ယေဟောဝါ၏နိုင်ငံတော်အကြောင်း ရဲရင့်စွာ ကြေညာခြင်း
“ပေါလုသည် မိမိထံသို့လာသောသူအပေါင်းတို့ကို ဧည့်ခံ၍ ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ဟောပြောလျက်နေ၏။”—တမန်တော် ၂၈:၃၀၊ ၃၁။
၁၊ ၂။ ဘုရားသခင့်ထောက်ခံမှု တမန်တော်ပေါလုရရှိကြောင်း အဘယ်သာဓကရှိသနည်း။ သူအဘယ်ပုံသက်သေထားခဲ့သနည်း။
ယေဟောဝါသည် နိုင်ငံတော်အကြောင်းကြေညာသူတို့ကို အစဉ်သဖြင့်ထောက်မတော်မူ၏။ တမန်တော်ပေါလုကိစ္စ၌ အထူးမှန်ကန်လေသည်။ ဘုရားသခင့်ထောက်ခံမှုဖြင့် သူသည်ရှင်ဘုရင်များရှေ့မှောက်တွင် အယူခံခဲ့၏၊ လူအုပ်၏ရမ်းကားမှုများကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့၏၊ ယေဟောဝါ၏နိုင်ငံတော်အကြောင်း ရဲရင့်စွာကြေညာခဲ့၏။
၂ ရောမမြို့တွင် အကျဉ်းသားဖြစ်နေစေကာမူ ပေါလုသည် “မိမိထံသို့လာသောသူအပေါင်းတို့ကို ဧည့်ခံ၍ . . . ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို . . . ဟောပြော . . . လျက်နေ၏။” (တမန်တော် ၂၈:၃၀၊ ၃၁) ယနေ့ ယေဟောဝါသက်သေများအဖို့ ကောင်းမြတ်လှသည့် ပုံသက်သေပါပင်။ တမန်တော်ဝတ္ထုကျမ်းစာစောင် နောက်ဆုံးအခန်းကြီးများတွင် လုကာမှတ်တမ်းတင်ရေးသားထားသည့် ပေါလု၏ဓမ္မအမှုမှ ကျွန်ုပ်တို့သင်ခန်းစာများစွာရရှိနိုင်ပေသည်။—တမန်တော် ၂၀:၁–၂၈:၃၁။
ယုံကြည်သူချင်းများဆောက်တည်ခံရ
၃။ တရောမြို့တွင် ဘာဖြစ်ပျက်ခဲ့သနည်း။ ယခုခေတ်နှင့် အဘယ်ဆင်တူချက်ရှိသနည်း။
၃ ဧဖက်မြို့တွင် အဓိကရုဏ်းငြိမ်သက်သွားပြီးနောက် ပေါလုသည် တတိယသာသနာပြုခရီး ဆက်၍ထွက်ခဲ့သည်။ (၂၀:၁–၁၂) သို့ရာတွင် ရှုရိပြည်သို့ သင်္ဘောလွှင့်မည်အပြုတွင် သူ့ကိုလုပ်ကြံရန် ယုဒအမျိုးသားများ လျှို့ဝှက်ကြံစည်နေကြောင်း ကြားသိရ၏။ ထိုသူတို့သည် သင်္ဘောတစ်စီးတည်းအတူစီး၍ သူ့အားသတ်ရန်စီစဉ်ထားဖွယ်ရှိသဖြင့် ပေါလုသည် မာကေဒေါနိပြည်ကို ဖြတ်၍သွား၏။ တရောမြို့တွင် တစ်ပတ်ကြာနေထိုင်၍ ယုံကြည်သူချင်းတို့ကို ဆောက်တည်၏။ ယခုအခါ ယေဟောဝါသက်သေများဘောင်တွင် နယ်လှည့်ကြီးကြပ်မှူးများပြုလုပ်သကဲ့သို့ပင်ဖြစ်သည်။ ပြန်လည်မထွက်ခွာမီတစ်ည၌ ပေါလုသည် ညဉ့်နက်သန်းခေါင်တိုင်အောင် ဟောပြော၏။ ပြူတင်းပေါက်တစ်ခု၌ထိုင်နေသော ဥတုခုသည် တစ်နေကုန်ပင်ပန်းမှုကြောင့် နွမ်းနယ်နေပုံရသည်။ သူအိပ်ငိုက်သွားသဖြင့် တတိယအထပ်မှကျ၍ သေသွားသော်လည်း၊ သူ့အားပေါလုအသက်ပြန်ရှင်စေ၏။ မည်မျှဝမ်းသာစရာဖြစ်ခဲ့မည်တကား။ သို့ဖြစ်လျှင် လာလတံ့သောကမ္ဘာသစ်တွင် သန်းပေါင်းများစွာ ရှင်ပြန်ထမြောက်လာကြသောအခါ မည်မျှဝမ်းမြောက်စရာဖြစ်မည်ကို စဉ်းစားကြည့်ပါလေ။—ယောဟန် ၅:၂၈၊ ၂၉။
၄။ ဓမ္မအမှုနှင့်စပ်လျဉ်း၍ ဧဖက်အကြီးအကဲတို့အား ပေါလုဘာသင်ပေးသနည်း။
၄ ယေရုရှလင်မြို့သို့သွားရာလမ်းခရီးတွင် မိလက်မြို့၌ ပေါလုသည် ဧဖက်မြို့မှအကြီးအကဲတို့နှင့်တွေ့ဆုံခဲ့၏။ (၂၀:၁၃–၂၁) သူတို့အား ‘တစ်အိမ်မှတစ်အိမ်’ သွန်သင်ခဲ့ပုံအကြောင်း၊ ‘ဘုရားသခင့်မျက်မှောက်တွင် နောင်တရခြင်း၊ ငါတို့သခင်ယေရှုကို ယုံကြည်ခြင်းအကြောင်းကို ယုဒလူမျိုးနှင့် ဂရိလူမျိုးတို့အား အကုန်အစင်သက်သေခံ’ ခဲ့ပုံအကြောင်းတို့ကို သူပြန်လည်သတိရစေသည်။ ထိုအကြီးအကဲတို့သည် နောင်တရပြီး၊ ယုံကြည်ခြင်းရှိပြီးသူများဖြစ်ကြသည်။ ယနေ့ ယေဟောဝါသက်သေများလုပ်ဆောင်သကဲ့သို့ ပေါလုသည် သူတို့ကို တစ်အိမ်တက်ဆင်း ဓမ္မအမှုဆောင်ရာတွင် မယုံကြည်သူတို့အား နိုင်ငံတော်အကြောင်း ရဲရင့်စွာဟောပြောရန် လေ့ကျင့်ပေးခဲ့သည်။
