ယခုသေဆုံးနေသူသန်းပေါင်းများစွာ တစ်ဖန်ပြန်ရှင်လာမည်
ယ ခုသေသူ သန်းပေါင်းများစွာ တစ်ဖန်ပြန်ရှင်လာမည်။ မည်မျှစိတ်အားတက်ကြွဖွယ်မျှော်လင့်ချက်ပါတကား။ သို့သော် ယင်းသည်အမှန်တရားလော။ သင်ယုံကြည်ရန် မည်သည့်အကြောင်းရှိသနည်း။ ကတိတစ်ခုကို ယုံကြည်နိုင်ရန် ကတိပြုသူသည်ဆန္ဒရှိပြီး တတ်စွမ်းနိုင်သူဖြစ်ကြောင်း သင်စိတ်ချသေချာရန်လိုပေမည်။ သို့ဆိုလျှင် ယခုသေသူသန်းပေါင်းများစွာ တစ်ဖန်ပြန်အသက်ရှင်မည်ဟူသော ကတိကိုမည်သူပေးခဲ့သနည်း။
စီအီး ၃၁ ခုနှစ်နွေဦးရာသီတွင် ယေရှုက မိမိသည် သေသူများကိုပြန်ရှင်စေနိုင်သည့် တန်ခိုးကို ယေဟောဝါဘုရားသခင့်ထံမှရရှိထားကြောင်း အခိုင်အမာပြောခဲ့သည်။ ယေရှုက “ခမည်းတော်သည် သေလွန်သောသူတို့ကို ထမြောက်ရှင်ပြန်စေတော်မူသကဲ့သို့၊ ထိုနည်းတူသားတော်သည်လည်း အလိုရှိသမျှသောသူတို့ကိုရှင်စေ၏။ ဤအမှုအရာကို အံ့သြခြင်းမရှိကြနှင့်။ သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့သည် သားတော်၏စကားသံကိုကြား၍ ထွက်ရမည့်အချိန်ကာလရောက်လတံ့” ဟုမိန့်တော်မူခဲ့သည်။ (ယောဟန် ၅:၂၁၊ ၂၈၊ ၂၉) မှန်သည်။ ယခုသေလွန်သူ သန်းပေါင်းများစွာသည် ဤမြေကြီးပေါ်တွင် တစ်ဖန်အသက်ပြန်ရှင်ပြီး ထာဝစဉ်နေထိုင်သွားနိုင်သည့် မျှော်လင့်ချက်ကို ယေရှုကတိပြုတော်မူခဲ့သည်။ (ယောဟန် ၃:၁၆။ ၁၇:၃။ ဆာလံ ၃၇:၂၉ နှင့်မဿဲ ၅:၅ တို့ကိုနှိုင်းယှဉ်) ယေရှုကတိတော်ထားခဲ့သည့်အတွက် ယင်းကိုကိုယ်တော်ပြည့်စုံစေလိုကြောင်း ကျွန်ုပ်တို့စိတ်ချနိုင်သည်။ သို့သော်ယင်းသို့ကိုယ်တော်ပြုနိုင်ပါမည်လော။
ကျမ်းစာမှတ်တမ်းအရ ထိုကတိကိုပေးသည့်အချိန်အထိလူတစ်ယောက်မျှ ယေရှုပြန်မရှင်စေခဲ့သေးပါ။ သို့သော် နောက်နှစ်နှစ်ခန့်အကြာတွင် ရှင်ပြန်ထမြောက်ခြင်းကို ကိုယ်တော်ပြုရန်ဆန္ဒရှိပြီး တတ်လည်းတတ်စွမ်းနိုင်ကြောင်းကို တန်ခိုးထင်ရှားသည့်နည်းဖြင့်သက်သေပြတော်မူခဲ့သည်။
“လာဇရု၊ ထွက်၍လာလော့”
