ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၂/၁ စာ. ၁၃-၁၈
  • ‘သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌’
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သန့်ရှင်းသောဝိညာဉ်၌ဗတ္တိဇံခံခြင်း
  • “သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌” ဗတ္တိဇံခံခြင်း
  • ဝိညာဉ်တော်၏အသီး
  • သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ခန့်အပ်ခံရခြင်း
  • ဝိညာဉ်တော်အားဖြင့် လမ်းပြခံပါ
  • ဝိညာဉ်တော်နှင့်ဟောပြောခြင်းလုပ်ငန်း
  • ကျွန်ုပ်တို့၏နှစ်ခြင်းအတိုင်းအသက်ရှင်ခြင်း
  • စွမ်းအားတော်ဖြင့်လျှောက်လှမ်းခြင်းက မိမိ၏အပ်နှံမှုနှင့်အညီနေထိုင်ရန် အထောက်အကူပြု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • သန့်ရှင်းသောဝိညာဉ်တော် သင့်အားမည်သို့ထိခိုက်နိုင်ပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ပထမရာစုနဲ့ ယနေ့ခေတ်မှာ ဘုရားသခင့်စွမ်းအားတော်လမ်းညွှန်မှုကိုခံယူ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • သန့်ရှင်းသောဝိညာဉ်တော်ကို ရုပ်လုံးဖော်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၂/၁ စာ. ၁၃-၁၈

‘သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌’

“သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် . . . သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကိုပေးကြလော့။” —မဿဲ ၂၈:၁၉။

၁။ သန့်ရှင်းသောဝိညာဉ်တော်နှင့်စပ်လျဉ်း၍ နှစ်ခြင်းဆရာယောဟန်သည် အဘယ်ဝေါဟာရအသစ်ကို အသုံးပြုခဲ့သနည်း။

ကျွန်ုပ်တို့ခေတ်သက္ကရာဇ်စီအီး ၂၉ ခုနှစ်တွင် မေရှိယသခင်အတွက် လမ်းပြင်ဆင်ပေးရန် ဣသရေလနိုင်ငံ၌ နှစ်ခြင်းဆရာယောဟန်အလုပ်များနေပါသည်။ သူဓမ္မအမှုဆောင်စဉ် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပတ်သက်၍ အကြောင်းအသစ်တစ်ခုကိုသူကြေညာခဲ့ပါသည်။ ဝိညာဉ်တော်အကြောင်း ဟေဗြဲကျမ်းစာစောင်ပြောထားသမျှကို ဂျူးများသိထားနှင့်ပြီဖြစ်သည်။ သို့သော်ယောဟန်က “ငါသည်နောင်တအဖို့အလိုငှာ သင်တို့ကိုရေနှင့်ဗတ္တိဇံပေး၏။ ငါ့နောက်ကြွလာသောသူသည် . . . သန့်ရှင်းသောဝိညာဉ်တော်နှင့် . . . သင်တို့ကိုဗတ္တိဇံပေးမည်။” (မဿဲ ၃:၁၁) ‘သန့်ရှင်းသောဝိညာဉ်တော်နှင့်ဗတ္တိဇံပေးခြင်း’ သည်စကားအသစ်ဖြစ်ပါသည်။

၂။ သန့်ရှင်းသောဝိညာဉ်တော်နှင့်ပတ်သက်၍ အဘယ်ဝေါဟာရအသစ်ကို ယေရှုစတင်အသုံးပြုခဲ့သနည်း။

၂ နောက်မှကြွလာမည့်သူကား ယေရှုဖြစ်သည်။ ကိုယ်တော်၏မြေကြီးဆိုင်ရာအသက်တာတစ်လျှောက် ဝိညာဉ်တော်အကြောင်း ကြိမ်ဖန်များစွာပြောဆိုခဲ့သော်လည်း ယေရှုကိုယ်တော်တိုင် မည်သူကိုမျှ ဝိညာဉ်တော်နှင့်နှစ်ခြင်းမပေးခဲ့ပါ။ ထို့ပြင်ရှင်ပြန်ထမြောက်ပြီးနောက်လည်း သန့်ရှင်းသောဝိညာဉ်တော်အကြောင်း အခြားနည်းအသစ်တစ်မျိုးဖြင့် ညွှန်ပြပါသည်။ တပည့်တော်များအားကိုယ်တော်ဤသို့ဆိုသည်။ “သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကိုပေးကြလော့။” (မဿဲ ၂၈:၁၉) “နာမ၌” ဟူသောစကားက “အသိအမှတ်ပြုကာ” ကိုဆိုလိုပါသည်။ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်ကိုအသိအမှတ်ပြုကာ ရေ၌နှစ်ခြင်းခံယူခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်၌နှစ်ခြင်းယူခြင်းနှင့် ကွာခြားပါသည်။ သန့်ရှင်းသောဝိညာဉ်တော်နှင့်ပတ်သက်သော ဝေါဟာရအသစ်လည်းဖြစ်သည်။

သန့်ရှင်းသောဝိညာဉ်၌ဗတ္တိဇံခံခြင်း

၃၊ ၄။ (က) သန့်ရှင်းသောဝိညာဉ်တော်ဖြင့် အဘယ်အချိန်က ဦးဆုံးနှစ်ခြင်းပေးခဲ့သနည်း။ (ခ) သူတို့အားနှစ်ခြင်းပေးသည့်အပြင် စီအီး ၃၃ ခုနှစ်ပင်တေကုတ္တေပွဲနေ့တွင် ယေရှု၏တပည့်တော်များအပေါ် မည်သို့အကျိုးပြုသနည်း။

