ယေရှုခရစ်တော်သည် မည်သို့အားဖြင့် မောရှေကဲ့သို့သော ဖရောဖက်ဖြစ်သနည်း
ယေဟောဝါဘုရားသခင်သည် မုသားနှင့်ကင်းစင်တော်မူ၏။ (တိတု ၁:၁။ ဟေဗြဲ ၆:၁၈) သို့ဖြစ်သောကြောင့် ကိုယ်တော့်နှုတ်ကပါဌ်တော်ဖြစ်သော သမ္မာကျမ်းစာမှပရောဖက်ပြုချက်များသည် ယုံကြည်စိတ်ချရ၍ မှန်ကန်ကြသည်။ ယင်းတို့သည်ဧကန်မုချပြည့်စုံရပေမည်။
ဘုရားသခင်မှုတ်သွင်းတော်မူသည့် ဤပရောဖက်ပြုချက်အနက်တစ်ခုမှာ မေရှိယနှင့်စပ်လျဉ်း၍ ဟေဗြဲပရောဖက်မောရှေမှတ်တမ်းတင်ခဲ့သည့် ပရောဖက်ပြုချက်ပင်ဖြစ်သည်။ မောရှေက ယေဟောဝါကို ကိုးကား၍ဤသို့ပြောကြားခဲ့၏။ “သူတို့အမျိုးသားချင်းတို့အထဲ၌သင် [မောရှေ] နှင့်တူသောပရောဖက်တစ်ပါးကို သူတို့[ဣသရေလလူမျိုး] အဖို့ငါပေါ်ထွန်းစေ၍၊ ထိုပရောဖက်နှုတ်၌ငါ့စကားကို ငါအပ်သဖြင့် ငါမှာထားသမျှတို့ကိုသူတို့အားဆင့်ဆိုရလိမ့်မည်။”—တရားဟောရာ ၁၈:၁၇၊ ၁၈။
တမန်တော်ပေတရုက အောက်ပါအတိုင်းပြောကြားချိန်၌ ဤပရောဖက်ပြုချက်သည် ယေရှုခရစ်တော်နှင့်သက်ဆိုင်ကြောင်းဖော်ပြခဲ့သည်။ “မောရှေက ‘သင်တို့၏ဘုရားသခင်ထာဝရဘုရား [ယေဟောဝါ] သည်၊ သင်တို့အမျိုးသားချင်းတို့အထဲ၌ငါနှင့်တူသောပရောဖက်တစ်ပါးကို သင်တို့အဖို့ပေါ်ထွန်းစေတော်မူမည်။ ထိုပရောဖက်ဟောပြောသမျှသောအရာတို့ကို သင်တို့နားထောင်ရမည်’ . . . ဟုဟော၏။” (တမန်တော် ၃:၂၂၊ ၂၃) အမှန်အားဖြင့် ယေရှုကိုယ်တိုင်ကလည်း “သင်တို့သည် မောရှေ၏စကားကိုယုံလျှင်ငါ့စကားကိုမယုံဘဲမနေနိုင်ကြ။ အကြောင်းမူကား၊ မောရှေသည် ငါ့အကြောင်းကိုရေးထား၏” ဟုမိန့်ဆိုတော်မူခဲ့သည်။ (ယောဟန် ၅:၄၆) မည်သည့်နည်းများဖြင့် သူတို့နှစ်ဦး ဆင်တူကြသနည်း။
ဘဝဖြစ်စဉ်အစပိုင်း၌ဆင်တူခြင်း
