အခန်း ၈၀
သိုးခြံများနှင့်သိုးထိန်း
အပ်နှံပွဲကာလ သို့မဟုတ် ဟာနွတ်ကာဟုခေါ်သည့် ယေဟောဝါထံဗိမာန်တော်ကိုပြန်လည်အပ်နှံပွဲကျင်းပချိန်တွင် ယေရှုသည်ယေရုရှလင်မြို့တော်၌ရောက်ရှိနေသည်။ ဘီစီအီး ၁၆၈ ခုနှစ်၊ လွန်ခဲ့သည့်အနှစ် ၂၀၀ ခန့်ကစတုတ္ထမြောက်အင်တီအိုကပ်စ်မင်း အပီဖိနစ္စသည် ယေရုရှလင်မြို့တော်ကိုသိမ်း၍ ဗိမာန်တော်နှင့်ယင်း၏ယဇ်ပလ္လင်ကိုမခန့်မညားပြုခဲ့သည်။ သို့သော် သုံးနှစ်အကြာတွင် ယေရုရှလင်မြို့တော်ကိုပြန်၍သိမ်းပိုက်နိုင်သဖြင့် ဗိမာန်တော်ကိုပြန်အပ်နှံခြင်းပြုခဲ့သည်။ ထိုနောက် နှစ်စဉ်နှစ်တိုင်း ပြန်လည်အပ်နှံပွဲကျင်းပခဲ့ကြသည်။
ဤအပ်နှံပွဲသည် ယုဒပြက္ခဒိန်ချီလဲ့ဗ်လ ၂၅ ရက်တွင်ကျရောက်သည်။ ထိုလသည် ကျွန်ုပ်တို့ခေတ်တွင် နိုဝင်ဘာလအဆုံးပိုင်းနှင့်ဒီဇင်ဘာလအစပိုင်းတွင်ကျသည်။ ထိုကြောင့် အရေးကြီးသည့် စီအီး ၃၃ ခုနှစ်၊ ပသခါပွဲကျရောက်ရန်ရက်ပေါင်းတစ်ရာကျော်မျှသာလိုသည်။ အေးသောရာသီတွင်ဖြစ်သဖြင့် ထိုကာလကိုယောဟန်က “ဆောင်းကာလ” ဟုခေါ်သည်။
ယခု ကောင်းသောသိုးထိန်းအဖြစ် မိမိ၏ကဏ္ဍနှင့်သိုးခြံသုံးခုဆိုင်ရာပုံဥပမာကို ယေရှုဖော်ပြသည်။ ပထမသိုးခြံကို မောရှေပညတ်ပဋိညာဉ်အစီအစဉ်နှင့်တူကြောင်းမိန့်ဆိုသည်။ ပညတ်တရားသည် ယုဒလူတို့အား ဘုရားသခင်နှင့်ဖွဲ့ဆိုသောဤအထူးပဋိညာဉ်တွင်မရှိ အကျင့်ယိုယွင်းသူတို့နှင့်ခွဲခြားထားသည့် ခြံစည်းရိုးကဲ့သို့ဖြစ်သည်။ ယေရှုက “ငါအမှန်အကန်ဆိုသည်ကား၊ သိုးခြံထဲသို့တံခါးဖြင့်မဝင် အခြားလမ်းဖြင့်ကျော်ဝင်သောသူသည် သူခိုးဓားပြဖြစ်၏။ သိုးထိန်းမူကား တံခါးဝဖြင့်ဝင်တတ်၏” ဟုရှင်းပြသည်။
လူအချို့သည်လာ၍ မိမိမေရှိယ သို့မဟုတ် ခရစ်တော်ဖြစ်ကြောင်းကြွေးကြော်ကြသည်။ သို့သော်လည်း ထိုသူတို့သည်သိုးထိန်းစစ်များမဟုတ်ကြ။ သိုးထိန်းစစ်များအကြောင်းယေရှုက “ထိုသူအား တံခါးစောင့်လည်းဖွင့်တတ်၏။။ သူသည် မိမိသိုးတို့ကိုနာမည်ဖြင့်ခေါ်၍ ပြင်သို့ထုတ်ဆောင်တတ်၏။ . . . မဆိုင်သောသူတို့၏စကားသံကိုမကျွမ်းသောကြောင့် မဆိုင်သောသူနောက်သို့မလိုက်ဘဲ ပြေးတတ်ကြသည်” ဟုမိန့်ဆိုသည်။