၃ သန့်ရှင်းသောဝိညာဉ်တော်၌ဗတ္တိဇံခံယူခြင်းနှင့်ပတ်သက်၍ ကောင်းကင်သို့မတက်မီ တပည့်တော်များအား ယေရှုဤသို့ကတိပေးသည်။ “သင်တို့သည် မကြာမမြင့်မီ သန့်ရှင်းသောဝိညာဉ်တော်၌ ဗတ္တိဇံကိုခံရကြလိမ့်မည်။” (တမန်တော် ၁:၅၊ ၈) ထိုနောက်မကြာမီအချိန်တွင်ပင် ကတိတော်အတိုင်းဖြစ်လာပါသည်။ ယေရှုသည်ကောင်းကင်မှ သန့်ရှင်းသောဝိညာဉ်တော်၌ ဗတ္တိဇံများဦးဆုံးပေးတော်မူစဉ် ယေရုရှလင်မြို့အထက်ခန်းမတွင်စုဝေးနေသော တပည့်တော် ၁၂၀ အပေါ်သန့်ရှင်းသောဝိညာဉ်တော်သက်ရောက်လာခဲ့သည်။ (တမန်တော် ၂:၁-၄၊ ၃၃) အဘယ်အကျိုးဖြစ်ထွန်းသနည်း။ တပည့်တော်များသည် ခရစ်တော်၏ဝိညာဏကိုယ်ခန္ဓာအဝင်ဖြစ်လာကြသည်။ သို့နှင့်တမန်တော်ပေါလုရှင်းပြသည့်အတိုင်း ဖြစ်လာကြ၏။ “ငါတို့ရှိသမျှသည် တစ်စိတ်တစ်ဝိညာဉ်တည်းထဲသို့ ဗတ္တဇံကိုခံကြ၏။” (၁ ကောရိန္သု ၁၂:၁၃) တစ်ချိန်တည်းတွင် သူတို့သည် ဘုရားသခင့်ကောင်းကင်နိုင်ငံတော်၌ မင်းလောင်းများ၊ ယဇ်ပုရောဟိတ်လောင်းများအဖြစ် ဘိသိက်ပေးခံရကြသည်။ (ဧဖက် ၁:၁၃၊ ၁၄။ ၂ တိမောသေ ၂:၁၂။ ဗျာဒိတ် ၂၀:၆) သန့်ရှင်းသောဝိညာဉ်တော်သည် ထိုဂုဏ်ကျက်သရေပြည့်သော အနာဂတ်အမွေအနှစ်ရရှိခြင်း၏ လက်ဦးချိပ်တံဆိပ်နှင့်အထိမ်းအမှတ်လည်းဖြစ်သည်။ သို့သော်ထိုမျှသာမကပါ။—၂ ကောရိန္သု ၁:၂၁၊ ၂၂။

၄ နှစ်အနည်းငယ်အချိန်က နိကောဒင်အားယေရှုဤသို့ဆိုခဲ့သည်။ “ဒုတိယမွေးခြင်းကိုမခံသောသူမည်သည်ကား ဘုရားသခင်၏နိုင်ငံတော်ကိုမမြင်ရ။ . . . ရေနှင့်ဝိညာဉ်တော်မမွေးသောသူမည်သည်ကား ဘုရားသခင်၏နိုင်ငံတော်သို့မဝင်ရ။” (ယောဟန် ၃:၃၊ ၅) ယခုလူ ၁၂၀ သည်ဒုတိယမွေးခြင်းခံယူခဲ့ပြီ။ သန့်ရှင်းသောဝိညာဉ်အားဖြင့် ခရစ်တော်၏ညီ၊ ဘုရားသခင်၏ဝိညာဏသားများအဖြစ် သူတို့မွေစားခြင်းခံကြရပြီ။ (ယောဟန် ၁:၁၁-၁၃။ ရောမ ၈:၁၄၊ ၁၅) သန့်ရှင်းသောဝိညာဉ်တော်လုပ်ရပ်များသည်လည်း အံ့ချီးဖွယ်ရာတန်ခိုးပြချက်များထက် သာ၍အံ့သြစရာကောင်းပေသည်။ ထိုထက်မက တစ်ကြိမ်သာတွေ့ရှိခဲ့ရသည့်တန်ခိုးများနှင့်မတူ တမန်တော်များသေဆုံးသည့်နောက် သန့်ရှင်းသောဝိညာဉ်တော်မရပ်စဲဘဲ ကျွန်ုပ်တို့ခေတ်တိုင်အောင် ဆက်လှုပ်ရှားလျက်ရှိသည်။ ခရစ်တော်၏ကိုယ်ခန္ဓာအဝင် ဝိညာဉ်တော်ဖြင့်နှစ်ခြင်းခံယူထားသူတို့မှ နောက်ဆုံးကျန်ကြွင်းသူများ မိမိတို့နှင့်အတူရှိခြင်းကား ယေဟောဝါသက်သေများ၏အခွင့်ထူးဖြစ်ပေသည်။ သူတို့သည် “သစ္စာသတိပညာရှိကျေးကျွန်” အဖြစ် အချိန်တန်ဝိညာဉ်အစာကို ကျွေးမွေးနေပါသည်။—မဿဲ ၂၄:၄၅-၄၇။

“သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌” ဗတ္တိဇံခံခြင်း

၅၊ ၆။ သန့်ရှင်းသောဝိညာဉ်တော်၌ပေးသော ပထမအစကနှစ်ခြင်းများသည် ရေ၌နှစ်ခြင်းခံခြင်းသို့ မည်သို့ဦးတည်ပေးသနည်း။

၅ သို့သော် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမဖြင့် ရေ၌နှစ်ခြင်းခံယူမည်ဟူသောကတိတော်ကော။ ဝိညာဉ်တော်၌နှစ်ခြင်းယူခဲ့သော ကနဦးတပည့်တော်များသည် ဤကဲ့သို့ရေ၌ဗတ္တိဇံမခံယူခဲ့ပါ။ သူတို့သည် ယောဟန်၏ရေနှစ်ခြင်းကိုခံယူပြီးသားဖြစ်သဖြင့် ထိုအချိန်တွင် ယင်းကိုယေဟောဝါနှစ်သက်လက်ခံတော်မူသည့်အတွက် ပြန်နှစ်ခြင်းယူစရာမလိုအပ်ခဲ့ပါ။ သို့သော် စီအီး ၃၃ ခု၊ ပင်တေကုတ္တေပွဲနေ့တွင် လူအုပ်ကြီးသည် ရေနှစ်ခြင်းအသစ်ကိုခံယူခဲ့ကြသည်။ မည်သို့ဖြစ်ပျက်ခဲ့သနည်း။

