ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၆ ၃/၁ စာ. ၄-၇
  • သင့်ကို ဘုရားသခင်ဂရုစိုက်တော်မူ၏

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်ကို ဘုရားသခင်ဂရုစိုက်တော်မူ၏
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှေးခေတ်ပုံနမူနာ
  • သင့်ကို ယေဟောဝါဆွဲဆောင်တော်မူပြီ
  • ယေရှု၏အံ့ဖွယ်အမှုများ
  • ယေဟောဝါသည် ဆုကျေးဇူးပေးတော်မူသောအရှင်ဖြစ်လာ
  • တစ်စုံတစ်ဦးသည် သင့်ကို အမှန်တကယ် ဂရုစိုက်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ယေဟောဝါ သင်တို့ကို သတိနှင့်ကြည့်ရှုတော်မူ၏
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ယေဟောဝါသည် ‘မိမိကို ကြိုးစားရှာသောသူအား ဆုချ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • သင့်ကို ယေဟောဝါဘုရားသခင် တန်ဖိုးထားပါသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
က၉၆ ၃/၁ စာ. ၄-၇

သင့်ကို ဘုရားသခင်ဂရုစိုက်တော်မူ၏

အသက် ၅၀ နီးပါးရှိသော ခရစ်ယာန်အမျိုးသမီး မေရီသည် ဒုက္ခမျိုးစုံတွေ့ ကြုံခဲ့ရသည်။ သူမလင်ယောက်ျား၏ ဖောက်ပြားမှုကြောင့် လွန်ခဲ့သောဆယ်နှစ်ကျော်က လင်မယားကွာရှင်းခဲ့ရ၏။ ထိုအချိန်ကတည်းက မေရီသည် ကြင်ဖော်မဲ့မိဘတစ်ဦးအနေနှင့် သူမ၏ကလေးလေးယောက်အတွက် တာဝန်ကျေပွန်ရန် ရုန်းကန်ခဲ့ရသည်။ သူသည် ယနေ့ထိတိုင် တစ်ကိုယ်တည်းဖြစ်ပြီး တစ်ခါတစ်ရံ အထီးကျန်ခြင်းသည် မခံမရပ်နိုင်ပုံရှိသည်။ သို့ ဖြစ်၍ မေရီခမျာ ‘ငါနဲ့ ငါ့ရဲ့ဖတဆိုးကလေးလေးတွေကို ဘုရားသခင်ဂရုမစိုက်ဘူးလို့ ဆိုရမလား’ ဟုအတွေးပေါက်လာမိသည်။

သင်ကိုယ်တိုင် ထပ်တူအဖြစ်မျိုး ကြုံဖူးသည်ဖြစ်စေ၊ မကြုံဖူးသည်ဖြစ်စေ သင်သည် မေရီအပေါ် ကိုယ်ချင်းစာနာစိတ် ရှိမည်သာဖြစ်သည်။ ကျွန်ုပ်တို့အားလုံးသည် ခက်ခဲပင်ပန်းသောအခြေအနေများကို ကြုံတွေ့ကြဖူးပါသည်။ ထိုအခါ ယေဟောဝါသည် အဘယ်အချိန်တွင် အဘယ်နည်းဖြင့် ကျွန်ုပ်တို့အကျိုးကို စီရင်ပေးတော်မူမည်နည်းဟု တွေးတောကြပေမည်။ ဤတွေ့ကြုံမှုအချို့သည် ဘုရားသခင်၏ပညတ်ကိုလိုက်နာခြင်း၏ တိုက်ရိုက်အကျိုးသက်ရောက်မှုတစ်ခုဖြစ်ကောင်းဖြစ်နိုင်၏။ (မဿဲ ၁၀:၁၆-၁၈; တမန်တော် ၅:၂၉) အချို့မှာမူ စာတန့်လောကထဲတွင် မစုံလင်သူများအဖြစ် အသက်ရှင်နေရခြင်းကြောင့် ဖြစ်ပေမည်။ (၁ ယောဟန် ၅:၁၉) “ဖန်ဆင်းတော်မူသမျှသည် ယခုတိုင်အောင် တညီတညွတ်တည်းညည်းတွားလျက် ဝေဒနာခံစားလျက်နေရ” ကြ၏ဟု တမန်တော်ပေါလု ရေးသားခဲ့ပါသည်။—ရောမ ၈:၂၂၊ သမ။