စိတ်ထိခိုက်ဖွယ်မြင်ကွင်းဖြစ်သည်။ လာဇရုအသည်းအသန်ဖျားနေသည်။ သူ့အစ်မနှစ်ယောက်ဖြစ်သူ မာရိနှင့်မာသတို့က ယော်ဒန်မြစ်တစ်ဖက်ကမ်းသို့ကူးသွားသောယေရှုကို “သခင်၊ ကိုယ်တော်ချစ်တော်မူသောသူသည် နာလျက်နေပါသည်” ဟုစကားအမှာလွှတ်လိုက်သည်။ (ယောဟန် ၁၁:၃) မှန်ပါသည်။ ဤအိမ်ထောင်စုကို ယေရှုအလွန်ချစ်ခင်တော်မူသည်။ ဗေသနိရှိသူတို့အိမ်သို့ ယေရှုမကြာခဏ လည်ပတ်ရောက်ရှိဖွယ်ရှိသည်။ (လုကာ ၁၀:၃၈-၄၂။ လုကာ ၉:၅၈ နှင့်နှိုင်းယှဉ်) သို့သော် ယခုယေရှုအလွန်ချစ်တော်မူသောမိတ်ဆွေ အပြင်းဖျားနေသည်။
ယေရှုဘာလုပ်ပေးရန် မာရိနှင့်မာသတို့မျှော်လင့်သနည်း။ ဗေသနိသို့ကိုယ်တော်ကြွလာရန် သူတို့မတောင်းဆိုပါ။ သို့သော် လာဇရုအား ကိုယ်တော်ချစ်တော်မူကြောင်း သူတို့သိကြသည်။ ဖျားနာနေသည့် မိမိ၏မိတ်ဆွေကိုယေရှုမြင်လိုမည်မဟုတ်ပေလော။ သူ့ကိုအံ့ဖွယ်နည်းဖြင့် ကိုယ်တော်ကုသပေးရန် သူတို့မျှော်လင့်မည်မှာမလွဲပေ။ ခြုံငုံပြောရလျှင်၊ ယခုထိယေရှုဓမ္မအမှုဆောင်ချိန်ကာလတစ်လျှောက် လူများစွာကိုအံ့ဖွယ်နည်းဖြင့်ရောဂါကုသပေးခဲ့ရာ ကိုယ်တော်အဝေးသို့ရောက်နေခြင်းသည် လာဇရုကိုကုသပေးရန် အတားအဆီးမဖြစ်ပါ။ (မဿဲ ၈:၅-၁၃ နှင့်နှိုင်းယှဉ်) ဤမျှခင်မင်သောမိတ်ဆွေအတွက်ပို၍ပင် ကိုယ်တော်ပြုပေးတော်မူမည်မဟုတ်လော။ စိတ်ဝင်စားစရာကား၊ ဗေသနိရွာသို့ချက်ချင်းသွားမည့်အစား ယေရှုသည်သူရောက်နေသည့်နေရာတွင် နောက်ထပ်နှစ်ရက်ဆက်နေလိုက်သေးသည်။—ယောဟန် ၁၁:၅၊ ၆။
ယေရှုထံသတင်းပို့ပြီးနောက်တွင် လာဇရုသေဆုံးခဲ့သည်။ သတင်းကိုယေရှုကြားသိရသည့်အချိန်တွင်ဖြစ်နိုင်သည်။ (ယောဟန် ၁၁:၃၊ ၆၊ ၁၇ နှိုင်းယှဉ်) သို့သော်နောက်ထပ်သတင်းမလိုတော့ပါ။ လာဇရုသေဆုံးချိန်ကို ယေရှုသိခဲ့သည်။ ထို့ကြောင့်ယင်းအတွက် တစ်စုံတစ်ခုပြုရန် ကိုယ်တော်ရည်ရွယ်တော်မူသည်။ လာဇရုသေခြင်းနှင့်ပတ်သက်၍ တပည့်တော်များအား “ငါတို့အဆွေလာဇရုသည် အိပ်ပျော်၏။ သူ့ကိုနိုးခြင်းအလိုငှာ ငါသွားမည်” ဟုယေရှုမိန့်တော်မူ၏။ (ယောဟန် ၁၁:၁၁) ယေရှုသည် မကြာမီကပင် လူနှစ်ယောက်ကို သေရာမှအသက်ရှင်ပေးတော်မူခဲ့ရာ ထိုနှစ်ယောက်စလုံးကို သေပြီးမကြာမီအချိန်ပိုင်းအတွင်း ထိုသို့ပြုပေးခဲ့ခြင်းဖြစ်သည်။aယခုမူ ယင်းသို့မဟုတ်ပါ။ ဗေသနိရွာသို့ယေရှုရောက်ရှိချိန်တွင် သူချစ်သောမိတ်ဆွေသေဆုံးသည်မှာ လေးရက်ကြာသွားပြီဖြစ်သည်။ (ယောဟန် ၁၁:၁၇၊ ၃၉) သေသည်မှာထိုမျှကြာခဲ့ပြီး ခန္ဓာကိုယ်ပုပ်ပျက်စပြုနေသည့်သူကို တစ်ဖန်အသက်ပြန်ရှင်ရန်ယေရှုပြုပေးနိုင်မည်လော။
