အခန်း ၂၁
တရားစီရင်ရာနေ့နှင့် ၎င်းနောက်ပိုင်း
၁။ တရားစီရင်ရာနေ့ကို များသောအားဖြင့် မည်သို့မြင်ကြသနည်း။
တရားစီရာနေ့ဟုဆိုရာ၌ သင့်စိတ်ထဲ ဘာပေါ်လာသနည်း။ အချို့စိတ်ကူးထဲတွင် ပလ္လင်ကြီးတစ်ခုပေါ်လာ၍ ၎င်းရှေ့တွင် သေရာမှ ထမြောက်လာသည့် ရှည်လျားသော လူတန်းကြီးကို တွေ့ရသည်။ ပလ္လင်ရှေ့တစ်ဦးချင်း ရောက်ရှိသည်နှင့်အမျှ တရားသူကြီး၏စာအုပ်၌ ရေးမှတ်ထားသည့် ထိုသူ၏ ယခင်အကျင့်များအတိုင်း သူ့ကိုစီရင်သည်။ အတိတ်က ထိုသူပြုခဲ့သောအမှုများပေါ် အခြေပြု၍ ထိုသူကို ကောင်းကင်သို့ဖြစ်စေ၊ မီးငရဲသို့ဖြစ်စေ ပို့သည်ကို မြင်ရကြ၏။
၂။ (က) တရားစီရင်ရာနေ့ကို မည်သူ စီစဉ်ခဲ့ပြီနည်း။ (ခ) မည်သူ့ကို တရားသူကြီးအဖြစ် ခန့်ထားပြီနည်း။
၂ သို့ရာတွင် ကျမ်းစာက တရားစီရင်ရာနေ့နှင့်ပတ်သက်၍ အထက်ပါ တွေးမြင်ယူဆပုံနှင့် အလွန်ခြားနားစွာ ပုံဖော်ထားသည်။ ၎င်းသည် ကြောက်ရွံ့ထိတ်လန့်စရာနေ့မဟုတ်။ ဘုရားသခင်နှင့်ပတ်သက်၍ ကျမ်းစာ မည်သို့ဆိုသည်ကို သတိပြုပါ– “[ကိုယ်တော်သည်] ခန့်ထားတော်မူသောသူအားဖြင့် လောကီသားတို့ကို ဖြောင့်မတ်ခြင်းတရားနှင့်ညီလျော်စွာ စစ်ကြောစီရင်မည့်နေ့ရက်ကို ချိန်းချက်တော်မူပြီ။” (တမန်တော် ၁၇:၃၁) ဘုရားသခင် ခန့်ထားတော်မူသော ဤတရားသူကြီးမှာ ယေရှုခရစ်ပင်ဖြစ်သည်။
၃။ (က) ခရစ်တော်သည် တရားသဖြင့် စီရင်ဆုံးဖြတ်မည်ဖြစ်ကြောင်း ကျွန်ုပ်တို့ အဘယ်ကြောင့် စိတ်ချနိုင်သနည်း။ (ခ) အဘယ်အကြောင်းပေါ် အခြေခံ၍ လူတို့စီရင်ခံရကြမည်နည်း။
၃ ခရစ်တော်သည် တရားစီရင်ရာ၌ တရားသဖြင့် မျှမျှတတစီရင်မည်ကို ကျွန်ုပ်တို့ စိတ်ချနိုင်သည်။ ဟေရှာယ ၁၁:၃၊ ၄ ၌ ကိုယ်တော်နှင့်ပတ်သက်သော ပရောဖက်ပြုချက်တစ်ရပ်က ဤအချက်ကို စိတ်ချစေသည်။ ထို့ကြောင့် လူအများထင်သလို ကိုယ်တော်သည် လူတို့၏ အတိတ်ကပြုခဲ့သော အပြစ်များပေါ် မူတည်ပြီး လူတို့ကို စီရင်တော်မူမည်မဟုတ်။ ထိုအပြစ်တို့တွင် မသိ၍ ပြုမိခဲ့သည့်အပြစ် များစွာပါမည်။ ကျမ်းစာက လူတစ်ယောက် သေသောအခါ သူပြုခဲ့သမျှအပြစ်နှင့် ကင်းပြီ၊ လွတ်ပြီဟု ဆိုထားသည်။ “သေလွန်ခဲ့သူသည် အပြစ်နှင့် တရားသေလွတ်” ၏။ (ရောမ ၆:၇၊ သမ) လူတစ်ယောက် ထမြောက်လာသောအခါ မသေခင်ကကျင့်ခဲ့သည့် အကျင့်ပေါ်မူတည်၍မဟုတ်ဘဲ တရားစီရင်ရာနေ့အတွင်း ပြုကျင့်သောအကျင့်များပေါ်မူတည်၍ စီရင်ခံရမည်ကို ဆိုလိုသည်။
၄။ (က) တရားစီရင်ရာနေ့သည် မည်မျှ တာရှည်မည်နည်း။ (ခ) ခရစ်တော်နှင့်အတူ မည်သူများ တရားသူကြီးများ ဖြစ်ကြမည်နည်း။