ပထမသိုးခြံ၏ “တံခါးစောင့်” မှာနှစ်ခြင်းဆရာယောဟန်ဖြစ်သည်။ ပုံဆောင်သိုးများကိုစားကျက်သို့ခေါ်သွားရန် ယေရှုအားပြရင်းကိုယ်တော်အတွက် ‘တံခါးဖွင့်ပေး’ ခဲ့သည်။ တစ်ကောင်ချင်းအမည်ဖြင့်ခေါ်၍ အပြင်သို့ထုတ်ဆောင်သွားသောသိုးများအား အဆုံး၌ နောက်သိုးခြံအတွင်းသွင်းခဲ့သည်။ ထိုအကြောင်းကို ကိုယ်တော်က “ငါသည် သိုးဝင်သောတံခါးဝဖြစ်၏” ဟုရှင်းပြသည်။ ယင်းတံခါးဝသည် သိုးခြံသစ်၏တံခါးဝဖြစ်သည်။ မိမိတပည့်များနှင့်ယေရှုပဋိညာဉ်သစ်ဖွဲ့ပြီး ပင်တေကုတ္တေပွဲတော်နောက်ပိုင်း သူတို့အပေါ် ကောင်းကင်မှသန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းသည့်အခါ သူတို့သည်သိုးခြံသစ်အတွင်းဝင်ခွင့်ရကြသည်။
မိမိ၏ကဏ္ဍပိုင်းကိုထပ်မံရှင်းရင်း ကိုယ်တော်က “ငါသည်တံခါးဝဖြစ်၏။ ငါဖြင့်ဝင်သောသူသည် ဘေးနှင့်ကင်းလွတ်လျက် ထွက်ဝင်၍ကျက်စားရာကိုတွေ့ရလိမ့်မည်။ . . . ငါမူကား သိုးတို့သည် အသက်လွတ်ရုံမျှမက အထူးသဖြင့်အသက်နှင့်ပြည့်စုံစေခြင်းငှာလာသတည်း။ . . . ငါသည်ကောင်းသောသိုးထိန်းလည်းဖြစ်၏။ ခမည်းတော်သည်ငါ့ကိုသိတော်မူ၍ ငါသည်လည်း ခမည်းတော်ကိုသိသကဲ့သို့ ငါ၏သိုးတို့ကိုငါသိ၏။ ငါ့သိုးတို့သည်လည်းငါ့ကိုသိကြ၏။ ကောင်းသောသိုးထိန်းသည် သိုးတို့အဖို့အလိုငှာ မိမိအသက်ကိုစွန့်တတ်၏” ဟုပြောသည်။
မကြာမီက တပည့်များအား ယေရှုက “သိုးစုငယ်၊ သင်တို့သည်မကြောက်ကြနှင့်။ သင်တို့အဘသည် သင်တို့အားနိုင်ငံကိုပေးခြင်းငှာအလိုရှိတော်မူ၏” ဟုနှစ်သိမ့်ခဲ့သည်။ နောက်ဆုံး ၁၄၄၀၀၀ ပြည့်လာသောဤသိုးစုငယ်သည် ဤဒုတိယသိုးခြံအသစ်ထဲဝင်လာသည်။ ယေရှုကဆက်၍ “ဤသိုးခြံသို့မဝင်သော အခြားသိုးတို့ကိုလည်းငါပိုင်သေး၏။ ထိုသိုးတို့ကိုငါဆောင်ခဲ့ရမည်။ သူတို့သည်လည်း ငါ့စကားသံကိုနားထောင်သဖြင့် သိုးခြံတစ်ခုသိုးထိန်းတစ်ပါးတည်းရှိရလိမ့်မည်” ဟုဆိုသည်။
“အခြားသိုး” များသည် “ဤသိုးခြံနှင့်မဆိုင်” ရကား တတိယသိုးခြံတစ်ခုမှဖြစ်ရမည်။ ဤနောက်ပိုင်းသိုးခြံနှစ်ခုရှိသိုးများ၏အနာဂတ်သည်ခြားနား၏။ သိုးခြံတစ်ခုရှိ “သိုးစုငယ်” သည်ကောင်းကင်တွင်ခရစ်တော်နှင့်အတူအုပ်ချုပ်ပြီး “အခြားသိုး” တို့သည်မြေကြီးပရဒိသုတွင်နေကြရမည်။ သိုးခြံနှစ်ခုတွင်ရှိလင့်ကစား၊ သိုးများမနာလိုခြင်း၊ ခွဲခြားခံရသည်ဟုထင်မှတ်ခြင်းမရှိကြ။ ယေရှုပြောသကဲ့သို့ သူတို့သည် “သိုးထိန်းတစ်ပါး” အောက်၌ရှိသော “သိုးစုတစ်စုဖြစ်လာ” ခြင်းကြောင့်ဖြစ်သည်။
သိုးခြံနှစ်ခုစလုံးရှိသိုးများ၏သိုးထိန်းကောင်းယေရှုသည် တလိုတလားအသက်စတေးသည်။ “ကိုယ်အလိုအလျောက်ငါစွန့်၏။ ကိုယ်အသက်ကိုစွန့်ရသောအခွင့်နှင့် နောက်တစ်ဖန်ကိုယ်အသက်ကိုယူပြန်ရသောအခွင့်သည် ငါ၌ရှိ၏။ ထိုအခွင့်ကို ခမည်းတော်သည်ပေးတော်မူပြီဟုမိန့်တော်မူသည်။” ယင်းကြောင့် ယုဒလူတို့စိတ်ဝမ်းကွဲကြ၏။
လူတို့က “သူသည်နတ်ဆိုးစွဲ၍ အရူးဖြစ်၏။ သူ့စကားကို အဘယ်ကြောင့်နားထောင်သနည်း၊” “သူ့စကားသည် နတ်ဆိုးစွဲသောသူ၏စကားမဟုတ်” ဟုဆိုသည့်ပြင် လအနည်းငယ်က မျက်မမြင်တစ်ဦးကိုကုသပေးခဲ့ရာ “နတ်ဆိုးသည် မျက်စိကန်းသောသူတို့ကို မြင်စေခြင်းငှာတတ်နိုင်သလော” ဟုဆိုကြ၏။ ယောဟန် ၁၀:၁-၂၂၊ ၉:၁-၇။ လုကာ ၁၂:၃၂။ ဗျာဒိတ် ၁၄:၁၊ ၃၊ ၂၁:၃၊ ၄။ ဆာလံ ၃၇:၂၉။
▪ အပ်နှံပွဲကား အဘယ်နည်း။ အဘယ်အခါတွင် ကျင်းပသနည်း။
▪ ပထမသိုးခြံကားအဘယ်နည်း။ ယင်း၏တံခါးစောင့်ကားမည်သူနည်း။
▪ သိုးထိန်းအား တံခါးစောင့်က မည်သို့တံခါးဖွင့်ပေးခဲ့သနည်း။ နောက်ပိုင်းတွင် သိုးတို့ကို အဘယ်တွင်သွင်းသနည်း။
▪ မည်သူတို့သည်သိုးထိန်းကောင်းပိုင်ဆိုင်သောသိုးခြံနှစ်ခြံနှင့်ဆိုင်သနည်း။ သူတို့သည်သိုးစုဘယ်နှစ်စုဖြစ်လာသနည်း
။