ယေရှုလာနေသည်ကို ကြားသည်နှင့်သွက်လက်ဖျတ်လတ်သည့် အမျိုးသမီးမာသက ကိုယ်တော်ကိုကြိုဆိုရန်ပြေးထွက်သွားသည်။ (လုကာ ၁၀:၃၈-၄၂ နှိုင်းယှဉ်) ယေရှုကိုတွေ့တွေ့ချင်း ဤသို့ပြောရန် သူမစိတ်ကလှုံ့ဆော်လာသည်။ “သခင်၊ ကိုယ်တော်ရှိတော်မူလျှင် ကျွန်မ၏မောင်မသေပါ။” သို့တိုင် သူမ၏ယုံကြည်ခြင်းကို ဆက်လက်တင်ပြသည်။ “ကိုယ်တော်သည် ဘုရားသခင်ကိုဆုတောင်းတော်မူသမျှအတိုင်း ဘုရားသခင်ပေးတော်မူမည်ကို ကျွန်မသိပါသည်” ဟုသူမလျှောက်လေ၏။ သူမ၏ဝမ်းနည်းမှုကြောင့် ယေရှုစိတ်ထိခိုက်ပြီး သူမအားဤသို့ကတိပြုသည်။ “သင်၏မောင်သည် ထမြောက်လိမ့်မည်။” အနာဂတ်ရှင်ပြန်ထမြောက်ခြင်းကို သူမယုံကြည်ကြောင်းတင်ပြသည့်အခါ ယေရှုကသူမအား “ငါသည်ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်းရှင်လိမ့်မည်” ဟုအတိအလင်းပြောလိုက်သည်။—ယောဟန် ၁၁:၂၀-၂၅။
သင်္ချိုင်းဂူသို့ယေရှုရောက်ရှိသောအခါ၊ ယေရှုကဂူဝ၌ပိတ်ထားသည့်ကျောက်တုံးကိုဖယ်ရှားစေသည်။ အစတွင်မာသက “သခင်၊ ယခုဖြစ်လျှင်နံလိမ့်မည်။ လေးရက်ရှိပါပြီ” ဟုကန့်ကွက်၏။ သို့သော်ယေရှုက “သင်သည်ယုံလျှင် ဘုရားသခင်၏ဘုန်းအာနုဘော်တော်ကို မြင်ရလိမ့်မည် ငါပြောပြီမဟုတ်လော” ဟုသူမအားစိတ်ချစေသည်။ ထိုနောက်ကိုယ်တော်သည် ကျယ်သောအသံနှင့်ဆုတောင်းပြီး “လာဇရု၊ ထွက်၍လာလော့” ဟုမိန့်တော်မူ၏။ သေသည်မှာလေးရက်ရှိပြီဖြစ်သော်လည်း ယေရှုအမိန့်ပေးသောအခါ လာဇရုထွက်လာသည်။—ယောဟန် ၁၁:၃၈-၄၄။
ယင်းအမှန်တကယ်ဖြစ်ခဲ့သလော
