ဣသရေလလူမျိုးတို့၏ သမိုင်းမှတ်တိုင်ထူသော ပွဲတော်များ
“တစ်နှစ်တွင်သုံးကြိမ်မြောက်အောင် သင်တို့ယောက်ျားအပေါင်းတို့သည်၊ သင်၏ဘုရားသခင်ထာဝရဘုရား ရွေးကောက်တော်မူသောအရပ်၌ ရှေ့တော်မှာမျက်နှာပြရကြမည်။ ထိုအခါ ထာဝရဘုရားထံတော်သို့ အဘယ်သူမျှလက်ချည်းမပေါ်မလာရ။” —တရားဟောရာ ၁၆:၁၆။
၁။ သမ္မာကျမ်းစာခေတ်က ပွဲများနှင့်ပတ်သက်၍ အဘယ်အရာပြောဆိုနိုင်သနည်း။
ပွဲအကြောင်း သင်စဉ်းစားသောအခါ စိတ်ထဲတွင် အဘယ်အရာပေါ်လာသနည်း။ ရှေးခေတ်က အချို့သောပွဲများသည် ထိန်းမနိုင်သိမ်းမရဖြစ်ခြင်းနှင့် အကျင့်ယိုယွင်းခြင်းတို့ဖြင့် ထင်ရှားကျော်ကြားသည်။ ယခုခေတ်ပွဲအချို့သည်လည်း ထိုအတိုင်းပင်ဖြစ်သည်။ သို့သော် ဣသရေလလူတို့အတွက် ဘုရားသခင့်ပညတ်တော်တွင်ဖော်ပြထားသော ပွဲများမူကား ကွာခြားမှုရှိသည်။ ယင်းတို့သည် ရွှင်လန်းဖွယ် အခါသမယများဖြစ်သကဲ့သို့ “သန့်ရှင်းသောစည်းဝေးပွဲများ” ဟုလည်းခေါ်နိုင်သည်။—ဝတ်ပြုရာ ၂၃:၂၊ ကဘ။
၂။ (က) တစ်နှစ်လျှင်သုံးကြိမ်ပြုလုပ်ရန် ဣသရေလအမျိုးသားများကိုတောင်းဆိုထားသည့်အရာကား အဘယ်နည်း။ (ခ) တရားဟောရာ ၁၆:၁၆ တွင်အသုံးပြုထားသည့် စကားလုံးအရ “ပွဲ” ကားအဘယ်နည်း။
၂ သစ္စာရှိ ဣသရေလအမျိုးသားများ—သူတို့၏မိသားစုများပါ လိုက်ပါလေ့ရှိ—သူတို့သည် ‘ယေဟောဝါရွေးကောက်တော်မူသောအရပ်’ ဖြစ်သော ယေရုရှလင်သို့ခရီးနှင်ရခြင်းတွင် လန်းဆန်းပျော်မွေ့ကြပြီး ပွဲတော်ကြီးသုံးခုအတွက် ရက်ရက်ရောရော ပေးလှူကြသည်။ (တရားဟောရာ ၁၆:၁၆) တရားဟောရာ ၁၆:၁၆ ပါ “ပွဲ” ဟူသော ဟေဗြဲစကားလုံးကို “ပေးဆက်ခြင်းနှင့် စားသောက်ပွဲများပြုလုပ်ခြင်းအားဖြင့် ဘုရားသခင်၏ထူးခြားသောမျက်နှာသာတော်ရသည့် အဖြစ်အပျက်များကို ပွဲခံသည့် . . . ကြီးမားသော ရွှင်လန်းခြင်းအခါသမယ”a အဖြစ် ဓမ္မဟောင်းကျမ်းစကားလုံးကိုလေ့လာခြင်း စာအုပ်က ရှင်းလင်းဖော်ပြသည်။
ပွဲတော်ကြီးများ၏တန်ဖိုး
၃။ နှစ်ပတ်လည်ပွဲတော်သုံးခုက အဘယ်ကောင်းချီးများကို အမှတ်ရစေသနည်း။
၃ ဣသရေလလူမျိုးတို့သည် စိုက်ပျိုးရေးဖြင့်အသက်မွေးသည့် လူ့အဖွဲ့အစည်းဖြစ်ခဲ့ကြသောကြောင့် မိုးအသွင်ဖြင့်ကျရောက်သည့် ဘုရားသခင့်ကောင်းချီးအပေါ် မှီခိုအားထားကြသည်။ မောရှေပညတ်တွင်ပါသော ပွဲတော်ကြီးသုံးခုသည် နွေဦးအစောပိုင်းတွင် ဘာလီရိတ်သိမ်းခြင်း၊ နွေဦးနှောင်းပိုင်းတွင် ဂျုံရိတ်သိမ်းခြင်းနှင့် နွေနှောင်းပိုင်းတွင် အခြားသီးနှံများရိတ်သိမ်းခြင်းအချိန်များတွင် အသီးသီးကျရောက်သည်။ ယင်းတို့သည် ကြီးမားသောဝမ်းမြောက်မှုနှင့် မိုးသံသရာစက်ဝန်းကို ထောက်မပေးတော်မူသော၊ မြေအသီးအနှံထွန်းပေါက်စေတော်မူသောအရှင်အပေါ် ကျေးဇူးတင်လေးမြတ်သည့် အခါသမယများဖြစ်ကြသည်။ သို့သော် ပွဲတော်များတွင် ထိုထက်မက ပါဝင်ပတ်သက်မှုရှိသည်။—တရားဟောရာ ၁၁:၁၁-၁၄။
၄။ အဘယ်သမိုင်းဝင်ဖြစ်ရပ်ကို ပထမဆုံးပွဲတော်အားဖြင့် ကျင်းပခဲ့သနည်း။
