အခန်း ကိုး
ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်၏ စွမ်းအား
၁။ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်မရှိလျှင် သေလွန်သူတို့သည် မည်သို့သော အလားအလာ ရှိကြမည်နည်း။
သင်၏ ချစ်ခင်မြတ်နိုးရသူများ ဆုံးပါးဖူးသလော။ ရှင်ပြန်ထမြောက်ခြင်း မရှိလျှင် သူတို့ကို ပြန်လည်တွေ့ဆုံရန် မျှော်လင့်ချက် ရှိမည်မဟုတ်။ “သေသောသူမူကား အဘယ်အရာကိုမျှမသိ။ အကျိုးအပြစ်ကိုလည်း မခံရ။ သူ့ကိုလည်း မေ့လျော့တတ်ကြ၏။ ဆောင်ရွက်စရာအမှုရှိသမျှကို ကြိုးစားအားထုတ်၍ ဆောင်ရွက်လော့။ အကြောင်းမူကား သင်ယခုသွား၍ ရောက်ရလတ္တံ့သော အရပ်တည်းဟူသော မရဏာနိုင်ငံ[သင်္ချိုင်း]၌ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ်မရှိ။ ပညာမရှိပါတကား” ဟူ၍ သမ္မာကျမ်းစာ ဖော်ပြသည့် အခြေအနေမျိုး၌ ရှိနေကြမည်ဖြစ်သည်။—ဒေသနာ ၉:၅၊ ၁၀။
၂။ ရှင်ပြန်ထမြောက်ခြင်းကြောင့် အဘယ်မျှော်လင့်ချက် အလားအလာ ဖြစ်ပေါ်လာရသနည်း။
၂ ယေဟောဝါသည် ကရုဏာတရား ရှေ့ထား၍ ရှင်ပြန်ထမြောက်ခြင်းအားဖြင့် မရေမတွက်နိုင်သော သေလွန်သူတို့အတွက် သေခြင်းမှပြန်လာ၍ ထာဝရအသက် ခံစားနိုင်မည့် တန်ဖိုးမဖြတ်နိုင်သည့် အခွင့်အလမ်းကို ဖွင့်ပေးတော်မူ၏။ ဆိုလိုသည်မှာ သေခြင်း၌ အိပ်ပျော်လျက်ရှိသော ချစ်ခင်မြတ်နိုးရသူများနှင့် တစ်နေ့သောအခါ ဘုရားသခင့် ကမ္ဘာသစ်တွင် သင်ပြန်လည်ဆုံဆည်းရမည့် သာယာကြည်နူးဖွယ်ရာ မျှော်လင့်ချက် ရှိနိုင်ပေသည်။—မာကု ၅:၃၅၊ ၄၁၊ ၄၂; တမန်တော် ၉:၃၆-၄၁။
၃။ (က) ယေဟောဝါ၏ ရည်ရွယ်ချက်ကို ဖော်ဆောင်ရာ၌ ရှင်ပြန်ထမြောက်ခြင်းသည် အဘယ်နည်းများဖြင့် အရေးပါသောအရာ ဖြစ်လာရသနည်း။ (ခ) အဘယ်အခါမျိုးတွင် ရှင်ပြန်ထမြောက်ခြင်းသည် ကျွန်ုပ်တို့အဖို့ ခွန်အားအရင်းအမြစ် အထူးသဖြင့် ဖြစ်သနည်း။
၃ ရှင်ပြန်ထမြောက်ခြင်းကြောင့် ကျွန်ုပ်တို့သည် သေခြင်းတရားကို အကြောက်ကြီး ကြောက်နေစရာ မလိုတော့ပေ။ ယေဟောဝါသည် မိမိ၏ သစ္စာရှိ အစေခံများအား ထာဝစဉ် ထိခိုက်နစ်နာမှု မဖြစ်စေဘဲ “လူသည် မိမိအသက်ဖို့ မိမိဥစ္စာရှိသမျှကို ပေးပါလိမ့်မည်” ဟူသော စာတန်၏ မလိုတမာ စွပ်စွဲချက်ကို အစွမ်းကုန် သက်သေထူရန် သူ့အား လွှတ်ထားနိုင်ပေသည်။ (ယောဘ ၂:၄) ယေရှုသည် သေသည်တိုင်အောင် ဘုရားသခင်အပေါ် သစ္စာရှိခဲ့သဖြင့် ကိုယ်တော်အား ကောင်းကင်အသက်တာသို့ ဘုရားသခင် ရှင်ပြန်ထမြောက်စေတော်မူ၏။ သို့နှင့် ယေရှုသည် မိမိ၏ စုံလင်သော လူ့ယဇ်သကာ၏ တန်ဖိုးကို ကျွန်ုပ်တို့အတွက် အသက်ကယ်တင်ခြင်း အကျိုးကျေးဇူးအဖြစ် ခမည်းတော်၏ ကောင်းကင်ပလ္လင်တော်ရှေ့ တင်လှူပူဇော်နိုင်ခဲ့သည်။ ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ခရစ်တော်နှင့်အတူ အမွေခံဖက်များဖြစ်ကြသည့် “သိုးစုငယ်” အဖွဲ့ဝင်တို့သည် ကောင်းကင်နိုင်ငံတော်တွင် ကိုယ်တော်နှင့်အတူ ပေါင်းစည်းမည့် မျှော်လင့်ချက် ရှိကြသည်။ (လုကာ ၁၂:၃၂) အခြားသူတို့အဖို့မူ ပရဒိသု မြေကြီးပေါ်တွင် ထာဝရအသက်ရရန် ရှင်ပြန်ထမြောက်မည့် မျှော်လင့်ချက်ရှိပေသည်။ (ဆာလံ ၃၇:၁၁၊ ၂၉) ခရစ်ယာန်အားလုံးတို့သည် သေခြင်းနှင့် ပက်ပင်းတိုးရသည့် စုံစမ်းခြင်းများ ရင်ဆိုင်ရသည့်အခါမျိုး၌ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်ကို “သာမန်ထက်ထူးကဲသော” ခွန်အား၏ပင်ရင်းအဖြစ် တွေ့ရှိကြသည်။—၂ ကောရိန္သု ၄:၇၊ ကဘ။
