ယေရှု၏မေတ္တာတော်ကိုသင်တုံ့ပြန်မည်လော
“ခရစ်တော်၏ချစ်ခြင်းမေတ္တာသည် ငါတို့ကိုအနိုင်အထက်သွေးဆောင်၏။”—၂ကောရိန္သု ၅:၁၅။
၁။ ယေရှု၏မေတ္တာတော်မည်သို့တင်ပြခံရသနည်း။
ယေရှု၏မေတ္တာတော်ကား မည်မျှအံ့ချီးဖွယ်ပါတကား။ ယင်းအားဖြင့်သာလျှင် ကျွန်ုပ်တို့ထာဝရအသက်ရနိုင်သော ရွေးဖိုးကို ကိုယ်တော်ပေးဆက်စဉ်က မဖော်ပြနိုင်လောက်အောင်မည်သို့ခံစားရသည်ကို ကျွန်ုပ်တို့စဉ်းစားလိုက်သောအခါ ကိုယ်တော့်ကိုကျေးဇူးတင်လေးစားရန် ကျွန်ုပ်တို့၏နှလုံးသားမှ လှုံ့ဆော်ခံကြရသည်။ ကျွန်ုပ်တို့သည် အပြစ်သားများဖြစ်သည့်ကြားကပင် ယေဟောဝါဘုရားသခင်နှင့်ယေရှုတို့က အစပြု၍ ကျွန်ုပ်တို့အားချစ်တော်မူသည်။ (ရောမ ၅:၆-၈။ ၁ ယောဟန် ၄:၉-၁၁) “ခရစ်တော်၏မေတ္တာတော်” ကိုသိနားလည်သောအားဖြင့် တမန်တော်ပေါလုက “သာလွန်ထူးကဲသောအသိပညာ” ဟုရေးသားခဲ့သည်။ (ဧဖက် ၃:၁၉၊ ကဘ ) မှန်ပါသည်၊ ယေရှု၏မေတ္တာတော်သည် စာတွေ့အသိပညာထက် များစွာသြဇာကြီးမားပါသည်။ လူသားများသိမြင်တွေ့ကြုံဖူးသည့် မည်သည့်အရာထက်မဆို သာလွန်ပါသည်။
၂။ ကျွန်ုပ်တို့ကိုချစ်သောယေရှု၏မေတ္တာတော်မှ မဝေးကွာစေနိုင်သောအရာများကား အဘယ်နည်း။
၂ ရောမမြို့ရှိခရစ်ယာန်များထံသို့ ပေါလုစာရေးသောအခါ “ခရစ်တော်၏ချစ်ခြင်းမေတ္တာနှင့် ငါတို့ကိုအဘယ်သူကွာစေနိုင်မည်နည်း။ ဆင်းရဲငြိုငြင်ခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်း၊ မွတ်သိပ်ခြင်း၊ အဝတ်အချည်းစည်းရှိခြင်း၊ ဘေးနှင့်တွေ့ကြုံခြင်း၊ ကွပ်မျက်ခြင်း” တို့လောဟု သူမေးလိုက်သည်။ ယင်းအရာတစ်ခုမျှ ကျွန်ုပ်တို့အားချစ်သည့် ယေရှု၏မေတ္တာတော်ကို မတားဆီးနိုင်ချေ။ “သေခြင်းဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အထွတ်အမြတ်ဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောင်လာလတ္တံ့သောအရာဖြစ်စေ၊ အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဤအရာမှစ၍ အဘယ်နိမ္မိတအရာမျှသည် ငါတို့သခင်ယေရှုအားဖြင့်ခံရသော ဘုရားသခင်၏မေတ္တာတော်နှင့် ငါတို့ကိုမကွာစေနိုင်ဟု ငါသည်သဘောကျလျက်ရှိ၏” ဟုပေါလုဆက်ပြောသည်။—ရောမ ၈:၃၅-၃၉။
၃။ မည်သည့်အကြောင်းကသာလျှင် ယေရှုနှင့်ကိုယ်တော်၏ခမည်းတော်တို့ ကျွန်ုပ်တို့အားစွန့်စေနိုင်သနည်း။
၃ ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ်တို့က သင့်ကိုချစ်သောမေတ္တာတော်သည် အလွန်အစွမ်းခွန်အားကြီးမားလှသည်။ သင့်ကိုချစ်ခြင်းမှရပ်စဲစေနိုင်သည့် တစ်ခုတည်းသောအကြောင်းမှာ ကိုယ်တော်တို့တောင်းဆိုရာများကိုပြုရန် ငြင်းဆန်ခြင်းအားဖြင့် သူတို့၏မေတ္တာတော်ကိုငြင်းပယ်ခြင်းဖြစ်သည်။ တစ်ခါသော် ဘုရားသခင်၏ပရောဖက်တစ်ဦးက ယုဒရှင်ဘုရင်အား ဤသို့ရှင်းပြခဲ့သည်။ “သင်တို့သည် ထာဝရဘုရားဘက်၌နေလျှင် နေစဉ်ကာလ ထာဝရဘုရားသည် သင်တို့နှင့်အတူရှိတော်မူမည်။ ထာဝရဘုရားကိုရှာလျှင် အတွေ့ခံတော်မူမည်။ စွန့်လျှင် သင်တို့ကိုစွန့်တော်မူမည်။” (၂ ရာဇဝင်ချုပ် ၁၅:၂) ကျွန်ုပ်တို့မှ မည်သူတစ်ဦးတစ်ယောက်သည် ယေဟောဝါနှင့်ယေရှုတို့ကဲ့သို့ အံ့ချီးဖွယ်ကောင်း၍ စာနာတတ်သောမိတ်ဆွေများထံမှ လှည့်ထွက်သွားလိုကြသနည်း။
