည် ကုသိုလ်အလုပ်ဖြင့် ကယ်တင်ခြင်းမရယူနိုင်ပါ။ ယေရှု၏လူ့အသက်တာယဇ်တန်ဖိုးကိုယုံကြည်ခြင်းပေါ်အခြေပြု၍သာ ရနိုင်၏။ သို့တစေ၊ အခက်အခဲရှိပင်ငြား၊ ကျွန်ုပ်တို့နေထိုင်ပုံသည် ကျွန်ုပ်တို့ခံယူသောယုံကြည်ချက်နှင့်ညီညွတ်ရမည်။ မဿဲ ၁၀:၂၂ ၌ ယေရှုက “အကြင်သူသည် အဆုံးတိုင်အောင်တည်ကြည်၏၊ ထိုသူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်” ဟု မိန့်တော်မူ၏။)
ယေရှု လူဖြစ်မလာမီ ကောင်းကင်၌ နေခဲ့ဖူးသလော
ကော. ၁:၁၅-၁၇– “ထိုသားတော် [ယေရှု] သည် မျက်မြင်မရသောဘုရားသခင်၏ ပုံသဏ္ဌာန်တော်ဖြစ်၏။ ဝေနေယျသတ္တဝါအပေါင်းတို့တွင်လည်း သားဦးဖြစ်တော်မူ၏။ . . . ထိုသခင်အားဖြင့်လည်းကောင်း၊ ထိုသခင်အဖို့အလိုငှာလည်းကောင်း၊ ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းလျက်ဖြစ်ကြ၏။ သားတော်သည်လည်း ခပ်သိမ်းသောအရာမဖြစ်မီ ဖြစ်တော်မူ [၏။]”
ယော. ၁၇:၅– “[ယေရှုဤသို့ဆုတောင်း၏။] အိုအဘ၊ ဤကမ္ဘာမတည်မရှိမီ အထံတော်၌ အကျွန်ုပ်ခံစားသောဘုန်းအသရေနှင့် ယခုတွင်လည်း အကျွန်ုပ်ကို အထံတော်၌ ချီးမြှောက်တော်မူပါ။” (ယောဟန် ၈:၂၃ ကိုပါရှု။)
ယေရှုသည် ကောင်းကင်၌ သွေးသားခန္ဓာရှိသလော
၁ ကော. ၁၅:၄၂-၅၀၊ သက– “သေလွန်သူတို့ ရှင်ပြန်ထမြောက်ပုံကို ဖော်ပြပေအံ့။ ကိုယ်ခန္ဓာသည် မြေ၌မြှုပ်နှံခြင်းခံရသောအခါ ပုပ်ပျက်တတ်သောအခြေအနေတွင်ရှိ၏။ ရှင်ပြန်ထမြောက်သောအခါ၌ မပုပ်ပျက်တတ်သောအခြေအနေတွင်ရှိလိမ့်မည်။ . . . မြှုပ်နှံခြင်းခံရသောအခါ ကာယခန္ဓာဖြစ်၏။ ရှင်ပြန်ထမြောက်သောအခါ၌ ဝိညာဏခန္ဓာဖြစ်လိမ့်မည်။ . . . ကျမ်းစာတော်တွင် ‘ပထမလူအာဒံသည် အသက်ရှင်သောသတ္တဝါဖြစ်လာ၏’ ဟု ဖော်ပြ၏။ ဒုတိယအာဒံ [အစကအာဒံကဲ့သို့ စုံလင်သောလူဖြစ်သော ယေရှုခရစ်] သည်ကား အသက်ရှင်စေတတ်သော ဝိညာဉ် ဖြစ်၏။ ညီအစ်ကိုတို့၊ သင်တို့အား ငါပြောလိုသည်မှာ လူ့အသွေးအသားသည် ထာဝရဘုရား၏နိုင်ငံတော်ကို ပိုင်ဆိုင်ခွင့်မရနိုင်။ ပုပ်ပျက်တတ်သောအရာသည်လည်း မပုပ်မပျက်တတ်သောအဖြစ်ကို မခံမယူနိုင်။” (ဖြည့်စွက်စာလုံးစောင်း။)