၄ ပထမဦးဆုံးပွဲတော်ကို မတ်လနှောင်းပိုင်း သို့မဟုတ် ဧပြီအစောပိုင်းတွင်ကျရောက်သော ရှေးသမ္မာကျမ်းစာပြက္ခဒိန်၏ဦးဆုံးလ နိသန် ၁၅ မှ ၂၁ တွင်ကျင်းပခဲ့ကြသည်။ ၎င်းကို တဆေးမဲ့မုန့်ပွဲဟုခေါ်ဆိုကြပြီး နိသန် ၁၄ ရက်ပသခါပွဲပြီးနောက် တစ်ဆက်တည်းလိုက်လာသောကြောင့် “ပသခါပွဲ” ဟုလည်းခေါ်ဆိုသည်။ (လုကာ ၂:၄၁; ဝတ်ပြုရာ ၂၃:၅၊ ၆) ယင်းပွဲတော်သည် အီဂျစ်ပြည်ရှိဆင်းရဲခြင်းမှ ကယ်လွှတ်ခံရခြင်းကို ဣသရေလလူမျိုးတို့အား အမှတ်ရစေကာ တဆေးမဲ့မုန့်ကို “ဒုက္ခမုန့်” ဟုခေါ်ဆိုခဲ့ကြသည်။ (တရားဟောရာ ၁၆:၃) အီဂျစ်ပြည်မှ အဆောတလျင် ထွက်ခွာကြသောကြောင့် မုန့်စိမ်းကိုတဆေးရောရန်နှင့် ပွလာသည့်အထိစောင့်ရန်အချိန်မရကြောင်းကို ၎င်းက အမှတ်ရစေသည်။ (ထွက်မြောက်ရာ ၁၂:၃၄) ထိုပွဲတော်အတွင်း ဣသရေလလူမျိုးတို့၏အိမ်တွင် တဆေးပါသောမုန့်မရှိရပါ။ ဧည့်သည်အာဂန္တုအပါအဝင် ပွဲခံသူမည်သူမဆို တဆေးပါသောမုန့်ကိုစားသောသူသည် သေဒဏ်စီရင်ခြင်းခံရသည်။—ထွက်မြောက်ရာ ၁၂:၁၉။
၅။ ဒုတိယမြောက်ပွဲက အဘယ်အခွင့်အရေးကို ပြန်ပြောင်းသတိရစေနိုင်ပြီး ဝမ်းမြောက်မှုတွင် မည်သူတို့ပါဝင်ရန်ဖြစ်သနည်း။
၅ ဒုတိယပွဲတော်ကို မေလနှောင်းပိုင်းတွင်ကျသော၊ နိသန်လ ၁၆ ရက်မှစလျှင် ခုနစ်သီတင်း (၄၉ ရက်) အကြာဖြစ်သည့် သိဝန်ခေါ်တတိယလ၏ ၆ ရက်မြောက်နေ့တွင်ကျင်းပကြသည်။ (ဝတ်ပြုရာ ၂၃:၁၅၊ ၁၆) ယင်းကို သီတင်းအပတ်များပွဲဟုခေါ်ဆိုခဲ့ပြီး (ယေရှုအချိန်တွင် ဂရိဘာသာဖြင့် “ငါးဆယ်မြောက်” ဟုအဓိပ္ပာယ်ရသော ပင်တေကုတ္တေပွဲဟုခေါ်ဆိုခဲ့သည်) သိနာတောင်ရှိ ပညတ်ပဋိညာဉ်အတွင်း ဣသရေလလူမျိုး စတင်ဝင်ရောက်ခဲ့သည့်အချိန်နှင့် နီးကပ်သောအချိန်တွင်ကျင်းပကြသည်။ (ထွက်မြောက်ရာ ၁၉:၁၊ ၂) ဤပွဲတော်အတွင်း သစ္စာရှိ ဣသရေလလူမျိုးတို့သည် ဘုရားသခင်၏ သန့်ရှင်းသောလူမျိုးတော်အဖြစ် သီးသန့်ခွဲခြားထားခြင်းခံရသည့်အခွင့်ထူးကို ပြန်ပြောင်းဆင်ခြင်ခဲ့ကြပေမည်။ ဘုရားသခင်၏အထူးလူမျိုးတော်ဖြစ်ခြင်းက ပွဲတော်တွင် ဆင်းရဲချို့တဲ့သူများပါ ပါဝင်ခံစားစေနိုင်ရန် သူတို့ကို မေတ္တာပါဂရုစိုက်မှုကိုပြသခြင်းအစရှိသည့် ဘုရားသခင့်ပညတ်တော်အား နာခံခြင်းကို တောင်းဆိုထားသည်။—ဝတ်ပြုရာ ၂၃:၂၂; တရားဟောရာ ၁၆:၁၀-၁၂။
၆။ တတိယပွဲတော်က ဘုရားသခင့်လူမျိုးတော်အား မည်သည့်တွေ့ကြုံမှုကို ပြန်လည်အမှတ်ရစေသနည်း။
၆ နောက်ဆုံးနှစ်ပတ်လည်ပွဲတော်ကြီးကိုကား စုသိမ်းပွဲ သို့မဟုတ် သကေနေပွဲဟုခေါ်သည်။ ၎င်းကို အောက်တိုဘာအစောပိုင်းနှင့် ထပ်တူကျသော သတ္တမလ တိရှရိ၊ သို့မဟုတ် ဧသနိမ်၊ ၁၅ ရက်မှ ၂၁ နေ့အထိကျင်းပကြသည်။ (ဝတ်ပြုရာ ၂၃:၃၄) ဤအချိန်အတောအတွင်း ဘုရားသခင့်လူမျိုးတော်သည် သူတို့၏အိမ်အပြင်ဘက်တွင် သို့မဟုတ် အိမ်ခေါင်မိုးကို သစ်ကိုင်းသစ်ခက်တို့ဖြင့်ဆောက်သော ယာယီတဲများတွင် နေထိုင်ကြသည်။ ယင်းက သူတို့လိုအပ်ရာများအတွက် ဘုရားသခင်အပေါ်မှီခိုအားထားရကြောင်းကို လူမျိုးတော်သင်ယူရသည့်အချိန်၊ အီဂျစ်ပြည်မှ ကတိထားရာပြည်သို့သွားခဲ့ကြသော နှစ်ပေါင်း ၄၀ ခရီးစဉ်ကိုအမှတ်ရစေသည်။—ဝတ်ပြုရာ ၂၃:၄၂၊ ၄၃; တရားဟောရာ ၈:၁၅၊ ၁၆။
၇။ ရှေးဣသရေလပွဲတော်ကျင်းပမှုများကို ပြန်လည်သုံးသပ်ခြင်းမှ မည်သို့အကျိုးရရှိသနည်း။
၇ ဘုရားသခင့်ရှေးလူမျိုးတော်၏သမိုင်းတွင် မှတ်တိုင်ထူခဲ့သည့် အချို့သောပွဲတော်များကို သုံးသပ်ကြည့်ကြစို့။ ကျွန်ုပ်တို့လည်း အပတ်စဉ်မှန်မှန်စုဝေးရန်နှင့် တစ်နှစ်လျှင် ကြီးမားသောအစည်းအဝေးနှင့် စည်းဝေးကြီးသုံးခုတွင်စုဝေးကြရန် ဖိတ်ခေါ်ခံရကြသောကြောင့် ယင်းသည် ယနေ့ကျွန်ုပ်တို့အတွက် အားပေးမှုဖြစ်သင့်ပါသည်။—ဟေဗြဲ ၁၀:၂၄၊ ၂၅။
ဒါဝိဒ်မင်းဆက်အချိန်၌
၈။ (က) ဘုရင်ရှောလမုန်ခေတ်တွင် မည်သည့်သမိုင်းဝင်ကျင်းပမှုကို ပြုလုပ်ခဲ့ကြသနည်း။ (ခ) ပုံဆောင်သကေနေပွဲတော်၏ အဘယ်ထူးမြတ်သောအထွတ်အထိပ်ကို ကျွန်ုပ်တို့စောင့်မျှော်နိုင်သနည်း။