၄ ထို့ကြောင့် တရားစီရင်ရာနေ့သည် ပကတိ ၂၄-နာရီ ရက်တစ်ရက်မဟုတ်။ ဤအချက်ကို ကျမ်းစာက ယေရှုခရစ်နှင့်အတူ တရားစီရင်ကြမည့် ပုဂ္ဂိုလ်များအကြောင်းကို ပြောသောအခါ သိသာစေ၏။ (၁ ကောရိန္သု ၆:၁-၃) ကျမ်းရေးသူက “ပလ္လင်များကိုလည်း ငါမြင်၏။ ပလ္လင်ပေါ်မှာ ထိုင်သောသူတို့သည် တရားစီရင်ရသောအခွင့်ကို ရကြ၏” ဟုဆို၏။ ထိုတရားသူကြီးတို့ကား ခရစ်တော်၏ သစ္စာရှိ ဘိသိက်ခံ နောက်တော်လိုက်များ ဖြစ်ကြပြီး ကျမ်းစာ ဆက်လက်ဆိုသည့်အတိုင်း “အသက် [ပြန်] ရှင်၍ အနှစ်တစ်ထောင်ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံရကြ၏။” ထို့ကြောင့် တရားစီရင်ရာနေ့သည် အနှစ် ၁,၀၀၀ ကြာရှည်မည်။ ခရစ်တော်နှင့် ၁၄၄,၀၀၀ သော သစ္စာရှိ ဘိသိက်ခံ နောက်တော်လိုက်များ “ကောင်းကင်သစ်” အဖြစ် “မြေကြီးသစ်” ကို အုပ်ချုပ်မည့် အနှစ်တစ်ထောင်ကာလနှင့် အတူတူပင်ဖြစ်သည်။—ဗျာဒိတ် ၂၀:၄၊ ၆; ၂ ပေတရု ၃:၁၃။
၅၊ ၆။ (က) တရားစီရင်ရာနေ့အကြောင်းကို ကျမ်းစာဆာလံဆရာတစ်ဦးက မည်သို့ ရေးသားဖော်ပြသနည်း။ (ခ) တရားစီရင်ရာနေ့အတွင်း ကမ္ဘာပေါ်တွင် မည်သို့သောဘဝမျိုး ဖြစ်နေမည်နည်း။
၅ ဤစာမျက်နှာများကို ကြည့်ပါ။ တရားစီရင်ရာနေ့သည် လူသားများအဖို့ မည်မျှတိုင် ထူးကဲ အံ့သြဖွယ်ဖြစ်မည်ကို သဘောပေါက်စေပါသည်။ ဘုန်းရောင်ကွန့်မြူးသော ထိုသမယနှင့်ပတ်သက်၍ ကျမ်းစာဆာလံဆရာက ဤသို့ရေးသား၏– “လယ်ပြင်နှင့် လယ်ပြင်၌ရှိသမျှသည်လည်း ဝမ်းမြောက်စေ။ ထိုအခါ တော၌ရှိသမျှသောအပင်တို့သည် ထာဝရဘုရားရှေ့တော်တွင် ရွှင်လန်းစွာ သီချင်းဆိုကြလိမ့်မည်။ အကြောင်းမူကား၊ ကိုယ်တော်သည် ကြွလာတော်မူ၏။ မြေကြီးသားတို့ကို တရားစီရင်ခြင်းငှာ ကြွလာတော်မူ၏။ လောကသားတို့ကို ဖြောင့်မတ်ခြင်းတရားနှင့်လည်းကောင်း၊ လူများကို သစ္စာတော်နှင့်လည်းကောင်း စီရင်ဆုံးဖြတ်တော်မူလတ္တံ့။”—ဆာလံ ၉၆:၁၂၊ ၁၃။
၆ တရားစီရင်ရာနေ့အတွင်း၌ အာမဂေဒုန် ကပ်ကျော်ခဲ့သူများသည် ကမ္ဘာကို ပရဒိသုဖြစ်အောင် လုပ်ဆောင်ကြမည်။ သေလွန်ခဲ့သူများအား ၎င်းပရဒိသုအတွင်းသို့ လက်ကမ်း ကြိုဆိုကြမည်။ (လုကာ ၂၃:၄၃) သေခြင်းကြောင့် ကြာမြင့်စွာ ကွေကွင်းခဲ့ရသော မိသားစုများ ပြန်လည်ဆုံစည်းကြသောအခါ မည်မျှ ပျော်လိုက်မည်ဖြစ်ခြင်း! ဟုတ်ပါသည်၊ ငြိမ်းငြိမ်းချမ်းချမ်းနှင့် ကျန်းကျန်းမာမာ နေထိုင်ပြီး ဘုရားသခင့်ရည်ရွယ်ချက်များနှင့်ပတ်သက်သည့် သွန်သင်ညွှန်ကြားချက်များကို ခံယူရသောအခါ မည်မျှ သာယာဖွယ်ဖြစ်မည်တကား! ကျမ်းစာ ဤသို့ဆို၏– “မြေပေါ်မှာ အမှုကို စစ်ကြောစီရင်တော်မူသောအခါ လောကီသား [မြေကြီးသား၊ ကဘ] တို့သည် တရားကို [ဧကန် သင်ရကြလိမ့်မည်၊ ကဘ]။” (ဟေရှာယ ၂၆:၉) တရားစီရင်ရာနေ့အတွင်း၌ လူအားလုံး ယေဟောဝါအကြောင်း သင်ရကြမည်။ ကိုယ်တော်ကို နာခံ၍ ဝတ်ပြုရန် အခွင့်အရေးအားလုံး ရရှိကြမည်။
၇။ တရားစီရင်ရာနေ့အတွင်း ဘုရားသခင်ကို ဝတ်ပြုရန် ရွေးချယ်သူများနှင့် ငြင်းပယ်သူများအသီးသီး မည်သို့ဖြစ်ကြမည်နည်း။
