ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jy အခန်း ၆၉ စာ. ၁၆၄-စာ. ၁၆၅ ပိုဒ်. ၂
  • သူတို့အဖေက အာဗြဟံလား၊ မာရ်နတ်လား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သူတို့အဖေက အာဗြဟံလား၊ မာရ်နတ်လား
  • ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဖခင်အဖြစ်နှင့်စပ်လျဉ်းသော မေးခွန်း
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ယေဟောဝါက သူ့ကို ‘ငါ့မိတ်ဆွေ’ လို့ခေါ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • အာဗြဟံက ဘယ်သူလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • အာဗြဟံရဲ့ယုံကြည်ခြင်းကို ဘုရားသခင် စမ်းသပ်တဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
နောက်ထပ် ကြည့်ပါ
ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
jy အခန်း ၆၉ စာ. ၁၆၄-စာ. ၁၆၅ ပိုဒ်. ၂
ဂျူးတွေက ကျောက်ခဲတွေကောက်ပြီး ပေါက်မယ်လုပ်တော့ ယေရှုပုန်းရှောင်ပြီးထွက်သွား

အခန်း ၆၉

သူတို့အဖေက အာဗြဟံလား၊ မာရ်နတ်လား

ယောဟန် ၈:၃၇-၅၉

  • ဂျူးတွေက သူတို့ရဲ့အဖေဟာ အာဗြဟံလို့ပြော

  • အာဗြဟံ မမွေးခင်ကတည်းက ယေရှု ရှိနေပြီ

တဲနေပွဲတော်အတွက် ဂျေရုဆလင်မြို့မှာ ယေရှုရှိနေတုန်း အရေးကြီး အမှန်တရားတွေကို ဆက်သွန်သင်ပေးတယ်။ ဂျူးတချို့က “ကျုပ်တို့ဟာ အာဗြဟံရဲ့ သားမြေးတွေပါ။ ဘယ်သူ့ဆီမှာမှ ကျွန်ခံဖူးတာ မဟုတ်ဘူး” ဆိုပြီးပြောတော့ ယေရှုက “ခင်ဗျားတို့ဟာ အာဗြဟံရဲ့ သားမြေးတွေမှန်း ကျွန်တော်သိတာပေါ့။ ဒါပေမဲ့ ကျွန်တော့်ကိုသတ်ဖို့ ခင်ဗျားတို့ ကြိုးစားနေတယ်။ ကျွန်တော့်စကားကိုမှ လက်မခံနိုင်ကြတာ။ ကျွန်တော် အဖနဲ့အတူ ရှိတုန်းက မြင်ခဲ့ရတာတွေကို ပြောတယ်။ ခင်ဗျားတို့လည်း ခင်ဗျားတို့အဖဆီက ကြားခဲ့ရတာတွေကို လုပ်တယ်” လို့ပြောတယ်။—ယောဟန် ၈:၃၃၊ ၃၇၊ ၃၈။

ယေရှုပြောတာ ရှင်းရှင်းလေးပဲ။ သူ့အဖေနဲ့ သူတို့အဖေ မတူဘူး။ ဒါကိုနားမလည်တဲ့ ဂျူးတွေက “ကျုပ်တို့အဖဟာ အာဗြဟံပဲ” လို့ ထပ်ပြောကြတယ်။ (ယောဟန် ၈:၃၉။ ဟေရှာယ ၄၁:၈) သူတို့ဟာ အာဗြဟံရဲ့ သားမြေးတွေဖြစ်လို့ ဘုရားမိတ်ဆွေ အာဗြဟံရဲ့ ယုံကြည်ခြင်းမျိုး သူတို့ဆီမှာလည်း ရှိတယ်လို့ ယူဆနေကြတာ။