မောရှေနှင့်ယေရှုနှစ်ဦးစလုံးအလွန်ငယ်သောယောက်ျားကလေးမျာသတ်ဖြတ်ခြင်းဘေးမှလွတ်မြောက်ခဲ့ကြသည်။ နို့စို့သူငယ်မောရှေသည် နိုင်းမြစ်ကမ်းရှိကျူပင်များကြားတွင် ဝှက်ထားခြင်းခံရသဖြင့် အီဂျစ်ပြည်ဖာရောမင်း၏အမိန့်အရ ဣသရေလယောက်ျားကလေးများကို သတ်ပစ်သည့်ဘေးမှလွတ်မြောက်ခဲ့သည်။ ယေရှုသည်လည်း ကလေးဘဝ၌ဗက်လင်မြို့နှင့်ထိုဒေသအတွင်းရှိ နှစ်နှစ်အောက်ယောက်ျားကလေးများကို သတ်ဖြတ်သည့်ဘေးမှလွတ်မြောက်ခဲ့သည်။ ဟေရုဒ်မင်းကြီး၏အမိန့်အရ ဤသို့အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ ဟေရုဒ်သည် ဖာရောကဲ့သို့ပင် ဘုရားသခင်နှင့်ကိုယ်တော့်လူမျိုးတော်၏ရန်သူဖြစ်သည်။—ထွက်မြောက်ရာ ၁:၂၂–၂:၁၀။ မဿဲ ၂:၁၃-၁၈။
နူးညံ့သိမ်မွေ့နှိမ့်ချသောသဘောကို မောရှေနှင့်ယေရှုနှစ်ဦးစလုံးတင်ပြခဲ့သည်။ မောရှေသည် ဘုန်းတန်ခိုးကြီးမားသော အီဂျစ်ရှင်ဘုရင်၏မိသားစုတွင် သားတော်တစ်ပါးအဖြစ်ကြီးပြင်းလာခဲ့စေကာမူ သူသည် “မြေကြီးပေါ်မှာရှိသောသူအပေါင်းတို့ထက်သာ၍ နူးညံ့သိမ်မွေ့သောသဘောရှိ” သူဖြစ်ခဲ့၏။ (တောလည်ရာ ၁၂:၃) ထိုနည်းတူပင် ယေရှုသည် ကောင်းကင်ဘုံတွင်တန်ခိုးကြီးသော မိက္ခေလမင်းသားအဖြစ်အမှုတော်ထမ်းဆောင်ခဲ့သော်လည်း စိတ်နှိမ့်ချစွာဖြင့် ကမ္ဘာမြေကြီးသို့ကြွလာတော်မူ၏။ (ဒံယေလ ၁၀:၁၃။ ဖိလိပ္ပိ ၂:၅-၈) သို့တစေ၊ ယေရှုသည် လူတို့အပေါ်သနားကရုဏာစိတ်ရှိတော်မူသဖြင့် ဤသို့မိန့်တော်မူနိုင်ခဲ့သည်။ “ငါ့ထမ်းဘိုးကိုတင်၍ထမ်းကြလော့။ ငါသည်နူးညံ့သိမ်မွေ့နှိမ့်ချသောစိတ်သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကိုရလိမ့်မည်။”—မဿဲ ၁၁:၂၉။ ၁၄:၁၄။
ယေဟောဝါ၏အမှုတော်အတွက် မောရှေနှင့်ယေရှုနှစ်ဦးစလုံးသည် ထင်ရှားကျော်ကြားသောရာထူးများနှင့် စည်းစိမ်ဥစ္စာများကိုကျောခိုင်းခဲ့ကြသည်။ မောရှေသည် ယေဟောဝါနှင့်ကိုယ်တော့်လူမျိုးတော်၏အကျိုးကို သယ်ပိုးနိုင်ရေးအတွက် အီဂျစ်ပြည်၏ဥစ္စာဓနများနှင့်ဂုဏ်သိက္ခာရှိသောရာထူးကို စွန့်လွတ်ခဲ့သည်။ (ဟေဗြဲ ၁၁:၂၄-၂၆) အလားတူပင်၊ ယေရှုသည်လည်း ကောင်းကင်ဘုံမှအထူးအခွင့်အရေးသာသောရာထူးနှင့် စည်းစိမ်ဥစ္စာများကိုစွန့်၍ ဘုရားသခင်နှင့်ကမ္ဘာပေါ်ရှိ ကိုယ်တော့်လူမျိုးတော်၏အကျိုးကို သယ်ပိုးတော်မူ၏။—၂ ကောရိန္သု ၈:၉။