သို့ရာတွင် အပြင်းအထန်စမ်းသပ်ခံရသည့်အတွက် ယေဟောဝါသည် သင့်အားစွန့်ပစ်ထားတော်မူပြီ သို့မဟုတ် သင့်အကျိုးကိုစိတ်ဝင်စားမှုပြတော်မမူပါဟူသည့်သဘော မသက်ရောက်ပါ။ ယင်းကို သင်မည်သို့သေချာသိနိုင်မည်နည်း။ ဘုရားသခင်သည် သင့်ကိုဂရုစိုက်တော်မူကြောင်း အဘယ်အရာကတင်ပြသနည်း။

ရှေးခေတ်ပုံနမူနာ

ယေဟောဝါသည် လူတို့ကို ပုဂ္ဂိုလ်တစ်ဦးချင်းစီအနေနှင့် ဂရုစိုက်တော်မူကြောင်း သမ္မာကျမ်းစာ၌ သက်သေသာဓကများရှိပါသည်။ ဥပမာ၊ ဒါဝိဒ်ကိုစဉ်းစားကြည့်ပါ။ ယေဟောဝါသည် ဤသိုးထိန်းလူငယ်လေးအပေါ် စိတ်ဝင်စားမှုတင်ပြတော်မူကာ သူ့ကို “စိတ်နှလုံးတော်နှင့်ညီညွတ်သောသူ” ဟုယူမှတ်တော်မူခဲ့ပါသည်။ (၁ ဓမ္မရာဇဝင် ၁၃:၁၄) နောက်ပိုင်းတွင် ဒါဝိဒ်သည် ဘုရင်ဖြစ်လာသောအခါ ယေဟောဝါက သူ့အား “သင်သွားလေရာရာ၌ ငါလိုက်” မည်ဟုကတိပေးတော်မူခဲ့သည်။—၂ ဓမ္မရာဇဝင် ၇:၉။

ယင်းအတွက်ကြောင့် ဒါဝိဒ်သည် “ဘေးကင်းရန်ကွာ” ဘဝမျိုးဖြင့် အခက်အခဲတစ်စုံတစ်ခုမျှ မခံရဘဲ နေခဲ့သလော။ မနေခဲ့ပါ။ ဒါဝိဒ်သည် မင်းမဖြစ်မီနှင့် မင်းအဖြစ် အုပ်စိုးချိန်အတွင်း ပြင်းထန်သောစမ်းသပ်မှုများကို ကြုံတွေ့ခဲ့ရသည်။ ရှင်ဘုရင်မဖြစ်မီတွင် သူ့ကိုသတ်ဖြတ်လိုသော ရှောလုမင်းကြီး၏ လိုက်လံရှာဖွေမှုကို နှစ်အတန်ကြာကြုံခဲ့ရ၏။ ဒါဝိဒ်သည် ဤအချိန်အတွင်း ဤသို့ရေးသားခဲ့သည်– “ငါ့ဝိညာဉ်သည် ခြင်္သေ့စုထဲမှာနေရ၏။ . . . လူသားတို့ . . . သွားတို့သည် လှံနှင့်မြားဖြစ်ကြ၏။”—ဆာလံ ၅၇:၄။

သို့တိုင် ဤဆင်းရဲဒုက္ခကာလတစ်လျှောက် မိမိကို ယေဟောဝါကိုယ်တော်တိုင် ဂရုစိုက်တော်မူကြောင်း ဒါဝိဒ်ယုံကြည်သည်။ ယေဟောဝါထံဆုတောင်းစဉ် “အကျွန်ုပ်၏ဝရမ်းပြေးဘဝကို ကိုယ်တော်မှတ်သားတော်မူပြီ” ဟု သူကြွေးကြော်ခဲ့လေသည်။ မှန်ပါသည်၊ ထိုခဲယဉ်းပြင်းထန်သောဒုက္ခအားလုံးကို ယေဟောဝါမှတ်တမ်းတင်ထားဘိသကဲ့သို့ ဒါဝိဒ်ခံစားရပါသည်။ တစ်ဖန် ဒါဝိဒ်က အကျွန်ုပ် “မျက်ရည်များကို သားရေဘူးတော်တွင် ထည့်ထားတော်မူပါ။ စာရင်းတော်၌ သွင်းထားပြီမဟုတ်ပါလော” ဟူ၍လည်း ဆိုသေးသည်။a (ဆာလံ ၅၆:၈၊ ကဘ) ယေဟောဝါသည် အခြေအနေကိုသာမက ၎င်းကြောင့်ခံရသောစိတ်ဒုက္ခကိုပါ သိတော်မူသည်ဟု ဒါဝိဒ်ယုံကြည်စိတ်ချကြောင်း ဤပုံဥပမာက ဖော်ပြပေသည်။

