အခန်း ၅၅
တပည့်များစွာ ယေရှုထံမှ ထွက်ခွာသွား
မိမိသည် စစ်မှန်သောကောင်းကင်မုန့်ဖြစ်တော်မူကြောင်းကို ကပေရနောင်မြို့ရှိတရားဇရပ်တွင် ယေရှုသွန်သင်နေတော်မူ၏။ အံ့ဖွယ်နည်းဖြင့် ကိုယ်တော်ကျွေးခဲ့သော မုန့်နှင့်ငါးများစားသုံးခဲ့ကြသည့်သူများ ဂါလိလဲအိုင်အရှေ့ဘက်မှပြန်လာစဉ် ကိုယ်တော့်ကိုတွေ့ခဲ့၍ ထိုအချိန်ကဆွေးနွေးခဲ့သည့်အကြောင်းကို ဤတွင်ဆက်ဟောပြောနေခြင်းဖြစ်မည်။
ယေရှု ဤသို့ဆက်မိန့်တော်မူခဲ့သည်။ “ငါပေးသောမုန့်ကား လောကီသားတို့၏ အသက်အဖို့အလိုငှာစွန့်သော ငါ၏အသားပေတည်း။” လွန်ခဲ့သည့်နှစ်နှစ် စီအီး ၃၀ ခုနှစ်၏နွေဦးချိန်တွင် ဘုရားသခင်သည် လောကီသားတို့ကိုချစ်လွန်းသဖြင့် ကယ်တင်ရှင်အဖြစ် မိမိ၏သားတော်ကို စေလွှတ်တော်မူခဲ့ကြောင်း နိကောဒင်အား ယေရှုပြောခဲ့သည်။ ထိုကြောင့်ကိုယ်တော်၏ ယဇ်ပူဇော်သက္ကာကို ယုံကြည်ခြင်းအားဖြင့်ပုံဆောင်ရာ ကိုယ်တော်၏အသားကိုစားသုံးသူ မည်သူမဆို ထာဝရအသက်ရနိုင်ကြောင်း ယေရှုတင်ပြနေခြင်းဖြစ်သည်။
သို့ရာတွင် ယေရှု၏စကားများကြောင့် လူအများထိမိလဲကုန်ကြသည်။ “ဤသူသည် မိမိအသားကိုငါတို့စားစရာဖို့ အဘယ်သို့ပေးနိုင်သနည်း” ဟုငြင်းခုံကြသည်။ ကိုယ်တော်၏အသားကိုစားခြင်းသည် ပုံဆောင်သဘောအားဖြင့်ဖြစ်ကြောင်းကို မိမိစကားကြားနာသူများအား ယေရှုနားလည်စေလိုခဲ့သည်။ ထိုကြောင့်ယင်းကိုအလေးအနက် ပေါ်လွင်စေရန် ပကတိစာသားအတိုင်းသာယူဆလျှင် ထိုထက်ပင်ပို၍ကန့်ကွက်ငြင်းဆိုစရာဖြစ်သေးသည့်စကားများကို ကိုယ်တော်မိန့်တော်မူပြန်သည်။
“လူသား၏အသားကိုမစား၊ အသွေးကိုမသောက်လျှင် သူတို့၌အသက်မရှိ။ ငါ၏အသားကိုစား၍ ငါ၏အသွေးကိုလည်းသောက်သောသူသည် ထာဝရအသက်ကိုရ၏။ ထိုသူကိုနောက်ဆုံးသောနေ့၌ ငါထမြောက်စေမည်။ ငါ၏အသားသည် စားစရာကောင်း၏။ ငါ၏အသွေးလည်း သောက်စရာကောင်း၏။ ငါ၏အသားနှင့်အသွေးကိုစားသောက်သောသူသည် ငါ၌တည်၏။ ထိုသူ၌လည်းငါတည်၏” ဟူ၍ ယေရှု မိန့်တော်မူပြန်သည်။
ဤတွင်လူသားစားရန် တိုက်တွန်းနေမည်ဆိုလျှင် ကိုယ်တော်၏သွန်သင်ချက်သည် တကယ်ပင်ကန့်ကွက်ပြစ်တင်စရာဖြစ်မည်။ သို့သော်အသားကိုစား၊ အသွေးကိုသောက်ဟုဆိုရာတွင် ပကတိသဘောအတိုင်းမဟုတ်သည်ကား သိသာပါသည်။ ကိုယ်တော်သည် မိမိ၏စုံလင်သောလူ့ခန္ဓာကိုယ်ကိုပူဇော်၍ အသက်သွေးကိုသွန်းတော်မူသောအခါ ထာဝရအသက်ရလိုလျှင် ၄င်းဇော်သက္ကာကိုယုံကြည်ရမည်ဟူ၍ ကိုယ်တော်အလေးအနက် ဖေါ်ပြနေခြင်းသာဖြစ်သည်။ သို့သော်တပည့်အမြောက်အမြားသည် ကိုယ်တော်၏သွန်သင်ချက်ကို သဘောပေါက်ရန်မကြိုးစားဘဲ ‘ဤစကားသည် အလွန်ထိတ်လန့်စရာဖြစ်၏။ အဘယ်သူနာခံနိုင်မည်နည်း’ ဟုကန့်ကွက်ကြသည်။