မောရှေနှင့်ယေရှုနှစ်ဦးစလုံးသည် ဘုရားသခင်၏ဘိသိက်ခံများဖြစ်ကြသည်။ ပရောဖက်မောရှေသည် ဣသရေလလူမျိုးအတွက်ယေဟောဝါ၏ဘိသိက်ခံအဖြစ်အမှုတော်ဆောင်ခဲ့သည်။ တမန်တော်ပေါလုဆိုသည်အတိုင်း မောရှေသည် “အီဂျစ်ပြည်၏ဘဏ္ဍာထက်ခရစ်တော် [ဘိသိက်ခံဖြစ်ခြင်း] နှင့်စပ်ဆိုင်သောကဲ့ရဲ့ခြင်းသည်သာ၍ ကြီးမြတ်သောစည်းစိမ်ဖြစ်သည်ဟုမှတ်” ယူခဲ့သည်။ (ဟေဗြဲ ၁၁:၂၆၊ ထွက်မြောက်ရာ ၃:၁–၄:၁၇) ယေရှုမည်သည့်အချိန်၌ ခရစ်တော် သို့မဟုတ် ဘိသိက်ခံဖြစ်လာတော်မူသနည်း။ နှစ်ခြင်းခံပြီးနောက် ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော် သို့မဟုတ် လှုပ်ရှားသောစွမ်းအားဖြင့် ဘိသိက်ပေးခြင်းခံရချိန်၌ဖြစ်လာသည်။ ရှုခါမြို့အနီးရှိယာကုပ်၏ရေတွင်းနားတွင် ရှမာရိအမျိုးသမီးအားလည်းကောင်း၊ စစ်ကြောစီရင်ခြင်းခံရစဉ် ဣသရေလယဇ်ပုရောဟိတ်မင်းရှေ့မှောက်၌လည်းကောင်း ယေရှုကမိမိသည် မေရှိယ၊ သို့မဟုတ် ခရစ်တော်ဖြစ်ကြောင်းသက်သေထွက်ဆိုတော်မူခဲ့သည်။—မာကု ၁၄:၆၁၊ ၆၂။ ယောဟန် ၄:၂၅၊ ၂၆။
မောရှေနှင့်ယေရှုနှစ်ဦးစလုံးရက် ၄၀ အစာရှောင်ခဲ့ကြသည်။ မောရှေသည် ဘုရားသခင်၏ပြောရေးဆိုခွင့်ရှိသူအဖြစ် အမှုထမ်းဆောင်စအချိန်စောစောပိုင်း၌ သိနာတောင်ပေါ်ရောက်ချိန်တွင် ရက် ၄၀ ကြာအစာရှောင်ခဲ့သည်။ (ထွက်မြောက်ရာ ၃၄:၂၈) ယေရှုသည် တောကန္တာရတွင် ရက် ၄၀ ကြာအစာရှောင်တော်မူပြီးနောက် ကတိထားရာမေရှိယအဖြစ်ဖြင့် အမှုတော်ထမ်းဆောင်စအချိန်တွင် စာတန်၏စုံစမ်းသွေးဆောင်မှုများကို တွန်းလှန်တော်မူခဲ့သည်။—မဿဲ ၄:၁-၁၁။
နှစ်ဦးစလုံးယေဟောဝါအားဂုဏ်တင်ကြသည်
ယေဟောဝါသည် မောရှေနှင့်ယေရှုနှစ်ဦးစလုံးကို မိမိနာမတော်ထင်ရှားစေရန်အသုံးပြုတော်မူ၏။ ဣသရေလအမျိုးသားတို့ထံသို့ ‘သူတို့ဘိုးဘေးများ၏ဘုရားသခင်ယေဟောဝါ’ ၏နာမတော်ဖြင့်သွားရန် မောရှေအားဘုရားသခင်မိန့်တော်မူ၏။ (ထွက်မြောက်ရာ ၃:၁၃-၁၆) မောရှေသည် ဖာရောမင်းရှေ့မှောက်၌ ယေဟောဝါကို ကိုယ်စားပြု၏။ ယေဟောဝါသည် မိမိ၏တန်ခိုးထင်ရှားစေရန်နှင့် မိမိ၏နာမတော်မြေတစ်ပြင်လုံးအနှံ့ကျော်ကြားစေရန်အတွက် ဖာရောမင်းအားတည်ရှိခွင့်ပေးတော်မူခဲ့၏။ (ထွက်မြောက်ရာ ၉:၁၆) ယေရှုသည်လည်း ယေဟောဝါနာမတော်နှင့်ကြွလာတော်မူ၏။ ဥပမာ၊ ယေရှုဤသို့မိန့်တော်မူ၏။ “ခမည်းတော်၏နာမတော်နှင့်ငါရောက်လာသော် [လည်း] သင်တို့လက်မခံကြ။” (ယောဟန် ၅:၄၃၊ သမ) ယေရှုသည် ခမည်းတော်ကိုဂုဏ်တင်ပြီး ဘုရားသခင်အပ်ပေးတော်မူသောသူတို့အား ယေဟောဝါ၏နာမတော်ကိုထင်ရှားပြသသည့်ပြင် နာမတော်ကိုကမ္ဘာအနှံ့ကျော်ကြားအောင်ပြုတော်မူခဲ့၏။—ယောဟန် ၁၇:၄၊ ၆၊ ၂၆။
ဘုရားပေးတန်ခိုးတော်ဖြင့် မောရှေနှင့်ယေရှုနှစ်ဦးစလုံးသည် ဘုရားသခင်ကိုဂုဏ်တင်သောအံ့ဖွယ်အမှုများကိုပြုလုပ်ကြသည်။ မောရှေသည် ယေဟောဝါဘုရားသခင်တာဝန်ပေးစေလွှတ်သူဖြစ်ကြောင်းထင်ရှားစေရန် အံ့ဖွယ်အမှုများကိုပြုခဲ့သည်။ (ထွက်မြောက်ရာ ၄:၁-၃၁) ပင်လယ်နီကို နှစ်ခြမ်းကွဲအောင်ပြုလုပ်ဖို့ ဘုရားသခင်အသုံးပြုတော်မူခဲ့သူမောရှေသည် သူ၏ဘဝဖြစ်စဉ်တစ်လျှောက်လုံးအတွင်း ယေဟောဝါကိုဂုဏ်တင်သည့်အံ့ဖွယ်အမှုများကို အဆက်မပြတ်ပြုလုပ်ခဲ့သည်။ (ထွက်မြောက်ရာ ၅:၁–၁၂:၃၆။ ၁၄:၂၁-၃၁။ ၁၆:၁၁-၁၈။ ၁၇:၅-၇။ ဆာလံ ၇၈:၁၂-၅၄) ထိုနည်းတူယေရှုသည် အံ့ဖွယ်အမှုများစွာပြုလုပ်ခြင်းဖြင့် ဘုရားသခင့်ဘုန်းတော်ကို ထင်ရှားစေတော်မူသည်။ အောက်ပါအတိုင်း ယေရှုမိန့်တော်မူနိုင်သည့်အထိပြုလုပ်ခဲ့သည့် အံ့ဖွယ်အမှုသည် များပြားလှသည်။ “ငါသည်ခမည်းတော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်၍ ခမည်းတော်သည်လည်းငါနှင့်တစ်လုံးတစ်ဝတည်းဖြစ်တော်မူသည်ဟုငါပြောသည်ကို ယုံကြလော့။ မယုံလျှင် ငါပြုသောအမှုများကိုထောက်၍ယုံကြလော့။” (ယောဟန် ၁၄:၁၁၊ သက) ကိုယ်တော်ပြုတော်မူသည့် အံ့ဖွယ်အမှုတို့တွင်ကြမ်းတမ်းသောမိုးသက်မုန်တိုင်းကို ရပ်စဲအောင်ပြုလုပ်ခြင်းဖြင့် ဂါလိလဲပင်လယ်ကိုငြိမ်သက်စေခြင်းပါဝင်သည်။—မာကု ၄:၃၅-၄၁။ လုကာ ၇:၁၈-၂၃။
