အခန်း ၆၉
ဖခင်အဖြစ်နှင့်စပ်လျဉ်းသော မေးခွန်း
ပွဲတော်အတွင်း ဂျူးဦးစီးသူများနှင့်ယေရှု၏ဆွေးနွေးချက်သည် ပိုပြင်းထန်လာသည်။ “သင်တို့သည် အာဗြဟံအမျိုးဖြစ်ကြသည်ကိုငါသိ၏။ သို့သော်လည်းငါ၏ဒေသနာသည် သင်တို့၌တည်နေရာကိုမရသောကြောင့် သင်တို့သည်ငါ့ကိုသတ်အံ့သောငှာရှာကြံကြ၏။ ငါသည်ငါ့ခမည်းတော်ထံ၌ မြင်ခဲ့ပြီးသည်အတိုင်းဟောပြော၏။ သင်တို့သည်သင်တို့၏အဘထံ၌ မြင်ခဲ့ပြီးသည်အတိုင်းပြုကြ၏။”
ဖခင်အမည်မဖေါ်သော်လည်း ဖခင်ချင်းမတူကြောင်း သူတို့အားယေရှုသိစေသည်။ မည်သူကိုယေရှုရည်ညွှန်းနေကြောင်းမသိကြ၍ ဂျူးဦးစီးသူများက “အာဗြဟံသည် ငါတို့အဘဖြစ်သည်” ဟုဆိုသည်။ ဘုရားသခင့်မိတ်ဆွေအာဗြဟံကဲ့သို့သောယုံကြည်ခြင်း မိမိတို့၌ရှိသည်ဟုယူဆကြသည်။
ယေရှုက “သင်တို့သည်အာဗြဟံ၏သားမှန်လျှင် အာဗြဟံ၏အကျင့်ကိုကျင့်ကြ” ဟုဆိုလေသော်စိတ်ဆိုးကြသည်။ သားမှန်လျှင် ဖခင်ကိုအတုယူတတ်သည်။ “ဘုရားသခင်အထံတော်၌ကြားရသောသစ္စာတရားကို သင်တို့အားကြားပြောသောသူတည်းဟူသောငါ့ကိုသတ်အံ့သောငှာ သင်တို့သည်ယခုရှာကြံကြ၏။ အာဗြဟံသည် ထိုနည်းတူကျင့်သည်မဟုတ်။” “သင်တို့သည်သင်တို့အဘ၏ အကျင့်ကိုကျင့်ကြ၏” ဟုပြန်ပြောသည်။
ယေရှုမည်သူအကြောင်းပြောဆိုနေသည်ကို သူတို့သဘောမပေါက်သေးချေ။ အာဗြဟံ၏သားစစ်သားမှန်ဟုဆက်၍ယူဆကြသဖြင့် “ငါတို့သည်မျောက်မထားသောအမျိုးမဟုတ်။ ဘုရားသခင်တည်းဟူသော ငါတို့အဘတစ်ပါးတည်းသာရှိတော်မူသည်” ဟုဆိုကာ မိမိတို့သည်အာဗြဟံနည်းတူဝတ်ပြုသူများဟုအဆိုပြုကြသည်။
ဘုရားသခင်သည် သူတို့၏ဖခင်မှန်သလော။ ယေရှုက “ဘုရားသခင်သည်သင်တို့၏အဘမှန်လျှင် သင်တို့သည်ငါ့ကိုချစ်ကြလိမ့်မည်။ အကြောင်းမူကား၊ ငါသည်ဘုရားသခင်အထံတော်မှကြွလာ၏။ ကိုယ့်အလိုအလျောက်လာသည်မဟုတ်။ ဘုရားသခင်သည် ငါ့ကိုစေလွှတ်တော်မူ၏။ အဘယ်ကြောင့်ငါ့စကားကို နားမလည်ကြသနည်း” ဟုဆိုသည်။
မိမိကိုငြင်းပယ်ခြင်း၏ဆိုးကျိုးများကို ဘာသာရေးခေါင်းဆောင်များအား ယေရှုရှင်းပြသည်။ ယခုကိုယ်တော်က “သင်တို့သည်သင်တို့အဘတည်းဟူသော မာရ်နတ်မှဆင်းသက်ကြ၏။ သင်တို့အဘ၏အလိုသို့လည်းလိုက်တတ်ကြ၏” ဟုဆို၏။ မာရ်နတ်သည် မည်သို့သောဖခင်ဖြစ်သနည်း။ လူသတ်သမားဖြစ်သည်ဟုဆိုပြီး “သူသည်မုသာစကား၌ကျင်လည်သောသူဖြစ်၍ မုသာ၏အဘလည်းဖြစ်၏” ဟုဖေါ်ပြ၍နိဂုံး၌ ယေရှုက “ဘုရားသခင်နှင့်စပ်ဆိုင်သောသူသည် ဘုရားသခင်၏စကားတော်ကို နားထောင်တတ်၏။ သင်တို့သည်ဘုရားသခင်နှင့် မစပ်ဆိုင်သောကြောင့် နားမထောင်ကြ” ဟုဆိုသည်။
ယေရှု၏ရှုတ်ချချက်ကြောင့်အမျက်ထွက်ကာ ဂျူးများက “သင်သည်ရှမာရိလူဖြစ်၏။ နတ်ဆိုးစွဲသောသူလည်းဖြစ်၏ဟု ငါတို့ပြောသောစကားသည် လျောက်ပတ်သည်မဟုတ်လော။” ရှမာရိလူမျိုးကိုဂျူးများမုန်းကြသောကြောင့် “ရှမာရိလူ” ဟူ၍ခေါ်လိုက်ခြင်းဖြစ်သည်။