လာဇရုကိုအသက်ပြန်ရှင်စေခြင်းသည် သမိုင်းဖြစ်ရပ်မှန်အဖြစ် ယောဟန်ခရစ်ဝင်စာစောင်တွင် မှတ်တမ်းတင်ထားသည်။ အသေးစိတ်မှတ်တမ်းများသည် ကွက်ကွက်ကွင်းကွင်းပေါ်လွင်လွန်းလှသဖြင့် ပုံဝတ္ထုတစ်ပုဒ်သက်သက်မဖြစ်နိုင်ချေ။ ဤသမိုင်းဖြစ်ရပ်မှန်ကိုစောဒကတက်လျှင် ယေရှုရှင်ပြန်ထမြောက်ခြင်းအပါအဝင် ကျမ်းစာပါအံ့ဖွယ်အမှုအားလုံးကို စောဒကတက်ရာရောက်သည်။bယေရှုရှင်ပြန်ထမြောက်ခြင်းကို ငြင်းပယ်ခြင်းသည် ခရစ်ယာန်ယုံကြည်ချက်အားလုံးကိုငြင်းပယ်ခြင်းဖြစ်သည်။—၁ ကောရိန္သု ၁၅:၁၃-၁၅။
အမှန်မှာ ဘုရားသခင်ရှိတော်မူကြောင်းကို သင်လက်ခံလျှင် ရှင်ပြန်ထမြောက်ခြင်းကို သင်မယုံကြည်နိုင်စရာအကြောင်းမရှိချေ။ ဥပမာ၊ လူတစ်ဦး၏နောက်ဆုံးဆန္ဒနှင့် သေတမ်းစကားကို ဗွီဒီယိုရိုက်ယူထားနိုင်ပြီး သူသေဆုံးသွားသောအခါ ယင်းအားဖြင့်သူ့ဆွေမျိုးမိတ်သင်္ဂဟများ သူ့ကိုမြင်နိုင်၊ ကြားနိုင်သည်။ သို့နှင့်သူ့ပစ္စည်းဥစ္စာများကို သူမည်သို့စီမံစေလိုသည်ကို သိနိုင်ကြသည်။ လွန်ခဲ့သောနှစ်ပေါင်းတစ်ရာခန့်က ယင်းသည်စိတ်ကူး၍မရနိုင်စရာဖြစ်ခဲ့သည်။ ယနေ့ကမ္ဘာပေါ်တွင် ဝေးလံခေါင်သီသောဒေသများရှိ လူအချို့အတွက်ဗွီဒီယိုမှတ်တမ်းတင်ခြင်းသည် နားမလည်နိုင်စရာဖြစ်သည်။ ဖန်ဆင်းရှင်တည်စေခဲ့သောသိပ္ပံနိယာမများကိုသုံးပြီး လူတို့သည် ယင်းသို့ရုပ်ပုံနှင့်အသံကိုပြု၍ဖော်ထုတ်နိုင်လျှင်၊ ဖန်ဆင်းရှင်သည် ထိုထက်မကများစွာပြုလုပ်နိုင်ရန်မသင့်ပေလော။ အသက်ကိုဖန်ဆင်းတော်မူခဲ့သောအရှင်သည် လူတစ်ဦး၏ရုပ်ခန္ဓာအသစ်ဖြင့် သူ့ဥပဓိရုပ်ကိုပြန်လည်ဖန်တီးပေးခြင်းဖြင့် ထိုသူကိုရှင်ပြန်ထမြောက်စေနိုင်သည်မှာ ဆင်ခြင်တုံတရားနှင့်မညီပေလော။
လာဇရုကိုပြန်ရှင်စေသည့်အံ့ဖွယ်ကိစ္စသည် ယေရှုနှင့်ရှင်ပြန်ထမြောက်ခြင်းကို ယုံကြည်မှုတိုးပွားရန်ကူညီသည်။ (ယောဟန် ၁၁:၄၁၊ ၄၂၊ ၁၂:၉-၁၁၊ ၁၇-၁၉) ယေဟောဝါနှင့်ကိုယ်တော့်သားတော်တို့သည် ရှင်ပြန်ထမြောက်ခြင်းကို ပြုလုပ်ပေးရန်အလိုဆန္ဒရှိကြကြောင်းကိုလည်းတင်ပြသည်။
‘ဘုရားသခင်တသတော်မူမည်’