၆ တပည့်တော် ၁၂၀ တို့သည် သန့်ရှင်းသောဝိညာဉ်တော်၌နှစ်ခြင်းခံယူကြစဉ် အသံကျယ်တစ်ခုကိုကြားခဲ့ရပြီး လူစုလူဝေးတို့အားဆွဲဆောင်မှုဖြစ်စေခဲ့သည်။ တပည့်တော်များသည်လည်း ပရိသတ်အလယ်ရှိသူတို့၏ ဘာသာခြားစကားဖြင့် စကားပြောဆိုနေခြင်းကို လူအုပ်သည်အလွန်အံ့အားသင့်ခဲ့ကြသည်။ သေရာမှထမြောက်ခဲ့ပြီး ကောင်းကင်၌ ဘုရားသခင့်လက်ယာဘက်တွင် ယခုထိုင်နေတော်မူသောယေရှုသည် ဘုရားသခင့်ဝိညာဉ်တော်ကို သွန်းလောင်းပေးကြောင်း ယင်းအံ့ဖွယ်ရာကသက်သေထူသည်ဟု တမန်တော်ပေတရုရှင်းပြပါသည်။ သို့ပြီးနောက် ပေတရုဤသို့တိုက်တွန်းပါသည်။ “သင်တို့သည် လက်ဝါးကပ်တိုင်မှာကွပ်မျက်သောယေရှုကို ဘုရားသခင်သည် ခရစ်တော်အရာ၌လည်းကောင်း၊ အစိုးရသောအရှင်အရာ၌လည်းကောင်း ခန့်ထားတော်မူသည့်အကြောင်းကို ဣသရေလအမျိုးသားအပေါင်းတို့ အတပ်အမှန်သိမှတ်ကြလော့။” ထိုနောက်ဤသို့နိဂုံးချုပ်သည်။ “သင်တို့၏အပြစ်ကိုလွှတ်စေခြင်းငှာနောင်တရ၍ တစ်ယောက်မျှမကြွင်း၊ ယေရှုခရစ်၏နာမ၌ဗတ္တိဇံကိုခံကြလော့။ သို့ပြုလျှင် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသောဆုကျေးဇူးတော်ကို ခံကြရလိမ့်မည်။” လူ ၃၀၀၀ ခန့်လက်ခံရရှိခဲ့သည်။—တမန်တော် ၂:၃၆၊ ၃၈၊ ၄၁။

၇။ စီအီး ၃၃ ခုနှစ်တွင်နှစ်ခြင်းခံယူခဲ့သူ ၃,၀၀၀ သည်ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်နာမ၌ မည်သို့နှစ်ခြင်းယူခဲ့ကြသနည်း။

၇ ဤသူများသည် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ (အသိအမှတ်ပြုကာ) နှစ်ခြင်းခံယူသည်ဟုဆိုနိုင်ပါမည်လော။ ဆိုနိုင်၏။ ခမည်းတော်၏နာမ၌နှစ်ခြင်းယူရန် သူတို့ကိုပေတရုမမှာသော်လည်း ဘုရားသခင်ထံဆက်ကပ်အပ်နှံထားသော ဇာတိပကတိဂျူးများအနေနှင့် ယေဟောဝါအားအချုပ်အခြာအရှင်အဖြစ် သူတို့အသိအမှတ်ပြုပြီးသားဖြစ်သည်။ ‘သားတော်၏နာမ၌ ဗတ္တိဇံခံရမည်’ ဟူ၍ကား ပေတရုဆိုသည်။ ထိုကြောင့်သူတို့၏ဗတ္တိဇံသည် ယေရှုအားသခင်ခရစ်တော်အဖြစ် အသိအမှတ်ပြုခြင်း၏အထိမ်းအမှတ်ဖြစ်သည်။ ယခုသူတို့သည် ကိုယ်တော်၏တပည့်တော်များဖြစ်နေပြီဖြစ်၍ ကိုယ်တော်အားဖြင့်ခွင့်လွှတ်ခြင်းခံရပြီဖြစ်ကြောင်း အသိအမှတ်ပြုကြပြီ။ သူတို့၏နှစ်ခြင်းသည်လည်း သန့်ရှင်းသောဝိညာဉ်တော်ကိုအသိအမှတ်ပြုခြင်း၏အထိမ်းအမှတ်ဖြစ်၍ ဝိညာဉ်တော်ကိုဆုကျေးဇူးအဖြစ်ရမည်ဟူသည့် ကတိတော်ကိုအသိအမှတ်ပြုကာ နှစ်ခြင်းခံယူခြင်းဖြစ်သည်။

၈။ (က) ရေ၌နှစ်ခြင်းအပြင် ဘိသိက်ခံခရစ်ယာန်များသည် အခြားအဘယ်နှစ်ခြင်းကိုခံယူခဲ့ပြီနည်း။ (ခ) သန့်ရှင်းသောဝိညာဉ်တော်နာမ၌ ၁၄၄,၀၀၀ အပြင်မည်သူတို့သည် ရေ၌နှစ်ခြင်းခံယူခဲ့သနည်း။