၇ ယေရှုခရစ်နှင့် ကိုယ်တော်၏ ၁၄၄,၀၀၀ အပေါင်းပါမင်းများ လူသားတို့ကို တရားစီရင်မည့်အချိန်မှာ ဤသို့သော ပရဒိသုအခြေအနေမျိုးတွင် ဖြစ်၏။ ယေဟောဝါကို ဝတ်ပြုရန် ရွေးချယ်သူတို့သည် ထာဝရအသက်ရမည့် အနေအထားတွင် ရှိကြမည်။ သို့သော် အကောင်းဆုံးသော ထိုအခြေအနေမျိုးအောက်၌ပင် အချို့သည် ဘုရားသခင်ကို ဝတ်မပြုချင်ဘဲ နေကြမည်။ ကျမ်းစာဆိုထားသည့်အတိုင်း “ဆိုးသောသူသည် ကျေးဇူးတော်ကို ခံရသော်လည်း ဖြောင့်မတ်ခြင်းတရားကို မသင်တတ်ပါ။ တရားကျင့်ရာပြည်၌ပင် မတရားစွာ ပြုကျင့်” မည်။ (ဟေရှာယ ၂၆:၁၀၊ သမ္မာ) သို့ဖြစ်၍ မိမိတို့လမ်းစဉ်ကို ပြုပြင်ပြောင်းလဲ၍ ဖြောင့်မတ်ခြင်းတရားကို သင်ကြားရန် အခွင့်အရေး အပြည့်အဝရရှိပြီးနောက် ဤလူဆိုးတို့သည် ဖျက်ဆီးခံရမည်ဖြစ်သည်။ တရားစီရင်ရာနေ့မကုန်မီမှာပင် အချို့သူများ သေဒဏ်စီရင်ခံရကြမည်။ (ဟေရှာယ ၆၅:၂၀) ပရဒိသုမြေကြီးကို ဖောက်ပြန်စေရန်၊ ဖျက်ဆီးစေရန် ဆက်လက်အသက်ရှင်ဖို့ အခွင့်ပေးမည်မဟုတ်။
၈။ သောဒုံရှိ လူများ၏စာရိတ္တအခြေအနေကား မည်သို့နည်း။
၈ ယေဟောဝါ၏ တရားစီရင်ရာနေ့ကြီးတွင် မြေကြီးပေါ်၌ ပြန်လည်ရှင်ပြန်ထမြောက်ရခြင်းသည် အမှန်ပင် အခွင့်အရေးထူးကြီးပင် ဖြစ်ပေမည်။ သို့သော် ၎င်းသည် လူသားအားလုံးရရှိမည့် အခွင့်အရေးမဟုတ်ကြောင်း၊ သမ္မာကျမ်းစာက တင်ပြပါသည်။ ဥပမာ၊ ရှေးသောဒုံမြို့ရှိလူများကို စဉ်းစားသုံးသပ်ကြည့်ပါ။ သမ္မာကျမ်းစာက သောဒုံရှိ ယောက်ျားများသည် လောတထံ လာလည်ပတ်သော “ယောက်ျား” များနှင့် သံဝါသပြုရန် ကြိုးပမ်းကြောင်း ပြောသည်။ သူတို့၏ စာရိတ္တအကျင့်ပျက်မှုသည် မည်မျှကြီးကျယ်သနည်းဟူမူ သူတို့ကိုအံ့ဖွယ်နည်းဖြင့် မျက်စိကန်းစေသောအခါတွင်ပင် သူတို့သည် လောတ၏ အိမ်ထဲသို့ဝင်၍ ဧည့်သည်များနှင့် သံဝါသပြုနိုင်ရန် “တံခါးကိုရှာ၍ ပင်ပန်းခြင်းသို့ရောက်ကြ၏။”—ကမ္ဘာဦး ၁၉:၄-၁၁။
၉၊ ၁၀။ သောဒုံရှိ ဆိုးယုတ်သောသူများအတွက် ထမြောက်ခြင်းမျှော်လင့်ချက်နှင့်ပတ်သက်၍ ကျမ်းစောင်များက မည်သို့ဆိုသနည်း။
၉ ထိုသို့သော အလွန်ဆိုးယုတ်သည့်သူများ တရားစီရင်ရာနေ့တွင် ထမြောက်ပါမည်လော။ ကျမ်းစောင်များက သူတို့ ထမည်မဟုတ်ကြောင်း ထင်ရှားစွာတင်ပြသည်။ ဥပမာ၊ ယေရှု၏ ဝိညာဉ်တော်ရ တပည့်တစ်ဦးဖြစ်သူ ယုဒက ပထမလူ့သမီးများနှင့်ဆက်ဆံရန် ကောင်းကင်တွင် မိမိတို့နေရာကိုစွန့်ခဲ့သော ကောင်းကင်တမန်များအကြောင်း ရေးသားခဲ့သည်။ နောက် သူထပ်ဆင့်သည်မှာ– “ထိုနည်းတူ သောဒုံမြို့နှင့် ဂေါမောရမြို့မှစ၍ ပတ်ဝန်းကျင်ရှိသောမြို့တို့သည် အထက်ကဆိုခဲ့ပြီးသော လူဆိုးကဲ့သို့ မတရားသောမေထုန်ကို အလွန်ပြု၍ ကိုယ်ခင်ပွန်းမဟုတ်သောသူတို့နှင့် မှားယွင်းခြင်းအမှု၌ ကျင်လည်သောကြောင့် ထာဝရမီးနှင့် ကျွမ်းလောင်ခြင်းဒဏ်ကိုခံရ၍ ပုံသက်သေထင်ရှားလျက် ရှိကြ၏။” (ယုဒ ၆၊ ၇; ကမ္ဘာဦး ၆:၁၊ ၂) မှန်သည်၊ သောဒုံနှင့် ပတ်ဝန်းကျင်ရှိမြို့များမှသူများသည် သူတို့၏အကျင့် အလွန်ပျက်မှုကြောင့် ဖျက်ဆီးခြင်းခံခဲ့ရပြီး ဘယ်တော့မှ ထမြောက်ခံရမည် မဟုတ်ကြောင်းထင်ရှားသည်။—၂ ပေတရု ၂:၄-၆၊ ၉၊ ၁၀က။
