အခန်း ၁၁၃
နောက်ဆုံးသောပသခါပွဲတွင်နှိမ့်ချခြင်း
ယေရှု၏ညွှန်ကြားမှုဖြင့်ပေတရုနှင့်ယောဟန်တို့သည် ပသခါပွဲကိုပြင်ဆင်ရန် ယေရုရှလင်မြို့တွင်ရောက်နေနှင့်ပြီ။ ယေရှုသည် တမန်တော်ဆယ်ပါးနှင့်အတူ နေ့လည်ချိန်၌ရောက်လာသည်။ အပေါင်းပါတို့နှင့်အတူ သံလွင်တောင်ပေါ်မှဆင်းလာစဉ် နေဝင်လျက်ရှိသည်။ ယင်းသည် ယေရှုမထမြောက်မီအထိ မြို့ကိုဤတောင်ပေါ်မှ နေ့ဘက်နောက်ဆုံးမြင်ရခြင်းဖြစ်သည်။
မကြာမီယေရှုနှင့်အပေါင်းပါတို့သည် မြို့တွင်းရောက်ရှိလာပြီး ပသခါကျင်းပမည့်အိမ်သို့သွားကြသည်။ အထက်ခန်းမကြီးသို့တက်သွားကြရာ သီးသန့်ပသခါပွဲကျင်းပရန် ပြင်ဆင်မှုအားလုံးပြုလုပ်ထားသည်ကို သူတို့တွေ့ကြ၏။ ဤအချိန်အခါကိုယေရှုမျှော်ခဲ့ပြီး “ငါသည်အသေမခံမီ ဤပသခါပွဲကို သင်တို့နှင့်အတူစားခြင်းငှာအလွန်အလိုရှိလေပြီ” ဟုမိန့်ဆို၏။
ထုံးတမ်းအရ ပသခါပွဲတွင်ပါဝင်သူများသည် စပျစ်ရည်လေးခွက်သောက်ကြသည်။ ယေရှုသည် တတိယခွက်ကိုယူ၍ ကျေးဇူးတော်ချီးမွမ်းပြီး “ငါဆိုသည်ကား၊ ဘုရားသခင်၏နိုင်ငံတော်၌ပသခါပွဲမပြည့်စုံမီတိုင်အောင် ယခုမှစ၍ဤပွဲကိုတစ်ဖန်ငါမစားရဟုမိန့်တော်မူလျက် . . . ဤခွက်ကိုယူ၍အချင်းချင်းဝေကြလော့” ဟုမိန့်ဆို၏။
အစာစားသုံးနေစဉ်တစ်ချိန်၌ ယေရှုသည်ထ၍ ဝတ်လုံတော်ကိုချွတ်ပြီးပဝါကိုယူ၍ အင်တုံ၌ရေဖြည့်လေသည်။ ထုံးစံအရ ဧည့်သည်၏ခြေဆေးကြောပေးရန် အိမ်ရှင်တွင်တာဝန်ရှိသည်။ သို့သော် ဤအချိန်တွင် အိမ်ရှင်မရှိသောကြောင့် ယင်းတာဝန်ကိုယေရှုယူသည်။ တမန်တော်တစ်ပါးပါးသည် ဤအခွင့်အရေးကိုယူနိုင်သည်။ သို့သော်သူတို့ထဲတွင်ပြိုင်ဆိုင်မှုရှိနေသဖြင့် မည်သူမျှမလုပ်လိုကြောင်းထင်ရှားသည်။ ယခုသူတို့ခြေကိုယေရှုစတင်ဆေးသောအခါ သူတို့စိတ်အနှောင့်အယှက်ဖြစ်ကြသည်။
ပေတရုဆီသို့ယေရှုအလှည့်ရောက်သောအခါ သူက “ကိုယ်တော်သည်အကျွန်ုပ်၏ခြေကို အလျှင်းဆေးတော်မမူရ” ဟုကန့်ကွက်၏။
ယေရှုက “သင့်ကိုငါမဆေးရလျှင် သင်သည်ငါနှင့်မဆက်ဆံရ” ဟုမိန့်တော်မူ၏။
ပေတရုကလည်း “ခြေကိုသာမဆေးပါနှင့်။ လက်ကိုလည်းကောင်း၊ ဦးခေါင်းကိုလည်းကောင်း ဆေးတော်မူပါ” ဟုလျှောက်ပြန်၏။