၈ သကေနေပွဲခံချိန်၌ ဒါဝိဒ်၏သားတော်၊ ဘုရင်ရှောလမုန် ဘုန်းထွန်းတောက်စိုးစံချိန်အတွင်း သမိုင်းတွင်သော ကျင်းပမှုတစ်ခု ဖြစ်ပျက်ခဲ့သည်။ သကေနေပွဲနှင့် ဗိမာန်တော်အပ်နှံပွဲအတွက် ကတိထားရာပြည် အစွန်အဖျားမှ “အလွန်များစွာသောပရိသတ်” တို့သည် စုဝေးလာခဲ့ကြသည်။ (၂ ရာဇဝင်ချုပ် ၇:၈) ပွဲတော်ပြီးဆုံးသောအခါ ဘုရင်ရှောလမုန်သည် ပွဲတော်တက်ရောက်လာသူများအား ထွက်ခွာသွားခွင့်ပေးလိုက်ပြီး သူတို့သည် “ရှင်ဘုရင်ကိုကောင်းချီးပေးလျက်၊ ထာဝရဘုရားသည် မိမိကျွန်ဒါဝိဒ်နှင့် မိမိလူဣသရေလအမျိုးသားတို့၌ ပြုတော်မူသမျှသောကျေးဇူးတော်ကြောင့်၊ ဝမ်းမြောက်ရွှင်လန်းလျက် မိမိတို့နေရာသို့ပြန်သွားကြ၏။” (၃ ဓမ္မရာဇဝင် ၈:၆၆) ယင်းသည် အမှန်ပင် သမိုင်းမှတ်တိုင်ထူသော ပွဲတော်ဖြစ်သည်။ ယနေ့ ဘုရားသခင့်ကျေးကျွန်များသည် သာ၍ကြီးသောရှောလမုန်၊ ယေရှုခရစ်၏အနှစ်တစ်ထောင်စိုးစံချိန်အဆုံးဖြစ်သော ပုံဆောင်သကေနေပွဲ၏ ကြီးမြတ်သောအထွတ်အထိပ်ကို စောင့်မျှော်ကြသည်။ (ဗျာဒိတ် ၂၀:၃၊ ၇-၁၀၊ ၁၄၊ ၁၅) ထိုအချိန်တွင် ရှင်ပြန်ထမြောက်သူများနှင့် အာမဂေဒုန်ကပ်ကျော်သူများအပါအဝင် မြေမျက်နှာတစ်ပြင်လုံးရှိလူများသည် ရွှင်လန်းဖွယ်ရာ ယေဟောဝါဘုရားသခင်အား ဝတ်ပြုကိုးကွယ်ခြင်း၌ ပေါင်းစည်းလာကြမည်ဖြစ်သည်။—ဇာခရိ ၁၄:၁၆။
၉-၁၁။ (က) ဘုရင်ဟေဇကိအချိန်တွင် သမိုင်းမှတ်တိုင်ထူသောပွဲတော်ဖြစ်ရန် အဘယ်အရာကဖြစ်စေသနည်း။ (ခ) မြောက်ပိုင်းဆယ်နွယ်နိုင်ငံသည် မည်သည့်ပုံသက်သေကိုချမှတ်ခဲ့ကြသနည်း။ ယင်းက ယနေ့ကျွန်ုပ်တို့အား အဘယ်အရာကို အမှတ်ရစေသနည်း။
၉ သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားသည့် နောက်ထပ်ထူးခြားသောပွဲတော်ကား ဗိမာန်တော်ကိုပိတ်ပင်လိုက်ပြီး ယုဒနိုင်ငံအား အယူဖောက်ပြန်ခြင်းသို့သွတ်သွင်းသူ မင်းဆိုးအာဟပ်စိုးစံပြီးနောက်တွင်ဖြစ်ပျက်ခဲ့သည်။ အာဟပ်ကိုဆက်ခံသူသည် မင်းကောင်းဟေဇကိဖြစ်သည်။ အသက် ၂၅ နှစ်အရွယ်၊ သူစိုးစံသည့်ပထမနှစ်တွင် ဟေဇကိသည် ပြန်လည်တည်ထောင်ခြင်းနှင့် ပြန်လည်ပြုပြင်ခြင်းတည်းဟူသော ကြီးမားသည့်အစီအစဉ်တစ်ခုကို အစပြုခဲ့သည်။ ဗိမာန်တော်ကို ချက်ချင်းဖွင့်လိုက်ပြီး ၎င်းကိုပြုပြင်ရန်အတွက် စီစဉ်ခဲ့သည်။ ထို့နောက် ရှင်ဘုရင်သည် ရန်လိုသည့် မြောက်ပိုင်းဣသရေလဆယ်နွယ်နိုင်ငံတွင်နေထိုင်ကြသော ဣသရေလလူမျိုးများထံ စာရေးပေးပို့ခဲ့ပြီး ပသခါပွဲနှင့် တဆေးမဲ့မုန့်ပွဲကိုလာရောက်ကျင်းပဖို့ သူတို့ကိုဖိတ်ခေါ်လိုက်သည်။ သူတို့အမျိုးသားချင်းများ၏ ပြက်ရယ်ပြုကဲ့ရဲ့သည့်ကြားမှ များစွာသောသူတို့သည် ရောက်ရှိလာခဲ့ကြသည်။—၂ ရာဇဝင်ချုပ် ၃၀:၁၊ ၁၀၊ ၁၁၊ ၁၈။
၁၀ ပွဲတော်အောင်မြင်ခဲ့သလော။ သမ္မာကျမ်းစာက ဤသို့မှတ်တမ်းတင်သည်– “ယေရုရှလင်မြို့၌ စည်းဝေးသောဣသရေလအမျိုးသားတို့သည်၊ ခုနစ်ရက်ပတ်လုံး အလွန်ရွှင်လန်းသောစိတ်နှင့် အဇုမပွဲကိုခံကြ၏။ ယဇ်ပုရောဟိတ်လေဝိသားတို့သည် အသံကျယ်သောတူရိယာမျိုးကို တီးမှုက်လျက်၊ နေ့ညမပြတ် ထာဝရဘုရားအားထောမနာသီချင်းဆိုကြ၏။” (၂ ရာဇဝင်ချုပ် ၃၀:၂၁) စည်းဝေးကြီးများတက်ရောက်ရန် အတိုက်အခံနှင့် ခရီးဝေးနှင်ရခြင်းကိုခံရပ်ကြသည့် မြောက်မြားစွာသော ယနေ့ဘုရားသခင့်လူမျိုးတော်အတွက် ဣသရေလလူမျိုးများထားခဲ့သည့် အလွန်ကောင်းသော ပုံသက်သေပါတကား!
