သမ္မာတရားက ကျွန်ုပ်တို့ကို လွတ်မြောက်စေပုံ
၁ အခါသမယတစ်ခု၌ ယေရှုသည် မိမိကိုယုံကြည်သောဂျူးများအား “သမ္မာတရားကိုလည်း သိကြသဖြင့်၊ ထိုတရားသည် သင်တို့ကိုလွှတ်လိမ့်မည်” ဟုမိန့်တော်မူခဲ့သည်။ (ယော. ၈:၃၂) လူထုလွတ်လပ်မှုများသက်သက်ထက် သာလွန်ကာ ဆင်းရဲချမ်းသာမရွေး၊ ပညာတတ်သူဖြစ်စေ၊ ပညာမတတ်သူဖြစ်စေ လူအားလုံးရရှိနိုင်သည့် လွတ်လပ်မှုအကြောင်းကို ကိုယ်တော်ပြောနေခြင်းဖြစ်သည်။ ယေရှုသည် အပြစ်နှင့် သေခြင်း၏ကျွန်ဘဝမှ လွတ်မြောက်စေမည့်သမ္မာတရားကို သွန်သင်ပေးခဲ့သည်။ ယေရှုရှင်းပြခဲ့သကဲ့သို့ “ဒုစရိုက်ကိုပြုသမျှသောသူတို့သည် ဒုစရိုက်၏ကျွန်ဖြစ်ကြ၏။” (ယော. ၈:၄၄) နာခံမှုရှိသောလူသားအားလုံး “ဘုရားသခင်သားတို့၏ထူးမြတ်သော လွတ်ခြင်းချမ်းသာတည်းဟူသော ဖောက်ပြန်ပျက်စီးခြင်းအနှောင်အဖွဲ့မှ ကယ်လွှတ်” ခံရမည့်အချိန်ကို ကျွန်ုပ်တို့ အမှန်ပင်တမ်းတကြသည်တကား!—ရော. ၈:၂၁။
၂ ဘုရားသခင်၏ရည်ရွယ်တော်မူချက် အကောင်အထည်ဖော်ရာတွင် ယေရှုနှင့် ကိုယ်တော်၏ အခန်းကဏ္ဍတို့နှင့်စပ်လျဉ်းသည့် သမ္မာတရားက ထိုသို့သောလွတ်မြောက်မှုကို ရစေသည်။ ၎င်းတွင် ကျွန်ုပ်တို့အတွက် ကိုယ်တော်ပေးခဲ့သော ရွေးနုတ်ဖိုးပူဇော်သကာနှင့်စပ်လျဉ်းသည့် အသိပညာပါဝင်သည်။ (ရော. ၃:၂၄) ယခုပင် ကျမ်းစာသမ္မာတရားကို လက်ခံပြီး နာခံမှုရှိစွာလိုက်နာခြင်းက ကြောက်ရွံ့မှု၊ စိတ်ပျက်မှုနှင့် ဘေးပြုသည့်အမူအကျင့်မျိုးစုံမှ လွတ်မြောက်မှုကို အတိုင်းအတာတစ်ခုအထိ ခံစားစေနိုင်သည်။
၃ ကြောက်ရွံ့ခြင်းနှင့် စိတ်ပျက်ခြင်းမှ လွတ်လပ်မှု– ကျွန်ုပ်တို့သည် ကမ္ဘာ့အခြေအနေများကြောင့် စိတ်ပျက်စရာမလိုပေ၊ အကြောင်းမှာ ကျွန်ုပ်တို့သည် ဆိုးသွမ်းမှု အဘယ်ကြောင့်ရှိနေကြောင်း နားလည်ကာ ၎င်းသည် မြေကြီးပေါ်မှ မကြာမီသုတ်သင်ပယ်ရှင်းခံရမည်ကို သိထားသောကြောင့်ဖြစ်သည်။ (ဆာ. ၃၇:၁၀၊ ၁၁; ၂ တိ. ၃:၁; ဗျာ. ၁၂:၁၂) ထို့အပြင် သမ္မာတရားက လူသေ၏အခြေအနေနှင့်စပ်လျဉ်းသည့် မှားယွင်းသောသွန်သင်ချက်များမှ ကျွန်ုပ်တို့ကိုလွတ်မြောက်စေသည်။ လူသေသည် ကျွန်ုပ်တို့ကို အန္တရာယ်မပြုနိုင်ကြောင်း၊ သူတို့သည် ထာဝစဉ် ညှဉ်းဆဲခံမနေရကြောင်း၊ ဘုရားသခင်သည် နာမ်ဝိညာဉ်ဘောင်တွင် မိမိနှင့်အတူရှိရန် လူတို့ကို သေစေရုံမျှသာ ပြုခြင်းမဟုတ်ကြောင်း ကျွန်ုပ်တို့သိကြသည်။—ဒေ. ၉:၅; တ. ၂၄:၁၅။