၅။ (က) သန့်ရှင်းသောဝိညာဉ်တော် ညွှန်ကြားမှုနှင့်စပ်လျဉ်း၍ ပေါလုသည် အဘယ်သို့စံပြဖြစ်သနည်း။ (ခ) ‘သိုးတော်စုတစ်ရပ်လုံးကို ဂရုစိုက်’ ရန်သြဝါဒကို အကြီးအကဲများ အဘယ်ကြောင့်လိုအပ်ကြသနည်း။
၅ ပေါလုသည် ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်လမ်းညွှန်မှုကို လက်ခံရာတွင် စံပြဖြစ်သည်။ (၂၀:၂၂–၃၀) “ဝိညာဉ်တော်အားဖြင့် ချည်နှောင်ခြင်းကိုခံ” လျက် သို့မဟုတ် ဝိညာဉ်တော်၏ဦးဆောင်မှုနောက်လိုက်ရန် တာဝန်ရှိသည်ဟူသောအသိဖြင့် တမန်တော်သည် ယေရုရှလင်မြို့တွင် ချည်နှောင်ခြင်းနှင့်ဆင်းရဲဒုက္ခ သူ့ကိုငံ့လင့်နေစေကာမူ ထိုမြို့သို့သွားရပေမည်။ အသက်ကိုသူတန်ဖိုးထားသော်လည်း ဘုရားသခင်ပေါ်သမာဓိစောင့်သိခြင်းသည် သူ့အဖို့အရေးအကြီးဆုံးဖြစ်သည်။ ကျွန်ုပ်တို့အဖို့လည်း ထိုသို့ပင်ဖြစ်သင့်သည်။ အကြီးအကဲတို့အား ‘ကြီးကြပ်မှူးများအဖြစ် သန့်ရှင်းသောဝိညာဉ်တော် သူတို့ကိုခန့်အပ်၍ ထိန်းကျောင်းစေသည့် သိုးတော်စုတစ်ရပ်လုံးကို ဂရုပြု’ ရန်ပေါလုနှိုးဆော်ခဲ့၏။ သူ ‘ထွက်သွား’ (သေလွန်) ပြီးနောက် “ကြမ်းတမ်းသောဝံပုလွေတို့” သည် ‘သိုးအုပ်တော်ကို ညှာမည်မဟုတ်ပေ။’ ထိုသို့သောသူများသည် အကြီးအကဲတို့အထဲကပင် ပေါ်ထွက်လာမည်ဖြစ်ပြီး အသိအမြင်နည်းပါးသည့် တပည့်တော်တို့သည် သူတို့၏ မလိမ့်တပတ်အယူများကို လက်ခံကြပေမည်။—၂ သက်သာလောနိတ် ၂:၆။
၆။ (က) ပေါလုသည် အကြီးအကဲများအား အဘယ်ကြောင့်ဘုရားသခင့်လက်တော်သို့ စိတ်ချလက်ချ အပ်နှံနိုင်ခဲ့သနည်း။ (ခ) တမန်တော် ၂၀:၃၅ မှမူကို ပေါလုအဘယ်သို့လိုက်နာသနည်း။
၆ အကြီးအကဲတို့သည် အယူဖောက်ပြန်မှုကို တွန်းလှန်ကာကွယ်ရန် နိုးနိုးကြားကြားရှိဖို့လိုသည်။ (၂၀:၃၁–၃၈) တမန်တော်သည်သူတို့အား ဟေဗြဲကျမ်းစာနှင့် ယေရှု၏သွန်သင်ဆုံးမမှုတို့ကို သင်ကြားပေးခဲ့ပြီးဖြစ်သည်။ ယင်းတို့သည် ‘သန့်ရှင်းသူအပေါင်း ရရှိမည့်အမွေတော်’ တည်းဟူသော ကောင်းကင်နိုင်ငံတော်ကို လက်ခံရယူရန် သူတို့ကိုအကူအညီ ပေးနိုင်သည့်သန့်ရှင်းခြင်းတန်ခိုးနှင့်ပြည့်စုံ၏။ မိမိကိုယ်တိုင်နှင့် အပေါင်းအဖေါ်တို့၏ စားဝတ်နေရေးအတွက် အလုပ်လုပ်ခြင်းအားဖြင့် ပေါလုသည် အကြီးအကဲတို့အား အလုပ်ကြိုးစားကြရန် အားပေးသည်။ (တမန်တော် ၁၈:၁-၃။ ၁ သက်သာလောနိတ် ၂:၉) အလားတူလမ်းစဉ်မျိုးလိုက်လျှောက်၍ သူတစ်ပါးအား ထာဝရအသက်ရရန် အကူအညီပေးမည်ဆိုလျှင် “ခံယူခြင်းထက် ပေးကမ်းခြင်း၌ မင်္ဂလာရှိ၏” ဟူသော ယေရှု၏စကားကို ကျွန်ုပ်တို့တန်ဖိုးထားကြပေမည်။ ဤစကား၏သဘောတရားကို ခရစ်ဝင်ကျမ်းများ၌ တွေ့ရသော်လည်း ပေါလုတစ်ဦးတည်းသာ ကိုးကားခဲ့သည်။ ယင်းကိုနှုတ်အားဖြင့်သော်လည်းကောင်း၊ ဝိညာဉ်တော်မှုတ်သွင်းခြင်းအားဖြင့်သော်လည်းကောင်း သူရရှိခြင်းဖြစ်နိုင်သည်။ ပေါလုနည်းတူ အထူးကိုယ်ကျိုးစွန့် အနစ်နာခံပါက ကျွန်ုပ်တို့ပျော်ရွှင်မှုများစွာခံစားနိုင်သည်။ သူသည် အလွန့်အလွန်ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့သောကြောင့် ဧဖက်မြို့သားအကြီးအကဲများသည် သူနှင့်ခွဲခွာခြင်းအတွက် များစွာဝမ်းနည်းကြေကွဲဖြစ်ရကြသည်။
