အခန်း ၄၁
ဘုရားသခင့် တရားစီရင်ရာနေ့ —၎င်း၏ရွှင်လန်းဖွယ် အကျိုးရလဒ်
ရူပါရုံ ၁၅ ဗျာဒိတ် ၂၀:၁၁–၂၁:၈
အကြောင်းအရာ– အထွေထွေထမြောက်ခြင်း၊ တရားစီရင်ရာနေ့နှင့် ကောင်းကင်သစ် မြေကြီးသစ်ဆိုင်ရာကောင်းချီးများ
ပြည့်စုံချိန်– အနှစ်တစ်ထောင်အုပ်စိုးချိန်
၁။ (က) အာဒံနှင့်ဧဝ အပြစ်ပြုသောအခါ လူသားများ ဘာဆုံးရှုံးခဲ့ရသနည်း။ (ခ) ဘုရားသခင့်အဘယ်ရည်ရွယ်ချက် မပြောင်းလဲခဲ့သနည်း။ ကျွန်ုပ်တို့မည်သို့သိနိုင်သနည်း။
လူသားများအနေနှင့် ကျွန်ုပ်တို့သည် ထာဝစဉ်အသက်ရှင်ရန် ဖန်ဆင်းခံရ၏။ အာဒံနှင့်ဧဝတို့သာ ဘုရားသခင့် အမိန့်တော်များကို နာခံခဲ့ကြလျှင် သူတို့ဘယ်တော့မျှ သေမည်မဟုတ်။ (ကမ္ဘာဦး ၁:၂၈; ၂:၈၊ ၁၆၊ ၁၇; ဒေသနာ ၃:၁၀၊ ၁၁) သို့သော် သူတို့အပြစ်ပြုသောအခါ သူတို့အဖို့ရော သူတို့သားမြေးများအဖို့ပါ စုံလင်မှုနှင့်အသက်ကို ဆုံးရှုံးခဲ့ကြပြီး သေခြင်းသည် လူသားများအပေါ် အညှာတာကင်းသော ရန်သူသဖွယ် စိုးမိုးလာသည်။ (ရောမ ၅:၁၂၊ ၁၄; ၁ ကောရိန္သု ၁၅:၂၆) သို့တစေ၊ စုံလင်သောလူသားများအား ပရဒိသုမြေကြီးပေါ်တွင် ထာဝစဉ်နေထိုင်စေရန်ဟူသော ဘုရားသခင့် ရည်ရွယ်ချက်မှာမူ မပြောင်းလဲခဲ့။ ဘုရားသခင်သည် လူသားများအပေါ် ကြီးမားသော မေတ္တာတော်ရှိသဖြင့် မိမိ၏တစ်ပါးတည်းသော သားတော်ယေရှုကို မြေကြီးပေါ်သို့ စေလွှတ်တော်မူ၏။ ယေရှုသည် အာဒံ၏သားမြေး “လူအများ” အတွက် မိမိ၏စုံလင်သော လူ့အသက်ကို ရွေးနုတ်ဖိုးအဖြစ် စွန့်တော်မူ၏။ (မဿဲ ၂၀:၂၈၊ သမ္မာ; ယောဟန် ၃:၁၆) ယခု ယေရှုသည် မိမိပူဇော်ရာယဇ်၏ တရားဝင်အကျိုးကိုသုံးစွဲ၍ ယုံကြည်သူလူသားများအား ပရဒိသုမြေကြီးပေါ်တွင် စုံလင်သောအသက် ပြန်ရစေနိုင်ပြီဖြစ်၏။ (၁ ပေတရု ၃:၁၈; ၁ ယောဟန် ၂:၂) လူသားများ “ဝမ်းမြောက်ရွှင်လန်း” စရာအကြောင်းထူးပါတကား။—ဟေရှာယ ၂၅:၈၊ ၉။
၂။ ဗျာဒိတ် ၂၀:၁၁ ၌ ယောဟန် ဘာကိုဖော်ပြသနည်း၊ “ပလ္လင်ဖြူကြီး” ကားအဘယ်နည်း။
၂ စာတန်သည် တွင်းနက်ကြီးထဲ၌ ချုပ်နှောင်ခံရပြီဖြစ်ရာ ယေရှု၏ဘုန်းတောက်သော အနှစ်တစ်ထောင်အုပ်ချုပ်မှု စတင်လေ၏။ ယခုကား “ခန့်ထားတော်မူသောသူအားဖြင့် လောကီသားတို့ကို ဖြောင့်မတ်ခြင်းတရားနှင့် ညီလျော်စွာ စစ်ကြောစီရင်မည့်နေ့ရက်” ပင်တည်း။ (တမန်တော် ၁၇:၃၁; ၂ ပေတရု ၃:၈) ယောဟန်ဤသို့ဆို၏– “ထို့နောက် ပလ္လင်ဖြူကြီးနှင့် ၎င်းအပေါ်တွင် စံနေတော်မူသောအရှင်ကို ငါမြင်ရ၏။ မြေကြီးနှင့် ကောင်းကင်သည် ရှေ့တော်မှပြေးလွင့်၍ ၎င်းတို့အဖို့ နေရာမရှိတော့။” (ဗျာဒိတ် ၂၀:၁၁) ဤ “ပလ္လင်ဖြူကြီး” ကား အဘယ်နည်း။ “လူခပ်သိမ်းတို့၏ တရားသူကြီး ဘုရားသခင်” ၏ တရားပလ္လင်တော်မှအပ အခြားအရာမဖြစ်နိုင်။ (ဟေဗြဲ ၁၂:၂၃၊ ကဘ) ယခု ကိုယ်တော်သည် ယေရှု၏ရွေးနုတ်ဖိုး ယဇ်အကျိုးကျေးဇူးကို မည်သူခံထိုက်သည်နှင့် စပ်လျဉ်း၍ လူသားတို့ကို တရားစီရင်တော့မည်။—မာကု ၁၀:၄၅။
၃။ (က) ဘုရားသခင်၏ပလ္လင်တော်သည် “ကြီး” ၍ “ဖြူ” သည်ဟူသောအချက်က ဘာကိုပြသနည်း။ (ခ) တရားစီရင်ရာနေ့၌ မည်သူတရားစီရင်၍ အဘယ်အရာကိုအခြေခံမည်နည်း။
