အခန်း ရှစ်
ယေဟောဝါ ဘုရားသခင်သည် မိမိ၏ သန့်ရှင်းသော ဗိမာန်တော်တွင် ရှိနေတော်မူ၏
၁၊ ၂။ (က) ပရောဖက် ဟေရှာယသည် အဘယ်အချိန်တွင် ဗိမာန်တော် ရူပါရုံကို ရရှိသနည်း။ (ခ) ဩဇိမင်းသည် ယေဟောဝါ၏ မျက်နှာသာ အဘယ်ကြောင့် ဆုံးရှုံးခဲ့သနည်း။
“ဩဇိမင်းကြီး အနိစ္စရောက်သော နှစ်တွင် ထာဝရဘုရားသည် အလွန် မြင့်မြတ်သော ပလ္လင်ပေါ်မှာ ထိုင်တော်မူသည်ကို ငါ မြင်၏။ အဝတ်တော်တန်ဆာသည် ဗိမာန်တော်ကို ဖြည့်လေ၏။” (ဟေရှာယ ၆:၁) ပရောဖက်၏ ဤစကားများဖြင့် ဟေရှာယကျမ်း၏ ခြောက်ခုမြောက် အခန်းကြီးကို အစပြုထားသည်။ အချိန်ကား ဘီ.စီ.အီး. ၇၇၈ ခုနှစ်တွင် ဖြစ်သည်။
၂ ဩဇိမင်းသည် ယုဒမင်းအဖြစ် ၅၂ နှစ်ကြာ အုပ်ချုပ်ချိန် အများစုသည် လျှမ်းလျှမ်းတောက် အောင်မြင်သူ ဖြစ်ခဲ့သည်။ “ထာဝရဘုရားရှေ့တော်၌ တရားသော အမှုကို ပြု” ခြင်းကြောင့် စစ်မှု၊ တည်ဆောက်ခြင်းအမှုနှင့် စိုက်ပျိုးရေး စွန့်စားမှုများတွင် ဘုရားသခင်၏ ကျောထောက်နောက်ခံမှုကို သူ ရရှိခဲ့သည်။ သို့သော် သူ၏ အောင်မြင်မှုသည် သူ၏ ပျက်စီးရာအကြောင်းလည်း ဖြစ်ခဲ့ရသည်။ နောက်ဆုံးတွင် သူ၏ နှလုံးသည် ထောင်လွှားလာပြီး “မိမိဘုရားသခင် ထာဝရဘုရားကို ပြစ်မှား၍ နံ့သာပေါင်းကို မီးရှို့ရာ ယဇ်ပလ္လင်ပေါ်မှာ နံ့သာပေါင်းကို မီးရှို့ခြင်းငှာ ထာဝရဘုရား၏ ဗိမာန်တော်ထဲသို့ ဝင်” သည့်အထိ ဖြစ်သွားသည်။ ဤရောင့်တက်သော အပြုအမူနှင့် သူ့ကို ဆုံးမသော ယဇ်ပုရောဟိတ်များကို အမျက်ထွက်သောကြောင့် ဩဇိသည် နူနာစွဲကာ သေဆုံးခဲ့ရသည်။ (၂ ရာဇဝင်ချုပ် ၂၆:၃-၂၂) ဤအချိန်ခန့်တွင် ဟေရှာယသည် မိမိ၏ ပရောဖက်ပြုလုပ်ငန်းကို စတင်ခဲ့သည်။
၃။ (က) ဟေရှာယသည် ယေဟောဝါကို ပကတိ မြင်သလော။ ရှင်းပြပါ။ (ခ) အဘယ်မြင်ကွင်းကို ဟေရှာယ မြင်တွေ့ရပြီး မည်သည့်အတွက်နည်း။
၃ ရူပါရုံကို မြင်ရချိန်တွင် ဟေရှာယ မည်သည့်နေရာတွင် ရှိသည်ကို ဖော်ပြမထားပါ။ သို့သော် “ဘုရားသခင်ကို အဘယ်သူမျှ မမြင်စဖူး” သောကြောင့် အနန္တတန်ခိုးရှင်ကို ပကတိ မြင်ခဲ့ခြင်း မဟုတ်ဘဲ ရူပါရုံတစ်ခု မြင်ရခြင်း ဖြစ်သည်မှာ ရှင်းနေပါသည်။ (ယောဟန် ၁:၁၈; ထွက်မြောက်ရာ ၃၃:၂၀) ဖန်ဆင်းရှင်ယေဟောဝါကို ရူပါရုံ၌ တွေ့မြင်ရခြင်းသည်ပင် စိုးရွံ့ထိတ်လန့်ဖွယ် မြင်ကွင်း ဖြစ်သည်။ ထာဝရဘုရင်၊ တရားသူကြီးအဖြစ်အနေကို ပုံတင်ပြသော အလွန် မြင့်သည့် ပလ္လင်ပေါ်တွင် စံနေခြင်းက ကိုယ်တော်သည် စကြဝဠာ အုပ်စိုးရှင်၊ ဖြောင့်မတ်သော အုပ်စိုးမှု မှန်သမျှ၏ ပင်ရင်း ဖြစ်ကြောင်း ဖော်ပြ၏! ရှည်ပြီး တွဲလျားကျနေသည့် ဝတ်လုံအောက်ပိုင်းသည် ဗိမာန်တော်ကို ဖြည့်လေသည်။ ယေဟောဝါ၏ အချုပ်အခြာအာဏာတန်ခိုး၊ တရားမျှတမှုတို့ကို ထင်ရှားစေမည့် ပရောဖက်ပြုလုပ်ငန်းကို လုပ်ဆောင်ရန် ဟေရှာယ တောင်းဆိုခံရသည်။ ကြိုတင်ပြင်ဆင်ပေးသည့်အနေဖြင့် ဘုရားသခင်၏ သန့်ရှင်းမြင့်မြတ်မှုနှင့်ပတ်သက်သော ရူပါရုံတစ်ခုကို သူ့အား ပေးမည်။
၄။ (က) ရူပါရုံတွင် တွေ့ရပြီး ကျမ်းစာတွင် မှတ်တမ်းတင်ထားသော ယေဟောဝါ၏ အသွင်အပြင်များသည် အဘယ်ကြောင့် ပုံဆောင်ချက် ဖြစ်ရမည်နည်း။ (ခ) ဟေရှာယ၏ ရူပါရုံမှ ယေဟောဝါအကြောင်း အဘယ်အရာ သိရှိရသနည်း။
၄ ဟေရှာယသည် ရူပါရုံများအကြောင်း မှတ်တမ်းတင်ခဲ့သော ယေဇကျေလ၊ ဒံယေလနှင့် ယောဟန်တို့နှင့် မတူဘဲ သူ၏ ရူပါရုံတွင် ယေဟောဝါ၏ အသွင်အပြင်ကို မဖော်ပြပါ။ ထိုမှတ်တမ်းအားလုံးတွင် သူတို့ မြင်ရသော ကောင်းကင်အဖြစ်အပျက်များသည် ကွဲပြားခြားနားမှု ရှိသည်။ (ယေဇကျေလ ၁:၂၆-၂၈; ဒံယေလ ၇:၉၊ ၁၀; ဗျာဒိတ် ၄:၂၊ ၃) သို့သော် ထိုရူပါရုံများ၏ သဘောသဘာဝနှင့် ရည်ရွယ်ချက်တို့ကို စိတ်ထဲထားရမည်။ သူတို့သည် ယေဟောဝါ၏ ပကတိ အသွင်အပြင်ကို ဖော်ပြခြင်း မဟုတ်ပါ။ ပကတိ မျက်စိသည် ဝိညာဏအရာကို မမြင်နိုင်ချေ၊ အကန့်အသတ် ရှိသော လူ့ဉာဏ်ရည်သည်လည်း နာမ်ဝိညာဉ်ဘုံကို နားမလည်နိုင်ချေ။ ထို့ကြောင့် ပြောမည့် အချက်အလက် ဖြစ်သော ရူပါရုံများကို လူ့အသုံးအနှုန်းဖြင့် ဖော်ပြထားသည်။ (ဗျာဒိတ် ၁:၁ နှိုင်းယှဉ်။) ဟေရှာယ၏ ရူပါရုံတွင် ဘုရားသခင်၏ အသွင်အပြင်ကို ဖော်ပြရန် မလိုပါ။ ယေဟောဝါသည် မိမိ၏ သန့်ရှင်းသော ဗိမာန်တော်တွင် ရှိနေကြောင်းနှင့် ကိုယ်တော်သည် သန့်ရှင်းတော်မူပြီး ကိုယ်တော်၏ တရားစီရင်ချက်များသည် စင်ကြယ်ကြောင်း ရူပါရုံက ဟေရှာယကို သိစေသည်။