၁ ပေ. ၃:၁၈၊ သက– “ခရစ်တော်ကိုယ်တော်တိုင်ပင်လျှင် ငါတို့၏အပြစ်များအတွက် အပြီးအပိုင်အသေခံတော်မူ [၏။] . . . ကိုယ်တော်သည် ကိုယ်ခန္ဓာအားဖြင့် အသေသတ်ခြင်းကိုခံရသော်လည်း ဝိညာဉ်အားဖြင့်အသက်ပြန်၍ရှင်တော်မူ၏။” (စာမျက်နှာ ၂၇၁၊ ၂၇၂ ကိုရှု။)
ဥပမာ– လူတစ်ယောက်သည် မိတ်ဆွေတစ်ဦးအတွက် အကြွေးဆပ်လိုက်သော်လည်း ထိုငွေကို ချက်ချင်းပြန်ယူလျှင် ဆက်၍အကြွေးတင်နေမည်မုချ။ ထို့နည်းတူ၊ ယေရှုထမြောက်စဉ် ရွေးနုတ်ဖိုးပေးရန်ပူဇော်ပြီးသော မိမိ၏လူ့သွေးသားခန္ဓာကို ပြန်ယူလျှင် သစ္စာရှိတို့အား အပြစ်ကြွေးနှင့်လွတ်ကင်းစေရန် မိမိဆောင်ရွက်လျက်နေသောအစီအစဉ်သည် မည်သို့ဖြစ်သွားမည်နည်း။
ယေရှုထမြောက်သည့်နောက် တပည့်တော်တို့ရှေ့ ရုပ်သဏ္ဌာန်ဖြင့် ကိုယ်ယောင်ထင်ရှားခဲ့သည်မှန်၏။ သို့သော် တစ်ခါတစ်ရံ၊ သူတို့သည် ကိုယ်တော့်အား မြင်မြင်ချင်း အဘယ်ကြောင့်မမှတ်မိကြသနည်း။ (လု. ၂၄:၁၅-၃၂; ယော. ၂၀:၁၄-၁၆) တစ်ကြိမ်တွင်၊ ယေရှုသည် သောမအကျိုးအတွက် သံမှိုဒဏ်ရာပါသည့်လက်နှင့် လှံဒဏ်ရာပါသည့်နံဘေးဖြင့် ကိုယ်ယောင်ထင်ရှား၏။ သို့သော် ယေရှုသည် ပိတ်ထားသောတံခါးအတွင်းသို့ မည်သို့ရုတ်ခြည်းဝင်ရောက်လာနိုင်သနည်း။ (ယော. ၂၀:၂၆၊ ၂၇) ထိုအခါများ၌ ယေရှုသည် ခန္ဓာတစ်ခုကိုယူဆောင်လိုက်ခြင်းဖြစ်ရပေမည်။ ရှေးအချိန်၌ ကောင်းကင်တမန်များ လူတို့ရှေ့ကိုယ်ယောင်ပြသောအခါမှာကဲ့သို့ပင်။ ယေရှုထမြောက်စဉ် သူ့ရုပ်ခန္ဓာကိုဖျောက်ဖျက်ရန်မှာ ဘုရားသခင့်အဖို့ အခက်မဟုတ်။ (ယေရှုတကယ်ထမြောက်ခဲ့ပြီကို တပည့်တော်များသာ၍ယုံကြည်စေလိုသဖြင့်) ယေရှု၏ရုပ်ခန္ဓာကို ဂူထဲ၌ မချန်လှပ်ထားသော်လည်း ယေရှု၏ကိုယ်ကိုပတ်ရစ်သောအဝတ်ကိုမူ ဂူတွင်း၌ ထားရစ်ခဲ့သည်။ သို့တစေ၊ ကိုယ်တော်ကိုယ်ယောင်ပြတိုင်း အဝတ်အပြည့်အစုံဖြင့်ပြသည်မှာ မှတ်သားဖွယ်ပင်။—ယော. ၂၀:၆၊ ၇။
ယေရှုခရစ်သည် ကောင်းကင်တမန်မင်း မိက္ခေလပင်လော