၃ ဘုရားသခင်၏ ပလ္လင်တော် “ကြီး” သည်ဟူသောအချက်က ယေဟောဝါသည် အချုပ်အခြာအာဏာရှင်အနေနှင့် ကြီးမြင့်တော်မူကြောင်းကို လေးနက်စေ၏။ ပလ္လင်တော်သည် “ဖြူ” သည်ဟူသောအချက်က ကိုယ်တော်၏ အပြစ်ကင်းသော ဖြောင့်မတ်ခြင်းကို သတိပြုစေ၏။ ကိုယ်တော်သည် လူသားတို့၏ အထွတ်အမြတ်ဆုံး တရားသူကြီး ဖြစ်တော်မူ၏။ (ဆာလံ ၁၉:၇-၁၁; ဟေရှာယ ၃၃:၂၂; ၅၁:၅၊ ၈) သို့ရာတွင် တရားစီရင်ခြင်းအခွင့်ကို ယေရှုခရစ်အား လွှဲအပ်တော်မူ၏– “ခမည်းတော်သည် အဘယ်သူကိုမျှ တရားစီရင်တော်မမူ။ တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အား ပေးအပ်တော်မူ၏။” (ယောဟန် ၅:၂၃) ယေရှုနှင့်အတူ အပေါင်းပါ ၁၄၄,၀၀၀ ရှိ၍ “တရားစီရင်ခြင်းအာဏာကို သူတို့အား [အနှစ်တစ်ထောင်] အပ်နှင်းတော်မူ၏။” (ဗျာဒိတ် ၂၀:၄) သို့ပင်ငြားလည်း တရားစီရင်ရာနေ့အတွင်း လူတစ်ဦးစီ ဘာဖြစ်မည်ကို အဆုံးအဖြတ်ပေးသည့်အရာမှာ ယေဟောဝါ၏ စံနှုန်းများသာဖြစ်၏။
၄။ ‘မြေကြီးနှင့် ကောင်းကင် ပြေးလွင့်’ သည်မှာ ဘာကိုဆိုလိုသနည်း။
၄ “မြေကြီးနှင့်ကောင်းကင်သည် ရှေ့တော်မှပြေးလွင့်” သွားသည်မှာ အဘယ်သို့နည်း။ ၎င်းကောင်းကင်ကား ဆဋ္ဌမတံဆိပ်ဖွင့်စဉ် စာလိပ်ပမာ လွင့်ထွက်သွားသောကောင်းကင်၊ “တရားဆုံးဖြတ်၍ အဓမ္မလူတို့ကို ဖျက်ဆီးသောနေ့ရက်တိုင်အောင် . . . သိုထားလျက်ရှိ” သော လူ့အုပ်ချုပ်ရေး အာဏာစက်များပင်ဖြစ်၏။ (ဗျာဒိတ် ၆:၁၄; ၂ ပေတရု ၃:၇) မြေကြီးကား ထိုအုပ်ချုပ်ရေးအောက်ရှိ ဖွဲ့စည်းထားသော အစီအစဉ်စနစ်ဖြစ်၏။ (ဗျာဒိတ် ၈:၇) သားရဲ၏ အမှတ်တံဆိပ်ကိုခံသူများ၊ ၎င်း၏ရုပ်တုကို ကိုးကွယ်သောသူများနှင့်တကွ သားရဲနှင့် မြေကြီးဘုရင်များ၊ ၎င်းတို့၏တပ်များ ဖျက်ဆီးခံရခြင်းက အဆိုပါကောင်းကင်နှင့် မြေကြီး ပြေးလွင့်သည့်အချိန်ကို သတ်မှတ်၏။ (ဗျာဒိတ် ၁၉:၁၉-၂၁) စာတန်၏မြေကြီးနှင့် ကောင်းကင်အပေါ် အပြစ်ဒဏ်စီရင်လိုက်ပြီဖြစ်၍ မဟာတရားသူကြီးသည် တရားစီရင်ရာနေ့ နောက်တစ်နေ့ကို ပြဋ္ဌာန်းတော်မူ၏။
အနှစ်တစ်ထောင် တရားစီရင်ရာနေ့
၅။ မြေကြီးဟောင်းနှင့် ကောင်းကင်ဟောင်း ပျောက်လွင့်သည့်နောက် မည်သူများ တရားစီရင်ခံရန် ကျန်ရစ်မည်နည်း။
၅ မြေကြီးဟောင်းနှင့် ကောင်းကင်ဟောင်း ပြေးလွင့်သွားသည့်နောက် တရားစီရင်ခံရန် မည်သူများကျန်ရစ်ကြမည်နည်း။ ၁၄၄,၀၀၀ ထဲမှ ဘိသိက်ခံအကြွင်းအကျန် မဖြစ်နိုင်။ အကြောင်းမှာ သူတို့သည် တရားစီရင်၍ တံဆိပ်ခတ်ခြင်းခံရပြီဖြစ်၏။ အာမဂေဒုန်ပြီးနောက် မြေကြီးပေါ် ဘိသိက်ခံအချို့ ကျန်ရှိနေသေးလျှင် သူတို့သည် များမကြာမီ သေလွန်၍ ထမြောက်ခြင်းဖြင့် ကောင်းကင်ဆုကို ဆွတ်ခူးကြရမည်။ (၁ ပေတရု ၄:၁၇; ဗျာဒိတ် ၇:၂-၄) သို့ရာတွင် ဆင်းရဲဒုက္ခကြီးထဲမှ ယခုထွက်မြောက်လာသော လူအုပ်ကြီးသည် “ပလ္လင်တော်ရှေ့” ၌ ထီးထီးကြီး ရပ်လျက်ရှိ၏။ သူတို့သည် ယေရှုသွန်းတော်မူသောသွေးတော်ကို ယုံကြည်သောကြောင့် ဖြောင့်မတ်၍ ကပ်ကျော်ထိုက်သူများအဖြစ် ရေတွက်တော်မူခြင်း ခံရကြပြီဖြစ်သော်လည်း သူတို့အား “အသက်ရေစမ်းပေါက်များ” ဆီသို့ ယေရှု လမ်းပြခေါ်ဆောင် သွားတော်မူသည်နှင့်အမျှ အနှစ်တစ်ထောင်တစ်လျှောက် သူတို့ကိုဆက်၍ တရားစီရင်သွားရမည်ဖြစ်၏။ ထို့နောက် သူတို့သည် လူ့စုံလင်ခြင်းအဖြစ်သို့ပြန်ရောက်၍ စမ်းသပ်ခံပြီးသောအခါ အပြည့်အဝ ဖြောင့်မတ်သူများအဖြစ် ကြေညာတော်မူခြင်း ကိုခံရကြမည်။ (ဗျာဒိတ် ၇:၉၊ ၁၀၊ ၁၄၊ ၁၇) ဆင်းရဲဒုက္ခကြီးကိုကပ်ကျော်သော ကလေးများနှင့် အနှစ်တစ်ထောင်အတွင်း လူအုပ်ကြီးမှ မွေးဖွားလာသော ကလေးများလည်း အနှစ်တစ်ထောင်အတွင်း တရားစီရင်ခြင်း ခံဖို့လိုသည်။—ကမ္ဘာဦး ၁:၂၈; ၉:၇; ၁ ကောရိန္သု ၇:၁၄ နှိုင်းယှဉ်။
၆။ (က) အဘယ်လူသိုက်ကို ယောဟန်မြင်ရသနည်း၊ လူ “အကြီးအငယ်” ဟူသောစကားက ဘာကိုပြသနည်း။ (ခ) ဘုရားသခင်၏မှတ်ဉာဏ်ထဲမှ သန်းပေါင်းများစွာသောလူများ မည်သို့ပေါ်ထွက်လာမည်နည်း။
၆ သို့ရာတွင် ကပ်ကျော်သူလူအုပ်ကြီးထက် များပြားသောလူသိုက်ကို ယောဟန်မြင်ရ၏။ ၎င်း၏အရေအတွက်သည် သန်းပေါင်းထောင်နှင့်ချီ၍ ရှိလိမ့်မည်တည်း။ “ထို့နောက် သေလွန်သူ အကြီးအငယ်တို့သည် ပလ္လင်တော်ရှေ့၌ ရပ်နေသည်ကိုလည်းကောင်း၊ စာလိပ်များ ဖွင့်ထားသည်ကိုလည်းကောင်း ငါမြင်ရ၏။” (ဗျာဒိတ် ၂၀:၁၂က) ထိုသူ “အကြီးအငယ်တို့” တွင်၊ လွန်ခဲ့သောအနှစ် ၆,၀၀၀ အတွင်း မြေကြီးပေါ်အသက်ရှင်ပြီး သေလွန်ခဲ့သည့် ထင်ပေါ်သူ၊ မထင်ပေါ်သူ လူသားများပါဝင်၏။ ဗျာဒိတ်ကျမ်းကို တမန်တော်ယောဟန် ရေးပြီး၍မကြာမီ ပြုစုသော ခရစ်ဝင်ကျမ်း၌ ခမည်းတော်အကြောင်းကို ယေရှုဤသို့ဆို၏– “သားတော် [ယေရှု] သည် လူသားဖြစ်သောကြောင့် [ဘုရားသခင်သည်] တရားစီရင်ခြင်းအခွင့်ကိုလည်း အပ်ပေးတော်မူ၏။ ဤအမှုအရာကို အံ့သြခြင်းမရှိကြနှင့်။ [“အောက်မေ့ရာ၊” ကဘ] သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့သည် သားတော်၏စကားသံကိုကြား၍ ထွက်ရမည့်အချိန်ကာလ ရောက်လတ္တံ့။” (ယောဟန် ၅:၂၇-၂၉) သမိုင်းတစ်လျှောက်လုံးမှ သေဆုံးခြင်းနှင့် သင်္ဂြိုဟ်ခြင်းတို့ကို ချေဖျက်ခြင်းတည်းဟူသော ဤစီမံကိန်းကား အံ့မခန်းဖွယ် ကြီးကျယ်လှသည်တကား။ ဘုရားသခင့်မှတ်ဉာဏ်ထဲမှ မရေတွက်နိုင်လောက်အောင် များပြားလှသည့် သန်းပေါင်းများစွာသော ဤသူများသည် တစ်သုတ်ပြီးတစ်သုတ် ထမြောက်လာကြမည်။ သို့မှသာ နှိုင်းယှဉ်ချက်အရ အရေအတွက်နည်းလှသော လူအုပ်ကြီးအနေနှင့် ပေါ်လာကောင်းပေါ်လာမည့် ပြဿနာများကို ကိုင်တွယ်နိုင်မည်ဖြစ်၏။ အကြောင်းမှာ ထမြောက်လာသူများသည် သွေးသားအားနည်းချက်နှင့် ဇာတိစိတ်များ ရှိကြမည်ဖြစ်ရာ အစပိုင်း၌ ဘဝဟောင်းလမ်းစဉ်အတိုင်း ပြုမူလိုသောဆန္ဒ ရှိချင်ရှိမည်။
မည်သူများထမြောက်၍ တရားစီရင်ခြင်း ခံရကြမည်နည်း
၇၊ ၈။ (က) အဘယ်စာလိပ်ကိုဖွင့်ထား၍ ၎င်းနောက် ဘာဖြစ်ပျက်သနည်း။ (ခ) မည်သူများအဖို့ ထမြောက်ခြင်းရှိမည်မဟုတ်သနည်း။