ဒါပေမဲ့ ယေရှုက “အာဗြဟံရဲ့ သားသမီးမှန်ရင် အာဗြဟံရဲ့အကျင့်ကို ကျင့်မှာပေါ့” လို့ပြောလိုက်တဲ့အခါ သူတို့ အံ့သြသွားမှာပဲ။ သားအရင်းဆိုရင် အဖေကို အတုယူစမြဲပဲ။ “အခုတော့ ဘုရားသခင်ဆီက ကြားခဲ့ရတဲ့ အမှန်တရားအကြောင်း ပြောပြနေတဲ့ ကျွန်တော့်ကို သတ်ဖို့ ခင်ဗျားတို့ ကြိုးစားနေကြတယ်။ အာဗြဟံက အဲဒီလိုမှ မလုပ်ခဲ့တာ” လို့ယေရှု ဆက်ပြောတယ်။ ဒီနောက် “ခင်ဗျားတို့က ခင်ဗျားတို့အဖရဲ့ အကျင့်တွေကို ကျင့်နေတာ” လို့ပြောတဲ့အခါ သူတို့ အတွေးရခက်သွားမှာပဲ။—ယောဟန် ၈:၃၉-၄၁။

ယေရှု ဘယ်သူ့ကို ရည်ညွှန်းနေမှန်း ဂျူးတွေ သဘောမပေါက်သေးဘူး။ “ကျုပ်တို့က အကျင့်ပျက်ပြားပြီး ရလာတဲ့ သားသမီးတွေ မဟုတ်ဘူး။ ကျုပ်တို့မှာ အဖတစ်ယောက်ပဲ ရှိတာ။ အဲဒါ ဘုရားသခင်ပဲ” ဆိုပြီး တရားဝင်သားတွေဖြစ်ကြောင်း ပြောကြတယ်။ ဒါပေမဲ့ ဘုရားသခင်က တကယ်ပဲ သူတို့အဖေလား။ ယေရှုက “ဘုရားသခင်သာ ခင်ဗျားတို့အဖမှန်ရင် ကျွန်တော့်ကို ချစ်ကြမှာပဲ။ ဘာလို့လဲဆိုတော့ ဘုရားသခင် စေလွှတ်လိုက်လို့ ကျွန်တော် ဒီမှာရှိနေတာ။ ကိုယ့်သဘောနဲ့ကိုယ် လာတာ မဟုတ်ဘူး။ ဘုရားသခင် စေလွှတ်လို့ပါ” လို့ပြောတယ်။ ပြီးတော့ “ကျွန်တော်ပြောနေတာကို ဘာလို့ နားမလည်ကြတာလဲ” လို့မေးပြီး “ကျွန်တော့်စကားကို လက်မခံနိုင်လို့ပေါ့” ဆိုပြီး အဖြေပေးလိုက်တယ်။—ယောဟန် ၈:၄၁-၄၃။

ယေရှုက သူ့ကိုငြင်းပယ်ခြင်းရဲ့ အကျိုးဆက်တွေကို သိအောင် ရှင်းပြနေတာ။ အခုတော့ “ခင်ဗျားတို့ရဲ့အဖဟာ မာရ်နတ်ပဲ။ သူ့ဆန္ဒအတိုင်း ခင်ဗျားတို့ လုပ်ချင်ကြတာ” ဆိုပြီး ပွင့်ပွင့်လင်းလင်း ပြောလိုက်တယ်။ သူတို့အဖေဟာ ဘယ်လို ပုဂ္ဂိုလ်မျိုးလဲ။ “သူဟာ အစကတည်းက လူ့အသက်သတ်တဲ့သူပဲ။ သူ့မှာ အမှန်တရား မရှိတဲ့အတွက် အမှန်တရားမှာ သူ တည်မြဲမနေဘူး” လို့ ယေရှု ရှင်းရှင်းလေးပဲ ပြောတယ်။ ပြီးတော့ “ဘုရားသခင်နဲ့ စပ်ဆိုင်တဲ့သူဟာ ဘုရားသခင်ရဲ့ တရားစကားကို နားထောင်တတ်တယ်။ ခင်ဗျားတို့ကတော့ ဘုရားသခင်နဲ့ မစပ်ဆိုင်တဲ့အတွက် နားမထောင်ကြဘူး” လို့ဆက်ပြောတယ်။—ယောဟန် ၈:၄၄၊ ၄၇။

