အခန်း ၆၈
သတ္တမနေ့ရက်တွင် ထပ်ဆင့်သွန်သင်ခြင်း
သကေနေပွဲ၏ နောက်ဆုံးရက်၊ သတ္တမနေ့မကုန်သေး။ “ဘဏ္ဍာတိုက်” ဟုခေါ်ကြသည့် ဗိမာန်တော်အခန်းတစ်ခန်း၌ ယေရှုသွန်သင်နေသည်။ ဤနေရာကား အလှူငွေသေတ္တာများထားရှိသည့် အမျိုးသမီးများ စုဝေးရာရင်ပြင်တွင်ဖြစ်သည်။
ပွဲတော်အတွင်းညတိုင်း ဤနေရာကိုအထူးအလင်းပေးထားသည်။ ဧရာမမီးတိုင်လေးခုရှိပြီး တစ်ခုစီတွင် ဆီအပြည့်အိုးလေးလုံးပါသည်။ မီးတောက်လောင်နေသောဆီအိုး ၁၆ လုံးမှအလင်းသည် ညအခါတွင် ဝန်းကျင်အတော်ဝေးဝေးအထိရောက်သည်။ ယခုယေရှုပြောဆိုသောစကားများသည် ဤအလင်းရောင်ကို ကြားနာသူများအား သတိရစေပါလိမ့်မည်။ “ငါသည်ဤလောက၏အလင်းဖြစ်၏။ ငါ့နောက်သို့လိုက်သောသူသည် မှောင်မိုက်၌မသွားမလာ၊ အသက်၏အလင်းကိုရလိမ့်မည်” ဟုယေရှုကြွေးကြော်သည်။
ဖာရိရှဲတို့က “သင်သည်ကိုယ့်အကြောင်းကိုသက်သေခံ၏။ သင်၏သက်သေမတည်” ဟုကန့်ကွက်သည်။
ယေရှုကလည်း “ငါသည်ကိုယ့်အကြောင်းကို သက်သေခံသော်လည်း ငါ့သက်သေတည်၏။ အကြောင်းမူကား၊ ငါသည်အဘယ်အရပ်က လာသည်ကိုလည်းကောင်း၊ အဘယ်အရပ်သို့ သွားသည်ကိုလည်းကောင်းငါသိ၏။ သင်တို့မူကားမသိ” ဟုဖြေဆိုသည်။ ဆက်၍ “ငါသည်ကိုယ့်အကြောင်းကို သက်သေခံသောသူဖြစ်၏။ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်သည်လည်း ငါ့အကြောင်းကိုသက်သေခံတော်မူသည်” ဟုမိန့်တော်မူသေးသည်။
“သင်၏ခမည်းတော်သည် အဘယ်မှာရှိသနည်း” ဟုဖာရိရှဲများမေးကြသည်။
“သင်တို့သည် ငါ့ကိုမသိကြ။ ငါ့ခမည်းတော်ကိုလည်းမသိကြ။ ငါ့ကိုသိလျှင် ငါ့ခမည်းတော်ကိုလည်းသိကြလိမ့်မည်” ဟုယေရှုဆိုသည်။ ယေရှုကိုဖာရိရှဲများဖမ်းလိုသော်လည်း မဖမ်းဝံ့ကြချေ။
တစ်ဖန်ယေရှုက “ငါသည်သွားရမည်။ ငါသွားရာအရပ်သို့ သင်တို့မရောက်နိုင်ကြ” ဟုမိန့်တော်မူသည်။
ဤတွင်ဂျူးများအံ့အားသင့်ပြီး “ငါသွားရာအရပ်သို့ သင်တို့မရောက်နိုင်ကြဟု သူဆိုသော် ကိုယ့်အသက်ကိုသတ်မည်လော” ဟုဝေဖန်ကြသည်။
“သင်တို့သည်အောက်သားဖြစ်ကြ၏။ ငါမူကားအထက်သားဖြစ်၏။ သင်တို့သည်လောကီသားဖြစ်ကြ၏။ ငါမူကားလောကီသားမဟုတ်” ဟူ၍ယေရှုရှင်းပြ၏။ ထိုနောက်ဆက်၍ “ငါသည်ဤမည်သောသူဖြစ်သည်ကို သင်တို့သည်မယုံလျှင် ကိုယ့်အပြစ်၌သေကြလိမ့်မည်” ဟုမိန့်တော်မူသည်။
လူမဖြစ်မီဘဝအကြောင်း၊ မိမိသည်ကတိတော်တည်ရာမေရှိယ သို့မဟုတ် ခရစ်တော်ဖြစ်ကြောင်း မိန့်တော်မူခြင်းဖြစ်သည်။ သို့သော်လည်း သူတို့ကအထင်သေးသည့် သဘောမျိုးဖြင့် “သင်သည်အဘယ်သူနည်း” ဟုမေးကြသည်။