၇ ယောဟန်က ဤသို့ထပ်၍ဆို၏– “အခြားစာလိပ်တစ်လိပ်ကိုလည်း ဖွင့်ထား၏။ ၎င်းမှာ အသက်စာလိပ်ဖြစ်၏။ သေလွန်သူတို့သည် မိမိတို့ပြုသော အမှုများအလျောက် စာလိပ်များတွင် ရေးသားထားချက်များနှင့်အညီ တရားစီရင်ခြင်းကို ခံရကြ၏။ ပင်လယ်သည် မိမိ၌ရှိသော သေလွန်သူများကို ပေးအပ်၏။ သေခြင်းနှင့် ဟေးဒီးစ်တို့လည်း မိမိတို့၌ရှိသော သေလွန်သူများကို ပေးအပ်ကြ၏။ ထိုသူတို့သည် မိမိတို့ပြုသော အမှုများအလျောက် တစ်ဦးချင်း တရားစီရင်ခြင်းကို ခံရကြ၏။” (ဗျာဒိတ် ၂၀:၁၂ခ၊ ၁၃) အသက်ရှူမှားဖွယ် မြင်ကွင်းပါတကား။ ‘ပင်လယ်၊ သေခြင်းနှင့် ဟေးဒီးစ်’ တို့သည် ကိုယ်စီကိုယ်င ပါဝင်ဆောင်ရွက်ကြ၏။ သို့သော် ၎င်းအသုံးအနှုန်းတို့သည် ဆန့်ကျင်ကွဲပြားခြင်းမရှိကြောင်း သတိပြုပါ။a ယောနသည် ငါးတစ်ကောင်၏ ဝမ်းထဲ၌ရှိသဖြင့် ပင်လယ်အလယ်၌ ရှိသည်နှင့်မခြားသောအချိန်၌ မိမိသည် ရှီးအိုးလ် သို့မဟုတ် ဟေးဒီးစ်ထဲသို့ ရောက်နေသည်ဟု ဆိုခဲ့သည်။ (ယောန ၂:၂) လူတစ်ဦးသည် အာဒံဆိုင်ရာသေခြင်း၏ လက်ခုပ်၌ရှိလျှင် ဟေးဒီးစ်ထဲ၌လည်းရှိနိုင်သည်။ အထက်ပါ ပရောဖက်ပြုချက်စကားများက မည်သူမျှ မေ့လျော့တော်မူခြင်း ခံရမည်မဟုတ်ကြောင်း ခိုင်လုံစွာအာမခံ၏။
၈ ထမြောက်မည် မဟုတ်သောသူများ အရေအတွက်မသိရှိမည် မှန်၏။ ထိုသူတို့တွင် ယေရှုနှင့် တမန်တော်များကို ငြင်းပယ်သော နောင်တမရသည့် ကျမ်းတတ်ဆရာနှင့် ဖာရိရှဲများ၊ ဘာသာရေးဆိုင်ရာ “ဒုစရိုက်လူ” နှင့် “ရွေ့လျော့ဖောက်ပြန်သော” ဘိသိက်ခံခရစ်ယာန်များ ပါဝင်ကြမည်ဖြစ်သည်။ (၂ သက်သာလောနိတ် ၂:၃; ဟေဗြဲ ၆:၄-၆; မဿဲ ၂၃:၂၉-၃၃) ကမ္ဘာ့ဆုံးခန်း၌ ‘ထာဝရဖြတ်တောက်ခြင်း’ တည်းဟူသော “မာရ်နတ်နှင့် သူ၏တမန်တို့အဖို့ ပြင်ဆင်သော ထာဝရမီး” ထဲသို့သွားရသည့် ဆိတ်နှင့်တူသော လူများအကြောင်းကိုလည်း ယေရှုမိန့်မြွက်သေး၏။ (မဿဲ ၂၅:၄၁၊ ၄၆) ဤသူများအဖို့ ထမြောက်ခြင်းမရှိ။
၉။ ထမြောက်ချိန်၌ အချို့ပုဂ္ဂိုလ်များ အထူးမျက်နှာသာတော်ရကြမည်ဖြစ်ကြောင်း တမန်တော်ပေါလု မည်သို့တင်ပြသနည်း၊ ထိုသူတို့တွင် မည်သူများပါဝင်ကြသနည်း။
၉ တစ်ဖက်တွင်မူ အချို့ပုဂ္ဂိုလ်များသည် ထမြောက်ခြင်း၌ အထူးမျက်နှာသာရကြမည်။ အောက်ပါအတိုင်း တမန်တော်ပေါလု ဆိုသောအခါ ထိုအချက်ကိုတင်ပြ၏– “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူရှိသမျှတို့သည် သေခြင်းမှထမြောက်ကြလိမ့်မည်ဟူ၍ . . . အကျွန်ုပ်လည်း ဘုရားသခင်ကို အမှီပြု၍ မျှော်လင့်ပါ၏။” (တမန်တော် ၂၄:၁၅) မြေကြီးဆိုင်ရာ ထမြောက်ခြင်းနှင့် ပတ်သက်၍ဆိုလျှင် “ဖြောင့်မတ်သောသူ” များတွင် အာဗြဟံ၊ ရာခပ်နှင့် အခြားလူများစွာဖြစ်သော ရှေးသစ္စာရှိ ယောက်ျားမိန်းမများ ပါဝင်ကြမည်ဖြစ်၏။ သူတို့သည် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့၍ ဖြောင့်မတ်သူများအဖြစ် ကြေညာတော်မူခြင်းကိုခံရ၏။ (ယာကုပ် ၂:၂၁၊ ၂၃၊ ၂၅) ယခုခေတ်အတွင်း သေသည်တိုင် ယေဟောဝါပေါ်သစ္စာရှိသော ဖြောင့်မတ်သည့် အခြားသိုးများလည်း ဤအုပ်စု၌ ပါဝင်ကြမည်။ ထိုသို့သောသမာဓိစောင့်သိသူတို့သည် ယေရှု၏အနှစ်တစ်ထောင် အုပ်စိုးချိန်အစပိုင်း၌ ထမြောက်လာကြဖို့အကြောင်းများ၏။ (ယောဘ ၁၄:၁၃-၁၅; ၂၇:၅; ဒံယေလ ၁၂:၁၃; ဟေဗြဲ ၁၁:၃၅၊ ၃၉၊ ၄၀) ထမြောက်လာကြသော ထိုဖြောင့်မတ်သူများစွာတို့သည် ပရဒိသုပြန်လည်ထူထောင်ခြင်းတည်းဟူသော ကြီးကျယ်သည့်လုပ်ငန်းကို ကွပ်ကဲသည့်ကိစ္စ၌ အခွင့်ထူးများပေးအပ်ခံရမည်မှာ သေချာသည်။—ဆာလံ ၄၅:၁၆; ဟေရှာယ ၃၂:၁၊ ၁၆-၁၈; ၆၁:၅; ၆၅:၂၁-၂၃ နှိုင်းယှဉ်။