ဒါဝိဒ်သည် ကွယ်လွန်ခါနီးတွင် ကိုယ်တိုင်အတွေ့အကြုံမှ ဤသို့ရေးသားနိုင်ခဲ့သည်– “ကောင်းသောသူ၏ခြေရာတို့ကို ထာဝရဘုရားသည် ပဲ့ပြင်၍ သူသွားရာလမ်းကို နှစ်သက်တော်မူ၏။ ထိုသူသည် လဲသော်လည်း ဆုံးရာသို့မရောက်ရ။ အကြောင်းမူကား ထာဝရဘုရားသည် သူ၏လက်ကို ကိုင်မတော်မူ၏။” (ဆာလံ ၃၇:၂၃၊ ၂၄) သင်ခံစားနေရသောစမ်းသပ်ခြင်းများသည် မဆုံးနိုင်အောင် ဆက်တိုက်ဖြစ်နေသည့်တိုင် ယေဟောဝါသတိပြုတော်မူ၍ သင်၏ခံနိုင်ရည်ကို ကိုယ်တော်တန်ဖိုးထားတော်မူကြောင်း အသင်လည်းစိတ်ချနိုင်ပါသည်။ ပေါလု ဤသို့ရေးသားခဲ့သည်– “သင်တို့သည် သန့်ရှင်းသူတို့ကို အထက်ကလုပ်ကျွေးသည်သာမက ယခုပင် လုပ်ကျွေးခြင်းအမှုကိုလည်းကောင်း၊ ထိုသို့ ပြုသော သင်တို့၏အလုပ်မှစ၍ နာမတော်ကိုထောက်၍ပြသော သင်တို့၏မေတ္တာကို မေ့လျော့သည်တိုင်အောင် ဘုရားသခင်သည် ဖြောင့်မတ်ခြင်းကင်းတော်မူသည်မဟုတ်။”—ဟေဗြဲ ၆:၁၀၊ ကဘ။

ထို့ ပြင် ယေဟောဝါသည် သင့်ရှေ့ ရှိ မည်သည့်အတားအဆီးအခက်အခဲမျိုးကိုမဆို ခံရပ်နိုင်ရန် လိုအပ်သည့်ခွန်အားကို ပေးတော်မူခြင်းအားဖြင့် သင့်အတွက် လုပ်ဆောင်ပေးနိုင်တော်မူ၏။ “ဖြောင့်မတ်သောသူသည် များစွာသောဒုက္ခဆင်းရဲကို ခံရသော်လည်း ထာဝရဘုရားသည် ခပ်သိမ်းသောဒုက္ခဆင်းရဲထဲက ကယ်လွှတ်တော်မူ၏” ဟုဒါဝိဒ်ရေးသားခဲ့သည်။ (ဆာလံ ၃၄:၁၉) စင်စစ်၊ ယေဟောဝါ၏မျက်စိတော်သည် ကိုယ်တော်ဘက်၌ “စုံလင်သောစိတ်ရှိသူတို့အဖို့ တန်ခိုးပြခြင်းငှာ မြေကြီးတစ်ပြင်လုံးကို အနှံ့အပြားကြည့်ရှုလျက်ရှိတော်မူ၏” ဟုသမ္မာကျမ်းစာကဆိုထားပေသည်။—၂ ရာဇဝင်ချုပ် ၁၆:၉၊ ကဘ။

သင့်ကို ယေဟောဝါဆွဲဆောင်တော်မူပြီ

ယေဟောဝါသည် ဂရုစိုက်တော်မူတတ်ကြောင်း ယေရှု၏စကားများက ထပ်ဆင့်ပေါ်လွင်စေပါသေးသည်။ “ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်သည် သွေးဆောင်တော်မမူလျှင် အဘယ်သူမျှငါ့ထံသို့ မလာနိုင်။” (ယောဟန် ၆:၄၄) မှန်၏၊ ခရစ်တော်၏ပူဇော်သကာအကျိုးကျေးဇူးများကို ခံစားရရန် ယေဟောဝါသည် လူတစ်ဦးစီကို ကူညီပေးတော်မူ၏။ မည်သို့အားဖြင့်နည်း။ များသောအားဖြင့် ဘုရားသခင်၏နိုင်ငံတော်သတင်း ဟောပြောခြင်းအားဖြင့်ဖြစ်သည်။ ဤလုပ်ငန်းကို “လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း” လုပ်ဆောင်သည်မှန်သော်လည်း တစ်ဦးစီထံသို့ သတင်းတရားရောက်ရှိသွားပါသည်။ သင် သတင်းကောင်းကိုနားထောင်ပြီး တုံ့ပြန်နေခြင်းကိုယ်နှိုက်က သင့်ကို ယေဟောဝါ အရေးထားတော်မူကြောင်း ထင်ရှားစေပါသည်။—မဿဲ ၂၄:၁၄။

