ရှင်ပြန်ထမြောက်ခြင်း၌ သင့်ယုံကြည်ချက်မည်မျှခိုင်မာသနည်း
“ငါသည်ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်းရှင်လိမ့်မည်။”—ယောဟန် ၁၁:၂၅။
၁၊ ၂။ ယေဟောဝါအားကိုးကွယ်သူတစ်ဦးသည် ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်ကို အဘယ်ကြောင့်ယုံကြည်စိတ်ချရန်လိုသနည်း။
ရှင်ပြန်ထမြောက်ခြင်း၌ သင့်မျှော်လင့်ချက် မည်မျှခိုင်မာသနည်း။ ယင်းက သင့်အား သေခြင်းကိုမကြောက်ရန်ကြံ့ကြံ့ခံစေပြီး သင်ချစ်မြတ်နိုးရသူတစ်ဦး ဆုံးပါးသွားသောအခါ သက်သာမှုပေးပါသလော။ (မဿဲ ၁၀:၂၈; ၁ သက်သာလောနိတ် ၄:၁၃) ရှင်ပြန်ထမြောက်ခြင်းကို ယုံကြည်ခြင်းကြောင့် ခွန်အားရှိကာ ရိုက်နှက်ခြင်း၊ ကဲ့ရဲ့ခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်းနှင့် ထောင်တွင်လှောင်ထားခြင်းတို့ကို ခံရပ်ခဲ့ကြသည့် ဘုရားသခင့်ရှေးခေတ်ကျေးကျွန်များနှင့်သင်တူပါသလော။—ဟေဗြဲ ၁၁:၃၅-၃၈။
၂ မှန်ပါသည်၊ ယေဟောဝါအား စိတ်ရင်းမှန်ဖြင့်ဝတ်ပြုသူတစ်ဦးသည် ရှင်ပြန်ထမြောက်ခြင်းရှိမည်ဖြစ်ကြောင်း သံသယလုံးဝမရှိသင့်ဘဲ၊ သူ၏ယုံကြည်စိတ်ချမှုက သူ၏အသက်ရှင်နေထိုင်ပုံကို အကျိုးသက်ရောက်သင့်သည်။ ဘုရားသခင်သတ်မှတ်ထားသောအချိန်၌ သမုဒ္ဒရာ၊ သေခြင်းနှင့် ဟေးဒီးစ်တို့က မိမိတို့၌ရှိသောလူသေတို့ကို အပ်ပေးမည်ဖြစ်ပြီး ဤရှင်ပြန်ထမြောက်လာသူအားလုံးသည် မြေကြီးပရဒိသုပေါ်တွင် ထာဝစဉ်နေထိုင်ရမည့်အလားအလာ ရရှိကြမည်ဖြစ်ကြောင်းကို ပြန်သုံးသပ်ခြင်းက ထူးခြားလှသည်။—ဗျာဒိတ် ၂၀:၁၃; ၂၁:၄၊ ၅။
အနာဂတ်အသက်တာနှင့်ပတ်သက်သော သံသယများ
၃၊ ၄။ သေပြီးနောက် အသက်ဆက်ရှင်ခြင်းနှင့်ပတ်သက်၍ လူအများ၌ အဘယ်ယုံကြည်ချက်ရှိနေဆဲဖြစ်သနည်း။
၃ သေပြီးနောက် အသက်ဆက်ရှင်ကြောင်း ခရစ်ယာန်ဘောင်သွန်သင်ခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ။ ယူ.အက်စ်. ကက်သလစ်မဂ္ဂဇင်းပါဆောင်းပါးတစ်ခုက ဤသို့ဆိုသည်– “ခရစ်ယာန်များသည် ငြိမ်းချမ်းမှုနှင့်ရောင့်ရဲမှု၊ ပြည့်စုံမှုနှင့်ပျော်ရွှင်မှုတို့ရှိသည့် တမလွန်ဘဝကို မျှော်လင့်ခြင်းဖြင့် ဤအသက်တာဘဝ၏ မနှစ်မြို့ဖွယ်ရာများနှင့် ဆင်းရဲမှုများကြား ဆက်ရွှင်ပျနိုင်ရန် နှစ်များတစ်လျှောက် ကြိုးစားခဲ့ကြ၏။” ခရစ်ယာန်ဘောင်နိုင်ငံအတော်များများရှိ လူတို့သည် လောကီဆန်လာကာ ဘာသာရေးကို အကောင်းမမြင်တော့သည့်တိုင် သေလွန်ပြီးနောက် တစ်စုံတစ်ရာရှိရမည်ဟု လူအများယူမှတ်ကြဆဲရှိသည်။ သို့သော် သူတို့မသေမချာဖြစ်နေသည့်အရာ များစွာရှိနေသည်။
၄ တိုင်းမ်မဂ္ဂဇင်းဆောင်းပါးတစ်ခုက ဤသို့ဖော်ပြသည်– “လူတို့သည် [တမလွန်ဘဝ] ကိုယုံကြည်ကြဆဲဖြစ်သည်– သူတို့၏အဘယ်အရာအတိအကျဖြစ်သည်ဟူသောယူဆချက်မှာ မှုန်ဝါးဝါးဖြစ်လာခြင်းမျှသာဖြစ်ကာ သူတို့၏တရားဟောဆရာများထံမှ ယင်းအကြောင်းကို သိပ်မကြားရတော့ချေ။” ဓမ္မဆရာများသည် တမလွန်ဘဝအကြောင်း အဘယ်ကြောင့် အပြောနည်းလာကြသနည်း။ ဓမ္မပညာရှင် ဂျက်ဖရီဗာတင်ရပ်စဲလ်က ဤသို့ဆို၏– “ရေပန်းစားသော သံသယတံတိုင်းကို သူတို့ [တရားဟောဆရာများ] ကျော်တက်နေရမည်ကို သိသောကြောင့် ယင်းအကြောင်းကို ရှောင်နေခြင်းဖြစ်မည်ဟု ကျွန်ုပ်ယူဆသည်။”
