အခန်း ၈၁
ယေရှုကိုကွပ်မျက်ရန်ထပ်မံအားထုတ်မှုများ
ဆောင်းအချိန်ဖြစ်၍ ယေရှုသည် ဗိမာန်တော်ရှိရှောလမုန်၏ကနားပြင်၌လမ်းလျှောက်နေသည်။ ဤနေရာတွင်ယုဒလူများ ကိုယ်တော်ကိုဝိုင်းရံ၍ ဤသို့မေးကြသည်။ “သင်သည်အဘယ်မျှကာလပတ်လုံး ငါတို့ကိုယုံမှားစေမည်နည်း။ ခရစ်တော်မှန်လျှင်အတည့်အလင်းပြောပါ။”
ကိုယ်တော်ဤသို့ဖြေသည်။ “ငါပြောပြီ။ သင်တို့သည်မယုံကြည်ကြ။” ရေတွင်း၌ ရှမာရိအမျိုးသမီးအားပြောသကဲ့သို့ သူတို့အားမိမိခရစ်တော်ဖြစ်ကြောင်း တိုက်ရိုက် မပြော။ သို့တိုင်၊ မိမိသည်အထက်အရပ်မှဖြစ်ကြောင်း၊ အာဗြဟံမတိုင်မီကရှိနှင့်ကြောင်းရှင်းပြသည့်အခါ မိမိမည်သူဖြစ်ကြောင်းကိုယ်တော်ပြောနေခြင်းဖြစ်သည်။
သို့သော်လည်း၊ ယေရှုက မိမိပြီးစီးအောင်ဆောင်ရွက်မည့်အမှုကို သမ္မာကျမ်းစာကြိုတင်ပြောသည့်အတိုင်း မိမိဆောင်ရွက်မှုများက ပြမပြနှိုင်းယှဉ်ခြင်းဖြင့် မိမိခရစ်တော်ဖြစ်ကြောင်း လူတို့အားသူတို့ဘာသာကောက်ချက်ချစေလိုသည်။ ထို့ကြောင့် အစောပိုင်းက မိမိသည် ခရစ်တော်ဖြစ်ကြောင်းမည်သူ့အားမျှမပြောရန် တပည့်များအားတားမြစ်ခြင်းဖြစ်သည်။ ယင်းကြောင့်ဤရန်လိုသည့်ယုဒလူတို့အား ကိုယ်တော်ဤသို့ဆက်၍ပြောသည်။ “ငါ့ခမည်းတော်၏အခွင့်နှင့်ငါပြုသောအမှုတို့သည် ငါ၏သက်သေဖြစ်ကြ၏။ သို့သော်လည်းသင်တို့သည်မယုံကြည်ကြ။”
သူတို့အဘယ်ကြောင့်မယုံကြည်ကြသနည်း။ ယေရှုသည်ခရစ်တော်ဖြစ်ကြောင်း လုံလောက်သောအထောက်အထားမရှိ၍လော။ မဟုတ်ပါ။ အဘယ်ကြောင့်မယုံကြောင်း ယေရှု၏စကားကဖော်ပြသည်။ “သင်တို့သည်ငါ့သိုးအဝင်မဟုတ်။ . . . ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကိုငါသိ၏။ ထာဝရအသက်ကိုလည်းငါပေး၏။ ထိုသိုးတို့သည် ပျက်စီးခြင်းနှင့်အစဉ်မပြတ်ကင်းလွတ်ကြလိမ့်မည်။ အဘယ်သူမျှထိုသိုးတို့ကို ငါ့လက်မှမနှုတ်မယူရာ။ ထိုသိုးတို့ကိုငါ၌အပ်ပေးတော်မူသောငါ့ခမည်းတော်သည် ခပ်သိမ်းသောသူတို့ထက်ကြီးမြတ်တော်မူသည်ဖြစ်၍ အဘယ်သူမျှထိုသိုးတို့ကိုငါ့ခမည်းတော်၏လက်မှမနှုတ်မယူရာ။”