ယေဟောဝါသည် တစ်ဦးချင်းစီကို သားတော်နှင့် ထာဝရအသက်မျှော်လင့်ချက်ဆီသို့ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဆွဲဆောင်တော်မူ၏။ သို့ဖြစ်ရာ ပင်ကိုကန့်သတ်ချက်များနှင့် မစုံလင်မှုများရှိကြသော်လည်း ဝိညာဉ်ရေးနှင့်ဆိုင်သော သမ္မာတရားကို တစ်ဦးချင်းစီ သဘောပေါက်နားလည်ပြီး လက်တွေ့ကျင့်သုံးနိုင်ကြပါသည်။ ဘုရားသခင်၏ဝိညာဉ်တော်အကူအညီမပါဘဲ ဘုရားသခင်၏ရည်ရွယ်တော်မူချက်များကို နားမလည်နိုင်သည်ကား အမှန်ပင်ဖြစ်သည်။ (၁ ကောရိန္သု ၂:၁၁၊ ၁၂) “လူတိုင်း ယုံကြည်ခြင်းရှိသည်မဟုတ်” ဟူ၍သက်သာလောနိတ်မြို့သားများထံ ပေါလုရေးသားခဲ့သကဲ့သို့ပင်။ (၂ သက်သာလောနိတ် ၃:၂၊ သမ္မာ) ယေဟောဝါ၏ဆွဲဆောင်တော်မူခြင်းကို ခံယူလိုသောသူများကိုသာလျှင် ဝိညာဉ်တော်ကို ကိုယ်တော်ပေးသနားတော်မူ၏။

ယေဟောဝါသည် လူတို့ကို ပုဂ္ဂိုလ်တစ်ဦးချင်းစီအနေနှင့် ချစ်တော်မူသောကြောင့်သော်လည်းကောင်း၊ သူတို့ကို ကယ်တင်ခြင်းရစေလိုတော်မူသောကြောင့်သော်လည်းကောင်း သွေးဆောင်တော်မူ၏။ ယေဟောဝါသည် ကိုယ်တော်တိုင် ဂရုစိုက်တော်မူတတ်ကြောင်း ခိုင်လုံသောသာဓကပါတကား! “ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် ဤသူငယ်တစ်ယောက်ကိုမျှ ပျက်စီးစေခြင်းငှာ အလိုတော်မရှိ” ဟုယေရှုက မိန့်တော်မူခဲ့သည်။ (မဿဲ ၁၈:၁၄) မှန်ပါသည်၊ ဘုရားသခင်၏မျက်မှောက်တော်တွင် လူတိုင်းသည် သီးခြားပုဂ္ဂိုလ်တစ်ဦးစီအနေနှင့် အရေးပါသူများသာဖြစ်ကြပါသည်။ သို့ဖြစ်သောကြောင့်လည်း ပေါလုက “ဘုရားသခင်သည် လူအသီးအသီးတို့အား မိမိတို့အကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ဆပ်ပေးတော်မူလတ္တံ့” ဟုရေးနိုင်ခဲ့ခြင်းဖြစ်ပေသည်။ (ရောမ ၂:၆) တမန်တော်ပေတရုကလည်း ဤသို့ဆိုထားသည်– “ဘုရားသခင်သည် လူမျက်နှာကိုမှတ်တော်မမူ။ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကိုကြောက်ရွံ့ ၍ တရားသဖြင့်ကျင့်ဆောင်သောသူသည် အထံတော်၌ မျက်နှာရသည်ကို ငါသိမြင်၏။”—တမန်တော် ၁၀:၃၄၊ ၃၅။

ယေရှု၏အံ့ဖွယ်အမှုများ

ဘုရားသခင်သည် လူတို့ကိုစိတ်ဝင်စားကြောင်း သားတော်ယေရှု၏အံ့ဖွယ်အမှုများအားဖြင့် စိတ်ထိခိုက်လှုပ်ရှားဖွယ်ဖော်ပြတော်မူသည်။ ဤကုသမှုများကို သနားသောစိတ်ဖြင့် ပြုတော်မူခဲ့ပေသည်။ (မာကု ၁:၄၀၊ ၄၁) ယေရှုသည် “ခမည်းတော်ပြုတော်မူသောအမှုကို . . . မြင်၍သာပြု၏။ မိမိအလိုအလျောက် အဘယ်အမှုကိုမျှ မပြုနိုင်” သောကြောင့် ကိုယ်တော့်ကရုဏာတော်က ယေဟောဝါ၏ကျေးကျွန်တစ်ဦးစီကို ကိုယ်တော်အရေးတယူပြုမူတော်မူကြောင်း ပေါ်လွင်စေပေသည်။—ယောဟန် ၅:၁၉။