၅။ ယနေ့လူများစွာသည် ငရဲမီးအယူဝါဒကို မည်သို့ရှုမြင်ကြသနည်း။
၅ ချာ့ချ်များစွာတွင် တမလွန်ဘဝ၌ ကောင်းကင်နှင့် မီးငရဲပါဝင်သည်။ ဓမ္မဆရာများသည် ကောင်းကင်အကြောင်းပြောဆိုရန် တွန့်ဆုတ်ကြလျှင် ငရဲအကြောင်းကိုပြောရန် သာ၍ပင်တွန့်ဆုတ်ကြသည်။ သတင်းစာဆောင်းပါးတစ်ခုက ဤသို့ဆိုသည်– “ပကတိငရဲ၌ ထာဝရဒဏ်စီရင်ခံရခြင်းကို ယုံကြည်သော ချာ့ချ်များပင် . . . ထိုယူဆချက်ကို ယနေ့အလေးမပေးကြတော့ပေ။” မှန်ပါသည်၊ ခေတ်သစ်ကျမ်းပညာရှင်အများစုသည် ငရဲကို အလယ်ခေတ်ကသွန်သင်ခဲ့သည့်အတိုင်း ပကတိညှဉ်းဆဲရာနေရာအဖြစ် မယူဆကြတော့ချေ။ ယင်းအစား ငရဲနှင့်ပတ်သက်၍ ပို “သက်ညှာသော” အမြင်ရှိလိုကြသည်။ ခေတ်သစ်ဝါဒီများစွာအရ အပြစ်သားများသည် ငရဲတွင် စာသားအတိုင်း နှိပ်စက်မခံနေရဘဲ သူတို့၏ “ဘုရားသခင်ထံတော်မှဝိညာဉ်ရေးခွဲခွာမှု” ကြောင့်ဝေဒနာခံစားကြရခြင်းဖြစ်သည်။
၆။ လူတချို့သည် ဝမ်းနည်းဖွယ်ဖြစ်ရပ်နှင့်ရင်ဆိုင်ကြရသောအခါ မိမိတို့၌ ယုံကြည်ခြင်း မလုံလောက်ကြောင်း မည်သို့တွေ့ရှိခဲ့ရသနည်း။
၆ ခေတ်သစ်သဘောထားများကိုမထိခိုက်ရန် ချာ့ချ်အယူဝါဒကိုပျော့ပျောင်းစေခြင်းသည် ရေပန်းမစားခြင်းကိုရှောင်ရန် တချို့ကိုအကူအညီဖြစ်စေပေမည်၊ သို့သော် ချာ့ချ်တက်သည့် စိတ်ရင်းမှန်သူ သန်းပေါင်းများစွာအား အဘယ်အရာကိုယုံကြည်ရမှန်းမသိဖြစ်စေသည်။ ထို့ကြောင့် သေခြင်းနှင့်ပက်ပင်းတိုးသောအခါ ဤသူတို့သည် ယုံကြည်ခြင်းကင်းမဲ့ကြောင်း တွေ့ရှိရတတ်၏။ သူတို့၏စိတ်ထားသည် ကြေကွဲဖွယ်မတော်တဆဖြစ်မှုတစ်ခုတွင် မိသားစုဝင်အတော်အတန်ဆုံးပါးသွားမှုကိုခံခဲ့ရသော အမျိုးသမီးတစ်ဦးနှင့်တူသည်။ သူမ၏ဘာသာရေးခံယူချက်က သူမအားနှစ်သိမ့်မှုရရှိစေပါသလောဟု မေးမြန်းခံရသောအခါ သူမက ချီတုံချတုံဖြင့် “ထင်တာပါပဲ” ဟုဖြေဆိုခဲ့သည်။ သို့သော် သူမ၏ဘာသာရေးခံယူချက်က သူမအားအကူအညီပေးကြောင်း အခိုင်အမာဖြေဆိုခဲ့ဦးတော့ သူ၏ယုံကြည်ချက်များသည် ခြေမြစ်ခိုင်လုံမှုမရှိလျှင် ရေရှည်အကျိုးရှိပါမည်လော။ အမှန်ဆိုလျှင် ယင်းသည် အရေးတကြီးသုံးသပ်ရမည့်အကြောင်းဖြစ်၏၊ အကြောင်းမှာ အနာဂတ်အကြောင်း ချာ့ချ်အများစု၏သွန်သင်ချက်သည် သမ္မာကျမ်းစာသွန်သင်ချက်နှင့် အလွန်ခြားနားသောကြောင့်ဖြစ်သည်။
တမလွန်ဘဝနှင့်ပတ်သက်၍ ခရစ်ယာန်ဘောင်၏အမြင်
၇။ (က) ချာ့ချ်အများစု၌ အဘယ်ယုံကြည်ချက်ရှိသနည်း။ (ခ) ကျမ်းပညာရှင်တစ်ဦးက မသေနိုင်သောစိုးလ်အယူဝါဒကို မည်သို့ဖော်ပြခဲ့သနည်း။
