သူတို့သည် ယေဟောဝါ၏အလိုတော်ကို ဆောင်ရွက်ခဲ့ကြ
ဘေးဆိုးကိုပေါလုအနိုင်ယူ
အလွန်ဆိုးရွားသောအခြေအနေတွင် ပေါလုရောက်နေသည်။ သူနှင့် အခြားသူ ၂၇၅ ဦးတို့သည် ဥရုကလုဒုန်—မြေထဲပင်လယ်၌တိုက်ခတ်သော အပြင်းထန်ဆုံးလေ—လေပြင်းမုန်တိုင်းဒဏ်ကိုခံနေရသည့် သင်္ဘောတစ်စင်းပေါ်ရောက်နေကြသည်။ နေ့အချိန်တွင်နေ၊ ညအချိန်တွင် ကြယ်တို့ကိုမမြင်နိုင်သည့်အထိ မုန်တိုင်းပြင်းထန်လွန်း၏။ ထို့ကြောင့် ခရီးသည်များသည် အသက်အန္တရာယ်ကြုံမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။ သို့တိုင် “သင်္ဘောဆုံးခြင်းမှတစ်ပါး သင်တို့တွင် အဘယ်သူမျှအသက်မရှုံးရ” ဟူ၍အိပ်မက်တွင် ဘုရားသခင်က မိမိကိုဖော်ပြသည့်အကြောင်း ပေါလုပြန်ပြောပြခြင်းအားဖြင့် သူတို့ကိုနှစ်သိမ့်ပေးခဲ့သည်။—တမန်တော် ၂၇:၁၄၊ ၂၀-၂၂။
မုန်တိုင်း၏ ၁၄ ရက်မြောက်ညတွင် ရေ၏အတိမ်အနက်သည် အလံ ၂၀ သာရှိသည်ကို သင်္ဘောသားများ အံ့သြစွာတွေ့ ရှိခဲ့ကြ၏။a ထိုမှအနည်းငယ်လွန်ပြန်လျှင် ထပ်စမ်းကြည့်ကြ၏။ ဤအကြိမ်တွင် ရေအနက်မှာ ၁၅ လံရှိသည်။ ကမ်းကပ်ဖို့နီးပြီ! သို့သော် ဤသတင်းကောင်းက ထိတ်လန့်စရာဖြစ်သည်။ ရေတိမ်တွင် ညဘက်၌ ရှေ့တိုးနောက်ငင်လူးလွန့်နေမည်ဖြစ်ရာ ကျောက်ဆောင်နှင့်တိုက်လျက် သင်္ဘောပျက်စီးသွားနိုင်ပေသည်။ သင်္ဘောသားများက ပညာရှိစွာဖြင့် ကျောက်ဆူးများချကြလေ၏။ တချို့က သမ္ဗန်ကိုလျှောချ၍ ထွက်ပြေးလိုကြသည်။b သို့သော် သူတို့ကိုပေါလုတားမြစ်၏။ သူက “ဤသူတို့သည်သင်္ဘောပေါ်၌မနေလျှင် သင်တို့သည်ချမ်းသာမရနိုင်ကြ” ဟုတပ်မှူးနှင့် စစ်သူရဲများကိုမှာကြား၏။ ပေါလုစကားကို တပ်မှူးနားထောင်၍ ယခု ခရီးသည် ၂၇၆ ဦးတို့သည် မိုးလင်းရန်စိတ်စောနေကြသည်။—တမန်တော် ၂၇:၂၇-၃၂။
သင်္ဘောပျက်ခြင်း