၁၀။ ထမြောက်လာသူများအနက် “မဖြောင့်မတ်သူ” တို့မှာ မည်သူများနည်း။
၁၀ သို့သော်၊ တမန်တော် ၂၄:၁၅ ပါ “မဖြောင့်မတ်သောသူ” များကား မည်သူများနည်း။ ၎င်းတို့တွင် သမိုင်းတစ်လျှောက် သေဆုံးခဲ့သော မဟာလူထုပရိသတ်ကြီး ပါဝင်ပေလိမ့်မည်။ အထူးသဖြင့် “မသိမလင်းသော အချိန်ကာလများ” အတွင်း အသက်ရှင်ခဲ့သူများဖြစ်၏။ (တမန်တော် ၁၇:၃၀၊ သမ္မာ) ဤသူများသည် မိမိတို့မွေးရာဒေသနှင့် နေထိုင်ရာကာလကြောင့် ယေဟောဝါ၏ အလိုတော်ကိုလိုက်နာရန် သင်အံခွင့်မရခဲ့ကြချေ။ ထိုသူတို့အပြင် ကယ်တင်ခြင်းသတင်းကို ကြားသော်လည်း ထိုအချိန်၌ အပြည့်အဝ မတုံ့ပြန်ခဲ့သူများ၊ သို့မဟုတ် အပ်နှံခြင်းနှင့် နှစ်ခြင်းခံခြင်းအဆင့်သို့မရောက်မီ သေဆုံးခဲ့သူများလည်းရှိသေး၏။ ဤသူများသည် ထမြောက်ရာကာလ၌ ထာဝရအသက်ရနိုင်သော ၎င်းအခွင့်အခါကောင်းမှ အကျိုးကျေးဇူး တကယ်ခံစားလိုလျှင် မိမိတို့၏စဉ်းစားပုံနှင့် နေထိုင်ပုံကို ဆက်လက်ပြုပြင်ပြောင်းလဲရမည်ဖြစ်သည်။
အသက်စာလိပ်
၁၁။ (က) “အသက်စာလိပ်” သည် အဘယ်အရာဖြစ်သနည်း၊ ၎င်းစာလိပ်၌ မည်သူများ၏အမည် မှတ်တမ်းတင်ထားသနည်း။ (ခ) အနှစ်တစ်ထောင်အုပ်ချုပ်ရာကာလအတွင်း အဘယ်ကြောင့် အသက်စာလိပ်ကို ဖွင့်ထားသနည်း။
၁၁ “အသက်စာလိပ်” အကြောင်းကို ယောဟန်ဆို၏။ ယေဟောဝါလက်တော်မှ ထာဝရအသက် ရနိုင်မည့်သူများ၏ မှတ်တမ်းဖြစ်၏။ ယေရှု၏ဘိသိက်ခံ ညီတော်များ၏အမည်၊ လူအုပ်ကြီး၏အမည်၊ မောရှေစသော ရှေးသစ္စာရှိတို့၏အမည်များကို ၎င်းစာလိပ်၌ ရေးသားထားပြီ။ (ထွက်မြောက်ရာ ၃၂:၃၂၊ ၃၃; ဒံယေလ ၁၂:၁; ဗျာဒိတ် ၃:၅) ထမြောက်လာသော “မဖြောင့်မတ်သူ” တို့၏အမည်တစ်ခုမျှ အသက်စာလိပ်၌ စာရင်းမဝင်သေးချေ။ ထို့ကြောင့် အရည်အချင်းရှိလာသော အခြားသူတို့၏အမည်များကို ရေးမှတ်နိုင်ရန် အနှစ်တစ်ထောင်အတွင်း အသက်စာလိပ်ကိုဖွင့်ထားမည်။ အသက်စာလိပ် သို့မဟုတ် စာစောင်၌ အမည်စာရင်းမဝင်သူတို့သည် “မီးအိုင်ထဲသို့ပစ်ချ” ခံရကြ၏။—ဗျာဒိတ် ၂၀:၁၅; ဟေဗြဲ ၃:၁၉ နှိုင်းယှဉ်။
၁၂။ ဖွင့်ထားသောအသက်စာလိပ်၌ မိမိနာမည်စာရင်းဝင်မဝင်ကို အဘယ်အရာက အဆုံးအဖြတ်ပေးမည်နည်း၊ ယေဟောဝါခန့်အပ်ခံတရားသူကြီးက မည်သို့စံနမူနာထားခဲ့သနည်း။
၁၂ လူတစ်ဦးသည် ထိုအချိန်၌ အမည်စာရင်း ဝင်မည်မဝင်မည်ကို မည်သည့်အရာက ဆုံးဖြတ်မည်နည်း။ အာဒံနှင့်ဧဝလက်ထက်မှာကဲ့သို့ပင် ယေဟောဝါအား နာခံခြင်း နာမခံခြင်း ဟူသောအချက်ပင်တည်း။ တမန်တော်ယောဟန်က ချစ်မြတ်နိုးသောခရစ်ယာန်ချင်းတို့အား ရေးသကဲ့သို့ဖြစ်၏– “လောကနှင့် လောကီတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားသခင်၏ အလိုတော်နှင့်အညီ ကျင့်သောသူမူကား နိစ္စထာဝရတည်၏။” (၁ ယောဟန် ၂:၄-၇၊ ၁၇) ယေဟောဝါ ခန့်အပ်တော်မူသော တရားသူကြီးသည် နာခံမှုတွင် စံနမူနာရှင်ဖြစ်၏။ ယေရှုသည် “ဘုရားသခင်၏ သားတော်မှန်သော်လည်း ဆင်းရဲဒုက္ခကိုခံသောအားဖြင့် နားထောင်ခြင်းအကျိုးအကြောင်းကို သင်တော်မူ၏။ ထိုသို့စုံလင်ခြင်းသို့ရောက်ပြီးမှ ယုံကြည်နားထောင်သောသူ အပေါင်းတို့အား ထာဝရကယ်တင်ခြင်းကျေးဇူးကို ပြုသောသူဖြစ်တော်မူ” ၏။—ဟေဗြဲ ၅:၈၊ ၉။