မာကု ၇:၃၁-၃၇ တွင်မှတ်တမ်းတင်ထားသည့် ယေရှုပြုလုပ်ခဲ့သော အံ့ဖွယ်အမှုကို သုံးသပ်ကြည့်ပါ။ ဤတွင် နားပင်း၍ စကားအသောသူတစ်ဦးကို ယေရှုကုသပေးခြင်းအကြောင်း ဖတ်ရ၏။ ကိုယ်တော်သည် “ထိုသူကို လူအစုအဝေးထဲကခေါ်၍ ဆိတ်ကွယ်ရာအရပ်သို့” ကြွသွားတော်မူသည်ဟု ကျမ်းစာကဆို၏။ ထို့နောက် “ကောင်းကင်သို့ ကြည့်မျှော်၍ ညည်းတွားသံကိုပြုလျက် ‘ဧဖသ’ ဟုမိန့်တော်မူ၏။ အနက်ကား ‘ပွင့်စေ’ ဟုဆိုလိုသတည်း။”

ယေရှုသည် ထိုသူကို လူအစုအဝေးထဲက အဘယ်ကြောင့်ခေါ်သွားသနည်း။ စကားအပြီးနားပင်းသူသည် လူတို့ရှေ့တွင် ရှက်တတ်ပုံရသည်။ ဤသူသည် အရှက်ကြီးကြောင်းကို ယေရှုသတိပြုမိပေမည်။ ထို့ကြောင့် လူဆိတ်ကွယ်ရာတွင် သူ့အားကုသပေးရန် အလိုတော်ရှိခြင်းဖြစ်နိုင်၏။ “ယေရှုသည် ထိုသူကိုလူနာတစ်ဦးဟူ၍သာမမှတ်ဘဲ ပုဂ္ဂိုလ်တစ်ဦးအဖြစ်ယူမှတ်ကြောင်း ဤအဖြစ်အပျက်တစ်ခုလုံးက တင်ပြသည်” ဟုကျမ်းပညာရှင်တစ်ဦးက ထင်မြင်ချက်ပေးသည်။ ထိုသူ၌ အထူးလိုအပ်ချက်၊ ထူးခြားသောပြဿနာရှိနေသဖြင့် သူနားလည်၍ စိတ်မထိခိုက်စေသောနည်းကို ယေရှုသည် ကြင်နာစွာနှင့် စာနာမှုရှိစွာ ပြုတော်မူခဲ့ခြင်းဖြစ်သည်။

ယေရှုသည် လူတို့ကို အမှန်အရေးတယူပြုတော်မူကြောင်း ဤအဖြစ်အပျက်က ပေါ်လွင်စေပေသည်။ သင့်ကိုလည်း ထပ်တူထပ်မျှ စိတ်ဝင်စားကြောင်း စိတ်ချနိုင်ပါသည်။ မှန်ပေသည်၊ ကိုယ်တော်၏ယဇ်ပူဇော်သကာသေခြင်းသည် ရွေးနုတ်ခံထိုက်သောလူသားလောကတစ်ခုလုံးအပေါ်ထားရှိသည့် ချစ်ခြင်းမေတ္တာတော်၏သက်သေပင်ဖြစ်သည်။ သို့တိုင် ထိုလုပ်ရပ်တော်က “ဘုရားသခင်၏သားတော် . . . သည် ငါ့ကိုချစ်၍ ငါ့အဖို့ ကိုယ်ကိုကိုယ် စွန့်တော်မူ၏” ဟုရေးသားခဲ့သော ပေါလုနည်းတူပင် ကျွန်ုပ်ကိုယ်တိုင်အတွက်ဖြစ်သည်ဟု ယူမှတ်နိုင်ပါသည်။ (ဂလာတိ ၂:၂၀) ထို့ ပြင် ယေရှုက “ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏” ဟုမှတ်ချက်ချထားသောကြောင့် ယေဟောဝါသည် ကိုယ်တော်၏ကျေးကျွန်တစ်ဦးစီကို ထပ်တူထပ်မျှ စိတ်ဝင်စားတော်မူကြောင်း စိတ်ချနိုင်ပါသည်။—ယောဟန် ၁၄:၉။