မိက္ခေလဟူသောအမည်သည် ကျမ်းစာထဲတွင် ငါးကြိမ်သာပေါ်ခဲ့သည်။ ဤအမည်ရှင် ဘုန်းတောက်ဝိညာဉ်ပုဂ္ဂိုလ်ကို “အမြတ်ဆုံးသောမင်းတို့အနက် [တစ်ပါး]” ဟူ၍လည်းကောင်း၊ “သင့် [ဒံယေလ] အမျိုးသားတို့ကိုစောင့်ကြည့်သော မင်းမြတ်”ဟူ၍လည်းကောင်း၊ “ကောင်းကင်တမန်မင်း”ဟူ၍လည်းကောင်း ညွှန်းဆိုထားသည်။ (ဒံ. ၁၀:၁၃၊ သမ; ၁၂:၁၊ သမ; ယု. ၉) မိက္ခေလဟူသည် “မည်သူ ဘုရားသခင်နှင့်တူသနည်း” ဟူသောအနက်ရှိ၏။ ဤနာမည်က မိက္ခေလအား ယေဟောဝါ၏အချုပ်အခြာအာဏာတော်ကို ရှေ့တန်းမှထောက်ခံသူ၊ ဘုရားသခင့်ရန်သူများကိုချေမှုန်းသောသူအဖြစ် သတ်မှတ်ပေသည်။
၁ သက်သာလောနိတ် ၄:၁၆ ၌ ထမြောက်ခြင်းကိုအစပြုဖို့ အမိန့်ပေးသောယေရှု၏အမိန့်ကို “ကောင်းကင်တမန်မင်းအသံပေးခြင်း” ဟုခေါ်ဆိုသည်။ ယုဒ ၉ က ကောင်းကင်တမန်မင်းသည် မိက္ခေလဖြစ်သည်ဟုဆိုပြန်သည်။ ယေရှု၏အမိန့်ထုတ်ပြန်သံကို အာဏာသိမ်ငယ်သူတစ်ဦး၏အမိန့်နှင့် နှိုင်းယှဉ်သင့်မည်လော။ သို့ဖြစ်၍ ကောင်းကင်တမန်မင်းမိက္ခေလသည် ယေရှုခရစ်ဖြစ်၏ဟုဆိုလျှင် ဆီလျော်ပေသည်။ (“ကောင်းကင်တမန်မင်း” ဟူသောအသုံးအနှုန်းကို ကျမ်းစာ၌ ဗဟုဝုစ်အဖြစ် တစ်ကြိမ်မျှမတွေ့ရသည်မှာ စိတ်ဝင်စားဖွယ်ပင်။ သို့ဖြစ်၍ တစ်ပါးတည်းသာရှိကြောင်း ပြဟန်တူ၏။)
ဗျာဒိတ် ၁၂:၇-၁၂ က ခရစ်တော်အပေါ် ဘုရင့်အာဏာအပ်နှင်းခြင်းနှင့်စပ်လျဉ်း၍ မိက္ခေလနှင့်မိမိတမန်တို့သည် စာတန်နှင့် သူ့တမန်များကိုတိုက်ခိုက်ပြီး ကောင်းကင်မှနှင်ချမည်ဟုဆို၏။ နောက်ပိုင်း၌ ယေရှုသည် ကောင်းကင်တပ်မဟာကိုဦးစီးလျက် လောကမှလူမျိုးတို့ကို တိုက်ခိုက်သည်ဟု ဖော်ပြထားသည်။ (ဗျာ. ၁၉:၁၁-၁၆) “ဤလောကကိုအစိုးရသောမင်း” ဟူ၍ ယေရှုသမုတ်သောသူ စာတန်မာရ်နတ်အား အရေးယူမည့်သူမှာလည်း ယေရှုပင်ဟုဆိုလျှင်မဆီလျော်ပေလော။ (ယော. ၁၂:၃၁) ဒံယေလ ၁၂:၁ (သမ) က အာဏာတော်နှင့်တကွ ‘မိက္ခေလပေါ်လာ [“ထလာ၊” RS] ခြင်း’ ကို “လူမျိုးဖြစ်ကတည်းက ထိုကာလတိုင်အောင် မဖြစ်စဖူးသောဆင်းရဲဒုက္ခ” နှင့်ဆက်စပ်တင်ပြထားသည်။ ယေရှုသည် ကောင်းကင်လက်မရွံ့အာဏာသားအနေနှင့် လူမျိုးတို့ကို စီရင်သုတ်သင်တော်မူသောအခါ သူတို့အဖြစ်သည် ဖော်ပြပါအတိုင်း တစ်ထပ်တည်းဖြစ်လိမ့်မည်။ ထို့ကြောင့် သာဓကများကိုထောက်ရှုလျှင် ဘုရားသခင့်သားတော်သည် ကမ္ဘာသို့မကြွလာမီ မိက္ခေလအမည်ရှိ၍ ကောင်းကင်ဘုံပြန်ကြွပြီး ဘုရားသခင့်ဘုန်းပွင့် ဝိညာဉ်သားတော်အဖြစ် စံမြန်းသောအခါမှာလည်း ထိုအမည်တွင်ပေသည်။