ခရစ်ယာန် ယုံကြည်ခြင်းအတွက် အခြေခံလိုအပ်ချက် ဖြစ်ရခြင်းအကြောင်း
၄။ (က) ရှင်ပြန်ထမြောက်ခြင်းသည် အဘယ်သဘောဖြင့် “မူလအခြေခံ အယူဝါဒ” တစ်ခု ဖြစ်သနည်း။ (ခ) သာမန် လောကီသားများအတွက် ရှင်ပြန်ထမြောက်ခြင်းသည် အဘယ်အဓိပ္ပာယ် ရှိသနည်း။
၄ ဟေဗြဲ ၆:၁၊ ၂ [ကဘ] တွင် ဖော်ပြထားသည့်အတိုင်း ရှင်ပြန်ထမြောက်ခြင်းသည် “မူလအခြေခံ အယူဝါဒ” တစ်ခုဖြစ်သည်။ ယုံကြည်ခြင်း အုတ်မြစ်၏ အစိတ်အပိုင်း တစ်ရပ်လည်းဖြစ်သည်။ ၎င်းမပါဘဲနှင့် ကျွန်ုပ်တို့သည် ရင့်ကျက်သည့် ခရစ်ယာန်များ ဘယ်တော့မျှ ဖြစ်လာနိုင်မည်မဟုတ်ပေ။ (၁ ကောရိန္သု ၁၅:၁၆-၁၉) သို့သော် သမ္မာကျမ်းစာ၏ ရှင်ပြန်ထမြောက်ခြင်း သွန်သင်ချက်သည် သာမန် လောကီသားများ၏ တွေးခေါ်ပုံအတွက်ဆိုလျှင် ထူးဆန်းသောအကြောင်း ဖြစ်နေသည်။ ဝိညာဉ်ရေး ချို့တဲ့ခြင်းကြောင့် ပို၍ပို၍ များပြားသောလူတို့က လက်ရှိဘဝကိုသာ တကယ့်အရာအဖြစ် မြင်လာကြသည်။ သို့နှင့် အပျော်အပါးကိုသာ လိုက်စားကြသည်။ ၎င်းအပြင် ခရစ်ယာန်ဘောင် အတွင်းအပြင်၌ မသေနိုင်သော ဝိညာဉ်စိုးလ်ရှိသည်ဟု ယူဆကြသည့် မိရိုးဖလာဘာသာများကို ယုံကြည်သက်ဝင်သူများလည်း ရှိကြသည်။ သို့သော် လူတို့၌ မသေနိုင်သောဝိညာဉ်စိုးလ် ရှိရိုးမှန်လျှင် ရှင်ပြန်ထမြောက်ခြင်း လိုအပ်မည် မဟုတ်သောကြောင့် ထိုယုံကြည်ချက်သည် သမ္မာကျမ်းစာ၏ ရှင်ပြန်ထမြောက်ခြင်း သွန်သင်ချက်နှင့် ကိုက်ညီမည်မဟုတ်ပေ။ ဤယူဆချက်နှစ်ရပ်ကို ပေါင်းစပ်ရန် ကြိုးပမ်းခြင်းသည် မျှော်လင့်ချက် ရှိစေသည်ထက် စိတ်ရှုပ်စရာ ပို၍ဖြစ်စေသည်။ အမှန်တရားကို သိလိုသည့် စိတ်နှလုံး ရိုးဖြောင့်သူတို့အား မည်သို့ ကူညီပေးနိုင်သနည်း။
၅။ (က) ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို လူတစ်ဦး နားမလည်နိုင်မီ အဘယ်အကြောင်းအရာများကို သိရှိရန်လိုသနည်း။ (ခ) စိုးလ်အကြောင်း၊ လူသေများ၏ အခြေအနေအကြောင်း ရှင်းပြရန် အဘယ်ကျမ်းချက်များကို သင်အသုံးပြုမည်နည်း။ (ဂ) လူတစ်ဦးက အမှန်တရားကို မထင်မရှား ဖြစ်စေပုံရသည့် ဘာသာပြန်ကျမ်းကို အသုံးပြုလျှင် အဘယ်အရာ ပြုလုပ်နိုင်သနည်း။
၅ ရှင်ပြန်ထမြောက်ခြင်းသည် အံ့မခန်းဖွယ် အစီအစဉ်တစ်ရပ်ဖြစ်ကြောင်း ထိုသူတို့ နားမလည်နိုင်မီ စိုးလ်နှင့် သေလွန်သူတို့၏ အခြေအနေအကြောင်းကို ထိုသူတို့ အမှန်အတိုင်း သိရှိနားလည်ရန် လိုအပ်သည်။ များသောအားဖြင့် သမ္မာကျမ်းစာ အမှန်တရားကို ဆာမွတ်သူတစ်ဦးအဖို့ ကျမ်းချက်အနည်းငယ်မျှနှင့် ထိုအကြောင်းအရာများ ရှင်းလင်းသွားနိုင်ပေသည်။ (ကမ္ဘာဦး ၂:၇; ဆာလံ ၁၄၆:၃၊ ၄; ယေဇကျေလ ၁၈:၄) သို့သော် ခေတ်သစ် ဘာသာပြန်ကျမ်းများနှင့် စကားပြေဖြင့် ပြန်ဆိုသည့်ကျမ်းများက စိုးလ်နှင့်ပတ်သက်သည့် အမှန်တရားကို မထင်မရှား ဖြစ်စေသည်။ ထို့ကြောင့် ကျမ်းစာ၏ မူရင်းဘာသာစကားတွင် အသုံးပြုသည့် အသုံးအနှုန်းများကို လေ့လာသုံးသပ်ရန် လိုအပ်ပေမည်။