၁၀ ယေရှုကလည်း သောဒုံမြို့သားများသည် ထမြောက်လိမ့်မည်မဟုတ်ကြောင်း တင်ပြခဲ့ပါသည်။ ကိုယ်တော် အံ့ဖွယ်နိမိတ်ပြခဲ့သော မြို့တစ်မြို့ဖြစ်သည့် ကပေရနောင်၌ ကိုယ်တော်ပြောခဲ့သည်မှာ– “သင် [ကပေရနောင်] ၌ပြသောတန်ခိုးကို သောဒုံမြို့၌ ပြုဖူးလျှင် ထိုမြို့သည် ယခုတိုင်အောင် တည်ရာ၏။ ငါဆိုသည်ကား တရားဆုံးဖြတ်သောနေ့၌ သင်သည်သောဒုံမြို့ထက်သာ၍ ခံရလတ္တံ့။” (မဿဲ ၁၁:၂၂-၂၄) ဤတွင် ယေရှုက ဣသရေလပရိသတ်၏စိတ်ထဲတွင် တရားစီရင်ရာနေ့၌ ထမြောက်ခြင်း လုံးဝမရထိုက်သည့် သောဒုံမြို့သားများထက်ပိုခံရလတ္တံ့ဟု ဆိုရာ၌ ကပေရနောင်၏ အပြစ်တင်ခံထိုက်မှုကို အလေးအနက် တင်ပြနေခြင်းဖြစ်သည်။
၁၁။ တရားစီရင်ရာနေ့တွင် “မဖြောင့်မတ်သူ” များထက် “ဖြောင့်မတ်သူများ” သည် အဘယ်ကြောင့် ပို၍ လွယ်ကူမည်နည်း။
၁၁ ထိုကြောင့် အမှန်ပင် ကျွန်ုပ်တို့သည် ထမြောက်ခြင်း ရထိုက်ရန် ကျွန်ုပ်တို့၏ အသက်တာကို တတ်နိုင်သလောက် လုပ်ဆောင်သင့်သည်။ သို့သော် မေးနိုင်သေးသည်ကား– ထမြောက်လာမည့် လူသေထဲတွင် အချို့သည် အခြားသူများထက် ဖြောင့်မတ်ခြင်းကိုသင်ယူကျင့်ဆောင်ရန် ပိုခက်မည်လော။ သုံးသပ်ကြည့်ပါ– “ဖြောင့်မတ်” သူများဖြစ်ကြသော အာဗြဟံ၊ ဣဇာက်၊ ယာကုပ်၊ ဒေဗောရ၊ ရုသနှင့်ဒံယေလ မသေမီ သူတို့အားလုံးသည် လာလတ္တံ့သော မေရှိယကို စောင့်မျှော်ခဲ့ကြသည်။ တရားစီရင်ရာကာလတွင် ကိုယ်တော်အကြောင်းနှင့် ကိုယ်တော်သည် ကောင်းကင်၌ အုပ်စိုးနေကြောင်း သင်အံသိရှိရသောအခါ မည်မျှဝမ်းမြောက်လိုက်မည်ဖြစ်ခြင်း! ထိုကြောင့် ဤ “ဖြောင့်မတ်သော” သူများသည် ၎င်းအချိန်တွင် ထမြောက်လာသည့် “မဖြောင့်မတ်သော” သူများထက် ဖြောင့်မတ်ခြင်းကို ကျင့်ရန် ပိုလွယ်ကူပါလိမ့်မည်။—တမန်တော် ၂၄:၁၅။
“အသက်ရှင်ရာ” နှင့် “အပြစ်စီရင်ရာ” ထမြောက်ခြင်းများ
၁၂။ ယောဟန် ၅:၂၈-၃၀ အရ၊ မည်သူများ “အသက်ရှင်ရာထမြောက်ခြင်း” ကိုရရှိပြီး မည်သူများမူ “တရားစီရင်ရာထမြောက်ခြင်း” ကို ရရှိကြမည်နည်း။
၁၂ တရားစီရင်ရာနေ့ အခြေအနေနှင့်ပတ်သက်၍ ယေရှုဖော်ပြစဉ် ဤသို့ မိန့်တော်မူ၏– “[အောက်မေ့ရာ၊ ကဘ] သင်္ချိုင်းများမှာရှိသောသူ အပေါင်းတို့သည် သားတော်၏စကားသံကိုကြား၍ ထွက်ရမည့်အချိန်ကာလ ရောက်လတ္တံ့။ ကောင်းသောအကျင့်ကို ကျင့်သောသူတို့သည် အသက်ရှင်ရာထမြောက်ခြင်း သို့လည်းကောင်း၊ ဆိုးယုတ်သောအကျင့်ကို ကျင့်သောသူတို့သည် အပြစ်စီရင်ရာထမြောက်ခြင်း သို့လည်းကောင်း ထွက်ရကြလတ္တံ့။ . . . ငါသည် ကြားသည့်အတိုင်း တရားစီရင်၏။ ငါစီရင်ခြင်းသည်လည်း တရားတော်နှင့် ညီညွတ်၏။ အကြောင်းမူကား ငါသည် ကိုယ်အလိုသို့မလိုက်။ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်၏အလိုသို့ လိုက်၏။” (ယောဟန် ၅:၂၈-၃၀) “အသက်ရှင်ရာထမြောက်ခြင်း” သည် အဘယ်နည်း။ “အပြစ်စီရင်ရာထမြောက်ခြင်း“ သည်လည်း အဘယ်နည်း။ ၎င်းတို့ကို မည်သူများ အသီးသီး ခံရကြမည်နည်း။