အခြားစာလိပ်များကိုဖွင့်ခြင်း
၁၃။ ထမြောက်လာသူတို့သည် မိမိတို့၏နာခံမှုကို မည်သို့ပြရမည်နည်း၊ အဘယ်မူများကို လိုက်နာရမည်နည်း။
၁၃ ထမြောက်လာသော ဤသူတို့သည် မိမိတို့၏နာခံမှုကို မည်သို့ထင်ရှားစေရမည်နည်း။ ယေရှုကိုယ်တော်တိုင် အကြီးမြတ်ဆုံးသော ပညတ်နှစ်ချက်ကိုညွှန်းကာ ဤသို့မိန့်တော်မူ၏– “အမြတ်ဆုံးသောပညတ်ဟူမူကား၊ အိုဣသရေလအမျိုး၊ နားထောင်လော့။ ငါတို့၏ဘုရားသခင် ထာဝရဘုရားသည် တစ်ဆူတည်းသော ထာဝရဘုရားဖြစ်တော်မူ၏။ ထာဝရဘုရားသည် တစ်ပါးတည်းဖြစ်တော်မူ၏။ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်လော့။ ဤပညတ်သည် ပထမပညတ်ဖြစ်၏။ ထိုမှတစ်ပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့။” (မာကု ၁၂:၂၉-၃၁) ခိုးဝှက်မှု၊ လိမ်လည်မှု၊ လူသတ်မှုနှင့် စာရိတ္တပျက်ပြားမှုတို့ကို ရှောင်ကြဉ်ခြင်းစသော အခိုင်အမာချမှတ်ထားသည့် ယေဟောဝါ၏မူများကိုလည်း သူတို့လိုက်နာကျင့်သုံးကြရမည်။—၁ တိမောသေ ၁:၈-၁၁; ဗျာဒိတ် ၂၁:၈။
၁၄။ အခြားအဘယ်စာလိပ်များကိုလည်း ဖွင့်ထားသနည်း၊ ၎င်းတို့တွင် ဘာရေးသားထားသနည်း။
၁၄ သို့တစေ၊ အနှစ်တစ်ထောင် အုပ်စိုးချိန်အတွင်းဖွင့်ထားမည့် အခြားစာလိပ်များအကြောင်းကို ခုလေးတင် ယောဟန်တင်ပြ၏။ (ဗျာဒိတ် ၂၀:၁၂) ၎င်းတို့သည် အဘယ်အရာဖြစ်မည်နည်း။ တစ်ခါတစ်ရံ ယေဟောဝါသည် တစ်စုံတစ်ခုသော အခြေအနေအတွက် တိကျသောညွန်ကြားချက်များကို ချမှတ်တော်မူ၏။ ဥပမာ၊ မောရှေလက်ထက်၌ အသေးစိတ်ကျသောပညတ်အစီအရီကို ပေးတော်မူခဲ့၏။ ၎င်းတို့ကို ဣသရေလလူတို့လိုက်နာလျှင် အသက်ရှင်နိုင်ကြ၏။ (တရားဟောရာ ၄:၄၀; ၃၂:၄၅-၄၇) ပထမရာစု၌ ခရစ်ယာန်အစီအစဉ်အောက်ရှိ ယေဟောဝါ၏ မူများကိုလိုက်နာနိုင်ရန် သစ္စာရှိတို့အား ထောက်ကူသည့်အနေနှင့် အသစ်သောညွှန်ကြားချက်များကို ပြဋ္ဌာန်းတော်မူ၏။ (မဿဲ ၂၈:၁၉၊ ၂၀; ယောဟန် ၁၃:၃၄; ၁၅:၉၊ ၁၀) ယခု ယောဟန်က သေလွန်သောသူတို့သည် “မိမိတို့ပြုသော အမှုများအတိုင်း စာလိပ်များတွင် ရေးသားထားချက်များနှင့်အညီ တရားစီရင်ခြင်းကို ခံရကြ၏” ဟုဖော်ပြ၏။ သို့ဖြစ်၍ ထိုစာလိပ်များကိုဖွင့်သောအခါ အနှစ်တစ်ထောင်အတွင်း လူသားများလိုက်နာရမည့် ယေဟောဝါ၏ အသေးစိတ်တောင်းဆိုချက်များကို ထုတ်ပြန်မည်ဖြစ်၏။ နာခံသောလူသားများသည် ဘဝတွင် ထိုစည်းမျဉ်းနှင့်ပညတ်များကို ကျင့်သုံးစောင့်ရှောက်ခြင်းဖြင့် မိမိတို့၏အသက်တာကို ရှည်စေပြီး နောက်ဆုံး၌ ထာဝရအသက်ကို ရနိုင်ကြလိမ့်မည်။
၁၅။ ထမြောက်ရာကာလ၌ မည်သို့သောပညာရေးကင်ပိန်း လိုအပ်မည်နည်း၊ အဘယ်အစီအစဉ်အတိုင်း ထမြောက်လာကြမည်နည်း။