ယေဟောဝါ၏အလိုတော်အတိုင်း ဖြစ်ပါစေ
၇။ ဘုရားသခင့်အလိုတော်အတိုင်း လိုက်လျှောက်ရာတွင် ပေါလုမည်သို့စံနမူနာထားခဲ့သနည်း။
၇ ပေါလု၏တတိယသာသနာပြုခရီးစဉ် ပြီးဆုံးသောအခါ (စီအီး ၅၆ ခုနှစ်ခန့်) သူသည်ဘုရားသခင့်အလိုတော်အတိုင်း လိုက်နာရာတွင် ပုံသက်သေကောင်းထားခဲ့သည်။ (၂၁:၁–၁၄) ကဲသရိမြို့တွင် သူနှင့်အဖေါ်တို့သည် ဖိလိပ္ပုအိမ်တွင် တည်းခိုကြသည်။ ဖိလိပ္ပု၌ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်တင်ကူးဟောပြောနိုင်သော သို့မဟုတ် “ပရောဖက်ပြုသော” သမီးကညာလေးယောက်ရှိ၏။ ထိုအိမ်တွင် ခရစ်ယာန်ပရောဖက် အာဂပုသည် ပေါလု၏ခါးပန်းဖြင့် သူ၏ခြေလက်ကိုချုပ်နှောင်ပြီးလျှင် ဤခါးပန်းပိုင်ရှင်အား ယုဒအမျိုးသားတို့က ယေရုရှလင်မြို့တွင် ချည်နှောင်၍ လူမျိုးခြားတို့လက်သို့ အပ်နှံကြလိမ့်မည်ဟု ဝိညာဉ်တော်နှိုးဆော်ခြင်းခံ၍ဆိုလေ၏။ ပေါလုက “သခင်ယေရှု၏နာမတော်ကြောင့် ယေရုရှလင်မြို့၌ ချည်နှောင်ခြင်းမက၊ အသေသတ်ခြင်းကိုပင်ခံခြင်းငှာ ငါအသင့်ရှိသည်” ဟုဆို၏။ တပည့်တော်တို့သည်လည်း မငြင်းဆန်ဘဲလက်လျှော့ကာ ‘ယေဟောဝါ၏အလိုတော်အတိုင်း ဖြစ်ပါစေ’ ဟုဆိုကြ၏။
၈။ ကောင်းမြတ်သောသြဝါဒကိုလက်ခံရန် တစ်ခါတစ်ရံအခက်တွေ့နေရလျှင် အဘယ်အရာကိုသတိရကောင်းရမည်နည်း။
၈ ပေါလုက ယေရုရှလင်မြို့ရှိ အကြီးအကဲတို့အား မိမိ၏ဓမ္မအမှုအားဖြင့် လူမျိုးခြားတို့တွင် ဘုရားသခင်ပြုတော်မူသမျှကိုတင်ပြ၏။ (၂၁:၁၅–၂၆) ကောင်းမြတ်သောသြဝါဒကို လက်ခံရန်အခက်တွေ့လာလျှင် ယင်းကိုပေါလုမည်သို့လက်ခံခဲ့သည်ကို ပြန်သတိရနိုင်သည်။ လူမျိုးခြားတိုင်းပြည်များ၌ရှိသော ယုဒအမျိုးသားတို့အား “မောရှေတရားကို စွန့်ပယ်စေခြင်းငှာ” သူမသွန်သင်ကြောင်းပြသခြင်းငှာ သူသည် သန့်စင်ခြင်းမင်္ဂလာကိုပြုလျက် မိမိကိုယ်တိုင်နှင့် လူလေးယောက်အတွက် စရိတ်ကျခံရန် အကြီးအကဲတို့ပေးသောသြဝါဒကို နာခံခဲ့၏။ ယေရှု၏သေခြင်းက ပညတ်တရားကို ပယ်ရှားလိုက်ပြီးဖြစ်သော်လည်း သစ္စာကတိပြုခြင်းနှင့် စပ်လျဉ်းသော ပညတ်တရားမှ ထူးခြားချက်များအတိုင်း ပြီးစီးအောင် ဆောင်ရွက်ခြင်းဖြင့် ပေါလုအမှားပြုရာမရောက်ပေ။—ရောမ ၇:၁၂-၁၄။
လူအုပ်ဖြင့် ဝိုင်းရံခံရသော်လည်း စိတ်အားမပျက်
၉။ လူစုဖြင့်ရမ်းကားခြင်းနှင့်ပတ်သက်၍ ပေါလုကြုံရသောအတွေ့အကြုံနှင့် ယနေ့ယေဟောဝါသက်သေများကြုံရသောတွေ့ကြုံမှုနှစ်ရပ် အဘယ်ဆင်တူမှုရှိသနည်း။
၉ ယေဟောဝါသက်သေများသည် လူအုပ်ဖြင့်အကြမ်းဖက်ခံရသောအခါများ၌ ဘုရားသခင်အပေါ် ကြိမ်ဖန်များစွာ သမာဓိစောင့်သိခဲ့ကြသည်။ (သာဓကအနေနှင့် 1975 Yearbook of Jehovah’s Witnesses, စာမျက်နှာ ၁၈၀-၉၀ တွင်ကြည့်ပါ။) အာရှမိုင်းနားမှ ယုဒအမျိုးသားတို့သည် အလားတူစွာ လူအုပ်ကိုဆွပေးပြီး ပေါလုကိုတိုက်ခိုက်ကြသည်။ (၂၁:၂၇–၄၀) ပေါလုနှင့်အတူ ဧဖက်မြို့သားတရောဖိတ်ရှိသည်ကိုမြင်သဖြင့် တမန်တော်သည် ဂရိအမျိုးသားတို့ကို ဗိမာန်တော်အတွင်းသို့ ခေါ်ဆောင်လာခြင်းဖြင့် ဗိမာန်တော်ကို ညစ်ညမ်းအောင်လုပ်သည်ဟု သူတို့မဟုတ်မမှန် စွပ်စွဲကြ၏။ ပေါလုကိုသတ်ရန်ကြိုးစားနေစဉ်တွင် ရောမတပ်မှူး