ဒီလို ပြစ်တင်ဝေဖန်တဲ့ စကားကြောင့် ဂျူးတွေ ဒေါသထွက်ပြီး “‘ခင်ဗျားဟာ ရှမာရိလူပဲ။ နတ်ဆိုး ပူးနေတာပဲ’ လို့ ကျုပ်တို့ပြောတာ မှန်နေတယ်မဟုတ်လား” ဆိုပြီးပြောကြတယ်။ “ရှမာရိလူ” လို့ခေါ်တာက ယေရှုကို အထင်သေးကြောင်း ပြလိုက်တာပဲ။ ယေရှုကတော့ သူတို့ရဲ့ မတရားစွပ်စွဲချက်ကို ဂရုမစိုက်ဘဲ “ကျွန်တော် နတ်ဆိုးပူးနေတာ မဟုတ်ဘူး။ ကျွန်တော့်အဖကို ဂုဏ်တင်နေတာ။ ခင်ဗျားတို့ကတော့ ကျွန်တော်ဂုဏ်ပျက်အောင် လုပ်နေတာ” လို့ပြောလိုက်တယ်။ ပြီးတော့ “ကျွန်တော့်စကားကို လိုက်နာသူဟာ သေခြင်းကို ဘယ်တော့မှ မြင်တွေ့ရမှာ မဟုတ်ဘူး” လို့ကတိပေးတယ်။ သူ့နောက်ကိုလိုက်တဲ့ တမန်တော်တွေနဲ့ တခြားသူတွေ ဘယ်တော့မှ မသေရဘူးလို့ ပြောနေတာ မဟုတ်ပါဘူး။ အဲဒီအစား ပြန်ထမြောက်ဖို့ မျှော်လင့်ချက်မရှိတဲ့ “ဒုတိယသေခြင်း” ကို မြင်တွေ့ရမှာ မဟုတ်ဘူး၊ ထာဝရ ဖျက်ဆီးခြင်းခံရမှာ မဟုတ်ဘူးလို့ ပြောနေတာ။—ယောဟန် ၈:၄၈-၅၁။ ဗျာဒိတ် ၂၁:၈။

ဂျူးတွေကတော့ ယေရှုရဲ့စကားကို စာသားအတိုင်း အဓိပ္ပာယ်ကောက်ပြီး “အခု ကျုပ်တို့သိပြီ။ ခင်ဗျား နတ်ဆိုးပူးနေတာပဲ။ အာဗြဟံရော ပရောဖက်တွေပါ သေဆုံးကုန်ပြီ။ ‘ကျွန်တော့်စကားကို လိုက်နာတဲ့သူဟာ သေခြင်းကို ဘယ်တော့မှ ကြုံတွေ့ရမှာ မဟုတ်ဘူး’ လို့ ခင်ဗျားပြောနေပါလား။ ခင်ဗျားက ဘိုးဘေးအာဗြဟံထက် ပိုကြီးမြတ်လို့လား။ သူ သေဆုံးသွားပြီ။ . . . ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် ဘယ်သူများ မှတ်နေလဲ” လို့ပြောကြတယ်။—ယောဟန် ၈:၅၂၊ ၅၃။