ယေရှု၏မေတ္တာတော်ကိုထိုက်တန်စွာတုန့်ပြန်ခြင်း
၄၊ ၅။ (က) ကျွန်ုပ်တို့အားချစ်သည့်ယေရှု၏မေတ္တာတော်က ကျွန်ုပ်တို့လူသားချင်းဆက်ဆံရေးကို မည်သို့အကျိုးသက်ရောက်သင့်သနည်း။ (ခ) ကျွန်ုပ်တို့အားယေရှုချစ်သည့်အတွက် အခြားမည်သူ့ကိုလည်းချစ်ရန် ကျွန်ုပ်တို့တိုက်တွန်းခံကြရသနည်း။
၄ ယေရှု၏အကန့်အသတ်မရှိသောမေတ္တာတော်က အသင်တစ်ဦးချင်းအပေါ် မည်သို့အကျိုးသက်ရောက်သနည်း။ သင်မည်သို့ဖြစ်သင့်သနည်း။ ယေရှုထင်ရှားပြသခဲ့သောမေတ္တာတော်က ကျွန်ုပ်တို့လူသားချင်းဆက်ဆံရေးကိုသြဇာသက်ရောက်သင့်ကြောင်း ကိုယ်တော်ဖော်ပြတော်မူခဲ့သည်။ တမန်တော်များ၏ ခြေကိုနှိမ့်ချစွာဆေးကြောပြီးနောက် “ငါသည် သင်တို့၌ပြုသကဲ့သို့ သင်တို့သည်ပြုစေခြင်းငှာ ပုံသက်သေကိုပြခဲ့ပြီ၊ ဟုယေရှုမိန့်တော်မူခဲ့သည်။ ဆက်၍ “ငါသည်သင်တို့ကိုချစ်သည့်နည်းတူ အချင်းချင်းချစ်ကြလော့ဟုပညတ်သစ်ကို ငါပေး၏” ဟူ၍လည်းမိန့်တော်မူခဲ့သည်။ (ယောဟန် ၁၃:၁၅၊ ၃၄) ကိုယ်တော့်တပည့်တော်တို့သည် ကိုယ်တော်ထံမှသင်ယူရရှိပြီး ကိုယ်တော်ပြုတော်မူသည့်အတိုင်းပြုလုပ်ရန် လှုံ့ဆော်ခံရကြသည်။ “ခရစ်တော်သည် ငါတို့အဖို့အလိုငှာ အသက်တော်ကိုစွန့်တော်မူသည့်အရာကို ငါတို့သည်ထောက်၍ မေတ္တာတော်ကိုသိရကြပြီ” ငါတို့သည်လည်း၊ ညီအစ်ကိုချင်းတို့အဖို့အလို့ငှာ အသက်ကိုစွန့်ရကြ၏” ဟုတမန်တော်ယောဟန်ရေးသားခဲ့သည်။—၁ယောဟန် ၃:၁၆။
၅ ကိုယ်တော်၏ပုံသက်သေက ကျွန်ုပ်တို့အား လူသားချင်းကိုချစ်ပြီး သူတို့ကိုအကျိုးပြုရန်အတွက်သာလှုံ့ဆော်သည်မှန်လျှင် ယေရှုဘဝနှင့်ဓမ္မအမှု၏ရည်ရွယ်ချက်ကို ကျွန်ုပ်တို့လက်လွတ်ဆုံးရှုံးသွားပေမည်။ ကျွန်ုပ်တို့အားချစ်သည့်ယေရှု၏မေတ္တာတော်က ကိုယ်တော်အားတုန့်ပြန်ချစ်ရန်၊ အထူးသဖြင့် ကိုယ်တော်အား အလုံးစုံကိုသင်ကြားပေးတော်မူသောခမည်းတော်ကိုချစ်ရန် မဖြစ်စေသင့်ပေလော။ ယေရှု၏မေတ္တာတော်ကိုသင်တုန့်ပြန်ပြီး ကိုယ်တော်ကဲ့သို့ပင် ခမည်းတော်၏အလိုတော်ကိုထမ်းဆောင်မည်လော။—ဧဖက် ၅:၁၊ ၂။ ၁ပေတရု ၁:၈၊ ၉။
၆။ ယေရှု၏မေတ္တာတော်က တမန်တော်ပေါလုအပေါ် မည်သို့သြဇာသက်ရောက်ခဲ့သနည်း။
၆ နောက်ပိုင်းတွင် ပေါလုဖြစ်လာသော ရှောလု၏ကိစ္စကိုစဉ်းစားကြည့်ပါ။ တစ်ချိန်က ယေရှုကို နှိပ်စက်ညှဉ်းဆဲပြီး “တပည့်တော်တို့တစ်ဖက်၌ ခြိမ်းခြောက်၍ အသေသတ်ခြင်းငှာ ပြင်းစွာအသက်ရှူ” သူဖြစ်သည်။ (တမန်တော် ၉:၁-၅။ မဿဲ ၂၅:၃၇-၄၀) ယေရှုကို ပေါလုအမှန်တကယ်သိလာသောအခါ ခွင့်လွှတ်ခံရခြင်းအတွက် သူမည်မျှကျေးဇူးတင်သနည်းဟူမူ ယေရှုအတွက်ဆင်းရဲဒုက္ခခံရန်သာမက အသေခံရန်ပင်အဆင်သင့်ရှိသည်။ “ငါသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေခံပြီ။ သို့သော်လည်း . . . ကိုယ်ခန္ဓာ၌ယခုငါရှင်သောအသက်သည် ဘုရားသခင်၏သားတော်ကို ယုံကြည်ခြင်းအားဖြင့်တည်၏။”—ဂလာတိ ၂:၂၀။
၇။ ယေရှု၏မေတ္တာတော်က ကျွန်ုပ်တို့အားဘာလုပ်ရန်တိုက်တွန်းသင့်သနည်း။