၁၃။ “အသက်ရှင်ရာထမြောက်ခြင်း” ကိုရလျှင် မည်သို့သောအဓိပ္ပာယ်ရှိသနည်း။
၁၃ လူသေများ သင်္ချိုင်းမှထွက်လာကြသောအခါ သူတို့၏အတိတ်ကအကျင့်များအားဖြင့် စီရင်ခြင်းခံရမည်မဟုတ်ကြောင်း ကျွန်ုပ်တို့ ရှင်းလင်းစွာ သိရှိခဲ့ပြီ။ တရားစီရင်ရာနေ့အတွင်း ကျင့်ကြံပြုမူပုံပေါ်မူတည်၍သာ စီရင်ခံရမည်ဖြစ်သည်။ ထို့ကြောင့် “ကောင်းသောအကျင့်ကိုကျင့်သောသူတို့” နှင့် “ဆိုးယုတ်သောအကျင့်ကိုကျင့်သောသူတို့” အကြောင်း ယေရှုပြောသောအခါ တရားစီရင်ရာနေ့အတွင်း ထိုသူများ အသီးသီးပြုကြမည့် ကောင်းသောအမှုနှင့် မကောင်းသောအမှုများကို ရည်ညွှန်းတော်မူခြင်းဖြစ်သည်။ ထမြောက်လာသူ အမြောက်အမြားတို့သည် မိမိတို့ပြုသော ကောင်းသောအကျင့်များကြောင့် အနှစ် ၁,၀၀၀ တရားစီရင်ရာနေ့အဆုံးတွင် လူ့စုံလင်ခြင်းအဖြစ်သို့ တက်လှမ်းသွားကြမည်။ ဤသို့သောအားဖြင့် သေခြင်းမှ သူတို့ ပြန်လာခြင်းသည် “အသက်ရှင်ရာထမြောက်ခြင်း” ဖြစ်လိမ့်မည်။ အပြစ်ကင်းလျက် စုံလင်သောအသက် ကို ရရှိကြမည်ဖြစ်သောကြောင့်ပင်။
၁၄။ “တရားစီရင်ရာထမြောက်ခြင်း” ကိုရလျှင် မည်သို့သောအဓိပ္ပာယ်ရှိသနည်း။
၁၄ တရားစီရင်ရာနေ့အတွင်း “ဆိုးယုတ်သောအကျင့်ကို ကျင့်သောသူတို့” ကော မည်သို့ရှိမည်နည်း။ သေခြင်းမှ သူတို့ပြန်လာခြင်းသည် “အပြစ်စီရင်ရာ ထမြောက်ခြင်း” ဖြစ်လိမ့်မည်။ ဘာကို ဆိုလိုသနည်း။ သေဒဏ်စီရင်ချက် ဖြစ်၏။ ထိုသူတို့သည် တရားစီရင်ရာနေ့အတွင်းဖြစ်စေ၊ အကုန်တွင်ဖြစ်စေ ဖျက်ဆီးတော်မူခြင်းခံရမည်။ အကြောင်းရင်းမှာ သူတို့ မကောင်းမှုများ လုပ်သောကြောင့်ဖြစ်သည်; ဖြောင့်မတ်ခြင်းတရားကို မသင်ယူ မကျင့်သုံးဘဲ ခေါင်းမာမာနှင့် ငြင်းကြ၍ ဖြစ်သည်။
တရားစီရင်ရာနေ့ အစပြုချိန်
၁၅။ တရားစီရင်ရာနေ့ မစမီကလေးတွင် ဘာဖြစ်သနည်း။
၁၅ တရားစီရင်ရာနေ့မတိုင်မီကလေး အဖြစ်အပျက်ကို တမန်တော်ယောဟန်က ရူပါရုံတွင် မြင်ခဲ့သည်။ သူ ဤသို့ရေးသား၏– “ဖြူသောပလ္လင်ကြီးကိုလည်းကောင်း၊ ပလ္လင်ပေါ်မှာ ထိုင်တော်မူသောသူကိုလည်းကောင်း ငါမြင်၏။ ကောင်းကင်နှင့် မြေကြီးသည် မျက်နှာတော်ရှေ့မှ ပြေးလွင့် [ကြ၏။] . . . သေလွန်သောသူ အကြီးအငယ်တို့သည် ပလ္လင်တော်ရှေ့မှာ ရပ်နေကြသည်ကို ငါမြင်၏။ . . . သေလွန်သောသူတို့သည် . . . တရားစီရင်ခြင်းကို ခံရကြ၏။” (ဗျာဒိတ် ၂၀:၁၁၊ ၁၂) ထို့ကြောင့် တရားစီရင်ရာနေ့မစမီ “ကောင်းကင်နှင့် မြေကြီး” တို့ဖြင့် ဖွဲ့စည်းထားသော လက်ရှိစနစ် ပျောက်ကွယ်လိမ့်မည်။ ဘုရားသခင်ကို ဝတ်ပြုသူများသာ ကပ်ကျော်မည်။ လူဆိုးအားလုံး အာမဂေဒုန်၌ ဖျက်ဆီးခံရကြမည်။—၁ ယောဟန် ၂:၁၇။
၁၆။ (က) တရားစီရင်ရာနေ့အတွင်း သေလွန်သူများအပြင် မည်သူများလည်း တရားစီရင်ခံရကြမည်နည်း။ (ခ) သူတို့သည် အဘယ်အရာထဲမှ တရားစီရင်ခံရမည်နည်း။