၆။ စိုးလ်သည် အဘယ်အရာဖြစ်ကြောင်း လူတစ်ဦး နားလည်အောင် သင်မည်သို့ ကူညီပေးနိုင်သနည်း။
၆ ကမ္ဘာသစ် ဘာသာပြန်ကျမ်း သည် ဟေဗြဲစကားရပ် နီးဖက်ရှ် (neʹphesh) နှင့် အလားတူ ဂရိစကားလုံး ဆိုက်ကီး (psy·kheʹ) တို့ကို “စိုးလ်” (“soul”) ဟူ၍ တစ်သမတ်တည်း ပြန်ဆိုထားသောကြောင့် ဤသို့ လေ့လာသုံးသပ်ရာတွင် အထူးပင် အထောက်အကူ ဖြစ်ပေသည်။ ဤဘာသာပြန်ကျမ်း၏ နောက်ဆက်တွဲ၌ ဤစကားရပ်များကို တွေ့ရှိရသည့်ကျမ်းချက် အများအပြားကို တန်းစီရေးသားထားသည်။ အခြား ဘာသာပြန်ကျမ်းအများမူကား တစ်သမတ်တည်း မပြန်ဆိုဘဲ မူရင်းစကားလုံးများကို “စိုးလ်” ဟူ၍သာမက “သတ္တဝါ၊” “သက်ရှိ၊” “လူပုဂ္ဂိုလ်၊” နှင့် “အသက်” ဟူ၍လည်းကောင်း၊ “ငါ၏ နီးဖက်ရှ်” ကို “ငါ၊” “သင်၏ နီးဖက်ရှ်” ကို “သင်” ဟူ၍လည်းကောင်း ပြန်ဆိုကြလေ့ရှိသည်။ အခြား ဘာသာပြန်ကျမ်းများနှင့် ကမ္ဘာသစ် ဘာသာပြန်ကျမ်း တို့ကို နှိုင်းယှဉ်ကြည့်ခြင်းဖြင့် “စိုးလ်” ဟူ၍ ဘာသာပြန်ထားသည့် မူရင်းဘာသာစကားမှ စကားရပ်များသည် လူနှင့်တိရစ္ဆာန် နှစ်မျိုးစလုံးကို ရည်ညွှန်းကြောင်း သဘောပေါက် နားလည်စေပါလိမ့်မည်။ သို့သော် စိုးလ်သည် မမြင်နိုင်သည့်အရာ၊ သေဆုံးသည့်အခါ၌ ခန္ဓာကိုယ်မှ လွတ်မြောက်၍ အခြား တစ်နေရာရာတွင် အသိစိတ်မပျောက်ဘဲ ဆက်လက် တည်ရှိသွားနိုင်သော အကောင်အထည် မရှိသည့်အရာ ဖြစ်သည်ဟူသော အဓိပ္ပာယ်မျိုးကို ထိုစကားရပ်များက လုံးဝ ရည်ညွှန်းခြင်း မရှိပေ။
၇။ ရှီးအိုးလ်၌၊ ဟေးဒီးစ်၌၊ ဂေဟင်္နာ၌ ရှိသူတို့၏ အခြေအနေကို သမ္မာကျမ်းစာဖြင့် သင်မည်သို့ ရှင်းပြမည်နည်း။
၇ ထိုနည်းတူ ကမ္ဘာသစ် ဘာသာပြန်ကျမ်း သည် ဟေဗြဲစကားရပ် sheʼohlʹ ကို အက္ခရာလှယ်၍ “ရှီးအိုးလ်” (“Sheol”) ဟူ၍လည်းကောင်း၊ ဂရိစကားရပ် haiʹdes အတွက် “ဟေးဒီးစ်” (“Hades”) ဟူ၍လည်းကောင်း၊ ဂရိစကားရပ် geʹen·na အတွက် “ဂေဟင်္နာ” (“Gehenna”) ဟူ၍လည်းကောင်း တစ်သမတ်တည်း အသုံးပြုထားသည်။ “ရှီးအိုးလ်” သည် “ဟေးဒီးစ်” ဟူသောစကားလုံးနှင့် တူညီသည်။ (ဆာလံ ၁၆:၁၀; တမန်တော် ၂:၂၇) ရှီးအိုးလ်နှင့် ဟေးဒီးစ် နှစ်ခုစလုံးသည် လူသားတို့၏ သာမန်သင်္ချိုင်းကို ရည်ညွှန်းသည့်အပြင် အသက်ရှင်ခြင်းနှင့် မဟုတ်ဘဲ သေခြင်းနှင့်သာ ဆက်စပ်မှုရှိကြောင်း သမ္မာကျမ်းစာက ရှင်းလင်းစွာ ဖော်ပြထားသည်။ (ဆာလံ ၈၉:၄၈; ဗျာဒိတ် ၂၀:၁၃) ရှင်ပြန်ထမြောက်ခြင်းအားဖြင့် သာမန်သင်္ချိုင်းမှ ပြန်လာကြမည့် အလားအလာကိုလည်း ကျမ်းစာကပေးထားသည်။ (ယောဘ ၁၄:၁၃; တမန်တော် ၂:၃၁) ဂေဟင်္နာသို့ သွားသူတို့မူကား အနာဂတ် အသက်ရှင်ခြင်း မျှော်လင့်ချက် လုံးဝမရှိချေ။ ထိုနေရာတွင် စိုးလ်သည် အသိစိတ် မပျောက်ဘဲ တည်ရှိနေသည်ဟူ၍လည်း ဆိုထားခြင်းမရှိပါ။—မဿဲ ၁၀:၂၈။
၈။ ရှင်ပြန်ထမြောက်ခြင်းအကြောင်း ကောင်းစွာ နားလည်ပါက လူတစ်ဦး၏ စိတ်သဘောထားနှင့် အပြုအမူများအပေါ် မည်သို့သြဇာ သက်ရောက်မည်နည်း။
