သာ၍ကြီးသောအမှုများကို ကျွန်ုပ်တို့ပြုနိုင်
၁ ထူးခြားသောအမှုများက ယေရှု၏ဓမ္မအမှုကို သိသာထင်ရှားစေသည်။ ကိုယ်တော်သည် ထောင်နှင့်ချီသောသူတို့ကို အံ့ဖွယ်ကျွေးမွေးတော်မူပြီး များစွာသောသူတို့ကို ကုသပေးကာ အချို့တို့ကို သေရာမှထမြောက်စေတော်မူခဲ့သည်။ (မ. ၈:၁-၁၇; ၁၄:၁၄-၂၁; ယော. ၁၁:၃၈-၄၄) ကိုယ်တော်၏လုပ်ဆောင်မှုသည် လူမျိုးတစ်မျိုးလုံး၏အာရုံကိုဖမ်းစားခဲ့သည်။ သို့သော် ကိုယ်တော်မသေမီနောက်ဆုံးညတွင် မိမိ၏သစ္စာရှိနောက်လိုက်များအား “ငါ့ကိုယုံကြည်သောသူသည် ငါပြုသောအမှုတို့ကိုပြုလိမ့်မည်။ ထိုအမှုတို့ထက်သာ၍ကြီးသောအမှုတို့ကိုလည်း ပြုလိမ့်မည်” ဟုမိန့်ဆိုခဲ့သည်။ (ယော. ၁၄:၁၂) ကျွန်ုပ်တို့သည် “သာ၍ကြီးသော” အမှုများကို မည်သို့ပြုနိုင်သနည်း။
၂ ပိုမို၍ရပ်ကွက်များကို ပြီးစီးစေခြင်းဖြင့်– ယေရှု၏လုပ်ဆောင်မှုနယ်ပယ်ကို ပါလက်စတိုင်းဒေသအထိ ကန့်သတ်ခဲ့သော်လည်း ကနဦးတပည့်တော်များမူ ယေရှုကိုယ်တော်တိုင်ဟောပြောခဲ့သည်ထက်မက “မြေကြီးစွန်းတိုင်အောင်” သက်သေခံရန် မိန့်မှာခံရသည်။ (တ. ၁:၈) ကိုယ်တော်စတင်ခဲ့သည့် ဟောပြောခြင်းလုပ်ငန်းသည် ယခုအခါ ကမ္ဘာအနှံ့ဖြစ်ပြီး နိုင်ငံပေါင်း ၂၃၂ နိုင်ငံတွင်ရောက်ရှိနေပြီဖြစ်သည်။ (မ. ၂၄:၁၄) သင့်အသင်းတော်အား တာဝန်ခန့်အပ်ထားသည့်ရပ်ကွက်တွင် အမှုဆောင်ရာ၌ သင် အပြည့်အဝပါဝင်နေသလော။
၃ ပို၍များသောလူတို့ထံရောက်ရှိခြင်းဖြင့်– ယေရှုသည် ဟောပြောခြင်းလုပ်ငန်းကို ဆက်လုပ်ဆောင်ရန် တပည့်တော်အနည်းငယ်ကိုထားခဲ့သည်။ သို့ရာတွင် စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့တွင် သူတို့၏ဇွဲရှိရှိသက်သေခံခြင်းကြောင့် ထိုနေ့တွင် သမ္မာတရားကိုသက်ဝင်ယုံကြည်ပြီး နှစ်ခြင်းခံခဲ့ကြသူများမှာ သုံးထောင်ခန့်ရှိသည်။ (တ. ၂:၁-၁၁၊ ၃၇-၄၁) “ထာဝရအသက်ကို တလိုတလားရှိသူ” များ၏စုဝေးခြင်းသည် တစ်နေ့လျှင်ပျမ်းမျှ ၁,၀၀၀ ကျော်နှစ်ခြင်းခံနေသည့် ကျွန်ုပ်တို့အချိန်ထိ ဆက်ရှိနေပါသည်။ (တ. ၁၃:၄၈၊ ကဘ) မည်သည့်နေရာတွင်မဆို တွေ့ရှိနိုင်သည့် နှလုံးရိုးဖြောင့်သူများထံ ရောက်ရှိရန်နှင့် စိတ်ဝင်စားမှုရှိပါက ဖြစ်နိုင်လျှင်ဖြစ်နိုင်ချင်းပြန်လည်ပတ်ရန် သင် အတတ်နိုင်ဆုံးလုပ်ဆောင်နေသလော။
၄ ပို၍ကြာရှည်စွာဟောပြောခြင်းဖြင့်– ယေရှု၏မြေကြီးဆိုင်ရာဓမ္မအမှုကို သုံးနှစ်ခွဲကာလအထိ ကန့်သတ်ထားသည်။ ကျွန်ုပ်တို့အများစုသည် ထိုထက်ကြာရှည်စွာဟောပြောနေခဲ့ကြပြီဖြစ်၏။ ကျွန်ုပ်တို့သည် ဤလုပ်ငန်းကို မည်မျှပင်ဆက်လုပ်ခွင့်ရရှိစေကာမူ တပည့်တစ်ဦးစီအား ထာဝရအသက်ရစေသောလမ်းပေါ်တွင် စတင်လျှောက်လှမ်းရန် ကူညီပေးရခြင်းကို ကျေးဇူးတင်ကြသည်။ (မ. ၇:၁၄) သင်သည် သခင်အရှင်၏လုပ်ငန်းတော်တွင် လစဉ် လုပ်ဆောင်စရာများစွာရှိနေသလော။—၁ ကော. ၁၅:၅၈။
၅ ယေရှု၏ကျောထောက်နောက်ခံပြုမှုဖြင့် ကျွန်ုပ်တို့သည် ကိုယ်တော်၏တပည့်စစ်များအနေနှင့် သာ၍ကြီးသောအမှုများကို ဆက်၍ပြုကြမည်ဖြစ်ကြောင်း ယုံကြည်စိတ်ချနိုင်ပါသည်။—မ. ၂၈:၁၉၊ ၂၀။