တစ်စုံတစ်ယောက်က ဤသို့ပြောလျှင်—
‘ခင်ဗျားတို့ ယေရှုကိုမယုံကြဘူး’
ဤသို့ပြန်ပြောနိုင်သည်– ‘မိတ်ဆွေဟာ ယေရှုကိုယုံကြည်တဲ့ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါလိမ့်မယ်။ ကျွန်တော်လည်းယုံကြည်တယ်။ ဒီလိုမဟုတ်ရင် ဒီကနေ့ မိတ်ဆွေဆီကို ကျွန်တော်လာခဲ့မှာမဟုတ်ဘူး။’ ထို့နောက် ဤသို့ထပ်၍ဆိုနိုင်သည်– (၁) ‘အမှန်ပြောရရင် ကျွန်တော်တို့ထုတ်ဝေတဲ့စာစောင်တွေထဲမှာ ယေရှုအပေါ်ယုံကြည်ဖို့ဘယ်လောက်တောင်အရေးကြီးတယ်ဆိုတာကို အရေးတယူရေးသားဖော်ပြထားပါတယ်။ (ဝေငှနေသည့်မည်သည့်စာအုပ်ထဲကမဆို သင့်လျော်ရာအခန်းတစ်ခုကိုပြ၍ ၎င်းကိုအခြေပြုပြီး ယေရှု၏ဘုရင့်ကဏ္ဍကို ပေါ်လွင်အောင် ဆွေးနွေးပါ။ သို့မဟုတ်၊ ကင်းမျှော်စင် ထုတ်ဝေရခြင်းနှင့်ပတ်သက်၍ စာမျက်နှာ ၂ မှ ဖတ်ပြပါ။)
သို့မဟုတ် ဤသို့ပြောနိုင်သည်– ‘စိတ်မရှိရင် မေးပါရစေ။ မိတ်ဆွေဘာကြောင့်ခုလိုထင်သလဲ။’
အဖြေနောက်တစ်မျိုး– ‘တစ်ယောက်ယောက်က မိတ်ဆွေကို ပြောလို့ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့၊ အဲဒီလိုမဟုတ်ပါဘူးခင်ဗျား။ ကျွန်တော်တို့ ယေရှုအပေါ် စွဲစွဲမြဲမြဲယုံကြည်တယ်။’ ထို့နောက် ဤသို့ထပ်၍ဆိုနိုင်သည်– (၁) ‘ယေရှုအကြောင်း လူတွေပြောသမျှကို ကျွန်တော်တို့ မယုံကြည်ပါဘူး။ ဥပမာ၊ တချို့လူတွေက ယေရှုဟာ သူတော်ကောင်းတစ်ယောက်သာဖြစ်တယ်၊ ဘုရားသခင့်သားတော်မဟုတ်ဘူး ဆိုပြီးပြောတယ်။ ကျွန်တော်တို့ အဲဒီလိုမယုံကြည်ဘူး။ မိတ်ဆွေကော။ . . . ကျမ်းစာ အဲဒီလိုမပြောဘူး။’ (၂) ‘တချို့အုပ်စုတွေရဲ့သွန်သင်ချက်ဟာ ယေရှုနဲ့သူ့ခမည်းတော်ရဲ့တော်စပ်ပုံနဲ့ပတ်သက်ပြီး ယေရှုကိုယ်တိုင်မိန့်ကြားတဲ့အချက်နဲ့ ဆန့်ကျင်နေပါတယ်။ ဒါတွေကိုလည်း ကျွန်တော်တို့ မယုံကြည်ပါဘူး။ (ယော. ၁၄:၂၈) ယေရှုရဲ့ခမည်းတော်ဟာ ယေရှုကို အုပ်စိုးရေးအာဏာအပ်နှင်းခဲ့ပြီဖြစ်လို့ သူ့ရဲ့အုပ်စိုးမှုဟာ ဒီကနေ့ ကျွန်တော်တို့အားလုံးအပေါ် အာနိသင်သက်နေရောက်ပါတယ်။ (ဒံ. ၇:၁၃၊ ၁၄)’