ယေဟောဝါသည် ဆုကျေးဇူးပေးတော်မူသောအရှင်ဖြစ်လာ

ဘုရားသခင်နှင့်ဆိုင်သော အသိပညာကိုဆည်းပူးခြင်းတွင် သမ္မာကျမ်းစာပါ ကိုယ်တော်၏စရိုက်လက္ခဏာအသီးသီးကိုသိကျွမ်းခြင်း ပါဝင်၏။ ယေဟောဝါဟူသောနာမတော်ကိုယ်နှိုက်က “ကိုယ်တော်ဖြစ်လာစေတော်မူသည်” ဟုအဓိပ္ပာယ်ရှိပြီး အလိုတော်အတိုင်း ဖြစ်မြောက်အောင်မြင်စေရန် ယေဟောဝါသည် ဖြစ်စေနိုင်တော်မူကြောင်း ယင်းက သိနားလည်စေပေသည်။ ကိုယ်တော်သည် ဖန်ဆင်းရှင်၊ ခမည်းတော်၊ အုပ်စိုးပိုင်ထိုက်သောသခင်၊ သိုးထိန်း၊ ဗိုလ်ခြေတို့၏အရှင် ယေဟောဝါ၊ ပတ္ထနာစကားကို နားညောင်းတော်မူသောအရှင်၊ တရားသူကြီး၊ မြင့်မြတ်သောသွန်သင်သူ၊ ရွေးနုတ်တော်မူသောအရှင် စသည်တို့အပါအဝင် အခန်းကဏ္ဍမျိုးစုံတွင် သမိုင်းတစ်လျှောက် တာဝန်ယူလုပ်ဆောင်တော်မူခဲ့ပေပြီ။b

ဘုရားသခင်နာမတော်၏ အဓိပ္ပာယ်အပြည့်အစုံကို သဘောပေါက်နားလည်ရန် ယေဟောဝါကို ဆုကျေးဇူးပေးတော်မူရှင်အဖြစ်လည်း သိကျွမ်းဖို့လို၏။ ပေါလုက ဤသို့ရေးသားခဲ့သည်– “ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား၊ ဘုရားသခင့်အထံတော်သို့ချဉ်းကပ်သောသူသည် ဘုရားသခင်ရှိတော်မူသည်ကိုလည်းကောင်း၊ ကိုယ်တော်ကိုရှာသောသူအား အကျိုးပေးတော်မူသည်ကိုလည်းကောင်း ယုံကြည်ရမည်။”—ဟေဗြဲ ၁၁:၆။

ယနေ့ ယေဟောဝါအား စိတ်နှလုံးအကြွင်းမဲ့ဝတ်ပြုရန် ရွေးချယ်သူများကို ပရဒိသုကမ္ဘာပေါ်တွင် ထာဝစဉ်အသက်ရှင်စေမည်ဟု ကိုယ်တော်ကတိပြုထားတော်မူသည်။ ထိုကြီးမြတ်တော်မူသောကတိတော် ပြည့်စုံလာချိန်ကို စောင့်မျှော်ခြင်း၊ ထိုနေရာတွင် အသက်ရှင်နေထိုင်ရေးကို စိတ်ကူးကြည့်ခြင်းသည် အတ္တဆန်ခြင်းမဟုတ်၊ ရောင့်တက်ခြင်းလည်းမဟုတ်ပါ။ မောရှေသည် “နောက်ရလတ္တံ့သောအကျိုးကို ထောက်စာမျှော်လင့်လျက်နေ” ခဲ့၏။ (ဟေဗြဲ ၁၁:၂၆) ပေါလုသည်လည်း သစ္စာရှိသောဘိသိက်ခံခရစ်ယာန်များအတွက် ဘုရားသခင်ပေးတော်မူခဲ့သော ကတိတော်ပြည့်စုံမည့်အချိန်ကို အာရုံစူးစိုက် စောင့်မျှော်ခဲ့သည်။ သူက “ယေရှုခရစ်အားဖြင့် ဘုရားသခင်သည် အထက်အရပ်မှ ခေါ်တော်မူခြင်းနှင့်ဆိုင်သောဆုကိုရခြင်းငှာ ပန်းတုံးတိုင်သို့ ငါလိုက်ပြေး၏” ဟုရေးခဲ့သည်။—ဖိလိပ္ပိ ၃:၁၄။