လာဇရုသေခြင်းတွင် ယေရှုပြုသည့်ကိစ္စသည် ဘုရားသခင့်သားတော်၏ထောက်ထားစာနာမှုကို ဖော်ပြသည်။ ထိုအချိန်တွင်ဖြစ်ပေါ်သည့် ကိုယ်တော်၏လှိုက်လှဲသောခံစားချက်များသည် သေသူကိုပြန်ရှင်ပေးရန်ပြင်းပြစွာ ကိုယ်တော်ဆန္ဒရှိတော်မူကြောင်းတင်ပြသည်။ ကျွန်ုပ်တို့ဖတ်ရသည်မှာ “မာရိသည်ယေရှုရှိတော်မူရာအရပ်သို့ရောက်၍ ကိုယ်တော်ကိုမြင်လျှင် ခြေတော်ရင်း၌ပျပ်ဝပ်လျက် ‘သခင်၊ ကိုယ်တော်ရှိတော်မူလျှင် ကျွန်မ၏မောင်မသေပါ’ ဟုလျှောက်၏။ မာရိမှစ၍ လိုက်လာသောသူတို့သည် ငိုကြွေးကြသည်ကို ယေရှုသည်မြင်တော်မူသောအခါ [ညည်းတွားတော်မူပြီး၊ စိတ်နောက်ကျိခြင်းရှိ၍၊ ကဘ] အလောင်းကိုအဘယ်မှာထားကြသနည်း’ ဟုမေးတော်မူလျှင် ‘သခင်ကြွ၍ကြည့်တော်မူပါ’ ဟုလျှောက်ကြ၏။ ယေရှုသည်မျက်ရည်ကျတော်မူ၏။ ယုဒလူတို့က ‘ကြည့်ပါ၊ လာဇရုကိုအလွန်ချစ်တော်မူပါသည်တကား’ ဟုဆိုကြ၏။”—ယောဟန် ၁၁:၃၂-၃၆။
ဤတွင်ယေရှု၏လှိုက်လှဲသည့်သနားကြင်နာမှုကို စကားသုံးရပ်ဖြင့်ဖော်ပြထားသည်။ “ညည်းတွားခြင်း” “စိတ်နောက်ကျိခြင်း” “မျက်ရည်ကျခြင်း” တို့ဖြစ်သည်။ ဤကြေကွဲဖွယ်မြင်ကွင်းကို မှတ်တမ်းတင်ရာတွင် တမန်တော်ယောဟန်သုံးသည့် မူလဘာသာစကား၏အသုံးအနှုန်းတို့က ယေရှုမည်မျှစိတ်ထိခိုက်တော်မူကြောင်းကိုဖော်ပြသည်။
“ညည်းတွားခြင်း” ကိုဖော်ပြသည့် ဂရိစကားလုံးသည် ကြိယာစကားလုံး (em·bri·ma΄o·mai) မှပေါ်ပေါက်လာပြီး နာကျင်စွာ သို့မဟုတ် ပြင်းထန်စွာစိတ်ထိခိုက်သည်ဟုအဓိပ္ပာယ်သက်ရောက်သည်။ ကျမ်းစာဋိကာဆရာဝီလျံဘားကလေးက “သာမန်ရှေးဂရိစာပေအရ (em·bri·ma΄o·mai) ကိုမြင်း နှာမှုတ်ခြင်း တွင်သုံးသည်။ ဤတွင် ယေရှုသည် နှလုံးထဲမှနေ၍အမှတ်တမဲ့ညည်းတွားမိသည်အထိ အလွန်စိတ်ထိခိုက်တော်မူကြောင်းဖော်ပြခြင်းသာဖြစ်ရမည်” ဟုမှတ်ချက်ချသည်။
“စိတ်နောက်ကျိ” ဟုဘာသာပြန်ထားသည့်စာလုံးသည် ဂရိဝေါဟာရ (taras΄so) မှလာသည်။ ယင်းကစိတ်ဗလောင်ဆူခြင်းကိုညွှန်ပြသည်။ (The New Thayer’s Greek-English Lexicon of the New Testament) အဘိဓာန်က “တစ်စုံတစ်ယောက်၏အတွင်းစိတ်ကိုလှုပ်ရှားထကြွစေခြင်း . . . ကြီးစွာနာကျင်မှု သို့မဟုတ် ဝမ်းနည်းမှုကိုဖြစ်စေခြင်း” ဟုအဓိပ္ပာယ်ဖွင့်ပြထားသည်။ “မျက်ရည်ကျ” ဟူသည့်ဖော်ပြန်ချက်သည် ဂရိစကား (da·kry΄o) မှဆင်းသက်လာပြီး “မျက်ရည်စီးဆင်းသည်၊ တိတ်တဆိတ်ငိုသည်” ဟုအဓိပ္ပာယ်ရသည်။ ယင်းကယောဟန် ၁၁:၃၃ တွင်ဖော်ပြထားသည့် မာရိနှင့်အခြားဂျူးများငိုခြင်းနှင့်မတူပဲ ဤတွင်သုံးထားသည့်ဂရိစကားလုံး (klai΄o မှလာ) သည်။ ကြားလောက်အောင် သို့မဟုတ် ကျယ်လောင်စွာငိုခြင်းကိုဆိုလိုသည်။c