ကလောဒိလုသိနှင့် စစ်သားများ ရောက်ရှိလာပြီး အဓိကရုဏ်းကိုနှိမ်နင်းလိုက်သည်။ ကြိုတင်ဟောပြောထားသည့်အတိုင်း (ယုဒအမျိုးသားများကြောင့်) လုသိသည် ပေါလုအား သံကြိုးဖြင့်ချည်နှောင်လိုက်၏။ (တမန်တော် ၂၁:၁၁) ဗိမာန်တော်ဝင်းနှင့် တစ်ဆက်တည်းတည်ရှိသော ရဲတိုက်အတွင်းသို့ ပေါလုကိုခေါ်သွင်းခါနီးကျမှ သူသည် ပုန်ကန်ရန်လှုံ့ဆော်သူမဟုတ်ဘဲ ဗိမာန်တော်ဝင်းအတွင်း ဝင်ခွင့်ရသော ယုဒအမျိုးသားတစ်ယောက်ဖြစ်ကြောင်း လုသိ သိရှိလေသည်။ စကားပြောခွင့်ရသောအခါ ပေါလုသည် ဟေဗြဲဘာသာစကားဖြင့် လူထုအားစကားပြောလေ၏။
၁၀။ ပေါလု၏ဟောပြောချက်ကို ယေရုရှလင်မြို့ရှိ ယုဒအမျိုးသားများ အဘယ်သို့လက်ခံခဲ့ကြသနည်း။ ကြိမ်ဒဏ်ခတ်ခံရခြင်းမှ သူမည်သို့လွတ်မြောက်သွားသနည်း။
၁၀ ပေါလုသည် ရဲရင့်စွာ သက်သေခံလေ၏။ (၂၂:၁–၃၀) မိမိသည် လူတကာ၏အလွန်ကြည်ညိုလေးစားခြင်းခံရသည့် ဂါမလျေလထံ၌ ပညာဆည်းပူးခဲ့သည့် ယုဒအမျိုးသားဖြစ်ကြောင်းရှင်းပြသည်။ တမန်တော်က လမ်းစဉ်တော်၏ တပည့်နောက်လိုက်များကို နှိပ်စက်ညှဉ်းပန်းရန် မိမိဒမာသက်မြို့သို့အသွား လမ်းခရီးတွင် ဘုန်းပွင့်သောယေရှုခရစ်ကိုမြင်ရ၍ မျက်စိကွယ်ခဲ့သော်လည်း အာနနိက ပြန်မြင်အောင်လုပ်ပေးခဲ့ကြောင်းရှင်းပြ၏။ နောက်ပိုင်းတွင် သခင်အရှင်က ပေါလုအား “သွားလော့။ ငါသည် တစ်ပါးအမျိုးသားတို့ရှိရာသို့ သင့်ကိုဝေးလှစွာစေလွှတ်မည်” ဟုမိန့်တော်မူခဲ့သည်။ ထိုစကားများသည် ယမ်းပုံပေါ်ကျရောက်သည့် မီးပွားပမာဖြစ်သွားသည်။ လူတို့က ပေါလုသည် အသက်ရှင်ရန်မသင့်ဟု အော်ဟစ်လျက် သူတို့၏ဝတ်လုံများကို ဝှေ့ရမ်းကာ ဒေါသထွက်လျက် မြေမှုန့်ကိုမိုးကောင်းကင်သို့ပစ်လွှင့်ကြ၏။ သို့နှင့် လုသိသည်ပေါလုအား ရဲတိုက်တွင်းသို့ခေါ်သွားကာ ယုဒအမျိုးသားများ အဘယ်ကြောင့်ဤသို့ဆူပူအော်ဟစ်ရကြောင်းကို ပေါလုအားရိုက်၍စစ်ဆေးရန် အမိန့်ပေး၏။ ‘ရောမနိုင်ငံသားတစ်ယောက်ကို စစ်ဆေးစီရင်ခြင်းမပြုဘဲ ကြိမ်ဒဏ်ခတ်ခြင်းမှာ တရားဥပဒေနှင့်ကိုက်ညီပါသလော’ ဟုပေါလုမေးလိုက်သောအခါ (အထုံးပါသောသားရေကြိုးများ သို့မဟုတ် သတ္တုစ၊ အရိုးစများမြှုပ်ထားသော သားရေကြိုးဖြင့်ပြုလုပ်ထားသော ကိရိယာဖြင့်) ကြိမ်ဒဏ်ခတ်ခံရခြင်းမှ လွတ်မြောက်ခဲ့သည်။ ပေါလုသည် ရောမနိုင်ငံသားဖြစ်ကြောင်းသိရှိသောအခါ လုသိသည် ကြောက်ရွံ့ပြီး ယုဒအမျိုးသားများ သူ့ကိုအဘယ်ကြောင့်စွပ်စွဲကြောင်းကို စုံစမ်းစစ်ဆေးရန် သူ့အားယုဒတရားလွှတ်တော်သို့ ခေါ်ဆောင်သွား၏။
၁၁။ အဘယ်နည်းအားဖြင့် ပေါလုသည် ဖါရိရှဲဖြစ်ခဲ့သနည်း။
၁၁ လွှတ်တော်တွင် ပေါလုကသူသည် “ဘုရားသခင်ရှေ့တော်တွင် ဩတ္တပ္ပစိတ်ကြည်လင်လျက် ကျင့်ကြံပြုမူခဲ့ပါ၏” ဟုထုချေပြောဆိုသောအခါ ယဇ်ပုရောဟိတ်မင်း အာနနိက သူ့နှုတ်ကိုရိုက်ခိုင်းသည်။ (၂၃:၁–၁၀) ပေါလုက “အဖြူသုတ်သည့် အုတ်ရိုး၊ ဘုရားသခင်သည် သင့်ကိုရိုက်တော်မူမည်” ဟုဆို၏။ အချို့က ‘သင်သည် ယဇ်ပုရောဟိတ်မင်းကို စော်ကားသလော’ ဟုမေး၏။ ပေါလုသည် မျက်စိသိပ်မကောင်းသဖြင့် အာနနိကို မမှတ်မိခြင်းဖြစ်နိုင်သည်။ သို့သော် တရားလွှတ်တော်အဖွဲ့ကို ဖါရိရှဲတို့နှင့် ဇဒ္ဒုကဲတို့ဖြင့်ဖွဲ့စည်းထားကြောင်း ပေါလုသတိထားမိသောအခါ သူက ‘အကျွန်ုပ်သည် ဖါရိရှဲဖြစ်ပါ၏။ ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်ကြောင့် အစစ်အဆေးခံနေရခြင်းဖြစ်သည်’ ဟုပြောဆို၏။ ယင်းကြောင့် တရားလွှတ်တော်နှစ်ခြမ်းကွဲလေ၏။ အကြောင်းမှာ ဖါရိရှဲတို့သည် ရှင်ပြန်ထမြောက်ခြင်းကိုယုံကြည်၍ ဇဒ္ဒုကဲတို့က မယုံကြည်၍ဖြစ်သည်။ သူတို့အချင်းချင်း အပြင်းအထန်ငြင်းခုံလာကြသဖြင့် တမန်တော်ကို လုသိကယ်ထုတ်လိုက်ရသည်။