၇ ကွဲလွဲမှုများရှိလင့်ကစား ခရစ်ယာန်ဘောင်ဂိုဏ်းဂဏအားလုံးနီးပါးက လူသားများ၌ လူ့ခန္ဓာကိုယ်သေပြီးနောက် မသေဘဲဆက်တည်ရှိသောစိုးလ်ရှိကြောင်း သဘောတူညီကြ၏။ လူတစ်ဦးသေသောအခါ သူ၏စိုးလ်သည် ကောင်းကင်သို့သွားပေမည်ဟု လူအများစုကယုံကြည်ကြသည်။ အချို့က သူတို့၏စိုးလ်သည် ငရဲမီး သို့မဟုတ် ညှဉ်းဆဲရာအရပ်သို့ရောက်သွားမည်ကို စိုးရိမ်ကြသည်။ သို့သော် အနာဂတ်အပေါ် သူတို့၏ရှုမြင်ပုံသည် မသေနိုင်သောစိုးလ်အယူအဆအပေါ် ဗဟိုပြုသည်။ ကျမ်းပညာရှင် အော်စကာကူလ်မန်းက မသေနိုင်ခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းစာအုပ်ရှိစာစီစာကုံးတစ်ခု၌ ယင်းကို ဤသို့ရေးသားဖော်ပြထားသည်– “ယနေ့ သာမန်ခရစ်ယာန်တစ်ဦးအား . . . သေလွန်ပြီးသူတစ်ဦး၏ကြမ္မာနှင့်ပတ်သက်၍ ဓမ္မသစ်ကျမ်း၏သွန်သင်ချက်ကို သူအဘယ်သို့ခံယူကြောင်း ကျွန်ုပ်တို့မေးကြည့်မည်ဆိုလျှင် ခြွင်းချက်အနည်းငယ်ဖြင့် ကျွန်ုပ်တို့ရရှိမည့်အဖြေမှာ ‘မသေနိုင်သောစိုးလ်’ ဟူ၍ဖြစ်ပါလိမ့်မည်။” သို့ရာတွင် ကူလ်မန်းက ဤသို့ထပ်ဆို၏– “ဤကျယ်ပြန့်စွာလက်ခံထားကြသော အယူအဆသည် ခရစ်ယာန်ဘာသာတရား၏ အကြီးမားဆုံးနားလည်မှု လွဲမှားခြင်းများထဲမှ တစ်ခုဖြစ်သည်။” ဤသို့ မိမိဦးဆုံးပြောဆိုခဲ့စဉ်က ရုတ်ရုတ်သဲသဲဖြစ်ခဲ့ကြောင်း ကူလ်မန်းကပြောပြသည်။ သို့တိုင် သူမှန်ပါသည်။
၈။ ယေဟောဝါသည် ပထမယောက်ျားနှင့်မိန်းမရှေ့တွင် အဘယ်မျှော်လင့်ချက်ချပေးခဲ့သနည်း။
၈ ယေဟောဝါဘုရားသခင်သည် လူတို့သေဆုံးပြီးနောက် ကောင်းကင်သို့သွားရန် သူတို့ကိုမဖန်ဆင်းခဲ့ချေ။ ကိုယ်တော့်မူလရည်ရွယ်ချက်မှာ သူတို့သေကြဖို့လုံးဝမဟုတ်ပါ။ အာဒံနှင့်ဧဝတို့သည် စုံလင်စွာဖန်ဆင်းခံခဲ့ကြရပြီး ဖြောင့်မတ်သောသားသမီးများဖြင့် ကမ္ဘာကိုပြည့်စေရန်ဖြစ်၏။ (ကမ္ဘာဦး ၁:၂၈; တရားဟောရာ ၃၂:၄) ကျွန်ုပ်တို့၏ကနဦးမိဘများသည် ဘုရားသခင်အား မနာခံမှသာလျှင် သေဆုံးမည်ဖြစ်ကြောင်း မိန့်မှာခံခဲ့ရသည်။ (ကမ္ဘာဦး ၂:၁၇) သူတို့သည် ကောင်းကင်ခမည်းတော်၏စကားကို နာခံခဲ့ကြမည်ဆိုလျှင် မြေကြီးပေါ်တွင် ထာဝစဉ်နေထိုင်သွားကြမည်ဖြစ်သည်။
၉။ (က) လူ့စိုးလ်နှင့်ပတ်သက်၍ အမှန်တရားကားအဘယ်နည်း။ (ခ) စိုးလ်သေသောအခါ မည်သို့ဖြစ်သွားသနည်း။
၉ သို့သော် အာဒံနှင့်ဧဝတို့သည် ဘုရားသခင်ကိုမနာခံခဲ့ကြခြင်းသည် ဝမ်းနည်းစရာပင်။ (ကမ္ဘာဦး ၃:၆၊ ၇) ဝမ်းနည်းဖွယ်ဆိုးကျိုးများကို တမန်တော်ပေါလုက ဤသို့ဖော်ပြထားသည်– “အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍၊ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ၊ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ရောက်ရကြ၏။” (ရောမ ၅:၁၂) မြေကြီးပေါ်ထာဝစဉ်အသက်ရှင်ကြရမည့်အစား အာဒံနှင့်ဧဝသည် သေဆုံးခဲ့ကြသည်။ သို့နှင့် ဘာဖြစ်ခဲ့သနည်း။ သူတို့၏အပြစ်ကြောင့် ငရဲမီးထဲကျရန် သူတို့၌ မသေနိုင်သောစိုးလ်ရှိခဲ့ပါသလော။ သို့အစား အစောပိုင်းတွင် အာဒံဖန်ဆင်းခံခဲ့ရသောအချိန်၌ သူသည် “အသက်ရှင်သောသတ္တဝါ [“စိုးလ်၊” ကဘ] ဖြစ်လေ၏” ဟုသမ္မာကျမ်းစာကဆိုထား၏။ (ကမ္ဘာဦး ၂:၇) လူသည် စိုးလ် ပေးမခံခဲ့ရပါ။ သူသည် အသက်ရှင်သောသူ၊ စိုးလ်ဖြစ်လာသည်။ (၁ ကောရိန္သု ၁၅:၄၅) အာဒံသာလျှင် “အသက်ရှင်သောစိုးလ်တစ်ဦး” မဟုတ်၊ ကမ္ဘာဦးကျမ်းကိုရေးသားခဲ့သည့် ဟေဗြဲဘာသာစကားဖြင့် ဖော်ပြထားသည့်အတိုင်း နိမ့်ကျသောတိရစ္ဆာန်များလည်း “အသက်ရှင်သောစိုးလ်များ” ဖြစ်ကြ၏! (ကမ္ဘာဦး ၁:၂၄) အာဒံနှင့်ဧဝတို့သေဆုံးသွားသောအခါ သူတို့သည် စိုးလ်အသေများဖြစ်လာခဲ့ကြသည်။ နောက်ဆုံးတွင် အာဒံကိုယေဟောဝါမိန့်မှာသကဲ့သို့ပင် ဖြစ်ခဲ့၏– “သင်ထွက်ရာမြေသို့မပြန်မီတိုင်အောင်၊ သင်၏မျက်နှာမှချွေးထွက်လျက် အစာကိုစားရမည်။ အကြောင်းမူကား၊ သင်သည်မြေမှုန့်ဖြစ်၍၊ မြေမှုန့်သို့ပြန်ရမည်။”—ကမ္ဘာဦး ၃:၁၉။
၁၀၊ ၁၁။ ကျမ်းစာသွန်သင်ချက်ဖြစ်သောစိုးလ်အကြောင်း ကက်သလစ်စွယ်စုံကျမ်းသစ်က မည်သို့ဝန်ခံထားပြီး ယင်းကို ကျမ်းစာအဆိုနှင့်နှိုင်းယှဉ်သော် မည်သို့နေသနည်း။
၁၀ အဓိကအားဖြင့်ဆိုရလျှင် ကက်သလစ်စွယ်စုံကျမ်းသစ်က ယင်းကိုသဘောတူသည်။ ၎င်း၏ဆောင်းပါး “စိုးလ် (သမ္မာကျမ်းစာ၌)” တွင် ဤသို့ဆိုသည်– “ဓဟ [“ဓမ္မဟောင်းကျမ်း” သို့မဟုတ် ဟေဗြဲကျမ်းစာစောင်များ] ၌ကိုယ်ခန္ဓာနှင့် စိုးလ်ကို [အစိတ်အပိုင်းနှစ်ခုအဖြစ်] မခွဲခြားထားပါ။ သမ္မာကျမ်းစာထဲ၌ “စိုးလ်” ဟူသောစကားလုံးသည် “ခန္ဓာကိုယ် သို့မဟုတ် လူတစ်ဦးချင်းစီနှင့်သီးခြားနေသည့်စိုးလ်ကို ဘယ်တော့မျှမဆိုလိုပါ” ဟုထပ်ဆင့်ဆိုထား၏။ အမှန်ပင်၊ စိုးလ်သည် “အသက်ရှင်သည့် တိရစ္ဆာန်ကိုဖြစ်စေ၊ လူကိုဖြစ်စေဆိုလိုလေ့ရှိသည်။” ထိုသို့ပွင့်လင်းစွာပြောဆိုထားခြင်းသည် လန်းဆန်းမှုပေးသော်လည်း ချာ့ချ်တက်သူအများစုသည် ဤအကြောင်းအရာများကို အဘယ်ကြောင့်မသိရှိကြရသနည်းဟု တစ်စုံတစ်ယောက်ကမေးပေမည်။
၁၁ “ပြစ်မှားသောဝိညာဉ် [“စိုးလ်၊” ကဘ] သည် အသက်သေရမည်၊” ငရဲမီးတွင် ဝေဒနာခံစားနေခြင်းမဟုတ်ဟူသည့် ဤရိုးရှင်းသောကျမ်းစာသမ္မာတရားကို ချာ့ချ်တက်သူများသာ သိရှိခဲ့ကြမည်ဆိုလျှင် မည်မျှစိုးရိမ်ကြောက်လန့်မှုတို့မှလွတ်မြောက်လိုက်ကြမည်ပါတကား! (ယေဇကျေလ ၁၈:၄) ယင်းသည် ခရစ်ယာန်ဘောင်၏သွန်သင်ချက်နှင့် အလွန်ခြားနားသော်လည်း မှုတ်သွင်းခြင်းအားဖြင့် ပညာရှိရှောလမုန်ဆိုခဲ့သောစကားနှင့် လုံးလုံးညီညွတ်၏– “အသက်ရှင်သောသူသည် မိမိသေရမည်ကိုသိ၏။ သေသောသူမူကား၊ အဘယ်အရာကိုမျှမသိ။ အကျိုးအပြစ်ကိုလည်းမခံရ။ သူ့ကိုလည်းမေ့လျော့တတ်ကြ၏။ ဆောင်ရွက်စရာအမှုရှိသမျှတို့ကို ကြိုးစားအားထုတ်၍ဆောင်ရွက်လော့။ အကြောင်းမူကား၊ သင်ယခုသွား၍ ရောက်ရလတ္တံ့သောအရပ်တည်းဟူသော မရဏာနိုင်ငံ၌ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ်မရှိ။ ပညာမရှိပါတကား။”—ဒေသနာ ၉:၅၊ ၁၀။
၁၂။ ခရစ်ယာန်ဘောင်သည် ၎င်း၏ မသေနိုင်သောစိုးလ်သွန်သင်ချက်ကို အဘယ်မှရခဲ့သနည်း။