၈ စီအီး ၃၃ ခုပင်တေကုတ္တေပွဲနေ့တွင် ရေ၌နှစ်ခြင်းယူခဲ့သူများသည် ဝိညာဉ်တော်အားဖြင့်လည်းနှစ်ခြင်းခံယူကြသည်။ ထိုသို့အားဖြင့် ကောင်းကင်နိုင်ငံတော်၏မင်းလောင်းများ၊ ယဇ်ပုရောဟိတ်များအဖြစ်ဘိသိက်ခံကြရသည်။ ဗျာဒိတ်ကျမ်းအရ ဤသူများအဝင် ၁၄၄,၀၀၀ မျှသာရှိသည်။ ထိုကြောင့်သန့်ရှင်းသောဝိညာဉ်တော်၌နှစ်ခြင်းခံယူပြီး နိုင်ငံတော်အမွေခံများအဖြစ် နောက်ဆုံး ‘တံဆိပ်ခတ်’ ခံရသူများအရေအတွက်မှာ ၁၄၄,၀၀၀ မျှသာဖြစ်သည်။ (ဗျာဒိတ် ၇:၄၊ ၁၄:၁) သို့ရာတွင် တပည့်တော်အသစ် အားလုံး မည်သည့်မျှော်လင့်ချက်ပင်ရှိစေကာမူ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ရေ၌နှစ်ခြင်းခံကြရမည်။ (မဿဲ ၂၈:၁၉၊ ၂၀) “သိုးစုငယ်” ဖြစ်စေ၊ “အခြားသိုး” ဖြစ်စေ၊ ခရစ်ယာန်အားလုံးအဖို့ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ နှစ်ခြင်းယူသည်ကား အဘယ်အဓိပ္ပာယ်ရှိသနည်း။ (လုကာ ၁၂:၃၂။ ယောဟန် ၁၀:၁၆) ဤမေးခွန်းကိုမဖြေဆိုမီ ခရစ်ယာန်ခေတ်တွင် ဝိညာဉ်တော်၏လှုပ်ရှားမှုအချို့အကြောင်းကိုသတိပြုကြစို့။

ဝိညာဉ်တော်၏အသီး

၉။ သန့်ရှင်းသောဝိညာဉ်တော်၏ အဘယ်လုပ်ငန်းသည် ခရစ်ယာန်အားလုံးအတွက်အရေးကြီးသနည်း။

၉ သန့်ရှင်းသောဝိညာဉ်တော်၏အရေးကြီးသောလုပ်ရပ်တစ်ခုကား ခရစ်ယာန်ဥပဓိရုပ်များကို ပြုစုပျိုးထောင်ပေးရန်ကူညီပေးဖို့ဖြစ်သည်။ မစုံလင်မှုကြောင့် ကျွန်ုပ်တို့တစ်ယောက်မျှ မပြစ်မှားဘဲမနေနိုင်သည်ကားမှန်၏။ (ရောမ ၇:၂၁-၂၃) သို့သော်တကယ်နောင်တရသည့်အခါ ခရစ်တော်၏ရွေးဖိုးပူဇော်သက္ကာအားဖြင့် ယေဟောဝါရှင်သည် ကျွန်ုပ်တို့ကိုခွင့်လွှတ်တော်မူ၏။ (မဿဲ ၁၂:၃၁၊ ၃၂။ ရောမ ၇:၂၄၊ ၂၅။ ၁ ယောဟန် ၂:၁၊ ၂) ထို့ပြင်ပြစ်မှားတတ်သည့် ကျွန်ုပ်တို့သဘောထားကိုတိုက်လှန်ရန် ယေဟောဝါမျှော်လင့်ပြီး ယင်းသို့ပြုနိုင်ဖို့ သန့်ရှင်းသောဝိညာဉ်တော်က အကူအညီပေးပါသည်။ “ဝိညာဉ်ပကတိအတိုင်းကျင့်ကြလော့။ ထိုသို့ကျင့်လျှင် ဇာတိပကတိ၏အလိုသို့မလိုက်ဘဲနေကြလိမ့်မည်။” (ဂလာတိ ၅:၁၆) ဝိညာဉ်တော်သည် ကျွန်ုပ်တို့၌အမွန်မြတ်ဆုံးသောအရည်အချင်းများကို ဖွံ့ဖြိုးစေနိုင်ကြောင်း ပေါလုဤသို့ဆက်ဖော်ပြရေးသားပါသည်။ “ဝိညာဉ်ပကတိ၏အကျိုး [အသီး၊ ကဘ] မူကား၊ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်းပေတည်း။”—ဂလာတိ ၅:၂၂၊ ၂၃။

၁၀။ ခရစ်ယာန်တစ်ဦး၌ ဝိညာဉ်အသီးများ မည်သို့သီးလာသနည်း။

၁၀ ခရစ်ယာန်တစ်ဦး၌ ဝိညာဉ်တော်သည်ဤအသီးများကို မည်သို့သီးစေနိုင်ပါသနည်း။ ကျွန်ုပ်တို့သည် ဆက်ကပ်အပ်နှံနှစ်ခြင်းခံပြီးသောခရစ်ယာန်များဖြစ်ရုံနှင့် အလိုအလျောက်ထိုအသီးများသီးမည်မဟုတ်ပါ။ ယင်းတို့ကိုကြိုးစားသီးရမည်။ သို့သော် ဤအရည်အချင်းများတင်ပြသည့် အခြားခရစ်ယာန်များနှင့်ပေါင်းသင်းမည်၊ လိုအပ်နေသည့်အရည်အချင်းများကိုပြုစုပေးနိုင်ရန် ဝိညာဉ်တော်အကူအညီကို ဘုရားသခင်ထံတော်မှတောင်းခံမည်၊ မကောင်းသောအပေါင်းအသင်းများကိုရှောင်ကြဉ်၍ ဩဝါဒနှင့်ပုံသက်သေကောင်းများရရှိရန် သမ္မာကျမ်းစာကိုလေ့လာမည်ဆိုလျှင် ဝိညာဉ်တော်အသီးများ ကျွန်ုပ်တို့တွင်တိုးပွားလာပါလိမ့်မည်။—သု၊ ၁၃:၂၀။ ၁ ကောရိန္သု ၁၅:၃၃။ ဂလာတိ ၅:၂၄-၂၆။ ဟေဗြဲ ၁၀:၂၄၊ ၂၅။

သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ခန့်အပ်ခံရခြင်း

၁၁။ အကြီးအကဲများသည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် မည်သို့ခန့်အပ်ခံရသနည်း။

၁၁ ဧဖက်မြို့နေအကြီးအကဲများအား ပေါလုသြဝါဒပေးချိန်တွင် “သင်တို့သည် ကိုယ်ကိုသတိနှင့်ကြည့်ရှုကြလော့။ ဘုရားသခင်သည် မိမိသားတော်၏အသွေးနှင့်ဝယ်တော်မူသော အသင်းတော်ကို လုပ်ကျွေးစေခြင်းငှာ သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့ကိုအအုပ်အချုပ်ခန့်ထားတော်မူသော သိုးစုတစ်စုလုံးကိုလည်း သတိနှင့်ကြည့်ရှုကြလော့။” (တမန်တော် ၂၀:၂၈) မှန်ပေ၏။ အသင်းတော်ကြီးကြပ်မှူးသော်လည်းကောင်း၊ အကြီးအကဲများသော်လည်းကောင်း သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ခန့်အပ်ခံရပါသည်။ အဘယ်သို့နည်း။ ခန့်အပ်ခံရသောအကြီးအကဲများသည် မှုတ်သွင်းခံသမ္မာကျမ်းစာပါ အရည်အချင်းများကိုမီခြင်းအားဖြင့်ဖြစ်သည်။(၁ တိမောသေ ၃:၁-၁၃။ တိတု ၁:၅-၉) ထိုအရည်အချင်းများကို သန့်ရှင်းသောဝိညာဉ်တော်အကူအညီအားဖြင့်သာလျှင် သူတို့ပြုစုပျိုးထောင်ပေးနိုင်ပါမည်။ ထို့ပြင်အကြီးအကဲအဖွဲ့သည် အကြီးအကဲအသစ်တစ်ဦးကိုထောက်ခံပေးသည့်အခါ သူသည် အရည်အချင်းပြည့်မီမမီ သန့်ရှင်းသောဝိညာဉ်တော်၏လမ်းပြညွှန်ကြားမှုရရှိရန် ဆုတောင်းကြပါသည်။ ခန့်အပ်သည့်အခါ၌လည်း ဝိညာဉ်တော်အားဖြင့်ဘိသိက်ခံရသော သစ္စာနှင့်သတိပညာရှိကျေးကျွန်၏ ကွပ်ကဲမှုအရခန့်အပ်ပါသည်။

ဝိညာဉ်တော်အားဖြင့် လမ်းပြခံပါ

၁၂။ သမ္မာကျမ်းစာအားဖြင့် ဝိညာဉ်တော်သည် ကျွန်ုပ်တို့အား မည်သို့သြဇာလွှမ်းမိုးသနည်း။

၁၂ သမ္မာကျမ်းစာကို သန့်ရှင်းသောဝိညာဉ်တော်၏တိုက်တွန်းမှုဖြင့်ရေးသားကြောင်း ခရစ်ယာန်များအသိအမှတ်ပြုကြပါသည်။ သို့ဖြစ်၍ယေဟောဝါ၏ခရစ်ယာန်ခေတ်မတိုင်မီ သက်သေခံများနည်းတူ ဝိညာဉ်တော်တိုက်တွန်းခံဉာဏ်ပညာရရှိရန် နှိုက်နှိုက်ချွတ်ချွတ်လေ့လာကြသည်။ (သု၊ ၂:၁-၉) ယင်းတို့ကိုသူတို့ဖတ်ရှုသည်၊ ဆင်ခြင်သုံးသပ်၍ သူတို့အသက်တာတွင် လမ်းပြဖြစ်စေသည်။ (ဆာလံ ၁:၁-၃။ ၂ တိမောသေ ၃:၁၆) ဤနည်းဖြင့်ဝိညာဉ်တော်သည် ‘ဘုရားသခင်၏နက်နဲရာတို့ကိုစစ်’ ဆေးရန် သူတို့အားအကူအညီပေးသည်။ (၁ ကောရိန္သု ၂:၁၀၊ ၁၃၊ ၃:၁၉) ဤနည်းဖြင့်ဘုရားသခင့်ကျေးကျွန်များကိုလမ်းပြညွှန်ကြားခြင်းသည် ကျွန်ုပ်တို့ခေတ်အတွက် ဘုရားသခင့်ဝိညာဉ်တော်၏အရေးကြီးသောလုပ်ငန်းဖြစ်ပါသည်။

၁၃၊ ၁၄။ အသင်းတော်တွင် ပြဿနာများဖြေရှင်းရန် ယေရှုအဘယ်အရာကိုအသုံးပြုသနည်း။ ထိုသို့ယနေ့လည်း မည်သို့ကိုယ်တော်ပြုသနည်း။