ယေရှုက “အဘယ်အကြောင်းနှင့်သင်တို့အား ငါပြောရဦးမည်နည်း။ ငါ့ကိုစေလွှတ်တော်မူသောသူသည် သစ္စာနှင့်ပြည့်စုံတော်မူ၏။ သူ၏အထံတော်၌ ငါကြားသမျှကိုသာ ဤလောက၌ငါဟောပြောသည်” ဟုမိန့်ဆိုပြီးနောက် “သင်တို့သည်လူသားကို မြှောက်ထားသောအခါ ငါသည်ဤမည်သောသူဖြစ်သည်ကိုလည်းကောင်း၊ ငါသည်ကိုယ်အလိုအလျောက် အဘယ်အမှုကိုမျှမပြုဘဲ ငါ့ခမည်းတော်သည် ငါ့အားနည်းပေးတော်မူသည်အတိုင်း ငါဟောပြောသည်ကိုလည်းကောင်း သင်တို့သည်သိကြလိမ့်မည်။ ငါ့ကိုစေလွှတ်တော်မူသောသူသည် ငါနှင့်အတူရှိတော်မူ၏။ ငါ့ကိုတစ်ကိုယ်တည်းနေစေခြင်းငှာ ခမည်းတော်သည်စွန့်ပစ်တော်မမူ။ အကြောင်းမူကား၊ နှစ်သက်တော်မူသောအမှုကို အစဉ်မပြတ်ငါပြုသည်” ဟုဆက်မိန့်တော်မူသည်။
ဤစကားများကြောင့် လူများစွာယုံကြည်လာကြရာ “သင်တို့သည်ငါ၏ ဒေသနာ၌တည်လျှင် ငါ့တပည့်အမှန်ဖြစ်ကြ၏။ သမ္မာတရားကိုလည်းသိကြသဖြင့် ထိုတရားသည် သင်တို့ကိုလွှတ်လိမ့်မည်” ဟုယေရှုဆိုသည်။
အတိုက်အခံပြုသူတို့က “ငါတို့သည် အာဗြဟံအမျိုးဖြစ်ကြ၏။ အဘယ်သူထံ၌ တစ်ခါတစ်ရံမျှကျွန်မခံကြ။ လွှတ်လိမ့်မည်ဟူ၍ သင်အဘယ်သို့ပြောဆိုသနည်း” ဟုပြောကြ၏။
တိုင်းတစ်ပါးအုပ်စိုးမှုကိုဂျူးများခံခဲ့ရသော်လည်း မည်သည့်ဖိနှိပ်သူကိုမျှ သခင်ဟူ၍အသိအမှတ်မပြုကြချေ။ ကျွန်ဟူ၍လည်းအခေါ်မခံကြ။ သို့သော်သူတို့ကျွန်ဖြစ်နေကြသည်ကို ယေရှုတင်ပြ၏။ မည်သို့အားဖြင့်နည်း။ “ဒုစရိုက်ကိုပြုသမျှသောသူတို့သည် ဒုစရိုက်၏ကျွန်ဖြစ်ကြ၏” ဟုယေရှုမိန့်ဆိုသည်။
အပြစ်၏ကျွန်များဖြစ်နေသည်ကိုဝန်မခံကြသဖြင့် ဂျူးများအန္တရာယ်ကြုံတွေ့ရလိမ့်မည်။ “ကျွန်သည်အိမ်၌အစဉ်အမြဲနေသည်မဟုတ်” ဟုယေရှုရှင်းပြသည်။ “သားမူကား အစဉ်အမြဲနေ၏။” ကျွန်သည်အမွေခံခွင့်မရှိသဖြင့် အချိန်မရွေးနှင်ထုတ်ခံရနိုင်သည်။ မွေးဖွားခြင်း သို့မဟုတ် မွေးစားခြင်းခံရသောသားသာလျှင် အသက်ရှင်သ၍ကာလပတ်လုံးအိမ်တွင် “အစဉ်အမြဲနေ” ရမည်။
“ထိုကြောင့်သားသည် သင်တို့ကိုလွှတ်လျှင် သင်တို့သည်ဧကန်အမှန်လွတ်ကြလိမ့်မည်” ဟုယေရှုဆက်မိန့်ဆိုသည်။ လူကိုလွတ်မြောက်စေသည်ကား သားတော်ယေရှုခရစ်နှင့်ဆိုင်သောသမ္မာတရားဖြစ်သည်။ ကိုယ်တော်၏စုံလင်သောလူ့အသက်တာပူဇော်သက္ကာအားဖြင့်သာ သေဒဏ်သင့်သောအပြစ်တရားအောက်မှလွတ်မြောက်နိုင်မည်ဖြစ်သည်။ ယောဟန် ၈:၁၂-၃၆။
▪ သတ္တမမြောက်နေ့တွင် ယေရှုအဘယ်အရပ်၌ သွန်သင်သနည်း။ ညအခါ ထိုအရပ်၌ အဘယ်အရာဖြစ်ပျက်သနည်း။ ယင်းကယေရှုသွန်သင်ချက်နှင့် မည်သို့ဆက်စပ်သနည်း။
▪ မိမိ၏အစမူလအကြောင်း ယေရှုမည်သို့ဆိုသနည်း။ ယင်းကသူမည်သူမည်ဝါဖြစ်ကြောင်း အဘယ်သို့တင်ပြသနည်း။
▪ အဘယ်နည်းဖြင့်ဂျူးများသည် ကျွန်ဖြစ်နေကြသနည်း။ သို့သော်မည်သည့်သမ္မာတရားက သူတို့ကိုလွတ်မြောက်စေသနည်း။