‘ဘုရားနှုတ်ကပတ်တော်ကို ရဲရင့်စွာ ဟောပြောလော့။’
ယေဟောဝါဘုရားသခင်သည် မိမိ၏ကျေးကျွန်များအား ‘ဘုရား၏နှုတ်ကပတ်တော်ကို ရဲရင့်စွာဟောပြော’ ရန်ခွန်အားပေးနိုင်၏။ (တမန်တော် ၄:၃၁) သမ္မာတရားတွင်နုနယ်သူများနှင့် ဟောပြောခြင်းလုပ်ငန်းတွင် အတွေ့အကြုံနည်းသူများပင် သတင်းကောင်းကိုရဲရင့်စွာဟောပြောရန် မတွန့်ဆုတ်သင့်ချေ။ ကုတ်အိုင်ဗရီတွင်ကြေညာသူနှစ်ဦး တစ်အိမ်တက်တစ်အိမ်ဆင်း အမှုဆောင်ခြင်းတွင်သတင်းကောင်းကြေညာရာ၌ တက္ကသိုလ်ပါမောက္ခတစ်ဦးနှင့်ဆုံခဲ့သည်။ ပိုအသက်ငယ်သောသက်သေခံ စီရီကီသည်ထိုသို့သောပညာတတ်တစ်ဦးအား ဟောပြောရန်အရည်အချင်းမရှိဟုယူဆကာ အခြားသက်သေခံတစ်ဦးအား ပြောခိုင်းသည်။
ပါမောက္ခသည်၊ လူမျိုးရေးစိတ်စွန်းကွက်မှုကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေပြီး ဖြစ်ပေါ်နေသောလူမျိုးရေးပြဿနာအတွက် ဘုရားရှင်အားအပြစ်တင်ကာ သီးခြားလူမျိုးများကို ကိုယ်တော်ဖန်ဆင်းသည်ဟုသူခံစားနေရသည်။ ဟိုမရောက်ဒီမရောက်ဖြစ်နေသော ရှည်လျားသည့်ဆွေးနွေးပွဲပြီးနောက် စီရီကီသည်နောက်ဆုံးတွင်စကားပြောရန် ခွန်အားယူလိုက်ပြီး ယဉ်ကျေးစွာဖြင့်စကားဝိုင်းတွင် ဝင်လိုက်သည်။ (၁ သက်သာလောနိတ် ၂:၂) ပါမောက္ခအိမ်သည် ကြည်နူးဖွယ်ဆေးသုတ်ဆင်ယင်ထားသည်ကို သတိပြုမိသောစီရီကာက ပါမောက္ခအား “ဆရာ့အိမ်တစ်ခုလုံးကိုဘာကြောင့် တစ်ရောင်တည်းဆေးမသုတ်ထားတာလဲ” ဟုမေးလိုက်သည်။
“ကျွန်တော်ရူးနေတယ်လို့ခင်ဗျားထင်နေပုံရတယ်” ဟုပါမောက္ခကပြန်ဖြေသည်။ စီရီကီက “မဟုတ်ပါဘူး၊ ဒါပေမယ့် ဘုရားရှင်ဟာအရာခပ်သိမ်းနဲ့လူတိုင်းကို တစ်ရောင်တည်းဖန်ဆင်းဖို့ ဘာကြောင့်ကျွန်တော်တို့မျှော်လင့်ရမှာလဲ” ဟုပြန်ပြောလိုက်သည်။ လိုရင်းကားရှင်းနေသည်။ ထိုဥပမာပေးချက်ရိုးရိုးလေးသည် ထိရောက်ခဲ့ပြီးတစ်ခါကတွန့်ဆုတ်ခဲ့သော စီရီကီသည်ကောင်းစွာသက်သေခံနိုင်ခဲ့သည်။