၁၆ သို့ဖြစ်၍ တရားစီရင်ရာနေ့အတွင်း ထမြောက်လာသည့် “သေသောသူတို့” သာ တရားစီရင်ခံရကြမည်မဟုတ်။ အာမဂေဒုန်ကို ကပ်ကျော်သည့် “အသက်ရှင်သောသူ” တို့လည်း မွေးဖွားလာမည့် သားသမီးများနှင့်အတူ တရားစီရင်ခံရကြမည်။ (၂ တိမောသေ ၄:၁) သူတို့ မည်သို့တရားစီရင်ခံရကြောင်းကို ရူပါရုံ၌ ယောဟန်မြင်တွေ့ခဲ့သည်။ သူ ဤသို့ရေးသား၏– “စာစောင်များကို ဖွင့်ထား၏။ . . . သေလွန်သောသူတို့သည် မိမိတို့အကျင့်အတိုင်း စာစောင်တို့၌ ရေးထားချက်များနှင့်အညီ တရားစီရင်ခြင်းကို ခံရကြ၏။ သမုဒ္ဒရာသည် မိမိ၌ရှိသော လူသေတို့ကို အပ်ပေး၏။ မရဏာ [သေခြင်း၊ ကဘ] နှင့် မရဏာနိုင်ငံ [ဟေးဒီးစ်၊ ကဘ] သည်လည်း မိမိတို့၌ရှိသော လူသေတို့ကို အပ်ပေးကြ၏။ လူအသီးအသီးတို့သည် မိမိတို့အကျင့်အတိုင်း တရားစီရင်ခြင်းကို ခံရကြ၏။”—ဗျာဒိတ် ၂၀:၁၂၊ ၁၃။
၁၇။ “သေလွန်သောသူတို့” နှင့် “အသက်ရှင်သောသူတို့” ကို တရားစီရင်သော “စာစောင်လိပ်များ” မှာ အဘယ်အရာများနည်း။
၁၇ “သေသောသူတို့” နှင့် “အသက်ရှင်သောသူ” တို့ကို တရားစီရင်ရန် ဖွင့်ထားသည့် “စာစောင် [လိပ်] များ” မှာ အဘယ်အရာများနည်း။ ကျွန်ုပ်တို့လက်ရှိ သန့်ရှင်းသော သမ္မာကျမ်းစာအပြင် ထပ်ဆင့်ပေးတော်မူသော စာစောင်များဖြစ်ပေမည်။ ယေဟောဝါ၏ပညတ်နှင့် ညွှန်ကြားချက်များ ပါဝင်သော မှုတ်သွင်းခံစာပေများ၊ သို့မဟုတ် စာအုပ်များ ဖြစ်ပေမည်။ ၎င်းတို့ကို ဖတ်ခြင်းဖြင့် ကမ္ဘာသားအားလုံး ဘုရားသခင့်အလိုတော်ကို သိရှိလာနိုင်မည်။ ထို့နောက် ထို “စာစောင် [လိပ်] များ” ပါ ပညတ်နှင့် ညွှန်ကြားချက်များပေါ်မူတည်ပြီး တစ်ဦးစီ စီရင်ခြင်းခံရမည်။ ထိုတွင် ရေးထားသောအရာများကို လိုက်နာသူများသည် ခရစ်တော်၏ ရွေးဖိုးယဇ်၏ အကျိုးကျေးဇူးများကို ရရှိပြီး လူ့စုံလင်ခြင်းအဖြစ်သို့ တစ်စစ တက်လှမ်းသွားကြမည်။
၁၈။ (က) တရားစီရင်ရာနေ့အဆုံးတွင် အခြေအနေ မည်သို့ရှိမည်နည်း။ (ခ) အနှစ် ၁,၀၀၀ အဆုံး၌ “လူသေတို့” မည်သည့်နည်းဖြင့် အသက်ရှင်လာကြသနည်း။
၁၈ အနှစ် ၁,၀၀၀ တရားစီရင်ရာနေ့အကုန်တွင် ကမ္ဘာပေါ်ရှိ မည်သူမျှ အာဒံ၏အပြစ်ကြောင့် သေရသောအခြေအနေအောက်တွင် မရှိတော့။ လူတိုင်း ပြည့်ဝသော အဓိပ္ပာယ်ဖြင့် အသက်ရှင်လာပြီဖြစ်သည်။ ဤအချက်ကိုဆိုလိုသည့်သဘောဖြင့် ကျမ်းစာက အောက်ပါအတိုင်း ရေးထားခြင်းဖြစ်သည်– “ကြွင်းသောလူသေတို့ [ကောင်းကင်သို့သွားသော ၁၄၄,၀၀၀ မှအပ] သည် ထိုအနှစ်တစ်ထောင် မကုန်မီ အသက်မရှင်ရကြ။” (ဗျာဒိတ် ၂၀:၅) “ကြွင်းသောလူသေတို့” ဟုဆိုရာ၌ အခြားသူများသည် အနှစ် ၁,၀၀၀ တရားစီရင်ရာနေ့အကုန်တွင် ထမြောက်လာကြမည်ကို ဆိုလိုနေခြင်းမဟုတ်။ နောက်ဆုံးတွင် လူသားအားလုံး လူ့စုံလင်ခြင်းအဖြစ်သို့ တက်လှမ်းသည့်သဘောဖြင့် အသက်ရှင်လာကြခြင်းကို ဆိုလိုခြင်းဖြစ်သည်။ ဧဒင်ဥယျာဉ်အတွင်းရှိ အာဒံနှင့်ဧဝတို့ကဲ့သို့ စုံလင်သောအခြေအနေသို့ ရောက်ရှိသွားကြမည်။ ထိုအခါ ဘာဖြစ်လာမည်နည်း။