သရပ်များ
၅။ (က) သရပ်များကား မည်သူများနည်း၊ ယင်းစကားလုံးသည် မည်သည့် အဓိပ္ပာယ်ရှိသနည်း။ (ခ) သရပ်များသည် သူတို့၏ မျက်နှာနှင့် ခြေများကို အဘယ်ကြောင့် ဖုံးထားကြသနည်း။
၅ နားထောင်ပါ! ဟေရှာယ ဤသို့ ဆက်ပြော၏– “သရပ်တို့သည် ကိုယ်တော့်အထက် . . . ၌ ရပ်နေကြ၏။ သူတို့၌ အတောင် ခြောက်ခုစီ ရှိ၍ နှစ်ခုဖြင့် မျက်နှာကို ဖုံးလျက်၊ နှစ်ခုဖြင့် ကိုယ်ကို ဖုံးလျက်၊ နှစ်ခုဖြင့် ပျံတက်ကြ၏။” (ဟေရှာယ ၆:၂၊ သမ္မာ) ဟေရှာယ အခန်းကြီး ၆ သည် သရပ်အကြောင်း ဖော်ပြသည့် တစ်ခုတည်းသော ကျမ်းချက် ဖြစ်သည်။ သူတို့သည် ယေဟောဝါ၏ ကောင်းကင်ပလ္လင် ပတ်လည်တွင် နေခွင့် ရရှိပြီး အလွန် မြင့်မြတ်သော အခွင့်ထူးနှင့် ဂုဏ်အသရေ ရရှိသော ယေဟောဝါ၏ အမှုတော်ကို ဆောင်ရွက်သည့် ကောင်းကင်သတ္တဝါများ ဖြစ်သည်မှာ ထင်ရှားသည်။ သူတို့သည် ဂုဏ်မောက်သော သြဇိမင်းနှင့် မတူဘဲ မိမိတို့၏ အဆင့်ရာထူးကို နှိမ့်ချမှု၊ ကျိုးနွံမှုတို့ဖြင့် ခံယူလုပ်ဆောင်ကြသည်။ ကောင်းကင်အချုပ်အခြာပိုင်ရှင်၏ ရှေ့တော်တွင် ရှိနေခြင်းကြောင့် သူတို့သည် အတောင်တစ်စုံဖြင့် မိမိတို့၏ မျက်နှာကို ဖုံးထားကြသည်; သန့်ရှင်းသော နေရာအရပ်ကို ရိုသေလေးမြတ်သည့်အနေဖြင့် နောက်အတောင်တစ်စုံဖြင့် သူတို့၏ ခြေများကို ဖုံးထားကြသည်။ စကြဝဠာ အချုပ်အခြာပိုင်ရှင်နှင့် နီးနီးကပ်ကပ် ရှိသော သရပ်များသည် ဘုရားသခင်၏ ဘုန်းတော်မှ အာရုံလွဲမသွားစေရန် မိမိတို့ကိုယ်ကို အတတ်နိုင်ဆုံး မပေါ်လွင်အောင် နေကြပါသည်။ “သရပ်များ” ဟူသော စကားအသုံးအနှုန်းသည် “ရဲရဲတောက်များ” သို့မဟုတ် “တောက်လောင်သူများ” ဟူ၍ အဓိပ္ပာယ်ရသောကြောင့် သူတို့သည် တောက်ပသည့် အလင်းဖြာခြင်းကို ညွှန်းသည်၊ သို့တိုင် သူတို့သည် ယေဟောဝါ၏ သာ၍ကြီးမြတ်သော ထွန်းလင်းတောက်ပမှုနှင့် ဘုန်းတော်မှ မိမိတို့၏ မျက်နှာများကို ဖုံးကွယ်ထားကြသည်။
၆။ ယေဟောဝါနှင့် ဆက်စပ်လျှင် သရပ်များသည် အဘယ်အနေအထားတွင် ရှိသနည်း။
၆ သရပ်များသည် သူတို့၏ တတိယ အတောင်တစ်စုံကို ပျံသန်းရန်နှင့် ပျံဝဲရန် သို့မဟုတ် မိမိတို့၏ နေရာများ၌ “တည်” နေရန်အတွက် အသုံးပြုကြသည်မှာ သေချာသည်။ (တရားဟောရာ ၃၁:၁၅ နှိုင်းယှဉ်။) သူတို့ ရှိနေသည့်နေရာနှင့် စပ်လျဉ်း၍ ပါမောက္ခ ဖရန့်ဇ် ဒဲလစ်ရှ်က ဤသို့ ဆို၏– “သရပ်များသည် ပလ္လင်တော်ပေါ် ထိုင်တော်မူသောသူ၏ အထက်တွင် အမှန်ပင် ပျံဝဲမည် မဟုတ်ဘဲ အဆောက်အဦကို ဖြည့်ထားသော ကိုယ်တော်၏ ဝတ်လုံရှည်အထက်တွင် ပျံဝဲနေကြခြင်း ဖြစ်သည်။” (ဓမ္မဟောင်းကျမ်းဋီကာ) ဤအချက်သည် အကျိုးသင့်အကြောင်းသင့်ရှိပုံရသည်။ သူတို့သည် ယေဟောဝါထက် သာလွန်သည့် အနေအထားတွင် မဟုတ်ဘဲ နာခံမှု၊ လုပ်ဆောင်ရန် အသင့်ရှိမှုတို့ဖြင့် ကိုယ်တော်ကို စောင့်စားနေသည့်အနေဖြင့် ‘အထက်၌ ရပ်နေကြ’ သည်။
၇။ (က) သရပ်များသည် အဘယ်တာဝန်ကို ကျေပွန်စွာ ဆောင်ရွက်ကြသနည်း။ (ခ) သရပ်များသည် ဘုရားသခင်၏ သန့်ရှင်းခြင်းကို အဘယ်ကြောင့် သုံးကြိမ် ကြေညာသနည်း။