ယေရှုကလည်း “ရေချိုးပြီးသူမည်သည်ကိုယ်လုံးစင်ကြယ်သည့်အလျောက်၊ ခြေမှမှတစ်ပါး ဆေးရန်မလို။ သင်တို့သည်စင်ကြယ်ကြ၏။ သို့ရာတွင် သင်တို့ရှိသမျှစင်ကြယ်ကြသည်မဟုတ်” (သမ ) ဟုမိန့်ဆို၏။ ဤသို့ပြောရခြင်းမှာ ယုဒရှကာရုတ်သည် မိမိအားသစ္စာဖောက်ရန်စီစဉ်နေကြောင်းသိ၍ဖြစ်၏။
ယေရှုသည် မိမိအားသစ္စာဖောက်မည့်ယုဒအပါအဝင် ၁၂ ပါးစလုံး၏ခြေကိုဆေးကြောပြီးနောက် ဝတ်လုံကိုဝတ်၍စားပွဲ၌လျောင်းတော်မူ၏။ ထိုနောက်ကိုယ်တော်မေးတော်မူ၏။ “သင်တို့၌ငါပြုသောအမှုကိုနားလည်ကြသလော။ သင်တို့သည် ငါ့ကို ‘ဆရာ၊’(ကဘ) ‘သခင်’ ဟူ၍ခေါ်တတ်ကြ၏။ ထိုစကားသည် ဟုတ်မှန်သောစကားဖြစ်၏။ အကြောင်းမူကား၊ သင်တို့ခေါ်ကြသည်အတိုင်း ငါမှန်၏။ ငါသည်သခင်ဖြစ်လျက်၊ ဆရာလည်းဖြစ်လျက်နှင့် သင်တို့၏ခြေကိုဆေးလျှင် သင်တို့သည် အချင်းချင်းတို့၏ခြေကိုဆေးကြရမည်။ ငါသည်သင်တို့၌ပြုသကဲ့သို့ သင်တို့သည်ပြုစေခြင်းငှာ ပုံသက်သေကိုပြခဲ့ပြီ။ ငါအမှန်အကန်ဆိုသည်ကား၊ ကျွန်သည်သခင်ထက်သာ၍ကြီးမြတ်သည်မဟုတ်။ တမန်သည်လည်း စေလွှတ်သောသူထက်သာ၍ကြီးမြတ်သည်မဟုတ်။ ဤအရာများကိုသင်တို့သိ၍ သိသည်အတိုင်းကျင့်လျှင် မင်္ဂလာရှိကြ၏။”
နှိမ့်ချမှုအတွက် မည်မျှနှစ်လိုဖွယ်သင်ခန်းစာပါတကား။ တမန်တော်တို့သည် ဦးစားပေးခံရလိုစိတ်မရှိသင့်။ မိမိတို့သည်အရေးပါလှသဖြင့် သူတစ်ပါးကသာအမြဲအစေခံရမည်ဟုမထင်သင့်။ ယေရှု၏ပုံနမူနာကို သူတို့လိုက်နာရန်လိုသည်။ ဤအလုပ်သည်ထုံးတမ်းအရသာ ခြေဆေးခြင်းမဟုတ်ဘဲ မည်မျှနိမ့်ကျပါစေ၊ မည်မျှမနှစ်သက်ဖွယ်ဖြစ်ပါစေ မျက်နှာမလိုက်တမ်း စိတ်ပါလက်ပါထမ်းဆောင်ခြင်းဖြစ်သည်။ မဿဲ ၂၆:၂၀၊ ၂၁။ မာကု ၁၄:၁၇၊ ၁၈။ လုကာ ၂၂:၁၄-၁၈၊ ၇:၄၄။ ယောဟန် ၁၃:၁-၁၇။
▪ ပသခါပွဲကျင်းပရန် မြို့ထဲဝင်သောအခါ ယေရုရှလင်မြို့ကို ယေရှု၏ရှုမြင်ရပုံမည်သို့ထူးခြားသနည်း။
▪ ပသခါပွဲကျင်းပနေစဉ် ကျေးဇူးတော်ချီးမွမ်းပြီးနောက် ယေရှုသည် တမန်တော် ၁၂ ပါးအားမည်သည့်ခွက်ကို လက်ဆင့်ကမ်းပေးခဲ့ကြောင်းထင်ရှားသနည်း။
▪ ယေရှုမြေကြီးပေါ်ရှိစဉ် ဧည့်သည်များကိုမည်သို့ပြုသောဓလေ့ထုံးစံရှိသနည်း။ ယေရှုနှင့်တမန်တော်များ ပသခါပွဲကျင်းပစဉ်အဘယ်ကြောင့် ဤသို့မပြုလုပ်သနည်း။
▪ ယေရှုသည် မိမိတမန်တော်များ၏ခြေကို ဆေးသောအစေခံအလုပ်လုပ်ရာ၌ မည်သည့်ရည်ရွယ်ချက်ရှိသနည်း။