တရားစီရင်ရာနေ့ ပြီးနောက်
၁၉။ တရားစီရင်ရာနေ့အဆုံးတွင် ခရစ်တော် ဘာပြုမည်နည်း။
၁၉ ယေရှုခရစ်သည် ဘုရားသခင်အပ်နှင်းသမျှအမှုကို ပြီးစီးသောအခါ “မိမိနိုင်ငံကို ဘုရားသခင်တည်းဟူသော ခမည်းတော်၌ အပ်ပြန်” မည်။ ဤကား အနှစ် ၁,၀၀၀ တရားစီရင်ရာနေ့အဆုံးတွင်ဖြစ်သည်။ ထိုအချိန်တွင် ရန်သူအားလုံးကို သုတ်သင်ပြီးဖြစ်မည်။ နောက်ဆုံးသောရန်သူမှာ အာဒံမှအမွေရခဲ့သော သေခြင်းပင်ဖြစ်၏။ ၎င်းလည်း ဖျက်ဆီးခံရမည်! ထိုအခါ နိုင်ငံတော်သည် ယေဟောဝါဘုရားသခင် ပိုင်ရာတော်ဖြစ်လာမည်။ ကိုယ်တော်သည် ဘုရင်အဖြစ် တိုက်ရိုက်အုပ်ချုပ်တော်မူမည်။—၁ ကောရိန္သု ၁၅:၂၄-၂၈။
၂၀။ (က) “အသက်စာစောင်” ၌ မည်သူများ၏အမည်စာရင်း ဝင်သင့်သည်နှင့်စပ်လျဉ်း၍ ဆုံးဖြတ်ရာ၌ ယေဟောဝါ မည်သို့ပြုမည်နည်း။ (ခ) လူသားများကို နောက်ဆုံးစမ်းသပ်ခြင်းသည် အဘယ်ကြောင့် သင့်လျော်သနည်း။
၂၀ မည်သူ့အမည်ကို “အသက်စာစောင်” ၌ ရေးရမည်နှင့်စပ်လျဉ်း၍ ယေဟောဝါ မည်သို့ ဆုံးဖြတ်တော်မူမည်နည်း။ (ဗျာဒိတ် ၂၀:၁၂၊ ၁၅) လူသားများအား စမ်းသပ်ခြင်းအားဖြင့်တည်း။ အာဒံနှင့်ဧဝတို့ ထိုသို့သောစမ်းသပ်မှုတွင် ကျရှုံးခဲ့ကြောင်း၊ ယောဘမူ စမ်းသပ်ခံရသောအခါ သစ္စာတည်ကြည်ခဲ့ကြောင်း ပြန်သတိရပါ။ သို့သော် အနှစ် ၁,၀၀၀ အဆုံးအထိ အသက်ရှင်သွားသော လူသားအများစုမှာ မိမိတို့၏ယုံကြည်ခြင်းနှင့်ပတ်သက်၍ တစ်ခါမျှ အစမ်းခံခဲ့ရကြမည်မဟုတ်။ မထမြောက်မီ သူတို့သည် ယေဟောဝါရည်ရွယ်ချက်များကို မသိရှိခဲ့ကြ။ စာတန်၏ စနစ်ဆိုးအစိတ်အပိုင်း ဖြစ်ခဲ့ကြသည်; “မဖြောင့်မတ်သောသူ” များ ဖြစ်ခဲ့ကြသည်။ ၎င်းနောက်၊ ထမြောက်လာသောအခါ၌လည်း မာရ်နတ်၏ ဆန့်ကျင်တိုက်ခိုက်မှု လုံးဝမခံရဘဲ ပရဒိသုအတွင်း အသက်ရှင်ရသောကြောင့် ယေဟောဝါကို လွယ်လွယ်နှင့် ဝတ်ပြုနိုင်ခဲ့ကြသည်။ သို့သော် ယေဟောဝါကို ဆက်လက်မဝတ်ပြုရအောင် သူတို့အား တားဆီးရန်အခွင့်ကို စာတန်သာရလျှင် စုံလင်ပြီးဖြစ်သည့် ဤကုဋေပေါင်းများစွာသော လူသားတို့သည် ယေဟောဝါကို ဆက်လက်ကိုးကွယ်ကြဦးမည်လော။ စာတန်သည် စုံလင်သော အာဒံနှင့်ဧဝတို့ကို ပြုခဲ့သကဲ့သို့ သူတို့ကိုလည်း ပြုနိုင်မည်လော။
၂၁။ (က) ယေဟောဝါသည် လူသားများအား မည်သို့စမ်းသပ်ခံစေမည်နည်း။ (ခ) စမ်းသပ်မှုပြီးစီးသောအခါ ပတ်သက်သူအားလုံး မည်သို့ဖြစ်ကြမည်နည်း။