၇ ယခု ထိုအခွင့်ထူး ရရှိထားသော သရပ်များ၏ စကားကို နားထောင်ကြည့်ပါ! “သူတို့ကလည်း ‘ဗိုလ်ခြေအရှင် ထာဝရဘုရားသည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ မြေကြီးလုံးသည် ဘုန်းတော်နှင့် ပြည့်လေ၏’ ဟု တစ်ပါးကို တစ်ပါး ကြွေးကြော်၍ မြွက်ဆိုကြ၏။” (ဟေရှာယ ၆:၃) သူတို့၏ တာဝန်မှာ ယေဟောဝါ၏ သန့်ရှင်းမှုကို ကြေညာခံရကြောင်းနှင့် ကမ္ဘာမြေကြီး အပါအဝင် စကြဝဠာတစ်ခုလုံး ကိုယ်တော်၏ ဘုန်းတော်ကို အသိအမှတ်ပြုကြောင်း သိမြင်စေရန် ဖြစ်သည်။ ကိုယ်တော် ဖန်ဆင်းတော်မူခဲ့ရာအားလုံးတွင် ကိုယ်တော်၏ ဘုန်းတော်ကို တွေ့မြင်ရပြီး မကြာမီ ကမ္ဘာသူ ကမ္ဘာသားအားလုံး ကိုယ်တော့်ဘုန်းတော်ကို သိမြင်လာကြမည်။ (တောလည်ရာ ၁၄:၂၁; ဆာလံ ၁၉:၁-၃; ဟဗက္ကုတ် ၂:၁၄) “သန့်ရှင်းတော်မူ၏၊ သန့်ရှင်းတော်မူ၏၊ သန့်ရှင်းတော်၏” ဟု သုံးကြိမ် ကြေညာခြင်းသည် သုံးပါးပေါင်းတစ်ဆူ၏ အမှတ်အသား မဟုတ်ပါ။ ၎င်းအစား ဘုရားသခင်၏ သန့်ရှင်းခြင်းကို သုံးကြိမ်တိုင် အလေးအနက် ဖော်ပြခြင်း ဖြစ်သည်။ (ဗျာဒိတ် ၄:၈ နှိုင်းယှဉ်။) ယေဟောဝါသည် သန့်ရှင်းမှုတွင် အထွတ်အထိပ် ဖြစ်သည်။
၈။ သရပ်များ၏ ကြေညာချက်မှ အဘယ်အကျိုးများ သက်ရောက်သနည်း။
၈ သရပ်များ၏ အရေအတွက်ကို ဖော်ပြမထားသော်လည်း ပလ္လင်အနီးအနားတွင် သရပ်အုပ်စုလိုက် ရှိနိုင်သည်။ တေးသံသာကို သီဆိုရာတွင် ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ဘုန်းတော်ကို တစ်ပါးပြီးတစ်ပါး ထပ်၍ သီဆိုကြွေးကြော်ကြသည်။ အဘယ် အကျိုးရလဒ်ကို ကျွန်ုပ်တို့ မှတ်သားရသနည်း။ ဟေရှာယ ဤသို့ ဆက်ပြောသည်ကို ထပ်နားထောင်ပါ– “ထိုသို့သော ကြွေးကြော်သံကြောင့် တံခါးခုံတို့၏ အခြေအမြစ်များသည် လှုပ်ရှား၍ အိမ်တော်သည် မီးခိုးနှင့် ပြည့်လေ၏။” (ဟေရှာယ ၆:၄၊ သမ္မာ) ကျမ်းစာထဲတွင် မီးခိုး သို့မဟုတ် မိုးတိမ်ကို အများအားဖြင့် ဘုရားသခင် ရောက်ရှိနေတော်မူခြင်း၏ မျက်မြင်အထောက်အထား ဖြစ်သည်။ (ထွက်မြောက်ရာ ၁၉:၁၈; ၄၀:၃၄၊ ၃၅; ၃ ဓမ္မရာဇဝင် ၈:၁၀၊ ၁၁; ဗျာဒိတ် ၁၅:၅-၈) ကျွန်ုပ်တို့ လူသားသတ္တဝါများ မချဉ်းကပ်နိုင်သော ဘုန်းတော် ဖြစ်ကြောင်း ဖော်ပြသည်။
မထိုက်တန်သော်လည်း သန့်စင်ခံခဲ့ရ
၉။ (က) ရူပါရုံသည် ဟေရှာယအပေါ် မည်သည့်အကျိုး သက်ရောက်သနည်း။ (ခ) ဟေရှာယသည် ဩဇိမင်းနှင့် အဘယ်သို့ ကွာခြားကြောင်း ထင်ရှားသနည်း။
၉ ယေဟောဝါ၏ ပလ္လင်တော်ဆိုင်ရာ ဤရူပါရုံသည် ဟေရှာယကို လေးနက်စွာ အကျိုးသက်ရောက်ခဲ့သည်။ သူ ဤသို့ ရေး၏– “ငါကလည်း ‘ငါ၌အမင်္ဂလာရှိ၏။ ငါ အကျိုးနည်းပြီ။ အကြောင်းမူကား ငါသည် ညစ်ညူးသော နှုတ်ခမ်းရှိလျက်၊ ညစ်ညူးသော နှုတ်ခမ်းရှိသော လူမျိုးတွင် နေလျက်နှင့် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား တည်းဟူသော ရှင်ဘုရင်ကို ကိုယ်မျက်စိနှင့် မြင်လေပြီတကား’ ဟု ဆို၏။” (ဟေရှာယ ၆:၅) ဟေရှာယသည် ဘုရင်သြဇိမင်းနှင့် အလွန် ကွာခြားသည်! ဩဇိသည် ဘိသိက်ခံ ယဇ်ပုရောဟိတ်များ၏ အခွင့်အရာကို အနိုင်အထက် လုယူပြီး ဗိမာန်တော်၏သန့်ရှင်းရာဌာနကို မရိုမသေ ကျူးကျော်ခဲ့သည်။ ဩဇိသည် ရွှေမီးတိုင်၊ နံ့သာပေါင်းပူဇော်ရာ ရွှေယဇ်ပလ္လင်နှင့် “ရှေ့တော်မုန့်” တင်သည့်စားပွဲကို မြင်ခဲ့ရသော်လည်း ယေဟောဝါ၏ နှစ်သက်လက်ခံမှု မျက်နှာသာ သို့မဟုတ် ကိုယ်တော်၏ အထူးတာဝန်ကို မရရှိခဲ့ပါ။ (၃ ဓမ္မရာဇဝင် ၇:၄၈-၅၀; အောက်ခြေမှတ်ချက်) အခြားတစ်ဖက်တွင်မူ ပရောဖက် ဟေရှာယသည် ယဇ်ပုရောဟိတ် ရာထူးကို အရေးမစိုက်ခြင်း သို့မဟုတ် ဗိမာန်တော်ထဲသို့ ကျူးကျော်ဝင်ရောက်ခြင်း မပြုခဲ့ပါ။ သို့တိုင် သန့်ရှင်းသော ဗိမာန်တော်တွင် ကျိန်းဝပ်နေသော ယေဟောဝါ၏ ရူပါရုံကို မြင်တွေ့ရပြီး ဘုရားသခင်ထံမှ တိုက်ရိုက်တာဝန်တစ်ခု ပေးအပ်ခံရခြင်းဖြင့် ဂုဏ်တင်ခံခဲ့ရသည်။ သရပ်များသည် ဗိမာန်တော်၏ နန်းထိုင်အရှင်သခင်ကို မကြည့်ဝံ့ကြသည့်အချိန်တွင် ဟေရှာယသည် “ဗိုလ်ခြေတို့၏အရှင် ယေဟောဝါ တည်းဟူသော ရှင်ဘုရင်ကို” ရူပါရုံတွင် ကိုယ်တိုင် မြင်တွေ့ခွင့် ရခဲ့လေသည်!