၁၅ အလွန်ကျယ်ပြန့်သော သီအိုကရက်တစ်ပညာရေးကင်ပိန်း လိုအပ်မည်တကား။ ၂၀၀၅ ခုနှစ်၌ ယေဟောဝါသက်သေများသည် ကမ္ဘာတစ်ဝန်းလုံး ဒေသအရပ်ရပ်၌ ကျမ်းစာသင်အံမှုပေါင်း ပျမ်းမျှ ၆,၀၆၁,၅၃၄ ခုပြုလုပ်ခဲ့သည်။ သို့သော် ထမြောက်ရာကာလ၌ ကျမ်းစာနှင့် စာလိပ်သစ်များကိုအခြေခံသည့် သန်းပေါင်းများစွာသော ကျမ်းစာသင်အံမှုများ ပြုလုပ်ရမည်မှာ သေချာသည်။ ဘုရားသခင်၏ လူမျိုးတော်အားလုံး သွန်သင်သူများဖြစ်ဖို့၊ အားထုတ်ဖို့လိုပေမည်။ ထမြောက်လာသူများသည် တိုးတက်လာသည်နှင့်အမျှ ကျယ်ပြန့်သော ဤသွန်သင်ခြင်းအစီအစဉ်၌ ပါဝင်ဆောင်ရွက်ကြမည်မှာ ယုံမှားဖွယ်မရှိ။ အသက်ရှင်နေသောသူတို့သည် မိမိတို့၏ထမြောက်လာသော ဆွေမျိုး၊ အသိအကျွမ်းတို့ကိုကြိုဆို၍ သင်ကြားပို့ချပြီး ထိုသူတို့ကတစ်ဖန် အခြားသူများကို ကြိုဆို၍ သင်ကြားပို့ချပေးနိုင်သော ရွှင်လန်းဖွယ်အခွင့်အလမ်းများရှိစေရန် ထမြောက်ခြင်းအစီအစဉ်က ဖန်တီးပေးမည့်ပုံရ၏။ (၁ ကောရိန္သု ၁၅:၁၉-၂၈၊ ၅၈ နှိုင်းယှဉ်။) ယနေ့ သမ္မာတရားကို အားတက်သရော ဖြန့်ဝေလျက်ရှိသည့် ယေဟောဝါသက်သေ ခြောက်သန်းကျော်တို့သည် ထမြောက်ရာကာလအတွင်း မိမိတို့ရယူခံစားဖို့မျှော်လင့်သော အခွင့်အရေးအတွက် ကောင်းသောအုတ်မြစ်ကို ချလျက်ရှိကြပေသည်။—ဟေရှာယ ၅၀:၄; ၅၄:၁၃။
၁၆။ (က) အသက်စာလိပ် သို့မဟုတ် အသက်စာစောင်၌ မည်သူတို့၏အမည်ကို ရေးမှတ်ထားမည်မဟုတ်သနည်း။ (ခ) “အသက်ရှင်ရာ” ထမြောက်ခြင်းကို မည်သူတို့ရမည်နည်း။
၁၆ မြေကြီးဆိုင်ရာ ထမြောက်ခြင်းနှင့်ပတ်သက်၍ ယေရှုက “ကောင်းသောအကျင့်ကို ကျင့်သောသူတို့သည် အသက်ရှင်ရာ ထမြောက်ခြင်းသို့လည်းကောင်း၊ ဆိုးယုတ်သောအကျင့်ကို ကျင့်သောသူတို့သည် အပြစ်စီရင်ရာ ထမြောက်ခြင်းသို့လည်းကောင်း ထွက်ရကြလတ္တံ့” ဟူ၍မိန့်ဆို၏။ ဤနေရာ၌သုံးနှုန်းသော “အသက်ရှင်ရာ” နှင့် “အပြစ်စီရင်ရာ” ဟူသောစကားများသည် ဆန့်ကျင်ဘက်ဖြစ်သည်၊ ထမြောက်လာသူတို့သည် မှုတ်သွင်းခံကျမ်းစာနှင့် စာလိပ်များအတိုင်း သွန်သင်ပို့ချခံသည့်နောက်၌ “ဆိုးယုတ်သောအကျင့်” ကိုကျင့်လျှင် အသက်မရထိုက်သူအဖြစ် စီရင်ခံရမည်ကိုပြ၏။ သူတို့၏အမည်ကို အသက်စာလိပ် သို့မဟုတ် အသက်စာစောင်ထဲ၌ ရေးမှတ်တော်မူမည်မဟုတ်။ (ယောဟန် ၅:၂၉) ယခင်က သစ္စာရှိလမ်းစဉ်ကို လိုက်ခဲ့သော်လည်း အနှစ်တစ်ထောင်အတွင်း အကြောင်းတစ်ခုခုကြောင့် သွေဖည်သွားသူများလည်း ထိုသို့စီရင်ခံရမည်ဖြစ်၏။ အမည်များကို ပယ်ဖျက်နိုင်၏။ (ထွက်မြောက်ရာ ၃၂:၃၂၊ ၃၃) တစ်ဖက်တွင်မူ စာလိပ်များပါ ရေးသားချက်များအတိုင်း နာခံကျင့်သုံးသူတို့၏အမည်များသည် ထိုမှတ်တမ်း၌ကျန်ရှိပြီး သူတို့သည် ဆက်လက်အသက်ရှင်ကြလိမ့်မည်။ သူတို့အဖို့ “အသက်ရှင်ရာ” ထမြောက်ခြင်းဖြစ်လိမ့်မည်။
သေခြင်းနှင့်ဟေးဒီးစ် အဆုံးတိုင်ခြင်း
၁၇။ (က) အဘယ်အံ့သြဖွယ်လုပ်ဆောင်မှုအကြောင်းကို ယောဟန်ဖော်ပြသနည်း။ (ခ) ဟေးဒီးစ်သည် မည်သည့်အခါ ဗလာကျင်းခံရသနည်း။ (ဂ) အာဒံနှင့်ဆိုင်သော သေခြင်းသည် မည်သည့်အခါ “မီးအိုင်ထဲသို့ပစ်ချ” ခံရမည်နည်း။
၁၇ တကယ်အံ့သြဖွယ်ကောင်းသောအကြောင်းကို ယောဟန်ရှေ့ဆက်၍ဖော်ပြ၏။ “ထို့နောက် သေခြင်းနှင့် ဟေးဒီးစ်တို့သည် မီးအိုင်ထဲသို့ ပစ်ချခံရကြ၏။ ထိုမီးအိုင်သည် ဒုတိယသေခြင်းကို ဆိုလို၏။ ထို့ပြင် အသက်စာစောင်၌ အမည်စာရင်း မဝင်သူ ရှိသမျှတို့သည်လည်း မီးအိုင်ထဲသို့ ပစ်ချခံရကြ၏။” (ဗျာဒိတ် ၂၀:၁၄၊ ၁၅) အနှစ်တစ်ထောင် တရားစီရင်ရာနေ့ ပြီးဆုံးသောအခါ “သေခြင်းနှင့် ဟေးဒီးစ်” တို့သည် လုံးဝပယ်ရှားခံရကြ၏။ အဘယ်ကြောင့် အနှစ်တစ်ထောင်ပြီးမှ ထိုသို့ပြုသနည်း။ ဘုရားသခင့်မှတ်ဉာဏ်ထဲမှ လူတစ်ယောက်မကျန် ထမြောက်လာသောအခါ လူသားအပေါင်းတို့၏ သုသာန်ဖြစ်သော ဟေးဒီးစ်သည် ဗလာကျင်းခံရလိမ့်မည်။ သို့တစေ၊ မည်သူမဆို မွေးရာပါအပြစ်ကြောင့် ညစ်စွန်းနေသ၍ကာလပတ်လုံး အာဒံဆိုင်ရာသေခြင်းနှင့် မကင်းသေးချေ။ ယေရှု၏ ရွေးနုတ်ဖိုးအကျိုးကိုသုံး၍ ဖျားနာခြင်း၊ အိုခြင်းနှင့် အခြားမွေးရာပါ မသန်စွမ်းမှုများကို အစအနမကျန် မပယ်ရှားမချင်း မြေကြီးပေါ် ထမြောက်လာသူအားလုံးအပြင် အာမဂေဒုန်ကပ်ကျော်သူ လူအုပ်ကြီးတို့သည် စာလိပ်များတွင် ရေးသားထားချက်များကို လိုက်နာရန်လိုလိမ့်မည်။ ထို့နောက် အာဒံဆိုင်ရာသေခြင်းသည် ဟေးဒီးစ်နှင့်တကွ “မီးအိုင်ထဲသို့ ပစ်ချခံရကြ၏။” ၎င်းတို့ထာဝစဉ်ပပျောက်သွားလတ္တံ့။
၁၈။ (က) ဘုရင်အဖြစ် ယေရှုအုပ်စိုးတော်မူခြင်း၏ အောင်မြင်မှုအကြောင်းကို တမန်တော်ပေါလုက မည်သို့ဖော်ပြသနည်း။ (ခ) စုံလင်လာသော လူသားမိသားစုနှင့်ပတ်သက်၍ ယေရှုဘာပြုတော်မူသနည်း။ (ဂ) အနှစ်တစ်ထောင်အကုန်တွင် အဘယ်အခြင်းအရာများ ဖြစ်ပျက်သနည်း။
၁၈ သို့ဖြင့် ကောရိန္သုမြို့သားများထံ ရေးသောစာထဲ၌ တမန်တော်ပေါလုဖော်ပြသော အစီအစဉ်သည် ပြီးစီးလိမ့်မည်– “ခရစ်တော်သည် ရန်သူအပေါင်းတို့ကို ခြေဖဝါးတော်အောက်၌ [ဘုရားသခင်] ချထားတော်မမူမီတိုင်အောင် အုပ်စိုးတော်မူရမည်။ နောက်ဆုံးသော ရန်သူတည်းဟူသော [အာဒံဆိုင်ရာ] သေမင်းသည် ဆုံးရှုံးခြင်းသို့ ရောက်ရလတ္တံ့။” ရှေ့ဆက်ဘာဖြစ်သနည်း။ “ခပ်သိမ်းသောအရာတို့သည် လူသားအောက်၌ ချထားလျက်ရှိသောအခါ ခပ်သိမ်းသောအရာတို့ကို သူ့အောက်၌ ချထားတော်မူသောသူ၏ အုပ်စိုးတော်မူခြင်းကို သားတော်သည် ကိုယ်တိုင်ဝန်ခံလိမ့်မည်။” နောက်တစ်နည်းအားဖြင့်ဆိုလျှင် ယေရှုသည် “မိမိနိုင်ငံကို ဘုရားသခင်တည်းဟူသော ခမည်းတော်၌ အပ်ပြန်တော်မူ” မည်။ (၁ ကောရိန္သု ၁၅:၂၄-၂၈) မှန်ပေသည်၊ ယေရှုသည် မိမိ၏ရွေးနုတ်ဖိုးယဇ်အကျိုးဖြင့် အာဒံဆိုင်ရာသေခြင်းအပေါ် အောင်နိုင်ပြီဖြစ်၍ စုံလင်လာပြီဖြစ်သော လူ့မိသားစုကို ခမည်းတော် ယေဟောဝါလက်တော်သို့ ပေးအပ်တော်မူမည်။ အနှစ်တစ်ထောင်အကုန်ဖြစ်သော ထိုအချိန်၌ စာတန်လွတ်လာပြီး အသက်စာလိပ်တွင် မည်သူ့အမည် အစဉ်အမြဲ ကျန်ရှိမည်ကိုဆုံးဖြတ်ရန် နောက်ဆုံးသောစမ်းသပ်မှု စတင်မည်မှာ ထင်ရှား၏။ ထိုစာလိပ်၌ သင့်နာမည်စာရင်းဝင်အောင် “ကြိုးစားအားထုတ်” ပါလေ။—လုကာ ၁၃:၂၄; ဗျာဒိတ် ၂၀:၅။
[အောက်ခြေမှတ်ချက်]
a ပင်လယ်ထဲမှ ထမြောက်လာသူများအနက် နောဧလက်ထက်က ရေလွှမ်းမိုးခြင်းဘေး၌ ပျက်စီးခဲ့သည့် ဖောက်ပြန်ပျက်စီးသော ကမ္ဘာသားများ ပါဝင်မည်မဟုတ်။ ထိုဖျက်ဆီးခြင်းသည် အပြီးအငြိမ်းဖျက်ဆီးခြင်းဖြစ်၏။ ဆင်းရဲဒုက္ခကြီးအတွင်း ယေဟောဝါ အပြစ်ဒဏ်စီရင်ခြင်းလည်း ထိုနည်းတူဖြစ်၏။—မဿဲ ၂၅:၄၁၊ ၄၆; ၂ ပေတရု ၃:၅-၇။
[စာမျက်နှာ ၂၉၈ ပါ ရုပ်ပုံ]
အနှစ်တစ်ထောင်အတွင်း ဖွင့်မည့်စာလိပ်များပါ အချက်များကိုလိုက်နာသည့် ထမြောက်လာမည့် “မဖြောင့်မတ်သောသူ” များသည် အသက်စာစောင်၌ နာမည်စာရင်း ဝင်ကောင်းဝင်ပေမည်