၁၂ ခရစ်ယာန်ဘောင်သည် သမ္မာကျမ်းစာမိန့်ဆိုချက်နှင့် အလွန်ကွာခြားသောအကြောင်းကို အဘယ်ကြောင့် သွန်သင်ရသနည်း။ ကက်သလစ်စွယ်စုံကျမ်းသစ်က “စိုးလ်၊ လူသား၊ မသေနိုင်သော” ဆောင်းပါးတွင် အစောပိုင်းချာ့ချ်ဖခင်များသည် မသေနိုင်သောစိုးလ်အယူအဆအတွက် ထောက်ခံချက်ကို သမ္မာကျမ်းစာမှမဟုတ်ဘဲ “ကဗျာဆရာများနှင့် ဒဿနပညာရှင်များ၊ ဂရိရိုးရာအတွေးအခေါ်များမှ ရရှိခဲ့ကြသည်။ . . . နောက်ပိုင်းတွင် ပညာရှင်များသည် ပလေတို သို့မဟုတ် အရစ္စတိုတယ်၏မူများကိုအသုံးပြုဖို့ ပိုနှစ်သက်လာကြသည်။” နောက်ဆုံး၌ မသေနိုင်သောစိုးလ်ဟူသောအယူအဆအပါအဝင် “ပလေတိုအတွေးအခေါ်နှင့် ပလေတိုအတွေးအခေါ်ပုံစံသစ်၏လွှမ်းမိုးမှု” ကို “ခရစ်ယာန်ကျမ်းပညာ၏အဓိကအူတိုင်ထဲသို့” ထည့်သွင်းခဲ့ကြသည်ဟု ယင်းကဖော်ပြ၏။
၁၃၊ ၁၄။ အယူမှားသောဂရိဒဿနပညာရှင်များမှ အသိပညာရရှိရန်မျှော်လင့်ခြင်းသည် အဘယ်ကြောင့်ကျိုးကြောင်းမညီသနည်း။
၁၃ ခရစ်ယာန်အမည်ခံသူများသည် သေပြီးနောက် အသက်တာမျှော်လင့်ချက်ကဲ့သို့သော တကယ့်အခြေခံအကြောင်းကိုသိရှိရန် အယူမှားသောဂရိဒဿနပညာရှင်များထံသို့ ဦးလှည့်သွားသင့်ပါသလော။ မသင့်ပါ။ ဂရိနိုင်ငံ၊ ကောရိန္သုမြို့နေ ခရစ်ယာန်များထံ ပေါလုစာရေးခဲ့စဉ် သူကဤသို့ဆိုခဲ့သည်– “လောကီပညာသည် ဘုရားသခင့်ရှေ့၌မိုက်မဲခြင်းဖြစ်၏။ ကျမ်းစာလာသည်ကား၊ ‘ဘုရားသခင်သည် ပညာရှိတို့ကို သူတို့၏ပရိယာယ်အားဖြင့် ဖမ်းဆီးတော်မူ၏’ ဟုလာသတည်း။ တစ်ဖန်တုံ၊ ‘ပညာရှိတို့၏အကြံအစည်တို့သည် အချည်းနှီးဖြစ်ကြောင်းကို ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] သိတော်မူ၏’ ဟုလာသတည်း။” (၁ ကောရိန္သု ၃:၁၉၊ ၂၀) ရှေးဂရိများသည် ရုပ်ပုံကိုးကွယ်သူများဖြစ်ခဲ့ကြ၏။ သို့ဖြစ်လျှင် သူတို့သည် မည်သို့အမှန်တရားရင်းမြစ်ဖြစ်နိုင်ပါမည်နည်း။ ကောရိန္သုမြို့သားများကို ပေါလုကဤသို့မေးခဲ့သည်– “ဘုရားသခင်၏ဗိမာန်တော်သည် ရုပ်တုတို့နှင့်အဘယ်သို့စပ်ဆိုင်ရမည်နည်း။ ဘုရားသခင်မိန့်တော်မူသည်ကား၊ ‘သူတို့တွင်ငါကျိန်းဝပ်မည်။ သူတို့တွင်လှည့်လည်၍ သူတို့၏ဘုရားသခင်ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူဖြစ်ကြလိမ့်မည်’ ဟု မိန့်တော်မူသည်နှင့်အညီ၊ သင်တို့သည် အသက်ရှင်တော်မူသောဘုရားသခင်၏ ဗိမာန်တော်ဖြစ်ကြ၏။”—၂ ကောရိန္သု ၆:၁၆။
၁၄ မြင့်မြတ်သောအမှန်တရားကို ဣသရေလလူမျိုးမှတစ်ဆင့် အစပြုဖော်ပြခဲ့သည်။ (ရောမ ၃:၁၊ ၂) စီ.အီး. ၃၃ ပြီးနောက် ယင်းကို ပထမရာစုရှိ ဘိသိက်ခံခရစ်ယာန်များမှတစ်ဆင့် ပေးအပ်ခဲ့သည်။ ပထမရာစု ခရစ်ယာန်များအကြောင်း ပေါလုပြောဆိုရာတွင် ဤသို့ဆိုခဲ့သည်– “ထိုအရာတို့ကို ဘုရားသခင်သည် မိမိဝိညာဉ်အားဖြင့် [ကိုယ်တော်ကိုချစ်တော်မူသောသူတို့အတွက် ပြင်ဆင်ပေးသောအရာများကို] ငါတို့အားဖော်ပြတော်မူ၏။” (၁ ကောရိန္သု ၂:၁၀; ဗျာဒိတ် ၁:၁၊ ၂ လည်းရှု) ခရစ်ယာန်ဘောင်၏ မသေနိုင်သောစိုးလ်အယူသည် ဂရိအတွေးအခေါ်မှ ဆင်းသက်လာခဲ့သည်။ ဣသရေလလူမျိုးကိုပေးသော ဘုရားသခင့်ဗျာဒိတ်တော်များ၊ သို့မဟုတ် ဘိသိက်ခံခရစ်ယာန်များ၏ပထမရာစုအသင်းတော်မှတစ်ဆင့် ယင်းကိုဖော်ပြခဲ့သည်မဟုတ်ပါ။
လူသေများအတွက် စစ်မှန်သောမျှော်လင့်ချက်
၁၅။ ယေရှုအဆိုအရ လူသေတို့အတွက် စစ်မှန်သောမျှော်လင့်ချက်ကားအဘယ်နည်း။