၁၁ ဥပမာအနေဖြင့် ၁၉၈၉ ခုနှစ်တွင် ပိုလန်နိုင်ငံ၌ကျင်းပသော “ဘုရားရေးရာဆက်ကပ်အပ်နှံခြင်း” ခရိုင်စည်းဝေးကြီးသုံးခုအကြောင်း သုံးသပ်ကြည့်ပါ။ တက်ရောက်သူ ၁၆၆,၅၁၈ ယောက်တွင် ယခင်ဆိုဗီယက်ယူနီယံနှင့် ထိုအချိန်က ယေဟောဝါသက်သေများ၏လုပ်ငန်းကို ပိတ်ပင်ထားသော အခြားအရှေ့ဥရောပနိုင်ငံများမှ လူအုပ်စုကြီးများပါဝင်ကြသည်။ ယေဟောဝါသက်သေများ—ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများb [လိပ်] စာအုပ်က “ယင်းသည် ယေဟောဝါ၏လူမျိုးတော် ၁၅ ယောက် သို့မဟုတ် အယောက် ၂၀ ထက်ပို၍ တစ်ခါမျှမစုဝေးဖူးသော ထိုအစည်းအဝေးတက်ရောက်သူအချို့တို့အတွက် ဦးဆုံးအကြိမ် ကြီးမားသည့်စုဝေးခြင်းဖြစ်သည်။ အားကစားကွင်းအတွင်း သောင်းနှင့်ချီသောလူများကိုကြည့်ကာ အတူတကွဆုတောင်းရခြင်း၊ ယေဟောဝါအားချီးမွမ်းသီချင်းဆိုခြင်းတွင် သူတို့၏အသံများကိုပေါင်းစည်းရခြင်းတို့အတွက် သူတို့၏နှလုံးသားသည် ကျေးဇူးတင်လေးမြတ်မှုနှင့် ပြည့်လျှံယိုဖိတ်ခဲ့ရသည်။”—စာမျက်နှာ ၂၇၉။
၁၂။ ဘုရင်ယောရှိစိုးစံချိန်တွင် သမိုင်းမှတ်တိုင်ထူသည့်ပွဲတော်ဖြစ်ရန် အဘယ်အရာက ဖြစ်စေသနည်း။
၁၂ ဟေဇကိကွယ်လွန်ပြီးသည့်နောက် ယုဒလူမျိုးတို့သည် ဘုရင်မနာရှေနှင့် အာမနုန်လက်ထက်တွင် မှားယွင်းသောဝတ်ပြုကိုးကွယ်ခြင်းလမ်းစဉ်သို့ တစ်ဖန်ဆင်းသက်ခဲ့ကြပြန်သည်။ ထို့နောက် မင်းကောင်းဖြစ်သူ လုလင်ပျိုယောရှိစိုးစံသောအခါ စစ်မှန်သောဝတ်ပြုရေးကို ပြန်လည်တည်ထောင်ရေး၌ သတ္တိရှိရှိပြုမူခဲ့သည်။ အသက် ၂၅ နှစ်အရွယ်တွင် ယောရှိသည် ဗိမာန်တော်အားပြန်လည်ပြုပြင်ရန် အမိန့်ထုတ်ဆင့်ခဲ့သည်။ (၂ ရာဇဝင်ချုပ် ၃၄:၈) ပြုပြင်မှုပြုလုပ်နေစဉ် မောရှေရေးသားခဲ့သည့်ပညတ္တိကျမ်းကို ဗိမာန်တော်တွင်တွေ့ရှိခဲ့ကြသည်။ ဘုရင်ယောရှိသည် သူဖတ်ရှုရသည့်ဘုရားသခင့်ပညတ္တိကျမ်းကြောင့် အလွန်ဘဝင်ခိုက်သွားပြီး လူအားလုံးဖတ်ရှုရန်စီစဉ်ခဲ့သည်။ (၂ ရာဇဝင်ချုပ် ၃၄:၁၄၊ ၃၀) ထိုအခါ ရေးသားထားချက်အရ ပသခါပွဲကိုကျင်းပရန် သူစီစဉ်သည်။ ရှင်ဘုရင်သည် ထိုပွဲတော်အတွက် ရက်ရက်ရောရောပေးကမ်းခြင်းဖြင့် ကောင်းသောပုံသက်သေကိုလည်း ချမှတ်ခဲ့သည်။ ရလဒ်အနေဖြင့် သမ္မာကျမ်းစာက ဤသို့မှတ်တမ်းတင်သည်– “ယေရုရှလင်မြို့သားအပေါင်းတို့ခံသော ထိုပသခါပွဲကဲ့သို့သောပွဲကို ပရောဖက်ရှမွေလလက်ထက်မှစ၍ ဣသရေလနိုင်ငံ၌မခံ။”—၂ ရာဇဝင်ချုပ် ၃၅:၇၊ ၁၇၊ ၁၈။
၁၃။ ဟေဇကိနှင့်ယောရှိတို့ကျင်းပသောပွဲတော်က ယနေ့ကျွန်ုပ်တို့အား အဘယ်အရာကို အမှတ်ရစေသနည်း။
၁၃ ဟေဇကိနှင့် ယောရှိတို့၏ပြန်လည်ပြုပြင်မှုများသည် ၁၉၁၄ ခုနှစ်၊ ယေရှုခရစ်စိုးစံသည့်အချိန်မှစ၍ စစ်မှန်သောခရစ်ယာန်များအလယ်တွင် ဖြစ်ပျက်ခဲ့သည့် စစ်မှန်သောဝတ်ပြုကိုးကွယ်မှုဆိုင်ရာ အံ့ဖွယ်ပြန်လည်ထူထောင်ခြင်းနှင့် အလားသဏ္ဌာန်တူသည်။ အထူးသဖြင့် ယောရှိ၏ပြုပြင်မှုတွင်ကဲ့သို့ ဤမျက်မှောက်ခေတ်ပြန်လည်ထူထောင်ခြင်းသည် ဘုရားသခင့်စကားတော်ပါအချက်များအပေါ် အခြေပြုသည်။ ထို့ပြင် ဟေဇကိနှင့် ယောရှိတို့၏ခေတ်ကာလများ၌ကဲ့သို့ပင် မျက်မှောက်ခေတ်ပြန်လည်ထူထောင်ခြင်း၏ရွှင်လန်းမှုသည် စိတ်လှုပ်ရှားဖွယ် သမ္မာကျမ်းစာပရောဖက်ပြုရှင်းပြချက်များနှင့် အခန့်သင့်သက်ဆိုင်မှုရှိသော ကျမ်းစာမူများကိုတင်ဆက်သည့် အစည်းအဝေးများနှင့် စည်းဝေးကြီးများဖြင့် ထူးခြားထင်ရှားလျက်ရှိသည်။ များပြားလှသည့် နှစ်ခြင်းခံသူအရေအတွက်က ဤသိမှတ်ဖွယ်ပညာပေးအခါသမယ၏ရွှင်လန်းမှုကို ထပ်ဆင့်ပေးသည်။ ဟေဇကိနှင့် ယောရှိအချိန်က နောင်တရသောဣသရေလလူမျိုးများကဲ့သို့ နှစ်ခြင်းခံသူလူသစ်များသည် ခရစ်ယာန်ဘောင်နှင့် စာတန့်လောက၏အခြားသောအစိတ်အပိုင်းများမှ ဆိုးသွမ်းသောအကျင့်ဓလေ့များကို စွန့်လွှတ်ခဲ့ကြသည်။ ၁၉၉၇ ခုနှစ်တွင် သန့်ရှင်းသောဘုရားသခင် ယေဟောဝါထံ ဆက်ကပ်အပ်နှံသည့်အထိမ်းအမှတ်ဖြင့် ၃၇၅,၀၀၀ ယောက်—ပျမ်းမျှအားဖြင့် တစ်ရက်လျှင် ၁,၀၀၀ ကျော်—နှစ်ခြင်းခံကြသည်။
ပြည်နှင်ခံရပြီးနောက်ပိုင်း
၁၄။ ဘီ.စီ.အီး. ၅၃၇ တွင် သမိုင်းမှတ်တိုင်ထူသည့်ပွဲတော်ဖြစ်ရန် အဘယ်အရာကဖြစ်စေသနည်း။
၁၄ ယောရှိကွယ်လွန်ပြီးနောက် လူမျိုးတော်သည် မှားယွင်းသောဝတ်ပြုကိုးကွယ်မှုသို့ ပြန်လှည့်သွားကြပြန်သည်။ နောက်ဆုံး၌ ဘီ.စီ.အီး. ၆၀၇ တွင် ယေရုရှလင်ကိုတိုက်ခိုက်ရန် ဗာဗုလုန်စစ်တပ်ကိုခေါ်ဆောင်ခြင်းဖြင့် မိမိ၏လူမျိုးတော်ကို ယေဟောဝါဒဏ်စီရင်ခဲ့သည်။ မြို့တော်နှင့် ၎င်း၏ဗိမာန်တော်သည် ဖျက်ဆီးခံခဲ့ရပြီး ပြည်တော်မှာ လူသူဆိတ်ညံရာအရပ်ဖြစ်ခဲ့သည်။ ဗာဗုလုန်နိုင်ငံတွင် ဂျူးများသည် နှစ်ပေါင်း ၇၀ တိုင်သုံ့ပန်းဖြစ်ခဲ့ကြသည်။ ထို့နောက် စစ်မှန်သောဝတ်ပြုရေးကိုပြန်လည်ထူထောင်ရန် ကတိထားရာပြည်တော်သို့ပြန်သွားကြသည့် နောင်တရသောဂျူးအကြွင်းအကျန်ကို ဘုရားသခင်ပြန်လည်အားဖြည့်ခဲ့သည်။ ဘီ.စီ.အီး. ၅၃၇ ခုနှစ်၊ သတ္တမလတွင် ပျက်ယွင်းနေသော ယေရုရှလင်မြို့သို့ သူတို့ရောက်ရှိခဲ့ကြသည်။ ပညတ်ပဋိညာဉ်တွင် ဖော်ပြထားသည့်အတိုင်း ပူဇော်သကာများကို နေ့စဉ်မှန်မှန်ပူဇော်နိုင်ရန် ယဇ်ပလ္လင်များတည်ဆောက်ခြင်းကို ဦးဆုံးပြုလုပ်ကြသည်။ ယင်းက နောက်ထပ် သမိုင်းဝင်ဆင်ယင်ကျင်းပမှုအတွက် အခွင့်အခါသင့်ဖြစ်စေသည်။ “ကျမ်းစာလာသည်အတိုင်း၊ သကေနေပွဲကိုလည်းခံ . . . ကြ၏။”—ဧဇရ ၃:၁-၄။
၁၅။ ဘီ.စီ.အီး. ၅၃၇ တွင် ပြန်လည်ထူထောင်ခံရသော အကြွင်းအကျန်တို့ကို မည်သည့်လုပ်ငန်းက စောင့်ကြိုနေသနည်း။ ၁၉၁၉ ခုနှစ်တွင် ယင်းနှင့်အလားတူသော မည်သည့်အခြေအနေဖြစ်ခဲ့သနည်း။
၁၅ ပြည်နှင်ခံရခြင်းမှ ပြန်ရောက်လာသောဤသူများကို သာ၍ကြီးမားသောလုပ်ငန်း—ဘုရားသခင့်ဗိမာန်တော်နှင့် ယေရုရှလင်မြို့ရိုးကိုပြန်လည်တည်ဆောက်ခြင်း—က ကြိုဆိုလျက်ရှိသည်။ မနာလိုဝန်တိုသောအိမ်နီးချင်းဒေသများမှ အတိုက်အခံများစွာကြုံကြရသည်။ ဗိမာန်တော်တည်ဆောက်သည့်အချိန်သည် “အမှုငယ်ပြုသောနေ့ရက်” ဖြစ်သည်။ (ဇာခရိ ၄:၁၀) အခြေအနေသည် ၁၉၁၉ ခုနှစ်က သစ္စာရှိဘိသိက်ခံခရစ်ယာန်များ၏အခြေအနေနှင့် ထပ်တူထပ်မျှဖြစ်သည်။ ထိုအမှတ်ရဖွယ်နှစ်တွင် သူတို့သည် ကမ္ဘာ့ဗာဗုလုန်ဘာသာဖြစ်သော မဟာဗာဗုလုန်၏ဝိညာဏသုံ့ပန်းဘဝမှလွတ်မြောက်ခဲ့ကြသည်။ သူတို့၏အရေအတွက်မှာ ထောင်ပေါင်းအနည်းငယ်သာဖြစ်ပြီး ရန်မူသောလောကကို ရင်ဆိုင်ခဲ့ကြသည်။ ဘုရားသခင်၏ရန်သူများသည် စစ်မှန်သောဝတ်ပြုမှု၏တိုးပွားမှုကို ရပ်တန့်ပစ်နိုင်ကြသလော။ ထိုမေးခွန်း၏အဖြေက ဟေဗြဲကျမ်းတွင်မှတ်တမ်းတင်ထားသော နောက်ဆုံးပွဲတော်နှစ်ခုကို စိတ်ထဲတွင်ပေါ်လာစေသည်။
၁၆။ ဘီ.စီ.အီး. ၅၁၅ ခုနှစ်တွင်ကျင်းပသောပွဲတော်၏ထူးခြားချက်ကား အဘယ်နည်း။