အခြားအရေးကြီးသောဆင်တူချက်များ
မောရှေနှင့်ယေရှုနှစ်ဦးစလုံးသည် အံ့ဖွယ်နည်းဖြင့်အစာပြင်ဆင်ခြင်းနှင့်ဆက်စပ်မှုရှိကြသည်။ ဣသရေလအမျိုးသားများအတွက် အံ့ဖွယ်နည်းဖြင့်အစားအစာပြင်ဆင်ပေးချိန်၌ မောရှေသည် ယေဟောဝါ၏ပရောဖက်ဖြစ်ခဲ့သည်။ (ထွက်မြောက်ရာ ၁၆:၁၁-၃၆) အလားတူစွာ သမ္မာကျမ်းစာမှတ်တမ်းနှစ်နေရာ၌ ယေရှုသည် လူပေါင်းမြောက်မြားစွာအား အံ့ဖွယ်တန်ခိုးတော်ဖြင့် ပကတိအစားအစာကျွေးမွေးတော်မူခဲ့၏။
ကောင်းကင်မှကျသည့် မန္နမုန့်သည် မောရှေနှင့်ယေရှုနှစ်ဦးစလုံး၏အမှုတော်ဆောင်ခြင်းနှင့် ဆက်နွယ်လျက်ရှိသည်။ ဣသရေလအမျိုးသားတို့သည် ကောင်းကင်မှ မန္နမုန့်ဖြင့်ကျွေးမွေးခြင်းခံရချိန်၌ မောရှေသည် သူတို့ကိုဦးဆောင်လျက်ရှိသည်။ (ထွက်မြောက်ရာ ၁၆:၁၁-၂၇။ တောလည်ရာ ၁၁:၄-၉။ ဆာလံ ၇၈:၂၅) ဆင်တူသော်လည်း ပို၍အရေးကြီးသည့်နည်းဖြင့် ယေရှုသည်နာခံမှုရှိသောလူသားများ အသက်ရှင်ရေးအတွက် မိမိ၏အသွေးအသားကို ကောင်းကင်မန္နမုန့်အဖြစ်ကျွေးမွေးတော်မူ၏။—ယောဟန် ၆:၄၈-၅၁။
မောရှေနှင့်ယေရှုနှစ်ဦးစလုံးသည် လူတို့ကိုအချုပ်အနှောင်မှလွတ်မြောက်ရာသို့ပို့ဆောင်ခဲ့သည်။ ဣသရေလအမျိုးသားတို့ကို အီဂျစ်လူမျိုး၏ကျွန်ဘဝမှ ဘုရားသခင့်လူမျိုးတော်အဖြစ်လွတ်မြောက်ခြင်းသို့ ဦးဆောင်ခေါ်ထုတ်ရန်မောရှေအား ဘုရားသခင်အသုံးပြုတော်မူ၏။ (ထွက်မြောက်ရာ ၁၂:၃၇-၄၂) အလားတူပင်၊ ယေရှုခရစ်တော်သည် မိမိ၏နောက်တော်လိုက်များကို လွတ်လပ်ခြင်းသို့ပို့ဆောင်လျက်ရှိတော်မူ၏။ ခရစ်တော်သည် နာခံမှုရှိသောလူသားတို့ကို စာတန့်မာရ်နတ်အဖွဲ့အစည်း၏အချုပ်အနှောင်မှလည်းကောင်း၊ အပြစ်တရားနှင့်သေခြင်းတရားတို့၏အချုပ်အနှောင်မှလည်းကောင်း လွတ်လပ်ခြင်းသို့ဆက်လက်ပို့ဆောင်တော်မူလတံ့။—၁ ကောရိန္သု ၁၅:၂၄-၂၆။ ကောလောသဲ ၁:၁၃။ ၁ ယောဟန် ၅:၁၉။