၁၂။ ယေရုရှလင်မြို့တွင် သူ့အားလုပ်ကြံရန်အကြံအစည်မှ ပေါလုအဘယ်သို့လွတ်မြောက်ခဲ့သနည်း။
၁၂ ထိုနောက် ပေါလုသည် သူ့အားလုပ်ကြံရန် လျှို့ဝှက်ကြံစည်ခြင်းမှ လွတ်မြောက်ခဲ့သည်။ (၂၃:၁၁–၃၅) ယုဒအမျိုးသားလေးဆယ်က သူ့ကိုမသတ်ရမချင်း မစားမသောက်ဘဲနေမည်ဟု အဓိဌာန်ပြု၏။ ဤသတင်းကို ပေါလု၏တူဖြစ်သူက ပေါလုနှင့်လုသိအားပြောပြ၏။ စစ်တပ်လုံခြုံရေးဖြင့် တမန်တော်အား ယုဒပြည်နယ်ဆိုင်ရာ ရောမအုပ်ချုပ်ရေးမြို့တော် ကဲသရိမြို့ရှိ ဘုရင်ခံမင်း အန်တိုနိယပ်စ်ဖေလဇ်ထံသို့ပို့လိုက်သည်။ ဖေလဇ်က သူ၏အမှုကို စစ်ဆေးမည်ဟုကတိပေးပြီးနောက် ပေါလုအား ဟေရုဒ်မင်းကြီးဆောက်လုပ်ခဲ့သောနန်းတော်၊ ဘုရင်ခံမင်း၏ဌာနချုပ်တွင် အစောင့်ချ၍ ထိန်းသိမ်းထားလိုက်၏။
ဘုရင်မင်းများရှေ့မှောက်တွင် ရဲရင့်ခြင်း
၁၃။ ဖေလဇ်အား အဘယ်အကြောင်း ပေါလုသက်သေခံသနည်း။ အဘယ်အကျိုးသက်ရောက်မှု ရှိခဲ့သနည်း။
၁၃ တမန်တော်သည် မကြာမီအတွင်း စွပ်စွဲချက်များကိုထုချေ၍ ဖေလဇ်မင်းအား ရဲရင့်စွာ သက်သေခံ၏။ (၂၄:၁–၂၇) စွပ်စွဲသူ ယုဒအမျိုးသားများရှေ့တွင် မိမိသည် ဆူပူမှုကို နှိုးဆွခြင်းမပြုခဲ့ကြောင်း ပေါလုပြသ၏။ ပညတ်တရားနှင့် အနာဂတ္တိကျမ်းများ၌ပါရှိသော အရာများကိုယုံကြည်ကြောင်း “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူရှိသမျှတို့သည် သေခြင်းမှ ထမြောက်ကြလိမ့်မည်” ကိုမျှော်လင့်ကြောင်း သူဆို၏။ ပေါလုသည် ယေရုရှလင်မြို့သို့ “စွန့်ကြဲပေးကမ်းခြင်း” (နှိပ်စက်ညှဉ်းပန်းမှုကြောင့် ဆင်းရဲဒုက္ခရောက်နေကြသော ယေရှု၏နောက်တော်လိုက်များအတွက် အလှူငွေများ) ယူဆောင်လာ ပြီး သန့်စင်ခြင်းမင်္ဂလာပြုခဲ့သည်။ ကြားနာစစ်ဆေးခြင်းကို ဖေလဇ်မင်းရွှေ့ဆိုင်းလိုက်သော်လည်း နောက်ပိုင်းတွင် သူနှင့်သူ့ဇနီးဒြုသိလေ (ဟေရုဒ်အဂြိပ္ပ၏ သမီးတော်) တို့အား ပေါလုသည် ခရစ်တော်အကြောင်း၊ ဖြောင့်မတ်ခြင်း၊ ချုပ်တည်းခြင်းနှင့် လာလတံ့သောတရားစီရင်ခြင်းအကြောင်းတို့ကို ဟောပြောခဲ့သည်။ ထိုဟောပြောချက်ကြောင့် ဖေလဇ်ကြောက်ရွံ့လာသဖြင့် ပေါလုအားထွက်သွားစေလေသည်။ သို့သော်လည်း ပေါလုလာဘ်ထိုးမည်ဟု အချည်းနှီးမျှော်လင့်လျက် သူ့အားမကြာမကြာခေါ်တွေ့၏။ ဖေလဇ်သည် ပေါလုအပြစ်မရှိကြောင်းသိသော်လည်း ယုဒအမျိုးသားတို့ထံမှ မျက်နှာရလို၍ ပေါလုအား အကျဉ်းချထားခဲ့၏။ နှစ်နှစ်ကြာသော် ဖေလဇ်၏ရာထူးကို ပေါတိဖေတ္တုဆက်ခံလေ၏။
၁၄။ ဖေတ္တုရှေ့မှောက်လျှောက်လှဲရာတွင် အဘယ်ဥပဒေပြဌာန်းချက်ကို ပေါလုသုံးစွဲသနည်း။ အဘယ်ဆင်တူချက်ကို ကျွန်ုပ်တို့တွေ့ရသနည်း။