အဆုံးတိုင်အောင်တည်ကြည်သူများအား ဘုရားသခင်ကတိပြုတော်မူသည့်ဆုကျေးဇူးကိုရရှိရန် သင်လည်း စောင့်မျှော်နိုင်ပါသည်။ ထိုဆုကျေးဇူးကို စောင့်မျှော်ခြင်းသည် ဘုရားသခင်နှင့်ဆိုင်သော သင့်အသိပညာနှင့် ကိုယ်တော်၏လုပ်ငန်းတော်တွင် ခံနိုင်ရည်ရှိခြင်းတို့အတွက် အခရာပင်ဖြစ်သည်။ ထို့ကြောင့် သင့်အတွက် ယေဟောဝါသိုမှီးထားတော်မူသော ကောင်းချီးများကို နေ့စဉ်ဆင်ခြင်သုံးသပ်ပါလေ။ အစပိုင်းတွင် ဖော်ပြခဲ့သော မေရီသည် အထူးကြိုးစားပြီး ထိုသို့ ပြုခဲ့ပေပြီ။ “ယေရှုရဲ့ ရွေးဖိုးပူဇော်သကာဟာ ကျွန်မနဲ့ဆိုင်တယ်လို့ မကြာမီကပဲ ပထမဦးဆုံးအကြိမ် လက်ခံခဲ့ပါတယ်။ ယေဟောဝါဟာ ကျွန်မကို ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ဂရုစိုက်နေတယ်လို့ အခုမှ စခံစားမိတယ်။ ခရစ်ယာန်ဖြစ်လာတာ အနှစ် ၂၀ ကျော်ပြီ။ ဒါပေမဲ့ ဒီအကြောင်းကို တကယ်ယုံကြည်လက်ခံတာက သိပ်မကြာသေးဘူးရှင့်” ဟုသူမကဆိုပါသည်။

သမ္မာကျမ်းစာကို လေ့လာဖတ်ရှုပြီး စိတ်နှလုံးလှိုက်လှဲစွာ ဆင်ခြင်သုံးသပ်ခြင်းအားဖြင့် ယေဟောဝါသည် မိမိ၏လူမျိုးတော်ကို အစုအဝေးလိုက်သာမက၊ တစ်ဦးချင်းစီအနေနှင့်လည်း ဂရုစိုက်တော်မူကြောင်းမေရီနှင့်တကွ အခြားသန်းပေါင်းများစွာသောသူတို့ သိနားလည်လာကြပေပြီ။ ယင်းကို အပြည့်အဝလက်ခံသည့် တမန်တော်ပေတရု ဤသို့ရေးသားခဲ့သည်– “သင်တို့ကို သတိနှင့်ကြည့်ရှုတော်မူသောကြောင့် သင်တို့၌ စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော် [ဘုရားသခင်] ၌ အပ်နှံကြလော့။” (၁ ပေတရု ၅:၇) မှန်ပါသည်၊ သင့်အား ဘုရားသခင်ဂရုစိုက်တော်မူပါသည်!

[အောက်ခြေမှတ်ချက်များ]

a သားရေဘူးသည် ရေ၊ ဆီ၊ နွားနို့၊ စပျစ်ရည်၊ ထောပတ်နှင့်ဒိန်ခဲ စသည်တို့ကိုထည့်ရန် အသုံးပြုသော တိရစ္ဆာန်သားရေတစ်မျိုးဖြစ်သည်။ ရှေးခေတ်ကဘူးများသည် အရွယ်အစားနှင့် ပုံပန်းသဏ္ဌာန်၌ အလွန်ကွဲကွဲပြားပြားရှိကြသည်။ အချို့ဆိုလျှင် သားရေအိတ်များဖြစ်ပြီး အခြားတို့မှာမူ အဖုံးအပိတ်ရှိသော လည်တံကျဉ်းဘူးများဖြစ်ကြသည်။

b တရားသူကြီး ၁၁:၂၇; ဆာလံ ၂၃:၁; ၆၅:၂; ၇၃:၂၈; ၈၉:၂၆; ဟေရှာယ ၈:၁၃; ၃၀:၂၀; ၄၀:၂၈; ၄၁:၁၄ ရှု; နယူးယောက် ကင်းမျှော်စင် သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှထုတ်ဝေသည့် သန့်ရှင်းသောကျမ်းစောင်များ၏ကမ္ဘာသစ်ဘာသာပြန်ကျမ်း—အညွှန်းများဖြင့်၊ နောက်ဆက်တွဲ ၁ဂျေ၊ စာမျက်နှာ ၁၅၆၈ ကိုလည်းရှု။

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]