‘ယေရှုကို ကိုယ့်ကယ်တင်ရှင်အနေနဲ့ ခင်ဗျားတို့လက်ခံသလား’
ဤသို့ ပြန်ပြောနိုင်သည်– ‘ကျမ်းစာက ဒီလိုရှင်းရှင်းလင်းလင်းဆိုထားတယ်။ . . . (တမန်တော် ၄:၁၂ ကိုကိုးကားပါ။) ဒါကိုကျွန်တော်ယုံကြည်တယ်။ ယုံကြည်ခြင်းနဲ့အတူ ကြီးလေးတဲ့တာဝန် ဒွန်တွဲလာတယ်ဆိုတာကိုလဲ ကျွန်တော်သိရှိရပါတယ်။ ဘယ်လိုကြောင့်လဲ။ ဒီလိုပါ။ ကျွန်တော် ယေရှုကို တကယ်ယုံကြည်လို့ရှိရင် အဆင်ပြေသလောက်သာယုံလို့မဖြစ်ဘူး။’ ထို့နောက် ဤသို့ထပ်၍ဆိုနိုင်သည်– (၁) ‘ယေရှုဟာ မိမိရဲ့စုံလင်တဲ့အသက်ကို ယဇ်အနေနဲ့ပေးဆက်ခဲ့တဲ့အတွက်ကြောင့် ကျွန်တော်တို့အပြစ်ဖြေလွှတ်ခြင်းခံကြတယ်။ ဒါပေမဲ့ ခရစ်ယာန်များအနေနဲ့ ကျွန်တော်တို့မှာ ဘာတာဝန်ရှိသလဲဆိုတာနဲ့ပတ်သက်ပြီး ယေရှုညွှန်ကြားတာကို အလေးထားဖို့လဲ အင်မတန်အရေးကြီးတယ်ဆိုတာကို ကျွန်တော်နားလည်ပါတယ်။ (တ. ၁:၈; မ. ၂၈:၁၉၊ ၂၀)’
သို့မဟုတ် ဤသို့ပြောနိုင်သည်– ‘(ယေရှုသည် သင့်အဖို့သာမက၊ ယုံကြည်သူအားလုံးအဖို့ ကယ်တင်ရှင်ဖြစ်သည်ကို သင်ယုံကြည်သည်မှာ သေချာကြောင်း တင်ပြပြီးနောက်) ယေရှု ယခင်အချိန်က ကျွန်တော်တို့အတွက် အကျိုးဆောင်ခဲ့တာတွေအတွက်သာ ကျွန်တော်တို့ ကျေးဇူးတုံ့သင့်တာမဟုတ်ဘူး။ အခုလုပ်ဆောင်နေတာတွေအတွက်လဲ ကျေးဇူးတုံ့ဖို့အရေးကြီးပါတယ်။ (မ. ၂၅:၃၁-၃၃)’
‘ကျွန်တော် ယေရှုကို ကျွန်တော့်ရဲ့ကယ်တင်ရှင်အဖြစ် လက်ခံပြီးသား’
ဤသို့ပြန်ပြောနိုင်သည်– ‘မိတ်ဆွေက ယေရှုကိုယုံကြည်တယ်လို့ပြောတာကြားရလို့ ဝမ်းသာပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကနေ့ လူတော်တော်များများဟာ ကျွန်တော်တို့အတွက် ယေရှုအကျိုးဆောင်ခဲ့တာတွေကို ထည့်တောင်မစဉ်းစားကြပါဘူး။ ယောဟန် ၃:၁၆ ဆိုတဲ့ကျမ်းချက်ကို မိတ်ဆွေကောင်းကောင်းသိမှာပဲနော်။ . . . ဒါပေမဲ့ ဒီလူတွေ ဘယ်မှာ ထာဝစဉ်နေကြမလဲ။ တချို့ဟာ ခရစ်တော်နဲ့အတူ ကောင်းကင်မှာနေကြမယ်။ ဒါပေမဲ့ လူကောင်းမှန်သမျှ အဲဒီကိုသွားတယ်လို့ ကျမ်းစာပြောသလား။ (မ. ၆:၁၀; ၅:၅)’