၁၅ မသေနိုင်သောစိုးလ်မရှိလျှင်၊ လူသေများအတွက် စစ်မှန်သောမျှော်လင့်ချက်ကား အဘယ်နည်း။ သမ္မာကျမ်းစာ၏အဓိကအယူဝါဒတစ်ခုဖြစ်၍ ဘုရားသခင်၏ အမှန်တကယ်အံ့သြဖွယ်ကောင်းသော ကတိတော်တစ်ခုဖြစ်သည့် ရှင်ပြန်ထမြောက်လာခြင်းပင်ဖြစ်၏။ ယေရှုက သူ၏မိတ်ဆွေမာသအား “ငါသည်ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်” ဟုမိန့်တော်မူခဲ့စဉ် ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်ကိုကမ်းလှမ်းခဲ့၏။ (ယောဟန် ၁၁:၂၅) ယေရှု၌ယုံကြည်ခြင်းသည် ရှင်ပြန်ထမြောက်ခြင်း၌ယုံကြည်ခြင်းဖြစ်သည်၊ မသေနိုင်သောဝိညာဉ်စိုးလ်၌ ယုံကြည်ခြင်းမဟုတ်ချေ။
၁၆။ ရှင်ပြန်ထမြောက်ခြင်းကိုယုံကြည်ခြင်းသည် အဘယ်ကြောင့် ကျိုးကြောင်းညီညွတ်သနည်း။
၁၆ ယေရှုက ဂျူးအချို့တို့ကို “ဤအမှုအရာကိုအံ့သြခြင်းမရှိကြနှင့်။ သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့သည် သားတော်၏စကားသံကိုကြား၍၊ ထွက်ရမည့်အချိန်ကာလရောက်လတ္တံ့” ဟုပြောဆိုခဲ့စဉ် ကိုယ်တော်သည် ရှင်ပြန်ထမြောက်ခြင်းကိုပြောခဲ့သည်။ (ယောဟန် ၅:၂၈၊ ၂၉) ဤတွင် ယေရှုဖော်ပြချက်သည် ခန္ဓာကိုယ်သေပြီးနောက် ကောင်းကင်သို့တန်းသွားသော မသေနိုင်သည့်စိုးလ်နှင့် အလွန်ခြားနားလှသည်။ ယင်းသည် သင်္ချိုင်းတွင် ရာစုနှစ်များစွာ သို့မဟုတ် နှစ်ထောင်ချီ၍ပင်ရှိနေသည့်လူတို့ အနာဂတ်တွင် ‘ထွက်လာခြင်း’ ဖြစ်၏။ ယင်းသည် စိုးလ်အသေများ ပြန်ရှင်လာခြင်းဖြစ်သည်။ မဖြစ်နိုင်ပေလော။ “သေလွန်သောသူတို့ကို ရှင်စေတော်မူထသော၊ မဖြစ်သေးသောအရာတို့ကို ဖြစ်သောအရာကဲ့သို့ မှာထားတော်မူသော” ဘုရားသခင်အတွက် မဖြစ်နိုင်ရာမဟုတ်ပေ။ (ရောမ ၄:၁၇) သေရာမှပြန်လာခြင်းအကြောင်းကို မယုံကြည်သူများက ကဲ့ရဲ့ကြမည်ဖြစ်သော်လည်း “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ” သည်ဟူသောအချက်အပြင် “ကိုယ်တော်ကိုရှာသောသူအား အကျိုးပေးတော်မူ” သည်ဟူသောအချက်များနှင့် လုံးလုံးကိုက်ညီသည်။—၁ ယောဟန် ၄:၁၆; ဟေဗြဲ ၁၁:၆။
၁၇။ ဘုရားသခင်သည် ရှင်ပြန်ထမြောက်ခြင်းအားဖြင့် အဘယ်အရာကိုဖြစ်မြောက်စေမည်နည်း။
၁၇ စဉ်းစားကြည့်ပါ၊ ဘုရားသခင်သည် “သေသည်တိုင်အောင်သစ္စာစောင့်” သူများကို အသက်ပြန်မရှင်စေလျှင် သူတို့ကို ကိုယ်တော်မည်သို့ဆုချနိုင်ပါမည်နည်း။ (ဗျာဒိတ် ၂:၁၀) ရှင်ပြန်ထမြောက်ခြင်းက တမန်တော်ယောဟန်ရေးသားခဲ့သောအရာကိုလည်း ဘုရားသခင် ဖြစ်မြောက်စေရန် ဖြစ်စေသည်– “မာရ်နတ် [စာတန်] အမှုတို့ကိုပယ်ဖျက်စေခြင်းငှာ၊ ဘုရားသခင်၏သားတော်သည် ထင်ရှားပေါ်ထွန်းတော်မူ၏။” (၁ ယောဟန် ၃:၈) ဧဒင်ဥယျာဉ်၌ ကျွန်ုပ်တို့၏ပထမမိဘများကို အပြစ်နှင့်သေခြင်းသို့ စာတန်ပို့ဆောင်ခဲ့ချိန်တွင် သူသည် လူသားမျိုးနွယ်တစ်ခုလုံးကို သတ်သောသူဖြစ်လာခဲ့၏။ (ကမ္ဘာဦး ၃:၁-၆; ယောဟန် ၈:၄၄) ယေရှုသည် ကိုယ်တော်၏စုံလင်သောအသက်ကို တန်ဖိုးတူရွေးနုတ်ဖိုးအဖြစ် ပေးအပ်ခဲ့သောအခါ အာဒံ၏စိတ်လိုကိုယ်လျောက်မနာခံမှုကြောင့် လူသားထုအမွေရခဲ့သည့် အပြစ်တရား၏ကျွန်အဖြစ်မှ လွတ်မြောက်ရာလမ်းကို ဖွင့်ပေးခြင်းအားဖြင့် စာတန်၏လုပ်ရပ်များကို စတင်ချိုးဖျက်ခဲ့သည်။ (ရောမ ၅:၁၈) ဤအာဒံ၏အပြစ်ကြောင့် သေသောသူများ၏ရှင်ပြန်ထမြောက်ခြင်းသည် စာတန်၏လုပ်ရပ်များကို ထပ်ဆင့်ချိုးဖျက်ခြင်း ဖြစ်ပါလိမ့်မည်။