၁၃ ထို့ပြင် ဗျာဒိတ်ကျမ်း၌ ရှင်ပြန်ထမြောက်လာသောယေရှုသည် အာရှမိုင်းနားရှိအသင်းတော်ခုနစ်ခုထံ သတင်းပို့ပေးပါသည်။ (ဗျာဒိတ်ကျမ်း အခန်းကြီး ၂ နှင့် ၃) အသင်းတော်များကိုစစ်ဆေးပြီး၍ ယင်းတို့၏ဝိညာဏအခြေအနေကိုသိမြင်ကြောင်း ထိုတွင်ကိုယ်တော်ဖော်ပြသည်။ အချို့မှာယုံကြည်ခြင်းဘက် ပုံသက်သေကောင်းတင်ပြနေသည်ကို ကိုယ်တော်တွေ့ရှိသည်။ အခြားတို့မှာမူ၊ အကြီးအကဲများသည် သင်းကွဲခြင်း၊ သီလယိုယွင်းမှုနှင့်မပူမအေးဖြစ်ခြင်းကို ခွင့်ပြုထားခြင်းကြောင့် သိုးအုပ်ကိုပျက်စီးစေကြောင်း ကိုယ်တော်တွေ့ရှိသည်။ သစ္စာရှိသူအနည်းငယ်မှအပ သာဒိအသင်းတော်သည် ဝိညာဉ်ရေးဘက်သေနေ၏။ (ဗျာဒိတ် ၃:၁၊ ၄) ဤပြဿနာများကို ယေရှုမည်သို့ဖြေရှင်းသနည်း။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ဖြစ်သည်။ အသင်းတော်ခုနစ်ခုအားသြဝါဒပေးရာတွင် အခါတိုင်းပင်“ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့မိန့်တော်မူသည်ကို နားရှိသောသူမည်သည်ကား ကြားပါစေ” ဟုယေရှုနိဂုံးချုပ်တော်မူ၏။—ဗျာဒိတ် ၂:၇၊ ၁၁၊ ၁၇၊ ၂၉၊ ၃:၆၊ ၁၃၊ ၂၂။

၁၄ ယနေ့လည်းအသင်းတော်များကို ယေရှုစစ်ဆေးနေပါသည်။ ပြဿနာများကိုကိုယ်တော်တွေ့မြင်သည့်အခါ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ယခုပင်ကိုင်တွယ်တော်မူ၏။ သမ္မာကျမ်းစာကိုဖတ်ရှုခြင်းအားဖြင့် ပြဿနာများကိုအသိအမှတ်ပြု ဖြေရှင်းပေးနိုင်ရန် ဝိညာဉ်တော်ကူညီပေးနိုင်ပါ၏။ ဝိညာဉ်တော်ဘိသိက်ခံသစ္စာသမာဓိရှိကျေးကျွန်ထုတ်ဝေသည့် ကျမ်းစာ,စာပေများအားဖြင့်လည်း အကူအညီရရှိနိုင်ပါသည်။ အသင်းတော်ရှိ ဝိညာဉ်တော်ခန့်အပ်ခံအကြီးအကဲများထံမှလည်း ရရှိနိုင်ပါသည်။ မည်သို့ပင်ဆိုစေ၊ ဆုံးမစကားသည် တစ်ဦးချင်းစီ၊ သို့မဟုတ် အသင်းတော်လိုက်အတွက်ပင်ဖြစ်စေကာမူ “ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့မိန့်တော်မူသည်ကို နားရှိသောသူမည်သည်ကား ကြားပါစေ” ဟူသောယေရှု၏စကားကိုနာခံကြပါသလော။

ဝိညာဉ်တော်နှင့်ဟောပြောခြင်းလုပ်ငန်း

၁၅။ ဟောပြောခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ယေရှုအားဝိညာဉ်တော်သည် မည်သို့တိုက်တွန်းသနည်း။

၁၅ တစ်ချိန်ကနာဇရက်မြို့ရှိတရားဇရပ်တစ်ခုတွင် ယေရှုဟောပြောခဲ့စဉ် ဝိညာဉ်တော်၏လုပ်ရပ်အခြားတစ်ခုကို ကိုယ်တော်ဖော်ပြပါသည်။ မှတ်တမ်းဆိုသည်ကား ဤသို့။ “ကျမ်းစာကိုဖွင့်တော်မူလျှင် တွေ့သောအချက်စကားဟူမူကား၊ ‘ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏ဝိညာဉ်တော်သည် ငါ့အပေါ်၌တည်တော်မူ၏။ အကြောင်းမူကား၊ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသိတင်းကိုကြားပြောစေခြင်းငှာ ငါ့ကိုဘိသိက်ပေးတော်မူပြီ။ ကြေမွသောသူတို့၏အနာကိုပျောက်စေခြင်းငှာလည်းကောင်း၊ ဖမ်းသွားချုပ်ထားလျက်ရှိသောသူတို့အားလွှတ်ခြင်းအကြောင်းနှင့် မျက်စိကန်းသောသူတို့အား မျက်စိမြင်ပြန်ခြင်းအကြောင်းကိုပြစေခြင်းငှာလည်းကောင်း’ . . . ငါ့ကိုစေလွှတ်တော်မူပြီ။ ယေရှုကလည်း ‘ယနေ့ပင်ဤကျမ်းစာချက်သည် သင်တို့ကြားသည်အတိုင်း ပြည့်စုံလေပြီ’ ဟုမိန့်တော်မူ၏။” (လုကာ ၄:၁၇၊ ၁၈၊ ၂၁။ ဟေရှာယ ၆၁:၁၊ ၂) မှန်သည်၊ သတင်းကောင်းဟောပြောရန် သန့်ရှင်းသောဝိညာဉ်ဖြင့် ယေရှုဘိသိက်ခံရပါသည်။

၁၆။ ပထမရာစုတွင် သတင်းကောင်းဟောပြောခြင်း၌ သန့်ရှင်းသောဝိညာဉ်တော်သည် မည်သို့ပါဝင်သနည်း။