၁၆ နောက်ဆုံးတွင် ဗိမာန်တော်ကို ဘီ.စီ.အီး. ၅၁၅ ခုနှစ်၏ အက်ဒါလတွင် ပြန်တည်ဆောက်ခဲ့ပြီး နိသန်လ နွေဦးပွဲတော်အတွက် အချိန်မီရုံလေးဖြစ်သည်။ ကျမ်းစာက ဤသို့မှတ်တမ်းတင်သည်– “ခုနစ်ရက်ပတ်လုံး ဝမ်းမြောက်သောစိတ်နှင့် အဇုမပွဲကိုလည်းခံကြ၏။ အကြောင်းမူကား၊ ထာဝရဘုရားသည် ဝမ်းမြောက်သောအခွင့်ကို ပေးတော်မူ၏။ ဣသရေလအမျိုး၏ ဘုရားသခင်ဗိမာန်တော်တည်ဆောက်ခြင်းအမှုမှာ၊ အာရှုရိရှင်ဘုရင်မစမည်အကြောင်း၊ စိတ်နှလုံးတော်ကို သူတို့ဘက်သို့ကူးစေတော်မူ၏။”—ဧဇရ ၆:၂၂။
၁၇၊ ၁၈။ (က) ဘီ.စီ.အီး. ၄၅၅ တွင် အဘယ်သမိုင်းဝင်ပွဲတော်မှတ်တိုင်ကို စိုက်ထူခဲ့သနည်း။ (ခ) ယနေ့ ထပ်တူကျသောအခြေအနေအတွင်း မည်သို့ ကျွန်ုပ်တို့ဝင်ရောက်နေကြသနည်း။
၁၇ အနှစ်ခြောက်ဆယ်လွန်ပြီးနောက် ဘီ.စီ.အီး. ၄၅၅ ခုနှစ်တွင် နောက်ထပ်သမိုင်းမှတ်တိုင်တစ်ခုစိုက်ထူခဲ့သည်။ ထိုနှစ်၏သကေနေပွဲတော်က ယေရုရှလင်မြို့ရိုး ပြန်လည်တည်ဆောက်ခြင်းဆိုင်ရာ ပြီးမြောက်မှုကို မှတ်သားဖော်ပြခဲ့သည်။ ကျမ်းစာက ဤသို့မှတ်တမ်းတင်သည်– “သိမ်းသွားခြင်းကိုခံရာထဲကထွက်လာသော ပရိသတ်အပေါင်းတို့သည် သစ်ခက်တဲတို့ကိုလုပ်၍ ထိုင်နေကြ၏။ နုန်သားယောရှုလက်ထက်မှစ၍ ဣသရေလအမျိုးသားတို့သည် တစ်ခါမျှထိုသို့မပြုကြ။ အလွန်ဝမ်းမြောက်လျက်နေကြ၏။”—နေဟမိ ၈:၁၇။
၁၈ ပြင်းထန်သောအတိုက်အခံကို ရင်ဆိုင်ရသည့်ကြားမှ ဘုရားသခင်၏စစ်မှန်သောဝတ်ပြုရေးပြန်လည်ထူထောင်ခြင်းသည် မည်မျှအမှတ်ရဖွယ်ပါတကား! ယနေ့အခြေအနေသည်လည်း ထပ်တူပင်ဖြစ်သည်။ နှိပ်စက်ညှဉ်းပန်းခြင်းနှင့် အတိုက်အခံပြုခြင်းလှိုင်းဂယက်ကြားမှ ဘုရားသခင်၏နိုင်ငံတော်သတင်းကောင်းဟောပြောခြင်းလုပ်ငန်းသည် မြေကြီးစွန်းတိုင်အောင်ရောက်ရှိလျက်ရှိပြီး ဘုရားသခင့်တရားစီရင်ခြင်း သတင်းစကားကို နေရာအနှံ့ကြားသိရပြီဖြစ်သည်။ (မဿဲ ၂၄:၁၄) ဘိသိက်ခံရသူ ၁၄၄,၀၀၀ မှအကြွင်းအကျန်များကို နောက်ဆုံးတံဆိပ်ခတ်ခြင်းသည် နီးပြီဖြစ်သည်။ သူတို့၏အပေါင်းပါများဖြစ်သော လူမျိုးအပေါင်းမှစုဝေးလာကြသည့် ငါးသန်းကျော်သော “အခြားသိုး” တို့သည် ဘိသိက်ခံအကြွင်းအကျန်နှင့်အတူ “သိုးခြံတစ်ခု” အတွင်းသို့စုသိမ်းခံရကြသည်။ (ယောဟန် ၁၀:၁၆; ဗျာဒိတ် ၇:၃၊ ၉၊ ၁၀) သကေနေပွဲဆိုင်ရာ ပရောဖက်ပြုရုပ်ပုံလွှာ၏အံ့မခန်းဖွယ် ပြည့်စုံချက်ပါတကား! ထို့ပြင် ဤကြီးမြတ်သောစုသိမ်းခြင်းလုပ်ငန်းသည် ပုံဆောင်သကေနေပွဲတွင်ပါဝင်ရန်ဖိတ်ခေါ်ခံရသည့် သန်းပေါင်းများစွာသောသူများထမြောက်လာကြမည့်အချိန်ဖြစ်သည့် ကမ္ဘာသစ်အထိ ဆက်သွားမည်ဖြစ်သည်။—ဇာခရိ ၁၄:၁၆-၁၉။
စီ.အီး. ပထမရာစုအချိန်တွင်
၁၉။ စီ.အီး. ၃၂ သကေနေပွဲကို အဘယ်အရာက ထူးခြားစေသနည်း။
၁၉ သမ္မာကျမ်းစာတွင်မှတ်တမ်းတင်ထားသော အထင်ရှားဆုံးပွဲတော်အခမ်းအနားများသည် ဘုရားသခင့်သားတော်၊ ယေရှုခရစ်တက်ရောက်ခဲ့သောပွဲတော်များဖြစ်သည်မှာ ယုံမှားဖွယ်မရှိချေ။ ဥပမာအနေဖြင့် စီ.အီး. ၃၂ ခုနှစ်က သကေနေပွဲတော် (သို့မဟုတ်၊ တဲတော်ပွဲ) ကိုယေရှုတက်ရောက်ခြင်းအကြောင်း သုံးသပ်ကြည့်ပါ။ အရေးကြီးသောသမ္မာတရားကိုသင်ကြားရန် ထိုအခါသမယကို ကိုယ်တော်အသုံးပြုခဲ့ပြီး ဟေဗြဲကျမ်းစာစောင်များကိုကိုးကားခြင်းအားဖြင့် မိမိသွန်သင်ချက်ကို ကျောထောက်နောက်ခံပြုခဲ့သည်။ (ယောဟန် ၇:၂၊ ၁၄၊ ၃၇-၃၉) ဤပွဲတော်၏ပုံမှန်အသွင်သဏ္ဌာန်တစ်ခုမှာ ဗိမာန်တော်အတွင်းရင်ပြင်တွင် ကြီးမားသောမီးတိုင်လေးခုကို ထွန်းညှိသည့်ထုံးစံဖြစ်သည်။ ယင်းက ညအထိဆက်လက်ပြုလုပ်သည့် ပွဲတော်ဆိုင်ရာလှုပ်ရှားဆောင်ရွက်မှုများကို ရွှင်လန်းစရာဖြစ်စေသည်။ ယေရှုက “ငါသည်ဤလောက၏အလင်းဖြစ်၏။ ငါ့နောက်သို့လိုက်သောသူသည် မှောင်မိုက်၌မသွားမလာ၊ အသက်၏အလင်းကိုရလိမ့်မည်” ဟုမိန့်တော်မူရာတွင် ထိုမီးတိုင်များကိုရည်ညွှန်းခြင်းဖြစ်သည်မှာ ထင်ရှားသည်။—ယောဟန် ၈:၁၂။