၄င်းနောက် “ငါသည်ငါ့ခမည်းတော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်သည်” ဟုရှင်းပြရင်း ခမည်းတော်နှင့်မိမိ၏ရင်းနှီးသောဆက်ဆံရေးကိုဖေါ်ပြသည်။ ယေရှုသည်မြေကြီးပေါ်ရှိပြီး ခမည်းတော်သည် ကောင်းကင်၌ရှိရကား ပကတိသဘော၊ ရူပကသဘောအရ မိမိဖခင်နှင့်တစ်ပါးတည်းဖြစ်ကြောင်းပြောနေခြင်းမဟုတ်သည်မှာရှင်းနေပါသည်။ ရည်ရွယ်ချက် (သို့) စည်းလုံးခြင်း၌ တစ်လုံးတစ်ဝညီညွတ်ကြောင်းကို ကိုယ်တော်ဆိုလိုသည်။
ယေရှု၏စကားကြောင့်အမျက်ထွက်ကြသောယုဒလူတို့သည် လအနည်းငယ်က တဲတော်ပွဲကျင်းပစဉ်ကကဲ့သို့ ကိုယ်တော်ကိုသတ်ရန် ကျောက်ခဲများကိုကောက်ကြ၏။ မိမိကိုသတ်မည့်သူများကို ကိုယ်တော်ရင်ဆိုင်၍ဤသို့ပြောသည်။ “ငါသည်ငါ့ခမည်းတော်၏အခွင့်နှင့်ကောင်းသောအမှုအများတို့ကို သင်တို့အားပြပြီ။ ထိုအမှုတို့တွင် အဘယ်မည်သောအမှုကြောင့် ငါ့ကိုခဲနှင့်ပစ်ကြမည်နည်း။”
“ကောင်းသောအမှုကြောင့် ခဲနှင့်ပစ်မည်မဟုတ်။ သင်သည်လူဖြစ်လျက်ပင် ဘုရားသခင်ဖြစ်ယောင်ဆောင်၍ ဘုရားသခင်ကိုလွန်ကျူးသောစကားကြောင့်ခဲနှင့်ပစ်မည်” ဟုဖြေကြသည်။ ယေရှုက မိမိသည်ဘုရားတစ်ပါးဖြစ်ကြောင်းတစ်ကြိမ်မျှမဆိုသော်လည်း ယုဒလူများကအဘယ်ကြောင့်ထိုသို့ဆိုကြသနည်း။
ဘုရားသခင်သာအကြွင်းမဲ့ပိုင်ဆိုင်သည်ဟု သူတို့အထင်ရှိသောတန်ခိုးကို မိမိပိုင်ဆိုင်သည်ဟု ယေရှုဆိုခဲ့၍ဖြစ်သည်။ ဥပမာပြရသော်၊ အဘယ်လူသားမျှမတတ်နိုင်သည့် “ထာဝရအသက်ကိုသူတို့အားငါပေးမည်” ဟု “သိုးများ” ကိုရည်ညွှန်း၍ယခုပင်ဆိုသည်။ ယေရှုသည် ဖခင်အခွင့်နှင့်ထိုသို့ပြောကြောင်းဝန်ခံချက်ကိုကား သူတို့သတိမမူကြချေ။