၁၆ ကိုယ်တော်မသေမီကလေးတွင် တပည့်နောက်လိုက်များထမ်းဆောင်မည့် ကြီးမားသောဟောပြောခြင်းအစီအစဉ်အကြောင်း ယေရှုကြိုတင်ဟောပြောပါသည်။ “ဧဝံဂေလိတရား [သတင်းကောင်း၊ ကဘ] ကိုရှေ့ဦးစွာလူမျိုးအပေါင်းတို့အားဟောရလိမ့်မည်။” (မာကု ၁၃:၁၀) ဤစကားများသည် ပထမရာစုတွင် ဦးစွာပြည့်စုံခဲ့၍ ဤတွင်သန့်ရှင်းသောဝိညာဉ်တော်၏ကဏ္ဍသည် ထူးခြားလှ၏။ အဲသယောပိအမတ်အားဟောပြောရန် ဖိလိပ္ပုကိုညွှန်ကြားပေးခဲ့သည်ကား သန့်ရှင်းသောဝိညာဉ်တော်ပင်ဖြစ်သည်။ ကော်နေလိထံသို့ ပေတရုအား သန့်ရှင်းသောဝိညာဉ်တော်ပို့ဆောင်ခဲ့သည်။ အန္တိအုတ်မြို့သို့ တမန်တော်များအဖြစ် ပေါလုနှင့်ဗာနဗကိုစေလွှတ်ရန် သန့်ရှင်းသောဝိညာဉ်တော်က ညွှန်ကြားခဲ့သည်။ နောင်တွင် အာရှနှင့်ဗိသုန်ပြည်၌ ပေါလုဟောပြောလိုခဲ့စဉ်က သန့်ရှင်းသောဝိညာဉ်တော်သည် သူ့အားတစ်နည်းနည်းဖြင့်တားဆီးပေးခဲ့သည်။ ဥရောပတိုက်သို့ သွားရောက်သက်သေခံရန် ဘုရားသခင်အလိုရှိတော်မူခဲ့သည်။—တမန်တော် ၈:၂၉။ ၁၀:၁၉။ ၁၃:၂။ ၁၆:၆၊ ၇။

၁၇။ ဟောပြောခြင်းလုပ်ငန်းတွင် ယနေ့ဝိညာဉ်တော် မည်သို့ပါဝင်သနည်း။

၁၇ ယနေ့သန့်ရှင်းသောဝိညာဉ်တော်သည် ဟောပြောခြင်းလုပ်ငန်းတွင် တစ်ဖန်များစွာပါဝင်နေပါသည်။ ဟေရှာယ ၆၁:၁၊ ၂ ၏ထပ်ဆင့်ပြည့်စုံခြင်း၌ ယေရှု၏ညီတော်များ ဟောပြောနိုင်ရန် ယေဟောဝါ၏ဝိညာဉ်တော်သည် သူတို့အားဘိသိက်ပေးထားပြီ။ မာကု ၁၃:၁၀ ၏နောက်ဆုံးပြည့်စုံချက်တွင် လူအုပ်ကြီးအကူအညီဖြင့် ဤဘိသိက်ခံသူများသည် “လူအမျိုးအနွယ်ခပ်သိမ်း” အားသတင်းကောင်းဟောပြောခဲ့ပေပြီ။ (ဗျာဒိတ် ၇:၉) ဝိညာဉ်တော်ကလည်း ဤအမှု၌သူတို့အားလုံးကိုကူညီပေးပါသည်။ ပထမရာစုကကဲ့သို့ပင် ရပ်ကွက်အသစ်များဖွင့်ပေးပြီး လုပ်ငန်းတော်တိုးတက်ရေးကို လမ်းပြညွှန်ကြားပေးသည်။ လူအသီးသီးအား ရှက်ကြောက်စိတ်ပျောက်လွင့်စေ၍ သွန်သင်ပေးနိုင်စွမ်းတိုးတက်စေခြင်းဖြင့် ခွန်အားရှိစေသည်။ ထို့ပြင်တပည့်တော်များအား ယေရှုဤသို့မှာကြားသည်။ “ထိုသူတို့မှစ၍ တစ်ပါးအမျိုးသားတို့အားသက်သေဖြစ်စေခြင်းငှာ မြို့ဝန်မင်း၊ ရှင်ဘုရင်ထံသို့ ငါ့ကြောင့်သင်တို့ကိုပို့ဆောင်ကြလိမ့်မည်။ သင်တို့ကိုအပ်နှံသောအခါ အဘယ်သို့ပြောရမည်ကိုမစိုးရိမ်ကြနှင့်။ . . . သင်တို့အလိုအလျောက်ပြောကြသည်မဟုတ်။ သင်တို့အဘ၏ဝိညာဉ်တော်သည် သင်တို့အားဖြင့်ပြောတော်မူ၏။”—မဿဲ ၁၀:၁၈-၂၀။

၁၈၊ ၁၉။ “အဖိုးကိုမပေးဘဲ အသက်ရေကိုယူ” ရန်နှိမ့်ချသူများအားဖိတ်ကြားရာတွင် ဝိညာဉ်တော်သည် သတို့သမီးနှင့်မည်သို့ပူးပေါင်းသနည်း။

၁၈ ဟောပြောခြင်းလုပ်ငန်း၌ သန့်ရှင်းသောဝိညာဉ်တော်ပါဝင်နေကြောင်း ဗျာဒိတ်ကျမ်းတွင် သမ္မာကျမ်းစာက အလေးအနက်ဖော်ပြသည်။ ထိုတွင်တမန်တော်ယောဟန်ကဤသို့မှတ်တမ်းတင်သည်။ “ဝိညာဉ်တော်နှင့်မင်္ဂလာဆောင်သတို့သမီးက၊ ‘လာခဲ့ပါ’ ဟုဆိုကြ၏။ ကြားသောသူကလည်း ‘လာခဲ့ပါ’ ဟုဆိုပါစေ။ ရေငတ်သောသူသည်လည်း လာပါစေ။ အလိုရှိသောသူသည် အဖိုးကိုမပေးဘဲ အသက်ရေကိုယူပါစေ။” (ဗျာဒိတ် ၂၂:၁၇) ၁၄၄,၀၀၀ မှမြေကြီးပေါ်ကျန်ကြွင်းသေးသူတို့ကိုတင်စားသည့် သတို့သမီးက အသက်ရေကို အခမဲ့သောက်သုံးကြရန် လူတိုင်းအားခေါ်ဖိတ်ပါသည်။ သန့်ရှင်းသောဝိညာဉ်တော်ကလည်း “လာခဲ့ပါ” ဟုခေါ်ဖိတ်နေသည်ကိုလည်းဂရုပြုပါ။ အဘယ်နည်းအားဖြင့်နည်း။