မိမိအလွန်ချစ်သောမိတ်ဆွေလာဇရုသေခြင်းနှင့် သူ့အမငိုခြင်းကိုမြင်သောယေရှုသည် အလွန်စိတ်ထိခိုက်တော်မူလာသည်။ ယေရှု၏နှလုံးသည် အလွန်ထိခိုက်လှုပ်ရှားသဖြင့် ကိုယ်တော့်မျက်ဝန်းအိမ်မှ မျက်ရည်များပြည့်လျှံလာခဲ့ရသည်။ အလွန်မှတ်သားထိုက်သည်ကား ယခုမတိုင်မီလူနှစ်ယောက်ကို ယေရှုပြန်ရှင်ပေးတော်မူခဲ့သည်။ ဤအချိန်တွင် ထိုလူနှစ်ယောက်အားပြုသကဲ့သို့ လာဇရုအားပြုပေးရန် ကိုယ်တော်အကြွင်းမဲ့ရည်ရွယ်တော်မူသည်။ (ယောဟန် ၁၁:၁၁၊ ၂၃၊ ၂၅) သို့သော်ကိုယ်တော် “မျက်ရည်ကျတော်မူသည်။” လူသားအသက်ကို ပြန်ရှင်စေခြင်းသည် ယေရှုအတွက်လုပ်စရာအလုပ်တစ်ခုသက်သက်မျှမဟုတ်ချေ။ ဤအဖြစ်အပျက်တွင် ကိုယ်တော်တင်ပြခဲ့သည့် သနားစာနာမှုနှင့်ပြင်းပြသည့်ခံစားမှုတို့က သေခြင်း၏အဖျက်တန်ခိုးကိုဖယ်ရှားပစ်ရန် ကိုယ်တော်အလွန်ဆန္ဒရှိတော်မူကြောင်း ထင်ရှားစွာညွှန်ပြသည်။
ယေရှုသည် ‘ယေဟောဝါဘုရားသခင့်အဖြစ်တော်၏တထေရာတည်းသောကိုယ်စား’ ဖြစ်သဖြင့် ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်သည် သာ၍ပင်ပြုတော်မူမည်ဖြစ်ကြောင်း ဆီလျော်စွာမျှော်လင့်နိုင်သည်။ (ဟေဗြဲ ၁:၃၊ ကဘ) ရှင်ပြန်ထမြောက်စေလိုသည့် ယေဟောဝါ၏ကိုယ်တော်တိုင်ဆန္ဒရှိခြင်းနှင့်ပတ်သက်၍ သစ္စာရှိယောဘက “လူသည်သေလျှင်အသက်ရှင်ပြန်ပါလိမ့်မည်လော။ . . . အကျွန်ုပ်ကိုခေါ်တော်မူပါ။ အကျွန်ုပ်ပြန်လျှောက်ပါမည်။ ကိုယ်တိုင်ဖန်ဆင်းတော်မူသောအရာကိုသနား [တသ၊ သမ] ” တော်မူမည်ဟုပြောခဲ့သည်။ (ယောဘ ၁၄:၁၄၊ ၁၅) “ကိုယ်တော်တသတော်မူမည်” ကိုဖော်ပြသောမူရင်းစကားလုံးက ထက်သန်သောစိတ်အလိုဆန္ဒဟုအဓိပ္ပာယ်ရသည်။ (ကမ္ဘာဦး ၃၁:၃၀။ ဆာလံ ၈၄:၂) ယေဟောဝါသည် ရှင်ပြန်ထမြောက်ခြင်းကို အလွန်မျှော်လင့်တမ်းတသည်မှာထင်ရှားသည်။