ဘုရားသခင်ထက်မိမိနိမ့်ကြောင်း ဤသို့အခိုင်အမာဆိုသည်။ “ ‘သင်တို့သည် ဘုရားဖြစ်ကြ၏၊ ငါဆိုသည်’ ဟုသင်တို့၏ပညတ္တိကျမ်းစာ၌ [ဆာလံ ၈၂:၆ တွင်] လာသည်မဟုတ်လော။ ဘုရားသခင်၏ဗျာဒိတ်တော်ကိုခံရသောသူတို့ကို ဘုရားဟူ၍ခေါ်ရလျှင်လည်းကောင်း၊ ကျမ်းစကားကိုမပယ်ရလျှင်လည်းကောင်း ခမည်းတော်သည်သန့်ရှင်းစေ၍ ဤလောကသို့စေလွှတ်တော်မူသောသူက ငါသည်ဘုရားသခင်၏သားတော်ဟုဆိုသောကြောင့် ‘သင်သည်ဘုရားသခင်ကိုလွန်ကျူး၍ပြောသည်’ ဟုထိုသူအားဆိုရသလော။”
မှန်ပါသည်။ ကျမ်းစာကမတရားသောလူ့တရားသူကြီးတို့အား “ဘုရားများ” ဟူ၍သမုတ်ထားခြင်းကြောင့် ငါသည်ဘုရားသားတော်ဖြစ်သည်ဟူ၍ယေရှုဆိုခြင်းကို ယုဒလူများအဘယ်အပြစ်ရှာနိုင်မည်နည်း။ ယေရှုဤသို့ဆက်သည်။ “ငါသည်ခမည်းတော်၏အမှုတို့ကိုမပြုလျှင် ငါ့ကိုမယုံကြည်နှင့်။ ပြုလျှင်ငါ့ကိုမယုံသော်လည်း ထိုအမှုတို့ကိုယုံကြလော့။ ထိုသို့ယုံလျှင် ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကိုလည်းကောင်း၊ ငါသည်ခမည်းတော်၌ရှိသည်ကိုလည်းကောင်းယုံ၍သိမှတ်ကြလိမ့်မည်။”
ဤသို့ဆိုသည့်အခါ ယုဒလူများယေရှုကိုဖမ်းဆီးရန်ကြိုးစားကြသည်။ သို့သော် တဲတော်ပွဲမှာကဲ့သို့ ကိုယ်တော်လွတ်မြောက်ခဲ့သည်။ ထိုနောက်ယေရုရှလင်မှ ထွက်၍လွန်ခဲ့သောလေးနှစ်က ယောဟန်နှစ်ခြင်းပေးခဲ့သည့်ယော်ဒန်မြစ်နားကိုဖြတ်ပြီးခရီးနှင်သည်။ ဤနေရာသည် ယေရုရှလင်မှနှစ်ရက်ခရီးဝေးသောဂါလိလဲပင်လယ်၏တောင်ဘက်ကမ်းခြေနှင့်မဝေးလှပါ။
ဤနေရာသို့ယေရှုထံလူများစွာလာ၍ ဤသို့ဆိုကြ၏။ “ယောဟန်သည် နိမိတ်လက္ခဏာကိုမပြ။ သို့သော်လည်း ဤသူ၏အကြောင်းကိုယောဟန်ပြောသမျှမှန်ပေ၏။” သို့ဖြင့်လူများစွာသည် ကိုယ်တော်ကိုယုံကြည်ကြ၏။ ယောဟန် ၁၀:၂၂-၄၂၊ ၄:၂၆၊ ၈:၂၃၊ ၅၈။ မဿဲ ၁၆:၂၀။
▪ မိမိသည် ခရစ်တော်ဖြစ်ကြောင်း လူတို့အားယေရှုအဘယ်သဘောဖြင့်သတ်မှတ်စေလိုသနည်း။
▪ ခမည်းတော်နှင့်ယေရှုသည် မည်သို့အားဖြင့်တစ်လုံးတစ်ဝတည်းဖြစ်သနည်း။
▪ ယေရှုသည် မိမိကိုယ်ကိုဘုရားတစ်ပါးဖြစ်စေကြောင်း ယုဒလူများအဘယ်ကြောင့်ပြောကြသနည်း။
▪ မိမိသည် ဘုရားနှင့်တန်းတူမဟုတ်ကြောင်းပြရန် ဆာလံကျမ်းမှယေရှုမည်သို့ကိုးကားပြောဆိုသနည်း။