အခန်း ၅၂
မုန့်နည်းနည်း၊ ငါးနည်းနည်းနဲ့ လူထောင်ချီကို ကျွေးမွေး
မဿဲ ၁၄:၁၃-၂၁ မာကု ၆:၃၀-၄၄ လုကာ ၉:၁၀-၁၇ ယောဟန် ၆:၁-၁၃
ယောက်ျား ၅,၀၀၀ ကို ယေရှု ကျွေးမွေး
တမန်တော် ၁၂ ယောက်ဟာ ဂါလိလဲပြည် တစ်လျှောက်မှာ ဟောပြောပြီးနောက် ယေရှုဆီပြန်လာပြီး “သူတို့လုပ်ခဲ့တာတွေ၊ သွန်သင်ခဲ့တာတွေကို” ပြောပြတယ်။ သူတို့ မောပန်းနေကြမှာပဲ။ ဒါပေမဲ့ သူတို့ဆီ လာတဲ့သူတွေ များလွန်းလို့ အနားယူဖို့၊ အစာစားဖို့တောင် အချိန်မရှိဘူး။ ဒါကြောင့် ယေရှုက “လူသူမရှိတဲ့နေရာဆီ သွားပြီး ခဏတစ်ဖြုတ် နားရအောင်” လို့ ပြောတယ်။—မာကု ၆:၃၀၊ ၃၁။
ကပေရနောင်မြို့နားကနေ လှေစီးပြီး ဂျော်ဒန်မြစ်အရှေ့ဘက်၊ ဗက်ဇဲဒမြို့အလွန် လူသူမရှိတဲ့ နေရာဆီ ထွက်သွားကြတာ ဖြစ်နိုင်တယ်။ ဒါကို လူတွေ မြင်သွားပြီး တခြားလူတွေလည်း သိကုန်တယ်။ ဒီအခါ ကမ်းနံဘေးကနေ ပြေးလိုက်ပြီး လှေဆိုက်ကပ်မယ့် နေရာကို ကြိုရောက်နေကြတယ်။
ယေရှု လှေပေါ်ကဆင်းတဲ့အခါ ထိန်းသူမရှိတဲ့ သိုးတွေလို ဖြစ်နေတဲ့ လူအုပ်ကြီးကို မြင်တော့ သနားသွားတယ်။ ဒါကြောင့် နိုင်ငံတော်အကြောင်း “အများကြီး သွန်သင်ပေးတယ်။” (မာကု ၆:၃၄) “ဖျားနာသူတွေကို ကုသပေးတယ်။” (လုကာ ၉:၁၁) ညနေစောင်းတဲ့အခါ တပည့်တွေက “ဒီနေရာဟာ လူသိပ်ခေါင်တယ်။ အချိန်လည်း နှောင်းလှပြီ။ လူတွေကို ပြန်လွှတ်လိုက်ပါ။ အနီးအနား ရွာတွေမှာ စားစရာ သွားဝယ်ကြပါစေ” လို့ ယေရှုကို ပြောတယ်။—မဿဲ ၁၄:၁၅။
ယေရှုက “သူတို့ သွားစရာ မလိုပါဘူး။ ခင်ဗျားတို့ ကျွေးလိုက်ပါ” လို့ ပြောတယ်။ (မဿဲ ၁၄:၁၆) ယေရှုက သူဘာလုပ်တော့မယ်ဆိုတာ သိပြီးသားပဲ။ ဒါပေမဲ့ ဖိလိပ္ပုကို စမ်းသပ်ချင်လို့ “ဒီလူတွေကိုကျွေးဖို့ စားစရာ ဘယ်မှာသွားဝယ်ရမလဲ” ဆိုပြီး မေးတယ်။ ဖိလိပ္ပုဟာ ဗက်ဇဲဒမြို့နားမှာ နေထိုင်သူဖြစ်လို့ အဲဒီလိုမေးလိုက်တာ။ တကယ်တော့ စားစရာ သွား၀ယ်တာက ပြဿနာမဟုတ်ဘူး။ အဲဒီမှာ ယောက်ျားချည်းပဲ ၅,၀၀၀ လောက် ရှိနေတာ။ အမျိုးသမီးနဲ့ ကလေးတွေပါ ပေါင်းလိုက်မယ်ဆိုရင် နှစ်ဆလောက်ရှိမှာ။ ဒါကြောင့် ဖိလိပ္ပုက “ဒေနာရိ [ဒေနာရိတစ်ပြားဟာ တစ်ရက်စာလုပ်ခဖြစ်တယ်] နှစ်ရာဖိုး ဝယ်ပြီး တစ်ယောက် နည်းနည်းစီပေးရင်တောင် လောက်မယ်မထင်ဘူး” လို့ ပြန်ဖြေတယ်။—ယောဟန် ၆:၅-၇။
အန္ဒြေကလည်း ဒီလူအားလုံးကို ကျွေးမွေးဖို့ မဖြစ်နိုင်မှန်း သိစေချင်လို့ အခုလိုပြောတယ်– “ဒီကောင်လေးဆီမှာ မုယောမုန့် ငါးလုံးနဲ့ ငါးကလေးနှစ်ကောင် ရှိပါတယ်။ ဒါပေမဲ့ လူတွေ ဒီလောက်များတာ ဘယ်လိုလုပ် လောက်မှာလဲ။”—ယောဟန် ၆:၉။
အဲဒီအချိန်က အေဒီ ၃၂၊ ပသခါပွဲမတိုင်ခင် နွေဦးရာသီဖြစ်လို့ တောင်စောင်းမှာ မြက်ပင်လေးတွေ စိမ်းစိုနေတာပဲ။ အဲဒီမြက်ခင်းပြင်ပေါ်မှာ လူတွေကို ၅၀ စီ၊ ၁၀၀ စီ ထိုင်ခိုင်းလိုက်ပါလို့ တပည့်တွေကို ယေရှုပြောတယ်။ ဒီနောက် မုန့်ငါးလုံးနဲ့ ငါးနှစ်ကောင်ကိုယူ၊ ဘုရားကို ကျေးဇူးတင် ချီးမွမ်းပြီးနောက် မုန့်နဲ့ငါးကို ဖဲ့ပြီး တပည့်တွေကို ပေးလိုက်တယ်။ တပည့်တွေက လူတွေကို ပြန်ဝေပေးတယ်။ အံ့သြစရာကောင်းတာက လူအားလုံး ၀၀လင်လင် စားရတယ်။
အဲဒီနောက် ယေရှုက “အလေအလွင့် မဖြစ်အောင် စားကြွင်းစားကျန်တွေကို ကောက်သိမ်းကြ” လို့ တပည့်တွေကို ပြောတယ်။ (ယောဟန် ၆:၁၂) ကောက်သိမ်းလိုက်တော့ စားကြွင်းစားကျန် ၁၂ တောင်းအပြည့် ရတယ်။