ထိုသို့ရှမာရိလူဟုပြောသည်ကိုမကြားသယောင်ဖြင့် “ငါသည်နတ်ဆိုးစွဲသောသူမဟုတ်။ ငါ့ခမည်းတော်ကို ငါချီးမြှောက်၏။ သင်တို့သည်ငါ့ကိုရှုတ်ချကြ၏” ဟုဆိုပြီး ယေရှုဆက်ပြောသောစကားများကြောင့် အံ့အားသင့်ကြသည်။ “ငါ့စကားကိုနားထောင်သောသူသည် သေခြင်းနှင့်အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။” မိမိနောက်လိုက်သူအားလုံး စာသားအတိုင်းမသေရဟူ၍ ယေရှုဆိုလိုနေခြင်းမဟုတ်ဘဲ ထာဝရပျက်စီးခြင်း၊ သို့မဟုတ် ထမြောက်ခြင်းမရှိတော့သည့် “ဒုတိယသေခြင်း” နှင့်ကင်းလွတ်မည်ကိုဆိုလိုတော်မူသည်။
ဂျူးတို့ကယေရှုစကားများကို စာသားအတိုင်းယူမှတ်ကာ “သင်၌နတ်ဆိုးစွဲသည်ကို ယခုငါတို့သိကြ၏။ အာဗြဟံမှစ၍ပရောဖက်တို့သည်သေလွန်ကြပြီ။ သင်မူကား ငါ့စကားကိုနားထောင်သောသူသည် သေခြင်းနှင့်အစဉ်မပြတ်ကင်းလွတ်လိမ့်မည်ဟုဆိုသည်တကား။ ငါတို့အဘအာဗြဟံထက် သင်သည်သာ၍ကြီးမြတ်သလော။ သင်သည်အဘယ်သို့သောသူ၏အယောင်ကိုဆောင်သနည်း” ဟုဆိုကြသည်။
ဤဆွေးနွေးပွဲတစ်ခုလုံးတွင် မိမိသည်ကတိတော်တည်ရာမေရှိယဖြစ်ကြောင်းညွှန်ပြသော်လည်း မိမိမည်သူဖြစ်သည်ကိုတိုက်ရိုက်ဖြေဆိုမည့်အစား “ငါသည်ကိုယ်ဂုဏ်ကိုပြလျှင် ငါ့ဂုဏ်သည်အချည်းနှီးဖြစ်၏။ ငါ့ခမည်းတော်သည် ငါ့ဂုဏ်ကိုထင်ရှားစေတော်မူ၏။ ထိုဘုရားသခင်သည် ငါတို့၏ဘုရားဟူ၍ သင်တို့ခေါ်ဝေါ်တတ်ကြ၏။ သို့သော်လည်း ထိုဘုရားသခင်ကိုသင်တို့မသိကြ။ ငါမူကားသိ၏။ ငါမသိဟုငါဆိုလျှင် သင်တို့ကဲ့သို့မုသာသုံးသောသူဖြစ်လိမ့်မည်” ဟုမိန့်တော်မူသည်။
သစ္စာရှိအာဗြဟံကို ယေရှုတစ်ဖန်ညွှန်းသည်။ “သင်တို့အဘအာဗြဟံသည် ငါကြွလာမည့်အချိန်ကာလကိုမျှော်မြင်ခြင်းငှာ အလွန်အလိုရှိ၏။ မြင်ရသောအခါ ဝမ်းမြောက်ခြင်းသို့ရောက်၏။” မှန်သည်။ ယုံကြည်ခြင်းဖြင့် မေရှိယကြွရောက်လာချိန်ကို အာဗြဟံမြင်တွေ့ခဲ့သည်။ ဂျူးများက “သင်၏အသက်သည် အနှစ်ငါးဆယ်မျှမရှိဘဲလျက်အာဗြဟံကိုမြင်လေပြီတကား” ဟုမယုံနိုင်စွာဆိုကြသည်။
ယေရှုက “ငါအမှန်အကန်ဆိုသည်ကား အာဗြဟံမဖြစ်မီငါဖြစ်၏” ဟုဆို၍ လူမဖြစ်မီကောင်းကင်တွင် တန်ခိုးကြီးနာမ်ဝိညာဉ်သားအဖြစ်ကိုဖေါ်ပြသည်။
အာဗြဟံမရှိမီရှိနှင့်သည်ဟုဆိုသည်နှင့် ဂျူးများအမျက်ထွက်၍ ယေရှုကိုကျောက်ခဲနှင့်ပေါက်ကြသည်။ သို့သော်ကိုယ်တော်တိမ်းရှောင်ကာ ဒဏ်ရာမရဘဲဗိမာန်တော်မှထွက်သွားလေသည်။ ယောဟန် ၈:၃၇-၅၉။ ဗျာဒိတ် ၃:၁၄၊ ၂၁:၈။
▪ ကိုယ်တော်နှင့်ကိုယ်တော့်ရန်သူများ၏ဖခင်မှာမတူကြောင်း ယေရှုမည်သို့တင်ပြသနည်း။
▪ ယေရှုအား ရှမာရိလူဟုဂျူးများခေါ်ခြင်းက အဘယ်အဓိပ္ပာယ်ရှိသနည်း။
▪ တပည့်များအဘယ်နည်းဖြင့်သေခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်မည်ဟုယေရှုဆိုသနည်း။