၇ ကျွန်ုပ်တို့အပေါ်ထားရှိသည့်ယေရှု၏မေတ္တာတော်က ကျွန်ုပ်တို့၏အသက်တာတွင် အနိုင်အထက်သွေးဆောင်သည့် စွမ်းပကားကြီးတစ်ခုပါတကား။ ကောရိန္သုအသင်းတော်သို့ပေါလုစာရေးရာတွင် ‘ကိုယ်အလိုသို့လိုက်၍မရှင်၊ (မိမိတို့) အတွက်ကြောင့်အသေခံပြီးမှ ထမြောက်တော်မူသောသူ၏အလိုသို့လိုက်၍ရှင်’ရန် “ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်သည် ငါတို့ကိုအနိုင်အထက်သွေးဆောင်၏” ဟုရေးသားခဲ့သည်။ (၂ ကောရိန္သု ၅:၁၄၊ ၁၅) အမှန်မှာ ကျွန်ုပ်တို့အတွက် အသက်ပေးခဲ့သောယေရှုကို ကျေးဇူးတင်ခြင်းသည် ကိုယ်တော်တောင်းဆိုသည့်အရာမှန်သမျှကို လုပ်ဆောင်ရန် ကျွန်ုပ်တို့အားတိုက်တွန်းသင့်သည်။ ဤနည်းအားဖြင့်သာလျှင် ယေရှုကိုကျွန်ုပ်တို့ချစ်ကြောင်း သက်သေတင်ပြရာရောက်မည်။ “ငါ့ကိုချစ်လျှင် ငါ့ပညတ်တို့ကိုစောင့်ရှောက်ကြလော့” “ငါ့ပညတ်တို့ကိုရ၍ စောင့်ရှောက်သောသူသည် ငါ့ကိုချစ်သောသူဖြစ်၏” ဟုကိုယ်တော်မိန့်တော်မူခဲ့သည်။—ယောဟန် ၁၄:၁၅၊ ၂၁။ ၁ ယောဟန် ၂:၃-၅ နှင့်နှိုင်းယှဉ်ပါ။
၈။ ယေရှု၏မေတ္တာတော်က အမှားပြုသူများ၏ဘဝကို မည်သို့အကျိုးသက်ရောက်သနည်း။
၈ ရှေးကောရိန္သုမြို့ရှိ မတရားမေထုန်ပြုသူများ၊ သူ့မယားပြစ်မှားသူများ၊ လိင်တူမေထုန်ပြုသူများ၊ သူခိုးများ၊ သေသောက်ကြူးသူများနှင့် အနိုင်အထက်လုယူသူများတို့သည် ယေရှု၏ပညတ်တော်များကိုသိရှိလာပြီးနောက်ပိုင်း ကိုယ်တော့်မေတ္တာတော်ကိုတုန့်ပြန်သောအားဖြင့် ထိုအကျင့်များကို စွန့်ပစ်ခဲ့ကြသည်။ သူတို့ထံသို့စာရေးရာတွင် တမန်တော်ပေါလုက “သခင်ယေရှုနာမတော်အားဖြင့် . . . ဆေးကြောသန့်ရှင်း၍ ဖြောင့်မတ်ရာသို့ရောက်ကြပြီ” ဟုဖော်ပြခဲ့သည်။ (၁ကောရိန္သု ၆:၉-၁၀) အလားတူစွာပင် ယနေ့ များစွာသောသူတို့အား မိမိတို့၏ဘဝကို သိသာထင်ရှားစွာပြောင်းလဲရန် ယေရှု၏မေတ္တာတော်က လှုံ့ဆော်သည်။ “ခရစ်ယာန်ဘာသာတရား၏စစ်မှန်သောအောင်မြင်မှုမှာ ထိုဘာသာတရား၏အယူဝါဒကို ယုံကြည်လက်ခံပါသည်ဟုဆိုသောသူတို့ကို လူကောင်းဖြစ်အောင်ပြုလုပ်ပေးခြင်းအားဖြင့် ထင်ရှားသည်။ သူတို့၏ အပြစ်တင်စရာအကြောင်းမရှိသောအသက်တာ၊ ကဲ့ရဲ့စရာအကြောင်းမရှိသောစာရိတ္တ၊ တိုင်းသူပြည်သားကောင်းအဖြစ်နှင့် ခရစ်ယာန်ဂုဏ်ကျက်သရေတို့နှင့်ပတ်သက်၍ ကျွန်ုပ်တို့သာဓကများရရှိထားသည်” ဟုသမိုင်းဆရာဂျွန်လော့ဒ်က ရေးသားခဲ့သည်။ ယေရှု၏သွန်သင်ချက်များက မည်သို့ထူးခြားစေသနည်း။
၉။ ယေရှုကိုနားထောင်ခြင်းတွင် အဘယ်အရာပါဝင်သနည်း။
၉ လူတစ်ဦးအတွက် ယေရှုခရစ်တော်၏ဘဝနှင့်ဓမ္မအမှုကိုလေ့လာခြင်းထက် သာ၍အရေးကြီးသော လေ့လာစရာအကြောင်းမရှိသည်မှာ သေချာပါသည်။ “ယေရှုကို စေ့စေ့ထောက်ရှုကြ” ရန် “ထိုသခင်ကို ထောက်ရှုဆင်ခြင်” ကြရန် တမန်တော်ပေါလုအားပေးခဲ့သည်။ (ဟေဗြဲ ၁၂:၂၊ ၃) ယေရှုကိုယ်ယောင်ထွန်းတောက်ခဲ့စဉ်က ဘုရားသခင်ကိုယ်တော်တိုင် သားတော်နှင့်ပတ်သက်၍ မိန့်တော်မူခဲ့သည်မှာ “သူ၏စကားကိုနားထောင်ကြလော့” ဟူ၍ဖြစ်သည်။ (မဿဲ ၁၇:၅) ယေရှုကိုနားထောင်ခြင်းသည် ကိုယ်တော်ပြောသည့်အရာများကို နားထောင်ခြင်းသက်သက်ထက်မကပါဝင်ကြောင်း အထူးပေါ်လွင်သင့်သည်။ ယင်းကား ကိုယ်တော်၏ညွှန်ကြားချက်များကိုလိုက်နာခြင်း၊ ကိုယ်တော်ပြုတော်မူသည့်နည်းလမ်းအတိုင်း လိုက်၍တုပလုပ်ဆောင်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏စံပြအဖြစ် ကိုယ်တော်၏ခြေတော်ရာများကို ထက်ချပ်မကွာလိုက်လျှောက်ခြင်းအားဖြင့် ကိုယ်တော်၏မေတ္တာတော်ကိုတုန့်ပြန်ကြသည်။