ရှင်ပြန်ထမြောက်ခြင်းကတိတော်ကို ကျွန်ုပ်တို့အမှန်ယုံကြည်နိုင်မည်လော။ ယေဟောဝါနှင့်ကိုယ်တော့်သားတော် နှစ်ပါးတို့သည်ဆန္ဒရှိတော်မူကြပြီး ပြည့်စုံရန်တတ်နိုင်တော်မူကြသည်။ သင့်အတွက်မည်သို့အဓိပ္ပာယ်ရှိသနည်း။ ဤမြေကြီးပေါ်ငြိမ်းချမ်းသည့်အခြေအနေအောက် သင်ချစ်ခင်မြတ်နိုးသူနှင့်ပြန်လည်ဆုံတွေ့မည့်အလားအလာရှိသည်။
ယခုရိုဘာတာ၏မျှော်လင့်ချက်မှာ ဤသို့ပင်ဖြစ်သည်။ (ရှေ့ဆောင်းပါးမှဖော်ပြသည်အတိုင်း) သူမမိခင်ကွယ်လွန်ပြီးနောက် နှစ်ပေါင်းအတန်ကြာသောအခါ ယေဟောဝါသက်သေများက သူမအား ကျမ်းစာကိုဂရုတစ်စိုက်လေ့လာရန် ကူညီပေးကြသည်။ သူမပြန်ပြောပြသည်မှာ “ရှင်ပြန်ထမြောက်ခြင်းအကြောင်းသိရတော့ ကျွန်မငိုခဲ့တယ်။ ကျွန်မအမေနဲ့ပြန်တွေ့ရမယ်ဆိုတော့သိပ်အံ့သြမိတယ်။” သင့်နှလုံးသည်လည်း သင်ချစ်ခင်မြတ်နိုးသူကို တစ်ဖန်ပြန်တွေ့ရန် အလားတူတသပါက ဤအံ့သြဖွယ်မျှော်လင့်ချက်အကြောင်း သင်လေ့လာလိုမည်မှာမလွဲပေ။
[အောက်ခြေမှတ်ချက်များ]
a ယောဟန် ၅:၂၈၊ ၂၉ ပါယေရှုကတိပြုပေးသည့်အချိန်နှင့် လာဇရုသေခြင်းတို့၏ကြားကာလအတွင်း နာဣနမြို့ရှိမုဆိုးမ၏သားနှင့် ယာဣရု၏သမီးတို့ကိုရှင်ပြန်ထမြောက်ပေးခဲ့သည်။—လုကာ ၇:၁၁-၁၇။ ၈:၄၀-၅၆။
b နယူးယောက်မြို့ကင်းမျှော်စင်ကျမ်းစာနှင့်ဝေစာအသင်းထုတ် “သမ္မာကျမ်းစာ—ဘုရားနှုတ်ကပါဌ်တော်လော၊ လူ့စကားလော စာအုပ်၏အခန်း ၆ ပါ “အံ့ဖွယ်အမှုများ—အမှန်တကယ်ဖြစ်ပျက်ခဲ့သလော” အကြောင်းကိုကြည့်ပါ။
c စိတ်ဝင်စားစရာကား၊ ကြားလောက်အောင်ငိုခြင်းကို ဖော်ပြသည့်ဂရိစကားလုံး (klai΄o) ကိုလာမည့် ယေရုရှလင်မြို့ပျက်စီးခြင်းအကြောင်း ယေရှုကြိုတင်ဟောပြောချိန်တွင် အသုံးပြုထားသည်။ လုကာ၏မှတ်တမ်းက “ယေရုရှလင်မြို့အနီးသို့ရောက်၍ ကြည့်မြင်လျက်ငိုကြွေးတော်မူ” ၏ဟုဖော်ပြထားသည်။
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
ယာဣရု၏သမီးကို ယေရှုရှင်ပြန်ထမြောက်ပေးခဲ့ခြင်းက အနာဂတ်ရှင်ပြန်ထမြောက်ခြင်း ယုံကြည်ချက်၏အခြေအမြစ်ကိုပေးသည်
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
ယေရှုသည် လာဇရု၏သေခြင်းကြောင့်အလွန်စိတ်ထိခိုက်တော်မူ၏