နောက်တစ်နေ့နံနက်တွင် သင်္ဘောပေါ်မှခရီးသည်များသည် ပင်လယ်အော်တစ်ခုနှင့် ဆိပ်ကမ်းကိုတွေ့ ရှိကြ၏။ ထိုအခါ သင်္ဘောသားများသည် မျှော်လင့်ချက်အသစ်ဖြင့် ကျောက်ဆူးများကိုဖြတ်ချကာ ရွက်ကိုဖွင့်၍လွှင့်ကြ၏။ သင်္ဘောသည် ကမ်းသို့စတင်ရွေ့လျားသွားရာ ဝမ်းသာအားရအော်ဟစ်ကြမည်မလွဲပေ။—တမန်တော် ၂၇:၃၉၊ ၄၀။
သို့သော် သင်္ဘောသည် ရုတ်တရက်သောင်တင်လေ၏။ ပို၍ဆိုးသည်မှာ သင်္ဘောပဲ့ပိုင်းကို ပြင်းထန်သည့်လှိုင်းတံပိုးရိုက်ခတ်ခဲ့ပြီး တစ်စစီကျိုးပဲ့တော့သည်။ ခရီးသည်အားလုံး သင်္ဘောကိုစွန့်ခွာကြရ၏! (တမန်တော် ၂၇:၄၁) သို့သော် ယင်းက ပြဿနာတစ်ခုပေါ်စေသည်။ ပေါလုအပါအဝင် သင်္ဘောပေါ်ရှိသူအများမှာ အကျဉ်းသားများဖြစ်ကြ၏။ ရောမဥပဒေအရ မိမိ၏အကျဉ်းသားကို လွတ်သွားစေသည့်အစောင့်သည် ထိုအကျဉ်းသားခံရမည့်အပြစ်ဒဏ်ကို ခံရမည်ဖြစ်သည်။ ဥပမာ၊ လူသတ်သမားတစ်ဦး လွတ်သွားခဲ့သော် ပေါ့ဆသောအစောင့်သည် သူ့အသက်ကိုပေးဆက်ရပေမည်။
ထိုသို့ဖြစ်မည် စိုးရိမ်သောကြောင့် စစ်သူရဲတို့သည် အကျဉ်းသားအားလုံးကိုသတ်ပစ်ဖို့ ဆုံးဖြတ်ကြသည်။ သို့သော် ပေါလုနှင့်ရင်းနှီးသောတပ်မှူးက ကြားဝင်ဖျန်ဖြေပေးခဲ့သည်။ ရေကူးနိုင်သူအားလုံး ကုန်းသို့ကူးသွားကြရန် သူအမိန့်ပေးသည်။ ရေမကူးနိုင်သူများမူ သင်္ဘောပျဉ်ပြားများ သို့မဟုတ် အခြားအရာများကိုဆုပ်ကိုင်ထားကြရမည်ဖြစ်သည်။ ပျက်စီးနေသည့်သင်္ဘောပေါ်မှ ခရီးသည်များသည် တစ်ဦးပြီးတစ်ဦး ကမ်းသို့တရွေ့ရွေ့ကူးသွားကြ၏။ ပေါလုပြောသည့်အတိုင်း တစ်ဦးမျှမသေဆုံးခဲ့ပါ!—တမန်တော် ၂၇:၄၂-၄၄။
မေလိတေကျွန်းပေါ်မှအံ့ဖွယ်ရာ
ခြေကုန်လက်ပန်းကျနေသည့်လူစုမှာ မေလိတေအမည်ရှိသောကျွန်းပေါ် ခိုလှုံခဲ့ကြသည်။ ကျွန်းသူကျွန်းသားများမှာ စာသားအရ “လူရိုင်းများ” (ဂရိ၊ ဘာဘဲရော့စ်)၊ ‘နိုင်ငံခြားဘာသာစကားပြောသူများ’ ဖြစ်ကြသည်။c သို့သော် မေလိတေကျွန်းသားများမှာ ရက်စက်ကြမ်းကြုတ်သူများမဟုတ်ကြပါ။ သို့ဖြစ်မည့်အစား ပေါလုနှင့်ခရီးသွားဖော် လုကာက “မိုးရွာ၍ချမ်းသောကြောင့် [သူတို့သည်] မီးမွှေးပြီးလျှင်၊ ငါတို့အပေါင်းကိုလက်ခံ၍ အထူးသဖြင့်ကျေးဇူးပြုကြ၏” ဟုရေးသားထား၏။ ပေါလုကိုယ်တိုင်ပင် မေလိတေကျွန်းသားများနှင့်အတူ ထင်းရှာ၍ မီးဖို၌ထည့်ပေးခဲ့သည်။—တမန်တော် ၂၈:၁-၃၊ ကဘ၊ အောက်ခြေမှတ်ချက်။