ခန္ဓာကိုယ်နှင့်စိုးလ်
၁၈။ ယေရှုရှင်ပြန်ထမြောက်ခဲ့ပြီဖြစ်ကြောင်း ပေါလု၏ဖော်ပြချက်ကို ဂရိဒဿနပညာရှင်အချို့က မည်သို့တုံ့ပြန်ခဲ့ကြသနည်း၊ အဘယ်ကြောင့်နည်း။
၁၈ တမန်တော်ပေါလုသည် အာသင်မြို့တွင်ရှိခဲ့စဉ် ဂရိဒဿနပညာရှင်တချို့ပါဝင်သည့် လူအုပ်ကို သတင်းကောင်းဟောပြောခဲ့သည်။ သူတို့သည် စစ်မှန်သောဘုရားသခင်တစ်ပါးနှင့် နောင်တရဖို့ ကိုယ်တော်၏ဖိတ်ခေါ်ချက်အကြောင်း သူ၏ဆွေးနွေးမှုကို ကြားခဲ့ကြသည်။ သို့သော် နောက်ဘာဖြစ်ပျက်ခဲ့သနည်း။ ပေါလုသည် သူ၏ဟောပြောချက်ကို ဤသို့နိဂုံးချုပ်ခဲ့သည်– “ခန့်ထားတော်မူသောသူအားဖြင့် လောကီသားတို့ကို ဖြောင့်မတ်ခြင်းတရားနှင့်ညီလျော်စွာ စစ်ကြောစီရင်မည့်နေ့ရက်ကို [ဘုရားသခင်] ချိန်းချက်တော်မူပြီ။ ထိုသူကိုသေခြင်းမှ ထမြောက်စေတော်မူသောအားဖြင့် ခပ်သိမ်းသောလူတို့အား ယုံလောက်သောသက်သေကို ပြတော်မူပြီ။” ထိုစကားများက လှုပ်လှုပ်ရှားရှားဖြစ်စေခဲ့သည်။ “သေသောသူတို့၏ထမြောက်ခြင်းအကြောင်းကို ကြားရလျှင်၊ အချို့တို့သည်ကဲ့ရဲ့ကြ၏။” (တမန်တော် ၁၇:၂၂-၃၂) ကျမ်းပညာရှင်အော်စကာကူလ်မန်းက ဤသို့ထုတ်ဖော်ပြောဆိုသည်– “မသေနိုင်သောစိုးလ်ရှိ၏ဟု ယုံကြည်ကြသောဂရိများအတွက် ခရစ်ယာန်များဟောပြောသည့် ရှင်ပြန်ထမြောက်ခြင်းကို လက်ခံရန် အခြားသူများထက် ပိုခက်ပေမည်။ . . . မဟာဒဿနပညာရှင်များဖြစ်သော ဆိုကရေးတီးနှင့် ပလေတိုတို့၏သွန်သင်ချက်ကို ဓမ္မသစ်ကျမ်းနှင့် ညီညွတ် [သဘောတူ] စေနိုင်သည့်နည်းလမ်းမရှိပါ။”
၁၉။ ခရစ်ယာန်ဘောင်ကျမ်းပညာရှင်များသည် ရှင်ပြန်ထမြောက်ခြင်းသွန်သင်ချက်နှင့် မသေနိုင်သောစိုးလ်အယူဝါဒကိုကိုက်ညီစေဖို့ မည်သို့ကြိုးစားခဲ့ကြသနည်း။
၁၉ သို့တိုင် တမန်တော်များသေဆုံးပြီးနောက် သင်းကွဲဖောက်ပြန်မှုကြီးဖြစ်ပေါ်လာရာ ခရစ်ယာန်သွန်သင်ချက်ဖြစ်သည့် ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ပလေတို၏ မသေနိုင်သောစိုးလ်အယူနှင့် ပေါင်းစပ်သွားရန်ကြိုးပမ်းခဲ့ကြသည်။ နောက်ဆုံးသော် အချို့သူများက လူသေသောအခါ စိုးလ်သည် ခန္ဓာကိုယ်မှ ခွဲထွက်သွား (အချို့ဆိုသည့်အတိုင်း “လွတ်မြောက်သွား”) သည်ဟူသော ဆန်းသစ်သည့်ဖြေရှင်းနည်းကို သဘောတူလက်ခံကြသည်။ ထို့အပြင် အာရ်. ဂျေ. ကွပ်ခ်ရေးသော ရှင်ပြန်ထမြောက်ခြင်းအယူဝါဒ၏အကြမ်းဖျင်းများစာအုပ်အရ တရားစီရင်ရာနေ့တွင် “ခန္ဓာကိုယ်တစ်ခုစီသည် သက်ဆိုင်ရာစိုးလ်နှင့်တစ်ဖန်ပြန်ပေါင်းမည်ဖြစ်ရာ စိုးလ်တစ်ခုစီသည် သက်ဆိုင်ရာကိုယ်ခန္ဓာနှင့်ပြန်ပေါင်းကြမည်။” ခန္ဓာကိုယ်နှင့် သက်ဆိုင်ရာမသေနိုင်သောစိုးလ် ပြန်ပေါင်းသောအနာဂတ်အချိန်ကို ရှင်ပြန်ထမြောက်ခြင်းဟုဆိုကြသည်။