၁၀။ ဟေရှာယသည် ရူပါရုံကို မြင်သည့်အခါ အဘယ်ကြောင့် စိုးရွံ့ထိတ်လန့်သနည်း။
၁၀ ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် မိမိ၏ အပြစ်ရှိမှုအကြား ကွာဟချက်ကို ဟေရှာယ တွေ့ရှိခြင်းကြောင့် မိမိသည် မသန့်ရှင်းဆုံး အခြေအနေတွင် ရှိသည်ဟု ခံစားခဲ့ရသည်။ အလွန် ကြောက်ရွံ့တုန်လှုပ်ကာ သူ သေတော့မည်ဟု ထင်မှတ်ခဲ့သည်။ (ထွက်မြောက်ရာ ၃၃:၂၀) သန့်ရှင်းသော နှုတ်ခမ်းများဖြင့် ဘုရားသခင်အား သရပ်များ ချီးမွမ်းသည်ကို သူ ကြားရသည်၊ သို့သော် သူ၏ နှုတ်ခမ်းတို့သည် မသန့်ရှင်းသည့်အပြင် သူနှင့်အတူ နေထိုင်သူများ၏ မသန့်ရှင်းသော နှုတ်ခမ်းများနှင့် သူတို့စကားများကို ကြားရခြင်းက သူ့ကို ပို၍ ညစ်ညူးစေသည်။ ယေဟောဝါသည် သန့်ရှင်းတော်မူပြီး ကိုယ်တော်၏ ကျေးကျွန်များသည် ထိုအရည်အချင်းကို ရောင်ပြန်ဟပ်ရကြမည်။ (၁ ပေတရု ၁:၁၅၊ ၁၆) ဟေရှာယသည် ဘုရားသခင်၏ ပြောရေးဆိုခွင့် ရှိသူအဖြစ် ရွေးချယ်ထားခြင်း ခံခဲ့ရသော်လည်း မိမိ၏ အပြစ်ရှိသော အခြေအနေကို အသိအမှတ်ပြုကာ ဘုန်းတန်ခိုးကြီးပြီး သန့်ရှင်းတော်မူသော ဘုရင်၏ ပြောရေးဆိုခွင့်ရှိသူတွင် ရှိသင့်သည့် သန့်ရှင်းသော နှုတ်ခမ်းကင်းမဲ့ကြောင်း သူ စိတ်စွဲနေသည်။ ကောင်းကင်မှ မည်သို့ တုံ့ပြန်မည်နည်း။
၁၁။ (က) သရပ်တစ်ပါးက အဘယ်အရာ ပြုလုပ်သနည်း၊ ယင်းလုပ်ဆောင်မှုက အဘယ်အရာကို ပုံတင်ပြသနည်း။ (ခ) ကျွန်ုပ်တို့သည် ဘုရားသခင့် ကျေးကျွန်အဖြစ် မထိုက်တန်ဟု ခံစားရသည့်အခါ ဟေရှာယကို ပြောသော သရပ်၏ စကားများကို ဆင်ခြင်သုံးသပ်ခြင်းက မည်သို့ အထောက်အကူ ဖြစ်နိုင်သနည်း။
၁၁ နိမ့်ကျသော ဟေရှာယကို ယေဟောဝါ၏ ရှေ့တော်မှောက်မှ ဖယ်ရှားလိုက်မည့်အစား သရပ်က သူ့ကို အကူအညီ ပေးခဲ့သည်။ မှတ်တမ်းက ဤသို့ ဖော်ပြ၏– “ထိုအခါ ကောင်းကင်တမန် သရပ်တစ်ပါးသည် ယဇ်ပလ္လင်ပေါ်က မီးညှပ်ဖြင့် ယူသော မီးခဲတစ်ခဲကို လက်နှင့် ကိုင်လျက် ငါရှိရာသို့ ပျံလာ၍၊ ငါ့နှုတ်ကို တို့ပြီးလျှင် ‘ဤမီးခဲသည် သင်၏ နှုတ်ခမ်းကို တွေ့ပြီ။ သင်၏ ဒုစရိုက်ကို သုတ်သင်ပြီ။ သင်၏ အပြစ်လည်း ပြေရှင်းပြီဟု ဆို၏။’” (ဟေရှာယ ၆:၆၊ ၇) ပုံဆောင်သဘောအနေဖြင့် မီးသည် သန့်ရှင်းစင်ကြယ်စေသော သတ္တိ ရှိသည်။ ယဇ်ပလ္လင်၏ သန့်ရှင်းသော မီးထဲမှ ရဲရဲတောက်နေသော မီးခဲဖြင့် ဟေရှာယ၏ နှုတ်ခမ်းကို ထိသည့်အခါ ဘုရားသခင့် မျက်နှာသာနှင့် တာဝန်တစ်ခုကို ရရှိစေနိုင်သည့် လိုအပ်ချက် ဖြစ်သော သူ၏ အပြစ်များ ပြေရှင်းခံရပြီ ဖြစ်ကြောင်း သရပ်က ဟေရှာယကို စိတ်ချစေသည်။ ၎င်းသည် ကျွန်ုပ်တို့အတွက် အလွန် အားတက်နှစ်သိမ့်မှုပင်တည်း! ကျွန်ုပ်တို့သည်လည်း အပြစ်သားများ ဖြစ်ကြပြီး ဘုရားသခင့်ထံ ချဉ်းကပ်ထိုက်သူများ မဟုတ်ပါ။ သို့သော် ကျွန်ုပ်တို့သည် ယေရှု၏ ရွေးနုတ်ဖိုး ပူဇော်သကာအကျိုးကျေးဇူးအားဖြင့် ရွေးနုတ်ခံခဲ့ရပြီး ဘုရားသခင့် မျက်နှာသာ ရရှိနိုင်ကြကာ ဆုတောင်းခြင်းဖြင့် ကိုယ်တော်ထံ ချဉ်းကပ်နိုင်ကြသည်။—၂ ကောရိန္သု ၅:၁၈၊ ၂၁; ၁ ယောဟန် ၄:၁၀။
၁၂။ အဘယ်ယဇ်ပလ္လင်ကို ဟေရှာယ တွေ့ရသနည်း၊ မီး၏ အကျိုးကား အဘယ်နည်း။
၁၂ “ယဇ်ပလ္လင်” ဟု ဖော်ပြထားခြင်းက ရူပါရုံတစ်ခု ဖြစ်ကြောင်း ကျွန်ုပ်တို့ကို ထပ်၍ အမှတ်ရစေသည်။ (ဗျာဒိတ် ၈:၃; ၉:၁၃ နှိုင်းယှဉ်။) ယေရုရှလင်ရှိဗိမာန်တော်တွင် ယဇ်ပလ္လင်နှစ်ခု ရှိသည်။ အသန့်ရှင်းဆုံးအခန်း၏ ကုလားကာရှေ့လေးတွင် နံ့သာပေါင်း မီးရှို့သည့် ယဇ်ပလ္လင်ငယ် ရှိပြီး သန့်ရှင်းရာဌာန၏ အဝင်ဝရှေ့တွင် အစဉ်မပြတ် မီးတောက်နေသော ယဇ်ပူဇော်သည့် ယဇ်ပလ္လင်ကြီး ရှိသည်။ (ဝတ်ပြုရာ ၆:၁၂၊ ၁၃; ၁၆:၁၂၊ ၁၃) သို့သော် ထိုမြေကြီးပေါ်ရှိ ယဇ်ပလ္လင်များသည် ပုံပမာများ ဖြစ်ပြီး သာ၍ ကြီးမြတ်သောအရာများကို ကိုယ်စားပြုသည်။ (ဟေဗြဲ ၈:၅; ၉:၂၃; ၁၀:၅-၁၀) ရှောလမုန်မင်းကြီး ဗိမာန်တော် အပ်နှံပွဲ ကျင်းပသည့်အခါ ကောင်းကင်မှ မီးကျ၍ ယဇ်ပလ္လင်ပေါ်မှ မီးရှို့ရာယဇ်များ လောင်ကျွမ်းခဲ့သည်။ (၂ ရာဇဝင်ချုပ် ၇:၁-၃) ယခု စစ်မှန်သော ကောင်းကင်ယဇ်ပလ္လင်မှ မီးသည် ဟေရှာယနှုတ်မှ ညစ်ညူးမှုများကို ဖယ်ရှားပေးသည်။