၂၀။ စီ.အီး. ၃၃ ပသခါပွဲသည် အဘယ်ကြောင့် ထူးခြားသနည်း။
၂၀ ထို့နောက် စီ.အီး. ၃၃ ခုနှစ်ကိုထူးခြားစေသော ထိုပသခါပွဲနှင့် တဆေးမဲ့မုန့်ပွဲခံချိန်ရောက်လာသည်။ ပသခါပွဲနေ့တွင် ယေရှုသည် မိမိ၏ရန်သူများအားဖြင့် အသတ်ခံရပြီး “လောက၏အပြစ်ကို” ယူဆောင်သွားသော ပုံဆောင်ပသခါသိုးသငယ်ဖြစ်လာသည်။ (ယောဟန် ၁:၂၉; ၁ ကောရိန္သု ၅:၇) သုံးရက်ကြာပြီးနောက် နိသန် ၁၆ ရက်တွင် မသေနိုင်သော ဝိညာဏကိုယ်ဖြင့် ယေရှုကို ဘုရားသခင်ထမြောက်စေတော်မူခဲ့သည်။ ယင်းသည် ပညတ္တိကျမ်းတွင်ဖော်ပြထားသော ဘာလီကောက်သစ်ကောက်ဦးများကိုယဇ်ပူဇော်ချိန်နှင့် ထပ်တူထပ်မျှကျသည်။ သို့ဖြင့် ရှင်ပြန်ထမြောက်ပြီးသော သခင်ယေရှုခရစ်သည် “အိပ်ပျော်သောသူတို့တွင် အဦးသီးသောအသီး” ဖြစ်လာခဲ့သည်။—၁ ကောရိန္သု ၁၅:၂၀။
၂၁။ စီ.အီး. ၃၃ ပင်တေကုတ္တေပွဲတွင် အဘယ်အရာဖြစ်ပျက်ခဲ့သနည်း။
၂၁ စီ.အီး. ၃၃ ပင်တေကုတ္တေပွဲသည် အမှန်ပင် ထူးခြားသောပွဲတော်တစ်ခုဖြစ်သည်။ ထိုနေ့တွင် ယေရှု၏တပည့်တော် ၁၂၀ အပါအဝင် များစွာသောဂျူးများနှင့် ဂျူးဘာသာဝင်တစ်ပါးအမျိုးသားများသည် ယေရုရှလင်မြို့၌စုဝေးခဲ့ကြသည်။ ပွဲတော်ကိုဆက်၍ကျင်းပနေစဉ် ရှင်ပြန်ထမြောက်ပြီးသော သခင်ယေရှုခရစ်သည် တပည့်တော် ၁၂၀ အပေါ် ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်ကို သွန်းလောင်းတော်မူခဲ့သည်။ (တမန်တော် ၁:၁၅; ၂:၁-၄၊ ၃၃) ထိုသို့အားဖြင့် သူတို့သည် ဘိသိက်ပေးခြင်းခံရကြပြီး ယေရှုခရစ်ဖျန်ဖြေစေ့စပ်ပေးသည့် ပဋိညာဉ်သစ်အားဖြင့် ဘုရားသခင့်ရွေးချယ်တော်မူသောလူမျိုးတော်ဖြစ်လာကြသည်။ ပွဲတော်အတွင်း ဂျူးယဇ်ပုရောဟိတ်မင်းကြီးက အဦးသီးသောဂျုံမှပြုလုပ်သည့် တဆေးပါသောမုန့်နှစ်လုံးကို ဘုရားသခင်ထံပူဇော်ရသည်။ (ဝတ်ပြုရာ ၂၃:၁၅-၁၇) ဤတဆေးပါသောမုန့်သည် ယေရှုက ‘ဘုရားသခင်အဖို့ဝယ်ယူတော်မူ’ သော “ရှင်ဘုရင်အရာ၌လည်းကောင်း၊ ယဇ်ပုရောဟိတ်အရာ၌လည်းကောင်း ခန့်ထား၍၊ မြေကြီးပေါ်မှာစိုးစံရသောအခွင့်” ရရှိကြသည့် မစုံလင်သောလူသား ၁၄၄,၀၀၀ ကိုပုံတင်ပြသည်။ (ဗျာဒိတ် ၅:၉၊ ၁၀; ၁၄:၁၊ ၃) ဤကောင်းကင်ဆိုင်ရာအုပ်ချုပ်သူများသည် အပြစ်ရှိသောလူသားနှစ်စုဖြစ်သည့် ဂျူးနှင့်တစ်ပါးအမျိုးသားများမှဆင်းသက်လာသည်ဖြစ်၍ တဆေးပါသောမုန့်နှစ်လုံးဖြင့်လည်း ပုံတင်ပြနိုင်ပါသည်။
၂၂။ (က) ပညတ်ပဋိညာဉ်ပါပွဲတော်များကို ခရစ်ယာန်များ အဘယ်ကြောင့် မကျင်းပကြသနည်း။ (ခ) နောက်ဆောင်းပါးတွင် အဘယ်အရာကို သုံးသပ်ကြမည်နည်း။
၂၂ စီ.အီး. ၃၃ ခုနှစ်၊ ပင်တေကုတ္တေပွဲနေ့တွင် ပဋိညာဉ်အသစ်စတင်အကျိုးသက်ရောက်သောအခါ ပဋိညာဉ်အဟောင်းသည် ဘုရားသခင်၏မျက်မှောက်တော်၌ တန်ဖိုးမရှိတော့သည့်အဓိပ္ပာယ်သက်ရောက်သည်။ (၂ ကောရိန္သု ၃:၁၄; ဟေဗြဲ ၉:၁၅; ၁၀:၁၆) ယင်းက ဘိသိက်ခံခရစ်ယာန်များတွင် ပညတ်ဥပဒေမရှိဟူ၍မဆိုလိုပါ။ သူတို့သည် ယေရှုခရစ်သင်ကြားပေးသည့် မြင့်မြတ်သောပညတ်တော်အောက်ရောက်သွားကြပြီး ယင်းကို သူတို့၏နှလုံးတွင်ရေးသားထားသည်။ (ဂလာတိ ၆:၂) ထို့ကြောင့် ပဋိညာဉ်ဟောင်းအဝင်ဖြစ်သော နှစ်စဉ်ပွဲတော်သုံးခုကို ခရစ်ယာန်များကျင်းပကြမည်မဟုတ်ပါ။ (ကောလောသဲ ၂:၁၆၊ ၁၇) သို့သော်ငြားလည်း ပွဲတော်များနှင့် အခြားအစည်းအဝေးများအပေါ်ထားရှိသည့် ခရစ်ယာန်ခေတ်မတိုင်မီက ဘုရားသခင့်ကျေးကျွန်များ၏သဘောထားမှ ကျွန်ုပ်တို့များစွာသင်ယူနိုင်ပါသည်။ ကျွန်ုပ်တို့၏ နောက်ဆောင်းပါးတွင် ခရစ်ယာန်အစည်းအဝေးများကို မှန်မှန်တက်ရောက်ရန်လိုကြောင်း ကျွန်ုပ်တို့အားလုံး နားလည်သဘောပေါက်စေရန် မလွဲမသွေလှုံ့ဆော်ပေးမည့် ပုံသက်သေများကို သုံးသပ်ကြမည်ဖြစ်သည်။
[အောက်ခြေမှတ်ချက်များ]
a ကင်းမျှော်စင်သမ္မာကျမ်းစာနှင့် ဝေစာအသင်း၊ နယူးယောက်မှထုတ်ဝေသော ကျမ်းစာစောင်များအပေါ်ထိုးထွင်းသိမြင်ခြင်း [လိပ်] အတွဲ ၁၊ စာမျက်နှာ ၈၂၀၊ ကော်လံ ၁၊ အပိုဒ် ၁ နှင့် ၃ ရှိ “ပွဲ” ခေါင်းစဉ်အောက်ပါအကြောင်းကိုလည်းရှု။
b ကင်းမျှော်စင်သမ္မာကျမ်းစာနှင့် ဝေစာအသင်း၊ နယူးယောက်မှထုတ်ဝေသည်။
ပြန်လည်သုံးသပ်ရန်မေးခွန်းများ
◻ ဣသရေလလူမျိုးတို့၏ ပွဲတော်ကြီးသုံးခုက မည်သည့်ရည်ရွယ်ချက်ကို အထမြောက်စေသနည်း။
◻ ဟေဇကိနှင့်ယောရှိအချိန်၏ ပွဲတော်များကို အဘယ်အရာက ထူးခြားပေါ်လွင်စေသနည်း။
◻ ဘီ.စီ.အီး. ၄၅၅ တွင် မည်သည့်ကျင်းပမှုသည် သမိုင်းမှတ်တိုင်ထူခဲ့ပြီး ယင်းသည် ကျွန်ုပ်တို့အတွက် အဘယ်ကြောင့် အားပေးမှုဖြစ်သနည်း။
◻ စီ.အီး. ၃၃ ပသခါပွဲနှင့် ပင်တေကုတ္တေပွဲကို ထူးခြားစေသည့်အရာကား အဘယ်နည်း။
[စာမျက်နှာ ၁၂ ပါ လေးထောင့်ကွက်]
ယနေ့ကျွန်ုပ်တို့အတွက် ပွဲတော်မှသင်ခန်းစာ
ယေရှု၏ အပြစ်ဖြေရာယဇ်သကာမှ တာရှည်သည့်အကျိုးရရှိလိုသူမည်သူမဆို တဆေးမဲ့မုန့်ပွဲတော်က ပုံဆောင်သည့်အရာနှင့်အညီအသက်ရှင်ရမည်ဖြစ်သည်။ ဤပုံဆောင်ပွဲတော်သည် ဘိသိက်ခံခရစ်ယာန်များအတွက် ဆိုးသွမ်းသောလောကမှလွတ်မြောက်ပြီး ယေရှု၏ရွေးနုတ်ဖိုးအားဖြင့် အပြစ်စီရင်ချက်မှလွတ်မြောက်ခြင်းကိုကျင်းပသည့် ရွှင်လန်းဖွယ်ပွဲဖြစ်သည်။ (ဂလာတိ ၁:၄; ကောလောသဲ ၁:၁၃၊ ၁၄) ပွဲတော်သည် ခုနစ်ရက်ကြာသည်—၎င်းနံပါတ်သည် ဝိညာဉ်ရေးပြည့်စုံမှုအထိမ်းအမှတ်အဖြစ် သမ္မာကျမ်းစာတွင် အသုံးပြုသောနံပါတ်ဖြစ်သည်။ ပုံဆောင်ပွဲတော်သည် ကမ္ဘာပေါ်တွင် ဘိသိက်ခံခရစ်ယာန်အသင်းတော်ရှိနေသည့်ကာလအပြည့်တာရှည်မည်ဖြစ်ပြီး ယင်းကို “စိတ်ရင်းမှန်နှင့်သမ္မာတရား” ဖြင့်ကျင်းပရမည်ဖြစ်သည်။ ယင်းက ပုံဆောင်တဆေးကို အဆက်မပြတ်ဂရုပြုရမည်ကိုဆိုလိုသည်။ တဆေးကို သမ္မာကျမ်းစာတွင် ယိုယွင်းသောသွန်သင်ချက်၊ အရေခြုံမှုနှင့် ဆိုးယုတ်မှုတို့ကိုတင်စားရန်အသုံးပြုထားသည်။ ယေဟောဝါအား မှန်ကန်စွာ ဝတ်ပြုကိုးကွယ်သူများသည် ထိုသို့သောတဆေးတို့ကိုမုန်းတီးကြောင်း ပြသကြရမည်ဖြစ်ပြီး ယင်းက သူတို့၏အသက်တာကိုယိုယွင်းစေရန်နှင့် ခရစ်ယာန်အသင်းတော်၏စင်ကြယ်မှုပျက်စီးစေရန် ခွင့်မပြုရပါ။—၁ ကောရိန္သု ၅:၆-၈; မဿဲ ၁၆:၆၊ ၁၂။
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
နှစ်စဉ် နိသန်လ ၁၆ ရက်တွင် ဘာလီကောက်သစ်ကောက်ဦးများကို ပူဇော်ပြီး ထိုနေ့ရက်တွင် ယေရှု ရှင်ပြန်ထမြောက်တော်မူခဲ့သည်
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ယေရှုသည် မိမိကိုယ်ကို “လောက၏အလင်း” ဟုခေါ်ဆိုသောအခါ ပွဲတော်တွင်ထွန်းညှိထားသည့်မီးတိုင်များကို ရည်ညွှန်းခဲ့ခြင်းဖြစ်ပေမည်