၈ ဤအကြောင်းအရာများ ရှင်းလင်းသွားပြီဆိုလျှင် လူတစ်ဦးအဖို့ ရှင်ပြန်ထမြောက်ခြင်းသည် အဘယ်အဓိပ္ပာယ်ရှိနိုင်ကြောင်း သဘောပေါက်နားလည်ရန် ထိုသူအား ကူညီပေးနိုင်မည်ဖြစ်သည်။ ဤကဲ့သို့ အံ့မခန်းဖွယ် အစီအမံ ပြုလုပ်ပေးခြင်းအတွက် ယေဟောဝါ၏ မေတ္တာတော်ကို စတင် ကျေးဇူးတင်လေးမြတ်လာနိုင်သည်။ ဘုရားသခင့် ကမ္ဘာသစ်တွင် ပြန်လည်ဆုံဆည်းရမည့် ရွှင်လန်းဝမ်းမြောက်ဖွယ် အလားအလာကြောင့် ချစ်ခင်မြတ်နိုးရသူတို့ သေဆုံးခြင်းအတွက် ခံစားရသည့် ဝမ်းနည်းကြေကွဲမှုသည် လျော့နည်းသက်သာ သွားနိုင်ပေသည်။ ဤအကြောင်းအရာများကို သဘောပေါက်နားလည်ခြင်းသည် ခရစ်တော်သေခြင်း၏ အဓိပ္ပာယ်ကိုနားလည်ရန် အရေးကြီးသောသော့ချက်လည်း ဖြစ်ပေသည်။ ယေရှုခရစ်၏ ရှင်ပြန်ထမြောက်ခြင်းသည် ခရစ်ယာန်ယုံကြည်ခြင်းအတွက် အဓိက အခြေခံတရားဖြစ်ကြောင်း၊ အခြားသူများ ရှင်ပြန်ထမြောက်ခြင်းအတွက်ပါ လမ်းဖွင့်ပေးကြောင်း ပထမရာစု ခရစ်ယာန်များ သိရှိခဲ့ကြသည်။ ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းနှင့် ယင်းကြောင့် ပေါ်ထွန်းလာသည့် မျှော်လင့်ချက်အကြောင်းတို့ကို သူတို့ အားတက်သရော ဟောပြောခဲ့ကြသည်။ ထိုနည်းတူ ယနေ့ ရှင်ပြန်ထမြောက်ခြင်းကို နားလည်သိရှိ၍ လေးမြတ်တန်ဖိုးထားသူတို့သည်လည်း ဤတန်ဖိုးမဖြတ်နိုင်သော အမှန်တရားကို အခြားသူတို့အား ဝေမျှပေးရန် စိတ်အားထက်သန်လျက် ရှိကြသည်။—တမန်တော် ၅:၃၀-၃၂; ၁၀:၄၂၊ ၄၃။
“ဟေးဒီးစ်၏သော့” ကိုအသုံးပြုခြင်း
၉။ “သေခြင်းနှင့် ဟေးဒီးစ်၏ သော့များ” ကို ယေရှု အဦးဆုံး မည်သို့ အသုံးပြုခဲ့သနည်း။
၉ ခရစ်တော်နှင့်အတူ ကောင်းကင်နိုင်ငံတော်၌ ပူးပေါင်းကြမည့်သူ အားလုံးတို့သည် နောက်ဆုံး၌ သေဆုံးရမည်ဖြစ်သည်။ သို့သော်လည်း “ငါသည် သေခဲ့သည်။ သို့သော် ကြည့်ပါ။ ငါသည် နိစ္စထာဝရ ရှင်လျက်ရှိ၏။ သေခြင်းနှင့် ဟေးဒီးစ်၏ သော့များကိုလည်း ငါပိုင်၏” ဟူ၍ ကိုယ်တော် မိန့်ဆိုစဉ်က ပေးခဲ့သည့် အာမခံချက်ကို သူတို့ ကောင်းစွာသိကြ၏။ (ဗျာဒိတ် ၁:၁၈၊ ကဘ) ကိုယ်တော် အဘယ်အရာကို ဆိုလိုသနည်း။ မိမိကိုယ်တိုင်၏ အတွေ့အကြုံကို ပြန်လည် ပြောကြားနေခြင်းဖြစ်သည်။ ကိုယ်တော်လည်း သေဆုံးခဲ့သည်။ သို့သော် ဘုရားသခင်သည် ကိုယ်တော်အား ဟေးဒီးစ်၌ ပစ်ထားတော်မမူ။ တတိယမြောက်နေ့တွင် ယေဟောဝါ ကိုယ်တော်တိုင်က ကိုယ်တော်အား နာမ်ဝိညာဉ် အသက်တာသို့ ထမြောက်စေ၍ မသေနိုင်သောအဖြစ်ကို ချီးမြှင့်တော်မူ၏။ (တမန်တော် ၂:၃၂၊ ၃၃; ၁၀:၄၀) ၎င်းအပြင် ဘုရားသခင်သည် ကိုယ်တော်အား အခြားသူတို့ကို လူသားတို့၏ သာမန်သင်္ချိုင်းနှင့် အာဒံအပြစ်၏ အကျိုးဆက်များမှ လွတ်မြောက်စေရန်အတွက် “သေခြင်းနှင့် ဟေးဒီးစ်၏ သော့များ” ကိုပါ အပ်နှင်းတော်မူ၏။ ယေရှုသည် ထိုသော့များကို ရယူထားသောကြောင့် မိမိ၏ သစ္စာရှိ နောက်တော်လိုက်များအား သေခြင်းမှ ထမြောက်စေနိုင်တော်မူ၏။ ကိုယ်တော်အား ခမည်းတော်က မသေနိုင်သောအသက်ကို ချီးမြှင့်ခဲ့သကဲ့သို့ ကိုယ်တော်ကလည်း မိမိအသင်းတော်၏ ဝိညာဉ်တော် ဘိသိက်ခံ အဖွဲ့ဝင်များအား အဦးဆုံး ရှင်ပြန်ထမြောက်စေ၍ တန်ဖိုးအနဂ္ဃထိုက်တန်သော မသေနိုင်သည့်အသက်ကို ချီးမြှင့်တော်မူ၏။—ရောမ ၆:၅; ဖိလိပ္ပိ ၃:၂၀၊ ၂၁။