ကျွန်ုပ်တို့အားယေရှုပြုစေလိုသည့်အရာ
၁၀။ မည်သူများကိုယေရှုလေ့ကျင့်ပေးခဲ့ပြီး မည်သည့်ရည်ရွယ်ချက်အတွက်နည်း။
၁၀ ဘုရားသခင်ထံမှ ယေရှုလက်ခံရရှိသောတာဝန်မှာ ခမည်းတော်၏နိုင်ငံတော်အကြောင်းကိုဟောပြောရန်ဖြစ်ပြီး တပည့်တော်များကို ထိုသို့ပြုရန် ကိုယ်တော်လေ့ကျင့်ပေးတော်မူခဲ့သည်။ “ငါသည် နီးစပ်သောမြို့ရွာတို့၌တရားဟောခြင်းငှာ သွားကြကုန်အံ့။ ထိုသို့အလိုငှာ ငါကြွလာပြီ” ဟုတပည့်တော်တို့အား မိန့်တော်မူခဲ့သည်။ (မာကု ၁:၃၈၊ လုကာ ၄:၄၃) ထိုနောက် တမန်တော် ၁၂ ပါးကို တိုးချဲ့လေ့ကျင့်ပေးပြီးနောက် ဤသို့ညွှန်ကြားတော်မူခဲ့သည်။ “သွားစဉ်တွင် ကောင်းကင်နိုင်ငံတော်တည်လုနီးပြီဟု သတင်းကြားပြောကြလော့။” (မဿဲ ၁၀:၇) အခြားတပည့်တော် ၇၀ ကိုလေ့ကျင့်ပေးပြီးနောက်လအနည်းငယ်အကြာတွင် “‘ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၌တည်ထောင်သောအချိန်နီးပြီ’ဟု သူတို့အားဟောပြောကြလော့” ဟူသောအမိန့်တော်နှင့် သူတို့ကိုစေလွှတ်ခဲ့သည်။ (လုကာ ၁၀:၉) ယေရှုသည် မိမိ၏နောက်တော်လိုက်များကို ဟောပြောသူနှင့်သွန်သင်သူများဖြစ်စေလိုသည်မှာ ထင်ရှားပါသည်။
၁၁။ (က) ယေရှု၏တပည့်တော်များသည် မည်သည့်နည်းအားဖြင့် ယေရှုထက်သာ၍ကြီးကျယ်သောအလုပ်ကိုလုပ်ကြမည်နည်း။ (ခ) ယေရှုအသတ်ခံရပြီးနောက်ပိုင်း တပည့်တော်များမည်သို့ဖြစ်ခဲ့ကြသနည်း။
၁၁ လုပ်ငန်းတော်အတွက် တပည့်တော်များကို ယေရှုဆက်လက်လေ့ကျင့်ပေးတော်မူခဲ့သည်။ ကိုယ်တော်အသေမခံရမီ နောက်ဆုံးညနေခင်းတွင် “ငါ့ကိုယုံကြည်သောသူသည် ငါပြုသောအမှုတို့ကို ပြုလိမ့်မည်။ ထိုအမှုတို့ထက်သာ၍ကြီးသောအမှုတို့ကိုလည်း ပြုလိမ့်မည်” ဟုကိုယ်တော်သူတို့ကိုအားပေးခဲ့သည်။ (ယောဟန် ၁၄:၁၂) နောက်တော်လိုက်များ၏အလုပ်မှာ ပို၍ကြီးကျယ်လိမ့်မည်။ အကြောင်းမှာ သူတို့၏ဓမ္မအမှုဆောင်ခြင်းအားဖြင့် သာ၍ဝေးလံသောနေရာ၊ သာ၍များပြားသောလူတို့ထံရောက်ရှိပြီး သာ၍ကြာရှည်စွာလုပ်ဆောင်နိုင်ကြမည်ဖြစ်၍တည်း။ သို့ရာတွင် ယေရှုအသတ်ခံရပြီးနောက်တွင် တပည့်တော်တို့သည် အလွန်ကြောက်ရွံ့တုန်လှုပ်နေခဲ့ကြသည်။ ပုန်းရှောင်နေကြပြီး ကိုယ်တော်လေ့ကျင့်ပေးခဲ့သည့်လုပ်ငန်းကို ဆက်၍မလုပ်ဆောင်ကြပေ။ အချို့တို့သည် ငါးဖမ်းခြင်းလုပ်ငန်းကိုပင် ပြန်လည်လုပ်ကိုင်နေကြသည်။ သို့သော် တပည့်တော်ခုနစ်ဦးအား သူတို့အပါအဝင်နောက်တော်လိုက်အားလုံးလုပ်စေလိုသောလုပ်ငန်းကို မမေ့နိုင်သောနည်းဖြင့် ကိုယ်တော်စွဲမှတ်စေတော်မူခဲ့သည်။
၁၂။ (က) ဂါလိလဲပင်လယ်တွင် အဘယ်အံ့ဖွယ်အမှုကို ယေရှုပြုခဲ့သနည်း။ (ခ) ပေတရုအား “ဤအရာတို့ထက်” မိမိအားပိုချစ်သလောဟုမေးရာတွင် ယေရှုဘာကိုဆိုလိုကြောင်းထင်ရှားသနည်း။