၁၃။ အဘယ်မေးခွန်းကို ယေဟောဝါ မေးတော်မူသနည်း၊ “ငါတို့” ဟု ကိုယ်တော် မိန့်တော်မူသည့်အခါ မည်သူ့ကို ပါဝင်စေသနည်း။
၁၃ ဟေရှာယနှင့်အတူ ကျွန်ုပ်တို့ နားထောင်ကြစို့။ “တစ်ဖန် ထာဝရဘုရားက ‘ငါသည် အဘယ်သူကို စေလွှတ်ရမည်နည်း။ ငါတို့အဖို့ အဘယ်သူ သွားမည်နည်း’ ဟု မေးတော်မူသံကို ငါ ကြားလျှင် ငါက ‘အကျွန်ုပ် ရှိပါ၏။ အကျွန်ုပ်ကို စေလွှတ်တော်မူပါ’ ဟု လျှောက်လေ၏။” (ဟေရှာယ ၆:၈) ထိုရူပါရုံတွင် အခြား မည်သည့်လူသား ပရောဖက်မျှ မပါရှိသောကြောင့် ယေဟောဝါ ထုတ်လိုက်သည့် မေးခွန်းသည် ဟေရှာယထံမှ တုံ့ပြန်မှု ထွက်လာစေရန် ရည်ရွယ်ခြင်း ဖြစ်သည်မှာ ရှင်းနေပါသည်။ ယေဟောဝါ၏ တမန်အဖြစ် လုပ်ဆောင်ရန် ဟေရှာယကို ဖိတ်ခေါ်နေခြင်း ဖြစ်သည်မှာ မမှားနိုင်ပေ။ သို့သော် ယေဟောဝါက “ငါတို့အဖို့ အဘယ်သူ သွားမည်နည်း” ဟု အဘယ်ကြောင့် မေးသနည်း။ “ငါ” ဟူသော တစ်ခုကိန်းအစား “ငါတို့” ဟူသော အများကိန်းကို အသုံးပြုထားခြင်းဖြင့် ယခု ယေဟောဝါသည် မိမိနှင့်အတူ အနည်းဆုံး အခြားသူတစ်ဦးကို ပါဝင်စေခြင်း ဖြစ်သည်။ မည်သူ ဖြစ်မည်နည်း။ မိမိ၏ တစ်ပါးတည်းသော သားတော်၊ နောက်ပိုင်း လူသား ယေရှုခရစ် ဖြစ်လာသူကိုပင် မဟုတ်လော။ အမှန်ပင် ဖြစ်၏၊ ဘုရားသခင်က “ငါတို့ပုံသဏ္ဌာန်နှင့် တညီတသဏ္ဌာန်တည်း လူကို ဖန်ဆင်းကြစို့” ဟူ၍ ပြောခဲ့သော ထိုသားတော်ပင် ဖြစ်သည်။ (ကမ္ဘာဦး ၁:၂၆; သုတ္တံ ၈:၃၀၊ ၃၁) မှန်၏၊ ကောင်းကင်ရင်ပြင်တွင် ယေဟောဝါနှင့် အတူရှိနေသူမှာ ကိုယ်တော်၏ တစ်ပါးတည်းသော သားတော်ပင်တည်း။—ယောဟန် ၁:၁၄။
၁၄။ ယေဟောဝါ၏ ဖိတ်ခေါ်ချက်ကို ဟေရှာယ မည်သို့ တုံ့ပြန်သနည်း၊ သူသည် ကျွန်ုပ်တို့အတွက် အဘယ်ပုံသက်သေ ချမှတ်သနည်း။
၁၄ ဟေရှာယသည် အဖြေပေးရန် တုံ့ဆိုင်းမနေပါ! အဘယ်သတင်းစကား ဖြစ်နိုင်သည်ကို ပမာမထားဘဲ “အကျွန်ုပ် ရှိပါ၏။ အကျွန်ုပ်ကို စေလွှတ်တော်မူပါ” ဟု ချက်ချင်း အဖြေပေးသည်။ တာဝန်ကို လက်ခံခြင်းဖြင့် အဘယ်အကျိုး ရရှိမည်ကိုပင် မမေးပါ။ သူ၏ တလိုတလားရှိသော စိတ်ဓာတ်သည် “နိုင်ငံတော်နှင့် ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံ အရပ်ရပ် ရှိသမျှတို့၌ ဟော” ဖို့ တာဝန် ရရှိထားသော ယနေ့ ဘုရားသခင့် ကျေးကျွန်အားလုံးအတွက် ပုံသက်သေကောင်းတစ်ခု ဖြစ်သည်။ (မဿဲ ၂၄:၁၄) သူတို့သည် ဟေရှာယကဲ့သို့ပင် မိမိတို့၏ တာဝန်တွင် သစ္စာရှိစွာ စွဲမြဲနေကြပြီး နေရာအနှံ့တွင် တုံ့ပြန်မှု မရှိစေကာမူ “လူမျိုးအပေါင်းတို့အား သက်သေဖြစ်” စေကြသည်။ ထို့ပြင် သူတို့သည် ဟေရှာယကဲ့သို့ မိမိတို့၏ တာဝန်သည် အမြင့်ဆုံးသော အခွင့်အာဏာမှ ခန့်အပ်ခြင်းဖြစ်သည်ကို သိမှတ်လျက် ယုံကြည်စိတ်ချမှုဖြင့် ရှေ့သို့ တိုးနေကြသည်။
ဟေရှာယ၏ တာဝန်
၁၅၊ ၁၆။ (က) ဟေရှာယသည် “ဤလူမျိုး” ကို အဘယ်အကြောင်း ပြောရမည်နည်း၊ သူတို့ မည်သို့ တုံ့ပြန်ကြမည်နည်း။ (ခ) လူများ၏ တုံ့ပြန်မှုသည် ဟေရှာယဘက်မှ တစ်စုံတစ်ရာ မှားယွင်းနေခြင်းကြောင့်လော။ ရှင်းပြပါ။
၁၅ ယခု ယေဟောဝါက ဟေရှာယ အဘယ်အရာကို ပြောရမည်နှင့် မည်သို့ တုံ့ပြန်ခြင်း ခံရမည်ကို ဤသို့ အကျဉ်းချုပ် ဖော်ပြတော်မူ၏– “သွားလော့။ [“အထပ်ထပ်၊” ကဘ] ကြားလျက်ပင် အနက်ကို နားမလည်ဘဲ ကြားရလိမ့်မည်။ [“အထပ်ထပ်၊” ကဘ] မြင်လျက်ပင် မသိဘဲ မြင်ရလိမ့်မည်ဟု ဤလူမျိုးအား ဆင့်ဆိုလော့။ သူတို့မျက်စိမမြင်၊ နားမကြား၊ စိတ်နှလုံး နားမလည်၊ အကျင့် မပြောင်းလဲ၊ အနာရောဂါကို မငြိမ်းစေရအောင် သူတို့စိတ်နှလုံးကို ထိုင်းမှိုင်းစေလော့။ နားကိုလည်း လေးစေလော့။ မျက်စိကိုလည်း ပိတ်လော့ဟု မိန့်တော်မူ” ၏။ (ဟေရှာယ ၆:၉၊ ၁၀၊ သမ္မာ) ဤအချက်က ဟေရှာယသည် ယေဟောဝါနှင့် ဂျူးများကို သဘောကွဲလွဲစေကာ သူတို့ကို တုံးတိတိနှင့် ပါးနပ်မှုမဲ့စွာ တွန်းလှန်ပစ်ရမည်ဟု ဆိုလိုပါသလော။ လုံးဝ မဆိုလိုပါ! ဤသူများသည် ဟေရှာယ၏ အမျိုးသားချင်းဖြစ်ကာ သွေးရင်းသားရင်းဟု သူခံစားရသူများ ဖြစ်သည်။ သို့သော် ယေဟောဝါ၏မိန့်တော်မူချက်များက ဟေရှာယသည် မိမိ၏ တာဝန်ကို မည်မျှ သစ္စာရှိရှိ လုပ်ဆောင်သည့်တိုင် လူများသည် သူ၏ သတင်းစကားအား မည်သို့ တုံ့ပြန်ကြမည်ကို ဖော်ပြ၏။