၁၀။ သစ္စာရှိ ဘိသိက်ခံ ခရစ်ယာန်များ၏ ရှင်ပြန်ထမြောက်ခြင်းသည် အဘယ်အချိန်တွင် ဖြစ်ပျက်သနည်း။
၁၀ သစ္စာရှိ ဘိသိက်ခံ ခရစ်ယာန်တို့သည် ထိုကောင်းကင်ဆိုင်ရာ ရှင်ပြန်ထမြောက်ခြင်းကို မည်သည့်အခါ၌ တွေ့ကြုံခံစားရကြမည်နည်း။ ရှင်ပြန်ထမြောက်ခြင်း စတင်ခဲ့ပြီဖြစ်ကြောင်း ကျမ်းစာက ဖော်ပြ၏။ ‘ခရစ်တော် ရောက်ရှိချိန်တွင်’ ထိုသူတို့ ထမြောက်ကြမည်ဖြစ်ကြောင်း တမန်တော်ပေါလုက ရှင်းပြ၏။ ထိုရောက်ရှိခြင်းသည် ၁၉၁၄ ခုနှစ်တွင် စတင်ခဲ့သည်။ (၁ ကောရိန္သု ၁၅:၂၃၊ ကဘ) ယခု ကိုယ်တော် ရောက်ရှိချိန်အတွင်း ဘိသိက်ခံ သစ္စာရှိများသည် သူတို့၏ မြေကြီးအသက်တာ ပြီးဆုံးသည့်အခါ၌ သူတို့၏သခင် ပြန်ကြွလာမည့်အချိန်အထိ သေခြင်း၌ စောင့်နေစရာ မလိုတော့ချေ။ သူတို့သည် သေဆုံးသည်နှင့်တစ်ပြိုင်နက် “တစ်ခဏခြင်းတွင် မျက်စိတစ်မှိတ်၌ . . . ပြောင်းလဲခြင်းသို့ ရောက်” ကြမည်ဖြစ်ရာ နာမ်ဝိညာဉ်အသွင်ဖြင့် ထမြောက်သွားကြသည်။ သူတို့ပြုခဲ့သော ကောင်းမှုများသည် “သူတို့နှင့်တစ်ပါတည်း လိုက်ပါသည်” ဖြစ်၍ သူတို့ မည်မျှ ပျော်ရွှင်လိုက်မည်ဖြစ်ခြင်း!—၁ ကောရိန္သု ၁၅:၅၁၊ ၅၂; ဗျာဒိတ် ၁၄:၁၃၊ ကဘ။
၁၁။ သာမန်လူတို့အတွက် အဘယ် ရှင်ပြန်ထမြောက်ခြင်း ရှိမည်နည်း။ ၎င်းသည် အဘယ်အချိန်တွင် စတင်မည်နည်း။
၁၁ သို့သော် နိုင်ငံတော်အမွေခံများ ကောင်းကင်အသက်တာသို့ ရှင်ပြန်ထမြောက်ခြင်းသည် တစ်ခုတည်းသော ရှင်ပြန်ထမြောက်ခြင်း မဟုတ်ပါ။ ဗျာဒိတ် ၂၀:၆ ၌ ယင်းကို “ပထမ ထမြောက်ခြင်း” ဟူ၍ ခေါ်ဆိုထားသည့်အချက်က အခြားထမြောက်ခြင်း နောက်တစ်မျိုး လိုက်ပါလာမည်ဖြစ်ကြောင်း ဖော်ပြသည်။ ဤနောက်ပိုင်းထမြောက်ခြင်းမှ အကျိုးကျေးဇူး ခံစားရသူတို့သည် ပရဒိသုမြေကြီးပေါ်တွင် ထာဝစဉ်အသက်ရှင်ခြင်း မျှော်လင့်ချက်အလားအလာ ရှိကြသည်။ မည်သည့်အချိန်တွင် ထိုသို့ ထမြောက်လာကြမည်နည်း။ လက်ရှိ ဆိုးယုတ်သည့် အစီအစဉ်စနစ်နှင့်တကွ ယင်း၏ အုပ်ချုပ်ရေး အာဏာပိုင်များ ဖြစ်ကြသည့် “မြေကြီးနှင့် ကောင်းကင်” ကို ဖယ်ရှားပြီးနောက်၌ ထမြောက်လာမည်ဖြစ်ကြောင်း ဗျာဒိတ်ကျမ်းက ဆိုပါသည်။ ဤစနစ်ဟောင်း၏ ဆုံးခန်းသည် အလွန်နီးနေပါပြီ။ ၎င်းနောက်၊ ဘုရားသခင် ချိန်းချက်သည့်အချိန်တွင် မြေကြီးဆိုင်ရာ ရှင်ပြန်ထမြောက်ခြင်း စတင်ပါလိမ့်မည်။—ဗျာဒိတ် ၂၀:၁၁၊ ၁၂။
၁၂။ ကမ္ဘာပေါ် အသက်ရှင်ရန် ထမြောက်လာကြမည့် သစ္စာရှိသူတို့တွင် မည်သူတို့ ပါဝင်ကြမည်နည်း။ ၎င်းသည် အဘယ်ကြောင့် ရင်ဖိုဖွယ်ရာ အလားအလာ ဖြစ်မည်နည်း။
၁၂ မြေကြီးဆိုင်ရာ ရှင်ပြန်ထမြောက်ခြင်းတွင် မည်သူတို့ ပါဝင်ကြမည်နည်း။ ယေဟောဝါ၏ ရှေးခေတ် သစ္စာရှိ အစေခံများ၊ ရှင်ပြန်ထမြောက်ခြင်းကို ခိုင်မြဲစွာ ယုံကြည်ခြင်းကြောင့် “လွှတ်ခြင်းကို မခံယူဘဲ” နေခဲ့ကြသည့် အမျိုးသား အမျိုးသမီးများ ပါဝင်ကြပါလိမ့်မည်။ ထိုသူတို့သည် အချိန်မတန်ဘဲ အသေဆိုးနှင့် သေရခြင်းမှ လွတ်မြောက်ရေးအတွက် ဘုရားသခင်ပေါ် ထားရှိသည့် သမာဓိကို ဖောက်ဖျက်မည်မဟုတ်ကြောင်း ဆိုလိုပါသည်။ သူတို့ကို ကိုယ်တိုင်ကိုယ်ကျ သိကျွမ်းရခြင်းအပြင် သမ္မာကျမ်းစာတွင် အကျဉ်းချုပ်မျှသာ ဖော်ပြထားသည့် ဖြစ်ရပ်များနှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို သူတို့ထံမှ တိုက်ရိုက် ကြားသိရမည်ဖြစ်ရာ မည်မျှကြည်နူးဖွယ် ကောင်းလိုက်မည်ဖြစ်ခြင်း! ၎င်းပြင် မြေကြီးအသက်တာသို့ ရှင်ပြန်ထမြောက် လာကြမည့်သူများတို့မှာ ယေဟောဝါ၏ ပထမဦးဆုံးသော သစ္စာရှိ သက်သေခံ အာဗေလ၊ ရေလွှမ်းမိုးခြင်း မတိုင်မီက ဘုရားသခင့် သတိပေး သတင်းစကားကို မကြောက်မရွံ့ ကြွေးကြော်ခဲ့ကြသည့် ဧနောက်နှင့် နောဧ၊ ကောင်းကင်တမန်တို့ကို ဧည့်ဝတ်ပြုခဲ့ကြသည့် အာဗြဟံနှင့် စာရာ၊ သိနာတောင်တွင် ပညတ်တရားကို လက်ဆင့်ကမ်းခွင့်ရရှိသူ မောရှေ၊ ဘီ.စီ.အီး. ၆၀၇ ခုနှစ်၌ ယေရုရှလင်မြို့ ပျက်စီးခြင်းကို တွေ့မြင်ခဲ့ရသည့် ယေရမိကဲ့သို့သော ရဲစွမ်းသတ္တိရှိသည့် ပရောဖက်များနှင့် ယေရှုကို မိမိ၏သားတော်ဟု ဘုရားသခင် ကိုယ်တော်တိုင် မိန့်ကြားသည်ကို ကြားခဲ့ရသည့် နှစ်ခြင်းဆရာ ယောဟန် အစရှိသူတို့ ဖြစ်ကြမည်။ ၎င်းအပြင်၊ ယခုလက်ရှိ အစီအစဉ်စနစ်၏ နောက်ဆုံးနေ့ရက်များအတွင်း သေဆုံးခဲ့ကြသည့် သစ္စာစောင့်သိသော အမျိုးသား အမျိုးသမီး အများအပြားလည်း ပြန်ရှင်လာကြမည်ဖြစ်သည်။—ဟေဗြဲ ၁၁:၄-၃၈; မဿဲ ၁၁:၁၁။
၁၃၊ ၁၄။ (က) ဟေးဒီးစ်နှင့် ဟေးဒီးစ်၌ ရှိနေသူတို့ မည်သို့ ဖြစ်သွားကြမည်နည်း။ (ခ) ရှင်ပြန်ထမြောက်ခြင်းတွင် မည်သူတို့ ပါဝင်ကြမည်နည်း။ အဘယ်ကြောင့်နည်း။
၁၃ အချိန်တန်လျှင် ဘုရားသခင်၏ သစ္စာရှိ အစေခံများ မဟုတ်သူများလည်း သေရာမှ ထမြောက်လာကြမည်ဖြစ်ရာ လူသားတို့၏ သာမန်သင်္ချိုင်း၌ မည်သူမျှ ကျန်ရှိတော့မည်မဟုတ်ပေ။ လူသားများအတွက် ‘ဟေးဒီးစ်၏ သော့များ’ ကို ယေရှု အသုံးပြုပုံကို ကြည့်ခြင်းအားဖြင့် သင်္ချိုင်းသည် မည်မျှအထိ ဟာလာဟင်းလင်း ဖြစ်သွားမည်ကို တွေ့မြင်နိုင်သည်။ ဤအကြောင်းကို တမန်တော် ယောဟန်အား ပေးခဲ့သည့် ရူပါရုံတွင် ဖော်ပြထားသည်။ ထိုရူပါရုံတွင် ဟေးဒီးစ်ကို “မီးအိုင်ထဲသို့ ချပစ်” သည်ကို ယောဟန် မြင်ခဲ့ရသည်။ (ဗျာဒိတ် ၂၀:၁၄) ၎င်းသည် အဘယ်အဓိပ္ပာယ် ရှိသနည်း။ လူသားတို့၏ သာမန်သင်္ချိုင်းဖြစ်သည့် ဟေးဒီးစ်သည် လုံးလုံး ဖျက်ဆီးခံရပြီဟု ဆိုလိုပါသည်။ ယေရှုသည် ယေဟောဝါ၏ သစ္စာရှိ ကိုးကွယ်ဝတ်ပြုသူအားလုံးကို ရှင်ပြန်ထမြောက်စေမည့်အပြင် မဖြောင့်မတ်သူတို့ကိုပါ ကရုဏာဖြင့် ပြန်လည် ခေါ်ထုတ်မည်ဖြစ်သောကြောင့် ဟေးဒီးစ်၌ လူသေဟူ၍ လုံးဝမရှိတော့ဘဲ ဟာလာဟင်းလင်း ဖြစ်သွားမည်ဖြစ်ရာ ဟေးဒီးစ်ဟူ၍လည်း ရှိတော့မည်မဟုတ်ပေ။ “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူ ရှိသမျှတို့သည် သေခြင်းမှ ထမြောက်ကြလိမ့်မည်” ဟူ၍ ဘုရားသခင့် နှုတ်ကပါဌ်တော်က ကျွန်ုပ်တို့အား စိတ်ချစေသည်။—တမန်တော် ၂၄:၁၅။