၁၉ ယနေ့အခြားသိုးမှလူအုပ်ကြီးအကူအညီဖြင့် သတို့သမီးဟောသောသတင်းသည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ရေးသားသည့် သမ္မာကျမ်းစာမှဖြစ်သဖြင့်တည်း။ ထိုဝိညာဉ်တော်အားဖြင့်လည်း မှုတ်သွင်းခံနှုတ်ကပါဌ်တော်ကိုနားလည်ရန် စိတ်နှလုံးဖွင့်လှစ်ခံရ၍ သူတစ်ပါးအားရှင်းပြစေသည်။ သို့နှင့်ယေရှုခရစ်၏တပည့်သစ်များအဖြစ် နှစ်ခြင်းခံယူသူများသည် အသက်ရေကိုအခမဲ့ယူသုံးလိုကြ၏။ သူတို့သည် ဝိညာဉ်တော်၊ သတို့သမီးနှင့်တွဲပြီး “လာခဲ့ပါ” ဟုထပ်ဆင့်ဖိတ်ကြားရန် သဲလှိုက်ရင်ဖိုရှိကြ၏။ ဝိညာဉ်တော်နှင့်အတူ ယနေ့ဤလုပ်ငန်းတွင်ပါဝင်သူ လေးသန်းကျော်ရှိနေပါသည်။

ကျွန်ုပ်တို့၏နှစ်ခြင်းအတိုင်းအသက်ရှင်ခြင်း

၂၀၊ ၂၁။ သန့်ရှင်းသောဝိညာဉ်တော်နာမ၌နှစ်ခြင်းခံယူခြင်းအတိုင်း မည်သို့အသက်ရှင်နိုင်မည်နည်း။ ဤနှစ်ခြင်းကို မည်သို့ယူမှတ်သင့်သနည်း။

၂၀ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌နှစ်ခြင်းယူခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်ကို ကျွန်ုပ်တို့အသိအမှတ်ပြုကြောင်း၊ ယေဟောဝါ၏ရည်ရွယ်ချက်၌ ယင်း၏ကဏ္ဍကိုအသိအမှတ်ပြုကြောင်း လူအများရှေ့ဝန်ခံခြင်းဖြစ်သည်။ ထိုသို့ပြုခြင်းအားဖြင့် ဝိညာဉ်တော်နှင့်ပူးပေါင်းဆောင်ရွက်မည်၊ ယေဟောဝါ၏လူမျိုးတွင် ယင်း၏စွမ်းဆောင်မှုကိုတားဆီးမည့် အဘယ်အမှုကိုမျှပြုမည်မဟုတ်ကြောင်းတင်ပြပါသည်။ ဤနည်းဖြင့် သစ္စာသတိပညာရှိကျေးကျွန်အတန်းစားကိုအသိအမှတ်ပြုကြောင်းနှင့် ပူးပေါင်းဆောင်ရွက်မည်အကြောင်း ဝန်ခံကြသည်။ အသင်းတော်တွင်းရှိအကြီးအကဲအစီအစဉ်နှင့်လည်း ကျွန်ုပ်တို့သဘောတူညီကာ ပူးပေါင်းဆောင်ရွက်ပါသည်။ (ဟေဗြဲ ၁၃:၇၊ ၁၇။ ၁ ပေတရု ၅:၁-၄) သွေးသားဆိုင်ရာမဟုတ် ဝိညာဉ်ရေးဆိုင်ရာဉာဏ်ပညာအားဖြင့်အသက်ရှင်ကာ ကျွန်ုပ်တို့ဥပဓိရုပ်ကို ခရစ်တော်ကဲ့သို့ပိုတူညီလာစေရန် ဝိညာဉ်တော်အားပုံသွင်းခွင့်ပြုသည်။ (ရောမ ၁၃:၁၄) “လာခဲ့ပါ” ဟုဖိတ်ခေါ်နေသော ဝိညာဉ်တော်နှင့်သတို့သမီးနှင့်တွဲ၍ လက်ခံကြဦးမည့်သူ သန်းပေါင်းများစွာတို့အား လှိုက်လှဲစွာဖိတ်ခေါ်ပါသည်။

၂၁ ‘သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌’ နှစ်ခြင်းယူခြင်းသည် အလွန်အရေးကြီးလှသည်တကား။ သို့ရှိစေကာမူ ကောင်းချီးများစွာခံစားရစရာရှိနိုင်သည်တကား။ ဤနည်းဖြင့်နှစ်ခြင်းခံယူထားသူအရေအတွက်သည် ဆက်တိုးများလာပါစေ။ ကျွန်ုပ်တို့အားလုံးလည်း ယေဟောဝါအစေကိုခံ၍ “ဝိညာဉ်တော်ဖြင့်စိတ်အားထက်သန်စဉ်” ထိုနှစ်ခြင်း၏အဓိပ္ပာယ်အတိုင်း ဆက်အသက်ရှင်ကြစို့လေ။—ရောမ ၁၂:၁၁။

သန့်ရှင်းသောဝိညာဉ်တော်အကြောင်း အဘယ်အရာသတိရသနည်း

▫ သန့်ရှင်းသောဝိညာဉ်တော်သည် စီအီး ၃၃ ပင်တေကုတ္တေပွဲနေ့တွင် မည်သည့်နည်းများဖြင့် လှုပ်ရှားခဲ့သနည်း။

▫ ဝိညာဉ်အသီးများကို မည်သို့သီးနိုင်သနည်း။

▫ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အကြီးအကဲများကို မည်သို့ခန့်အပ်သနည်း။

▫ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အသင်းတော်တွင် ပြဿနာများကို ယေရှုမည်သို့ကိုင်တွယ်သနည်း။

▫ ဝိညာဉ်တော်သည် ဟောပြောခြင်းလုပ်ငန်း၌ မည်သို့အပြည့်အဝပါဝင်သနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