၁၄ ပေါလုသည် ဖေတ္တုရှေ့မှောက်တွင်လည်း ရဲရင့်စွာ ထုချေလျှောက်လဲချက်ပေးခဲ့၏။ (၂၅:၁–၁၂) တမန်တော်အနေဖြင့် သေပြစ်ထိုက်လျှင် ယခုကဲ့သို့လျှောက်လဲခဲ့မည်မဟုတ်ပေ။ သို့သော်လည်း ဂျူးအမျိုးသားများကို မျက်နှာလုပ်သည့်အနေနှင့် သူတို့လက်သို့ ပေါလုကိုမည်သူမျှ မလွှဲအပ်နိုင်ပေ။ ပေါလုက မိမိ၏ရောမနိုင်ငံသားအခွင့်အရေးကို ကျင့်သုံး၍ (နီးရိုးရှေ့) ရောမမြို့တွင် အစစ်ဆေးခံရန် “ကဲသာဘုရင်၏အယူတော်ခံပါမည်” ဟုလျှောက်၏။ သူ၏လျှောက်ထားချက်ကိုခွင့်ပြုလိုက်သဖြင့် တင်ကူးဟောပြောသည့်အတိုင်း “ရောမမြို့၌လည်း သက်သေခံ” ခွင့်ရတော့မည်။ (တမန်တော် ၂၃:၁၁) ယေဟောဝါသက်သေများလည်း ‘သတင်းကောင်းကိုကာကွယ်ထောက်ခံ၍ တရားဝင်တည်စေရန်’ ဥပဒေပြဌာန်းချက်များကို ကျင့်သုံးကြသည်။—ဖိလိပ္ပိ ၁:၇။
၁၅။ (က) အဂြိပ္ပမင်းနှင့် ကဲသာထံ ပေါလုအယူခံသောအခါ အဘယ်ပရောဖက်ပြုချက် ပြည့်စုံသွားသနည်း။ (ခ) ရှောလုသည် တုတ်ချွန်ကို အဘယ်သို့ကန်ခဲ့သနည်း။
၁၅ ယုဒပြည်မြောက်ပိုင်းကိုအစိုးရသော ဒုတိယမြောက်ဟေရုဒ်အဂြိပ္ပမင်းကြီးနှင့် အစ်မတော် ဗေရနိတ် (သွေးရင်းသားရင်းလင်မယားအဖြစ် ပေါင်းသင်းနေကြသည်) တို့သည် ကဲသရိမြို့ရှိ ဖေတ္တုထံလည်ပတ်ရာတွင် ပေါလုအကြောင်းကြားသိရ၏။ (၂၅:၁၃–၂၆:၂၃) အဂြိပ္ပနှင့်ကဲသာအား သက်သေခံခြင်းအားဖြင့် သူသည် ရှင်ဘုရင်တို့ထံသို့ သခင်ဘုရား၏နာမတော်ကို ပို့ဆောင်မည်ဟူသော ပရောဖက်ပြုချက်ကို ပြည့်စုံစေ၏။ (တမန်တော် ၉:၁၅) ဒမာသက်မြို့သို့သွားရာလမ်းတွင်ဖြစ်ပျက်ခဲ့ပုံကို အဂြိပ္ပအားလျှောက်လဲရာတွင် ‘တုတ်ချွန်ကိုခြေနှင့်ကန်လျှင် သင်သာလျှင်နာကျင်လိမ့်မည်’ ဟုယေရှုမိန့်တော်မူခဲ့ကြောင်း ပေါလုမှတ်ချက်ချ၏။ ခေါင်းမာသောနွားသိုးတစ်ကောင် ချွန်းနှင့်ထိုးသည်ကို တင်းခံနေလျှင် သူသာနာကျင်သကဲ့သို့ ပေါလုသည် ဘုရားသခင်ထောက်ခံသည့် ယေရှု၏နောက်တော်လိုက်များအား ဆန့်ကျင်တိုက်ခိုက် ခြင်းဖြင့် သူသာအနာတရဖြစ်ခဲ့သည်။
၁၆။ ပေါလု၏သက်သေခံချက်ကို ဖေတ္တုနှင့်အဂြိပ္ပတို့အသီးသီး မည်ကဲ့သို့တုံ့ပြန်ခဲ့ကြသနည်း။
၁၆ ဖေတ္တုနှင့်အဂြိပ္ပတို့ မည်သို့တုံ့ပြန်ကြသနည်း။ (၂၆:၂၄–၃၂) ဖေတ္တုသည် ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို နားမလည်သည့်ပြင် ပေါလု၏ခံယူချက်ကို အံ့သြသဖြင့် ‘သင်သည် အတတ်ကြူး၍ ရူးလေပြီ’ ဟုဆို၏။ အလားတူစွာ ယေဟောဝါသက်သေတို့သည် ပေါလုကဲ့သို့ ‘အဟုတ်အမှန်ကို ပညာသတိနှင့်ပြော’ ကြစေကာမူ အချို့က သူတို့ကိုအရူးဟုစွပ်စွဲကြ၏။ အဂြိပ္ပက ‘သင်သည် တိုတောင်းသောအချိန်အတွင်း သွေးဆောင်သောအားဖြင့် ငါသည် ခရစ်ယာန်ဖြစ်လုပြီ’ ဟုဆိုပြီးနောက် ကြားနာခြင်းကို ရပ်နားလိုက်သည်။ သို့သော် ကဲသာထံအယူခံဝင်ရန် မလျှောက်ထားခဲ့ပါမူ သူ့ကိုလွှတ်ပစ်နိုင်သည်ဟု အသိအမှတ်ပြုခဲ့သည်။
ပင်လယ်ဘေးများ
၁၇။ ရောမမြို့သို့သွားရာခရီးတွင် ပေါလုကြုံတွေ့ခဲ့ရသောဘေးအန္တရာယ်များကို သင်မည်သို့ရုပ်လုံးပေါ်အောင် ဖေါ်ပြမည်နည်း။