၁၆ အပြစ်ရှိသည်မှာ လူများ ဖြစ်သည်။ ဟေရှာယက သူတို့ကို “အထပ်ထပ်” ဟောပြောမည် ဖြစ်သည်၊ သို့သော် သူတို့သည် သတင်းကို လက်ခံမည် မဟုတ် သို့မဟုတ် သဘောပေါက်ကြမည် မဟုတ်ပါ။ အများစုသည် မျက်စိမမြင်၊ နားမကြား ဖြစ်နေသကဲ့သို့ ခေါင်းမာပြီး တုံ့ပြန်မှု ရှိမည် မဟုတ်ပါ။ သူတို့ထံ ဟေရှာယ အထပ်ထပ် သွားခြင်းဖြင့် “ဤလူမျိုး” သည် သဘောပေါက် နားလည်လိုစိတ် မရှိကြောင်း ပြခွင့် ရစေမည် ဖြစ်သည်။ သူတို့သည် ဟေရှာယ၏ သတင်းစကား—ဘုရားသခင့် သတင်းစကား—နှင့်ပတ်သက်၍ သူတို့၏ စိတ်နှလုံးကို ပိတ်ထားကြောင်း သက်သေပြကြမည်။ ယနေ့လူများနှင့်လည်း အလွန် ကိုက်ညီလှသည်တကား! ထို့ကြောင့် သူတို့အများစုသည် ရောက်လာတော့မည့် ဘုရားသခင့် နိုင်ငံတော် သတင်းကောင်းကို ယေဟောဝါသက်သေများ ဟောပြောသည့်အခါ နားမထောင်လိုကြပေ။
၁၇။ “အဘယ်မျှ ကာလပတ်လုံး ကြာပါလိမ့်မည်နည်း” ဟု ဟေရှာယ မေးရာတွင် အဘယ်အရာကို သူ ရည်ညွှန်း၍ ဆိုသနည်း။
၁၇ ဟေရှာယ ဤသို့ စိုးရိမ်မကင်း ဖြစ်နေ၏– “‘အိုထာဝရဘုရား အဘယ်မျှ ကာလပတ်လုံး ကြာပါလိမ့်မည်နည်း’ ဟု ငါ မေးလျှောက်ပြန်လျှင် ‘မြို့တို့သည် မြို့သား မရှိ၊ အိမ်တို့သည် အိမ်သား မရှိအောင် ဖျက်ဆီးခြင်းသို့ ရောက်သဖြင့် တစ်ပြည်လုံးသည် လူဆိတ်ညံရာသက်သက် ဖြစ်သည်တိုင်အောင်လည်းကောင်း၊ ထာဝရဘုရားသည် လူတို့ကို ဝေးသောအရပ်သို့ ပြောင်းစေတော်မူ၍ ပြည်ထဲမှာ များစွာသော စွန့်ပစ်ခြင်း ရှိသည်တိုင်အောင်လည်းကောင်း ထိုကာလသည် ကြာလိမ့်မည်။” (ဟေရှာယ ၆:၁၁၊ ၁၂) “အဘယ်မျှ ကာလပတ်လုံး ကြာပါလိမ့်မည်နည်း” ဟု ဟေရှာယ မေးခြင်းသည် တုံ့ပြန်မှု မရှိသော လူမျိုးကို မည်မျှကြာကြာ ဆက်ဟောပြောရမည်နည်းဟု မေးနေခြင်း မဟုတ်ပါ။ ၎င်းအစား လူများနှင့်ပတ်သက်၍ သူစိုးရိမ်ကာ သူတို့သည် ဆိုးရွားလှသော ဝိညာဉ်ရေး အခြေအနေအတိုင်း မည်မျှကြာကြာ ဆက်နေကြမည်နည်း၊ ယေဟောဝါ၏ နာမတော်သည် မည်မျှကြာကြာ ရှုတ်ချခံရစရာ ဖြစ်နေမည်နည်းဟု မေးခြင်း ဖြစ်သည်။ (ဆာလံ ၇၄:၉-၁၁ ရှု။) ထို့ကြောင့် မိုက်မဲသော အခြေအနေသည် မည်မျှကြာကြာ ဆက်ရှိနေမည်နည်း။
၁၈။ လူများ၏ ဆိုးရွားလှသော ဝိညာဉ်ရေး အခြေအနေသည် အဘယ်အချိန်အထိ ဆက်တည်ရှိမည်နည်း၊ ဟေရှာယသည် ပရောဖက်ပြုချက် လုံးဝ ပြည့်စုံသည်ကို အသက်ရှင်လျက် တွေ့မြင်ရမည်လော။
၁၈ ယေဟောဝါ၏ အဖြေက လူများ၏ ဆိုးရွားလှသော ဝိညာဉ်ရေး အခြေအနေသည် မိမိ၏ ပဋိညာဉ်တွင် ဖော်ပြထားသည့်အတိုင်း ဘုရားသခင်အား နာခံမှု မရှိခြင်း၏ အကျိုးဆက် အပြည့်အဝကို ခံရသည့်အထိ ဆက်ရှိနေမည် ဖြစ်ကြောင်း တင်ပြပြီး ပြည့်စုံခဲ့သည်။ (ဝတ်ပြုရာ ၂၆:၂၁-၃၃; တရားဟောရာ ၂၈:၄၉-၆၈) လူမျိုးတော်သည် ဖျက်ဆီးခံရမည် ဖြစ်ပြီး လူများ ပြည်နှင်ဒဏ်ခံရကာ ပြည်တော်သည် လူဆိတ်ညံလျက် ကျန်ရစ်မည်။ ဟေရှာယသည် ဩဇိမင်း၏မြစ်ဖြစ်သော ဟေဇကိမင်း အုပ်ချုပ်သည့်အချိန်အထိ အနှစ် ၄၀ ကျော် ပရောဖက်ပြုရမည် ဖြစ်သော်လည်း ဘီ.စီ.အီး. ၆၀၇ တွင် ဗာဗုလုန်စစ်တပ်က ယေရုရှလင်မြို့နှင့် ၎င်း၏ ဗိမာန်တော်အား ဖျက်ဆီးပစ်ခြင်းကို အသက်ရှင်လျက် တွေ့မြင်ရမည် မဟုတ်ပါ။ သို့တိုင် ဟေရှာယသည် ထိုလူမျိုး ဘေးအန္တရာယ် မကြုံမီနှစ်ပေါင်း ၁၀၀ ကျော်အလို သူသေဆုံးချိန်အထိ မိမိ၏ တာဝန်ကို သစ္စာရှိစွာ ဆောင်ရွက်မည် ဖြစ်သည်။
၁၉။ လူမျိုးတော်သည် သစ်ပင်တစ်ပင်ကဲ့သို့ ခုတ်လှဲခံရမည် ဖြစ်သော်လည်း ဘုရားသခင်သည် ဟေရှာယကို အဘယ်အာမခံချက် ပေးသနည်း။