၁၄ မဖြောင့်မတ်သော ဤသူတို့ထဲမှ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ပြန်၍ သေဒဏ်ပေးရန်သက်သက်ဖြင့် ထမြောက်စေသည်မဟုတ်။ ဘုရားသခင့် နိုင်ငံတော်အောက် မြေတစ်ပြင်လုံးတွင် လွှမ်းခြုံလျက်ရှိသည့် ဖြောင့်မတ်သော ပတ်ဝန်းကျင်မျိုးတွင် ထိုသူတို့သည် ယေဟောဝါ၏ နည်းလမ်းတော်များနှင့်အညီ သူတို့၏ ဘဝအသက်တာကို ပြုပြင်ပြောင်းလဲရန် ဖေးမကူညီခြင်း ခံရကြမည်။ “အသက်စာလိပ်” ဖွင့်ထားမည့်အကြောင်းကိုလည်း ထိုရူပါရုံက ဖော်ပြသည်။ ထို့ကြောင့်၊ အသက်စာလိပ်၌ သူတို့၏နာမည် စာရင်းဝင်နိုင်သည့် အခွင့်အလမ်းလည်း ရရှိကြမည်။ သူတို့သည် ရှင်ပြန်ထမြောက်ပြီးသည့် နောက်ပိုင်း ပြုလုပ်သည့် “အမှုများအတိုင်း တစ်ဦးချင်း တရားစီရင်ခံရကြ” မည်။ (ဗျာဒိတ် ၂၀:၁၂၊ ၁၃၊ ကဘ) သို့ဖြင့်၊ နောက်ဆုံးရလဒ်၏ ရှုထောင့်မှကြည့်လျှင် သူတို့၏ ရှင်ပြန်ထမြောက်ခြင်းသည် “အသက်ရှင်ရာ ထမြောက်ခြင်း” ဖြစ်နိုင်ပေသည်။ “အပြစ်စီရင်ရာ ထမြောက်ခြင်း” မလွဲမသွေ ဖြစ်စရာမလိုပေ။—ယောဟန် ၅:၂၈၊ ၂၉။
၁၅။ (က) မည်သူတို့ ရှင်ပြန်ထမြောက်ကြမည် မဟုတ်သနည်း။ (ခ) ရှင်ပြန်ထမြောက်ခြင်းဆိုင်ရာ အမှန်တရားကို သိရှိရခြင်းက ကျွန်ုပ်တို့အပေါ် မည်သို့ အကျိုးသက်ရောက်သင့်သနည်း။
၁၅ သို့ရာတွင် အသက်ရှင်၍ သေဆုံးခဲ့သမျှအားလုံး ရှင်ပြန်ထမြောက်လာမည် မဟုတ်ပါ။ အချို့သည် မည်သို့မျှ ခွင့်မလွှတ်နိုင်သည့် အပြစ်များကို ကျူးလွန်ခဲ့ကြသည်။ ထိုသို့သောသူတို့သည် ဟေးဒီးစ်၌မဟုတ်ဘဲ ထာဝရဖျက်ဆီးခြင်းခံရသည့် ဂေဟင်္နာ၌ ရောက်ရှိကြသည်။ ထိုသူတို့တွင် ယခု နီးကပ်လျက်ရှိသည့် “ဆင်းရဲဒုက္ခကြီး” အတွင်း ကွပ်မျက်ခံရသူများလည်း ပါဝင်လိမ့်မည်။ (မဿဲ ၁၂:၃၁၊ ၃၂; ၂၃:၃၃; ၂၄:၂၁၊ ၂၂; ၂၅:၄၁၊ ၄၆; ၂ သက်သာလောနိတ် ၁:၆-၉) ထို့ကြောင့်၊ လူသေတို့ကို ဟေးဒီးစ်မှ လွတ်မြောက်စေရာ၌ ယေဟောဝါဘက်မှ ထူးကဲသော ကရုဏာတရား ပြသတော်မူသည် မှန်သော်လည်း ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်သည် ယခုအချိန်တွင် ကျွန်ုပ်တို့ ကြိုက်သလို နေနိုင်သည်ဟူသည့် အခြေခံကို မပေးပါ။ ယေဟောဝါ၏ အချုပ်အခြာအာဏာတော်ကို စိတ်လိုကိုယ်လျောက် ဆန့်ကျင်ပုန်ကန်သူတို့အတွက် ရှင်ပြန်ထမြောက်ခြင်း အခွင့်အလမ်း မရှိပေ။ ဤသို့သိရှိခြင်းက ကျွန်ုပ်တို့၏အသက်တာကို ဘုရားသခင့် အလိုတော်နှင့်အညီ အသက်ရှင်ခြင်းဖြင့် ဘုရားသခင်၏ မခံစားထိုက်သော ကရုဏာတော်ကို လေးလေးနက်နက် လေးမြတ်တန်ဖိုးထားကြောင်း ပြသရန် ကျွန်ုပ်တို့အား စေ့ဆော်ပေးသင့်ပေသည်။
ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်ကြောင့် ခွန်အားရရှိ
၁၆။ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်သည် ကြီးမားသော ခွန်အားဇာစ်မြစ် မည်သို့ဖြစ်နိုင်သနည်း။
၁၆ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်ကို ကိုယ်ပိုင်မျှော်လင့်ချက် ဖြစ်စေသည့် ကျွန်ုပ်တို့သည် ၎င်းမျှော်လင့်ချက်မှ ကြီးစွာသောခွန်အား ရရှိနိုင်ပေသည်။ မျက်မှောက်အချိန်၌ အသက်ကြီး၍ အိုမင်းလာသည့်အခါ မည်သည့်ဆေးဝါးဖြင့် ကုသကုသ သေခြင်းကို အကန့်အသတ်မရှိ ဆိုင်းငံ့ထားနိုင်မည်မဟုတ်ကြောင်း ကျွန်ုပ်တို့ သိကြသည်။ (ဒေသနာ ၈:၈) ကျွန်ုပ်တို့သည် ယေဟောဝါ၏ အဖွဲ့အစည်းတော်နှင့်အတူ ကိုယ်တော်အား သစ္စာရှိရှိ ဝတ်ပြုခဲ့သော် အနာဂတ်ကို ယုံကြည်စိတ်ချမှုအပြည့်နှင့် စောင့်မျှော်နိုင်ပေသည်။ ဘုရားသခင် သတ်မှတ်ထားသည့်အချိန်တွင် ရှင်ပြန်ထမြောက်ခြင်းအားဖြင့် တစ်ဖန် အသက်ပြန်ရှင်မည့်အကြောင်းကို ကျွန်ုပ်တို့ သိရှိကြသည်။ မည်မျှကောင်းမြတ်သည့် အသက်တာ ဖြစ်မည်တကား! “စစ်မှန်သောအသက်” ဟုတမန်တော်ပေါလု ခေါ်သည့် အသက်တာမျိုး ဖြစ်ပေသည်။—၁ တိမောသေ ၆:၁၉; ဟေဗြဲ ၆:၁၀-၁၂။