မောရှေနှင့်ယေရှုနှစ်ဦးစလုံးသည် ပဋိညာဉ်တရားကို ဖျန်ဖြေကြသည်။ မောရှေသည် ယေဟောဝါဘုရားသခင်နှင့် ဣသရေလအမျိုးသားတို့စပ်ကြားဖွဲ့သည့် ပညတ်ပဋိညာဉ်၏ဖျန်ဖြေစေ့စပ်သူဖြစ်သည်။ (ထွက်မြောက်ရာ ၁၉:၃-၉) ယေရှုသည် ဘုရားသခင်နှင့်ဝိညာဏဣသရေလူမျိုးစပ်ကြားဖွဲ့သည့် ပဋိညာဉ်တရားသစ်၏ဖျန်ဖြေစေ့စပ်သူဖြစ်တော်မူသည်။—ယေရမိ ၃၁:၃၁-၃၄။ လုကာ ၂၂:၂၀။ဟေဗြဲ ၈:၆-၁၃။
တရားစီရင်ခြင်းအခွင့်ကို မောရှေနှင့်ယေရှုခရစ်နှစ်ဦးစလုံးအားအပ်တော်မူ၏။ မောရှေသည် ဇာတိဣသရေလလူမျိုးအဖို့တရားသူကြီးနှင့် တရားဥပဒေပြုစုသူအဖြစ်အမှုထမ်းဆောင်ခဲ့သည်။ (ထွက်မြောက်ရာ ၁၈:၁၃။ မာလခိ ၄:၄) ယေရှုသည် တရားသူကြီးအဖြစ်အမှုထမ်းဆောင်ပြီး “ဘုရားသခင်၏ [ဝိညာဏ] ဣသရေလအမျိုး” အားတရားဥပဒေနှင့်ပညတ်တော်များကိုပေးတော်မူ၏။ (ဂလာတိ ၆:၁၆။ ယောဟန် ၁၅:၁၀) ခရစ်တော်ကိုယ်တိုင်ကဤသို့မိန့်တော်မူခဲ့၏။ “လူအပေါင်းတို့သည် ခမည်းတော်ကိုရိုသေသည့်နည်းတူ သားတော်ကိုရိုသေစေမည်အကြောင်း ခမည်းတော်သည် အဘယ်သူကိုမျှတရားစီရင်တော်မမူ။ တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အားအပ်ပေးတော်မူ၏။ သားတော်ကိုမရိုသေသောသူသည်ကား၊ သားတော်ကိုစေလွှတ်တော်မူသောခမည်းတော်ကိုမရိုသေသောသူဖြစ်၏။”—ယောဟန် ၅:၂၂၊ ၂၃။
မောရှေနှင့်ယေရှုနှစ်ဦးစလုံးသည် ဘုရားသခင့်အိမ်တော်အုပ်ရာထူးအပ်နှင်းခံရသည်။ မောရှေသည် ရှေးဣသရေလလူမျိုးတွင် ဘုရားသခင်၏အိမ်တော်၌ဦးစီးအဖြစ်သစ္စာစောင့်သိခဲ့သည်။ (တောလည်ရာ ၁၂:၇) အလားတူပင်၊ ယေရှုသည် ဘုရားသခင့်သားတော်များဖြင့်ဖွဲ့စည်းထားသည့် ယေဟောဝါ၏ဝိညာဏအိမ်တော်၏ဦးစီးအဖြစ်ခန့်အပ်ခြင်းခံရသည့်ပြင် အိမ်တော်အပေါ်သစ္စာစောင့်သိတော်မူ၏။ မှန်ပါသည်၊ “မောရှေသည် ဘုရားသခင်၏အိမ်တော်တစ်အိမ်လုံး၌ သစ္စာစောင့်သကဲ့သို့၊ ယေရှုသည် မိမိကိုခန့်ထားတော်မူသောသူ၏အမှုတော်၌ သစ္စာစောင့်တော်မူ၏။ အိမ်ကိုဆောက်သောသူသည် အိမ်ထက်သာ၍ကြီးသောအသရေရှိသကဲ့သို့၊ ယေရှုသည်မောရှေထက်သာ၍ကြီးသောအသရေကိုခံထိုက်သောသူဖြစ်သည်ဟုထင်မှတ်စရာအကြောင်းရှိ၏။ . . . မောရှေသည် နောက်ဟောပြောလတံ့သောအရာတို့ကို သက်သေခံခြင်းအလိုငှာ အစေခံကဲ့သို့အိမ်တော်တစ်အိမ်လုံး၌သစ္စာစောင့်၏။ ခရစ်တော်မူကား၊ သားကဲ့သို့အိမ်တော်ကိုအုပ်စိုး၍ သစ္စာစောင့်တော်မူ၏။ ငါတို့သည်ကား၊ ရဲရင့်ခြင်း၌လည်းကောင်း၊ မျှော်လင့်ခြင်းနှင့်စပ်ဆိုင်သောဝါကြွားဝမ်းမြောက်ခြင်း၌လည်းကောင်း အဆုံးတိုင်အောင်တည်ကြည်လျှင် ထိုအိမ်တော်ဖြစ်သတည်း။”—ဟေဗြဲ ၃:၂-၆။
သေဆုံးပုံ၌ပင်မောရှေနှင့်ယေရှုတို့သည်ဆင်တူကြ၏။ အဘယ်သို့အားဖြင့်နည်း။ ယေဟောဝါသည် မောရှေ၏အလောင်းကိုပယ်ရှားလိုက်တော်မူ၏။ ဤသို့ဖြင့် သူ၏အလောင်းကိုမထီမဲ့မြင်ပြုခြင်း၊ ကိုးကွယ်ခြင်းမပြုလုပ်နိုင်အောင် တားဆီးတော်မူ၏။ (တရားဟောရာ ၃၄:၅၊ ၆။ ယုဒ ၉) ထိုနည်းတူစွာ ဘုရားသခင်သည် ယေရှု၏ရုပ်ကလာပ်ကို ပုပ်စပ်ခြင်းမရောက်စေရန် ဖျောက်ဖျက်ပစ်တော်မူ၏။ ဤသို့အားဖြင့် ယုံကြည်ခြင်းအတွက် ထိမိလဲစရာမဖြစ်ရအောင် တားဆီးတော်မူ၏။—ဆာလံ ၁၆:၁၀။ တမန်တော် ၂:၂၉-၃၁။ ၁ ကောရိန္သု ၁၅:၅၀။
ပရောဖက်ပြုချက်ကိုဂရုစိုက်ပါ
ဤအချက်တို့မှာ ယေရှုသည်မောရှေကဲ့သို့သောပရောဖက်ဖြစ်ကြောင်း ထင်ရှားစေသည့်အချက်များအဝင်ဖြစ်သည်။ ထိုပရောဖက်ကြွလာခြင်းနှင့်စပ်လျဉ်းသည့် ဘုရားသခင်နှုတ်တော်ထွက်စကားတို့သည် မည်မျှအံ့သြဖွယ်ကောင်းစွာပြည့်စုံခဲ့သည်တကား။
မောရှေကဲ့သို့သောပရောဖက်တစ်ပါးကို ပေါ်ထွန်းစေမည်ဟူသောမိမိ၏ပရောဖက်ပြုချက်ဆိုင်ရာ ကတိတော်ကိုပြည့်စုံအောင်ယေဟောဝါအကောင်အထည်ဖော်ခဲ့သည်မှာ ယုံမှားသံသယမရှိပေ။ တရားဟောရာ ၁၈:၁၈ မှစကားများသည် ယေရှုခရစ်တော်၏ဘဝဖြစ်စဉ်နှင့်တွေ့ကြုံမှုများ၌ ပြည့်စုံခဲ့သည်။ ဤပြည့်စုံချက်က ဘုရားသခင့်နှုတ်ကပါဌ်တော်မှ အခြားသောပရောဖက်ပြုချက်ဆိုင်ရာကြန်အင်လက္ခဏာများအပေါ် ယုံကြည်စိတ်ချမှုကိုတိုးပွားစေသည်။ ထို့ကြောင့်သမ္မာကျမ်းစာပရောဖက်ပြုချက်ကို အစဉ်မပြတ်ဂရုစိုက်ကြပါစို့လေ။