ရှင်ပြန်ထမြောက်ခြင်း—ဘုရားသခင်ဂရုစိုက်တော်မူကြောင်း သက်သေသာဓက

ဘုရားသခင်သည် ပုဂ္ဂိုလ်တစ်ဦးချင်းစီကို စိတ်ဝင်စားတော်မူကြောင်း ယုံကြည်စိတ်ချနိုင်သည့် သက်သေအထောက်အထားကို ယောဟန် ၅:၂၈၊ ၂၉ (ကဘ) ၌တွေ့ ရှိနိုင်ပါသည်– “အောက်မေ့ရာသင်္ချိုင်းဂူများတွင် ရှိသူအပေါင်းတို့သည် [ယေရှု၏] အသံကိုကြားပြီး ထွက်လာရမည့်အချိန်ရောက်တော့မည်” ဟူ၍ဖြစ်သည်။

စိတ်ဝင်စားစရာကား ဤတွင် ဂရိစကားလုံး တားဖော့စ် (သုသာန်) အစား မနီမေအောန် (အောက်မေ့ရာသင်္ချိုင်းဂူများ) ကိုအသုံးပြုထားခြင်းဖြစ်သည်။ တားဖော့စ်ဆိုသောစကားလုံးသည် သင်္ဂြိုဟ်ခြင်းသဘောကိုသာဆောင်၏။ မနီမေအောန်မူကား ကွယ်လွန်သူ၏မှတ်တမ်းကို သတိရအောက်မေ့ခြင်းသဘော သက်ရောက်ပါသည်။

ဤနေရာ၌ ရှင်ပြန်ထမြောက်စေနိုင်ရန် ယေဟောဝါဘုရားသခင်ဘက်မှ အဘယ်အရာများ လိုအပ်သည်ကို စဉ်းစားကြည့်ပါ။ လူတစ်ဦးကို ပြန်၍အသက်ရှင်စေရန် ထိုသူ၏အကြောင်း—သူ၏ပင်ကိုစရိုက်များနှင့် မှတ်ဉာဏ်အပြည့်အစုံအပါအဝင်—အလုံးစုံကို ကိုယ်တော်သိရှိထားရန်လိုအပ်ပါသည်။ သို့မှသာလျှင် ထိုသူအား ယခင်ကနှင့် ထပ်တူထပ်မျှပုဂ္ဂိုလ်အဖြစ် ပြန်၍အသက်ရှင်စေနိုင်တော်မူမည်ဖြစ်သည်။

လူ့ ရှုထောင့်မှကြည့်လျှင် ဤအမှုသည် မဖြစ်နိုင်ရာဖြစ်သော်လည်း “ဘုရားသခင်သည် ခပ်သိမ်းသောအမှုတို့ကို တတ်နိုင်တော်မူသည်။” (မာကု ၁၀:၂၇) လူတစ်ဦး၏နှလုံးကိုပင် ကိုယ်တော်သိမြင်နိုင်တော်မူ၏။ ရာစုနှစ်ပေါင်းများစွာက ကွယ်လွန်ခဲ့သူဖြစ်သည့်တိုင် ဘုရားသခင်သည် သူ့ကိုမေ့လျော့တော်မမူ; မမှတ်မိဘဲဖြစ်တော်မူမည်မဟုတ်။ (ယောဘ ၁၄:၁၃-၁၅) ထို့ကြောင့် အာဗြဟံ၊ ဣဇာက်နှင့် ယာကုပ်တို့သည် နှစ်ရာစုပေါင်းများစွာက ကွယ်လွန်ခဲ့သည့်တိုင်အောင် သူတို့အကြောင်း မိန့်တော်မူစဉ် ယေရှုက ယေဟောဝါသည် “သေနေသောသူတို့၏ဘုရားမဟုတ်။ အသက်ရှင်သောသူတို့၏ဘုရားဖြစ်တော်မူ၏။ ထိုသူအပေါင်းတို့သည် ဘုရားသခင်၌ အသက်ရှင်ကြသည်” ဟုမိန့်တော်မူနိုင်ခဲ့ပေသည်။—လုကာ ၂၀:၃၈။

သို့ ဖြစ်၍ ကွယ်လွန်သူ သန်းပေါင်းများစွာတို့နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များသည် ယေဟောဝါဘုရားသခင်၏မှတ်ဉာဏ်တော်တွင်ရှိနေသည်။ ဘုရားသခင်သည် လူသားအပေါင်းကို တစ်ဦးချင်းစီအနေနှင့် ဂရုစိုက်တော်မူကြောင်း အံ့မခန်းဖွယ်သက်သေဖြစ်ပါသည်တကား!

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ယေရှုသည် မိမိကုသပေးသူများအပေါ် တစ်ဦးချင်းစိတ်ဝင်စားမှု ပြတော်မူ၏

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