၂၀၊ ၂၁။ ရှင်ပြန်ထမြောက်ခြင်းအကြောင်း အမှန်တရားကို မည်သူများသည် တစ်သမတ်တည်း သွန်သင်ခဲ့ကြပြီနည်း။ ယင်းက သူတို့ကို မည်သို့အကျိုးရှိစေခဲ့သနည်း။
၂၀ ဤအယူအဆသည် ပင်မချာ့ချ်များ၏အရေးပါသောအယူဝါဒဖြစ်ဆဲပင်။ ထိုယူဆချက်သည် ကျမ်းပညာရှင်တစ်ဦးအတွက် ဆင်ခြင်တုံတရားနှင့်ညီပုံရှိသော်လည်း ချာ့ချ်တက်သူအများစုသည် ယင်းကိုအကျွမ်းတဝင်မရှိကြချေ။ သူတို့သေသောအခါ ကောင်းကင်သို့တန်းသွားလိမ့်မည်ဟုသာ သူတို့ယုံကြည်ကြသည်။ ဤအကြောင်းကြောင့် ၁၉၉၅၊ မေ ၅ ရက်နေ့ထုတ် ကောင်းကျိုးအဝဝစာအုပ်တွင် စာရေးဆရာ ဂျွန်ဂါဗေးက ဤသို့စွပ်စွဲခဲ့၏– “ခရစ်ယာန်အများစု၏ [သေပြီးနောက် အသက်ရှင်ခြင်းနှင့်ပတ်သက်သော] ယုံကြည်ချက်သည် ခရစ်ယာန်အယူစစ်စစ်တစ်ခုခုနှင့် နီးစပ်သည်ထက် ပလေတိုဆန်ဆန်ဝါဒနှင့်ပိုနီးစပ်ပြီး ယင်းသည် ကျမ်းစာအခြေခံထားခြင်းမရှိပေ။” မှန်ပါသည်၊ သမ္မာကျမ်းစာကို ပလေတိုနှင့်ဖလှယ်လိုက်ကြခြင်းဖြင့် ခရစ်ယာန်ဘောင်ဆရာတို့သည် ၎င်းတို့၏သိုးတော်စုအတွက် ကျမ်းစာဆိုင်ရာရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်ကို ငြိမ်းသတ်ခဲ့ကြသည်။
၂၁ အခြားတစ်ဖက်တွင် ယေဟောဝါသက်သေများသည် မှားယွင်းသောအတွေးအခေါ်ကိုငြင်းပယ်ကြပြီး ကျမ်းစာသွန်သင်ချက်ဖြစ်သည့် ရှင်ပြန်ထမြောက်ခြင်းကို ယုံကြည်လက်ခံကြ၏။ ထိုသွန်သင်ခြင်းသည် တည်ဆောက်မှု၊ ကျေနပ်မှုနှင့် နှစ်သိမ့်မှုပေးကြောင်း သူတို့တွေ့ရှိခဲ့ကြသည်။ နောက်ဆောင်းပါးများတွင် မြေကြီးမျှော်လင့်ချက်ရှိသူများနှင့် ကောင်းကင်အသက်တာသို့ ရှင်ပြန်ထမြောက်ရန် မျှော်လင့်သူများအတွက်ပါ ကျမ်းစာသွန်သင်ချက်ဖြစ်သည့် ရှင်ပြန်ထမြောက်ခြင်းအကြောင်းသည် မည်မျှခြေမြစ်ခိုင်လုံပြီး ဆင်ခြင်တုံတရားနှင့် မည်မျှညီညွတ်ကြောင်းတို့ကို ကျွန်ုပ်တို့သိရှိကြရမည်။ ယင်းဆောင်းပါးများကို သုံးသပ်ရန်ပြင်ဆင်မှုတစ်ခုအဖြစ် ကောရိန္သုပထမစာစောင်အခန်းကြီး ၁၅ ကိုအသေအချာဖတ်ရှုရန် ကျွန်ုပ်တို့အကြံပြုပါသည်။
သင်မှတ်မိသလော
◻ ရှင်ပြန်ထမြောက်ခြင်း၌ အခိုင်အမာယုံကြည်စိတ်ချမှုကို အဘယ်ကြောင့်ပြုစုပျိုးထောင်သင့်သနည်း။
◻ ယေဟောဝါသည် အာဒံနှင့်ဧဝရှေ့၌ အဘယ်အလားအလာကို ချထားခဲ့သနည်း။
◻ ဂရိအတွေးအခေါ်တွင် အမှန်တရားကိုရှာဖွေရန် အဘယ်ကြောင့်ဆင်ခြင်တုံတရားနှင့်မကိုက်ညီသနည်း။
◻ ရှင်ပြန်ထမြောက်ခြင်းသည် အဘယ်ကြောင့်ကျိုးကြောင်းညီညွတ်သောမျှော်လင့်ချက်ဖြစ်သနည်း။
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ကျွန်ုပ်တို့၏ကနဦးမိဘများသည် အပြစ်ပြုခဲ့ကြသောအခါ မြေကြီးပေါ်ထာဝရအသက်ရရှိရန်မျှော်လင့်ချက် ပျောက်ဆုံးခဲ့
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
ချာ့ချ်ပညာရှင်များသည် ပလေတို၏ မသေနိုင်သောစိုးလ်အယူ၏ဩဇာအောက် ရောက်ခဲ့
[Credit Line]
Musei Capitolini, Roma