တပည့်များစွာ ပြစ်တင်စကားများပြောဆိုနေကြသည်ကို ယေရှုသိတော်မူ၍ “ဤတရားစကားကြောင့် သင်တို့သည်ထိမိလဲကြသလော။ လူသားသည် အရင်နေရာအရပ်သို့ တစ်ဖန်ကြွတက်သည်ကိုမြင်ရလျှင် အဘယ်သို့ထင်မှတ်ကြမည်နည်း။ ငါပြောသောစကားသည် ဝိညာဉ်ဖြစ်၏။ အသက်လည်းဖြစ်၏။ သို့သော်လည်း သင်တို့တွင် မယုံကြည်သောသူအချို့ရှိ၏။”
ယေရှုဆက်၍ ဤသို့မိန့်တော်မူပြန်သည်။ ‘ထိုကြောင့်ငါ၏ခမည်းတော်သည် အခွင့်ပေးတော်မမူလျှင် အဘယ်သူမျှငါ့ထံသို့မလာနိုင်ဟု အထက်ကငါဆိုခဲ့ပြီ။’ ထိုတွင်တပည့်များစွာ ယေရှုအထံတော်မှ ထွက်ခွာသွားလေသည်။ ယင်းကြောင့်ယေရှုက တမန်တော် ၁၂ ပါးဘက်သို့လှည့်ကာ “သင်တို့သည်လည်း ထွက်သွားခြင်းငှာအလိုရှိကြသလော” ဟုမေးတော်မူ၏။
ပေတရုက “သခင်၊ အကျွန်ုပ်တို့သည် အဘယ်သူထံသို့သွားရပါမည်နည်း။ ထာဝရအသက်နှင့်ယှဉ်သောစကားသည် ကိုယ်တော်၌တည်ပါ၏။ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏သားတော် ဖြစ်တော်မူသည်ကို အကျွန်ုပ်တို့ယုံကြည်သိမှတ်ကြပါသည်” ဟုလျှောက်လေသည်။ ဤကိစ္စနှင့်ပတ်သက်၍ ပေတရုနှင့်အခြားတမန်တော်များ အပြည့်အစုံနားမလည်သေးသည့်တိုင် တကယ်သစ္စာရှိကြပါသည်တကား။
ပေတရု၏အဖြေကို ယေရှုနှစ်ခြိုက်ခဲ့သော်လည်း ကိုယ်တော်က “တစ်ကျိပ်နှစ်ပါးသောသင်တို့ကိုငါရွေးကောက်သည်မဟုတ်လော။ သို့သော်လည်းသင်တို့တွင် ရန်သူတစ်ယောက်ပါသည်” ဟုမိန့်တော်မူသည်။ ဤတွင်ယုဒရှကာရုတ်အကြောင်း ကိုယ်တော်ပြောဆိုနေခြင်းဖြစ်သည်။ ဤအချိန်အခါတွင် ယုဒ၌လမ်းမှားသို့ဦးတည်နေသည့် “အစအဦး” သို့မဟုတ်အစကို ယေရှုသတိပြုမိနေသည်ဖြစ်မည်။
မိမိအားမင်းမြှောက်ရန် ကြိုးစားခဲ့သူတို့ကို ငြင်းဆန်ခြင်းအားဖြင့် စိတ်ဓာတ်ကျစေခဲ့ပြီဖြစ်ရာ သူတို့က ‘မေရှိယ၏ရသင့်ရထိုက်သောအရာကို မခံယူလျှင် ဤသူသည်မည်သို့ မေရှိယသခင်ဖြစ်နိုင်မည်နည်း’ ဟူ၍တွေးတောနေကြပေမည်။ ယင်းကိစ္စကိုလည်း လူအများစဉ်းစားဆင်ခြင်နေကြပေမည်။ ယောဟန် ၆:၅၁-၇၁၊ ၃:၁၆။
▪ မည်သူ့အတွက် ယေရှုသည် သူ့ကိုယ်ခန္ဓာကိုပေးခဲ့သနည်း။ သူတို့သည် ‘ကိုယ်တော်၏အသားကို မည်သို့စားကြ’ သနည်း။
▪ ယေရှုထပ်ဆင့်၍ ပြောဆိုသောအဘယ်စကားများသည် လူတို့ကို ထိတ်လန့်စေသနည်း။ သို့နှင့်ပင် ကိုယ်တော်သည် အဘယ်အရာကိုအလေးအနက် ပေါ်လွင်နေစေခြင်း ဖြစ်သနည်း။
▪ များစွာသောသူတို့သည် ယေရှုထံမှ ထွက်ခွာခဲ့သောအခါ ပေတရုမည်သို့တုံ့ပြန်ခဲ့သနည်း။