၁၂ ယေရှုသည် လူသားကိုယ်ခန္ဓာကိုယူတင်ပြီး ဂါလိလဲပင်လယ်တွင် ကိုယ်ထင်ပြတော်မူခဲ့သည်။ တမန်တော်ခုနစ်ဦးသည် လှေတစ်စင်းဖြင့် ပင်လယ်ထဲရောက်နေကြပြီး တစ်ညလုံးငါးတစ်ကောင်မျှမရသေးချေ။ ယေရှုက ကမ်းစပ်မှနေ၍ “လှေလက်ယာဖက်၌ပိုက်ကွန်ကိုပစ်ချလော့။ ထိုသို့ပြုလျှင်ငါးကိုရလိမ့်မည်” ဟုအော်ပြောခဲ့သည်။ အံ့သြလောက်အောင်ပင် ပိုက်ကွန်စုတ်ကွဲလုမတတ်ငါးများအပြည့်ရရှိလာသောအခါမှသာ ကမ်းစပ်တွင်ရှိသူသည်ယေရှုဖြစ်ကြောင်း လှေထဲရှိသူတို့သိရှိကြရာ ကိုယ်တော်စောင့်နေသည့်နေရာသို့ သူတို့အလျင်အမြန်သွားကြသည်။ ယေရှုက သူတို့ကိုနံနက်စာကျွေးမွေးတော်မူပြီးနောက် ဖမ်းမိသောငါးများကိုကြည့်လိုက်ပုံရပြီး ပေတရုအား “ယောန၏သားရှိမုန်၊ သင်သည် ဤအရာတို့ထက်ငါ့ကိုသာ၍ချစ်သလော” ဟုမေးတော်မူ၏။ (ယောဟန် ၂၁:၁-၁၅။ ကဘ ) သင်ပြုလုပ်ရန်ငါပြင်ဆင်ပေးထားသောလုပ်ငန်းထက် တံငါလုပ်ငန်းကိုသာ၍မြတ်နိုးသလောဟု ယေရှုဆိုလိုနေခြင်းဖြစ်သည်။
၁၃။ မိမိ၏မေတ္တာတော်ကိုမည်သို့တုန့်ပြန်ရမည်နှင့်ပတ်သက်၍ တပည့်တော်များအား မည်သို့အစွဲကြီးစွဲမှတ်သွားစေခဲ့သနည်း။
၁၃ ပေတရုက “ဟုတ်ပါ၏သခင်၊ ကိုယ်တော်ကိုအကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏” ဟုပြန်လျှောက်၏။ ယေရှုက “ငါ၏သိုးသငယ်တို့ကိုကျွေးမွေးလော့” ဟုမိန့်တော်မူ၏။ ဒုတိယအကြိမ်ယေရှုက “ယောန၏သားရှိမုန်၊ သင်သည်ငါ့ကိုချစ်သလော” ဟုမေးပြန်လျှင် တစ်ဖန်ပေတရုက “ဟုတ်ပါ၏သခင်၊ ကိုယ်တော်ကိုအကျွန်ုပ်ချစ်တော်မူသည်ကို ကိုယ်တော်သိတော်မူ၏” ဟုခိုင်မာသောယုံကြည်ချက်ဖြင့်ပြန်လျှောက်လေ၏။ တစ်ဖန်ယေရှုက “ငါ၏သိုးတို့ကိုထိန်းလော့” ဟုမိန့်တော်မူ၏။ ယေရှုက “ယောန၏သားရှိမုန်၊ သင်သည်ငါ့ကိုချစ်သလော” ဟုတတိယအကြိမ်မေးတော်မူပြန်သည်။ ဤတစ်ကြိမ်တွင် ပေတရုသည် အလွန်ဝမ်းနည်းလေသည်။ လွန်ခဲ့သည့်ရက်အနည်းငယ်ကလေးကပင် ယေရှုကိုမသိကြောင်း သုံးကြိမ်တိုင်တိုင်ငြင်းပယ်ခဲ့ရာ မိမိ၏သစ္စာရှိမှုကိုယေရှုသံသယဝင်နေမည်လောဟု သူထင်နေပေမည်။ ထို့ကြောင့်တတိယအကြိမ်တွင် ပေတရုကထုချေသောလေသံဖြင့် “သခင်၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကိုသိတော်မူ၏။ ကိုယ်တော်ကိုအကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏” ဟုပြန်ပြောခဲ့သည်။ ယေရှုက “ငါ၏သိုးတို့ကိုကျွေးမွေးလော့” ဟုပင်ပြန်ပြောတော်မူသည်။ (ယောဟန် ၂၁:၁၅-၁၇) ပေတရုနှင့်အပေါင်းအဖော်များအား ယေရှုပြုစေလိုသောအရာနှင့်ပတ်သက်၍ ယုံမှားစရာအကြောင်းရှိဦးမည်လော။ သူတို့နည်းတူ၊ ယနေ့ကိုယ်တော်၏တပည့်တော်ဖြစ်လာမည့်သူတိုင်းအား ကိုယ်တော်ကိုချစ်လျှင် တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင်ပါဝင်ရမည်ကို ကိုယ်တော်အစွဲကြီးစွဲမှတ်စေခဲ့ခြင်းပါတကား။
၁၄။ အခြားတစ်ချိန်တွင် မိမိ၏မေတ္တာတော်ကို တပည့်တော်များမည်သို့တုန့်ပြန်သင့်ကြောင်းနှင့်ပတ်သက်၍ ယေရှုမည်သို့တင်ပြခဲ့သနည်း။
၁၄ ပင်လယ်ကမ်းခြေတွင်စကားပြောကြပြီးနောက် ရက်အနည်းငယ်အကြာတွင် ယေရှုသည် ဂါလိလဲတောင်တွင်ထင်ရှားပြီး ပျော်ရွှင်စွာစုရုံးနေသည့်နောက်တော်လိုက် ၅၀၀ ခန့်အား “သင်တို့သွား၍ လူမျိုးတကာတို့ကိုငါ့တပည့်ဖြစ်စေလျက် . . . ငါသည်သင်တို့အားပေးသမျှသောပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမသြဝါဒပေးကြလော့” ဟုညွှန်ကြားတော်မူခဲ့သည်။ (မဿဲ ၂၈:၁၉-၂၀။ ၁ ကောရိန္သု ၁၅:၆) စဉ်းစားကြည့်ပါ။ ယောက်ျား၊ မိန်းမနှင့် ကလေးသူငယ် အားလုံးတစ်ခုတည်းသောတာဝန်ကို ရရှိကြသည်။ ယင်းနောက်ပိုင်း ယေရှုကောင်းကင်သို့တက်ကြွခါနီးအချိန်၌ပင်လျှင် တပည့်တော်များအား “သင်တို့သည် . . . မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြလိမ့်မည်” ဟုမိန့်တော်မူသည်။ (တမန်တော် ၁:၈) ဤသို့သွန်သင်ဆုံးမမှုအားလုံးပြီးနောက် နှစ်အတန်ကြာသောအခါ ပေတရုက “ လူများကိုဟောပြောရန်နှင့် နှံ့စပ်စွာသက်သေခံကြရန် ငါတို့အား (ယေရှု) အမိန့်ပေးခဲ့ပြီ” ဟုပြောခဲ့ခြင်းမှာ မဆန်းပါ။—တမန်တော် ၁၀:၄၂။
၁၅။ မည်သည့်အရာနှင့်ပတ်သက်၍ သံသယဖြစ်စရာအကြောင်းမရှိသနည်း။
၁၅ ယေရှု၏မေတ္တာတော်ကို တုန့်ပြန်နည်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့သံသယရှိစရာမလိုပါ။ တမန်တော်များကို ကိုယ်တော်ပြောခဲ့သည့်အတိုင်းပင်ဖြစ်သည်။ “သင်တို့သည် ငါ့ပညတ်တို့ကိုစောင့်ရှောက်လျှင် ငါ့မေတ္တာ၌တည်နေကြလိမ့်မည်။ . . . သင်တို့သည် ငါပညတ်သမျှကိုကျင့်ဆောင်လျှင် ငါ၏အဆွေဖြစ်ကြလိမ့်မည်။” (ယောဟန် ၁၅:၁၀-၁၄) မေးစရာကား တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင်ပါဝင်ရန် ယေရှု၏အမိန့်တော်ကိုနာခံခြင်းအားဖြင့် ယေရှု၏မေတ္တာတော်ကို ကျေးဇူးတင်လေးမြတ်ကြောင်း သင်တင်ပြမည်လော။ မှန်ပါသည်၊ အကြောင်းအမျိုးမျိုးကြောင့် ယင်းသည် သင့်အတွက်မလွယ်ကူနိုင်ပါ။ သို့သော် ယေရှုအတွက်လည်း မလွယ်ကူခဲ့ပါ။ ကိုယ်တော်နှင့်ပတ်သက်သောအပြောင်းအလဲကိုစဉ်းစားကြည့်ပါ။
ယေရှု၏ပုံသက်သေကိုလိုက်လျှောက်လေ
၁၆။ မည်သည့်အံ့ဖွယ်ပုံသက်သေကို ယေရှုတင်ပြခဲ့သနည်း။
၁၆ ဘုရားသခင်၏တစ်ပါးတည်းသောသားတော်သည် ကောင်းကင်တမန်များအထက် သာလွန်ထူးကဲကောင်းမြတ်သည့်ကောင်းကင်ဘုန်းအသရေတွင် မွေ့လျော်တော်မူခဲ့သည်။ ကိုယ်တော်သည် အမှန်ပင်စည်းစိမ်ရှိခဲ့သည်။ သို့သော်ကိုယ်တော်သည် ဆင်းရဲသောမိသားစုအဝင်အဖြစ်မွေးဖွားခံပြီး ဖျားနာ၍သေတတ်သောလူ့အသိုင်းအဝိုင်းတွင် ကြီးပြင်းလာခဲ့သည်တိုင် မိမိကိုယ်ကို စိတ်လိုကိုယ်လျောက်နှိမ့်ချခဲ့သည်။ ယင်းတို့ကို ကျွန်ုပ်တို့အတွက်ပြုတော်မူခဲ့ခြင်းဖြစ်သည်။ တမန်တော်ပေါလုပြောခဲ့သည့်အတိုင်းပင်ဖြစ်သည်။ “ငါတို့သခင်ယေရှုခရစ်သည် စည်းစိမ်ရှိသော်လည်း ဆင်းရဲတော်မူခြင်းအားဖြင့် သင်တို့သည်စည်းစိမ်ရှိစေခြင်းငှာ သင်တို့အတွက်ကြောင့်ဆင်းရဲခံတော်မူသောကျေးဇူးတော်ကို သင်တို့သိကြ၏။” (၂ ကောရိန္သု ၈:၉။ ဖိလိပ္ပိ ၂:၅-၈) ကောင်းမြတ်လှသည့်ပုံသက်သေပါတကား။ မေတ္တာ၏ပြယုဂ်ပါတကား။ သူတစ်ပါးအကျိုးအတွက် ဤထက်ပို၍စွန့်လွှတ်အနစ်နာခံပြီး ဒုက္ခဝေဒနာခံစားသူမည်သူတစ်ဦးတစ်ယောက်မျှမရှိပါ။ စုံလင်သောထာဝရအသက်တာအားဖြင့် သာ၍ကြွယ်ဝသောစည်းစိမ်ချမ်းသာကို မည်သူမျှမဆောင်ရွက်ပေးနိုင်ပါ။
၁၇။ ကျွန်ုပ်တို့ရှေ့တွင်မည်သည့်လမ်းစဉ်ကိုချမှတ်ထားသနည်း။ ယင်းကိုလိုက်လျှောက်ခြင်းမှ မည်သည့်ရလဒ်ဖြစ်ထွန်းမည်နည်း။