၁၇ ရောမမြို့သို့ခရီးသွားရာတွင် ပေါလု “ပင်လယ်ဘေးများ” ကြုံရသည်။ (၂ ကောရိန္သု ၁၁:၂၄-၂၇) ကဲသရိမြို့မှ ရောမမြို့သို့ အကျဉ်းသားများကို တာဝန်ယူပို့ဆောင်ရသူမှာ ယုလိအမည်ရှိသောတပ်မှူးဖြစ်သည်။ (၂၇:၁–၂၆) သူတို့သင်္ဘော ဇိဒုန်မြို့တွင် ဆိုက်ကပ်သောအခါ ပေါလုသည် ယုံကြည်သူချင်းတို့ထံ လည်ပတ်ခွင့်ရသဖြင့် ဝိညာဉ်ရေးဘက် အားသစ်လန်းဆန်းခဲ့သည်။ (၃ ယောဟန် ၁၄ နှင့်နှိုင်းယှဉ်ပါ။) အာရှမိုင်းနားရှိ မုရမြို့တွင် ယုလိသည် အကျဉ်းသားတို့ကို ဣတလိပြည်သို့သွားမည့် သီးနှံတင် သင်္ဘောပေါ်သို့တက်စေသည်။ လေပြင်းနှင့်ရင်ဆိုင်ရသော်လည်း ကရေတေကျွန်း၊ လာသဲမြို့အနီးရှိ ဆိပ်သာယာသို့ရောက်အောင်သွားကြ၏။ ထိုနေရာမှထွက်၍ ဖိနိတ်မြို့သို့သွားရာ ခရီးတွင် အရှေ့မြောက်ရာသီလေနှင့်မိလေ၏။ အာဖရိကတိုက် မြောက်ဘက်ကမ်းလွန်ရှိ တုရတိသောင် (သဲရှင်) ပေါ်တွင် တင်မည်စိုးရိမ်သောကြောင့် သင်္ဘောသားတို့သည် ရွက်ကိုလျှော့ချကြ၏။ ထိုနောက် စပ်ကြောင်းများကွဲမထွက်စေရန် သင်္ဘောဇရာကို ကြိုးဖြင့်တုတ်နှောင်ကြသည်။ သို့တိုင်အောင် နောက်တစ်နေ့၌လည်း မုန်တိုင်းဆက်လက်တိုက်ခိုက်သဖြင့် ကုန်ပစ္စည်းများကို သင်္ဘောမှပစ်ချခြင်းဖြင့် သင်္ဘောကိုပေါ့စေကြ၏။ တတိယနေ့၌ သင်္ဘောတန်ဆာများ (ရွက်များနှင့် အပိုကိရိယာများ) ကိုပစ်ချကြ၏။ မျှော်လင့်ချက်မရှိတော့ဟုထင်ရသောအချိန်၌ ကောင်းကင်တမန်တစ်ပါး ပေါလုထံပေါ်လာပြီး သူ့အားမကြောက်ရန် ကဲသာရှေ့သူရပ်ရမည်အကြောင်းပြောပြ၏။ ခရီးသည်အားလုံး ကျွန်းတစ်ကျွန်းတွင် သောင်တင်လိမ့်မည်ဟု တမန်တော်ပြောလိုက်သောအခါ မည်မျှစိတ်သက်သာရာရကြမည်တကား။
၁၈။ ပေါလုနှင့်ခရီးဖေါ်တို့သည် နောက်ဆုံး၌ မည်သို့ဖြစ်သွားကြသနည်း။
၁၈ ခရီးသည်များ အသက်ချမ်းသာရာရကြသည်။ (၂၇:၂၇–၄၄) တစ်ဆယ့်လေးရက်မြောက်သောနေ့ ညဉ့်သန်းခေါင်ချိန်တွင် သင်္ဘောသားတို့သည် ကမ်းတစ်ခုခုနှင့်နီးလာသည်ကို ရိပ်စားမိကြသည်။ ရေအတိမ်အနက်တိုင်းကြည့်လိုက်သောအခါ သူတို့အထင်မှန်ကြောင်းတွေ့ရှိရာ ကျောက်ဆောင်နှင့်တိုက်မိမည်စိုးသဖြင့် ကျောက်ဆူးတို့ကိုချလိုက်ကြ၏။ ပေါလု၏အားပေးတိုက်တွန်းမှုဖြင့် လူပေါင်း ၂၇၆ ယောက်လုံး အစာစားကြသည်။ ထိုနောက် သင်္ဘောကိုပေါ့စေရန် ဂျုံဆန်များကို ပင်လယ်သို့ပစ်ချကြ၏။ မိုးလင်းသောအခါ သင်္ဘောသားတို့သည် ကျောက်ကြိုးကိုဖြတ်၍ တက်များမှ ကြိုးတို့ကိုဖြည်ကြပြီး ဦးပိုင်းမှ ရွက်ကိုတင်၍ ရွက်တိုက်ကြ၏။ သင်္ဘောသည် သောင်တင်၍ ပဲ့ပိုင်းသည် အပိုင်းပိုင်းကျိုးပဲ့လေ၏။ သို့သော်လည်း ရှိသမျှဘေးလွတ်၍ ကမ်းပေါ်သို့ရောက်ကြ၏။
၁၉။ မေလတေကျွန်းပေါ်တွင် ပေါလုဘာတွေ့ကြုံရသနည်း။ အခြားကျွန်းသားတို့အတွက် သူဘာလုပ်ပေးခဲ့သနည်း။
၁၉ သင်္ဘောပျက်၍ ဒုက္ခသည်တို့သည် ရွှဲရွှဲစိုလျက်၊ မောပန်းလျက် မေလိတေကျွန်းပေါ်ရောက်နေကြောင်းသိရှိကြ၏။ ထိုကျွန်းသားတို့သည် သူတို့အား “အထူးသဖြင့်ကျေးဇူးပြုကြ၏။” (၂၈:၁–၁၆) သို့ရာတွင် ပေါလုသည် မီးထဲသို့ထင်းစီးထည့်လိုက်သောအခါ မီးရှိန်ကြောင့် ထင်းစီးကြားတွင်အောင်းနေသော မြွေပွေးတစ်ကောင်ထွက်လာပြီး ပေါလု၏လက်ကိုတွယ်လျက်နေ၏။ (မေလိတေကျွန်းပေါ်တွင် ယခုအခါ အဆိပ်ပြင်းသောမြွေမရှိတော့သော်လည်း ယင်းမြွေမှာ “မြွေဆိုး” ဖြစ်သည်။) ကျွန်းသားတို့က ပေါလုသည် လူသတ်သမားဖြစ်၍ “တရား” ကသူ့အားအသက်ရှင်ခွင့်မပြုဟု ထင်မှတ်ကြသော်လည်း လဲသေခြင်း၊ တစ်ကိုယ်လုံးရောင်ခြင်းမရှိသည်ကိုတွေ့သော် နတ်ဘုရားဖြစ်သည်ဟုဆိုကြ၏။ ထိုနောက်ပေါလုသည် ကျွန်းသူကြီး ပုဗလိ၏ဖခင်အပါအဝင် လူအများအပြားတို့ကို ကျန်းမာစေ၏။ သုံးလကြာသော် ပေါလု၊ လုကာ နှင့် အာရိတ္တခုတို့သည် ‘ဇုသ၏သားများ’ (သင်္ဘောသားတို့ကို