၁၇။ ယေဟောဝါအား သမာဓိစောင့်ထိန်းနိုင်ရန် အဘယ်အရာက အကူအညီ ပေးနိုင်သနည်း။
၁၇ ရှင်ပြန်ထမြောက်ခြင်း ရှိသည့်အကြောင်းကို သိထားခြင်းနှင့် ၎င်းအစီအမံ၏ ဇာစ်မြစ်ဖြစ်သည့်အရှင်ကို သိရှိထားခြင်းတို့သည် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို ခိုင်ခံ့စေသည်။ ရက်စက်ကြမ်းကြုတ်သည့် ညှဉ်းပန်းသူများ၏လက်၌ အသက်ဘေးနှင့် ကြုံရသည့်တိုင်အောင် ဘုရားသခင်အပေါ် သစ္စာစောင့်သိနိုင်အောင် ခွန်အားရှိစေသည်။ စာတန်သည် လူတို့ကို ကျွန်ဘဝ၌ ချုပ်နှောင်ထားရန် အချိန်မတန်ဘဲ သေဆုံးရခြင်းကို ကြောက်ရွံ့သည့်စိတ်ကို နည်းလမ်းတစ်ရပ်အဖြစ် အသုံးပြုခဲ့သည်မှာ ကြာမြင့်လေပြီ။ ယေရှုမူကား ထိုသို့သော ကြောက်ရွံ့ခြင်း မရှိခဲ့ချေ။ သေသည်တိုင်အောင် ယေဟောဝါကို သစ္စာရှိခဲ့သည်။ ယေရှုသည် မိမိ၏ရွေးနုတ်ဖိုး ပူဇော်သကာအားဖြင့် အခြားသူတို့အား ထိုသို့သော ကြောက်ရွံ့ခြင်းမှ လွတ်မြောက်သည့်လမ်းကို ဖွင့်ပေးတော်မူသည်။—ဟေဗြဲ ၂:၁၄၊ ၁၅။
၁၈။ ယေဟောဝါ၏ အစေခံများအား သမာဓိစောင့်သိသူများအဖြစ် ထူးချွန်စွာ မှတ်တမ်းတင်နိုင်အောင် အဘယ်အရာက အထောက်အကူ ပြုခဲ့ပြီနည်း။
၁၈ ခရစ်တော်၏ ပူဇော်သကာဆိုင်ရာ စီမံချက်ကိုရော ရှင်ပြန်ထမြောက်ခြင်းကိုပါ ယုံကြည်သည့်အတွက် ယေဟောဝါ၏ အစေခံတို့သည် သမာဓိ စောင့်သိသူများအဖြစ် သူမတူအောင် ထူးချွန်စွာ မှတ်တမ်းတင်နိုင်ခဲ့သည်။ ဖိစီးနှိပ်စက်ခြင်း ခံရသည့်အခါ၌ ယေဟောဝါကို ချစ်သည်ထက် ‘မိမိတို့၏စိုးလ်ကို မချစ်ကြောင်း’ သူတို့ သက်သေထူခဲ့ကြပြီ။ (ဗျာဒိတ် ၁၂:၁၁) အမြော်အမြင်ရှိစွာဖြင့် သူတို့သည် မိမိတို့၏ လက်ရှိအသက် ချမ်းသာရာရရေးအတွက် ခရစ်ယာန် အခြေခံမူများကို မစွန့်ပယ်ကြချေ။ (လုကာ ၉:၂၄၊ ၂၅) ယေဟောဝါ၏ အချုပ်အခြာအာဏာတော်ကို သစ္စာရှိရှိ ထောက်ခံသည့်အတွက် ယခု သူတို့၏အသက် ဆုံးရှုံးရလျှင်ပင် ရှင်ပြန်ထမြောက်ခြင်းအားဖြင့် သူတို့ကို ကိုယ်တော် ဆုချတော်မူမည့်အကြောင်း သူတို့ သိထားကြသည်။ သင်၌ ထိုကဲ့သို့သော ယုံကြည်ခြင်းမျိုး ရှိသလော။ ယေဟောဝါကို အမှန်တကယ်ချစ်လျှင်၊ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်သည် စင်စစ်အားဖြင့် အဘယ်အဓိပ္ပာယ်ရှိကြောင်း နှလုံးသွင်းမိလျှင် ထိုကဲ့သို့သော ယုံကြည်ခြင်း ရှိလာပေလိမ့်မည်။
ပြန်လည်သုံးသပ်ဆွေးနွေးခြင်း
• လူတစ်ဦးသည် ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို နားမလည်မီ စိုးလ်နှင့် လူသေတို့၏ အခြေအနေအကြောင်းကို အဘယ်ကြောင့် သိရှိနားလည်ထားရန် လိုအပ်သနည်း။
• သေရာမှ မည်သူတို့ ပြန်ရှင်လာကြမည်နည်း။ ဤအသိပညာက ကျွန်ုပ်တို့အပေါ် အဘယ်သို့ အကျိုးသက်ရောက်သင့်သနည်း။
• ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်က ကျွန်ုပ်တို့ကို မည်သို့ ခွန်အားရှိစေသနည်း။