၁၇ ယေရှု၏ပုံသက်သေကို ကျွန်ုပ်တို့လိုက်လျှောက်ပြီး အလားတူပင် အခြားသူတို့ကိုအကျိုးပြုနိုင်သည်။ တစ်ဖန်ထပ်မံ၍ယေရှုက လူများအား မိမိ၏နောက်တော်လိုက်များဖြစ်လာကြရန် တိုက်တွန်းတော်မူသည်။ (မာကု ၂:၁၄။ လုကာ ၉:၅၉။ ၁၈:၂၂) “ထိုသို့အလိုငှာ သင်တို့ကိုခေါ်တော်မူပြီ။ ခရစ်တော်သည် ငါတို့အတွက်ခံတော်မူသည်ဖြစ်၍ ခြေတော်ရာကိုလိုက်လျှောက်စေခြင်းငှာ ပုံသက်သေကိုထားတော်မူပြီ” ဟုပေတရုရေးသားခဲ့သည်။ (၁ ပေတရု ၂:၂၁) ကိုယ်တော်ကဲ့သို့ပင် ခမည်းတော်၏အမှုတော်ဆောင်ခြင်းအားဖြင့် ဒုက္ခဆင်းရဲခံစားရလောက်သည့်အထိ ယေရှု၏မေတ္တာတော်ကို သင်တုန့်ပြန်မည်လော။ ယင်းသို့ပြုခြင်းသည် သူတစ်ပါးအတွက်မည်မျှအကျိုးသက်ရောက်ပါသည်တကား။ အမှန်အားဖြင့် ယေရှု၏ပုံသက်သေကိုလိုက်လျှောက်ခြင်း၊ ခမည်းတော်ထံမှကိုယ်တော်လက်ခံရရှိသောသြဝါဒများကို အပြည့်အဝကျင့်သုံးခြင်းအားဖြင့် “ကိုယ်ကိုလည်းကောင်း၊ နားထောင်သောသူတို့ကိုလည်းကောင်း ကယ်တင်လိမ့်မည်။”—၁ တိမောသေ ၄:၁၆။
၁၈။ (က) လူများအပေါ်မိမိ၏သဘောထားနှင့်ပတ်သက်၍ ယေရှုမည်သို့ပုံသက်သေတင်ပြခဲ့သနည်း။ (ခ) ယေရှု၏ဥပဓိရုပ်ကို လူများမည်သို့တုန့်ပြန်ကြသနည်း။
၁၈ လူများကိုအတတ်နိုင်ဆုံးကူညီရန် သူတို့ကိုယေရှုယူမှတ်သကဲ့သို့ယူမှတ်ရမည်။ ကိုယ်တော်နှင့်ပတ်သက်၍ ပရောဖက်ပြုချက်က “ဆင်းရဲသောသူနှင့် ငတ်မွတ်သောသူကိုသနား” မည်ဟုဖော်ပြထားသည်။ (ဆာလံ ၇၂:၁၃) ယေရှုသည် မိမိစကားပြောသောသူများ၊ မိမိကူညီပေးလိုသူများကို “မေတ္တာရှိ” တော်မူကြောင်းကို တပည့်တော်များမှတ်သားနိုင်သည်။ (မာကု ၁:၄၀-၄၂၊ ၁၀:၂၁) “လူအစုအဝေးတို့ကိုမြင်တော်မူလျှင် သနားခြင်းစိတ်ရှိတော်မူ၏။ အကြောင်းမူကား၊ ထိုသူတို့သည်ပင်ပန်းသည်ဖြစ်၍ ထိန်းသူမရှိဘဲပစ်ထားသောသိုးကဲ့သို့ဖြစ်ကြ၏” ဟုကျမ်းစာတွင်ပြောထားသည်။ (မဿဲ ၉:၃၆) ကြီးလေးသောအပြစ်ပြုသူများပင် ကိုယ်တော်၏မေတ္တာတော်ကိုခံစားရပြီး ကိုယ်တော်ထံသို့သွေးဆောင်ခံရကြသည်။ ကိုယ်တော်၏အသံနေအသံထား၊ အမူအရာနှင့် သွန်သင်ပုံသွန်သင်နည်းတို့က သူတို့ကိုသက်သောင့်သက်သာရှိစေသည်။ ရလဒ်အားဖြင့် အခွန်ခံများနှင့်ပြည်တန်ဆာများပင်လျှင် ကိုယ်တော်အားရှာဖွေခဲ့ကြသည်။—မဿဲ ၉:၉-၁၃။ လုကာ ၇:၃၆-၃၈၊ ၁၉:၁-၁၀။
၁၉။ ယေရှုကို ပေါလုမည်သို့တုပသနည်း။ ကျွန်ုပ်တို့လည်း အလားတူတုပလျှင် မည်သည့်အကျိုးဖြစ်ထွန်းမည်နည်း။
၁၉ ပထမရာစုရှိ ယေရှု၏တပည့်တော်များသည် ကိုယ်တော်၏မေတ္တာပါသောပုံသက်သေကို တုပခဲ့ကြသည်။ ပေါလုက သူအမှုဆောင်ခဲ့သူအချို့ထံ ဤသို့စာရေးခဲ့သည်။ “သင်တို့တွင် ဖြည်းညင်းစွာပြုကြ၏။ သင်တို့ကိုချစ်သောကြောင့် နို့ထိန်းသည် မိမိသူငယ်ကိုကျွေးမွေးပြုစုသကဲ့သို့ . . . အဘသည် မိမိသားတို့ကိုပြုသကဲ့သို့ သင်တို့ရှိသမျှကို အဘယ်သို့တိုက်တွန်းသွေးဆောင်၍မှာထားသည်ကို သင်တို့သိကြသည်။” (၁ သက်သာလောနိတ် ၂:၇-၁၁) မေတ္တာရှိသောမိဘက သားသမီးများအပေါ်ခံစားရသကဲ့သို့ သင့်ရပ်ကွက်ရှိသူများကို အလားတူစစ်မှန်သောစိတ်ဝင်စားမှုရှိပါသလော။ ထိုစိတ်ဝင်စားမှုကို သင့်အသံနေအသံထား၊ သင့်မျက်နှာအမူအယာနှင့် သင့်လုပ်ပုံကိုင်ပုံတို့အားဖြင့်တင်ပြခြင်းက သိုးကဲ့သို့သောသူများအား ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကိုစိတ်ဝင်စားရန် ဆွဲဆောင်လိမ့်မည်။
၂၀၊ ၂၁။ ယေရှု၏မေတ္တာပုံသက်သေကိုလိုက်လျှောက်သူများ၏ ခေတ်သစ်ပုံဥပမာကား အဘယ်နည်း။