၁၉ မျှော်လင့်ချက် လုံးလုံးမဲ့သည့် အခြေအနေတော့ မဟုတ်ပါ။ (၄ ဓမ္မရာဇဝင် ၂၅:၁-၂၆) ယေဟောဝါသည် ဟေရှာယကို ဤသို့ စိတ်ချစေ၏– “ထိုပြည်၌ ဆယ်ဖို့တွင်တစ်ဖို့ ကျန်ကြွင်းစေမည် ဖြစ်သော်လည်း ထိုအကြွင်းသည် ထပ်၍ ဖျက်ဆီးခြင်းကို ခံရမည်။ သို့ရာတွင် ထင်းရှူးပင်နှင့် သပိတ်ပင်တို့ကို ခုတ်လှဲ၍ သစ်ငုတ်သည် ကြွင်းသကဲ့သို့ သန့်ရှင်းသော အနွယ်သည် ထိုပြည်၌ အငုတ် ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။” (ဟေရှာယ ၆:၁၃) မှန်ပါသည်၊ “ဆယ်ဖို့တွင်တစ်ဖို့၊ . . . သန့်ရှင်းသောအနွယ်” သည် သစ်ပင်ကြီးတစ်ပင် ခုတ်လှဲခံရပြီးနောက် အငုတ် ကျန်သကဲ့သို့ ကျန်ရစ်မည် ဖြစ်သည်။ မိမိ၏ လူမျိုးအလယ်တွင် သန့်ရှင်းသော အကြွင်းအကျန်ကို တွေ့မြင်ရမည်ဟူသည့် ဤအာမခံချက်သည် ဟေရှာယအတွက် နှစ်သိမ့်မှု ဖြစ်စေခဲ့မည်မှာ သေချာသည်။ ထင်းလောင်စာအတွက် ခုတ်လှဲလိုက်သည့် အပင်ကြီးကဲ့သို့ လူမျိုးတော်သည် အထပ်ထပ် လောင်သော်လည်း ပုံဆောင်အပင် ဖြစ်သော ဣသရေလလူမျိုး၏ အရေးပါသော အငုတ် ကျန်ကြွင်းမည်။ ၎င်းသည် ယေဟောဝါအတွက် သန့်ရှင်းသော အမျိုးအနွယ် ဖြစ်မည်။ အချိန်တန်လျှင် ၎င်းသည် အညှောက် ထွက်လာပြီး ကြီးထွားလာမည်။—ယောဘ ၁၄:၇-၉ နှိုင်းယှဉ်; ဒံယေလ ၄:၂၆။
၂၀။ ဟေရှာယ ပရောဖက်ပြုချက်၏ နောက်ဆုံးအပိုင်းသည် မည်သို့ ကနဦး ပြည့်စုံခဲ့သနည်း။
၂၀ ပရောဖက်ပြုချက်စကားများ အမှန် ပြည့်စုံခဲ့သလော။ ပြည့်စုံခဲ့ပါသည်။ ယုဒပြည်သည် အနှစ် ခုနစ်ဆယ်ကြာ လူဆိတ်ညံရာ ဖြစ်ပြီးနောက် ဘုရားသခင်ကို ကြောက်ရွံ့သော အကြွင်းအကျန်သည် ဗာဗုလုန် ပြည်နှင်ခံဘဝမှ ပြည်တော် ပြန်ခဲ့ကြသည်။ သူတို့သည် ဗိမာန်တော်နှင့် မြို့တော်ကို ပြန်တည်ဆောက်ခဲ့ကြပြီး ပြည်တော်တွင် စစ်မှန်သော ဝတ်ပြုရေးကို တစ်ဖန် ပြန်တည်ထောင်ခဲ့ကြသည်။ မိမိတို့၏ ဘုရားပေး ပြည်တော်တွင် ဤသို့သော ဂျူးများ၏ ပြန်လည်တည်ထောင်ခြင်းသည် ယေဟောဝါ ဟေရှာယကို ပေးခဲ့သော ဤပရောဖက်ပြုချက်၏ ဒုတိယ ပြည့်စုံချက်ကို ဖြစ်စေသည်။ ယင်းကား အဘယ်နည်း။—ဧဇရ ၁:၁-၄။
အခြားပြည့်စုံချက်များ
၂၁-၂၃။ (က) ပထမရာစု၌ ဟေရှာယ၏ ပရောဖက်ပြုချက်သည် မည်သူ့တွင်နှင့် မည်သို့ ပြည့်စုံခဲ့သနည်း။ (ခ) ပထမရာစုတွင် မည်သူသည် “သန့်ရှင်းသောအနွယ်” ဖြစ်ခဲ့ပြီး ယင်းသည် မည်သို့ မပျောက်မပျက်အောင် စောင့်ရှောက်ခံခဲ့ရသနည်း။
၂၁ ဟေရှာယ၏ ပရောဖက်ပြုတာဝန်သည် နှစ်ပေါင်း ၈၀၀ ခန့် ကြာပြီးနောက်ပိုင်းတွင် မေရှိယ၊ ယေရှုခရစ် လုပ်ဆောင်မည့်လုပ်ငန်းကို တင်ကြိုပုံဆောင်သည်။ (ဟေရှာယ ၈:၁၈; ၆၁:၁၊ ၂; လုကာ ၄:၁၆-၂၁; ဟေဗြဲ ၂:၁၃၊ ၁၄) ယေရှုသည် ဟေရှာယထက် ကြီးမြတ်စေကာမူ “အကျွန်ုပ်သည် ကိုယ်တော်၏ အလိုကို ဆောင်အံ့သောငှာ သွားပါမည်” ဟု ဆိုခြင်းဖြင့် မိမိ၏ ကောင်းကင်ခမည်းတော် စေလွှတ်မှုကို လုပ်ဆောင်ရန် ထပ်တူ လိုလိုလားလား ရှိခဲ့သည်။—ဟေဗြဲ ၁၀:၅-၉; ဆာလံ ၄၀:၆-၈။
၂၂ ဟေရှာယကဲ့သို့ပင် ယေရှုသည် မိမိ ရရှိထားသော တာဝန်ကို သစ္စာရှိစွာ ဆောင်ရွက်ခဲ့ပြီး တူညီသည့် တုံ့ပြန်မှုကိုပင် ကြုံတွေ့ခဲ့ရသည်။ ယေရှုခေတ်ရှိ ဂျူးများသည် ပရောဖက် ဟေရှာယ ဟောပြောခဲ့ရသူများကဲ့သို့ပင် သတင်းတရားကို လိုလိုလားလား လက်ခံလိုစိတ် မရှိကြပါ။ (ဟေရှာယ ၁:၄) ပုံဥပမာများကို အသုံးပြုခြင်းသည် ယေရှုဓမ္မအမှု၏ အသွင်အပြင်တစ်ရပ် ဖြစ်ခဲ့သည်။ ယင်းကြောင့် ကိုယ်တော်၏ တပည့်တော်များက “ကိုယ်တော်သည် အဘယ်ကြောင့် ဥပမာကို ဆောင်၍ ဤလူတို့အား ဟောပြောတော်မူသနည်း” ဟု မေးခဲ့သည်။ ယေရှု ဤသို့ ပြန်ဖြေခဲ့သည်– “သင်တို့သည် ကောင်းကင် နိုင်ငံတော်၏ နက်နဲသောအရာတို့ကို သိရသော အခွင့် ရှိကြ၏။ ထိုသူတို့မူကား အခွင့် မရှိကြ။ ထို့ကြောင့် သူတို့သည် မြင်လျက် မမြင်၊ ကြားလျက် မကြား၊ အနက်ကိုလည်း နားမလည်သောကြောင့် ဥပမာကို ဆောင်၍ ငါဟောပြော၏။ ဟေရှာယ ဟောဖူးသော အနာဂတ်စကား ဟူမူကား ‘သင်တို့သည် ကြားလျက်ပင် အနက်ကိုနားမလည်ဘဲ ကြားကြလိမ့်မည်။ အကြောင်းမူကား ဤလူမျိုးသည် မျက်စိမမြင်၊ နားမကြား၊ စိတ်နှလုံးမသိ၊ အကျင့်မပြောင်းလဲ၊ သူတို့အနာရောဂါကို ငါမငြိမ်းစေရသည်တိုင်အောင် သူတို့စိတ်နှလုံးသည် မိုက်လျက်၊ နားသည် ထိုင်းလျက်၊ ကိုယ်မျက်စိကို ပိတ်လျက် ရှိကြ၏ ဟူသောစကားသည် ဤလူတို့၌ ပြည့်စုံခြင်းသို့ ရောက်သတည်း။’”—မဿဲ ၁၃:၁၀၊ ၁၁၊ ၁၃-၁၅; မာကု ၄:၁၀-၁၂; လုကာ ၈:၉၊ ၁၀။