ရုတ်တရက် မြွေပွေးတစ်ကောင်သည် ပေါလု၏လက်ကိုတွယ်လိုက်သည်! ကျွန်းသူကျွန်းသားများက ပေါလုသည် လူသတ်သမားတစ်ဦးဖြစ်ရမည်ဟုယူဆကြလေ၏။ အပြစ်ပြုသည့်ကိုယ်ခန္ဓာအစိတ်အပိုင်းကို ဘေးပြုခြင်းဖြင့် ဘုရားသခင်သည် အပြစ်သားများကို ဒဏ်စီရင်သည်ဟု သူတို့ယူမှတ်ခဲ့ကြမည်။ သို့သော် ကြည့်ပါ! ပေါလုသည် မြွေပွေးကိုမီးထဲသို့ခါချလိုက်ရာ ကျွန်းသားများအံ့အားသင့်သွားကြ၏။ မျက်မြင်သက်သေဖြစ်သည့် လုကာ၏မှတ်တမ်း၌ ဆိုသည့်အတိုင်းပင် “သူ [ပေါလု] သည်တစ်ကိုယ်လုံးယောင်မည်၊ တစ်ခဏခြင်းတွင်လဲ၍သေမည်ဟု ထိုသူတို့သည်ကြာမြင့်စွာငံ့လင့်” ကြ၏။ ကျွန်းသားများစိတ်ပြောင်းသွားကြကာ ပေါလုသည် ဘုရားတစ်ပါးဖြစ်ရမည်ဟု ဆိုစပြုလေတော့သည်။—တမန်တော် ၂၈:၃-၆။
ပေါလုသည် မေလိတေကျွန်းတွင် နောက်ထပ်သုံးလနေထိုင်ခဲ့ပြီး ထိုအတောအတွင်း ပေါလုကိုဧည့်ဝတ်ပြုခဲ့သော ကျွန်းသူကြီးပုဗလိ၏ဖခင်နှင့် အခြားဖျားနာသူများကိုကုသပေးခဲ့သည်။ ထို့ပြင် ပေါလုသည် အမှန်တရားမျိုးစေ့ကိုဖြန့်ကြဲခဲ့ရာ ဧည့်ဝတ်ကျေပွန်သည့် မေလိတေကျွန်းသားတို့အား ကောင်းချီးများစွာခံစားစေခဲ့သည်။—တမန်တော် ၂၈:၇-၁၁။
ကျွန်ုပ်တို့အတွက်သင်ခန်းစာ
အမှုဆောင်စဉ်အတွင်း ပေါလုသည် စိန်ခေါ်ချက်များစွာတွေ့ကြုံခဲ့ရသည်။ (၂ ကောရိန္သု ၁၁:၂၃-၂၇) အထက်ပါမှတ်တမ်းတွင် သူသည် သတင်းကောင်းကြောင့် အကျဉ်းသားတစ်ဦးဖြစ်ခဲ့သည်။ ထို့နောက် ကြောက်မက်ဖွယ်လေမုန်တိုင်းနှင့် သင်္ဘောပျက်ခြင်းစသည့် မမျှော်လင့်သောစမ်းသပ်မှုများကို တွေ့ ကြုံခဲ့ရသည်။ ၎င်းတို့အားလုံးကို ကြုံခဲ့ရသော်လည်း ဇွဲရှိရှိသတင်းကောင်းဟောပြောသူတစ်ဦးဖြစ်ရန် ပေါလု၏ဆုံးဖြတ်ချက်သည် တစ်ခါမျှမယိမ်းယိုင်ခဲ့ပါ။ အတွေ့အကြုံမှ သူဤသို့ရေးသားခဲ့သည်– “ဝစွာစားခြင်း၊ မွတ်သိပ်ခြင်း၊ စည်းစိမ်ရှိခြင်း၊ ဆင်းရဲခြင်းတို့ကိုခံရအံ့သောငှာ၊ အရပ်ရပ်တို့တွင် အရာရာ၌သင်မိပြီ။ ငါ့ကိုခွန်အားနှင့်ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏။”—ဖိလိပ္ပိ ၄:၁၂၊ ၁၃။
စစ်မှန်သောဘုရားသခင်၏ ဇွဲရှိသောအမှုဆောင်များဖြစ်ရန် ကျွန်ုပ်တို့၏အဓိဋ္ဌာန်ပြုချက်ကို ဘဝပြဿနာများကြောင့် ဘယ်သောအခါမျှ အားမလျော့စေသင့်ပေ! မမျှော်လင့်သောစမ်းသပ်မှုတစ်ခုပေါ်လာသောအခါ ကျွန်ုပ်တို့၏ဝန်ကို ယေဟောဝါ၌ချထားကြသည်။ (ဆာလံ ၅၅:၂၂) ထို့နောက် စမ်းသပ်မှုကိုခံရပ်နိုင်ဖို့ ကိုယ်တော်မည်သို့ပြုတော်မူမည်ကို ကျွန်ုပ်တို့စိတ်ရှည်စွာစောင့်ဆိုင်းကြည့်နေကြသည်။ တစ်ချိန်တည်းတွင် ကျွန်ုပ်တို့ကို ကိုယ်တော်ဂရုစိုက်ကြောင်း စိတ်ချလျက် ကိုယ်တော့်အမှုတော်ကို သစ္စာရှိရှိထမ်းဆောင်ကြမည်။ (၁ ကောရိန္သု ၁၀:၁၃; ၁ ပေတရု ၅:၇) မည်သည့်အခက်အခဲများကြုံရပါစေ ဆက်၍တည်ကြည်ခိုင်ခံ့ခြင်းအားဖြင့် ကျွန်ုပ်တို့သည်—ပေါလုကဲ့သို့—ဘေးဆိုးကို အနိုင်ယူနိုင်ပါသည်။
[အောက်ခြေမှတ်ချက်များ]
a တစ်လံတွင် လေးကုဗပေ သို့မဟုတ် ခြောက်ပေခန့်ရှိသည်ဟု ယူဆလေ့ရှိကြသည်။
b သမ္ဗန်ဆိုသည်မှာ ကမ်းရိုးတန်းတစ်ခုအနီး၌ သင်္ဘောကျောက်ချထားသည့်အခါ ကမ်းစပ်သို့ရောက်ရန် အသုံးပြုသောလှေငယ်ဖြစ်သည်။ ထင်ရှားသည်မှာ သင်္ဘောသားများသည် သင်္ဘောကိုကိုင်တွယ်ရာတွင် မကျွမ်းကျင်သူများကိုချန်ခဲ့၍ ကိုယ်လွတ်ရုန်းပြေးဖို့ကြိုးစားနေကြကြောင်း ထင်ရှားသည်။
c ဝေလ်ဖရက် ဖန့်ခ်စ်၏ စကားလုံးမူလအစဟူသည့်စာအုပ်တွင် ဤသို့ဖော်ပြထားသည်– “ဂရိလူမျိုးတို့သည် မိမိတို့ဘာသာစကားထက် အခြားဘာသာစကားများကို အထင်သေး၍ ယင်းတို့မှာ ‘ဘာ-ဘာ’ ဟူသည့်အသံသာထွက်သည်ဟုဆိုကာ ၎င်းတို့ကိုပြောဆိုသူတို့အား ဘာဘဲရော့စ်ဟုခေါ်ဝေါ်ကြသည်။