၂၀ စပိန်နိုင်ငံ၏အေးသောနေ့တစ်နေ့တွင် သက်သေခံနှစ်ဦးသည် ထင်းကုန်သွားသောကြောင့်အအေးလွန်ကဲနေသောအိမ်အတွင်းရှိ ချိုင်းထောက်နှင့်မိန်းမကြီးတစ်ဦးကိုတွေ့ရှိကြသည်။ သူမသည် အလုပ်မှပြန်လာလျှင် ထင်းများထပ်မံဖြတ်ထည့်ပေးမည့်သားဖြစ်သူကို စောင့်မျှော်နေခြင်းဖြစ်သည်။ သက်သေခံများက ထင်းများကိုဖြတ်ပေးပြီး သူမ,ဖတ်ရန် မဂ္ဂဇင်းအချို့ကိုလည်းထားခဲ့ပေးသည်။ သားဖြစ်သူပြန်လာသောအခါ သက်သေခံတို့က သူ့မိခင်အား မေတ္တာပါပါဂရုစိုက်စောင့်ရှောက်ပေးမှုကြောင့် သူ့စိတ်ကိုအလွန်ထိမိသွားပြီး စာပေများကိုသူဖတ်ကြည့်သည်။ ထို့နောက် ကျမ်းစာစတင်သင်အံပြီး နှစ်ခြင်းခံရာ မကြာမီရှေ့ဆောင်ဓမ္မအမှုလုပ်ငန်းတွင် ပါဝင်လာသည်။
၂၁ ဩစတြေးလျနိုင်ငံတွင် ဇနီးမောင်နှံတစ်စုံသည် မိမိတို့အိမ်သို့ရောက်လာသောသက်သေခံများအား မိမိတို့သည်မိသားစုကိုကျွေးမွေးရန် ငွေကြေးမဖူလုံကြောင်းရှင်းပြကြသည်။ သက်သေခံဇနီးမောင်နှံပြန်သွားပြီး ကုန်ခြောက်အချို့နှင့် ကလေးများအတွက်သကြားလုံးများယူလာပေးသောအခါ မိဘများကငိုယိုပြီး မိမိတို့သည် အလွန်စိတ်ပျက်အားငယ်ခဲ့ကြသည့်အတွက် ကိုယ့်ကိုယ်ကိုသတ်သေရန်ရည်ရွယ်ထားကြကြောင်း ပြောပြကြသည်။ နှစ်ဦးစလုံးကျမ်းစာသင်အံမှုစတင်ပြီး ဇနီးဖြစ်သူမှာ မကြာမီနှစ်ခြင်းခံခဲ့သည်။ ယူနိုက်တက်စတိတ်ရှိ ယေဟောဝါသက်သေများအပေါ် စိတ်စွန်းကွက်မှုရှိသောအမျိုးသမီးတစ်ဦးက သက်သေခံတစ်ဦးနှင့်တွေ့ဆုံပြီးနောက် ဤသို့ပြောခဲ့သည်။ “ကျွန်မတို့ဘာပြောခဲ့ကြတယ်ဆိုတာ တကယ့်ကိုမမှတ်မိတော့ပါဘူး။ ဒါပေမယ့် ကျွန်မမှတ်မိတာက ကျွန်မကိုသူမ,ဘယ်လိုကြင်နာမှုပြခဲ့တယ်၊ ဘယ်လိုဧည့်ဝတ်ကျေပွန်ပြီး နှိမ့်ချမှုရှိတယ်ဆိုတာပါဘဲ။ သူမကိုပုဂ္ဂိုလ်ရေးအရခင်တွယ်မိတယ်။ သူမနဲ့မိတ်ဖွဲ့ရတာကို ယနေ့အထိကျွန်မမြတ်နိုးတယ်။”
၂၂။ ယေရှု၏ဘဝကိုဆန်းစစ်ပြီးနောက် ကိုယ်တော်နှင့်ပတ်သက်၍ ကျွန်ုပ်တို့၏မှတ်ချက်ကား မည်သို့နည်း။
၂၂ ယေရှုပြုတော်မူခဲ့သည့်လုပ်ငန်းကို ပြုတော်မူသည့်နည်းအတိုင်းကျွန်ုပ်တို့ပြုလုပ်ခြင်းအားဖြင့် ကိုယ်တော်၏မေတ္တာတော်ကိုကျွန်ုပ်တို့တုန့်ပြန်ရာတွင် မည်မျှအံ့ချီးဖွယ်ကောင်းချီးများကို ကျွန်ုပ်တို့ခံစားရပါသည်တကား။ ယေရှု၏ကြီးမြတ်တော်မူခြင်းသည် ပေါ်လွင်ထင်ရှားပြီးသြဇာလွှမ်းမိုးလှသည်။ ထို့ကြောင့် ရောမမြို့ဝန်ပုန္တိပိလတ်၏ “ဤယောက်ျားကိုကြည့်ကြလော့” ဟူသောစကားများကိုပဲ့တင်ထပ်ကြရန် တိုက်တွန်းခံရကြသည်။ မှန်ပေသည်။ အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံး “လူသား” ပါတကား။—ယောဟန် ၁၉:၅။
သင်မည်သို့ဖြေမည်နည်း
▫ ယေရှု၏မေတ္တာတော်မည်မျှကြီးမားသနည်း။
▫ ယေရှု၏မေတ္တာတော်က ကျွန်ုပ်တို့အား မည်သူ့ကိုချစ်စေပြီး ကျွန်ုပ်တို့ဘာလုပ်ရန်တိုက်တွန်းသနည်း။
▫ ယေရှုသည် ကျွန်ုပ်တို့အား မည်သည့်လုပ်ငန်းကိုလုပ်စေလိုသနည်း။
▫ ယေရှုမည်မျှစည်းစိမ်ရှိခဲ့ပြီး အဘယ်ကြောင့် ကိုယ်တော်ဆင်းရဲနှိမ့်ကျစွာလာခဲ့ရသနည်း။
▫ လူများ၏အစေကိုခံရာတွင် ယေရှုကိုကျွန်ုပ်တို့မည်သို့တုပနိုင်မည်နည်း။
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
မေတ္တာပြခြင်းပုံနမူနာကို ယေရှုထားခဲ့