ယေရှုက မိမိဟာ မေရှိယဖြစ်ကြောင်း ရှင်းပြနေတာ။ ဒါပေမဲ့ သူ ဘယ်သူဘယ်ဝါ ဖြစ်တယ် ဆိုတာနဲ့ပတ်သက်ပြီး သူတို့မေးတဲ့ မေးခွန်းကို တိုက်ရိုက်အဖြေမပေးဘဲ “ကိုယ့်ကိုယ်ကိုယ် ဂုဏ်တက်အောင်သာ လုပ်နေရင် ကျွန်တော့်ဂုဏ်အသရေဟာ အချည်းနှီးပဲ။ ကျွန်တော့်ကို ဂုဏ်တက်အောင် လုပ်တဲ့သူကတော့ ကျွန်တော့်ရဲ့အဖပဲ။ ကျုပ်တို့ရဲ့ ဘုရားသခင်ပါလို့ ခင်ဗျားတို့ပြောနေတဲ့ အရှင်ပဲလေ။ အဲဒီအရှင်ကို ခင်ဗျားတို့မသိပေမဲ့ ကျွန်တော်ကတော့ သိတယ်။ မသိဘူးလို့ ကျွန်တော်ပြောလိုက်ရင် ခင်ဗျားတို့လို လူလိမ်ဖြစ်သွားလိမ့်မယ်” လို့ပြောတယ်။—ယောဟန် ၈:၅၄၊ ၅၅။

ဒီနောက် “ခင်ဗျားတို့ရဲ့ဘိုးဘေး အာဗြဟံက ကျွန်တော်လာမယ့်နေ့ကို မြင်ရဖို့ မျှော်လင့်ပြီး သိပ်ပျော်ခဲ့တာ။ သူ မြင်ခဲ့ရတယ်၊ ပျော်လည်းပျော်ခဲ့တယ်” ဆိုပြီး သူတို့ရဲ့ သစ္စာရှိဘိုးဘေးအကြောင်း ထပ်ပြောတယ်။ မှန်ပါတယ်၊ အာဗြဟံဟာ ဘုရားကတိကို ယုံကြည်ပြီး မေရှိယ ရောက်လာမှာကို စောင့်မျှော်ခဲ့တယ်။ ဂျူးတွေကတော့ ဒါကိုမယုံဘဲ “အသက် ၅၀ တောင် မရှိသေးဘဲနဲ့ အာဗြဟံကို ခင်ဗျား မြင်ဖူးတယ်ပေါ့” လို့ပြောတယ်။ ယေရှုက “ကျွန်တော် မှန်တာကိုပြောမယ်၊ အမှန်အတိုင်းပြောမယ်။ အာဗြဟံ မမွေးခင်ကတည်းက ကျွန်တော်ရှိနေပြီ” လို့ဖြေတယ်။ လူသားဘဝမတိုင်ခင် ကောင်းကင်မှာ တန်ခိုးကြီး ဝိညာဉ်သတ္တဝါအဖြစ် အသက်ရှင်ခဲ့တာကို ယေရှုရည်ညွှန်းနေတာ။—ယောဟန် ၈:၅၆-၅၈။

အာဗြဟံ မမွေးခင်ကတည်းက ရှိနေပြီဆိုတဲ့ စကားကြောင့် ဂျူးတွေ ဒေါသူပုန်ထပြီး ယေရှုကို ကျောက်ခဲနဲ့ပေါက်ဖို့ လုပ်ကြတယ်။ ယေရှုလည်း ပုန်းရှောင်ပြီး ထွက်သွားတယ်။

  • ယေရှုက သူ့အဖေနဲ့ သူ့ရန်သူတွေရဲ့အဖေ မတူဘူးဆိုတာ ဘယ်လို ရှင်းပြသလဲ။

  • ဂျူးတွေက သူတို့အဖေဟာ အာဗြဟံပဲလို့ ဇွတ်ပြောနေကြတာ ဘာကြောင့် မသင့်တော်သလဲ။

  • ယေရှုရဲ့နောက်လိုက်တွေ “သေခြင်းတရားကို ဘယ်တော့မှ မြင်တွေ့ရမှာမဟုတ်ဘူး” ဆိုတာ ဘာကို ပြောတာလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