၂၁ ယင်းမေးခွန်းများကို ဖြေရှင်းရန် ယေဟောဝါသည် စာတန်နှင့် သူ၏နတ်ဆိုးများအား နှစ်ပေါင်း ၁,၀၀၀ သူတို့နေလာခဲ့ကြသော တွင်းနက်ထဲမှ လွှတ်တော်မူမည်။ အဘယ်ရလဒ် ဖြစ်လာမည်နည်း။ ကျမ်းစာက စာတန်သည် အချို့ပုဂ္ဂိုလ်များအား ယေဟောဝါကို ဝတ်ပြုနေရာမှ လှည့်သွားအောင် ဖန်တီးရာ၌ အောင်မြင်သည်ဟု ပြဆိုထားသည်။ သူတို့သည် “သမုဒ္ဒရာ သဲလုံးနှင့်အမျှ” ဖြစ်မည်။ ဆိုလိုသည်မှာ သူတို့၏ အရေအတွက်ကို မသိနိုင်။ ဤစမ်းသပ်မှုပြီးနောက် စာတန်နှင့် သူ၏နတ်ဆိုးများအပြင် စမ်းသပ်မှု မအောင်ခဲ့သူများအားလုံးသည် ဒုတိယ (ထာဝရ) သေခြင်းကိုပုံဆောင်သော “မီးအိုင်” ထဲသို့ ချပစ်ခံရကြလိမ့်မည်။ (ဗျာဒိတ် ၂၀:၇-၁၀၊ ၁၅) သို့သော် “အသက်စာစောင်” ၌ နာမည်စာရင်းဝင်သောသူတို့မူ ဘုန်းရောင်ကွန့်မြူးသော မြေကြီးပရဒိသုတွင် ကျန်ခဲ့လိမ့်မည်။ သူတို့၏အမည်များကို “အသက်စာစောင်” ၌ စာရင်းသွင်းသည်ဆိုရာမှာ သူတို့သည် ကိုယ်စိတ်နှလုံးသုံးပါးစလုံး အကြွင်းမဲ့ ဖြောင့်မတ်၍ ကမ္ဘာပေါ် ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်ထိုက်သူများအဖြစ် ယေဟောဝါစီရင်သတ်မှတ်တော်မူသည်ကို ဆိုလိုသည်။
လက်ရှိတရားစီရင်ရာနေ့
၂၂။ တရားစီရင်ရာနေ့နှင့် လူသားတို့၏ နောက်ဆုံးစမ်းသပ်မှုကို မြင်တွေ့လိုလျှင် ယခု ကျွန်ုပ်တို့ အဘယ်အရာကို ကပ်ကျော်ရမည်နည်း။
၂၂ ထိုသို့အားဖြင့် ကျမ်းစာသည် လာမည့်အနာဂတ် အနှစ် ၁,၀၀၀ ကျော်မှ အဖြစ်အပျက်များအကြောင်းကို အသိပေးထားသည်။ ရှေ့လာမည့်အရာများကို ကြောက်စရာမလိုကြောင်းကိုလည်း ပြ၏။ သို့ရာတွင် အသင်သည် ယေဟောဝါပြင်ဆင်ထားသော ထိုကောင်းမြတ်လှသည့်အရာများကို ခံစားရအောင် ထိုနေရာသို့ရောက်ရှိမည်လောဟူ၍ မေးစရာရှိ၏။ ၎င်းမှာ ထိုထက်စောသော လက်ရှိတရားစီရင်ရာနေ့တည်းဟူသော ‘ဘုရားမဲ့သူတို့ကို တရားစီရင်၍ ဖျက်ဆီးရာနေ့’ ကို အသင် ကပ်ကျော် မကျော်ဟူသော အချက်ပေါ်မူတည်လိမ့်မည်။—၂ ပေတရု ၃:၇။
၂၃။ (က) ယခုလူတို့သည် အဘယ်လူနှစ်တန်းစားအဖြစ် ခွဲခြားခြင်းခံနေရသနည်း။ (ခ) ၎င်းအတန်းအစားအသီးအသီး မည်သို့ဖြစ်မည်နည်း။ အဘယ်ကြောင့်နည်း။
၂၃ မှန်သည်၊ ခရစ်တော်ပြန်ကြွလာ၍ ကောင်းကင်ပလ္လင်ပေါ် စံတော်မူသည့်အချိန်မှစ၍ လူသားအားလုံး တရားစီရင်ခြင်းခံနေရသည်။ လက်ရှိ “တရားစီရင်ရာနေ့” သည် အနှစ် ၁,၀၀၀ တရားစီရင်ရာနေ့မစမီဖြစ်သည်။ လက်ရှိတရားစီရင်ရာကာလပိုင်းအတွင်း လူတို့ကို ခရစ်တော်၏ လက်ဝဲတော်ဘက်သို့ “ဆိတ်” အဖြစ်လည်းကောင်း၊ လက်ယာတော်ဘက်သို့ “သိုး” အဖြစ်လည်းကောင်း ခွဲခြားလျက်ရှိ၏။ “ဆိတ်” တို့သည် ခရစ်တော်၏ဘိသိက်ခံ ‘ညီတော်များ’ ဘုရားအမှုတော်ဆောင်ရာ၌ ထောက်မရန် ပျက်ကွက်သောကြောင့် ဖျက်ဆီးခြင်းခံရကြမည်။ ကြာသော် ဤ “ဆိတ်” တို့သည် နောင်တမရသော အပြစ်သားများ၊ ဆိုးယုတ်၍ မဖြောင့်မတ်သောအကျင့်များ၌ စိတ်ခိုင်မာသောသူများ ဖြစ်လာကြသည်။ “သိုး” များမှာမူ ခရစ်တော်၏ ‘ညီတော်များ’ အား နည်းအမျိုးမျိုးဖြင့် ကူညီထောက်မကြသောကြောင့် နိုင်ငံတော်အုပ်ချုပ်မှုအောက် ထာဝရအသက်နှင့် နေထိုင်ရသော ကောင်းချီးကို ရရှိကြမည်တည်း။—မဿဲ ၂၅:၃၁-၄၆။
[စာမျက်နှာ ၁၇၈ ပါ ရုပ်ပုံ]
တရားစီရင်ရာနေ့တွင် သောဒုံမြို့သားတို့သည် သာ၍ခံရပ်နိုင်မည်ဟု အဘယ့်ကြောင့်ယေရှုပြောခဲ့သနည်း