စောင်မသည်ဟုအယူရှိသော နတ်အမြွှာညီနောင် ကက်စတို နှင့် ပိုလပ်ဇ်) ၏ရုပ်ပုံပါရှိသော သင်္ဘောဖြင့် ထွက်ခွာကြသည်။ ပေါတယောလိမြို့သို့ ဆိုက်ကပ်သောအခါ ယုလိသည် မိမိထိန်းသိမ်းထားရသူနှင့် ခရီးဆက်လေသည်။ အပ္ပိယန်လမ်းမကြီးတစ်လျှောက် အပ္ပိဈေးနှင့်သုံးဇရပ်တို့တွင် ရောမမြို့တော်မှလာကြသော ခရစ်ယာန်များကိုတွေ့ရသောအခါ ပေါလုသည် ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်း၍ အားတက်ခဲ့လေသည်။ နောက်ဆုံး၌ ရောမမြို့တွင် ပေါလုသည် အစောင့်စစ်သားတစ်ယောက်နှင့်အတူ မိမိဖါသာနေထိုင်ခွင့်ရရှိသည်။
ယေဟောဝါ၏နိုင်ငံတော်အကြောင်း ဆက်လက်ကြေညာခြင်း
၂၀။ ရောမမြို့နေအိမ်တွင် အဘယ်လုပ်ငန်းဖြင့် ပေါလုအလုပ်များနေခဲ့သနည်း။
၂၀ ရောမမြို့နေထိုင်ရာအိမ်တွင် ပေါလုသည် ယေဟောဝါ၏နိုင်ငံတော်အကြောင်း ရဲရင့်စွာကြေညာဟောပြော၏။ (၂၈:၁၇–၃၁) ယုဒအမျိုးသားခေါင်းဆောင်တို့အား သူက “ဣသရေလအမျိုး၏မျှော်လင့်ရာအတွက်ကြောင့် အကျွန်ုပ်သည် ဤသံကြိုးနှင့်ချည်နှောင်ခြင်းကိုခံရပါ၏” ဟုပြောပြ၏။ ထိုမျှော်လင့်ရာတွင် မေရှိယအားလက်ခံခြင်းပါဝင်ပြီး ယင်းအတွက် ကျွန်ုပ်တို့လည်း ဆင်းရဲခံရန်အသင့်ရှိရကြမည်။ (ဖိလိပ္ပိ ၁:၂၉) ထိုယုဒအမျိုးသားအများသည် မယုံကြည်ကြသော်လည်း လူမျိုးခြားအများနှင့် ယုဒအမျိုးသားအကြွင်းအကျန်တို့သည် နှလုံးသားအခြေအနေမှန်ရှိခဲ့ကြသည်။ (ဟေရှာယ ၆:၉၊ ၁၀) ပေါလုသည် နှစ်နှစ်ပတ်လုံး (စီအီး ၅၉-၆၁ ခုခန့်) မိမိထံလာရောက်ကြသူအပေါင်းတို့အား ကြိုဆိုဧည့်ခံ၍ “ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို အတည့်အလင်းဟောပြော၍ သခင်ယေရှုခရစ်၏အကြောင်းများကို သွန်သင်ပြသလျက်နေ၏။”
၂၁။ မြေကြီးအသက်တာအဆုံး၌ ပေါလုအဘယ်စံနမူနာထားခဲ့သနည်း။
၂၁ နီးရိုးသည် ပေါလု၌အပြစ်မရှိကြောင်းစီရင်ချက်ချ၍ လွှတ်လိုက်သည်မှာ ထင်ရှားသည်။ ထိုနောက် တမန်တော်သည် တိမောသေ၊ တိတုတို့နှင့်အတူ သူ၏လုပ်ငန်းကိုပြန်လည်ထမ်းဆောင်သည်။ သို့ရာတွင် ရောမမြို့တွင် နောက်တစ်ဖန်ထောင်ကျခဲ့ပြီး (စီအီး ၆၅ ခုခန့်) နီးရိုးလက်တွင် ယုံကြည်ချက်ကြောင့် အသတ်ခံရဟန်တူသည်။ (၂ တိမောသေ ၄:၆-၈) သို့သော်လည်း ပေါလုသည် အဆုံးတိုင်အောင် နိုင်ငံတော်အကြောင်းကို သတ္တိရှိရှိကြေညာသူအဖြစ် စံနာမူနာကောင်းပြခဲ့လေသည်။ ဤနောက်ဆုံးနေ့ရက်များ၌ ဘုရားသခင်ထံအပ်နှံပြီးသူအပေါင်းတို့အနေဖြင့် ထပ်တူစိတ်ဓာတ်မျိုးနှင့် ယေဟောဝါ၏နိုင်ငံတော်အကြောင်းကို ရဲရင့်စွာကြေညာနိုင်ကြပါစေသတည်း။
သင်မည်သို့ဖြေဆိုမည်နည်း
▫ ဧဖက်မြို့ရှိအကြီးအကဲများအား ပေါလုအဘယ်ဓမ္မအမှု လေ့ကျင့်ပေးခဲ့သနည်း။
▫ ဘုရားသခင့်အလိုတော်အတိုင်းဆောင်ရွက်ရာတွင် ပေါလုအဘယ်စံနမူနာထားခဲ့သနည်း။
▫ လူစုဖြင့်ရမ်းကားခြင်းနှင့်ပတ်သက်၍ ပေါလုကြုံရသောအတွေ့အကြုံနှင့် ယနေ့ယေဟောဝါသက်သေများ ကြုံရသောအတွေ့အကြုံနှစ်ရပ် အဘယ်ဆင်တူမှုရှိသနည်း။
▫ ဘုရင်ခံမင်း ဖေတ္တုရှေ့မှောက်တွင် အဘယ်ဥပဒေပြဌာန်းချက်များကို ပေါလုသုံးစွဲခဲ့သနည်း။ ဤအချက်နှင့်စပ်လျဉ်း၍ အဘယ်မျက်မှောက်ခေတ် ဆင်တူချက်ရှိသနည်း။
▫ ရောမမြို့နေအိမ်တွင် ပေါလုသည် အဘယ်လုပ်ငန်းဖြင့် အလုပ်များနေခဲ့သနည်း။ အဘယ်စံနမူနာထားခဲ့သနည်း။