၂၃ ယေရှုသည် ဟေရှာယကျမ်းမှ ကိုးကားခြင်းဖြင့် ပရောဖက်ပြုချက်သည် မိမိအချိန်တွင် ပြည့်စုံချက်တစ်ရပ် ရှိကြောင်း တင်ပြသည်။ လူမျိုးတစ်မျိုးလုံးအနေနှင့် လူများသည် ဟေရှာယခေတ်ရှိ ဂျူးများကဲ့သို့သော နှလုံးသဘောထား ရှိခဲ့ကြသည်။ သူတို့သည် ကိုယ်တော်၏ သတင်းစကားနှင့်ပတ်သက်၍ မိမိတို့ကိုယ်ကို မျက်မမြင်၊ နားမကြားသူများ ဖြစ်စေကြပြီး ဖျက်ဆီးခြင်းနှင့် ကြုံတွေ့စေကြသည်။ (မဿဲ ၂၃:၃၅-၃၈; ၂၄:၁၊ ၂) ဗိုလ်ချုပ်တိတု ဦးဆောင်သော ရောမစစ်တပ်က ယေရုရှလင်ကို တိုက်ခိုက်ပြီး မြို့တော်နှင့် ယင်း၏ ဗိမာန်တော်ကို ဖြိုဖျက်ခဲ့ချိန် စီ.အီး. ၇၀ တွင် ထိုသို့ ဖြစ်ပျက်ခဲ့သည်။ သို့သော် အချို့သူများသည် ယေရှု၏ စကားကို နားထောင်ခဲ့ကြပြီး ကိုယ်တော်၏ တပည့်တော်များ ဖြစ်လာခဲ့ကြသည်။ ယေရှုက သူတို့သည် “ပျော်ရွှင်” ကြ၏ဟု ကြေညာခဲ့သည်။ (မဿဲ ၁၃:၁၆-၂၃၊ ၅၁၊ ကဘ) “ယေရုရှလင်မြို့ကို ဗိုလ်ခြေများ ဝန်းရံလျက်ရှိသည်ကို” မြင်ရသည့်အခါ “တောင်ပေါ်သို့ ပြေး” ကြဟု ကိုယ်တော် သူတို့အား သတိပေးခဲ့ပြီး ဖြစ်သည်။ (လုကာ ၂၁:၂၀-၂၂) ထို့ကြောင့် ယုံကြည်ခြင်း ကျင့်သုံးခဲ့ကြပြီး ဝိညာဏလူမျိုးတစ်မျိုးအဖြစ် ဖွဲ့စည်းခံခဲ့ရသော “ဘုရားသခင်၏ ဣသရေလအမျိုး” ဖြစ်သည့် “သန့်ရှင်းသောအနွယ်” သည် ကယ်တင်ခြင်း ရခဲ့သည်။a—ဂလာတိ ၆:၁၆။
၂၄။ ပေါလုသည် ဟေရှာယ ပရောဖက်ပြုချက်၏ အဘယ်သက်ဆိုင်ပုံကို ရှင်းလင်းပြခဲ့ပြီး ယင်းက အဘယ်အရာကို ဖော်ပြသနည်း။
၂၄ စီ.အီး. ၆၀ ခန့်တွင် တမန်တော် ပေါလုသည် ရောမတွင် အကျယ်ချုပ် ခံခဲ့ရသည်။ ထိုနေရာတွင် သူသည် အခြားသူများ အပါအဝင် “ယုဒလူ အကြီးအကဲတို့” နှင့် တွေ့ဆုံမှုတစ်ခု စီစဉ်ခဲ့ပြီး သူတို့အား ‘ဘုရားသခင်၏ နိုင်ငံတော်အကြောင်း စေ့စေ့စပ်စပ် သက်သေခံ’ ခဲ့သည်။ လူများစွာက သူ၏ သတင်းစကားကို လက်မခံသောအခါ ပေါလုက ယင်းသည် ဟေရှာယ၏ ပရောဖက်ပြုချက် ပြည့်စုံခြင်း ဖြစ်သည်ဟု ရှင်းပြခဲ့သည်။ (တမန်တော် ၂၈:၁၇-၂၇; ဟေရှာယ ၆:၉၊ ၁၀) ထို့ကြောင့် ယေရှု၏ တပည့်တော်များသည် ဟေရှာယနှင့် ဆင်တူသော တာဝန်တစ်ခုကို ဆောင်ရွက်ခဲ့ကြသည်။
၂၅။ မျက်မှောက်ခေတ် ဘုရားသခင်၏ သက်သေခံများသည် အဘယ်အရာကို သိရှိထားပြီနည်း၊ သူတို့ မည်သို့ တုံ့ပြန်ကြသနည်း။
၂၅ အလားတူပင် ယေဟောဝါ ဘုရားသခင်သည် မိမိ၏ သန့်ရှင်းသော ဗိမာန်တော်၌ ရှိနေတော်မူသည်ကို ယနေ့ ယေဟောဝါသက်သေများ သိရှိကြသည်။ (မာလခိ ၃:၁) သူတို့သည် ဟေရှာယကဲ့သို့ပင် “အကျွန်ုပ် ရှိပါ၏။ အကျွန်ုပ်ကို စေလွှတ်တော်မူပါ” ဟု ပြောဆိုကြသည်။ ချဉ်းကပ်လာနေပြီ ဖြစ်သော ဤအစီအစဉ်စနစ်၏ အဆုံးအကြောင်း သတိပေး သတင်းတရားကို ဇွဲဖြင့် ကြေညာကြသည်။ သို့သော် ယေရှု မိန့်ကြားခဲ့သကဲ့သို့ နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် အနည်းငယ်သောသူများသာ မိမိတို့၏ မျက်စိကို ဖွင့်ကာ နားထောင်ကြသောကြောင့် ကယ်တင်ခြင်း ခံရမည်။ (မဿဲ ၇:၁၃၊ ၁၄) နားထောင်ရန် မိမိတို့၏ နှလုံးကို ညွှတ်သောသူများနှင့် ‘မိမိတို့ကိုယ်ကိုယ် အနာငြိမ်းစေ’ ကြသူများသည် အမှန်ပင် ပျော်ရွှင်ကြမည်တည်း!—ဟေရှာယ ၆:၈၊ ၁၀။
[အောက်ခြေမှတ်ချက်]
a စီ.အီး. ၆၆ တွင် ဂျူးများ၏ ပုန်ကန်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် စက်စ်တီးယပ်စ် ဂဲလပ်စ် ဦးဆောင်သော ရောမစစ်တပ်သည် ယေရုရှလင်မြို့ကို ဝိုင်းခဲ့ကာ ဗိမာန်တော်တံတိုင်းထိတိုင် မြို့ကို ထိုးဖောက်ဝင်ရောက်ခဲ့ကြသည်။ ထို့နောက် သူတို့ တပ်ခေါက်ပြန်သွားကြရာ ယေရှု၏ တပည့်တော်များသည် စီ.အီး. ၇၀ ရောမစစ်တပ် ပြန်မလာမီ ပေရိယနယ်ရှိ တောင်ပေါ်သို့ ပြေးရန် အခွင့် ရရှိကြသည်။