၄ ထိုသို့သောသမ္မာတရားက မတော်တဆမှုကြောင့် မိမိတို့၏ကလေး သေဆုံးသွားသော ဖခင်တစ်ဦးနှင့် မိခင်တစ်ဦးကို နှစ်သိမ့်မှုဖြစ်စေခဲ့သည်။ မိခင်ဖြစ်သူက “ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ကျွန်မတို့ရဲ့သားကို ပြန်မတွေ့ရမချင်း ကျွန်မတို့ဘဝမှာ ဘာနဲ့မှအစားမထိုးနိုင်ဘဲ ဟာတာတာဖြစ်နေမှာပါပဲ။ ဒါပေမဲ့ ကျွန်မတို့ရဲ့ပူဆွေးမှုက ခဏတာပဲဆိုတာ ကျွန်မတို့သိတယ်” ဟူ၍ဆိုသည်။
၅ ဘေးပြုသောအမူအကျင့်များမှ လွတ်လပ်မှု– ကျမ်းစာသမ္မာတရားက လူတစ်ဦး၏အတွေးအခေါ်နှင့် ဥပဓိရုပ်ကို ပြောင်းလဲပေးနိုင်ရာ ရှောင်ရှားနိုင်သောပြဿနာများမှ လွတ်မြောက်စေ၏။ (ဧ. ၄:၂၀-၂၄) ရိုးသားမှုနှင့် လုံ့လဝီရိယရှိမှုကို ကျင့်သုံးခြင်းက ဆင်းရဲမွဲတေခြင်းမှ သက်သာမှုရစေနိုင်သည်။ (သု. ၁၃:၄) ကိုယ်ကျိုးစွန့်မေတ္တာပြခြင်းက အခြားသူများနှင့်ဆက်ဆံရေး တိုးတက်ကောင်းမွန်စေသည်။ (ကော. ၃:၁၃၊ ၁၄) ခရစ်ယာန်ဦးစီးမှုကိုလေးစားခြင်းက မိသားစုအခက်အခဲများကို လျော့နည်းစေသည်။ (ဧ. ၅:၃၃–၆:၁) သောက်ကြူးခြင်း၊ လိင်အကျင့်ယိုယွင်းခြင်း၊ ဆေးရွက်ကြီးနှင့် စွဲစေသောမူးယစ်ဆေးတို့ကို ရှောင်ကြဉ်ခြင်းက ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေသည်။—သု. ၇:၂၁-၂၃; ၂၃:၂၉၊ ၃၀; ၂ ကော. ၇:၁။
၆ လူငယ်တစ်ဦးသည် ကိုးနှစ်တိုင်တိုင် စွဲနေသည့်မူးယစ်ဆေးကို မဖြတ်နိုင်ခဲ့ချေ။ တစ်နေ့တွင် သူသည် လမ်းပေါ်သက်သေခံနေသော ကြေညာသူတစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ သူသည် စာပေများကိုလက်ခံကာ သူ၏အိမ်သို့ လည်ပတ်ရန် အစီအစဉ်များပြုလုပ်ခဲ့သည်။ ကျမ်းစာသင်အံမှု စတင်ခဲ့သည်။ နှစ်လကြာသော် ထိုအမျိုးသားသည် မူးယစ်ဆေးသုံးစွဲခြင်းကို လုံးဝဖြတ်ပစ်ကာ သင်အံမှုရှစ်လပြုလုပ်ပြီးနောက် နှစ်ခြင်းခံခဲ့သည်။ သူဆေးပြတ်သွားသည်ကိုတွေ့ကာ သူ၏အစ်ကိုနှင့် မရီးတို့သည် ကျမ်းစာစတင်လေ့လာရန် လှုံ့ဆော်ခံခဲ့ရသည်။
၇ အခြားသူများအား လွတ်လပ်မှုရရှိရန် ကူညီပါ– မှားယွင်းသောသွန်သင်ခြင်း၏ အချုပ်အနှောင်အောက် အသက်တာတစ်လျှောက် ရောက်ရှိခဲ့သူများသည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကပေးသည့် လွတ်လပ်မှုကိုနားလည်ရန် အခက်တွေ့နိုင်သည်။ သူတို့၏နှလုံးများထိမိဖို့ဟူသည် သွန်သင်ပေးသူဘက်မှ အထူးလုံ့လစိုက်ထုတ်မှုနှင့် ကောင်းစွာပြင်ဆင်မှုရှိရန် လိုပေမည်။ (၂ တိ. ၄:၂၊ ၅) ယခုအချိန်သည် ‘ဖမ်းသွားချုပ်ထားလျက်ရှိသောသူတို့အား လွှတ်ခြင်းအကြောင်းကြေညာ’ သည့် ကျွန်ုပ်တို့၏လုပ်ငန်းကို အရှိန်လျှော့ရမည့်အချိန်မဟုတ်ပေ။ (ဟေရှာ. ၆၁:၁) ခရစ်ယာန်လွတ်လပ်မှုသည် အဖိုးထိုက်၏။ ယင်းကိုရရှိခြင်းက ထာဝရအသက်ကိုရရှိစေ၏။—၁ တိ. ၄:၁၆။